အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉) ပညာတတ်လူငယ်မလေးကို သမင်သွေးအရက် သောက်ရန် ဖိတ်ခေါ်ခြင်း... ယောက်ျားပီသပြီး လွှမ်းမိုးနိုင်စွမ်းရှိသော လီလန်
ကန်းပေါ်တွင် ဟင်းလျာများ ပြည့်နှက်နေသည်။
ဝက်သားနီချက်... ပေါင်းထားသော ငါးကြင်း... ထို့ပြင် ဝက်ဆီဖတ်တစ်ပန်းကန်။
အသားဟင်း၏ မွှေးကြိုင်သောအနံ့မှာ လေထဲတွင် ပြည့်နှက်နေပြီး အခန်းတစ်ခုလုံးသို့ ပျံ့နှံ့နေ၏။
အသားဟင်း သုံးပွဲဆိုသည်မှာ အလွန်ပင် ဇိမ်ကျလွန်းနေလေပြီ။
ရုတ်တရက် လုအန်းနာက မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်တော့သည်။
"ရှင်တို့အားလုံးက အဓိကအစားအစာတွေ စားနေကြတာပဲ..."
ကန်း၏ အစွန်းတွင် ကြွေပန်းကန်လုံး ငါးလုံးကို ချထားသည်။ ပန်းကန်ထဲတွင် အပြည့်ရှိနေသည်မှာ ဖွေးဖြူနေသော ထမင်းများပင် ဖြစ်၏။
လီမိသားစု ယောက်လေးယောက်အတွက် ဤညစာ၏ အဓိကအစားအစာမှာ ထမင်းဖြစ်သည်။
လုအန်းနာသည် အံ့သြတုန်လှုပ်သွားပြီး စားပွဲပေါ်ရှိ အသားဟင်းသုံးပွဲနှင့် ဆန်စစ်စစ် ထမင်းပန်းကန်ငါးလုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။ (သစ်ခေါက်တွေ၊ ရွံ့စေးတွေ စားရတဲ့ခေတ်မှာ ဆန်ဖြူကို အသားနဲ့စားနိုင်တာက ကြွယ်ဝတဲ့မိသားစုမှသာ စားနိုင်တာပါ)
သူမ ဤမျှအံ့သြသွားသည်မှာလည်း မဆန်းပေ။ အလွန်ပင် ဇိမ်ကျလွန်းနေသောကြောင့် ဖြစ်၏။
ပေါင်းထားသော ငါးကြင်းတစ်ပွဲဆိုသည်မှာ ဇိမ်ခံခြင်း၏ အထွတ်အထိပ်ပင် ဖြစ်သည်။ ရွှမ်းရွှေရွာတွင် ထိုအရာမှာ နှစ်သစ်ကူးပွဲတော်ကာလ၌သာ စားသုံးနိုင်သော အစားအစာတစ်ခု ဖြစ်လေသည်။
ကန်းပေါ်ရှိ ပေါင်းထားသော ငါးကြင်းပန်းကန်အပြင် ဝက်ဆီဖတ်တစ်ပွဲနှင့် ဝက်သားနီချက် တစ်ပွဲပါ ရှိနေသေးသည်ကိုတော့ ပြောစရာပင် မလိုတော့ချေ။
အဓိကအစားအစာများမှာလည်း ဆန်ဂျုံစစ်စစ်များ ဖြစ်နေသေးသည်။ ဆန်ဂျုံစစ်စစ်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆန်၊ နှံစားပြောင်းနှင့် ဂျုံမှုန့်တို့ကို ဆန်ဂျုံစစ်စစ်များဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ရွာထဲတွင် အငတ်ဘေးဆိုက်နေပြီး အိမ်တိုင်းလိုလို ငတ်မွတ်နေကြကာ ပြောင်းဖူးမှုန့်ဖြင့် ပြုလုပ်ထားသော ပြောင်းဖူးမုန့်များကိုသာ စားနိုင်ကြသည်။ ထိုအရာများမှာ အလွန်ဆိုးရွားလှပြီး လည်ချောင်းကို ခြောက်သွေ့သွားစေသည်။
