အခန်း ၄၈၇
Vol. 46 Ch. 487
အခန်း (၄၈၇) - ကျိယွမ်၏ဗျူဟာမှူး
ကျိယွမ်သည် ထိုအဖိုးအိုကို စိုက်ကြည့်လိုက်ရာ ဖုံးကွယ်ထားသော အချက်အလက်များက သူ့ရှေ့၌ ပေါ်ထွက်လာ၏။
[ ချန်ခန်းပေါင်၊ အသက် ၆၇ နှစ်၊ လက်မှုပညာရှင်ဟောင်း။ ခန္ဓာကိုယ်အခြေအနေ - အားနည်းသည်။
ခွန်အား - အနည်းငယ်မျှသာ ]
ဖြူဖျော့သောမျက်နှာပိုင်ရှင် အဖိုးအို၏ အမည်မှာ ချန်ခန်းပေါင် ဖြစ်ပြီး သူသည် လက်မှုပညာရှင်ဟောင်းတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။
ကျိယွမ်သည် အံ့အားသင့်သွားရ၏။
"ခင်ဗျားက လက်မှုပညာရှင်တစ်ယောက်လား။ အခုထိ မှော်ကိရိယာတန်ဆာပလာတွေကို သွန်းလုပ်နိုင်သေးလို့လား"
လက်မှုပညာရှင်များသည် ယေဘုယျအားဖြင့် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ကြသည်။ သူတို့ စိတ်ကျန်းမာရေး မကောင်းတော့လျှင်ပင် သူတို့၏ မိသားစုများက အရူးဂေဟာသို့ စွန့်ပစ်မည့်အစား အိမ်၌ပင် ရိုသေစွာဖြင့် သက်ရှိရတနာတစ်ခုကဲ့သို့ ပြုစုစောင့်ရှောက်လေ့ ရှိကြသည်။
ချန်ခန်းပေါင်ကလည်း ငါ့လိုပဲ အကွက်ဆင်ခံရပြီး ဒီအရူးဂေဟာကို မတရားအပို့ခံလိုက်ရတာလားဟု ကျိယွမ်က ခန့်မှန်းလိုက်မိ၏။ သူ ထိုအဖိုးအိုကို ပို၍အကဲဖြတ်ကြည့်သောအခါ သူ၏ ရူးသွပ်မှုဆိုသည်မှာ ပုံမှန်မဟုတ်သော အမူအရာအချို့မျှသာ ဖြစ်ပုံရသည်။
တကယ်လို့ ဒီလိုမျိုးလောက်လေးကို အရူးလို့ သတ်မှတ်မယ်ဆိုရင် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်လို လူစားမျိုးကျတော့ ဘာဖြစ်သွားမလဲဟု ကျိယွမ်က တွေးလိုက်မိသည်။
"နတ်ဘုရားအရှင်သခင်…"
ချန်ခန်းပေါင်သည် စကားပြောရင်း ကိုယ်ကို ကိုင်းညွတ်လိုက်ရာ သူ၏ အားနည်းသော ခန္ဓာကိုယ်က ညှိုးနွမ်းနေသော သစ်ပင်တစ်ပင်နှင့် ဆင်တူနေ၏။
"ကျွန်တော် ဗိုက်ဆာတဲ့အခါကျရင် အရာအားလုံးကို မေ့သွားတတ်လို့ပါ"
ယခုအခါ သူသည် ကျိယွမ်ကို နတ်ဘုရားတစ်ပါးအဖြစ် အမှန်တကယ် ယုံကြည်နေပုံရသည်။
"ငါက နတ်ဘုရားအရှင်သခင် မဟုတ်ပါဘူး"
ကျိယွမ်က ငြင်းလိုက်၏။
ယခုအခါ သူသည် ခရမ်းရောင်နန်းတော် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သဖြင့် နတ်ဘုရားအဖြစ် ခံယူရန် လိုအပ်သော စွမ်းအားနှင့် များစွာ ဝေးကွာနေသေးသည်။
