အခန်း ၄၈၆
Vol. 46 Ch. 486
အခန်း (၄၈၆) ဂိမ်းအသစ် — ငါကအိမ်ပါသမက်လေးလား
နှင်းလမင်းသည် ကျိယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
"တိုက်ခိုက်ရေးအမျိုးအစား နတ်ဘုရားရတနာတစ်ခုက အဲဒီလိုတောင် အစော်ကားခံရလို့ ရလို့လား"
ကျိယွမ်သည် မိမိ၏ အတွေးအခေါ်တွင် ဟာကွက်ရှိသွားသည်ကို သတိပြုမိသဖြင့် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အမြန်ဖြည့်ပြောလိုက်သည်။
"ဒုတိယစည်းမျဉ်း — တခြားဘယ်သက်ရှိတွေမဆို တစ်ယောက်နဲ့တစ်ယောက် မစော်ကားရဘူး"
နှင်းလမင်း၏ အေးစက်သော မျက်ဝန်းများထဲတွင် ရယ်မောလိုသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သို့သော် သူမ၏အကြည့်က ကျိယွမ်ထံမှ ကျယ်ပြောလှသော ကောင်းကင်ယံထံသို့ ရောက်သွားပြီးနောက် အပြုံးများ ပျောက်ကွယ်သွားသည်။
"မင်းက ထိုက်ဟွမ်နန်းတော်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ခဲ့ပြီး လင်းယာအသွင်ပြောင်းလဲခြင်းအစီအစဉ်ကိုလည်း နှောင့်ယှက်ခဲ့တယ်။ ဒါပေမဲ့ လင်းယာအသွင်ပြောင်းလဲခြင်းကတော့ ဘာပဲဖြစ်ဖြစ် ဆက်ဖြစ်နေမှာပဲ။ မင်းအနေနဲ့ တစ်ခုတည်းသောခန်းမကို သတိထားရမယ်။ တကယ်လို့ အခြေအနေက ထိန်းမရတော့ဘူးဆိုရင် မူလသဘောတရားတံခါးထဲကို ဆုတ်ခွာသွားလို့ရတယ်၊ အဲဒီမှာ မင်းအတွက် အသက်ရှင်သန်ဖို့ အခွင့်အရေးအနည်းငယ် ရှိနိုင်လိမ့်မယ်"
"စိတ်မပူပါနဲ့။ ကျွန်တော်က ဘယ်ဥပဒေကိုမှ မချိုးဖောက်ထားလို့ တစ်ခုတည်းသောခန်းမကို မကြောက်ပါဘူး"
ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်၏။
လင်းယာအသွင်ပြောင်းလဲခြင်းနှင့် တစ်ခုတည်းသောခန်းမတို့သည် အမှန်တကယ်ပင် ဖိအားပေးနေသော ပြဿနာများ ဖြစ်သည်။
တစ်ခုတည်းသောခန်းမ၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော မသေမျိုးတာအို၏အလိုဆန္ဒသည် မသေမျိုးလောကတစ်ခွင်တွင် အဆုံးမဲ့သတ်ဖြတ်မှုများကို မီးမွှေလိမ့်မည် ဖြစ်၏။
တစ်ခါတစ်ရံတွင် ရပ်တန့်ချင်လျှင်ပင် ရပ်တန့်ရန်အတွက် ရွေးချယ်ခွင့် မရှိပါ။
သတ်ဖြတ်လိုသောအရှိန်အဝါသည် ကျင့်ကြံသူများအပေါ်သို့ ကျရောက်လာသောအခါ ရွေးချယ်မှုဟူ၍ မရှိတော့ဘဲ ထိုအရှိန်အဝါ၏ ဖမ်းစားမှုမှ လွတ်မြောက်နိုင်ခြင်းလည်း မရှိတော့ပေ။ အတိုင်းအဆမဲ့ လွတ်လပ်မှုကို ရှာဖွေကြသော ယန်နတ်ဘုရားများပင်လျှင် ချည်နှောင်ခြင်းခံရပြီး သတ်ဖြတ်ရန် ဖိအားပေးခြင်း ခံရကြသည်။
"မင်းက သူတို့ကို မကြောက်ဘူးထားပါတော့၊ ဒါပေမဲ့ မင်းဘေးနားက လူတွေကော။ မင်းရဲ့မိသားစုဝင်တွေကော။ မင်းရဲ့ဂိုဏ်းတူညီအစ်ကိုတွေကော"
နှင်းလမင်း၏ အေးစက်သော လေသံထဲတွင် တတ်နိုင်စွမ်းမရှိခြင်းနှင့် ဝမ်းနည်းပူဆွေးမှုများ ရောထွေးနေ၏။
ထိုစကားကြောင့် ကျိယွမ်၏အကြည့်တို့က ကြည်လင်ပြတ်သားလာသည်။
"ဒါဆိုရင် ကျွန်တော်က သူတို့အတွက်နတ်ဘုရားတစ်ပါး ဖြစ်လာရမှာပေါ့"
.............
နေရောင်ခြည်အောက်တွင် ဖြူဖွေးသော ကြွေပြားများ ကပ်ထားပြီး ကျောက်စိမ်းကဲ့သို့ ပြောင်လက်နေသော အမိုးပြားများဖြင့် တန်ဆာဆင်ထားသည့် သုံးထပ်ဗီလာတစ်ခုသည် တောက်ပစွာ တည်ရှိနေ၏။
အိမ်ရှေ့ခြံဝင်းအတွင်း၌ ကြည်လင်သော ဝိညာဉ်ရေစင်များအပြင် ထူးဆန်းသောပန်းပွင့်များနှင့်အပင်များပေါ်တွင်လည်း မြူခိုးငွေ့များ ရစ်ဆိုင်းနေသဖြင့် ၎င်းတို့၏ အရောင်အသွေးများကို ပိုမိုတောက်ပစေသည်။
သို့သော်လည်း ထိုရှုခင်းသည် ၎င်းတို့အားလုံး၏ အလယ်တွင် ဝတ်စုံနီဖြင့် မတ်တပ်ရပ်နေသော ကျင်းလီနှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားရ၏။
"ဒါက ကျိစယ်တောင်ထိပ်က ငါ့နေရာပဲ။ ဘယ်လိုလဲ။ မဆိုးဘူးမလား"
"ဒါက တရားဝင် စတုရန်းမီတာ ၂၂၀ ရှိတယ်၊ ဒါပေမဲ့ တကယ်တမ်း အကျယ်အဝန်းကတော့ ၇၀၀ ကျော်တယ်။ မြေအောက်ခန်းလည်း ပါတယ်၊ စတုရန်းမီတာ ၅၀ ရှိတဲ့ ဝရန်တာနဲ့ စတုရန်းမီတာ ၁၃၀ ရှိတဲ့ ဥယျာဉ်လည်း ရှိတယ်။
"ဒါက ရှန်ကွမ်းဂိုဏ်းရဲ့ ဘေးနားလေးတင်ပဲ၊ ပြီးတော့ သာ့ရှန်းတိုင်းပြည်နဲ့လည်း မိုင်ပေါင်းသောင်းဂဏန်းလောက်ပဲ ဝေးတယ်။ မင်း တစ်ရေးလောက် အိပ်လိုက်ရုံနဲ့တင် ချက်ချင်းရောက်သွားနိုင်တယ်။
"အကောင်းဆုံးနေရာ၊ အကောင်းဆုံး သွားလာရေးနဲ့ အကောင်းဆုံး အလှဆင်မှုပဲ"
ဆဋ္ဌမကောင်းကင်ဘုံ၏ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ကျိယွမ်သည် ကျင်းလီကို ရှန်ကွမ်းဂိုဏ်းရှိ သူ၏ ဗီလာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