အချို့မိသားစုများဆိုလျှင် ပို၍ပင် ဆိုးရွားသေးကာ ပြောင်းဖူးမှုန့်နှစ်ကျင်းပင် မရှိကြသဖြင့် တောင်ပေါ်သို့တက်၍ တောရိုင်းဟင်းရွက်များကို တူးကာ သစ်ခေါက်များကို စားသောက်နေကြရသည်။ ရွံ့စေးများကိုပင် စားနေရ၏။
ထိုကဲ့သို့ ငတ်မွတ်နေသော အချိန်များတွင် ပြောင်းဖူးမှုန့် နှစ်ကျင်းဖြင့် အိမ်ထောင်မကျသေးသော အမျိုးသမီးငယ်တစ်ဦးကိုပင် လဲလှယ်နိုင်လေသည်။
လီလန်အိမ်ရှိ ညစာမှာ ငါးနှင့် အသားများပြည့်နှက်နေသော စားသောက်ပွဲကြီးတစ်ခု ဖြစ်ပြီး စားပွဲတစ်ခုလုံးပေါ်ရှိ အသားပမာဏဖြင့်ဆိုလျှင် မရေမတွက်နိုင်သော အမျိုးသမီးငယ်များကိုပင် လဲလှယ်နိုင်လောက်သည်။
ဝက်သား တစ်ကျင်းလျှင် ပြား ရှစ်ဆယ် ပေးရပြီး စားပွဲပေါ်ရှိ ဤဝက်သားနီချက်နှင့် ဝက်ဆီဖတ်တို့မှာ အနည်းဆုံး နှစ်ကျင်းခန့် ရှိမည်ဖြစ်သည်။
ငါး တစ်ကျင်းလျှင် လေးပြား ပေးရပြီး စားပွဲပေါ်ရှိ ဤပေါင်းထားသော ငါးကြင်းမှာ အနည်းဆုံး ငါးကျင်း သို့မဟုတ် ခြောက်ကျင်းခန့် ရှိပေလိမ့်မည်။
ဈေးကြီးလှသော ဆန်ကဲ့သို့ ဆန်ဂျုံစစ်စစ်များကိုမူ ပြောစရာပင် မလိုတော့ပေ။ မြို့ပေါ်ရှိ အလုပ်သမားများပင် တတ်နိုင်မည် မဟုတ်ချေ။ အလွန်ဆုံးဆိုလျှင် သူတို့သည် မိသားစုတစ်စုလုံး စားသောက်ရန်အတွက် နှစ်အနည်းငယ်ကြာမှသာ ထမင်းတစ်အိုးကို ချက်ပြုတ်နိုင်ပေလိမ့်မည်။
ဤငါးကြီးများ၊ အသားများနှင့် ထမင်းဟင်းလျာများကို ဈေးနှုန်း ဖယ်ထားလိုက်လျှင်ပင် ဝယ်ယူရန်အတွက် လက်မှတ် လိုအပ်သေးသည်။
စားနပ်ရိက္ခာလက်မှတ်များ မရှိဘဲနှင့် အသားကိုမဆိုထားဘိ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းနှင့် စားနပ်ရိက္ခာရုံတို့က ဆန်ဂျုံစစ်စစ်များကိုပင် သူတို့အား ရောင်းချပေးမည် မဟုတ်ပေ။
လက်မှတ်များ ခေတ်စားသော ကာလတွင် မည်သည့်အရာကို ဝယ်ယူရန်မဆို လက်မှတ်များ လိုအပ်လေသည်။
လုအန်းနာမှာ ရှန်ဟိုင်းမှဖြစ်သည်။ သူမ၏ မိသားစုမှာ ပညာတတ်မိသားစုဖြစ်ပြီး အတော်အတန် ပြည့်စုံကြသည်။ သို့သော်လည်း ကျောက်ဘိုင်တောင်ခြေရှိ ရွှမ်းရွှေရွာသို့ ပညာတတ်လူငယ်အဖြစ် စေလွှတ်ခံရပြီးကတည်းက သူမ၏ ဘဝမှာ ဇိမ်ကျကျ နေထိုင်ရခြင်းမှသည် ချို့ချို့တဲ့တဲ့ နေထိုင်ရသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