သို့သော်လည်း အဖိုးအိုကမူ ဖြူဖျော့သော မျက်နှာဖြင့် ခြောက်ခြားဖွယ် ရယ်မောလိုက်၏။
"ငါ နားလည်ပါတယ်။ လူ့လောကထဲကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးက သူ့ရဲ့ စွမ်းအားတွေကို သေချာပေါက် ဆုံးရှုံးရမှာပဲ၊ ပြီးတော့ သူ့ရဲ့ အမှတ်အသားကိုလည်း ဖုံးကွယ်ထားရမှာပေါ့
"သခင်"
သူက ဆက်ပြောလိုက်၏။
"သင့်ရဲ့ နှိမ့်ချလှတဲ့ အစေခံက…"
ချန်ခန်းပေါင်သည် သူ၏ လေသံနှင့် အမူအရာကို ပြောင်းလဲလိုက်ပြီး သစ္စာရှိသော နောက်လိုက်တစ်ဦး၏ ဇာတ်ကောင်ထဲသို့ အလေးအနက် လှမ်းဝင်လိုက်သည်။
သို့သော်လည်း ချန်ခန်းပေါင်၏ လည်ပင်းတွင် သွေးကြောများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖောင်းကြွနေပြီး ထိုသွေးကြောများသည် မသိရသော စွမ်းအားတစ်ခုခုကြောင့် ညစ်ထေးနေသကဲ့သို့ ဖြစ်နေသည်ကို ကျိယွမ် သတိပြုမိလိုက်၏။
"မလောပါနဲ့။ ဖြည်းဖြည်းချင်း ပြောပါ"
ကျိယွမ်က သူ့ကို သေချာစောင့်ကြည့်ရင်း ပြောလိုက်သည်။
နောက်ဆုံးတွင် ချန်ခန်းပေါင်သည် သွားများကို ကြိတ်လိုက်ပြီး အားတင်းကာ ပြောချလိုက်တော့၏။
"သင့်ရဲ့ အစေခံက… ဗိုက် အရမ်းဆာနေလို့ပါ"
ကျိယွမ်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် သက်ပြင်းချလိုက်သည်။
"မင်းနာမည် ခန်းပေါင်ဆိုတဲ့အတိုင်း တကယ်ပဲ ဝမ်းဗိုက်ကို အလေးထားတာပဲ။ ကောင်းပြီလေ.. ရပါတယ်။ အမှန်အတိုင်းပြောရရင် ငါလည်း နည်းနည်း ဗိုက်ဆာနေတာဆိုတော့ မီးဖိုချောင်ကို သွားပြီး စားစရာ တစ်ခုခု ရှာကြတာပေါ့"
ကျိယွမ်သည် ပျင်းရိစွာဖြင့် ကိုယ်ကို ဆန့်ထုတ်လိုက်ပြီး အဖိုးအို၏ နောက်သို့ လိုက်ခဲ့တော့သည်။
ယခုအခါ သူသည် ဤဂိမ်းထဲတွင် ရှိနေသဖြင့် သာမန်လူသားတစ်ဦး၏ အားနည်းသော ခန္ဓာကိုယ်အဖြစ်သာ ကန့်သတ်ခံထားရ၏။ သာမန်သန်မာသော လူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူသည် အောင်နိုင်ရန်အတွက် မိမိ၏ အရည်အချင်းများကိုသာ အားကိုးရမည် ဖြစ်သည်။
လက်နက်ကိုင်ထားသူများ သို့မဟုတ် ဝိညာဉ်မှင်စာများကဲ့သို့ သဘာဝလွန် ရန်သူများနှင့် ရင်ဆိုင်ရပါက သူ အနိုင်ရရန် အခွင့်အရေးက လုံးဝ မရှိသလောက်ပင်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ၊ သခင်။ မီးဖိုချောင် ဘယ်မှာလဲဆိုတာ သိပါတယ်"
