← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆) လီလန်သည် ယနေ့တွင် ခြင်္သေ့တစ်ကောင်ပမာ ဈေးကြီးတောင်းမည်

"ကောင်းပြီလေ အဲ့ဒါဆိုရင်လည်း မင်းရဲ့ဈေးကို ပြောကြည့်..."

ဟူလောင်ပါးသည် သားရေများ ဝယ်ယူရန် သီးသန့်လာရောက်ခြင်း ဖြစ်သောကြောင့် လီလန်အနေဖြင့် အငြိုးထားနေသင့်သည် မဟုတ်ပေ။

မည်သူကမျှ ငွေကို ငြင်းဆန်မည် မဟုတ်ပေ၊ ဤလောကတွင် အသက်ရှင်နေထိုင်ရန်အတွက် ငွေသည် ယောကျ်ားတစ်ယောက်၏ ယုံကြည်မှုပင် ဖြစ်လေသည်။

လီလန် သဘောတူလိုက်သည်ကို ကြားသောအခါ ဟူလောင်ပါးသည် တိတ်တဆိတ် ဝမ်းသာသွားတော့သည်။

သူသည် အတွေ့အကြုံရင့်ကျက်သော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး မုဆိုးများနှင့်လည်း အကြိမ်ပေါင်းများစွာ အရောင်းအဝယ် လုပ်ဖူးသူဖြစ်၏။

အချို့သော မုဆိုးများမှာ အလွန်ပါးနပ်ကြပြီး အရောင်းအဝယ် ကိစ္စများတွင် ဈေးဆစ်တတ်ကာ သူတို့ ကျေနပ်သည့်ဈေး မရမချင်း ရောင်းချရန် ငြင်းဆန်တတ်ကြသည်။

"သားရေတစ်ချပ်ကို ငါးယွမ်ပေးမယ် ဝံပုလွေဘုရင်ရဲ့ သားရေကတော့ နည်းနည်းပိုဈေးကြီးတော့ ဆယ်ယွမ်ပေးမယ် ကောင်လေးလီ ဘယ်လိုသဘောရလဲ..."

ဟူလောင်ပါးက ခဏမျှ စဉ်းစားပြီးနောက် ဈေးတစ်ခုကို ပြောလိုက်သည်။

ဝံပုလွေသားရေသည် ထူထဲပြီး ချောမွေ့ကာ ဝံပုလွေသားရေအင်္ကျီချုပ်ဝတ်ပါက အလွန်ပင် နွေးထွေးလေသည်။

သို့သော်လည်း အသွင်အပြင်နှင့် အလှအပဘက်တွင်မူ မြေခွေးသားရေနှင့် မြွေပါသားရေတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဂျင်ဆင်း၊ မြွေပါသားရေနှင့် ဝူလာမြက်ဟူသော ရတနာသုံးပါး ရှိသည်။

အကောင်းဆုံးသော သားရေများ အထူးသဖြင့် အမျိုးသမီးများ နှစ်သက်ကြသော သားရေများမှာ မြွေပါသားရေနှင့် မြေခွေးသားရေများပင် ဖြစ်၏။

ဝံပုလွေသားရေများနှင့် ပတ်သက်၍မူ ယောကျ်ားရင့်မာများနှင့် တောင်ပေါ်မှ မုဆိုးများသာ အများဆုံး ဝတ်ဆင်လေ့ရှိကြသည်။

၎င်းကို ဝတ်ဆင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နွေးထွေးစေရန်ဖြစ်ပြီး ကြည့်ကောင်းခြင်း မကောင်းခြင်းမှာ အရေးမကြီးပေ။

အမျိုးသားများမှာ မိသားစုကို ရှာဖွေကျွေးမွေးရန်အတွက် နေ့စဉ်နှင့်အမျှ လေဒဏ်၊ မိုးဒဏ်နှင့် နေဒဏ်တို့ကို အန်တုကာ ကြိုးစားပန်းစား အလုပ်လုပ်ကြရပြီး မြို့ပေါ်မှ အမျိုးသမီးများကဲ့သို့ နုနယ်သိမ်မွေ့ခြင်း မရှိကြပေ။

