အခန်း ၄၉၁
Vol. 46 Ch. 491
အခန်း ၄၉၁ - အဆုံးမဲ့အသွင်ပြောင်းလဲခြင်း
ကျိုးဟုသည် ဟွမ်မိသားစုအိမ်တော်မှ ထွက်ခွာလာခဲ့ပြီး သူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုရိပ်များ ဖုံးလွှမ်းနေဆဲဖြစ်၏။
"ဘယ်လိုသဘောရလဲ ၊ ဟွမ်မိသားစုရဲ့ သခင်လေးသေဆုံးမှုက အဲဒီကျိယွမ်နဲ့ ပတ်သက်နေမယ် ထင်လား"
သူက ဘေးတွင်အတူလျှောက်သော ရဲမက်အား စဉ်းစားနေဟန်ဖြင့် မေးလိုက်သည်။ အရူးဂေဟာညွှန်ကြားရေးမှူးနှင့် ဟွမ်ယန်ရှို့တို့၏ သေဆုံးမှုများသည် ဆက်စပ်မှုရှိနေကြောင်း သိရန် အလွန်လွယ်ကူလှ၏။
"ဖြစ်နိုင်ပါတယ်"
ရဲမက်ကလည်း ဝါးတားတားပြန်ဖြေသည်။ ထိုအချိန်တွင် ပုပြတ်ပြီး သန်မာထွားကျိုင်းသော သက်လတ်ပိုင်းရဲမက်တစ်ဦး အပြေးအလွှား ရောက်ရှိလာ၏။
"ဆရာ...ကျိယွမ်ဆိုတဲ့သူက အရူးဂေဟာကနေ ပျောက်သွားပြီဗျ"
"သူနဲ့ တကယ်ပတ်သက်နေတာပဲ"
ကျိုးဟုသည် မျက်မှောင်ကုတ်လျက် တီးတိုးရေရွတ်ပြီးနောက် ခေါင်းကိုခါယမ်းလိုက်သည်။
"နင်ဟဲခရိုင်ကို ရှန်မိသားစုက စေလွှတ်လိုက်တဲ့သူက ဘယ်လိုအဆင့်ရှိမလဲ သိချင်တယ်"
ကျိုးဟုအနေဖြင့် ရှန်မိသားစုသည် ရွှမ်အဆင့်လက်နက်သခင်တစ်ဦးကို စေလွှတ်ခဲ့ရန်သာ မျှော်လင့်နိုင်၏။ သို့သော် လက်တွေ့တွင်မူ ဤအရာသည် မဖြစ်နိုင်သလောက်ပင်။ ရှန်မိသားစုသည် ဂုဏ်သရေရှိမျိုးနွယ်စု ဖြစ်သော်လည်း နင်ဟဲခရိုင်ကဲ့သို့ ဝေးလံခေါင်ဖျားသော အရပ်ဒေသရှိ အသေးအဖွဲကိစ္စတစ်ခုအတွက် ရွှမ်အဆင့်လက်နက်သခင်တစ်ဦးကို စေလွှတ်ရန် ခဲယဉ်းလှသည်။
ရွှမ်အဆင့်လက်နက်သခင်တစ်ဦးသည် တစ်ကိုယ်တော်စစ်တပ်တစ်ခုကဲ့သို့ပင်။ ကျားကဲ့သို့ ထက်မြက်ပြီး ဆင်ကဲ့သို့ တားဆီး၍မရနိုင်ဘဲ နဂါးကဲ့သို့ နတ်ဘုရားဆန်လှသည်။ ထိုသို့သောသခင်သည် လေးလံသောသံချပ်ကာဝတ်စစ်သည်များ ရာနှင့်ချီ၍ စစ်ကြောင်းဖြန့်ထားသည်ကိုပင် တစ်ဦးတည်းဖြင့် ထိုးဖောက်ဖျက်ဆီးပစ်နိုင်၏။
ထိုမျှကြောက်မက်ဖွယ်ကောင်းသော လက်နက်သည် ဤနေရာသို့ အဘယ်ကြောင့် လာရောက်ပါမည်နည်း။
ကျိယွမ်သည် ထိုမျှအထိ မထိုက်တန်ပါပေ။ တီအဆင့်လက်နက်သခင်များမှာမူ ပိုမိုကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတို့ထဲမှတစ်ဦးတည်းဖြင့်ပင် အသေးစားစစ်ပွဲများ၏ ရလဒ်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိကြသည်။