ချန်ခန်းပေါင်သည် ဝါရင့်သူခိုးတစ်ယောက်အလား ရှေ့ကနေ တိတ်တဆိတ် ဦးဆောင်ရင်း သူ၏ ဇာတ်ကောင်ကို ချက်ချင်း လက်ခံလိုက်သည်။
ညဘက်တွင် အရူးဂေဟာသည် အလွန်ပင် မှောင်မိုက်နေပြီး စင်္ကြံများတစ်လျှောက် ချိတ်ဆွဲထားသော မှေးမှိန်သည့် မီးအိမ်နီအချို့ကြောင့်သာ တစ်ချို့နေရာများ၌ အနည်းငယ် မီးလင်းနေ၏။
ခြောက်ခြားဖွယ် တိတ်ဆိတ်မှုက ဝန်းကျင်ကို ပိုမိုကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်ပေးနေသည့်အလားပင် ။ မီးအိမ်နီများ၏ အနီရောင်အလင်းအောက်မှ ချန်ခန်းပေါင်၏ ဖြူဖျော့သော အသားအရေကြောင့် မသိလျှင် နာမည်ကြီး ထိတ်လန့်စရာ ဇာတ်ကောင်များကိုပင် မှေးမှိန်သွားစေလောက်အောင် ကြောက်စရာကောင်းလှ၏။
သူတို့ လျှောက်နေစဉ်အတွင်း ကျိယွမ်သည် အမှန်တကယ် စိတ်မနှံသော ဂေဟာနေ လူအချို့ကို သတိပြုမိလိုက်သည်။
တစ်ဦးက သစ်ပင်ပေါ်တွင် ဇောက်ထိုးဆွဲလျက် အိပ်ပျော်နေ၏။
နောက်တစ်ဦးကမူ သစ်ပင်ဘေးနားမှ ရေတစ်စက်မှမရှိသော မြေကွက်လပ်တွင် ညသန်းခေါင်ယံအချိန်၌ ငါးမျှားနေသည်။
ဤအရူးဂေဟာတွင် ထူးဆန်းသော လူများစွာ ရှိနေသည်မှာ ထင်ရှားလှ၏။
မကြာမီအချိန်အတွင်းမှာပင် ချန်ခန်းပေါင်သည် ကျိယွမ်ကို မီးဖိုချောင်သို့ ခေါ်ဆောင်လာခဲ့သည်။
ကျိယွမ်က တုံ့ဆိုင်းနေ၏။
"ငါတို့က သူခိုးတွေလိုမျိုး တိတ်တဆိတ် ဝင်ကြမှာလား"
"သခင်၊ ဒီဂေဟာထဲက စားစရာတွေက ကျွန်တော်တို့စားဖို့အတွက်ပဲလေ။ ကျွန်တော်တို့က အချိန်မတိုင်ခင် ကြိုစားလိုက်တဲ့ သဘောပဲ"
ချန်ခန်းပေါင်က သွားရည်များ ကျလျက် ငြင်းခုံလိုက်၏။ထိုအဖိုးအိုသည် အမှန်တကယ်ပင် ဗိုက်ဆာနေကြောင်း သိသာသည်။
"မင်း ပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ"
ကျိယွမ်က ခေါင်းညိတ်လျက် သဘောတူလိုက်၏။
မီးဖိုချောင်တံခါးက သော့ခတ်ထားသော်လည်း ကျိယွမ်လို လူတစ်ယောက်အတွက် ထိုတံခါးကို ဖွင့်ရန်မှာ ကလေးကစားစရာမျှသာ ဖြစ်သည်။
အတွင်းသို့ ရောက်သောအခါ ချန်ခန်းပေါင်သည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ စားစရာများအပေါ်သို့ ချက်ချင်းခုန်အုပ်လိုက်ပြီး ထမင်းအေးများ၊ ပေါက်စီများနှင့် လက်လှမ်းမီသမျှ အရာအားလုံးကို လောဘတကြီး ဝါးမြိုတော့သည်။