တစ်နေ့တာအတွက် အစားသုံးနပ်စလုံးတွင် ပြောင်းဖူးမှုန့်ဖြင့် ပြုလုပ်ထားသော ပြောင်းဖူးမုန့်များကို စားရသည် သို့မဟုတ် ချဉ်ဖတ်များနှင့် ဆန်ပြုတ်ကျဲကျဲကိုသာ စားသောက်ရသည်။
ထိုနေ့က သူတို့၏ အစားသုံးနပ်စလုံးတွင် ဆီတစ်စက်ပင် မပါဝင်ခဲ့ချေ။
တစ်ခါတစ်ရံတွင် ပညာတတ်လူငယ်ရုံးမှ တာဝန်ခံဟွမ်က ဤမြို့ပေါ်မှ ပညာတတ်လူငယ်များအတွက် အစားအသောက်များကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးတတ်သော်လည်း မီးဖုတ်ထားသော ကန်စွန်းဥ သို့မဟုတ် အာလူးများ၊ သို့မဟုတ် သူတို့ တစ်နည်းနည်းဖြင့် ရှာဖွေတွေ့ရှိခဲ့သော ငှက်ဥများသာဖြစ်သဖြင့် အသားအရသာကို မြည်းစမ်းခွင့် ရနိုင်ပေသည်။
အာဟာရချို့တဲ့မှုနှင့် ရာသီဥတု မမျှတမှုတို့ကြောင့် လုအန်းနာမှာ ကိုယ်အလေးချိန် ဆယ်ပေါင်ကျော်ခန့် ကျဆင်းသွားခဲ့သည်။
ထိုပျက်နေသော နာရီကို ရောင်းချကာ လီလန်နှင့် မိုးပျံနဂါးတစ်ကောင် လဲလှယ်လိုက်ခြင်းဖြင့်သာ သူမသည် စွပ်ပြုတ်လုပ်သောက်နိုင်ခဲ့ပြီး ကျန်းမာရေး အတော်များများကို ပြန်လည်ကောင်းမွန်လာစေခဲ့ခြင်း ဖြစ်သည်။
လီလန်၏ ညီမလေး နှစ်ယောက်ကို စာဖတ်ရန်နှင့် စာရေးရန် စတင်သင်ကြားပေးချိန်တွင်မှ လုအန်းနာ၏ ဘဝမှာ တကယ့်ကို တိုးတက်ကောင်းမွန်လာခဲ့သည်။
လီထျန်းနှင့် လီရွှယ်တို့ကို သင်ကြားပေးခြင်းအတွက် ကျူရှင်ခမှာ လီလန်ပေးသော တောဝက်သား အနည်းငယ်ပင် ဖြစ်လေသည်။
တောဝက်သားမှာ မာကျောပြီး ညှီနံ့ရသော်လည်း အနည်းဆုံးတော့ အသားဖြစ်နေသဖြင့် ဆန်ပြုတ်၊ ချဉ်ဖတ်နှင့် ပြောင်းဖူးမုန့်တို့ထက်မူ ပိုကောင်းနေသေးသည်။
အေးစက်သော ဆောင်းရာသီတွင် ပညာတတ်လူငယ်ရုံးရှိ နွေးထွေးသော အိမ်ငယ်လေးထဲ၌ ကွေးကွေးလေးနေကာ တောဝက်သားစွပ်ပြုတ် တစ်အိုးကို စားသောက်နိုင်ခြင်းမှာ ဇိမ်ခံခြင်းတစ်မျိုးဟု ယူဆရသည်။
သို့သော် ယနေ့တွင်မူ... ငါးနှင့် အသားများ ပြည့်နှက်နေသော ဤစားပွဲကို ကြည့်ရင်း...
လုအန်းနာသည် အလွန်တုန်လှုပ်သွားကာ စကားပင် မပြောနိုင်တော့ချေ။
"ဦးလေးလီ... ဒီစားပွဲပေါ်ရှိ အစားအစာတွေအားလုံးအတွက် လက်မှတ်ဘယ်လောက်တောင် ကုန်ကျသွားခဲ့တာလဲ..."
လုအန်းနာက အလွန်အံ့သြသွားလျက် တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
လီတာ့ဟိုင်က ခေါင်းခါမ်းလျက် အပြုံးဖြင့် ပြောလိုက်သည်။
"အလကားရတာပါ..."
"ဟင်... အလကားရတာဟုတ်လား..."