ထိုအချိန်တွက် တည်းခိုခန်း၌ ကျိယွမ်သည် ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူနှင့် ချန်ခန်းပေါင်တို့သည် သတ်ဖြတ်ရန် ဝိညာဥ်မှင်စာများကို ရှာဖွေရင်း နင်ဟဲခရိုင်တစ်ခုလုံးကို အနှံ့အပြား မွှေနှောက်ခဲ့ကြသည်။ နောက်ဆုံးတွင် သူသည် အဆင့် ၃၀ သို့ ရောက်ရှိခဲ့လေပြီ။
"ငါ ခံစားရတာ... တစ်မျိုးပဲ။ အခြေတည်အဆင့်နဲ့ တူညီတဲ့အခြေအနေကို ရောက်သွားတာနဲ့ တူပေမယ့် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက မသေမျိုးလောကရဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေနဲ့ မတူသလိုပဲ"
"ဒီလောကရဲ့ စည်းမျဉ်းတွေက ကွဲပြားနေလို့များလား"
ကျိယွမ်သည် ထိုကိစ္စကို တွေးလိုက်သော်လည်း မကြာမီပင် သူ၏အတွေးကို ဖျောက်ဖျက်ပစ်လိုက်၏။
"ငါ့မှာ သင့်တော်တဲ့ နှိုင်းယှဉ်စရာ ပုံစံမရှိဘူး"
သူက ထိုသို့သာ ဆင်ခြင်လိုက်မိသည်။
"ဒီလောကရဲ့ စွမ်းအားစနစ်အရဆိုရင် အခု ငါက ဟွမ်အဆင့်လက်နက်သခင်တစ်ယောက် ဖြစ်ဖို့ အရည်အချင်းပြည့်မီလောက်ပြီ"
ကျိယွမ်သည် အနီးစပ်ဆုံး ခန့်မှန်းလိုက်သည်။ နင်ဟဲခရိုင်တွင် အားနည်းသော လက်နက်သခင်အချို့ ရှိနေပြီး ကျိယွမ်သည် ၎င်းတို့ကို အရင်က တိတ်တဆိတ် စောင့်ကြည့်ခဲ့ဖူး၏။ ၎င်းတို့၏ စွမ်းဆောင်ရည်ပေါ်မူတည်၍ တိုက်ခိုက်ရေးအတွေ့အကြုံများကို ထည့်မတွက်ဘဲ ခန့်မှန်းရလျှင် အဆင့် ၁ မှ ၂၉ အထိသည် ဖန်အဆင့်လက်နက်သခင်များနှင့် တူညီလှသည်။ အဆင့် ၃၀ မှ ၅၉ အထိသည် ဟွမ်အဆင့်လက်နက်သခင်များနှင့် ကိုက်ညီသည်ဟု ၎င်းက ယူဆ၏။ အဆင့် ၃၀ တိုင်းသည် အဓိကအဆင့်တစ်ခုကို ကိုယ်စားပြုပုံရပြီး ဆယ်ဆင့်တိုင်းသည် အဆင့်တစ်ခုစီ၏ အစောပိုင်း၊ အလယ်ပိုင်းနှင့် နောက်ပိုင်းအဆင့်များကို သတ်မှတ်ခြင်း ဖြစ်သည်။
"ဒါပေမဲ့ ဒီတစ်ကြိမ်တည်းနဲ့ အဓိကစွမ်းရည်တစ်ခု နိုးထလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
ဝမ်ယုကုန်းမြေတိုက်ကြီးတွင် ကျိယွမ်သည် ဆယ်ဆင့်တိုင်း၌ အသေးစားစွမ်းရည်များကို ရရှိခဲ့ပြီး အဆင့်သုံးဆယ်တိုင်းတွင် အဓိကစွမ်းရည်တစ်ခု ရရှိခဲ့၏။ ၎င်းတို့တွင် လွှမ်းမိုးနိုင်သောခွန်အား၊ ကောင်းကင်ပိုင်းဖြတ် ဓားခုတ်ချက်နှင့် သေခြင်းအလင်းရောင်စသည့် စွမ်းရည်များ ပါဝင်သည်။ ဤနေရာတွင်မူ အသေးစားစွမ်းရည်တစ်ခုမျှ နိုးထလာခြင်း မရှိပေ။ သို့သော်လည်း အဆင့် ၃၀ သို့ ရောက်ရှိသောအခါ အဓိကစွမ်းရည်တစ်ခုဖြစ်သော လွှမ်းမိုးနိုင်သောခွန်အားသည် ပြန်လည်ရောက်ရှိလာခဲ့သည်။