ကျိယွမ်ကမူ ဆန်ပြုတ်အနည်းငယ် သောက်ပြီး ပေါက်စီအချို့ကို စားလိုက်ရုံဖြင့် ဗိုက်ပြည့်သွားခဲ့သည်။
ထိုအချိန်တွင် ချန်ခန်းပေါင်သည် အောက်ခြေမရှိသော တွင်းကြီးတစ်ခုကို ဖြည့်တင်းနေသည့်အလား ဆက်လက်၍ အငမ်းမရ စားသောက်နေဆဲပင်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် ကျိယွမ်က သူ့ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ခင်ဗျား ဗိုက်ပြည့်ပြီလား"
ချန်ခန်းပေါင်၏ ဝမ်းဗိုက်သည် ကိုယ်ဝန်ရှိနေသည့်အလား ပူထွက်နေ၏။
"သခင့်နောက်ကို လိုက်ရတာက ကျွန်တော့်ကို ဘယ်တော့မှ ဗိုက်ပြန်မဆာစေတော့ဘူး။ ဟဲဟဲ… ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ ပြည့်ပါသေးတယ်"
အဖိုးအိုက လေတစ်ချက် အကျယ်ကြီး တက်လိုက်ပြီးနောက် ကိုယ်ကို မတ်လိုက်သည်။
"သခင်၊ အခု ကျွန်တော်တို့ စားပြီးပြီဆိုတော့ တကယ့် အလုပ်တွေကို စတင်ကြရအောင်"
သူ့စကားလုံးများက တည်ကြည်နေသော်လည်း သူ၏ ဖြူဖျော့သော မျက်နှာနှင့် ကောက်ကွေ့သော မျက်နှာအမူအရာများက သူ့ကို စစ်ဗျူဟာမှူးတစ်ဦးထက်စာလျှင် စိတ်မနှံသော လူပြက်တစ်ဦးနှင့် ပိုမိုတူညီစေသည်။
"မင်းပြောတာ မှန်တယ်။ ငါက သားမက်တစ်ယောက်၊ သားလှီးဓားကြီးတစ်လက် ပြီးတော့… 'နတ်ဘုရားဆင်းသက်ခြင်း' ရှန်လင်ဆိုတဲ့ ဇာတ်ကောင်တွေကို သေချာ သရုပ်ဆောင်ရမယ်"
သားမက်နှင့် သားလှီးဓားကြီးအဖြစ် သရုပ်ဆောင်ရန်မှာ ရှင်းလင်းပုံရသော်လည်း "နတ်ဘုရားဆင်းသက်ခြင်း" သို့မဟုတ် ရှန်လင်ဟူသော ဇာတ်ကောင်ကိုမူ မည်သို့ချဉ်းကပ်ရမည်ကို ကျိယွမ် လုံးဝ မသိသေးပေ။
လောလောဆယ်တွင် သူ၏ ဦးစားပေးမှာ ကျိအန်စီရင်စုသို့ ပြန်ရန် ဖြစ်သည်။
သို့သော်လည်း သူ၏ လက်ရှိဒုက္ခဖြစ်သော မုဆိုးမလျှိုကို "ဖျက်ဆီးသည်" ဟု အကွက်ဆင်ခံရပြီး အရူးဂေဟာသို့ အပို့ခံရခြင်းက ပိုမိုကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုကို ညွှန်ပြနေ၏။
သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။
ကျိယွမ်သည် တွေးတောရင်း ခေါင်းကိုက်လာသဖြင့် ချန်ခန်းပေါင်ဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"အဖိုးကြီး၊ ခင်ဗျား ဉာဏ်ကောင်းလား"