ထို့ကြောင့် ဝံပုလွေသားရေများ၏ ဈေးနှုန်းမှာ အလွန်အမင်း မမြင့်မားဘဲ အခြေခံအားဖြင့် တစ်ချပ်လျှင် သုံးယွမ် သို့မဟုတ် လေးယွမ်ဝန်းကျင်ခန့်သာ ရှိလေသည်။

သုံးယွမ် လေးယွမ်ဆိုသည်မှာ များပြားသည်ဟု မထင်ရသော်လည်း ၎င်းကို အထင်မသေးသင့်ပေ။

ဝက်သားတစ်ကျင်းလျှင် ပြားရှစ်ဆယ် ရှိသောကြောင့် ဝံပုလွေသားရေတစ်ချပ်ဖြင့် ဝက်သားကောင်း လေးကျင်းခန့်ကို ဝယ်ယူနိုင်လေသည်။

မြို့ပေါ်ရှိ အလုပ်သမားများ၏ ပျမ်းမျှလစာမှာ သုံးဆယ်ယွမ်ဖြစ်ပြီး တစ်ရက်လျှင် တစ်ယွမ်သာရရှိကြောင်းကို သိထားသင့်သည်။

ဝံပုလွေသားရေတစ်ချပ်မှာ သူတို့အတွက် လေးရက်စာလုပ်အားခထက်ပင် ပို၍တန်ဖိုးရှိနေလေသည်။

ဟူလောင်ပါးသည် နောက်ထပ် တစ်ယွမ် ထပ်ပေါင်းထည့်ကာ လီလန်ကို ဝံပုလွေသားရေတစ်ချပ်အတွက် ငါးယွမ် ပေးခဲ့ခြင်းမှာ အလွန်တန်သော အရောင်းအဝယ်တစ်ခုပင် ဖြစ်၏။

အလွန်တရားမျှတသော ဈေးနှုန်းတစ်ခု ဖြစ်သည်။

သေချာသည်မှာ အဘိုးဟူက ဈေးနှစ်ဆပေးရန် ပြောခဲ့သည်ကို သူ ကြားခဲ့ရုံသာ ဖြစ်သည်။ အဘိုးအိုသည် စိတ်လိုက်မာန်ပါ ပြုမူခဲ့ခြင်းသာ ဖြစ်၏။ စီးပွားရေးလုပ်ငန်းတွင် ဝယ်ယူမည့် ဈေးနှုန်းကို မည်သူကမျှ နှစ်ဆပေးမည် မဟုတ်ပေ။

ဤသည်မှာ အရှုံးပေါ်စေမည့် လုပ်ရပ်တစ်ခု ဖြစ်နေပေသည်။

လီလန်သည် စကားတစ်ခွန်းမျှ မပြောဘဲ အလေးချိန် ကျင်းတစ်ရာကျော်ခန့်ရှိသော ဝံပုလွေအသားများကိုသာ ငုံ့ကြည့်နေလိုက်သည်။

ဟူလောင်ပါးသည် အကဲခတ်ကောင်းသူတစ်ဦး ဖြစ်သည်။ လီလန်၏ အမူအရာကိုကြည့်၍ သူပြောလိုက်သော ဈေးနှုန်းကို မကြိုက်ဘဲ ဈေးနည်းလွန်းသည်ဟု ထင်နေကြောင်းကို သိလိုက်သည်။

ထို့ကြောင့် ဟူလောင်ပါးသည် အံကိုကြိတ်ကာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

"သားရေတစ်ချပ်ကို နောက်ထပ် တစ်ယွမ် ထပ်တိုးပေးမယ် ခြောက်ယွမ်ပေါ့... ဒီထက်ပိုပြီးတော့ မပေးနိုင်တော့ဘူး ပေးရင် ငါရှုံးသွားလိမ့်မယ်..."

လီလန်သည် ဝံပုလွေအသေကောင်များကို စိုက်ကြည့်ကာ ခေါင်းငုံ့ထားရင်း ပညာတတ်လူငယ်မလေးထံမှ သူရရှိထားသော ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီကို ကစားနေလေသည်။

"ကောင်လေးလီ မင်းဆီက သားရေတွေကို ငါ တကယ်လိုချင်လို့ပါ ကျေးဇူးကန်းတဲ့အလုပ်တွေ မလုပ်စမ်းပါနဲ့..."