ထို့အပြင် ကျိယွမ်သည် စွမ်းရည်အသစ်တစ်ခုကိုလည်း နိုးထစေခဲ့၏။
[အဆုံးမဲ့အသွင်ပြောင်းလဲခြင်း]
နာမည်အတိုင်းပင် ၎င်းသည် အသွင်ပြောင်းလဲနိုင်စွမ်း ဖြစ်သည်။ ၎င်းကို အသုံးပြုခြင်းဖြင့် ကျိယွမ်သည် မသေမျိုးလောကကျင့်ကြံသူများကဲ့သို့ မည်သည့်အရာအဖြစ်မဆို ပြောင်းလဲနိုင်၏။ သူသည် သာမန်မြက်ပင်လေးတစ်ပင် ဖြစ်သွားနိုင်သည်။ ဤစွမ်းရည်သည် အဆင့်မြင့်ကျင့်ကြံသူများ က စိတ်ကြိုက်အသွင်ပြောင်းနိုင်သော မသေမျိုးလောကတွင် သာမန်မျှသာဟု ထင်ရသော်လည်း ဤကမ္ဘာ၌မူ ထူးခြားဆန်းပြားလှသည်။
"အရင်ကျိယွမ်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီလောကက တီအဆင့်လက်နက်သခင်တွေတောင် သူတို့ရဲ့ ရုပ်သွင်ကို ပြောင်းလဲတာ ဒါမှမဟုတ် အရိုးတွေကို ပြန်လည်ဖွဲ့စည်းတာပဲ လုပ်နိုင်ကြတာ"
"ဒါပေမဲ့ အဆုံးမဲ့အသွင်ပြောင်းလဲခြင်းနဲ့ဆိုရင် လုံလောက်တဲ့ စွမ်းအားရှိသရွေ့ ငါက ဘာမဆို တကယ်ဖြစ်သွားနိုင်တယ်"
ဤလောကတွင် ရွှမ်အဆင့်လက်နက်သခင်များသည် အဖွဲ့အစည်းတစ်ခု၏ အထူးအင်အားစုများ ဖြစ်ကြသည်။
တီအဆင့်လက်နက်သခင်များသည် ဒေသတွင်းအုပ်စိုးသူများ ဖြစ်ကြသည်။
နင်နိုင်ငံသည် အားနည်းလှပြီး ပြည်နယ်သုံးခုကိုသာ ထိန်းချုပ်ထားနိုင်၏။ ပြည်နယ်တစ်ခုစီတွင် စီရင်စုခုနစ်ခုခန့် ရှိသည်။ ကျီနင်စီရင်စုသည် ကျန်းပြည်နယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခုအခါ ထိုပြည်နယ်တွင် စီရင်စုသုံးခုသာ ကျန်ရှိတော့သည်။ အခြားစီရင်စုများကို မော့ရှန်နိုင်ငံသို့ ပေးအပ်ခဲ့ရ၏။ နင်တော်ဝင်မိသားစု၏ ဆုတ်ယုတ်နေသောစွမ်းအားကြောင့် ၎င်းတို့သည် နှစ်ပေါင်းများစွာအတွင်း ထျန်အဆင့်လက်နက်သခင်တစ်ဦးမျှ ပေါ်ထွက်အောင် မစွမ်းဆောင်နိုင်ခဲ့သဖြင့် အားကောင်းသော အထက်တန်းလွှာမျိုးနွယ်စုများနှင့် ဂိုဏ်းများကို နှိပ်ကွပ်နိုင်ခြင်း မရှိတော့ပေ။