ချန်ခန်းပေါင်က သူ့ဝမ်းဗိုက်ကို ချက်ချင်းပွတ်သပ်ရင်း ပြန်ဖြေလိုက်၏။
"ကျွန်တော် ဗိုက်ပြည့်တဲ့အခါကျရင် ဉာဏ်ကောင်းပါတယ်"
"ကောင်းပြီ၊ ဒါဆို ကျုပ် ခင်ဗျား ကို စမ်းသပ်ကြည့်မယ်။ ၉၇ အမြှောက် ၉၇ က ဘယ်လောက်လဲ"
"၉၄၀၉"
ချန်ခန်းပေါင်က တွေးတောင်မတွေးဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ကျိယွမ်၏ မျက်န်းများက တောက်ပသွား၏။
"တကယ့် ပါရမီရှင်ပဲ။ အဖိုးကြီး၊ ခင်ျဗျားရဲ့ ဦးနှောက်စွမ်းရည်က တော်တော်လေး အထင်ကြီးစရာ ကောင်းတာပဲ
"ဒီလိုမျိုး မေးခွန်းက ကြယ်ပြာပေါ်က သာမန် ကောလိပ်ကျောင်းသားတစ်ယောက်ကိုတောင် ဝေခွဲမရ ဖြစ်စေနိုင်တယ်။ တကယ်လို့ ကျူးကော့လျန်မှာ ခင်ဗျားလို ကျောင်းသားတစ်သန်းလောက်သာ ရှိခဲ့မယ်ဆိုရင် သူက မြောက်ပိုင်းကို အနိုင်ယူတာ ကြာလှပြီ
"ခင်ဗျားက ကောလိပ်ဘွဲ့ရတစ်ယောက်ထက်တောင် ဉာဏ်ကောင်းသေးတယ်။ ခင်ဗျားရဲ့ စိတ်က တန်ဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုပဲ။ ကျုပ်ရဲ့ ဗျူဟာမှူး ဖြစ်ချင်လား"
ချန်ခန်းပေါင်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။
"စားစရာတွေ ရှိမယ်ဆိုရင်တော့ လုပ်မှာပေါ့"
"သဘောတူပြီ"
ကျိယွမ်က သဘောတူလိုက်ပြီးထူးဆန်းသော ဂိမ်းထဲတွင် အသင်းဖော်တစ်ဦးကို ရှာတွေ့ခဲ့သဖြင့် စိတ်သက်သာရာရသွားသည်။
သူတို့ စီစဉ်နေကြစဉ်အတွင်း ကျိယွမ်သည် ချန်ခန်းပေါင်၏ ထူးဆန်းသော ဟာသဉာဏ်ကို သတိပြုမိပြန်၏။
အဖိုးအိုက ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။
"သခင်၊ သခင့်ရဲ့ ငှက်ကို ဘယ်ဘက်မှာ ထားတာလဲ — ဘယ်လား ညာလား"
"ဘာငှက်လဲ"
ကျိယွမ် ရုတ်တရက် ဝေခွဲမရ ဖြစ်သွားရသည်။
ထို့နောက်တွင်မှ ထိုအဖိုးအိုက မိမိ၏ ဘောင်းဘီခွကြားဆီသို့ လှမ်းကြည့်နေသည်ကို သူ သတိပြုမိလိုက်၏။
ချန်ခန်းပေါင် ရည်ညွှန်းနေသည့်အရာကို ကျိယွမ် နားလည်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
"သခင်"
ချန်ခန်းပေါင်က ရှင်းပြလိုက်၏။
"ကျွန်တော်က သခင့်ရဲ့ စစ်ဗျူဟာမှူးပဲ၊ ပြီးတော့ သခင်က ကျွန်တော့်ရဲ့ အရှင်သခင်ပေါ့။ မြင်ကွင်းအရ ကြည့်ကောင်းအောင်လို့ သခင့်ရဲ့ ငှက်က ငါ့ငှက်နဲ့ တစ်ဖက်တည်းမှာ ရှိနေလို့ မရဘူး"
ကျိယွမ် စကားမဲ့သွားတော့သည်။
