အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း ၂၆၁: ဖန်ရွှမ် ဘယ်မှာလဲ
သူ၏နောက်တွင် အနီရောင်ဆံပင်ရှိသောလူငယ်နှင့် အေးစက်စက်လူငယ်တို့က နံဘေးတစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်နေကြသည်။
ထို့ပြင် အစိမ်းရောင်ဝတ်ရုံဝတ် အင်မော်တယ်သခင် ၏နံဘေးတွင် သွေးများ စွန်းထင်းနေသော်လည်း ပြိုင်ဘက်ကင်းလှပနေဆဲဖြစ်သည့် အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခု ရှိနေသည်။
"အဲ့ဒါ အမျိုးသမီး အင်မော်တယ်သခင်ပဲ...သူ အသက်ရှင်နေသေးတယ် "
မျက်စိလျင်သော စစ်သားတစ်ဦးက နင်ဖူယောင်ကို ချက်ချင်းမှတ်မိသွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်၏။
ကျောက်ဖုန်းသည် အချိန်တခဏကြာမျှ မှင်တက်သွားပြီးနောက် သူ၏မျက်နှာတွင် ထိန်းချုပ်၍မရသော ရူးသွပ်သည့် ပျော်ရွှင်မှုများ ပေါက်ကွဲထွက်လာသည်။
အမျိုးသမီး အင်မော်တယ်သခင်က တကယ်ကြီး ကယ်တင်ခံရတာပဲ...
သို့သော် ရုတ်ချည်းဆိုသလိုပင် ကြီးမားသော သံသယတစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။
မည်သည်ကြောင့် ဤမျှထိ မြန်ဆန်နေရသနည်း....
အင်မော်တယ်သခင်သုံးဦး ချိုင့်ဝှမ်းထဲသို့ ဝင်သွားသည့်အချိန်မှ ယခုပြန်ထွက်လာသည့် အချိန်အထိ စုစုပေါင်းကြာချိန်သည် ဆယ့်ငါးမိနစ်ထက် အနည်းငယ်သာပိုသည် မဟုတ်လော....
ကိစ္စအားလုံး အဆုံးသတ်သွားသလော...
သူတို့သည် နတ်ဆိုးသားရဲများကို အနိုင်မယူနိုင်သဖြင့် လူကို ဆွဲခေါ်ပြီး ပြန်ပြေးလာခြင်း ဖြစ်နေသလော...
သို့သော် အင်မော်တယ်သခင်လေးဦး၏ အမူအရာများကို ကြည့်လိုက်လျှင် သူတို့သည် အနည်းငယ်မျှ ဖရိုဖရဲ ဖြစ်ခြင်း သို့မဟုတ် အလျင်လိုခြင်း မရှိဘဲ တည်ငြိမ်ပြီး အေးအေးဆေးဆေး ရှိနေကြသည်။ သူတို့က ထိတ်လန့်တကြား ထွက်ပြေးလာပုံ မပေါ်ပေ။
ထို့ပြင် ချိုင့်ဝှမ်းအတွင်းတွင် အလွန်အမင်း တိတ်ဆိတ်နေပုံရပေ၏။
အစောပိုင်းက ဝိုးတဝါး ကြားနေရသော နတ်ဆိုးသားရဲ ဟိန်းဟောက်သံများနှင့် စူးရှသော အော်ဟစ်သံများအားလုံး ပျောက်ကွယ်သွားလေပြီ။
ကျောက်ဖုန်း၏ စိတ်ထဲတွင် သံသယများနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေချိန်မှာပင် စူးချန်ကဲနှင့် တခြားလူသုံးဦးက သူတို့၏အနီးသို့ ရောက်ရှိလာကြသည်။
ကျောက်ဖုန်းသည် သူ၏စိတ်နှလုံးသားထဲရှိ မလိုလားအပ်သော အတွေးများကို လျှင်မြန်စွာ ဖိနှိပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ဒူးတစ်ဖက် ထောက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"စစ်သူကြီး ကျောက်ဖုန်းက အင်မော်တယ်သခင် လေးဦး အောင်ပွဲခံပြီး ပြန်လာတာကို ကြိုဆိုပါတယ်... အမျိုးသမီး အင်မော်တယ်သခင် ဘေးကင်းလုံခြုံနေတာက တကယ့်ကို ကောင်းကင်ဘုံက မျက်စိရှိတာပဲ...ဒါက သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် ကောင်းချီးတစ်ခုပါပဲ"
သူ၏နောက်ရှိ စစ်သားတစ်ရာကလည်း တပြိုင်နက်တည်း ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။
"အင်မော်တယ်သခင်တွေကို ကြိုဆိုပါတယ် "
နင်ဖူယောင်က သူမတို့ကို လာကြိုရန် ကြီးမားသော အန္တရာယ်ကို စွန့်စားခဲ့သည့် ဤသစ္စာရှိသော စစ်သားများကို ကြည့်လိုက်သည်။ သူမ၏စိတ်နှလုံးသား အနည်းငယ် နွေးထွေးသွားပြီး သူမက တိုးညှင်းစွာ ပြောဆိုသည်။
"စစ်သူကြီးကျောက် ကျေးဇူးပြုပြီး ထပါ...စစ်သားတွေအားလုံး ကျေးဇူးပြုပြီး ထပါ....ကျွန်မ အဆင်ပြေပါတယ်...စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သူမ၏အသံသည် အနည်းငယ် ဖျော့တော့နေသေးသော်လည်း ပုံမှန် အေးစက်မှုနှင့် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိနေလေပြီ။
ကျောက်ဖုန်းနှင့် တခြားသူများက မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏အကြည့်များက နင်ဖူယောင်ကို စူးစမ်းလေ့လာနေကြသည်။ သူမ၏အဖြူရောင်ဝတ်စုံပေါ်ရှိ ထင်ရှားသော သွေးကွက်များနှင့် စုတ်ပြဲမှုများအပြင် သူမ၏ဖြူရော်နေသော်လည်း ခိုင်မာပြတ်သားနေဆဲ ဖြစ်သည့် မျက်နှာကို မြင်ချိန်၌ သူတို့၏စိတ်နှလုံးသားများ မသိမသာ မွန်းကြပ်သွားသည်။
"အမျိုးသမီး အင်မော်တယ်သခင်...အရှင်မ... အရှင်မ ရဲ့ ဒဏ်ရာတွေ..."
ကျောက်ဖုန်း၏အသံက တုန်ယင်နေခဲ့သည်။ သူက လျှင်မြန်စွာ နောက်လှည့်ပြီး အော်ဟစ်လိုက်သည်။
"မြန်မြန်လေး...အကောင်းဆုံး ရွှေအနာကျက်ဆေးနဲ့ သွေးတိတ်ဆေးမှုန့်တွေကို မြန်မြန် ယူခဲ့...ပြီးတော့ ဂျင်ဆင်း စွပ်ပြုတ်လည်း ပါရမယ် မြန်မြန်..."
