အခန်း ၅၂၃
Vol. 35 Ch. 523
အခန်း (၅၂၃) ချန်ရှင်း၏ လျှို့ဝှက်ချက်
ထျန်းချူမြို့မှ မိုးအေးတောင်ကြားသို့ သွားရသော ခရီးမှာ နီးလှသည်တော့ မဟုတ်ပေ။
ဆုမိုသည် သူ၏ နတ်ဘုရားရွှေ့ပြောင်းခြင်း ခြေလှမ်းပညာကို အသုံးပြုကာ အပြေးအလွှား သွားခဲ့သော်လည်း၊ မိုးအေးတောင်ကြားရှိ လျိုယင်မြို့ပြင်သို့ ရောက်ရန် အချိန်တ စ်ရက်နီးပါး ကြာမြင့်ခဲ့သည်။
သူသည် မြို့ထဲသို့ ချက်ချင်း မဝင်သေးဘဲ လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေလိုက်၏။
ထို့နောက် ဝမ်ချန်ရှင်း၏ အလောင်းကို မြေပြင်ပေါ်တွင် အသာအယာ ချထားလိုက်သည်။
ဆုမိုသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝမ်ချန်ရှင်း၏ ရင်ဘတ်ပေါ်သို့ ဖိတင်လိုက်ပြီး၊ ဆယ့်နှစ်ဆင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် မှ ကုသခြင်း အတတ်ပညာဖြင့် အတွင်းအားများကို စီးဆင်းစေလိုက်တော့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အသက်ကင်းမဲ့နေပြီ ဖြစ်သော ဝမ်ချန်ရှင်း၏ လက်သန်းလေးမှာ ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် သူ၏ နှလုံးသားအတွင်းမှ ဆေးစွမ်းများမှာ ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ကိုယ်လက်အင်္ဂါ အနှံ့အပြားသို့ တစ်ဟုန်ထိုး စီးဝင်သွားတော့၏။
အတွင်းအားများ လှည့်ပတ်သွားသည်နှင့်တစ်ပြိုင်နက် သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဝုန်းခနဲ ထထိုင်လိုက်သည်။
သူ၏ အမူအရာမှာ အိပ်မက်ဆိုးကြီးတစ်ခုမှ လန့်နိုးလာသူအလား၊ ရုတ်တရက် သတိဝင်လာသော်လည်း လက်ရှိ အခြေအနေကို နားမလည်နိုင်သေးဘဲ ဝေဝါးနေပုံရသည်။
သူသည် ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် ဆုမိုကို မြင်သွားတော့၏။
“ခေါင်းဆောင်ဆု... လား”
ထို့နောက် သူသည် ခေါင်းငုံ့ကာ မိမိ၏ ရင်ဘတ်ကို စမ်းသပ်ကြည့်လိုက်ပြီး မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်သည်။ ဖြစ်ပျက်သွားသမျှကို သူ သဘောပေါက်သွားချေပြီ။
“ငါ သေသင့်နေပြီလေ။ ခေါင်းဆောင်ဆု ငါ့ကို တကယ် မကယ်ခဲ့သင့်ဘူး”
ဆုမိုက သူ့ကို စိုက်ကြည့်ရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
“ဝမ်ကော... မင်း တကယ်ပဲ သေချင်နေတာက အကြီးအကဲ ထျန်းချွမ် အပေါ်မှာ တကယ်ပဲ အပြစ်ရှိတယ်လို့ ခံစားရလို့လား။ ထျန်းချွမ် မျိုးဆက်တွေ အပေါ်မှာ အပြစ်ရှိတယ်လို့ ခံစားရလို့လား”
“တကယ်ပါပဲ”
ဝမ်ချန်ရှင်းက သက်ပြင်းကို ခပ်ဖွဖွ ချလိုက်သည်။
“အဲဒါကြောင့်ပဲ... ငါ့ ဘဝကို အဆုံးသတ်ခွင့် ပြုဖို့ ခေါင်းဆောင်ဆုကို တောင်းဆိုချင်ပါတယ်”
“ငါကတော့ အဲဒီလို မထင်ဘူး”
ဆုမိုက သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း ဆိုလိုက်သည်။
“အကယ်၍ မင်းသာ ထျန်းချွမ် မျိုးဆက်တွေ အပေါ်မှာ တကယ် အပြစ်ရှိတယ်လို့ ခံစားရရင်၊ မင်း သေချင်နေမှာ မဟုတ်ဘူး”
“မင်း တကယ့်ကို ကြီးမားတဲ့ အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့တယ်။ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း ကို မိစ္ဆာဂိုဏ်း လက်ထဲ ရောက်သွားစေခဲ့ပြီး၊ ညသခင် ရဲ့ လက်ချက်နဲ့ အကြီးအကဲ ထျန်းချွမ် သေဆုံးရတဲ့အထိ ဖြစ်စေခဲ့တာပဲ”