လုအန်းနာခမျာ မှင်တက်သွားတော့သည်။
"ဆရာမလု... ဒါကို သမီးတို့ကို ဦးလေးဝေမင်က ပေးသွားတာပါ... အစ်ကိုက သူ့မိသားစုကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့လို့ သူက ပြောသွားတယ်..."
ပါးစပ်မှ သွားရည်များကျကာ ဝက်သားနီချက်အိုးကို တပ်မက်စွာ စိုက်ကြည့်နေသော လီထျန်းက ဝင်ပြောလိုက်သည်။
သူမ၏ အစ်ကိုမှာ အိပ်ရာပေါ်သို့ပင် မတက်ရသေးသဖြင့် သူမသည် တူများကို မကိုင်ရဲဘဲ တပ်မက်စွာသာ ကြည့်နေနိုင်တော့သည်။ သူမ၏ ညီမငယ် လီရွှယ်မှာလည်း ထိုနည်းတူပင်ဖြစ်၏။
"ဦးလေးဝေမင်..."
လုအန်းနာက နားမလည်နိုင်သည့် အသွင်ဖြင့် ကြည့်လိုက်သည်။
"တာဝန်ခံကျန်းပါ..."
လီတာ့ဟိုင်က ရှင်းပြလိုက်သည်။
"အိုး.. ကျွန်မ မှတ်မိပါပြီ... မြို့ပေါ်က သံမဏိစက်ရုံက တာဝန်ခံကျန်းကိုး..."
လုအန်းနာက ခေါင်းညိတ်လိုက်သည်။
နွေရာသီတွင် သူမ ခူးဆွတ်ခဲ့သော တောင်ပေါ်အစားအစာများကို ကျေးလက်သို့ ဆင်းလာစဉ် တာဝန်ခံ ကျန်းဝေမင်က ဝယ်ယူခဲ့ကြောင်း သူမ သိထားသည်။
"ကျွန်မ မှတ်မိပြီ... အဲ့ကိစ္စက ကျင်း ခြောက်ရာကျော်လေးတဲ့ တောဝက်ဘုရင်ကြီးကိစ္စ မဟုတ်လား..."
လုအန်းနာက ပြန်လည်အမှတ်ရသွားသည်။
လီလန်သည် ကျင်း ခြောက်ရာကျော် အလေးချိန်ရှိသော တောဝက်ဘုရင်ကြီးကို သေနတ်သုံးချက်ပစ်ကာ သတ်ဖြတ်ခဲ့ပြီး ကျန်းဝေ့ကော်ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။
အသားများ မဝေငှခင်တွင် ရွာထဲ၌ အောင်ပွဲခံသည့်အနေဖြင့် ဗြောက်အိုးများကိုပင် ဖောက်ခဲ့ကြသေးသည်။
"အစ်ကိုလီက တကယ်ကံကောင်းတာပဲ... သူက လူတစ်ယောက်ကို ကယ်တင်ပြီး ကုသိုလ်ကောင်းမှုလည်း လုပ်ခဲ့သလို ဝက်သားနီချက်ကိုလည်း စားရသေးတယ်..."
လုအန်းနာက မနာလိုစွာဖြင့် ပြောလိုက်သည်။
"အဖေ... ဘာလို့ မစားသေးတာလဲ..."
ထိုအချိန်တွင် ထူထဲသော လိုက်ကာကြီး ပွင့်သွားပြီး လီလန်က အိပ်ခန်းထဲမှ အရက်ပုလင်းတစ်လုံးကို ကိုင်လျက် ထွက်လာခဲ့သည်။
"အစ်ကို... အားလုံးက အစ်ကို့ကို စောင့်နေကြတာ... မြန်မြန် ထိုင်ပါတော့... ညီမလေး ဝက်သားနီချက် စားချင်နေပြီ..."
လီထျန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... စားကြစို့... မင်းတို့ အခု စစားလို့ရပြီ..."
လီလန် စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ညီမငယ်နှစ်ယောက်သည် တူများဖြင့် ဝက်သားနီချက် အတုံးကြီးများကို အသီးသီး ကောက်ယူကာ ပန်းကန်ထဲသို့ ထည့်ပြီး အားရပါးရ စားသောက်ကြတော့သည်။ သူတို့၏ စားသောက်ပုံမှာ တကယ့်ကို ဆာလောင်မွတ်သိပ်နေပုံ ပေါက်နေ၏။
"အင်း... ဝက်သားနီချက်က အရမ်းစားလို့ကောင်းတာပဲ..."