နင်ဖူယောင်က ခေါင်းခါပြပြီး ညင်သာသောအပြုံးတစ်ခုဖြင့် ပြောဆိုသည်။
"စစ်သူကြီး ကျောက်....ကျေးဇူးပြုပြီး ဒုက္ခမခံပါနဲ့.. ကျွန်မရဲ့ ဒဏ်ရာတွေက အများကြီး သက်သာသွားပါပြီ... သေမျိုးဆေးဝါးတွေက ကျွန်မအတွက် အသုံးမဝင်ဘူး..."
သူမသည် မောက်မာထောင်လွှားနေခြင်း မဟုတ်ပေ။
မပျက်စီးနိုင်သော ဓားခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ကုစားနိုင်စွမ်း ရှိနေပြီးဖြစ်ကာ စူးချန်ကဲမှ ထည့်သွင်းပေးလိုက်သော ဖရိုဖရဲ သန့်စင်သော ချီအစအနလေးဖြင့် သူမ၏အတွင်း ဒဏ်ရာနှင့် ပြင်ပဒဏ်ရာနှစ်ခုလုံး အံ့အားသင့်ဖွယ် အရှိန်ဖြင့် ပျောက်ကင်းနေသည်။
သေမျိုးများ၏ ရွှေအနာကျက်ဆေးနှင့် ဂျင်ဆင်း စွပ်ပြုတ်တို့သည် သူမအတွက် ရေကျက်အေးအလား ဖြစ်နေပြီး လုံးဝအသုံးမဝင်ချေ။
ဤစကားကို ကြားသောအခါ ကျောက်ဖုန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ၏လက်များကို ပွတ်သပ်လိုက်သည်။ အင်မော်တယ်များနှင့် သေမျိုးများ အကြားတွင် ကွာဟချက်တစ်ခု ရှိနေကြောင်းကို ထိုအချိန်မှသာ သူ နားလည်သဘောပေါက်သွားလေ၏။ အင်မော်တယ်သခင်တစ်ဦး၏ ဒဏ်ရာများကို သူတို့၏ သာမန်ဆေးဝါးများဖြင့် မည်သို့ ကုသနိုင်မည်နည်း။
သူသည် သူ၏စိတ်အခြေအနေကို လျှင်မြန်စွာ ထိန်းညှိလိုက်ပြီး သူ၏အကြည့်က စကားမပြောသေးသော စူးချန်ကဲဆီသို့ သတိထား၍ ကြည့်လိုက်သည်။ ထို့နောက် သူ၏လေသံကို ချိန်ဆရင်း သူက ဂရုတစိုက်မေးလိုက်သည်။
"စူး... အင်မော်တယ်သခင် စူး... ချိုင့်ဝှမ်းထဲက အဲ့ဒီ နတ်ဆိုးသားရဲတွေအကြောင်း မေးလို့ ရမလား..."
သူက အလွန်သတိထားပြီး မေးလိုက်ခြင်း ဖြစ်သည်။ သူသည် ရလဒ်ကို သိချင်သော်လည်း အင်မော်တယ်သခင်များကို စော်ကားမိမည် သို့မဟုတ် သတင်းဆိုး ကြားရမည်ကို ကြောက်ရွံ့နေခဲ့သည်။
ဤတစ်ကြိမ်တွင် စူးချန်ကဲသည် စကားမပြောခဲ့ချေ။
နင်ဖူယောင်က သူမ၏ စီနီယာအစ်ကိုကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ဂရုမစိုက်သော အမူအရာကို မြင်သောအခါ သူမက သူ့ကိုယ်စား ဖြေကြားလိုက်၏။
"ဖျက်ဆီးမှုတွေ လုပ်ခဲ့တဲ့ ရှေးဟောင်း အင်မော်တယ် မိစ္ဆာမျိုးနွယ်ဝင်သုံးကောင်နဲ့ ချိုင့်ဝှမ်းထဲက ကျန်တဲ့ နတ်ဆိုးသားရဲတွေအားလုံး... သတ်ဖြတ်ခံလိုက်ရပါပြီ..."
သူမ၏အသံက အလွန်တိုးညှင်းပြီး တည်ငြိမ်နေကာ အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသည့်အလား ပင်။
သို့သော် ငှက်မွေးအလား ပေါ့ပါးသော ဤစကားတစ်ခွန်းက ကျောက်ဖုန်းနှင့် စစ်သားတစ်ရာတို့၏ နားထဲသို့ ကောင်းကင်ဘုံကိုးထပ်မှ မိုးကြိုးတစ်စင်းအလား ကျရောက်သွားသည်။
"သတ်... သတ်ဖြတ်ခံလိုက်ရပြီ "
ကျောက်ဖုန်း၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ပါးစပ် အနည်းငယ် ပွင့်ဟသွားသည်။ သူက မိုးကြိုးပစ်ခတ်ခံရသော လူတစ်ယောက်အလား နေရာတွင် အေးခဲတောင့်တင်းသွားပေ၏။
သေသွားပြီလား....
အမျိုးသမီး အင်မော်တယ်သခင်ကိုပင် မျှော်လင့်ချက်မဲ့သော အခြေအနေသို့ တွန်းပို့ခဲ့သော ထိုကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးသားရဲသုံးကောင်သည် သေသွားခဲ့သလော...
အချိန် မည်မျှထိ ကြာသေးသနည်း...
ဆယ့်ငါးမိနစ် သို့မဟုတ် ဆယ့်ငါးမိနစ်ထက် အနည်းငယ်သာ ပိုသလော....
အင်မော်တယ်သခင်သုံးဦး ချိုင့်ဝှမ်းထဲသို့ ဝင်သွားသော အချိန်မှ ယခုလက်ရှိ ပြန်ထွက်လာသော အချိန်အထိ ထိုမျှလောက်သာ ကြာမြင့်သည် မဟုတ်လော...
ဤအချိန်တိုလေးအတွင်းတွင် သူတို့သည် ပိတ်မိနေသော အမျိုးသမီး အင်မော်တယ်သခင်ကို ကယ်တင်ခဲ့ရုံသာမက...
ထိုရှေးဟောင်း အင်မော်တယ် မိစ္ဆာမျိုးနွယ်စုဝင်သုံးကောင်အပါအဝင် ချိုင့်ဝှမ်းထဲရှိ နတ်ဆိုးသားရဲများအားလုံးကို သတ်ပစ်လိုက်သလော....
ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ကျောက်ဖုန်းက သူ၏တွေးတောနိုင်မှု လုံလောက်ခြင်းမရှိတော့ဟု ခံစားလိုက်ရသည်။
သူသည် ဖြစ်နိုင်ခြေ အများအပြားကို စိတ်ကူးယဥ်တွေးတောကြည့်ခဲ့ပြီးဖြစ်ပေ၏။
ဥပမာအနေဖြင့် အင်မော်တယ်သခင်များသည် နတ်ဆိုးသားရဲများနှင့် တိုက်ကွက်သုံးရာတိုက်ခိုက်ပြီး လောကကြီးကို တုန်လှုပ်စေမည့် တိုက်ပွဲတစ်ခုက ကြေကွဲဖွယ်ကောင်းသော အောင်ပွဲတစ်ခုအဖြစ် ပြီးဆုံးသွားကာ ပြင်းထန်စွာ ဒဏ်ရာရထားသော အမျိုးသမီးအင်မော်တယ်သခင်ကို ခေါ်ထုတ်လာခြင်းပင်။
ထိုသို့မဟုတ်ပါက အင်မော်တယ်သခင်များသည် နတ်ဆိုးများကို မယှဉ်နိုင်ဘဲ နောက်ဆုတ်ရင်း တိုက်ခိုက်ကာ အမျိုးသမီး အင်မော်တယ်သခင်ကို ခက်ခက်ခဲခဲ ကယ်တင်နိုင်ခဲ့ခြင်း...
အဆိုးဆုံး ဖြစ်နိုင်ခြေကိုပင် သူ တွေးတောခဲ့မိသည်။ ဤသည်မှာ အင်မော်တယ်သခင်များ အတွင်းတွင် သေဆုံးသွားခြင်းကိုပင်။
သို့သော် သူသည် မည်သည့်အချိန်ကမျှ မစဉ်းစားမိခဲ့သည်မှာ ဤကဲ့သို့ ရလဒ်မျိုးသာ ဖြစ်ပေ၏။
အရမ်း လွယ်ကူတယ်.. အရမ်း မြန်ဆန်တယ်....အရမ်း... ဂရုမစိုက်သလိုပဲ....
ဤသည်က အင်မော်တယ်သင်္ချိုင်းချိုင့်ဝှမ်းတွင် ရှေးဟောင်း အစစ်အမှန်အင်မော်တယ်များပင် သတိထားရသော သေမင်းထောင်ချောက်တစ်ခု မဟုတ်သည့်အလားပင်။ ထိုရှေးဟောင်း အင်မော်တယ် မိစ္ဆာမျိုးနွယ်စုဝင်သုံးကောင်သည် နေရာတစ်ခုကို လွှမ်းမိုးချုပ်ကိုင်ပြီး ရွှမ်ဟွမ်ကုန်းမြေကို ဖရိုဖရဲ ဖြစ်စေသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုများ မဟုတ်ဘဲ လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်သည့် ပိုးကောင်သုံးကောင်နှင့် တူညီနေသည်။
"ဒါ... ဒါက..."
ကျောက်ဖုန်း၏အသံက ခြောက်ကပ်နေပြီး သူ၏နှုတ်ခမ်းများ တုန်ယင်နေကာ ပြီးပြည့်စုံသော စကားတစ်ခွန်းကိုပင် မပြောနိုင်ခဲ့ချေ။
သူ၏နောက်ရှိ စစ်သားများသည် ပို၍ပင် မှင်တက်နေကြပြီး လောကကြီးပေါ်တွင် အဓိပ္ပာယ်မဲ့ဆုံး အရာကို ကြားလိုက်ရသည့်အလား တစ်ယောက်ချင်းစီတိုင်းက မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။
နင်ဖူယောင်က သူတို့၏ တုန်လှုပ်ပြီး စကားမပြောနိုင်ဖြစ်နေသော အမူအရာများကို ကြည့်ကာ ထပ်မံ၍ ရှင်းပြခြင်းမပြုတော့ချေ။ အကယ်၍ သူမသာ အမှန်တရားကို သူတို့အား ပြောပြမည်ဆိုလျှင် ကျန်းချီလီသည် လှုပ်ရှားမှုအနည်းငယ်ဖြင့် သူတစ်ယောက်တည်း တိုက်ပွဲကို ဖြေရှင်းခဲ့ကြောင်း သိရှိသွားပါက သူတို့ ပို၍ပင် ကြောက်ရွံသွားနိုင်သည်။
"တော်ဝင်မြို့တော်ကို ပြန်ကြစို့ "
စူးချန်ကဲက ဂရုမစိုက်သကဲ့သို့ ပြောလိုက်ပြီး ထူးဆန်းသော တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်၏။
"ဟုတ်ကဲ့... ဟုတ်ကဲ့ ကျေးဇူးပြုပြီး အင်မော်တယ်သခင်တို့ ကြွပါ..."
ကျောက်ဖုန်းသည် ရုတ်တရက် သတိပြန်ဝင်လာပြီး သူ၏စိတ်နှလုံးသားထဲရှိ မုန်တိုင်းထန်နေသော လှိုင်းတံပိုးများကို လျှင်မြန်စွာ ဖိနှိပ်ကာ ရိုသေလေးစားစွာ လမ်းပြလိုက်သည်။
တချို့အရာများကို သူ မေးမြန်းနိုင်မည် မဟုတ်ကြောင်း သူ သိထားသည်။
နတ်ဆိုးများ မရှိတော့ဘဲ အမျိုးသမီး အင်မော်တယ်သခင် ကယ်တင်ခံလိုက်ရပြီး မဟာချန်လည်း ကယ်တင်ခြင်းခံလိုက်ရပြီ ဆိုသည်ကိုသာ သူ သိရန် လိုအပ်သည်။
ထိုမျှဖြင့် လုံလောက်နေလေပြီ။
တော်ဝင်မြို့တော်၌...