ဟူလောင်ပါးသည် စိုးရိမ်လာပြီး သူ၏စကားများမှာ အနည်းငယ် ဂဏာမငြိမ် ဖြစ်လာတော့သည်။

ထိုအခါမှ လီလန်သည် ခေါင်းမော့လာပြီး သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

သူသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြုံး၍ ပြောလိုက်၏။

"ကျွန်တော် မရောင်းဘူး..."

လီလန်သည် အရူးတစ်ယောက် မဟုတ်ပေ။ ဟူလောင်ပါးသည် ထိုနေ့နံနက်က သူ၏ ဝံပုလွေသားရေများကို အထင်သေးကာ ဒုတိယတန်းစားများဖြစ်သည်ဟု ညည်းညူခဲ့သော်လည်း ယနေ့တွင်မူ သူ့ထံမှ သားရေများကို လာဝယ်ရန် သီးသန့်ရောက်လာခဲ့ပြီး အဖြူရောင်ဝံပုလွေဘုရင်၏ သားရေကိုပင် အတိအကျ တောင်းဆိုနေသေးသည်။

ဤကိစ္စတွင် မသင်္ကာစရာ တစ်ခုခုမှမရှိဟု မည်သူကမျှ ယုံကြည်မည် မဟုတ်ပေ။

*များသောအားဖြင့်တော့ ဟူလောင်ပါးကို လောင်ဟူက လွှတ်လိုက်တာပဲ ဖြစ်ရမယ်... လောင်ဟူက ငါ့ရဲ့ ဝံပုလွေဘုရင်သားရေကို မျက်စိကျနေတာ…*

လီလန်သည် ခွဲခြမ်းစိတ်ဖြာကာ သူ၏ ကောက်ချက်ကို ချလိုက်သည်။

လောင်ဟူက လွှတ်လိုက်ခြင်းဖြစ်သောကြောင့် အလောတကြီး လုပ်ရန် မလိုအပ်ပေ။ သားရေတစ်ချပ်ချင်းစီအတွက် လောင်ဟူထံမှ ငွေအနည်းငယ် ထပ်တောင်းနိုင်ပြီး မည်သို့ပင်ဖြစ်စေ သူတို့အတွက် အရှုံးမရှိနိုင်ပေ။

"မင်းက မရောင်းဘူးလား... ဘာဖြစ်လို့ မရောင်းရတာလဲ..."

"အဲ့သားရေတွေက အသစ်စက်စက်တွေလေ... သုံးမပစ်ဘဲ ထားထားရင် ကြာလာတဲ့အခါ အလဟဿ ဖြစ်သွားလိမ့်မယ်နော်..."

လတ်လတ်ဆတ်ဆတ် ခွာထားသော ဝံပုလွေသားရေများမှာ ဝံပုလွေသားရေအင်္ကျီများနှင့် ဖိနပ်များ ပြုလုပ်ရန်အတွက် အကောင်းဆုံး အခြေအနေတွင် ရှိနေသည်။

အချိန်ကြာမြင့်စွာ ထားရှိပါက နွေးထွေးမှုထိန်းသိမ်းနိုင်စွမ်းမှာ အလွန်အမင်း လျော့ကျသွားမည်ဖြစ်ပြီး သားရေဟောင်းများမှာ သားရေသစ်များကဲ့သို့ တန်ဖိုးရှိတော့မည် မဟုတ်ပေ။

"အလောတကြီးလုပ်စရာ မလိုပါဘူး ကျွန်တော်က စားနပ်ရိက္ခာရုံပိုင်တစ်ယောက်နဲ့ အခုလေးတင် တွေ့ထားတာ... သူ့ကို တစ်ချို့တစ်ဝက်လောက် ကူရောင်းပေးဖို့ သွားပြောကြည့်လိုက်မယ်လေ..."