"အသားက အရမ်းအရသာရှိတယ်... ရှောင်ရွှယ် ဒါကို အရမ်းကြိုက်တယ်..."
ကောင်မလေးနှစ်ယောက်မှာ ပါးစပ်တစ်ခုလုံး ဆီများပေကျံသည်အထိ စားသောက်နေကြသည်။ ဝက်သားနီချက် အဆီများကို စားပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဝက်ဆီဖတ် အတုံးအနည်းငယ်ကို ထပ်မံကောက်ယူကာ ဂျွတ်ဂျွတ်မြည်အောင် စားသောက်ကြပြန်သည်။
မိန်းကလေးနှစ်ယောက်မှာ ပေါင်းထားသော ငါးကြင်းကို ထိပင် မထိကြချေ။
"အစ်ကိုလီ..."
လီလန် အရက်သယ်လာသည်ကို မြင်လိုက်ရသောအခါ လုအန်းနာက အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
"ဆရာမလု... ထိုင်ပါ... အရမ်း အားနာမနေပါနဲ့... ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပါ..”
လီတာ့ဟိုင်သည် အပူပေးထားသော ကန်းကို ပုတ်ကာ လုအန်းနာအား ယဉ်ကျေးနေရန် မလိုကြောင်း ပြသလိုက်သည်။
"ဆရာမလု... မတ်တတ်ရပ်နေစရာ မလိုပါဘူး... ထိုင်ပါ..."
လီလန်ကလည်း တိုက်တွန်းလိုက်သည်။
လုအန်းနာမှာလည်း ထိုင်ချလိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
"ဆရာမလု... ခင်ဗျား အရက်သောက်တတ်လား..."
လီလန်က ရုတ်တရက် မေးလိုက်သည်။
လုအန်းနာသည် ခေါင်းငုံ့ကာ အချိန်အတန်ကြာ မျက်နှာရဲသွားပြီးနောက်
"ဟုတ်ကဲ့... နည်းနည်းပါ..."
သူမက လက်ချောင်းများကို ပြသကာ နှစ်အောင်စ သို့မဟုတ် သုံးအောင်စခန့်ကို ရည်ညွှန်းလိုက်သည်။
"နှစ်အောင်စ သုံးအောင်စလောက်ဆိုရင်လည်း ရပါတယ်..."
လီလန်က ခေါင်းညိတ်လိုက်သည်။
"အဖေ... ကျွန်တော့်ကို အရက်ခွက် နည်းနည်းလောက် ယူပေးပါ..."
ထို့နောက် လီတာ့ဟိုင်သည် အပူပေးထားသော ကန်းပေါ်မှ ထလာကာ ဗီရိုဆီသို့ သွားပြီး ကြွေခွက်အဖြူ သုံးခွက်ကို ထုတ်ယူလိုက်သည်။
ဤခေတ်အခါတွင် သောက်ရေခွက်များကို ကြွေဖြင့် ပြုလုပ်ထားဆဲဖြစ်ပြီး အဖြူရောင်ရှိကာ ရှေ့ဘက်တွင် အနီရောင် နှစ်ဆပျော်ရွှင်ခြင်းစာလုံးကြီးကို ရိုက်နှိပ်ထားသည်။ အချို့သော ကြွေခွက်များတွင်မူ အနီရောင် ပျိုနီပန်းများကို ရိုက်နှိပ်ထားရာ အလွန်ပင် ပွဲတော်အငွေ့အသက် ပါလေသည်။
အရက်ခွက်မှာ သေးငယ်ပြီး ကြွေရည်သုတ်လက်ဖက်ရည်ခွက်၏ အသေးစားပုံစံမျိုးဖြစ်ကာ အရက်တစ်ငုံစာအတွက်သာ လုံလောက်ပြီး အောင်စဝက်မှ တစ်အောင်စခန့်အထိသာ ဆံ့သည်။
"ဆရာမလု... ခင်ဗျား ကျန်းမာရေး မကောင်းဘူး၊ သွေးအားနည်းရောဂါလည်း ရှိတယ်လို့ ဆရာမတုံဆီက ကျွန်တော် ကြားထားတယ်..."