"…ငါတို့က အဲဒီလို အရာတွေကို စိတ်ပူနေဖို့ မလိုပါဘူး"
ကျိယွမ်က စိတ်ပျက်စွာဖြင့် ပြန်ဖြေလိုက်၏။
ခဏအကြာတွင် သူက ထပ်မံဖြည့်စွက်လိုက်၏။
"ပြီးတော့ နောက်ဆိုရင် ခင်ဗျားရဲ့ စကားတွေကို ပိုပြီး သင့်တော်အောင် ထိန်းပြောဦး။ ခင်ဗျားက ကျုပ်ရဲ့ စစ်ဗျူဟာမှူးနော်၊ လူပြက် မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ၊ သခင်။ နားလည်ပါပြီ"
ချန်ခန်းပေါင်က ကိုယ်ကို မတ်လိုက်ပြီး သူ၏ အမူအရာက ပိုမိုတည်ကြည်လာခဲ့သည်။
"အခုလိုမျိုး မြင့်မြတ်တဲ့ ဂုဏ်ဒြပ်ကို ကျွန်တော့်အပေါ် ယုံကြည်ပေးအပ်တဲ့အတွက် သခင့်ရဲ့ ယုံကြည်မှုကို ပြန်ဆပ်ရမယ်"
"လောလောဆယ်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးက ဒီအရူးဂေဟာမှာ ပိတ်မိနေတာ။ ဒီကနေ ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ညွှန်ကြားရေးမှူးကို သတ်ပစ်ဖို့ပဲ။ အဲဒီအဖိုးအိုက သူ့ရဲ့ ပုပ်ပွနေတဲ့ ဦးရေပြားလိုပဲ ယုတ်မာပုပ်ပွနေတာ"
ညွှန်ကြားရေးမှူးအကြောင်းကို ပြောသောအခါ ချန်ခန်းပေါင်၏ လေသံထဲတွင် မုန်းတီးမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
"ကောင်းပြီ၊ ဆက်ပြော..ကျုပ်နားထောင်နေတယ်"
ကျိယွမ်က အတွေးအခေါ်ပိုင်းကို လွှဲပြောင်းပေးရန် ပြင်ဆင်လျက် ပြောလိုက်သည်။
"သခင့်ရဲ့ စစ်ဗျူဟာမှူးအနေနဲ့ ကျွန်တော်က အသေးစိတ် အစီအစဉ်တစ်ခုကို ဆွဲထားပြီးသားပါ"
ချန်ခန်းပေါင်၏ အဆင့်သုံးဆင့် အစီအစဉ် ။
ခွေးကို မျှားထုတ်ခြင်း - အရိုးတစ်ရိုးကို အသုံးပြုပြီး ချန်ခန်းပေါင်က ညွှန်ကြားရေးမှူး၏ ကြောက်မက်ဖွယ် သားရဲကို လမ်းလွှဲလိမ့်မည် ဖြစ်၏။ ထိုသားရဲမှာ လူကြီးတစ်ယောက်ကို တစ်လုပ်တည်းဖြင့် ဝါးမြိုခဲ့ဖူးသည်ဟု ဆိုကြသော အမည်းနှင့် အဖြူရောင်ရှိသည့် မျိုးဗီဇပြောင်းခွေး ဖြစ်သည်။
ညွှန်ကြားရေးမှူးကို လုပ်ကြံခြင်း - ကျိယွမ်က ညွှန်ကြားရေးမှူး၏ အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ သူ့ကို သတ်ပြီး သားရဲထိန်းချုပ်တံဆိပ်ပြားကို လုယူရမည် ဖြစ်သည်။
ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခြင်း - သားရဲထိန်းချုပ်တံဆိပ်ပြားကို အသုံးပြုပြီး သူတို့သည် အကွက်ဆင်ခဲ့သော နောက်ကွယ်မှ လက်မည်းကို ရှာဖွေကာ ကလဲ့စားချေရမည် ဖြစ်သည်။