ထိုအိမ်ကို လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။၎င်းသည် သက်တောင့်သက်သာရှိသော သုံးထပ်ဗီလာတစ်ခု ဖြစ်သဖြင့် ကျိယွမ် အလွန်သဘောကျမိသည်။
သူသည် လှပသောကျင်းလီကိုလည်း ရင်ခွင်ထဲ၌ ဖက်ထားပြီး ခမ်းနားသောအိမ်ကြီးကလည်း ရှေ့တွင် ရှိနေသဖြင့် သူသည်ဘဝ၏ အောင်နိုင်သူတစ်ဦးကဲ့သို့ ခံစားနေရ၏။
တစ်ခုတည်းသော နောင်တမှာ ထိုနေရာသည် ကျောင်းနယ်မြေတစ်ခု မဟုတ်ခြင်းပင် ဖြစ်သည်။
"တော်တော်လေး ကြည့်ကောင်းတာပဲ"
ကျင်းလီက စူးစမ်းလိုသော မျက်နှာအမူအရာဖြင့် ဗီလာအတွင်းသို့ လှမ်းဝင်ရင်း ပြောလိုက်၏။
သူမသည် ခန့်ညားထည်ဝါပြီး ဆန်းပြားသော အဆောက်အအုံများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ကျိယွမ်၏ အိမ်ကိုတော့ အမှန်တကယ် စိတ်ဝင်တစားနှင့် စိတ်ရှည်လက်ရှည်ကြည့်ရှု့နေသည်။
သူမသည် ဤနေရာတွင် မိမိ၏ အမှတ်အသားများကို ချန်ထားရစ်လိုသည့်အလား နံရံများ၊ လက်ရန်းများနှင့် ကုတင်တို့ကို လိုက်လံထိတွေ့နေ၏။
"ဆရာတူအစ်ကိုကြီး၊ ပြန်ရောက်ပြီလား"
ထိုအခိုက် တက်ကြွသော အသံတစ်ခုက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ခါးတွင် ရွှေရောင်ခါးပတ်စည်းထားပြီး ဝတ်စုံအဝါလေးကို ဝတ်ဆင်ထားသော ကျန်းလင်စုသည် ဗီလာ၏ အောက်ခြေတွင် ပျော်ရွှင်စွာရပ်နေ၏။
ထိုဝတ်စုံသည် သူမ၏ နုထွားပြည့်ဖြိုးသော ခန္ဓာကိုယ်အကွေ့အကောက်များကို ပိုမိုပေါ်လွင်စေပြီး သူမ၏ ဝတ်စုံက ကိုယ်လုံးနှင့် ကပ်နေသဖြင့် ပို၍ပင် စွဲမက်ဖွယ်ကောင်းနေသည်။
သူမသည် အိပ်ရာမှ နိုးကာစဖြစ်သလို ၊ တောင်ပေါ်၌လည်း တစ်ဦးတည်းရှိနေသောကြောင့် ပေါ့ပေါ့ပါးပါးပင် ဝတ်ဆင်ထားသဖြင့် သူမ၏ ညှပ်ရိုးအောက်မှ နက်ရှိုင်းသောနေရာနှင့် ချောမွေ့ဖြူဖွေးသော အသားအရေတို့သည် အထူးပင် မျက်စိကျစရာ ဖြစ်နေ၏။
"အေး၊ ငါပြန်ရောက်ပြီ"
ကျိယွမ်က ပြတင်းပေါက်ကို ဖွင့်ကာ ကျန်းလင်းစုကို ငုံ့ကြည့်ရင်း ပြောလိုက်၏။
သူ့အနေဖြင့် အပေါ်စီးမှ ကြည့်လိုက်သောအခါ… ။
ပျိုးပျိုးပျက်ပျက်အလှတရားအားလုံးကို မြင်လိုက်ရသလိုဖြစ်သွားသည်။
ညီမလေးက တော်တော်လှလာတာပဲ။
သူ၏နှလုံးသားသည် အမျိုးမျိုးသော ခံစားချက်များဖြင့် လှုပ်ခတ်သွားရ၏။
သို့သော်လည်း လူကြီးလူကောင်းတစ်ယောက်အနေဖြင့် ကျိယွမ်သည် အကြည့်ကို အလျင်အမြန်လွှဲလိုက်၏။ အကယ်၍ သူ့၏ညီမလေးက သူ၏ကိုယ်ကျင့်တရားကို ယုံကြည်ပါက သူသည်လည်း သူမကို ပြန်လည်ယုံကြည်ရမည် ဖြစ်သည်။
"ဒါက ကျင်းလီပဲ၊ လနတ်ဘုရားနန်းတော်က လကညာတစ်ဦးပေါ့၊ ပြီးတော့ ငါအရင်က ပြောခဲ့ဖူးတဲ့ ဂိမ်းထဲကအဖော်လည်း ဟုတ်တယ်"
ကျိယွမ်က ကျင်းလီကို ကျန်းလင်းစုနှင့် မိတ်ဆက်ပေးလိုက်သည်။
ကျန်းလင်းစု၏ အကြည့်သည် ကျင်းလီထံသို့ ရွှေ့သွားပြီးနောက် သူမ၏ မျက်ဝန်းများထဲတွင် အံ့ဩမှင်သက်မှုများ ဖြတ်ပြေးသွားပြီးနောက် အံ့အားသင့်သွား၏။
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ယောက်က မိမိငယ်စဉ်က တည်းက သဘောကျလာသောအရုပ်လေးကို လုယူသွားသကဲ့သို့ ထူးဆန်းပြီး ရှင်းပြရခက်သော ခါးသီးမှုကို ခံစားလိုက်ရသည်။
သူမသည် ထိုခံစားချက်ကို အလျင်အမြန်ဖိနှိပ်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်၏။
"ကျန်းလင်းစုက အစ်မကျင်းလီကို နှုတ်ဆက်ပါတယ်။ အစ်မက တကယ်ကို တိုင်းပြည်ပျက်လောက်တဲ့ အလှပိုင်ရှင်ပါပဲ"
ကျန်းလင်စုသည် မိမိ၏ ရုပ်ရည်အပေါ် အလွန်ယုံကြည်မှု ရှိသော်လည်း ကျင်းလီကို မြင်တွေ့ရသောအခါတွင်မူ မိမိကိုယ်ကိုယ် အနည်းငယ် လိုအပ်ချက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
"ညီမလေးကလည်း မြို့တော်ကြီးတောင်ပျက်လောက်တဲ့ အလှမျိုး ရှိတာပဲ"
ကျင်းလီက ကျန်းလင်းစုကို ပြုံးလျက် ကြည့်ရင်း ပြန်လည်တုံ့ပြန်လိုက်၏။
"အစ်မလောက်တော့ မဟုတ်ပါဘူး။ ဆရာတူအစ်ကိုကြီးကို ဒီလောက်အထိ ဖမ်းစားထားနိုင်တာဆိုမှတော့ အစ်မရဲ့ဆွဲဆောင်မှုက တကယ်ကို အနှိုင်းမဲ့ပါတယ်"
ကျန်းလင်စုက စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်သည်။သူမ ပြောပြီးသည်နှင့် ချက်ချင်းပင် နောင်တရသွား၏ ။ထိုစကားက ရွဲ့သလိုလို ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ပြန်တွေးကြည့်ပြီးနောက် သူမ ဂရုမစိုက်တော့ပေ။
ရွဲ့တာဆိုရင်လည်း ရွဲ့တာပေါ့၊ သူမအနေဖြင့် လက်ခံနိုင်ပါသည်။
