← Chapters

အခန်း ၅၂၅

Vol. 35 Ch. 525

အခန်း ၅၂၅

Vol. 35 Ch. 525

အခန်း (၅၂၅) ချန်ရှင်း၏ လျှို့ဝှက်ချက် (အပိုင်း ၃)

ဤအဖြစ်အပျက်များအားလုံးကို ကြိုးကိုင်ခြယ်လှယ်နေသူမှာ ညသခင်ပင် ဖြစ်ချေ၏။

ယင်းနောက်ဆက်တွဲ ကိစ္စရပ်များကား ဝမ်ချန်ရှင်း တစ်ယောက် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အသိပေးချင်မည် မဟုတ်သော အသည်းနှလုံးထဲမှ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များသာ ဖြစ်တန်ကောင်းသည်။

ဝမ်ချန်ရှင်းမှာမူ ထိုအရာများကို လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ခပ်ဖွဖွ ဆိုသည်။

“ဝူရှန်းခန်းမ ဆိုတာက အနောက်တောင်ဘက်မှာရှိတဲ့ အင်အားကြီး ဂိုဏ်းတစ်ခုပဲ။ အဲဒီဂိုဏ်းချုပ် ဝမ်ယွီထန် ဆိုတဲ့လူက သူပိုင်တဲ့ နယ်မြေထဲမှာရှိတဲ့ လူတွေရဲ့ အသက်ကို ဘယ်အချိန်သတ်မယ်၊ ဘယ်အချိန်လွှတ်မယ် ဆိုတာ သူ့သဘောအတိုင်း ချယ်လှယ်နိုင်တဲ့သူပေါ့”

“ညသခင် က ငါ့အတွက် ကြိုတင် စီစဉ်ပေးခဲ့တာကြောင့် ဝူရှန်းခန်းမ ရဲ့ ဒသမမြောက် ခန်းမထဲကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့ပြီး ငါ့အဖေရဲ့ သတင်းကို စုံစမ်းခွင့် ရခဲ့တာပဲ”

“ဒါပေမဲ့ သူ့နာမည်က ဝမ်ရန်စန်း ဆိုတာကလွဲရင် ကျွန်တော် ဘာမှ မသိခဲ့ရဘူး”

“အဲဒီ ဝမ်ရန်စန်း ဆိုတဲ့ နာမည်ကလည်း... တကယ်တော့ နာမည်ဝှက် တစ်ခုပဲ ဖြစ်နေတာ”

“ဝူရှန်းခန်းမ ထဲမှာ ဟိုဟိုဒီဒီနဲ့ လျှို့ဝှက်စုံစမ်းခဲ့ပေမဲ့ နောက်ဆုံးတော့ ဘာသဲလွန်စမှ မရခဲ့ဘူး”

“ဒါပေမဲ့ အဲဒီအချိန်မှာပဲ..ငါ.. ဝူရှန်းခန်းမ ရဲ့ မင်းသမီးလေး ဝမ်ယီလန် နဲ့ ဆုံတွေ့ခဲ့တယ်...”

စကားပြောရင်း ထိုနေရာသို့ ရောက်သောအခါ တည်းခိုခန်း အပြင်ဘက်တွင် ဖြစ်ပေါ်ခဲ့ဖူးသော ထိုအကြည့်မျိုးသည် ဝမ်ချန်ရှင်း၏ မျက်ဝန်းများ၌ တစ်ဖန် ပြန်လည် ထင်ဟပ်လာပြန်၏။

စက်ဆုပ်ရွံရှာမှု... ရင်တွင်းအသည်းအူထဲမှ လှိုက်တက်လာသော စက်ဆုပ်ရွံရှာမှု ပင်တည်း။

သို့သော် ထိုရွံရှာမှုသည် မင်းသမီးလေးအပေါ်တွင် ထားရှိခြင်း မဟုတ်ဘဲ၊

သူ့ကိုယ်သူသာ ရွံရှာနေခြင်း ဖြစ်တော့၏။

“သူက အသက် (၁၈) နှစ် အရွယ်၊ နုပျိုပြီးတော့ အရမ်း လှတယ်”

“နည်းနည်းတော့ ကလေးဆန်ပြီး ခေါင်းမာတတ်ပေမဲ့၊ ပွင့်လင်းရိုးသားပြီး တခြားသူတွေအပေါ်မှာ အရမ်းကို ကြင်နာတတ်တဲ့ မိန်းကလေးပေါ့”