"ဒီအစီအစဉ်က… တကယ်ကို ပြောင်မြောက်တာပဲ"
ကျိယွမ်က ထိုအဖိုးအို၏ ဉာဏ်ပညာကို အထင်ကြီးသွားသဖြင့် ချီးကျူးလိုက်၏။
သို့သော်လည်း ချန်ခန်းပေါင်ကမူ အနည်းငယ် ဝေခွဲမရ ဖြစ်နေပုံရသည်။
"မြောင် မြောင် မြောင်"
သူသည် မိမိသခင့်၏ တကယ့်ပုံစံက နတ်ဘုရားကြောင်တစ်ကောင်များ ဖြစ်နေမလားဟု တိတ်တဆိတ် တွေးတောနေသော်လည်း ထိုအတွေးကို စိတ်ထဲ၌သာ သိမ်းဆည်းထားလိုက်သည်။
ထိုညတွင် သူတို့သည် ကျိယွမ်၏ "လေ့ကျင့်ရေးအစီအစဉ်" ကို စတင်ခဲ့ကြ၏။ သူသည် မီးအိမ်တစ်လုံးကို ကိုင်ဆောင်လျက် ခြင်များစွာ ပျံသန်းနေသော အရူးဂေဟာ၏ ရေကန်ဘေးမှရွှံ့နွံထူထပ်သော ကမ်းစပ်သို့ လှမ်းဝင်ခဲ့သည်။
သူသည် မြောက်မြားစွာသော ခြင်ကောင်များကို တစ်ဖြောင်းဖြောင်း ရိုက်သတ်ပြီးနောက် သေးငယ်သော်လည်း တည်ငြိမ်သော အတွေ့အကြုံရမှတ်များကို ရရှိခဲ့၏။
မိုးလင်းသောအခါ ကျိယွမ်သည် အဆင့် ၂ သို့ အဆင့်တက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ခွန်အားကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
"သခင်၊ ကျွန်တော်တို့ အခု အစီအစဉ်ကို စတင်ကြတော့မလား"
ချန်ခန်းပေါင်က စတင်လှုပ်ရှားရန် စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။
ထိုအခိုက်အတန့်တွင် လှောင်ပြောင်သော အသံတစ်ခုက သူတို့၏ စကားကို ဖြတ်လိုက်သည်။
"ငါ့ကို သတ်ဖို့ ကြံစည်နေကြတဲ့ အရူးနှစ်ယောက်ပါလား။ တော်တော်လေး ရယ်စရာကောင်းတာပဲ"
ကျိယွမ် လှမ်းကြည့်လိုက်သောအခါ ကြီးမားသော မျိုးဗီဇပြောင်းခွေးကြီးတစ်ကောင်ကို ဦးဆောင်လာသည့် ညွှန်ကြားရေးမှူးအဘိုးအိုကို တွေ့လိုက်ရ၏။
ထိုခွေးကြီးသည် အလွန်ပင် ကြီးမားလှပြီး လူငယ်လေးတစ်ယောက်၏ အရပ်လောက်အထိ မြင့်မားကာ ၎င်း၏ အမည်းနှင့် အဖြူရောင် အမွေးများသည် ညစ်ပတ်ပေရေနေ၏။
၎င်း၏ မျက်ဝန်းများက သွေးဆာနေသော အရိပ်အယောင်များဖြင့် တောက်ပနေပြီး ၎င်း၏ ကြီးမားပြီး အနံ့ဆိုးထွက်နေသော လျှာကြီးက ပါးစပ်အပြင်သို့ တွဲလောင်းကြီးထွက်ပေါ်နေသည်။
ဒီခွေးကြီးက… တကယ့်ကို ပြဿနာကြီးတစ်ခုပဲ။
(အပိုင်းများတိုနေခြင်းမှာ ဘာသာပြန်သူတည်းဖြတ်ထားခြင်း မဟုတ်ပါ ၊ မူရင်းအတိုင်းသာ ဖြစ်ပါသည်)
...........