ကျင်းလီ၏ အကြည့်သည် ကျန်းလင်းစုထံတွင် ခေတ္တမျှ ရပ်တန့်နေပြီးနောက် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။ သူမနှင့် ကျန်းလင်းစုတို့သည် ယဉ်ကျေးသော စကားများကို အပြန်အလှန် ပြောဆိုခဲ့ကြသော်လည်း သူမ၏ လက်ကမူ ကျိယွမ်၏ လက်မောင်းပေါ်တွင် အလွန်ရင်းနှီးစွာတင်ထားပြီး သူမ၏ လက်ချောင်းများဖြင့် ပွတ်သပ်နေကာ သူမ၏နေရာကို တိတ်တဆိတ် ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။
"ဆွဲဆောင်တာလား..တကယ်လို့ ညီမလေးသာ ဆန္ဒရှိမယ်ဆိုရင် ငါ့ထက်တောင် ပိုပြီး ကောင်းကောင်းလုပ်နိုင်မှာပါ"
ကျင်းလီက အလိုက်သင့်ပြန်ပြောလိုက်သော်လည်း ယခုအချိန်တွင် လကညာတစ်ယောက်၏ အေးစက်မှုများ မရှိတော့ဘဲ လောကီဆန်သောဆွဲဆောင်မှုများသာ လွှမ်းမိုးနေ၏။
"ဟေး...မင်းတို့နှစ်ယောက်ကြားမှာ ဘာလို့ ဒီလောက်တောင် တင်းမာနေရတာလဲ။ အရင်က ဆုံဖူးလို့လား၊ ဒါမှမဟုတ် တောင်တစ်တောင်မှာ ကျားနှစ်ကောင် အတူမနေနိုင်တဲ့ သဘောလား"
ကျိယွမ်က သူတို့၏ စကားလုံးများကြားမှ သိမ်မွေ့သော ပဋိပက္ခကို ခံစားမိသဖြင့် စကားဖြတ်လိုက်ရ၏။
"မဟုတ်ပါဘူး"
ကျင်းလီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ကျန်းလင်းစုကမူ တိတ်ဆိတ်နေပြီး အမျိုးသမီးနှစ်ဦးစလုံးက ထိုကိစ္စကို လောလောဆယ် လက်လွှတ်လိုက်ကြပုံရသည်။
"ညီမလေး၊ ခဏနေရင် ငါတို့နဲ့အတူ ညစာစားဖို့ လာခဲ့ဦး။ ငါ ညစာမစားခင် ကျင်းလီကို တောင်ထိပ် လိုက်ပြလိုက်ဦးမယ်"
ကျိယွမ်က ကျန်းလင်းစုကို ဖိတ်ခေါ်လိုက်၏။အကယ်၍ သူတို့နှစ်ဦးကြားတွင် ပွတ်တိုက်မှုများ ရှိနေပါက ထိုအခြေအနေကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းမှာ အတူတူ အချိန်ပိုပေးခြင်းပင် ဖြစ်သည်။
"ကောင်းပြီလေ"
ကျန်းလင်းစုက တောက်ပသော အပြုံးဖြင့် သဘောတူလိုက်သော်လည်း သူမ၏ နှလုံးသားထဲတွင်မူ ခံစားချက်လှိုင်းလုံးများ အနည်းငယ် လှုပ်ခတ်သွားရ၏။
ကျိယွမ်သည် ကျင်းလီ၏ နုနယ်သော လက်ကလေးကို ကိုင်လျက် ကျိစယ်တောင်ထိပ်သို့ လျှောက်ခဲ့ကြသည်။
တောင်ထိပ်တွင် မြူခိုးများကြား၌ ခန့်ညားထည်ဝါသော ခန်းမများနှင့် စင်္ကြံများ ရှိနေ၏။တိမ်တိုက်များသည် အဆောက်အအုံများကို ဝန်းရံလျက် ရစ်ဆိုင်းနေသဖြင့် နတ်ဘုရားဆန်သော အရှိန်အဝါကို ဖန်တီးပေးနေပြီး မြူခိုးများကြားတွင်မူ ခန့်ညားသော နတ်နန်းတော်ကြီးတစ်ခုကတော့ ကွယ်ပျောက်နေသည်။
"ဒါက… ရှေးဟောင်း စီးချောင်သစ်ပင်ပဲ"
ကျင်းလီသည် သစ်ပင်အောက်တွင် ခေတ္တရပ်တန့်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်မှုနှင့် တမ်းတမှုများ ပြည့်နှက်နေ၏။
အတိတ်က အမှတ်တရများသည် သူမ၏ နှလုံးသားထဲသို့ ဒီရေကဲ့သို့ တိုးဝင်လာခဲ့သည်။
"ဒါကို ငါ့ဆရာက ဒီနေရာမှာ ရွှေ့စိုက်ထားတာ။ ဝမ်ယုကုန်းမြေတိုက်ကြီးက သစ်ပင်ထက်စာရင် အများကြီး ငယ်ပါတယ်"
ကျိယွမ်က သူမ၏ ဘေးနားတွင်ရပ်ရင်း တည်ငြိမ်သော်လည်း လွမ်းဆွတ်မှုများ ရောပြွန်းနေသော လေသံဖြင့် ပြောလိုက်၏။
သူ၏လေသံတွင် ဝမ်းနည်းပူဆွေးသောအငွေ့အသက်များ ထင်ဟပ်နေသည်။
ဂိမ်းတစ်ခုစီသည် ဘဝအသေးစားလေးတစ်ခုကဲ့သို့ ဖြစ်ပြီး အောင်ပွဲများနှင့် အတူ နောင်တများဖြင့် ပြည့်နှက်နေသော ထူးခြားသည့် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း သူ သတိပြုမိလိုက်၏။
ဂိမ်းကို မည်မျှပင် ပြီးပြည့်စုံစွာ အဆုံးသတ်နိုင်ခဲ့ပါစေ၊ ချိုမြိန်ခါးသီးသော ခံစားချက်များကတော့ အမြဲတမ်း ကျန်ရစ်နေစမြဲပင်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ယုကုန်းမြေတိုက်ကြီးရှိ သူ့ခရီးစဉ်ကတော့ ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့သည် ။သူသည် ကျင်းလီကို ရှာတွေ့ခဲ့ပြီး ယခုအခါ သူမ၏ လက်ကို မလွတ်တမ်းကိုင်ထားနိုင်ခဲ့လေပြီ။
ဒါပေမဲ့ တခြားဂိမ်းတွေကရော။
ပြီးတော့ ရှေ့ဆက်ရမယ့် ခရီးစဉ်ကရော..။
ကျင်းလီသည် ငေးမောနေသောကျိယွမ်ကို လှည့်ကြည့်လိုက်၏။ သူမ၏အေးစက်တတ်သော မျက်ဝန်းများထဲတွင် ယခုအခါ တမ်းတမှုမီးလျှံများ တောက်ပနေပြီး သူမ၏ ဝတ်စုံနီကဲ့သို့ပင် ပြင်းထန်ပြီး တောက်ပနေသည်။
"အချစ်… ငါ့ကို ..သိမ်းပိုက်ပေးပါလား…"
ခန္ဓာကိုယ်ချင်း နီးကပ်မှုနှင့် စစ်မှန်သော ရင်းနှီးမှုတို့သည်သာ သူမ၏ နှလုံးသားထဲမှ တမ်းတမှုများကို ခေတ္တမျှ သက်သာစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသည့်အလားပင်။
ရှေးဟောင်း စီးချောင်းသစ်ပင်အောက်တွင် ခံစားချက်မုန်တိုင်းများ ငြိမ်သက်သွားပြီး အချိန်များသည်လည်း ရပ်တန့်နေသကဲ့သို့ ဖြစ်သွားတော့သည်။
.............