“အခု မင်း သေသွားရင်၊ ထျန်းချွမ် မျိုးဆက် ဆိုတာ လုံးဝ ပြတ်တောက်သွားတော့မှာပေါ့”
“အဲဒီအချိန်ကစပြီး၊ ထာဝရညတောင်ကြား မှာ သင်ပေးနေတဲ့ အမှားတွေ ပါနေတဲ့ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း လောက်ပဲ ကျန်ခဲ့တော့မှာလေ”
“တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ ကောင်းကင်စမ်းရေ ဓားနတ်ဘုရား ရဲ့ ဓားသိုင်းပညာဟာ နောက်ပိုင်းကျရင် မိစ္ဆာလမ်းစဉ်ရဲ့ ပညာရပ်တစ်ခု ဖြစ်သွားတော့မှာပေါ့”
“ဒါက ထျန်းချွမ် မျိုးဆက်အတွက် ပိုပြီး ကြီးမားတဲ့ အရှက်ရစရာကြီး မဖြစ်စေဘူးလားကွ”
“အကယ်၍ မင်း ရင်ထဲမှာ တကယ်ပဲ နောင်တရနေတယ်ဆိုရင်၊ ဒီလိုဖြစ်အောင် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ”
“ဘယ်လိုလုပ်ပြီး သေခြင်းတရားနဲ့ ထွက်ပြေးရဲတာလဲ”
“အဲဒီအစား... ညသခင် ရဲ့ ခေါင်းကို ဖြတ်ပြီး အကြီးအကဲ ထျန်းချွမ် ရဲ့ သင်္ချိုင်းဂူရှေ့မှာ သွားရောက် အရိုအသေပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ မကြိုးစားသင့်ဘူးလား”
“...ခေါင်းဆောင်ဆု... ငါက ညသခင် ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေလို့များလား”
ဝမ်ချန်ရှင်း၏ မျက်မှောင်များမှာ တင်းကျပ်စွာ စုဆုံလာတော့၏။
“အဲဒါ ပိုမကောင်းဘူးလား”
ဆုမိုက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
“မင်းက သေဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ မင်းဆရာရဲ့ ဂုဏ်သိက္ခာအတွက် သွားတိုက်ခိုက်လိုက်ရင်၊ သေသွားခဲ့ရင်တောင် အနည်းဆုံးတော့ ကြိုးစားခဲ့ဖူးတယ် ဆိုတဲ့ ဂုဏ်လေး ကျန်ခဲ့ဦးမှာပေါ့”
“အခုတော့... လောကသူ လောကသားတွေ ရှေ့မှာ မင်းက တောင်းပန်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြသွားတယ်။ ရုတ်တရက် ကြည့်ရင်တော့ သတ္တိရှိပြီး ရိုးသားဖြောင့်မတ်တဲ့ ယောကျ်ားကောင်း တစ်ယောက်ရဲ့ လုပ်ရပ်လို့ ထင်ရတာပေါ့”
“ဒါပေမဲ့... တကယ်ပဲ အဲဒီလိုလား”
“ဝမ်ကော... မင်း ရင်ထဲမှာ တခြားသူတွေကို ပေးမသိနိုင်တဲ့ ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားသေးတာလဲ”
ထိုစကားကို ကြားသောအခါ ဝမ်ချန်ရှင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အကြိမ်ကြိမ် ပြောင်းလဲသွားရလေတော့၏။
နောက်ဆုံးတွင်မူ သူသည် အလွန်တရာ နက်ရှိုင်းစွာ အရိုအသေပေးလိုက်ပြီး၊ သူ၏ မျက်ဝန်းများတွင်မူ ပြင်းပြလှသော နောင်တတရားများ ပြည့်နှက်နေ၏။
ဆုမိုက သက်ပြင်းချလိုက်သည်။
“မင်း ရင်ထဲမှာ ဘာတွေ ဖုံးကွယ်ထားလဲ ဆိုတာ ငါ မသိပါဘူး”
“တကယ်တော့ ဒီကိစ္စက ညသခင် နဲ့သာ မပတ်သက်ဘူးဆိုရင်၊ ငါလည်း ဝင်စွက်ဖက်နေမှာ မဟုတ်ဘူး”
“ဒါပေမဲ့ အခြေအနေက ဒီလို ဖြစ်နေပြီဆိုတော့... မင်း..ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဝမ်ချန်ရှင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ ဆုမိုကို မော့ကြည့်ကာ မေးလိုက်၏။
“ခေါင်းဆောင်ဆု... ငါ့ကို ဘယ်လို ကယ်ခဲ့တာလဲ”
“...”
ဆုမိုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်လည် ဖြေကြားလိုက်သည်က၊
“ဆရာတော်ဟုန်ယွင် နဲ့ လမ်းခွဲပြီး ထျန်းချူမြို့ကို အပြန်လမ်းမှာလေ...”
“ငါ . မင်းကို ဆေးလုံး နှစ်လုံး တိုက်ခဲ့တယ်... မှတ်မိလား”
ဝမ်ချန်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။
“မင်းရဲ့ အတွင်းအားတွေ ပြန်ပြည့်ဖို့အတွက် သခင်လေးစစ်ထူ ပေးလိုက်တာလို့ မင်း ပြောခဲ့တယ်လေ”
“အဲဒါတွေကို သောက်ပြီးတော့ တကယ်ပဲ ငါ့ အတွင်းအားတွေ အမြန်ဆုံး ပြန်ပြည့်လာခဲ့တာပဲ”
“အဲဒီအထဲမှာ တစ်ခုခု လွဲမှားနေတာ ရှိလို့လား”
“အစစ်လည်း ပါတယ်... အတုလည်း ပါတယ်”
ဆုမိုက ဆက်ပြောလိုက်သည်။
“ဆေးလုံး နှစ်လုံးထဲက တစ်လုံးက အတွင်းအားတွေကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ ‘တုန်းချန် ဆေးလုံး’ ဖြစ်ပြီး၊ နောက်တစ်လုံးကတော့ ‘ယင်ယန် တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဆေးလုံး’ လို့ ခေါ်တယ်”
“ယင်ယန် တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဆေးလုံး ….”
ဝမ်ချန်ရှင်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
“ဒီဆေးလုံးက အဆိပ်ပြင်းသမျှကို ဖြေနိုင်ပြီး ကိုယ်တွင်းဒဏ်ရာတွေကို ကုသပေးနိုင်တယ်”
“အဆိပ်မိလို့ပဲဖြစ်ဖြစ်၊ ဒဏ်ရာရလို့ပဲဖြစ်ဖြစ် နေရာမှာတင် သေဆုံးသွားရင်တောင်မှ...”