မဟာချန် တော်ဝင်မြို့တော်သို့ သူတို့ ပြန်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆူညံပွက်လောရိုက်မှု မှာ သူတို့ ပထမဆုံး ရောက်ရှိလာချိန်ကထက် ပို၍ပင် ကြီးမားနေသည်။
နန်းတွင်းအရာရှိများကို ဦးဆောင်လာသော ဧကရာဇ် ကျောက်ယန်သည် သူတို့ကို ကြိုဆိုရန်အတွက် နန်းတော်ဂိတ်တံခါး၏ အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ ဒူးထောက်နေခဲ့သည်။
နင်ဖူယောင် ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာကာ သူမ၏ဒဏ်ရာများ မပျောက်ကင်းသေးသော်လည်း သူမ၏အရှိန်အဝါ ယခင်ကထက် များစွာပို၍ တည်ငြိမ်ပြီး အစွမ်းထက်နေကြောင်း သူ မြင်တွေ့လိုက်ရသည်။ ကျောက်ယန်သည် ဝမ်းသာမျက်ရည်များ ကျလာပြီး အကြိမ်ကြိမ်ဦးညွှတ်ကာ အော်ဟစ်လိုက်၏။
"ကောင်းကင်ဘုံမှာ မျက်စိရှိတာပဲ..အင်မော်တယ်သခင်တွေဆီက ကြီးမားတဲ့ ကျေးဇူးတရားကို... ကျွန်တော်... မဟုတ်ဘူး...ဒီဂျူနီယာက ရွှမ်ဟွမ် နယ်မြေထဲက သန်းရာနဲ့ချီတဲ့ သက်ရှိတွေကိုယ်စား အင်မော်တယ်သခင်တွေရဲ့ အသက်ကယ်ကျေးဇူးနဲ့ နတ်ဆိုးတွေကို ဖယ်ရှားပေးတဲ့ လုပ်ဆောင်မှုအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ ဦးညွှတ်အရိုအသေပြုပါတယ် "
သူ၏နောက်တွင် အရာရှိများက တပြိုင်နက်တည်း သံပြိုင်အော်ဟစ်လိုက်ကြပြီး သူတို့၏အသံများက မိုးကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။
ထိုသတင်းကိုကြားလိုက်သော တော်ဝင်မြို့တော်ရှိ မရေမတွက်နိုင်သော ပြည်သူများသည် လမ်းမတွင် ပြည့်နှက်နေပြီး စူးချန်ကဲတို့လူစုဆီသို့ ရိုသေစွာ ဒူးထောက်၍ ဦးညွှတ်နေကြသည်။ သူတို့၏ မျက်လုံးများတွင် အဆုံးမရှိသော ကျေးဇူးတင်မှုနှင့် ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်နေပေ၏။
စူးချန်ကဲသည် ဤအရာကို စိတ်မဝင်စားချေ။
သူ၏စရိုက်သဘာဝအရ သူသည် တိတ်ဆိတ်မှုကို ပို၍နှစ်သက်ပြီး ဤကဲ့သို့ အခမ်းအနားများနှင့် အာရုံစိုက်ခံရသော မြင်ကွင်းများကို မနှစ်သက်ပေ။
နင်ဖူယောင်၏ ဒဏ်ရာများနှင့် ကောင်းကင်တက်လှမ်းခြင်းလှေကား၏ ဤအဆင့်မှ လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေလိုသော သူ၏ဆန္ဒသာ မရှိပါက သူသည် ဤနေရာတွင် လုံးဝနေမည် မဟုတ်ချေ။
ထို့ကြောင့် သူက ကျောက်ယန်ကို အပေါ်ယံသာ ခေါင်းညိတ်ပြပြီး ရိုးရှင်းစွာ ပြောလိုက်သည်။
"နတ်ဆိုးတွေ မရှိတော့ဘူး...မင်းတို့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြတော့..."
ထို့နောက် ကျောက်ယန်ကို သူတို့အတွက် တိတ်ဆိတ်သော နေစရာတစ်ခု စီစဉ်ပေးရန် အချက်ပြလိုက်၏။
ကျောက်ယန်သည် အတွေ့အကြုံရင့်ကျက်သူတစ်ဦးပင်။ စူးချန်ကဲ၏ အမူအရာကို စောင့်ကြည့်ပြီးနောက် အင်မော်တယ်သခင်က ဆူညံသံများကို မနှစ်သက်ကြောင်း သူ ချက်ချင်း နားလည်သွားသည်။ နန်းတော် ၏ နက်ရှိုင်းသော နေရာတွင်ရှိသော အလှပဆုံး အတိတ်ဆိတ်ဆုံးနှင့် ရွှမ်ဟွမ်ချီ အကြွယ်ဝဆုံး တော်ဝင်စံအိမ်ကို အင်မော်တယ်သခင် လေးဦး အတွက် ရှင်းလင်းပေးရန် သူကကိုယ်တိုင် စီစဉ်လိုက်ပြီး မည်သူမျှ သူတို့ကို မနှောင့်ယှက်ရန် တင်းကြပ်စွာ အမိန့်ပေးလိုက်သည်။
ထိုစံအိမ်အတွင်းတွင် စီးဆင်းနေသောစမ်းချောင်းအထက်မှ တံတားငယ်များ ခန်းမဆောင်များနှင့် လသာဆောင်များရှိပြီး ထူးခြားသောပန်းများနှင့် ရှားပါးသော ဆေးပင်များ နေရာအနှံ့အပြား၌ ရှိနေသည်။ ပတ်ဝန်းကျင်သည် အေးချမ်းကာ လှပလေ၏။
ထို့ထက်ပို၍ အရေးကြီးသည်မှာ စံအိမ်အတွင်းတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရွှမ်ဟွမ်စိတ်ဝိညာဉ်ချီ စမ်းရေတွင်းတစ်ခု ရှိနေသည်။ စမ်းရေတွင်း၏အဝသည် သေးငယ်သော်လည်း ဤသည်က နေ့ညမပြတ် သန့်စင်သော ရွှမ်ဟွမ်ချီများကို ထုတ်လွှတ်ပေးနေပြီး ကျင့်ကြံခြင်းနှင့်ကုသခြင်းအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ထောက်ပံ့ပေးသည်။
စူးချန်ကဲက နင်ဖူယောင်ကို စိတ်ဝိညာဉ်စမ်းရေတွင်း နံဘေးရှိ တိတ်ဆိတ်သော အခန်းတစ်ခန်းတွင် နေရာချထားပေးလိုက်၏။ သူမ၏သူတော်စင်နယ်ပယ် ကျင့်ကြံခြင်းကို တည်ငြိမ်စေရန်နှင့် သူမ၏ဒဏ်ရာများမှ အမြန်ဆုံး သက်သာလာစေရန်အတွက် ဖရိုဖရဲ သန့်စင်သောချီ၏ ကျန်ရှိနေသော အကျိုးသက်ရောက်မှုများနှင့်အတူ စမ်းရေတွင်း၏စွမ်းအားကို အသုံးပြုစေခဲ့သည်။
ဝမ်တန်နှင့်ကျန်းချီလီတို့က နေထိုင်ရန် အရန်ခန်းမ တစ်ခုစီကို ရွေးချယ်လိုက်ကြပြီး ညနေပိုင်းတွင် စူးချန်ကဲနှင့်အတူ စကားစမြည် ပြောဆိုရန် ဝိုင်အရက်တချို့ ယူဆောင်လာရန် စီစဉ်ခဲ့ကြသည်။
ညချမ်းအချိန်ရောက်လာပြီး မီးအိမ်များကို ထွန်းညှိလိုက်ကြ၏။
တော်ဝင်မြို့တော်သည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ကင်းလှည့်နေသော အစောင့်များ၏ ခြေသံများကိုသာ တစ်ခါတစ်ရံ ကြားနေရသည်။
စံအိမ်အတွင်းတွင် ပို၍ပင် တိတ်ဆိတ်နေသည်။
စိတ်ဝိညာဉ်စမ်းရေတွင်း၏နံဘေးရှိ တိတ်ဆိတ်သော အခန်းအတွင်းတွင်...