ချင်းရှန်းလောက၊ နင်ဟဲခရိုင်တွင်ဖြစ်သည်။
မှောင်မိုက်နေသော အခန်းတစ်ခုအတွင်း၌ ဖယောင်းတိုင်တစ်တိုင်၏ လိမ္မော်ရောင်မီးတောက်လေးက အသက်ငင်နေသည့်အလား ဖျော့တော့စွာလှုပ်ခတ်နေပြီး အခန်း၏ ထောင့်တစ်ထောင့်ကိုသာ လင်းစေ၏။ ဖယောင်းတိုင်စာမှ မီးခိုးနက်များ ထွက်ပေါ်နေပြီး မီးအိမ်အုပ်ကို မှိုင်းများ စွန်းထင်အောင် ဆေးခြယ်နေသည်။
ဟွမ်ယန်ရှို့သည် မျက်မှောင်ကြုတ်လျက် ထိုင်နေပြီး သူ့ရှေ့တည့်တည့်တွင် ထိုင်နေသော ပုကွကွနှင့် ထူးဆန်းသော ပုံစံရှိသည့် အဖိုးအိုကို စိုက်ကြည့်နေ၏။
"မင်း သေချာလို့လား၊ ဘာပြဿနာမှ မရှိနိုင်ဘူးလား"
ဟွမ်ယန်ရှို့က မေးလိုက်သည်။
အမြင့် ငါးပေခန့်သာရှိပြီး ကတ်ထူဦးထုပ်ကို ဝတ်ဆင်ထားသော ထိုအဖိုးအို၏ ပုကွကွအသွင်မှာ အလွန်ပင် ရယ်စရာကောင်းနေ၏။
"စိတ်အေးအေးထားပါ၊ သခင်လေးဟွမ်။ ကျွန်တော်ရဲ့ အရူးဂေဟာထဲကို ရောက်လာပြီဆိုရင် အဲဒီကောင်လေး ကျိရှောင် အသက်ရှင်ဖို့ လမ်းမရှိတော့ပါဘူး"
ဤထူးဆန်းသော အဘိုးအိုသည် နင်ဟဲခရိုင်ရှိ အရူးဂေဟာ၏ ညွှန်ကြားရေးမှူး ကျိုးရှောင် ဖြစ်သည်။
နင်ဟဲခရိုင်သည် ကျန်းကျိုးရှိ ကျိနန်စီရင်စုအောက်မှ အခြေချနေထိုင်ရာ ဒေသငယ်လေးတစ်ခု ဖြစ်ပြီး လူဦးရေ ၃၀၀,၀၀၀ ခန့်သာ ရှိ၏။
အရူးဂေဟာသည် နာမည်အရဆိုလျှင် ကမ္ဘာမြေပေါ်ရှိ ခေတ်ဟောင်း စိတ်ကျန်းမာရေးဆေးရုံတစ်ခုနှင့် ဆင်တူသည်။
ကျန်းကျိုးသည် ထူးဆန်းပြီး သဘာဝလွန် သတ္တဝါများ၏ အန္တရာယ်ကို ခံစားနေရပြီး မြို့သူမြို့သားများစွာသည် ထိုထူးဆန်းခြောက်ခြားဖွယ်သတ္တဝါများနှင့် တွေ့ကြုံပြီးနောက် စိတ်ကျန်းမာရေး ချို့ယွင်းကာ အရူးအဖြစ် ဦးတည့်လျှောက်သွားကြပြီး အခြားသူများကို ထိခိုက်နာကျင်စေကြသည်။
ဒေသခံအစိုးရက ထိုသို့သော လူများကို ထိန်းသိမ်းရန်နှင့် အခြားသူများကို အန္တရာယ်မပြုနိုင်စေရန်အတွက် ဤဂေဟာကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထိုဂေဟာသည် စိတ်မနှံသူများကိုသာ ထိန်းသိမ်းထားခြင်း မဟုတ်ဘဲ အချို့သော အချိန်များတွင် စိတ်ကျန်းမာရေး ကောင်းမွန်သူများကိုပါ ပိတ်လှောင်ထားတတ်သည်။
ယနေ့တွင် ဟွမ်ယန်ရှို့သည် ကျိုးရှောင်ထံသို့ လူတစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည် ၊ ထိုသူသည် ဂေဟာတွင် ပိတ်လှောင်ထားရမည့် ပစ်မှတ် ဖြစ်၏။
"အဲဒီ ကျိရှောင်ဆိုတဲ့ကောင်လေးက မိဘလည်း မရှိဘူး၊ အုပ်ထိန်းသူလည်း မရှိဘူး၊ သူ သေမလား ရှင်မလားဆိုတာကို ဘယ်သူမှ ဂရုမစိုက်ဘူး။ ဒါပေမဲ့… သူက မနှစ်က ရှန်မိသားစုထဲကို သားမက်အဖြစ် ဝင်ခဲ့တာ။ တကယ်လို့ ရှန်မိသားစုက လိုက်မေးနေရင် ဘယ်လိုလုပ်မလဲ"
ဟွမ်ယန်ရှို့က အနည်းငယ်တုံ့ဆိုင်းနေ၏။
ရှန်မိသားစုသည် ကျိနန်စီရင်စု၏ အထင်ကရ အထက်တန်းလွှာမျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်ပြီး သူတို့၏ သမီးအကြီးဆုံးသည် ရနံ့တစ်ရာစာရင်းတွင် ပါဝင်သော နာမည်ကျော် အလှပိုင်ရှင်တစ်ဦး ဖြစ်သည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ လွန်ခဲ့သော တစ်လခန့်က ရှန်မိသားစု၏ သမီးအကြီးဆုံးက ရုတ်တရက်အိမ်ထောင်ပြုခဲ့ခြင်းပင် ဖြစ်သည်။
ပို၍အံ့သြစရာကောင်းသည်မှာ သူမ၏ ခင်ပွန်းက နင်ဟဲခရိုင်မှ အလွန်ဆင်းရဲနွမ်းပါးပြီး ဘာမှမဟုတ်သည့် လူတစ်ယောက်ဖြစ်နေခြင်းပင်။
သူသည် ရှန်မိသားစုထဲသို့ အိမ်ပါသားမက်အဖြစ် ဝင်ရောက်ခဲ့၏။
ယခုအခါ၌ ဩဇာအာဏာရှိသော လူတစ်ဦး၏ တိတ်တဆိတ်အမိန့်ကို နာခံလျက် ဟွမ်ယန်ရှို့သည် ထိုသားမက်ဖြစ်သူ ဇာတိမြေသို့ လာရောက်လည်ပတ်စဉ် အဆုံးစီရင်ရန် စီစဉ်နေခြင်းဖြစ်သည်။
ထိုနည်းလမ်းက ကြမ်းတမ်းသော်လည်း ထိရောက်မှု ရှိသည်။
ပထမဦးစွာ သူတို့သည် ထိုလူကို မုဆိုးမတစ်ဦးအပေါ် ရမ္မက်ဆန္ဒရှိသည်ဟု မဟုတ်မမှန် စွပ်စွဲခဲ့ကြပြီး ထူးဆန်းခြောက်ခြားဖွယ်သတ္တဝါတစ်ခု တိုက်ခိုက်ချိန်တွင် ထိုမုဆိုးမ သေဆုံးမှုအတွက် သူ့ကို အပြစ်ပုံချခဲ့ကြသည်။
ထိုသားမက်သည် ဖြစ်ရပ်မှ လွတ်မြောက်ခဲ့သော်လည်း စိတ်ဝေဝါးကာ ရူးသွပ်သွားသဖြင့် အရူးဂေဟာသို့ ချက်ချင်း ပို့ဆောင်ခြင်း ခံခဲ့ရသည်။
ထိုအိမ်ပါသားမက်၏ နာမည်ဂုဏ်သတင်းကလည်း သိသိသာသာဆိုးဝါး၏။ သူသည် အစွမ်းအစမရှိသူ၊ မစွမ်းဆောင်နိုင်သူနှင့် ရမ္မက်ကြီးသူအဖြစ် အမြဲထင်ခံရ၏။ ထို့ကြောင့် သူ့အပေါ် စွပ်စွဲထားသော အကျင့်ပျက်မှုများကိုပင် လူများက အလွယ်တကူ ယုံကြည်ခဲ့ကြသည်။
"စိတ်မပူပါနဲ့။ တစ်လအတွင်းမှာပဲ အရူးဂေဟာမှာ ထူးဆန်းတဲ့ခြောက်ခြားသတ္တဝါတွေ ပေါ်လာလိမ့်မယ်။ သူ သေချာပေါက် သေရမှာပဲ။ ရှန်မိသားစုက လာရောက်စုံစမ်းရင်တောင် အလောင်းပဲ တွေ့ရလိမ့်မယ်"
ကျိုးရှောင်က စဉ်းစားရင်း စားပွဲကို ခေါက်ကာ ခိုင်မာစွာပြောလိုက်၏။
"တစ်လ ဟုတ်လား။ အဲဒါက သိပ်ကြာလွန်းတယ်"
ဟွမ်ယန်ရှို့က စိတ်မရှည်စွာဖြင့် ပြောဆိုကာ ငွေစက္ကူတစ်ရွက်ကို ထုတ်ယူပြီး ကျိုးရှောင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ကျိုးရှောင်၏ မျက်လုံးကျဥ်းများက တောက်ပသွားပြီး လောဘတကြီး ပြုံးလိုက်း၏။