“သူ့ကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်ကစပြီး ငါ သံယောဇဉ် တွယ်သွားခဲ့တာ”

“အဲဒီအချိန်တုန်းက သူက ဒသမမြောက် ခန်းမရဲ့ ဒုတိယဂိုဏ်းချုပ် ရှုံးဖေး ဆီမှာ သိုင်းပညာ သင်ယူနေတာလေ”

“ငါလည်း အဲဒီ ဒုတိယဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့လို့ သူ့ဘေးနားမှာ နေခွင့်ရခဲ့တာ”

“သူ အလုပ်များနေတဲ့ အချိန်တိုင်း ဝမ်ယီလန် ကို သိုင်းကျင့်ဖို့ ငါ့ကို ကူညီခိုင်းတတ်တယ်...”

“လူပျိုနဲ့ အပျို နှစ်ယောက်တည်း အတူတူ အချိန်ဖြုန်းရတာ များလာတော့... သံယောဇဉ်တွေ တိုးလာခဲ့တာပေါ့”

“ငါ.. သူ့ကို ချစ်မိသွားခဲ့တယ်”

“တစ်ချိန်တုန်းက ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒက ငါ့အဖေကို ရှာတွေ့ဖို့၊ သူ့ကို မေးခွန်းတစ်ခု မေးဖို့၊ အဖြေက ဘာပဲဖြစ်ဖြစ် ငါ့ ရင်ထဲက အပူမီးကို ငြိမ်းသတ်နိုင်ဖို့ပဲ”

“အဲဒီကိစ္စ ပြီးသွားရင်တော့ ယီလန်နဲ့အတူ ထာဝရ အတူတူ နေသွားမယ်၊ ဘယ်တော့မှ မခွဲတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ”

“အချိန်တွေ ကြာလာတာနဲ့အမျှ ငါတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပိုပိုပြီး နက်ရှိုင်းလာခဲ့တယ်”

“ဒါပေမဲ့... အဲဒီအချိန်မှာပဲ ငါ ကိစ္စတစ်ခုကို သိလိုက်ရတယ်”

ဝမ်ချန်ရှင်းသည် စကားပြောနေစဉ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ သွေးကြောများပင် အထင်းသား ပေါ်ထွက်နေ၏။ မျက်လုံးများထဲတွင်လည်း မြင်သာသော စက်ဆုပ်မှုများ ပြည့်နှက်နေသည်။

“...တစ်ညကျတော့ ရှုံးဖေး က အရက်မူးပြီး ဝူရှန်းခန်းမ ရဲ့ အတိတ်အကြောင်းတွေကို ပြောပြနေခဲ့တာ”

“သူက ဂိုဏ်းချုပ်ကြီး ဝမ်ယွီထန် အကြောင်းကို ပြောပြတယ်လေ”

“ဂိုဏ်းချုပ်ကြီး နေရာကို မတက်ခင် နှစ်ပေါင်းများစွာကတည်းက ဝမ်ယွီထန် က လောကအနှံ့ လှည့်လည်ပြီး တုန်းဟွမ် တစ်ခွင်လုံးကို ခြေဆန့်ခဲ့တယ်တဲ့”

“သူ့ရဲ့ သိုင်းပညာက အလွန် အစွမ်းထက်တယ်၊ တရားမျှတမှုကို စောင့်ထိန်းပြီး အားနည်းသူတွေကို ကူညီပေးခဲ့တဲ့ တကယ့် သူရဲကောင်း တစ်ယောက်ရဲ့ အတိတ်မျိုး ရှိခဲ့တာပေါ့”

“သူ့ကို ဘယ်သူမှ မသိခဲ့ကြတဲ့ အကြောင်းရင်းက...”

“သူ သိုင်းလောကထဲမှာ လှည့်လည်သွားလာနေတုန်းက နာမည်ဝှက် တစ်ခုကို သုံးခဲ့လို့ပဲတဲ့”

“သူ့နာမည်က... ဝမ်ရန်စန်း တဲ့....”