နင်ဖူယောင်သည် မြက်ဖျာတစ်ချပ်ပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး သူမ၏ခန္ဓာကိုယ်ကို ဖျော့တော့သော ရွှမ်ဟွမ်ချီအလင်းရောင်တစ်ခုဖြင့် လွှမ်းခြုံထားသည်။ ဤသည်က သူမ၏ခန္ဓာကိုယ်အတွင်းတွင် စီးဆင်းနေသော ဖရိုဖရဲ သန့်စင်သောချီနှင့် လိုက်ဖက်နေလေ၏။
သူမ၏မျက်နှာ များစွာပို၍ သွေးရောင်လွှမ်းလာပြီး သူမ၏အရှိန်အဝါက ပို၍ပို၍တည်ငြိမ်ကာ သိပ်သည်းလာသည်။ နှစ်ထပ်အာဟာရဖြည့်တင်းမှုအောက်တွင် မပျက်စီးနိုင်သော ဓားခန္ဓာကိုယ်ကြောင့် သူမ၏ ဒဏ်ရာများမှ အပြည့်အဝ ပြန်လည် ကောင်းမွန်လာရုံသာမက သူမ၏ အနည်းငယ် လျော့နည်းနေသော မူလအစပင်လျှင် သိသာထင်ရှားသော ဖြည့်စွက်မှု တစ်ခုရရှိခဲ့ပြီး ပို၍ရှေ့ဆက်သွားမည့် ဝေဝါးသော လမ်းကြောင်းတစ်ခုကိုပင် ပြသနေသည်။
သူတော်စင်နယ်ပယ်၏အတားအဆီးသည် သူမ၏ခန္ဓာကိုယ်အတွင်းတွင် လုံးဝတည်ငြိမ်သွားပြီဖြစ်ပြီး သူမ၏အသိစိတ်ပင်လယ်တွင် အသစ်စက်စက်ဖြစ်ပြီး ပို၍ထက်ရှကာ ကျယ်ပြန့်သော ဓားစိတ်ဆန္ဒတစ်ခုကို ပြုစုပျိုးထောင်နေသည်။
သူမသည် ကျင့်ကြံခြင်းနှင့် ထိုးထွင်းသိမြင်မှုတွင် နစ်မြုပ်နေချိန်မှာပင်...
ရုတ်တရက်...
သူမ၏ဒန်တျန် နက်ရှိုင်းသောနေရာတွင် တိတ်ဆိတ်နေခဲ့သော ထိုရှေးဟောင်းဓားအတွင်းမှ ညင်သာသော လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသော်လည်း စိုးရိမ်ပူပန်မှုများလည်း ပါဝင်နေသည့် ကြည်လင်သော အသံတစ်သံက သူမ၏စိတ်နှလုံးသားထဲတွင် မြည်ဟီးလာသည်။
"သခင်မ..."
"သခင်မ အဆင်ပြေရဲ့လား..."
"ဒါ... ဒါက ဘယ်နေရာလဲ "
"ဖန်ရွှမ် ဘယ်မှာလဲ..."
"အဲ့ဒီ နတ်ဆိုးသားရဲတွေရော..."
အခန်း ၂၆၂: ယုံကြည်မှုရှိသော ဖန်ရွှမ်
အားချီ နိုးလာလေပြီ။
နင်ဖူယောင်က သူမ၏အသိစိတ်ကို ရှေးဟောင်း ဓား ထဲသို့ လျှင်မြန်စွာ စေလွှတ်ပြီး ပြောလိုက်သည်။
"အားချီ...ရပါတယ်..အရာအားလုံး အဆင်ပြေပါတယ်...ငါတို့ လုံခြုံသွားပြီ..."
ထို့နောက် အားချီ အိပ်မောကျသွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမက ပြန်ပြောပြလိုက်သည်။
"သခင်မရဲ့ အဲ့ဒီ စီနီယာအစ်ကိုလား... သူ... သူက ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေထဲကို တကယ်ကြီး ဝင်လာတာလား....ပြီးတော့ သူက ငါတို့ကိုတောင် ရှာတွေ့ခဲ့တာလား "
အားချီ၏အသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ဤလျှို့ဝှက်နယ်မြေသို့ ကြီးမားသော ကံကြမ္မာကောင်းမရှိဘဲ မည်သူမျှ ဝင်ရောက်၍ မရနိုင်ပေ။
သို့သော် အားချီသည် စူးချန်ကဲ၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို စဉ်းစားမိသွားသည်နှင့်တပြိုင်နက် သူမ ငြိမ်သက်သွားတော့သည်။
ဒါက အဓိပ္ပာယ် ရှိပါတယ်...
ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ နားလည်သဘောပေါက်မှုစွမ်းရည်နဲ့ သူ့မှာ ဘယ်လိုလုပ်ပြီး ကံကြမ္မာကောင်းမရှိဘဲ နေမလဲ...
သို့သော် သူ့နောက်မှ လိုက်ပါလာသူများသည် ထိုရှေးဟောင်း အင်မော်တယ် မိစ္ဆာမျိုးနွယ်စုဝင် သုံးကောင်ကို ချက်ချင်းသတ်ဖြတ်လိုက်သလော...
ရှေးဟောင်း ဓားဝိညာဉ်တစ်ကောင်အနေဖြင့် အားချီ၏ အသိပညာသည် သာမန်လူများထက် များစွာ သာလွန်ပြီး 'အင်မော်တယ် ရှေးဟောင်း' ဟူသော စကားလုံးများ၏နောက်ရှိ အတိမ်အနက်ကို သူမ နက်ရှိုင်းစွာ နားလည်ထားသည်။
ထိုနတ်ဆိုးသားရဲသုံးကောင်သည် အင်မော်တယ် ရှေးဟောင်းခေတ်အတွင်း၌ ထိပ်တန်းအဆင့် မဟုတ်နိုင်သော်လည်း သူတို့သည် အနည်းဆုံးအနေဖြင့် စစ်မှန်သော ရှေးဟောင်းမျိုးဆက်များပင်။ သူတို့သည် သန့်စင်သော သွေးမျိုးဆက် ရှေးဟောင်းနတ်ဘုရားစွမ်းရည်များနှင့် သူတို့၏အရိုးများထဲတွင် စွဲထင်နေသော တိုက်ပွဲဝင်ဗီဇများ ရှိကြကာ တူညီသော နယ်ပယ်ရှိ သက်ရှိများ ယှဉ်ပြိုင်နိုင်သည်ထက် များစွာပို၍ ကျော်လွန်သည်။
သူတို့ကို အားစိုက်ထုတ်စရာ မလိုဘဲ လွယ်လင့်တကူ သတ်ဖြတ်နိုင်သည့် စွမ်းအားအဆင့်သည် အင်မော်တယ် ရှေးဟောင်းခေတ်ကာလအတွင်းမှာပင် ပါရမီရှင်များအကြား၌ ထင်ရှားသူတစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။
"အဲ့ဒီ အနီရောင်ဆံပင်နဲ့ လူငယ်လေးရဲ့ နာမည်က ကျန်းချီလီ...သူက နေမင်းနတ်ဘုရား ရုပ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီးတော့ စီနီယာအစ်ကိုနဲ့အတူ ကြီးပြင်းလာတဲ့ ညီအစ်ကိုလို့ ပြောတယ်..."
နင်ဖူယောင်က ဆက်ပြောလိုက်ရာ သူမ၏လေသံတွင်လည်း မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
"နောက်တစ်ယောက်က အစ်ကိုကြီး ဝမ်တန်..သူက လှုပ်ရှားမှု မလုပ်ခဲ့ပေမဲ့ သူ့ရဲ့ အရှိန်အဝါက ပင်လယ် တစ်ခုလို နက်ရှိုင်းပြီးတော့ သူက သိုင်းပညာတာအို ကောင်းကင်ဘုံမျက်လုံးကို ပိုင်ဆိုင်ထားတယ်....သူတို့နှစ်ယောက်လုံးက စီနီယာအစ်ကိုရဲ့စကားကို နားထောင်ကြတယ်..."