"ပြီးပြီလို့သာ မှတ်လိုက်တော့။ သုံးရက် ပဲ ၊ သူ သုံးရက်ထက် ပိုပြီး အသက်ရှင်မှာ မဟုတ်ဘူး"
ဟွမ်ယန်ရှို့သည် နောက်ဆုံးတွင် စိတ်အေးသွားရသော်လည်း ကျိုးရှောင်အပေါ် ရွံရှာသော အတွေးများ စိတ်ထဲ၌ ဖြတ်ပြေးသွားသည်။
ကျိုးရှောင်သည် လောဘနှင့် အကျင့်ပျက်ခြစားမှုများကို ခုံမင်သော အကျင့်ပျက်အဖိုးအိုတစ်ဦးမျှသာ ဖြစ်၏။
ဂေဟာတွင် ပိတ်လှောင်ထားသော အချို့သော အမျိုးသမီးများသည် ကျိုးရှောင်၏ လက်ချက်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုများကို ခံခဲ့ရပြီး သူတို့၏ ကံဆိုးမှုများကို ကမ္ဘာကမသိအောင် ဖုံးကွယ်ထားသည်ဟု ကောလာဟလများ ရှိခဲ့သည်။
"ဒါနဲ့"
ကျိုးရှောင်၏ လေသံက ရုတ်တရက် ပြောင်းလဲသွား၏။
"အဲဒီကောင်လေးရဲ့ မိဘတွေက ကိရိယာတွေလုပ်တဲ့ ကျွမ်းကျင်သူတွေလို့ မှတ်မိနေတယ်။ သူ့မိသားစုက ဘာကျမ်းညာကျမ်းတွေ ဒါမှမဟုတ် ရှားပါးရတနာတွေ ချန်ထားခဲ့တာများ ရှိလား"
သူ့မျက်လုံးထဲတွင် လောဘရိပ်များ တောက်ပနေ၏။
ကိရိယာကျွမ်းကျင်သူများသည် ဤလောကတွင် မြင့်မားသော အဆင့်အတန်းရှိကြသည်။
၎င်းတို့သည် သဘာဝလွန် သတ္တဝါများကို နှိမ်နင်းနိုင်သော အစွမ်းထက်သည့် ကိရိယာများကို သွန်းလုပ်ရန် ထူးခြားသော စွမ်းရည်များ ရှိကြသည်။
ကျွမ်းကျင်ပါရမီရှင်တစ်ဦး၏ ကိရိယာများသည် တန်ဖိုးမဖြတ်နိုင်သဖြင့် လူတိုင်းက အလိုရှိကြသည်။
ကျိရှောင်အနေဖြင့် ရှန်မိသားစုထဲသို့ သားမက်အဖြစ် ဝင်ရောက်နိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ထိုမိသားစု၏ မျိုးဆက် ဖြစ်နေခြင်းကြောင့်ပင် ။
ထိုအချက်သာ မရှိပါက သူကဲ့သို့ သနားစရာကောင်းသော လူတစ်ယောက်သည် အိမ်ပါသားမက်အဖြစ်ပင် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ပေ။
"သူ့မိဘတွေ သေတာ ကြာလှပြီ။ ဘာတန်ဖိုးရှိတာမှ ချန်မထားခဲ့ဘူး"
ဟွမ်ယန်ရှို့က အလျင်အမြန် ပြန်ဖြေလိုက်သော်လည်း အမှန်တကယ်တော့ အကြွင်းအကျန်မှန်သမျှကို မြင့်မြတ်သော လူတစ်ဦးထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
ထိုမြင့်မြတ်သောလူတွင် ထိုသားမက်ကို ဖယ်ရှားလိုသည့် ကိုယ်ပိုင်အကြောင်းပြချက် ရှိနေ၏။ဖြစ်နိုင်သည်မှာ သူ့အိမ်ထောင်ရေးအပေါ် မနာလိုဖြစ်ခြင်းကြောင့်သော်လည်းကောင်း သို့မဟုတ် မိသားစုအချင်းချင်း အတိတ်က ရန်ငြိုးများကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။
"ဒါဆိုရင် ဘာမှသုံးမရတဲ့ သူတောင်းစားလေးပေါ့"
ကျိုးရှောင်က ခပ်တိုးတိုး ညည်းတွားလိုက်ပြီးနောက် သူ့နှုတ်ခမ်းများက ညစ်ညမ်းသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။
"ဒါနဲ့ ပြောရဦးမယ်၊ မကြာခင်ကပဲ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ သူက ကလေးနို့တိုက်မိခင်ပဲ ၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ တော်တော်လေး ဆွဲဆောင်မှု ရှိတာ။ သခင်လေးဟွမ်၊ စိတ်ဝင်စားလား။ အဲဒါမျိုးက ဆွဲဆောင်မှု တစ်မျိုးရှိတယ်…"
ဟွမ်ယန်ရှို့ တုန်လှုပ်သွားရ၏။
သူသည် အပျော်အပါးကို နှစ်သက်သော်လည်း စိတ်မနှံသူဟု သတ်မှတ်ခံထားရသူများကိုပင် ဖျက်ဆီးသည့် ကျိုးရှောင်ကဲ့သို့ အောက်တန်းကျသူ မဟုတ်ပေ။
"ရပါတယ်၊ ကျေးဇူးပဲ"
ဟွမ်ယန်ရှို့က ပြတ်သားစွာ ပြန်ပြောပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
.........
ရဲ့ရှန်းအိုင် .
ကျန်းကျိုးတွင် အကြီးဆုံးဖြစ်သော ရဲ့ရှန်းအိုင်သည် အဆုံးမရှိ ကျယ်ပြောလှပြီး ယခုအချိန်၌ လှိုင်းကြက်ခွပ်လေးများထနေသော ရေပြင်သည် နေရောင်အောက်တွင် တလက်လက်တောက်ပနေ၏။
ငါးဖမ်းသမား မိသားစုပေါင်း သောင်းဂဏန်းခန့်သည် အသက်မွေးဝမ်း
ကျောင်းအတွက် ဤအိုင်ကြီးကို အမှီပြုနေကြရသည်။
သို့သော်လည်း ရေပြင်သည် ထူးဆန်းစွာ တိတ်ဆိတ်နေပြီး ငါးဖမ်းလှေတစ်စီးမျှပင် မတွေ့ရသလောက် ဖြစ်၏။
ဆိပ်ကမ်းတစ်ခုတွင် ဆန်းပြားစွာဆေးခြယ်ထားသောလှေတစ်စီးသည် သာမန်ငါးဖမ်းလှေများကြားတွင် ထင်ရှားနေသည်။ ၎င်း၏ ဆန်းပြားသော ဒီဇိုင်းအရဆိုလျှင် ချမ်းသာသော အထက်တန်းလွှာ သို့မဟုတ် အရာရှိတစ်ဦး အပန်းဖြေရန် လာရောက်ခြင်း ဖြစ်ကြောင်း ထင်ရှားလေသည်။
ငှက်တစ်ကောင်သည် ဆေးခြယ်ထားသောလှေပေါ်သို့ ရုတ်တရက် ဆင်းသက်လာပြီးနောက် သင်္ဘောခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
မကြာမီအချိန်အတွင်းမှာပင် အထဲမှ ခြေသံများ ထွက်ပေါ်လာသည်။
ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အစွမ်းသတ္တရှိပုံရသော သွယ်လျပြီး လှပသည့် ခြေတံရှည်တစ်စုံက မြင်ကွင်းထဲသို့ ရောက်ရှိလာ၏။
ထိုခြေတံလှလှပိုင်ရှင် အမျိုးသမီးသည် ရေခဲကဲ့သို့ အေးစက်သော အရှိန်အဝါကို ဆောင်ထားသည်။ သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး ရှေ့သို့ လှမ်းလာခဲ့၏။
"သခင်မလေး၊ သခင်မလေးရဲ့ ခင်ပွန်းက… မုဆိုးမတစ်ယောက်ကို ဖျက်ဆီးတယ်လို့ စွပ်စွဲခံရပြီး ထူးဆန်းခြောက်ခြားသတ္တဝါနဲ့ တွေ့ပြီးတော့ အခု အရူးဂေဟာကို အပို့ခံလိုက်ရပါပြီ"