ဝမ်ချန်ရှင်း နှုတ်ခမ်းဖျားမှ ထွက်ကျလာသော ထိုစကားကို ကြားလိုက်ရချိန်တွင် ဆုမို၏ ရင်ထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ယင်းကို ထောက်ရှုခြင်းအားဖြင့် ထိုအချိန်က ဝမ်ချန်ရှင်း တစ်ယောက် မည်မျှအထိ တုန်လှုပ် ခြောက်ခြားသွားမည်ကို မှန်းဆကြည့်၍ ရနိုင်သည်။

ဆုမိုသည် သူ၏ အနားသို့ တိုးသွားသော်လည်း မည်သို့ နှစ်သိမ့်ပေးရမည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေ၏။

သို့သော် ထိုစကားလုံးများကို ဖွင့်အန်ချလိုက်ပြီးနောက် ဝမ်ချန်ရှင်း၏ ရင်ထဲမှ အပူမီးများ အနည်းငယ် လျော့ပါးသွားဟန် တူသည်။

သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ဆုမိုကို မော့ကြည့်ကာ ငိုရခက် ရယ်ရခက် အမူအရာဖြင့် ဆိုသည်။

“ဝမ်ယွီထန် က ငါ့ အဖေပဲ”

“ဝမ်ယီလန် က... တကယ်တော့ ငါ့ရဲ့ နှမ အရင်း”

“ငါက .. ကိုယ့်နှမအရင်းကို ပြန်ချစ်မိနေခဲ့တာ၊ တကယ့်ကို ရယ်စရာ ကောင်းမနေဘူးလား”

ရယ်စရာ ကောင်းသည်တကား..။

ဆုမို ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။ ဤအဖြစ်အပျက်သည် တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းလှသည်။

တီဗီ ဇာတ်လမ်းတွဲများထဲမှ ဇာတ်ကွက်များထက်ပင် ပို၍ ထူးဆန်း ဆန်းကြယ်နေချေသေး၏။

သို့သော် သည်အခိုက်အတန့်တွင် ဆုမို ဘာပြောနိုင်မည်နည်း။

ဤကိစ္စသည် ဝမ်ချန်ရှင်း၏ ရင်ဘတ်အောက်ဆုံး၌ မြှုပ်နှံထားသော အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကြီး ဖြစ်ပြီး၊ ယခုကဲ့သို့ ဖွင့်ဟလိုက်ရသဖြင့် သူ၏ ဝန်ထုပ်ဝန်ပိုးများ အနည်းငယ် ပေါ့ပါးသွားပုံ ရသည်။

သို့သော် ထိုစက်ဆုပ်ရွံရှာမှုကမူ ပိုမို နက်ရှိုင်းလာခဲ့တော့၏။

“ငါ.. ရူးမတတ် ဖြစ်သွားခဲ့ရတယ်၊ ကိုယ့်အခန်းကို ဘယ်လို ပြန်ရောက်လာမှန်းတောင် မသိလိုက်ဘူး”

“နောက်ရက်တွေမှာ ဝမ်ယီလန် နဲ့ မျက်နှာချင်းဆိုင်ဖို့တောင် မရဲတော့ဘူး”

“ယီလန်ကို မြင်လိုက်ရတိုင်း လူပုံအလယ်မှာ ကိုယ့်အရေခွံကို ကိုယ်တိုင် ပြန်ဆုတ်ခွာပစ်လိုက်ချင်စိတ်တွေ ပေါက်ပေါက်လာတယ်”

“အဲဒီလို ဖြစ်နေပေမဲ့လည်း ငါ့ စိတ်ကူးထဲမှာ ကြိတ်ပြီး မျှော်လင့်နေမိသေးတယ်”

“သူက ဒီအကြောင်းတွေကို ဘာမှ မသိဘူးလေ၊ ဘယ်သူမှလည်း မသိကြဘူး”

“ဘယ်သူမှ မသိဘူးဆိုရင်၊ ဒီကိစ္စက တကယ် မဖြစ်ခဲ့ဘူးလို့ သတ်မှတ်လို့ မရနိုင်ဘူးလား လို့ပေါ့”

“ငါ တကယ့်ကို သတိကြီးကြီးထားပြီး ကြောက်ရွံ့တုန်လှုပ်နေခဲ့ရတာ”

“သူ့ကို တွေ့ချင်ပေမဲ့လည်း မတွေ့ရဲဘူး။ နေ့ရောညပါ ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်နေမိပြီး ဘယ်လိုမှ သက်သာရာ မရခဲ့ဘူး”

“ဒါပေမဲ့ အဲဒီအချိန်မှာပဲ ငါ ..လုံးဝ မျှော်လင့်မထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်”

“ဝမ်ယီလန် နဲ့ ငါ့ရဲ့ ပတ်သက်မှုကို လူတွေ သိသွားကြတယ်”