"နေမင်း နတ်ဘုရား ရုပ်ခန္ဓာကိုယ် ... သိုင်းပညာတာအို ကောင်းကင်ဘုံမျက်လုံး ..."
အားချီ အနည်းငယ် အံ့အားသင့်သွားပေ၏။
ဤအရာများက အင်မော်တယ် ရှေးဟောင်းခေတ် အတွင်းတွင်လည်း ပေါ်ပေါက်ခဲ့ပြီး ထိုအရာများကို ပိုင်ဆိုင်သူများသည် မည်သည့်အချိန်ကမျှ ညံ့ဖျင်းခြင်းမရှိခဲ့ချေ။
သခင်မ စီနီယာအစ်ကို၏နောက်ခံသည် အတိအကျ မည်သည့်အရာဖြစ်သနည်း...
သူ၏နံဘေးပတ်လည်တွင် ဤကဲ့သို့ ပါရမီရှင်များ စုဝေးနေသလော..
ထို့ပြင် သခင်မ၏စကားများအရ သူတို့သည် သူ၏နောက်သို့ လိုက်နေပုံရသည်။
နင်ဖူယောင်က ဆက်ပြောလေသည်။
"တခြား ဘာမှတော့ ငါ မသိဘူး..."
သူမသည် စူးချန်ကဲ၏ ခန့်မှန်း၍မရနိုင်သော အရှိန်အဝါ သူ ပေါ့ပေါ့ပါးပါး လွှဲပြောင်းပေးလိုက်သည့် အဆုံးမရှိသော သက်စောင့်စွမ်းအားများ ပါဝင်သည့် မှော်စွမ်းအားနှင့် ထိပ်တန်းအဆင့် အင်အားစုများဟု ခေါ်ဆိုသူများအပေါ် ကျန်းချီလီနှင့်ဝမ်တန်တို့ ပြသခဲ့သော ဂရုမစိုက်သည့်မာနကို ပြန်စဉ်းစားမိသည်။ သူမ စီနီယာအစ်ကို၏နောက်ခံသည် သူမ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ အံ့အားသင့်ဖွယ် ကောင်းနေနိုင်သည်။
အားချီသည်လည်း သူမ၏တုန်လှုပ်နေသော နှလုံးသားကို တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။ အမှန်အားဖြင့် စူးချန်ကဲနှင့်ပတ်သက်၍ သူ မည်မျှထိ ကောင်းကင်ကို ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်ပါစေ သူမက ထိုအရာများကို ပုံမှန်အဖြစ်သာ သဘောထားပေမည်။
အကြောင်းအရင်းမှာ သူမသည် ထိတ်လန့်တုန်လှုပ်ခြင်းမှ ထုံကျင်သွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့်ပင်။
အားချီက အချိန်တခဏမျှ စဉ်းစားပြီးနောက် ထပ်မံ၍ ပြောဆိုသည်။
"ဒါက အကောင်းဆုံးပဲ... သခင်မရဲ့ စီနီယာအစ်ကို ဒီနေရာမှာ ရှိနေမှတော့ ကောင်းကင်တက်လှမ်းခြင်း လှေကားက သခင်မအတွက် အများကြီးပိုပြီး လုံခြုံသွားမှာပါ...ဒါနဲ့ သခင်မ...အဲ့ဒီ ဖန်ရွှမ်ကရော ဘယ်လိုလဲ...ကျွန်မ အိပ်ပျော်မသွားခင် သူ့ရဲ့အရှိန်အဝါက အနီးနားမှာ ရစ်ဝဲနေတာကို ခံစားလိုက်ရသလိုပဲ "
ဖန်ရွှမ်အကြောင်း ပြောလိုက်သည်နှင့် နင်ဖူယောင်၏ လှပသောမျက်နှာသည် ရေခဲလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည့်အလား အေးစက်တင်းမာသွားပြီး သူမ၏ မျက်လုံးများ စူးရှလာသည်။
"သူလား... သူ ဘယ်သွားလဲဆိုတာ ငါ မသိဘူး..."
သူမ၏အသံတွင် မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ဘဲ အရေးမပါသော လမ်းသွားလမ်းလာတစ်ယောက် အကြောင်းကို ပြောဆိုနေသည့်အလားပင်။
"ဒီအဆင့်ကို ငါ ခြေချပြီးတဲ့နောက် နတ်ဆိုးသတ်ဖြတ်ရေး တာဝန်တစ်ခုအတွင်းမှာ သူ့ကို တွေ့ခဲ့တယ်...အစပိုင်းမှာတော့ ငါလည်း အံ့အားသင့်သွားတယ်... အကြောင်းအရင်းက အဲ့ဒီလူက စီနီယာအစ်ကိုရဲ့ သတ်ဖြတ်တာကို သေချာပေါက် ခံခဲ့ရတာလေ.... နောက်ပိုင်းကျမှ သူက အဲ့ဒါက သူ့ရဲ့ အထူးကိုယ်ပွား တစ်ခုသက်သက်ပဲလို့ ရှင်းပြခဲ့တယ်..."
နင်ဖူယောင်က အချိန်တခဏကြာခန့် ရပ်တန့်လိုက်ပြီး သူမ၏လေသံတွင် သိသာထင်ရှားသော ရွံရှာမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
"သူက ငါ့ကို ကြင်နာမှုဆိုတာတွေ ပြခဲ့တယ်... သူ့ရဲ့စကားတွေက မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားမှုတွေနဲ့ ပြည့်နှက်နေပြီးတော့ ငါ နတ်ဆိုးအုပ်စုတစ်စု ရဲ့ ဝန်းရံခြင်းကို ခံရတဲ့အချိန်မှာတောင် သူက ကူညီချင်နေခဲ့တယ်..."
"သခင်မ...သခင်မ ငြင်းလိုက်လား...."
အားချီက မေးလိုက်သည်။
"သေချာတာပေါ့..."
နင်ဖူယောင်က ပြတ်ပြတ်သားသား ပြောလိုက်ပြီး ထပ်မံ၍ ပြောဆိုသည်။
"သူနဲ့ စီနီယာအစ်ကိုက ရန်သူတွေ ဖြစ်နေပြီ.... ငါက သူ့ရဲ့ ကြင်နာမှုကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ... အဲ့ဒီအချိန်တုန်းက နင်က ငါ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ် ကို ကာကွယ်ဖို့ အတွက်...စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ကျွမ်းကျင်တဲ့ အဲ့ဒီအရိပ်မိစ္ဆာကို သတ်ဖို့ နင့်ရဲ့စွမ်းအားတွေအားလုံးကို အသုံးပြုခဲ့ပြီးတော့ စွမ်းအားတွေကုန်ခမ်းပြီး အိပ်မောကျသွားခဲ့တယ်..."