သင်္ဘောခန်း၏ အလယ်တွင် မတ်တပ်ရပ်နေသော အမျိုးသမီးငယ်သည် ခေတ္တမျှ တုန်လှုပ်သွား၏။ သူမသည် ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"သူ့ရဲ့ စရိုက်က တကယ်ပဲ ဒီလောက်တောင် အောက်တန်းကျတာလား"
သူမက အေးစက်စွာမေးလိုက်၏။
သူမသည် ထိုလူနှင့် လက်ထပ်ခဲ့သော်လည်း သူတို့သည် မင်္ဂလာဆောင်သည့်နေ့တွင်ပင် တစ်ကြိမ်ကလေးတောင် မဆုံခဲ့ဖူးပေ။
သူမ သိထားသည်မှာ ကောလာဟလများသာ ဖြစ်၏ ၊ အကျင့်စာရိတ္တ မကောင်းသူ၊ အားနည်းပြီး အသုံးမကျသူဟူ၍ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူက ဒီလိုရာဇဝတ်မှုမျိုးကိုတောင် ပေါ်တင် ကျူးလွန်ဝံ့တာလား။
သူမ၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသည်။
"သခင်မလေး၊ သူက လူအရေခြုံတစ်ယောက်ပဲ။ ကြည့်ကောင်းတဲ့ ရုပ်ရည်ကလွဲရင် ဘာကောင်းကွက်မှ မရှိဘူး"
ခြေတံရှည်ရှည်အစေခံမက ခါးသီးစွာ ညည်းတွားလိုက်၏။
"အိမ်တော်မှာ ရှိတုန်းက ကျွန်မ သူ့နောက်ကို တိတ်တဆိတ် လိုက်ခဲ့ဖူးတယ်။ သူ့မှာ သားမက်တော်လေးဆိုတဲ့ ဘွဲ့ ရှိပေမဲ့ အိမ်တော်ထိန်းက ဆူပူကြိမ်းမောင်းတာကိုတောင် ကြောက်လန့်ပြီး သစ်ရွက်ခြောက်လို တုန်နေတာ။ အိမ်တော်အပြင်ဘက်မှာလည်း သူက အစာငတ်နေတဲ့ အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်လေးကို သူ့လမ်းကနေ ကန်ထုတ်ခဲ့သေးတယ်။ ဒီလို ယုတ်မာတဲ့လူမျိုးက အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တာ သဘာဝပါပဲ"
သူမ၏ စကားလုံးများသည် မြန်ဆန်နေပြီး ဝါကျတိုင်းတွင် ဒေါသများ ပြည့်နှက်နေ၏။
အမျိုးသမီးငယ်သည် နားထောင်ရင်း သူမ၏ စိတ်ပျက်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။
"ဒါက သခင်ကြီးကျိရဲ့မျိုးဆက်ပေါ့ ၊ ဒီလောက်တောင် ရှက်စရာကောင်းတဲ့ မျိုးဆက်ပဲ။ တကယ်လို့ သူသာ ဝိညာဉ်လောကကနေ ဒါကို မြင်နိုင်ရင် သူ့ဝိညာဉ်က…"
သူမသည် စကားကို ရပ်လိုက်ပြီး ခေါင်းကို ခါလိုက်၏။
သခင်ကြီးကျိသည် လေးစားဖွယ်ကောင်းသော ကိရိယာကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ထူးခြားသော စွမ်းရည်နှင့်အတူ သစ္စာတရားကြီးမားသူ ဖြစ်သည်။
သူသည် ထူးဆန်းသော အခြေအနေများအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည် ။ထိုဆုံးရှုံးမှုသည် ဤအမျိုးသမီးငယ် အပါအဝင် လူများစွာ၏ နှလုံးသားထဲတွင် လေးစားမှုကို ဖြစ်ပေါ်စေဆဲပင်။
ဒါပေမဲ့ သူ့ရဲ့ အမွေအနှစ်က ဒီလိုမျိုး မထိုက်တန်တဲ့ မျိုးဆက်ကြောင့် ညိုးနွမ်းပျက်စီးရတာလား...
"နင်ဟဲခရိုင်ကို သွားပြီး သူ့ကို ခေါ်လာခဲ့။ ငါ ဒီကိစ္စရဲ့ အမှန်တရားကို သိချင်တယ်။ အဲဒီမုဆိုးမက တရားမျှတမှုကို ရသင့်တယ်"
သူမက ရေခဲကဲ့သို့ အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့၊ သခင်မလေး"
အစေခံမက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
သို့သော်လည်း သူမသည် ကျယ်ပြောလှသော အိုင်ကြီးကို လှမ်းကြည့်ရင်း မျက်နှာတွင် တုံ့ဆိုင်းရိပ်များ ဖြတ်ပြေးသွား၏။
"ဒီ ရဲရှန်းအိုင်က…"
"စိတ်မပူနဲ့"
အမျိုးသမီးငယ်က သူမကို အာမခံလိုက်ပြီး သူမ၏ လေသံက အေးစက်နေဆဲ ဖြစ်သော်လည်း ဒေါသများ ဖုံးကွယ်နေ၏။
"ငါ သေသေချာချာပြင်ဆင်မှုမရှိဘဲ မဆင်မခြင် မလုပ်ပါဘူး"
သူမ၏ မျက်နှာအမူအရာက မှောင်မိုက်သွားသည်။
"ပြီးတော့ သူ အကွက်ဆင်ခံရတာလားဆိုတာကိုပါ စုံစမ်းဦး။ တကယ်လို့ ဒါက ငါနဲ့ ပတ်သက်မှုကြောင့် သူ့ကို တိုက်ခိုက်တာဆိုရင် ငါ့မှာ တာဝန်ရှိတယ်။
"မုဆိုးမရဲ့ မိသားစုအတွက်ကျတော့ သူတို့ကို သေချာ စောင့်ရှောက်ပေးဖို့ အာမခံလိုက်ပါ"
အစေခံမက ခေါင်းညိတ်လိုက်၏။
"နားလည်ပါပြီ၊ သခင်မလေး"
........
နင်ဟဲခရိုင် ၊ အရူးဂေဟာတွင်ဖြစ်သည်။
ညကောင်းကင်ယံသည် မှောင်မိုက်နေပြီး မှေးမှိန်သော ကြယ်ပွင့်လေးတစ်ချို့က ဟိုနားတစ်ကွက် ဒီနားတစ်ကွက် ကျဲပါးစွာ လင်းလက်နေ၏။
မှောင်မိုက်နေသော အခန်းတစ်ခုအတွင်း၌ ကျိယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
အဝေးတစ်နေရာမှ ဖယောင်းတိုင်၏ ခနော်ခနဲ့အလင်းရောင်မှိန်မှိန်ကြောင့် အမှောင်ထုက သူ့ကို ဝန်းရံထားသကဲ့သို့ဖြစ်နေ၏။
ဖယောင်းတိုင်အနီးတွင် အရိပ်တစ်ခု လှုပ်ရှားနေပြီး ၎င်း၏ ပုံသဏ္ဍာန်က ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းလှသည်။
ဂိမ်း၏ အကြောင်းကြားချက်က သူ့စိတ်ထဲတွင် မြည်လာ၏။
[ ပင်မတာဝန် - လူများအဖြစ် သရုပ်ဆောင်ပါ၊ လူများကို နားလည်ပါ၊ လူများကို ဖန်တီးပါ — ထိုအရာသည် နတ်ဘုရားဖြစ်ခြင်း၏ လမ်းစ ဖြစ်သည် ]
[ ဇာတ်ကောင်အတိုင်းသရုပ်ဆောင်စနစ်ကို စတင်နေပါသည် ]
[ ဤဖြစ်ရပ်အတွက် သတ်မှတ်ထားသော ဇာတ်ကောင်များ - ]
[ဇာတ်ကောင် ၁ - ကျိယွမ်၊ ရှန်မိသားစု၏ အိမ်ပါသားမက်
ဇာတ်ကောင် ၂ - ရှန်လင်၊ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပါ
ဇာတ်ကောင် ၃ - သားလှီးဓားကြီးတစ်လက်
ဇာတ်ကောင် ၄ - ပိတ်ထားပါသည် ]
အချက်အလက်များစွာသည် ကျိယွမ်၏ စိတ်ထဲသို့ တိုးဝင်လာခဲ့ပြီး အခိုက်အတန့်အတွင်းမှာပင် သူသည် ဤဂိမ်းအသစ်နှင့် ၎င်း၏ လုပ်ဆောင်ချက်များကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
"ဒီဇာတ်ကောင်စနစ်က… ငါဂိမ်းထဲကို ချပေးခဲ့တဲ့ သွေးအပေါ်မှာ အခြေခံထားတာလား"
သူက သေချာစဥ်းစားနေမိသည်။
သူသည် မိမိသရုပ်ဆောင်ရန် သတ်မှတ်ခံထားရသော သက်ရှိများသည် ဤဂိမ်းလောကနှင့် ပေါင်းစပ်သွားသော မိမိ၏ ကိုယ်ပိုင်သွေးမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်မိ၏။
ဂိမ်း၏ မစ်ရှင်သည် နတ်ဘုရားဖြစ်ရန် ဆိုသော သူ၏ ရည်မှန်းချက်နှင့် အပြည့်အဝ ကိုက်ညီနေသည်။
နတ်ဘုရားဖြစ်ခြင်း၏ လမ်းစသည် ဖန်တီးခြင်းတွင် ရှိ၏။
ဒါပေမဲ့ ဘာမှနားမလည်ဘဲနဲ့ ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။
ဤဂိမ်းသည် သူ့ကို အမျိုးမျိုးသော သက်ရှိများ၏ ဘဝထဲသို့ဝင်ကြည့်စေရန်၊ သူတို့၏ ရုန်းကန်မှုများကို ခံစားစေရန်နှင့် သူတို့၏ အမှန်တရားများကို သင်ယူစေရန် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။
သို့သော်လည်း မိမိ၏ ကိုယ်ပိုင်သွေးကို ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရမည့် အတွေးက ကျိယွမ်ကို ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်စေ၏။
ပြီးတော့ မေးခွန်းတစ်ခုက ပေါ်ထွက်လာသည်။
"ငါ့သွေးကနေ ဘာလို့ ဒီလိုမျိုး ဘာမှသုံးမရတဲ့ ကျိယွမ်လို လူစားမျိုး ထွက်လာရတာလဲ"
ဤဂိမ်းဗားရှင်းမှ ကျိယွမ်ဆိုသူ၏အမှတ်တရများကို စုပ်ယူပြီးနောက် သူသည် စိတ်ပျက်လွန်း၍ ရိုက်သတ်ချင်စိတ်ပင် ပေါက်သွားတော့သည်။
ဤသူသည် လုံးဝကို အသုံးမကျသောလူ ဖြစ်သည်။
"ဘာပဲပြောပြော ဒါက ငါအောင်မြင်ခဲ့သမျှ အရာအားလုံးဟာ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဆိုတာကို ထပ်ပြီး သက်သေပြလိုက်တာပဲ"
သူ ပထမဆုံး သရုပ်ဆောင်ရမည့် ဇာတ်ကောင်မှာ အိမ်ပါသားမက်ဖြစ်သူ ကျိယွမ် ဖြစ်သည် ။ သူသည် သနားစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသော လူ ဖြစ်၏။
"လူယုတ်မာတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာလား။ အဲဒါက တော်တော်လေး ခက်ခဲလိမ့်မယ်"
ကျိယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့သော်လည်း သူ၏ယခင်ဘဝကြယ်ပြာပေါ်မှ ပြဇာတ်များကြောင့် အိမ်ပါသားမက်တစ်ဦးဖြစ်ရခြင်း၏ အခြေအနေကိုမူ အနည်းငယ် နားလည်နိုင်ပါသည်။
"ယောက္ခမတွေရဲ့ ခြေထောက်ကို ဆေးပေးရတာနဲ့ ပါးရိုက်တာကို ခံရမှာလား။ ကောင်းပြီ၊ အဲဒါက လုပ်လို့ရပါတယ်။ ဒါပေမဲ့ ငါ့ကို ဘယ်သူမှ ပါးလာရိုက်လို့တော့ မရဘူး"
ထို့နောက် သူသည် အခြားဇာတ်ကောင်များကို စစ်ဆေးလိုက်၏။
"ရှန်လင်… အဲဒါ ဘယ်သူလဲ — ဒါမှမဟုတ် ဘာကောင်လဲ"
ကျိယွမ်သည် ပထမဇာတ်ကောင်၏ ရှင်းလင်းသော အမှတ်အသားများကို ရရှိခဲ့သော်လည်း ဒုတိယဇာတ်ကောင်မှာမူ လုံးဝကို လျှို့ဝှက်ချက် ဖြစ်နေဆဲ ဖြစ်သည်။
သူ မှတ်မိနိုင်သည်မှာ အပိုင်းအစများသာ ဖြစ်၏ ။ အလောင်းပုံကြီးများနှင့် အဆုံးမဲ့ ကောင်းကင်ဘုံလျှပ်စီးများ ဖြစ်သည်။
"ရှန်လင်က လူတစ်ယောက်လား။ ဒါမှမဟုတ်… တခြားအရာတစ်ခုလား"
သူသည် ဤဇာတ်ကောင်၏ သဘောသဘာဝကို မခွဲခြားနိုင်သေးသော်လည်း ဂိမ်းတွင် ရှေ့ဆက်သွားသည်နှင့်အမျှ အသေးစိတ်အချက်အလက်များကို သိရှိလာမည် ဖြစ်ကြောင်းတော့ သူ သိ၏။
နောက်ဆုံးတွင် တတိယဇာတ်ကောင်က သူ့ကို လုံးဝကို ဝေခွဲမရ ဖြစ်စေသည်။
"သားလှီးဓားကြီးတစ်လက် ဟုတ်လား။ ဒါက ဘာကြီးလဲ…"
ငါက မီးဖိုချောင်သုံး ဓားတစ်လက်အနေနဲ့ တကယ်ပဲ သရုပ်ဆောင်ရမှာလား။
"ငါ့မှာ ကျိစယ်တောင်ထိပ်ကို စောင့်ရှောက်ဖို့ သားလှီးဓားကြီးတစ်လက် ရှိပြီးသားပဲ။ အခု ငါက အဲဒီလိုမျိုး ဖြစ်ရမှာလား"
ခေါင်းကို ခါလိုက်ရင်း ကျိယွမ်သည် မိမိရောက်ရှိနေသော လောကသစ်ကို အာရုံစိုက်လိုက်၏။
ဤနေရာသည် ဆဋ္ဌမကောင်းကင်ဘုံ၏ အစိတ်အပိုင်း မဟုတ်ပေ။
အထက်ရှိ ကြယ်တာရာကောင်းကင်တွင် ကောင်းကင်ဘုံ၏ အရိပ်အယောင်များ မရှိဘဲ ကြယ်စုတန်းများသည်လည်း သူ ယခင်က မြင်တွေ့ခဲ့ဖူးသည်များနှင့် မတူပေ။
"ဒီနေရာက ကမ္ဘာမြေရဲ့ ရှေးဟောင်းဗားရှင်းနဲ့ ဆင်တူတယ်၊ ဒါပေမဲ့ သဘာဝလွန် အစိတ်အပိုင်းတွေ ပါနေတယ်"
သူက ထိုသို့တွေးလိုက်သည်။
ဤလောကသည် "ဝိညာဉ်မှင်စာများ" ဟု လူသိများသော ဆိုးဝါးသည့် သတ္တဝါများ၏ ဘေးအန္တရာယ်ကို ခံစားနေရပြီး ၎င်းတို့က ဖျက်ဆီးမှုများနှင့် ထိတ်လန့်မှုများကို ဖြန့်ဝေနေကြသည်။
သားမက်တစ်ဦးအနေဖြင့် ကျိယွမ်သည် ထိုမှင်စာများနှင့် တိုက်ရိုက်တွေ့ကြုံဖူးခြင်း မရှိသလောက် ဖြစ်၏။
"ဒီလောကမှာ ဝိညာဉ်စွမ်းအင် မရှိဘူး၊ ကျင့်ကြံခြင်းလည်း မရှိဘူး"
ကျိယွမ်သည် မိမိ၏ နည်းစနစ်များကို အသုံးပြုရန် ကြိုးစားပြီးနောက် သတိပြုမိလိုက်သည်။
"ဒါဆိုရင်လည်း… အတွေ့အကြုံတွေရဖို့အတွက် အရင်ဂိမ်းတွေလို သတ်ဖြတ်ခြင်းကိုပဲ အားကိုးရတော့မှာပေါ့"