“သူ့ကို မတွေ့ရတာ ရက်နည်းနည်း ကြာသွားလို့ ဝမ်ယီလန် က အတင်းလိုက်မေးရင်းကနေ၊ နောက်ဆုံးတော့ ဒုတိယဂိုဏ်းချုပ် ရှုံးဖေး က တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိသွားတာပဲ နေမှာပါ”

“မီးကို စက္ကူနဲ့ ထုပ်ထားလို့ ဘယ်ရပါ့မလဲ”

“သူက ဒီကိစ္စကို ဂိုဏ်းချုပ်ကြီးဆီ သွားတိုင်လိုက်တယ်”

“ဝမ်ယွီထန် က ဒေါသတကြီးနဲ့ ငါ့ကို ဖမ်းဖို့ အမိန့်ပေးပြီး တံခါးပိတ် ကျင့်စဉ် ဝင်သွားခဲ့တယ်”

“သူက ငါ့ကို တကယ် ဖမ်းမယ်ဆိုရင် ငါ.. သူ့ကို ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ”

“ငါ့ ရင်ထဲက အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို သူများတွေကို ဘယ်လိုလုပ် ပြရဲမှာလဲ”

“အဲဒါကြောင့် ငါ.. ထွက်ပြေးဖို့ပဲ ရွေးချယ်နိုင်တော့တယ်။ ဒါပေမဲ့ မသွားခင်လေးမှာ သူ့ကို နောက်ဆုံး တစ်ကြိမ်လောက် မြင်ချင်သေးတယ်”

“သူ့ကို ခေါ်သွားဖို့ ငါ တစ်ခါမှ မတွေးခဲ့ဘူး။ တစ်ချက်လေးပဲ... တစ်ချက်လေး မြင်လိုက်ရရင်ကို ကျေနပ်ပါပြီ”

“ဒါပေမဲ့ ငါ လုံးဝ မျှော်လင့်မထားတာက အဲဒီညမှာ ရုတ်တရက် မီးကြီးလောင်သွားခဲ့တာပဲ”

“ ဆက်မနေရဲတော့ဘဲ ထွက်ပြေးခဲ့ရတယ်”

“ဝူရှန်းခန်းမ ကနေ ထွက်လာပြီးမှပဲ ငါ.. အားလုံးကို သိလိုက်ရတော့တယ်”

“ငါက ဂိုဏ်းချုပ် သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ပြီး တစ်ယောက်ကိုတောင် သတ်ပစ်ခဲ့တယ် ဟုတ်လား”

“ပြီးတော့ ဝမ်ယီလန် နဲ့အတူ ခိုးရာလိုက်ပြေးဖို့ ကြံစည်ခဲ့တယ်ပေါ့”

“‘မဟာ အသွင်ပြောင်း တစ်ဖန်ပြန်လည်မွေးဖွားခြင်း နှလုံးသား ကြာပန်း သိုင်းကျမ်း’ ကိုပါ ခိုးယူသွားတယ်တဲ့လား”

“ဒီကိစ္စတွေကို ငါ.. တစ်ခါမှ မလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး အပြစ်တွေ အကုန်လုံးက ငါ့ ခေါင်းပေါ် ရောက်လာရတာလဲ”

“ငါ.. ရှင်းပြချင်ပေမဲ့ ဘယ်သူက နားထောင်ပေးမှာလဲ”

“ပြီးတော့ အဲဒီကိစ္စတွေကို တခြားလူတွေကို ငါ.. ဘယ်လိုလုပ် ပြောပြရဲမှာလဲ”

“ငါ တကယ့်ကို ကြောက်လန့်တကြားနဲ့ အိမ်မဲ့ခွေးတစ်ကောင်လို ဖြစ်သွားခဲ့ရတာ”

“တုန်းဟွမ်နယ်မြေကို ရောက်တဲ့အထိ သေမလို ထွက်ပြေးလာခဲ့ပြီး ဆရာ့ဆီမှာ သက်သာရာ ရှာဖို့ တွေးခဲ့တာ”

“ဒါပေမဲ့ လုံးဝ မထင်မှတ်ထားတာက...”