သူမ၏အသံက အေးစက်ပြီး ပြတ်သားနေကာ မပျက်စီးနိုင်သော ဓားခန္ဓာကိုယ်၏ ထူးခြားသော မာန်မာနနှင့်ထက်ရှမှုတို့ ပါဝင်နေခဲ့သည်။
"ငါ နင်ဖူယောင်ရဲ့ ဓားက ကွေးညွတ်ရမယ့်အစား ကျိုးပဲ့သွားတာကို ပိုနှစ်သက်တယ်...ငါ့ရဲ့လမ်းကြောင်း က တခြားသူတွေဆီက လမ်းညွှန်မှုကို မလိုအပ်ဘူး... အထူးသဖြင့် ရန်သူတစ်ယောက်ဆီကပေါ့..."
အားချီက ခေါင်းညိတ်ပြပြီး ပြောဆိုလေ၏။
"သခင်မ ပြောတာ အမှန်ပဲ....ဓားကျင့်ကြံသူတစ်ဦး က ကျေးဇူးနဲ့ ရန်ငြိုးတွေကို အမြဲတမ်း ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမယ်.... ဝေဝါးနေတာက ဓားနှလုံးသားကို မှိုင်းတိုက်သွားစေရုံပဲ ရှိလိမ့်မယ်..."
"ငါ သိပါတယ် "
နင်ဖူယောင်က ခေါင်းညိတ်ပြပြီး သူမ၏ အေးစက်သော အကြည့်က အနည်းငယ် နူးညံ့သွားသည်။
"အခု ဦးစားပေးရမှာက တတ်နိုင်သမျှ အမြန်ဆုံး ငါ ပြန်ပြီးကောင်းမွန်လာဖို့နဲ့ ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ဖို့ပဲ.. ပြီးရင်တော့ ကောင်းကင်တက်လှမ်းခြင်းလှေကားရဲ့ ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ငါ စဉ်းစားရမယ်... စီနီယာအစ်ကို ကို ဆက်ပြီးဒုက္ခပေးနေလို့ မရဘူး..."
နင်ဖူယောင်က သူမကိုယ်သူမ စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး သူမ၏အသိစိတ်ကို သူမ၏ ကျင့်ကြံခြင်းထဲသို့ ပြန်လည်၍ နစ်မြုပ်လိုက်၏။
အားချီသည် သူမကို အနှောင့်အယှက်ပေးခြင်းမှ ရပ်တန့်လိုက်ပြီး သူမ၏စိတ်ဝိညာဉ်ပုံစံကို ပြုပြင်ရန် ရွှမ်ဟွမ်စိတ်ဝိညာဉ်စမ်းရေတွင်း၏ချီနှင့် နင်ဖူယောင် ၏ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် သန့်စင်သောချီ အစအနလေးကို တိတ်ဆိတ်စွာ စုပ်ယူလိုက်သည်။
ကျင့်ကြံခန်းအတွင်းသို့ တိတ်ဆိတ်မှု ပြန်လည် ရောက်ရှိလာခဲ့ပြီး စမ်းရေတွင်းမှ ရေပွက်သံများနှင့် နက်နဲသိမ်မွေ့ အဝါရောင်ချီမြူခိုးများသာ ရှိတော့သည်။
တစ်ချိန်တည်းမှာပင်....
မဟာချန်တော်ဝင်မြို့တော်၏ မြင့်မားသော နန်းတော် တံတိုင်းများ အပြင်ဘက်တွင် မီးအိမ်များ စတင် ထွန်းညှိနေပြီဖြစ်ပြီး ညဈေးက စတင်၍ စည်ကားနေလေပြီ။
နေ့လယ်ပိုင်းက နွေးထွေးမှု ရှိနေသေးသော စည်ကားသည့် လမ်းမတလျှောက်တွင် အရပ်ရှည်သော ပုံရိပ် တစ်ခုက လက်များကို နောက်ပစ်၍ လမ်းလျှောက်နေလေ၏။
ထိုလူသည် ရွှေရောင်ရင့်ရင့် တိုက်ပွဲဝင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်ကာ အဖိုးတန်ပိတ်စဖြင့် ပြုလုပ်ထားသဖြင့် သူ၏ပုံရိပ်ကို ပို၍သွယ်လျပြီး အရပ်ရှည်ပုံရစေသည်။
သူ၏မျက်နှာသည် ချောမောပြီး ဓားအလား မျက်ခုံးများနှင့် ကြယ်အလား မျက်လုံးများရှိနေသည်။ သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ အရာအားလုံး သူ၏လက်ထဲတွင် ရှိနေသည့်အလား အထင်သေးသော ယုံကြည်မှုအရှိန်အဝါတစ်ခုကို သဘာဝအတိုင်း ထုတ်လွှတ်နေလေ၏။
သူသည် တခြားသူမဟုတ်ဘဲ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ကောင်းကင်ပင်လယ်နယ်မြေ ၏ ကံကြမ္မာသားတော် ဖန်ရွှမ်ပင်။
ကောင်းကင်ဘုံတံခါး၏ အပြင်ဘက်တွင် စူးချန်ကဲက ဖရိုဖရဲ ဧရာမတံခါးကြီးထဲသို့ ဝင်ရောက်သွားသည်ကို သူ၏စိတ်ဝိညာဉ် လွင့်စင်နေပြီး ပြိုကျလုနီးပါး ဖြစ်နေသော တာအိုနှလုံးသားဖြင့် ကြည့်နေခဲ့ရသည့် သနားစရာကောင်းသော အခြေအနေနှင့် လုံးဝကွာခြားနေသည်။ လက်ရှိ ဖန်ရွှမ်သည် စိတ်ဓာတ်တက်ကြွနေပြီး သူ၏အကြည့်က လျှပ်စီးအလား စူးရှနေပေ၏။ သူ၏အရှိန်အဝါသည် သိပ်သည်းပြီး ကျယ်ပြန့်ကာ ဖျော့တော့တော့ရွှေရောင် သွေးချီများက သူ၏ အရေပြားအောက်တွင် စီးဆင်းနေသဖြင့် သူသည် သေမျိုးများအကြား လမ်းလျှောက်နေသော ရွှေရောင် တိုက်ပွဲဝင် နတ်ဘုရားတစ်ပါးအလား ဖြစ်နေကာ ကြီးကျယ်ခမ်းနားမှုကို ထုတ်လွှတ်နေသည်။
အနိုင်ရသူတစ်ဦး၏အပြုံးတစ်ခုက သူ၏နှုတ်ခမ်းထောင့်များတွင် ထင်ဟပ်နေပြီး သူက တော်ဝင်မြို့တော်၏ စည်ကားသော မြင်ကွင်းများကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။ သူ၏စိတ်နှလုံးသားအတွင်းတွင် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်များဖြင့် ပြည့်နှက်နေပေ၏။
"ကောင်းကင်တက်လှမ်းခြင်း လှေကား... ဒါက ငါ ဖန်ရွှမ် အတွက် ပြန်လည်မွေးဖွားပြီး ကောင်းကင်ဘုံကို ပျံသန်းဖို့ အခွင့်အရေး ပဲ..."