ကျိယွမ်သည် မိမိ၏ အခြေအနေနှင့် ဝန်းကျင်ကို အလျင်အမြန်ပင် အကဲဖြတ်လိုက်၏။
ကျင့်ကြံနိုင်ခြင်း သို့မဟုတ် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်ခြင်းတို့ကြောင့် သူသည် ပိုမိုသန်မာလာရန်အတွက် အခြားသော နည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။
သို့သော်လည်း ဤနေရာသည် ကြယ်ပြာ မဟုတ်ပေ ၊ ဤနေရာသည် ထူးဆန်းသော သတ္တဝါများ ပုန်းအောင်းနေပြီး ရှင်သန်မှုအတွက် တိုက်ပွဲများကို ဉာဏ်ပညာနှင့် စွမ်းအားတို့ဖြင့် တိုက်ခိုက်ရမည့် လောကတစ်ခုဖြစ်သည်။
သူသည် ဝေးကွာသောနေရာမှ လှုပ်ခတ်နေသော မီးရောင်တစ်ခုကို သတိထားမိကာ လှမ်းကြည့်လိုက်ရာ ထိုမီးရောင်က အချိန်နှင့်အမျှ ပို၍နီးကပ်လာသကဲ့သို့ ဖြစ်နေသည်။
မှေးမှိန်သော ဖယောင်းတိုင်မီးရောင်ကြားမှ အရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ထင်ရှားလာ၏ ၊ သူသည် ဖြူဖျော့သောအသားအရေနှင့် ထူးဆန်းသော အပြုံးကို ဆောင်ထားသည့် ပုကွကွအဖိုးအိုတစ်ဦး ဖြစ်သည်။
ထိုလူ၏ အသားအရေသည် အသက်အရွယ်အရ ဖြစ်ပေါ်ရမည့် အရေးအကြောင်းများ မရှိဘဲ ပုံမှန်မဟုတ်စွာ ချောမွေ့ပြောင်လက်နေ၏။ သူ့ပုံပန်းသဏ္ဍာန်တစ်ခုလုံးသည် ဆေးခြယ်ထားသော အလောင်းတစ်ခု အသက်ဝင်လာသည့်အလား ခြောက်ခြားဖွယ် ကောင်းနေသည်။
"မင်းက ဒီကုတင်ပေါ်ကလူ ဘယ်ရောက်သွားလဲဆိုတာကို သိချင်နေတာမလား"
ဖြူဖျော့သော မျက်နှာနှင့် အဖိုးအိုက ကျိယွမ်၏ နားထဲသို့ ခြောက်ခြားဖွယ် လေသံဖြင့် ကျောချမ်းစဖွယ်ပြောလိုက်၏။
ကျိယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုအဖိုးအို ပြောနေသည်မှာ မိမိရယူထားသော "ကျိယွမ်" ၏ အမှတ်အသား ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"သူ ဘယ်မှာလဲ"
ကျိယွမ်က ဝန်းကျင်တွင် စိုးရိမ်ဖွယ်ရာများ ရှိနေသော်လည်း တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းလျက် မေးလိုက်၏။
အဖိုးအို၏ အပြုံးက ပိုမိုဆိုးဝါးလာသည်။
"သူ မရှိတော့ဘူး။ မင်းရဲ့ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရပြီ"
အဖိုးအိုက မနာလိုမှုများဖြင့် ပြောလိုက်၏။
ဖယောင်းတိုင်မီးက ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အဖိုးအို၏ အရိပ်ကို နံရံပေါ်တွင် ထူးဆန်းပြီး ကောက်ကွေ့သော ပုံစံများအဖြစ် ထင်ဟပ်စေသည်။
"ငါက သူ့ကို ဝါးမြိုလိုက်တာ၊ ဟုတ်လား"
ကျိယွမ်က အလန့်တကြားပြန်ပြောရင်း မျက်ခုံးပင့်လိုက်သည်။ သူက ပါးစပ်ကို ကမန်းကတမ်းဖွင့်ကာ ခေါင်းကို စောင်းလိုက်၏။
"ဟေး၊ ငါ့သွားတွေကို စစ်ဆေးပေးဦး။ ဘာအစအနတွေ ကျန်နေသေးလဲ"
ဖြူဖျော့သော အဖိုးအိုသည် ကျိယွမ်၏ ပါးစပ်ကို အမှန်တကယ် စစ်ဆေးမည့်အလား ပိုမိုနီးကပ်လာခဲ့သည်။ သူ့မျက်ဝန်းနက်များက ကောက်ကျစ်စွာ တောက်ပနေ၏။
"ဘာအစအနမှ မကျန်တော့ဘူး။ မင်းက သန့်ရှင်းအောင် စားတတ်တာပဲ"
အဖိုးအိုက ခပ်တိုးတိုး ပြောပြီးနောက် ထပ်မံပြုံးလိုက်သည်။
"ဒါပေမဲ့ အခုတော့… အဖိုးရဲ့ ဗိုက်က ဆာနေပြီ။ အဖိုးလည်း ဗိုက်ဆာတယ်"
ကျိယွမ်၏ မျက်လုံးများက ကလယ်ကလယ်ဖြစ်သွားပြီး ထိုပုကွကွအဖိုးအိုအား ကြည့်လိုက်၏။
" တကယ့် အရူးပဲ" ဟု သူ တွေးလိုက်မိသည်။
အဖိုးအိုက ကိုယ်ကိုပြန်မတ်လိုက်ပြီး သူ့လေသံက ရုတ်တရက် ထူးဆန်းစွာ တည်ကြည်သွား၏။
"မင်း ဘယ်သူလဲဆိုတာ ငါသိတယ်"
သူက လျှို့ဝှက်စွာ ပြောလိုက်သည်။
"ခင်ဗျား တကယ် သိလို့လား"
ကျိယွမ်က ပြန်ပြောလိုက်သော်လည်း ဤအရာသည် ရူးသွပ်မှုကြောင့် လျှောက်ပြောနေခြင်းလား သို့မဟုတ် ပိုမိုဆိုးဝါးသော အရာတစ်ခုလားဆိုသည်ကိုတော့ သေချာမသိပေ။
"မင်းက နတ်ဘုရားတစ်ပါးပဲ… ဒီဆိုးဝါးတဲ့ လောကကြီးဆီ ကောင်းချီးတွေ ပေးသနားဖို့ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ နတ်ဒေဝါတစ်ပါးပဲ။ ကယ်တင်ခြင်းကို ပေးမယ့် ကရုဏာရှင် နတ်ဘုရားတစ်ပါးပဲ"
အဖိုးအို၏ မျက်နှာအမူအရာက ထူးဆန်းစွာ ကောက်ကွေ့သွားပြီး သူ့အတွင်းစိတ်ထဲ၌ ထိန်းချုပ်မှုအတွက် တိုက်ပွဲဝင်နေရသည့်အလား ရိုသေမှုနှင့် နာကျင်မှုများ ရောပြွန်းနေ၏။
ကျိယွမ်၏ ထက်မြက်သော မျက်လုံးများက ထိုလူ၏ အရေပြားအောက်တွင် မင်ရည်ကြောများကဲ့သို့ စီးဆင်းနေသော အနက်ရောင် ကြိုးမျှင်များကို မြင်တွေ့လိုက်ရသည်။
ရုတ်တရက် အဖိုးအို၏ မျက်နှာအမူအရာက ထပ်မံပြောင်းလဲသွားပြန်သည်။ သူသည် ပိုမိုနီးကပ်စွာ တိုးလာပြီး တိုးတိုးလေး ပြောလိုက်၏။
"ငါ့ကို မင်းနောက် လိုက်ခွင့်ပြုပါ၊ ကြီးမြတ်လှတဲ့ နတ်ဘုရား။ ငါတို့ အတူတူ ဒီရက်စက်ပြီး ခါးသီးတဲ့ လောကကြီးကို ဖျက်ဆီးပစ်ကြတာပေါ့"
ကျိယွမ် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိ၏။
" ဘာကြီးလဲ"
အဖိုးအို၏ မျက်နှာပေါ်မှ အပြုံးက ပြန်ပေါ်လာပြီး စိတ်မနှံသကဲ့သို့ ခြောက်ခြားဖွယ် ဖြစ်နေသည်။
"အဖိုး ဗိုက်ဆာတယ်။ အဖိုး စားချင်တယ်…"
"ဘာစားချင်တာလဲ ၊ ပေါက်စီလား"
.............