“ဆေးကို ကြိုတင် သောက်ထားမယ်ဆိုရင်၊ နှလုံးသားထဲမှာ စွမ်းအားတစ်ခုက အသက်ငွေ့ တစ်ချက်ကို ထိန်းသိမ်းထားပေးတယ်”
“အဲဒီ စွမ်းအားက တစ်နာရီ၊ နှစ်နာရီလောက် နေရင် တဖြည်းဖြည်း အစွမ်းပြလာတာပဲ”
“ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို ကုသပေးပြီး အဆိပ်တွေကို ဖယ်ရှားပေးတယ်”
“သေဆုံးသွားတဲ့သူကိုတောင် ပြန်ရှင်လာစေနိုင်တယ်”
“အဲဒါကြောင့်မို့ ‘ယင်ယန် တစ်ဖန်ပြန်လည်မွေးဖွားခြင်း’ လို့ နာမည်ပေးထားတာပေါ့”
ဝမ်ချန်ရှင်းမှာ မှင်သက်သွားပြီးနောက် ချီးကျူးစကား ဆိုလိုက်လေတော့၏။
“ရွှမ်ဟူ မျှော်စင် ရဲ့ အတတ်ပညာတွေက တကယ့်ကို အံ့မခန်းပါပဲ”
ဆုမိုသည်လည်း ထောက်ခံသည့်အနေဖြင့် မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။
ရွှမ်ဟူ မျှော်စင် ၏ အတတ်ပညာများမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ ယင်ယန် တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဆေးလုံး ၏ အသုံးဝင်ပုံ အသေးစိတ်ကို သခင်လေးစစ်ထူ မထွက်ခွာမီကမှ သူ့အား သေချာ ရှင်းပြသွားခဲ့ခြင်း ဖြစ်သည်။
ထိုအခါမှသာ သွမ့်ဆုန် သည် ဤဆေးလုံးအကြောင်းကို အလွန်အမင်း နားလည်မှု နည်းပါးခဲ့ကြောင်း သူ သဘောပေါက်လိုက်တော့၏။ ဤဆေးလုံး၏ အစွမ်းမှာ သူ ထင်ထားသည်ထက် ပိုမို၍ ကြီးမားလှသည်။
သို့သော် ဤအချက်ကပင် ဆုမို၏ ခေါင်းထဲတွင် မေးခွန်းတစ်ခုကို ပိုမို ကြီးထွားလာစေခဲ့သည်။ ယင်သုံးပါး၊ ယန်သုံးပါး နှောင့်ယှက်ခြင်း ရောဂါဖြင့် မွေးဖွားလာခဲ့သော သခင်လေးစစ်ထူ ကို ရွှမ်ဟူ မျှော်စင် ၏ ဆန်းကြယ်လှသော အတတ်ပညာများဖြင့် ဘာကြောင့် မကုသနိုင်ခဲ့ရသနည်း။
“ဒါပေမဲ့ ဒီဆေးက ကောင်းတယ်ဆိုပေမဲ့ အားနည်းချက်တစ်ခုတော့ ရှိတယ်”
ဆုမိုက ဆက်ပြောလိုက်၏။
“သူ့ကို ကြိုပြီး သောက်ထားဖို့ လိုတယ်။ တကယ်တမ်း လူတစ်ယောက် သေသွားပြီဆိုရင်တော့၊ ဒီဆေးကို ဘယ်လောက်တိုက်တိုက် ပြန်ရှင်လာမှာ မဟုတ်ဘူး”
ဝမ်ချန်ရှင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။
“ဒါဆိုရင်... ဘာဖြစ်လို့ ခေါင်းဆောင်ဆုက ငါ့ကို ဒီဆေးကို ကြိုသောက်ခိုင်းခဲ့တာလဲ”
“...ဟူး”
ဆုမိုက သက်ပြင်းတစ်ချက် ချလိုက်သည်။
“မနေ့ညက မင်း.. ကောင်းကင်စမ်းရေ ဓား ဆယ့်နှစ်လက်နဲ့ တိုက်ခိုက်ပြီးတဲ့အချိန်၊ ခင်ဗျား ကိုယ်ထဲက နတ်ဆိုး တစ္ဆေ ငါးပါး ချီ တွေကို ငါ ဖယ်ရှားပေးလိုက်တော့၊ မင်းရဲ့ ကြီးမားလှတဲ့ အပြစ်တွေအကြောင်း ပြောခဲ့တယ်လေ”
“နောက်တော့ သခင်လေးစစ်ထူ နဲ့ တွေ့တဲ့အခါ၊ သူ့ရဲ့ အသက်ကယ်ကျေးဇူး အကြောင်း ပြောပေမဲ့၊ ဒီဘဝမှာ ဘယ်လို ကျေးဇူးဆပ်မယ်ဆိုတာ မပြောဘဲ နောင်ဘဝကျမှပဲ ကျေးဇူးဆပ်ပါတော့မယ်လို့ ပြောခဲ့တယ် မဟုတ်လား”
“အဲဒီနောက်ပိုင်းမှာလည်း မင်းက မင်းရဲ့ ကြီးမားတဲ့ အပြစ်တွေအကြောင်းကို ခဏခဏ ပြောနေခဲ့တာပဲလေ”
--