သူက တွေးလိုက်လိုက်ကာ သူ့ထံတွင် ကြီးမားသော မာန်မာနများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ဘုံသို့ တက်လှမ်းရန် ဤခရီးစဉ်မှ သူ၏ ရရှိမှုများသည် အလွန်ကြီးမားပြီး သူ၏မျှော်လင့်ချက်များထက် များစွာပို၍သာလွန်သည်။
သူသည် ရွှေရောင်တိုက်ပွဲဝင် ရုပ်ခန္ဓာကိုယ်ကို ယခင်က မရှိခဲ့ဖူးသော ပြီးပြည့်စုံခြင်းအခြေအနေသို့ ကျင့်ကြံနိုင်ခဲ့ရုံသာမက မိသားစု၏ ရှေးဟောင်း စာအုပ်များတွင် မှတ်တမ်းတင်ထားသော တည်ထောင်သူဘိုးဘေးပင် မရောက်ရှိခဲ့ဖူးသည့် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့သည်။
သူ၏ရုပ်ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး သူ၏သွေးချီများက ဆူပွက်နေကာကာ သူ၏လှုပ်ရှားမှုတိုင်းက ကောင်းကင်ကို ဖြိုခွဲနိုင်သော စွမ်းအားများ ပါဝင်နေလေ၏။
ထို့ပြင် အန္တရာယ်ရှိသော အဆင့်တစ်ဆင့်တွင် ကံကြမ္မာ၏ မထင်မှတ်ထားသော တွေ့ဆုံမှုတစ်ခုမှတဆင့် ရှေးဟောင်းစစ်အင်မော်တယ်တစ်ပါး ချန်ထားခဲ့သော အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို သူ ရရှိခဲ့သည်။
ဤသည်မှာ အပိုင်းအစတစ်ခုသာ ဖြစ်သော်လည်း ထိုအရာတွင် မဟာတာအိုသို့ တိုက်ရိုက်ညွှန်ပြသော တိုက်ပွဲဝင်စိတ်ဆန္ဒနှင့် ပြိုင်ဘက်ကင်း အင်မော်တယ် ရှေးဟောင်း တိုက်ပွဲဝင်နည်းစနစ် အများအပြား ပါဝင်နေသည်။ ဤသည်က သူ၏တိုက်ခိုက်ရေးနည်းစနစ်များကို အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခု ပေးစွမ်းခဲ့လေ၏။
ဤကဲ့သို့ လောကကြီးကို တုန်လှုပ်စေမည့် အခွင့်အရေးနှစ်ခုကြောင့် သူ၏စွမ်းအားများသည် အလွန်ကြီးမားသော အပြောင်းအလဲတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် သူသည် ယခင်ကနှင့် မတူညီတော့ချေ။
ယခုအချိန်၌ သူ့ထံ၌ ယုံကြည်မှုအပြည့် ရှိနေပြီး အလွန်ကြီးမားသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ အကယ်၍ သူသာ သူ့ကို အဆုံးမရှိသော အရှက်ရမှုများ ယူဆောင်လာပေးပြီး သူ၏အတွင်းစိတ်နတ်ဆိုး ဖြစ်လာလုနီးပါး ဖြစ်ခဲ့သော စူးချန်ကဲကို နောက်တစ်ကြိမ် ရင်ဆိုင်ရလျှင်ပင် သူထံတွင် တိုက်ခိုက်ရန် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။ သူ၏အတိတ်က အရှက်ရမှုကို ဆေးကြောရန်အတွက် စူးချန်ကဲကို အနိုင်ယူရန်ပင် သူ့ထံ၌ ယုံကြည်မှု ရှိနေသည်။
"စူးချန်ကဲ... မင်း စောင့်နေလိုက်.... ငါ ဖန်ရွှမ် ဆုံးရှုံးခဲ့ရတဲ့ ဂုဏ်သိက္ခာနဲ့ ငါ့ရဲ့ အစစ်အမှန် နဂါးရတနာ ဆေးလုံးကို ငါ့လက်နဲ့ ငါကိုယ်တိုင် ပြန်ယူမယ် "
ဖန်ရွှမ်၏ မျက်လုံးများတွင် စူးရှသော အလင်းရောင် တစ်ခု လင်းလက်သွားပြီး အေးစက်မှုများ လူးလွန့်နေပေ၏။
ရုတ်ချည်းဆိုသလိုပင် သူသည် တခြားအရာတစ်ခုကို စဉ်းစားမိသွားပြီး သူ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။
"သခင်မလေး လီဘက်မှာ ဘယ်လိုအခြေအနေရှိနေလဲ မသိဘူး..."
သူက တိုးညင်းစွာ ရေရွတ်လိုက်ရာ သူ၏လေသံတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခုနှင့် ဖျော့တော့သော တမ်းတမှုတစ်ခု ပါဝင်နေသည်။
သူ ပြောဆိုသော သခင်မလေးလီမှာ ကောင်းကင်ဘုံလူသားမျိုးနွယ်စု၏ နတ်မိမယ် လီမြောင်ယန်ပင်။ သူမ၏အထောက်အထားကို နောက်ပိုင်းမှသာ သူ သိခဲ့ရခြင်း ဖြစ်ပေ၏။
သူမ၏ကံကြမ္မာကောင်းက သူ့ထက်ပင် ပို၍ အံ့အားသင့်ဖွယ်ကောင်းပြီး သူမက ပြိုင်ဘက်ကင်းသော အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။
သူမ၏အရှိန်အဝါသည် နေ့စဉ်နှင့်အမျှ မြင့်တက်နေပြီး ခန့်မှန်း၍မရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။
သူမ ရရှိခဲ့သော အခွင့်အလမ်းများကို လုံးဝချဖျက်ပြီးနောက် တံခါးပိတ်ကျင့်ကြံရာမှ သူမ ပြန်လည်၍ ထွက်ပေါ်လာပါက ကမ္ဘာအသင်္ချေပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာတစ်ခုကို ရယူနိုင်လိမ့်မည်ဟုပင် ဖန်ရွှမ်က ဝိုးတဝါး ခံစားခဲ့ရသည်။
ဤသည်မှာ သူမ၏မျိုးဆက်ကို ငုံ့ကြည့်နိုင်သော စစ်မှန်သည့် အထွတ်အထိပ်တည်ရှိမှုတစ်ခုပင်။
"သူနဲ့ ငါ့ရဲ့လက်ရှိခွန်အား ပေါင်းလိုက်ရင်... ဒီကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေထဲမှာ ပြောပလောက်တဲ့ အန္တရာယ်ဆိုလို့ ဘာမှ မရှိတော့ဘူး"
ဖန်ရွှမ်၏မာန်မာနများ ပို၍ပင် ကြီးထွားလာပြီး သူ၏ ခြေလှမ်းများ ပို၍ပို၍ပေါ့ပါးလာခဲ့သည်။