ဤနေရာသို့ ရောက်သောအခါ သူသည် စကားကို ရပ်တန့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်၏။

“အဲဒီနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုတော့ ခေါင်းဆောင်ဆု အားလုံး သိပြီးသားပါ”

စကားဝိုင်းသည် ဤနေရာ၌ ရပ်တန့်သွားပြီး နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် ဆုမိုက သက်ပြင်းရှည်ကြီး ချလိုက်လေ၏။

“ဝမ်ကော..ငါ.. ဒီကိစ္စကို မပြောသင့်ဘူးဆိုပေမဲ့၊ ရင်ထဲမှာ တစ်ဆို့နေလို့ ပြောမှ ရတော့မယ်...”

ဝမ်ချန်ရှင်းက ဆုမိုကို မော့ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

“ခေါင်းဆောင်ဆု... ပြောချင်တာသာ ပြောပါ။ ဒီအချိန်ရောက်မှတော့ ငါ မင်းကို အကုန် ပွင့်ပွင့်လင်းလင်း ပြောပြပြီးပြီပဲ၊ ဘာတွေများ ဖုံးကွယ်ထားစရာ ရှိတော့လို့လဲ”

“အငတ်ဘေးဂိုဏ်း က အနောက်တောင်ဘက်ကို ထိုးဖောက်ဝင်ရောက်လာတာ ညသခင် နဲ့ ပတ်သက်နေတဲ့ လျှို့ဝှက် ရည်ရွယ်ချက်တွေ ရှိနေပုံ ရတယ်”

“ဝူရှန်းခန်းမ ထဲက တစ်ယောက်ယောက်က မင်းရဲ့ အခြေအနေကို အသုံးချပြီး သိုင်းလောက က လူတွေကို လော့ဖုန်း မဟာမိတ်အဖွဲ့ ထဲကို သွေးဆောင်နေတာ၊ အဲဒီနောက်ကွယ်မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတယ်”

“အဲဒီလူတွေ ပြောပြချက်အရ၊ ဒီကိစ္စတွေကို ကြိုးကိုင်နေတာ မင်း ပြောတဲ့ ဒုတိယဂိုဏ်းချုပ် ရှုံးဖေး ပဲတဲ့”

“ဒီနေ့ မင်း.. ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေ၊ ဝူရှန်းခန်းမ ထဲက အဖြစ်အပျက်တွေ အားလုံးက ညသခင် ရဲ့ စီမံကိန်းတွေကြောင့် ဖြစ်လာတာ နေလိမ့်မယ်”

‘နှစ်ပေါင်း (၂၀) တိုင်တိုင် အကွက်ချ ကြံစည်လာခဲ့တာက ထျန်းချူ ဓားသိုင်း နှီးနှောပွဲ တစ်ခုတည်းအတွက်တဲ့လား။

ဒါကတော့ ညသခင် ရဲ့ လှည့်ကွက်တွေကို အထင်သေးလွန်းရာ ကျနေလိမ့်မည်..။

သူ့လို မိစ္ဆာခေါင်းဆောင်ကြီးက လမ်းဘေးက ကလေးတစ်ယောက်ကို အကြောင်းမဲ့သက်သက် ဘာလို့ ကောက်မွေးရမှာလဲ။

ဒီလောကကြီးထဲမှာ ဝမ်ချန်ရှင်း ထက် သနားဖို့ကောင်းတဲ့ ကလေးတွေ အများကြီး ရှိနေတာပဲ။

သူသာ တကယ်ပဲ သနားကြင်နာတတ်တဲ့ သူတော်စင် တစ်ယောက်ဆိုရင် ဘယ်လိုလုပ်ပြီး ထာဝရညတောင်ကြား ရဲ့ အရှင်သခင် ဖြစ်လာနိုင်မှာလဲ’

ဤနေရာရှိ သက်သေအထောက်အထား တစ်ခုစီတိုင်းသည် တိုက်ဆိုင်မှု တစ်ခုအဖြစ် လွယ်လွယ်ကူကူ ရှင်းပြ၍ ရနိုင်မည့် အရာများ မဟုတ်ချေ။

နောက်ဆုံးတွင် ဆုမိုက ဝမ်ချန်ရှင်းကို စူးစိုက်ကြည့်လိုက်သည်။

“အရေးအကြီးဆုံး မေးခွန်းက၊ အဲဒီညက ရှုံးဖေး က တကယ်ပဲ အရက်မူးနေတာ ဟုတ်ရဲ့လား”

“ဝမ်ယီလန် က... တကယ်ပဲ မင်းရဲ့ နှမ အရင်း ဟုတ်ရဲ့လား”

--

All Chapters