လီလန်က ယုံကြည်မှုရှိစွာဖြင့် ပြုံး၍ ပြောလိုက်သည်။

ကျိုးတာ့ဖူသည် စားနပ်ရိက္ခာရုံ၏ အကြီးအကဲဖြစ်သည်။ မြို့ထဲတွင် ထိုမျှကြီးမားသော ဆိုင်ခန်းကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး လူကြိုက်အများဆုံးဖြစ်သော ဝက်သားများကို ရောင်းချလေသည်။ ဆိုင်ဖွင့်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး တန်းစီနေကြပြီး အလွန်ပင် စည်ကားလှသည်။

အချိန်ကျလာလျှင် ဝံပုလွေသားရေကို တံခါးဝတွင် ချိတ်ဆွဲထားရုံဖြင့် မည်သူမျှ မဝယ်မည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။

လီလန်သည် ကျိုးတာ့ဖူ၏ ကလေးအသက်ကို ကယ်တင်ပေးခဲ့သော ကျေးဇူးရှင်ကြီးတစ်ဦး ဖြစ်သောကြောင့် ကျိုးတာ့ဖူအနေဖြင့် ဤအကူအညီလေးကို ကူညီပေးရန် သဘာဝကျစွာပင် အလွန်ပျော်ရွှင်နေမည် ဖြစ်သည်။

"..."

ဟူလောင်ပါးမှာ လုံးဝကို အံ့အားသင့်သွားတော့သည်။ လီလန် ဤမျှအထိ မျက်နှာပြောင်တိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူက လုံးဝကို အကျပ်ရိုက်သွားတော့၏။

လီလန် ပြောသည်မှာ မှန်ကန်သည်။ သူသည် စားနပ်ရိက္ခာရုံပိုင် ကျိုးတာ့ဖူကို သိကျွမ်းထားလေသည်။ ရဲအရာရှိဟန်က ကလေးကို ရှာတွေ့ပြီဖြစ်ကြောင်း ကျိုးတာ့ဖူကို အကြောင်းကြားရာတွင် ကျိုးတာ့ဖူ၏ အိမ်ဖုန်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

*ဟူး... ဒီကောင်လေးက တကယ့်ကို ကံကောင်းလွန်းတာပဲ... ဘုရားသခင်က သူ့ကို သားတစ်ယောက်လို သဘောထားပြီး သူလိုချင်တာမှန်သမျှ အကုန်ပေးနေတာပဲ…*

ဟူလောင်ပါးမှာ အကူအညီမဲ့သွားတော့သည်။

သူသည် အလျှော့ပေးလိုက်ပြီး ပြောလိုက်၏။

"ကောင်းပြီ... ကောင်းပြီ... မင်း ဘယ်လောက်လိုချင်လို့လဲ... မင်းရဲ့ဈေးကိုသာ ပြောလိုက်တော့..."

"ဦးလေးဟူ ခင်ဗျားကိုယ်တိုင် ပြောတာနော် အဲ့ဒါဆို ကျွန်တော် အားနာနေတော့မှာ မဟုတ်ဘူး..."

"အဲ့ဒါဆိုရင်ကော သားရေတစ်ချပ်ကို ရှစ်ယွမ်နဲ့ ရောင်းမယ် အဖြူရောင်ဝံပုလွေဘုရင်ရဲ့ သားရေကတော့ နည်းနည်းပိုဈေးကြီးတော့ အဲ့ဒါကို နှစ်ဆယ်ယွမ် ယူမယ်လေ..."

"ပြီးတော့ ခင်ဗျား ကျွန်တော့်ရဲ့ တောင်းဆိုချက်တစ်ခုကိုလည်း ဖြည့်ဆည်းပေးရမယ်..."

"ခွေးကောင်လေး..."

လီလန်က ဈေးကို ခြင်္သေ့တစ်ကောင်ပမာ ခေါင်းပုံဖြတ်တောင်းလိုက်သဖြင့် ဟူလောင်ပါးမှာ ကျိန်ဆဲလုနီးပါး ဖြစ်သွားသော်လည်း သူ၏ ပါးစပ်ကို အမြန်ပင် ပြန်ပိတ်ထားလိုက်သည်။

ဤဈေးနှုန်းမှာ အဘိုးအို ပြောခဲ့သော ဈေးနှုန်းနှင့် တစ်ထပ်တည်း ကျနေပေသည်။

All Chapters