"အချိန်ကိုက်ပဲ... ဒီအရက်ပုလင်းက အာဟာရဖြစ်စေတဲ့ သမင်သွေးအရက်ပဲ... သွေးအားဖြည့်ဖို့အတွက်တော့ အကောင်းဆုံးပဲ... ခင်ဗျား ခဏနေရင် များများသောက်လို့ ရတယ်..."
လီလန်သည် သူ၏ လက်ထဲရှိ အရက်ပုလင်းကို လှုပ်ယမ်းလိုက်သည်။ အတွင်းတွင် သွေးရောင် အနယ်အနှစ်များ ရှိနေသည်။ ညင်သာစွာ လှုပ်ယမ်းလိုက်သည်နှင့် မူလက ကြည်လင်နေသော အရက်မှာ ချက်ချင်းပင် နောက်ကျိသွားတော့သည်။
သမင်သွေးအရက်... ဤအရာမှာ သမင်သွေးအရက်ပုလင်းပင် ဖြစ်သည်။ အလွန်အစွမ်းထက်သော အားဆေးတစ်မျိုး ဖြစ်လေသည်။
ကျောက်ကပ်ကို အားဖြည့်ပေးခြင်း၊ ယောက်ျားစွမ်းအားကို တိုးစေခြင်းနှင့် ချီစွမ်းအင်နှင့် သွေးကို ပြန်လည်ဖြည့်တင်းပေးခြင်း စသည့် အာနိသင်များမှာ သမင်ချိုအရက်ထက် အနည်းငယ် လျော့နည်းသော်လည်း ဤခေတ်အခါတွင် အတော်လေး ကောင်းမွန်နေဆဲပင် ဖြစ်သည်။
"အာ... သမင်သွေးအရက်... အရမ်းအဖိုးတန်တဲ့အရာကို... အဖွဲ့ခေါင်းဆောင်လီ... ရှင် ပိုက်ဆံတွေ အများကြီး ကုန်တော့မှာပဲ..."
လုအန်းနာက အားနာစွာဖြင့် ပြောလိုက်သည်။
လီလန်သည် သူမအား ယနေ့ညစာ ကျွေးမွေးခဲ့သည်။ စားပွဲတစ်ခုလုံးတွင် ငါးနှင့် အသားများ ပြည့်နှက်နေပြီး အဓိကအစားအစာမှာ မွှေးကြိုင်သော ထမင်းဖြစ်သည်။ ဤအရာမှာ ဇိမ်ကျလွန်းနေလေပြီ။
လီလန်က ထိုသို့အဖိုးတန်လှသော သမင်သွေးအရက်ကို သောက်ရန် ဖိတ်ခေါ်ခြင်းက လုအန်းနာအား အထူးအလေးထားခံရသည်ဟု ခံစားသွားစေသည်။
သူမ ကျောက်ဘိုင်တောင်တန်းရှိ ကျေးလက်သို့ လာရောက်အလုပ်လုပ်ကတည်းက ပညာတတ်လူငယ်ရုံးမှ တာဝန်ခံဟွမ်နှင့် သူမ၏ အတန်းဖော် တုံယွီရှုတို့မှလွဲ၍ မည်သူကမျှ သူမအပေါ် ဤမျှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးချေ။
"ရပါတယ်... ခင်ဗျားက ရှောင်ထျန်းနဲ့ ရှောင်ရွှယ်တို့ရဲ့ ဆရာမလေ... ခင်ဗျား လုံးဝ ပြန်ကောင်းလာမှသာ သူတို့ကို စာဖတ်ဖို့နဲ့ စာရေးဖို့ သင်ပေးနိုင်မယ့် ခွန်အားတွေ ရှိလာမှာပေါ့..."
"ဆရာမလု... အရမ်းအားနာမနေပါနဲ့..."
"လာ... သောက်ကြစို့..."
လီလန်သည် လုအန်းနာ၏ အရှေ့တွင် အရက်ခွက်ကို ချထားကာ သမင်သွေးအရက်ဖြင့် ဖြည့်လိုက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဟန်ပန်ဖြင့် ပြောလိုက်သည်။