တီအဆင့်လက်နက်သခင်တစ်ဦး ပိုင်ဆိုင်ထားသော မည်သည့်မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းမဆို နင်နိုင်ငံတွင် အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး တော်ဝင်မိသားစုကိုပင် သတိကြီးစွာဖြင့် စိန်ခေါ်နိုင်စွမ်း ရှိကြသည်။ ကျီနင်စီရင်စုတွင် အထက်တန်းလွှာမိစုကိုးစုထဲမှ တစ်စုမှာ ရှန်မိသားစုဖြစ်ပြီး ၎င်းတို့၌ တီအဆင့်လက်နက်သခင်တစ်ဦး ရှိ၏။
[အဆုံးမဲ့အသွင်ပြောင်းလဲခြင်း]
ကျိယွမ်သည် သူ၏စွမ်းရည်ကို အသုံးပြုလိုက်သည်။ တစ်ခဏအတွင်း အခန်းတွင်းရှိ လေထုသည် ပြောင်းလဲသွားပြီး သူသည် သားလှီးဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့၏။ တီအဆင့်လက်နက်သခင်တစ်ဦးဦးသာ ဤအရာကို မြင်တွေ့ခဲ့လျှင် လုံးဝနားမလည်နိုင်ဘဲ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားပေလိမ့်မည်။
ပေါက်စီတစ်လုံးကို အားရပါးရ ဝါးစားနေသော ချန်ခန်းပေါင်သည် ဇဝေဇဝါမျက်နှာထားဖြင့် ဓားကြီးကို စိုက်ကြည့်လိုက်သည်။
"သခင်.. ဘာလို့ သားလှီးဓားကြီး ဖြစ်သွားတာလဲ"
သူ့အတွက်မူ ကျိယွမ် အသွင်ပြောင်းလဲသွားသည့် မြင်ကွင်းသည် အံ့ဩစရာမဟုတ်ပေ။ အကြောင်းမူကား သူ၏ဆရာသခင်သည် လူဝင်စားနတ်ဘုရားတစ်ပါး ဖြစ်သောကြောင့်တည်း။
"ငါက သားလှီးဓားတစ်လက်အနေနဲ့ ဇာတ်ကောင်နေရာ သရုပ်ဆောင်နေတာ"
မော်ဒယ်နိမ့်ဗီဒီယိုတစ်ခုမှ အညံ့စားသအထူးပြုလုပ်ချက်နှင့်တူသော ပါးစပ်တစ်ခု ထွက်ပေါ်လာသည့် ဓားက ပြန်ဖြေလိုက်သည်။
"ငါက အားနည်းနေသေးပုံရတယ်။ ဒီ အရွယ်အစားလောက်ပဲရှိတဲ့ အရာတွေအဖြစ်ပဲ ပြောင်းလဲနိုင်သေးတယ်"
ကျိယွမ် သက်ပြင်းချလိုက်၏။ သူသာ ပိုမိုသန်မာခဲ့လျှင် ရန်သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ဗဟိုချက်တစ်ခုအဖြစ် ပင် ပြောင်းလဲသွားနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ၎င်းတို့သည် ကျိယွမ်ကို မည်သည့်အခါမျှ ရှာဖွေနိုင်တော့မည်မဟုတ်ပေ။ သို့သော်လည်း သားလှီးဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်စွမ်းသည်ပင် အကျိုးကျေးဇူးတစ်ခုဖြစ်ရာ ၎င်းသည် ဇာတ်ကောင်နေရာ သရုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေလိမ့်မည်။
"ငါက ဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်တယ်... ဒါဆိုရင် ငါက ရှန်လင်လည်း ဖြစ်သွားနိုင်မလား"
ထိုအတွေးသည် ၎င်း၏စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ရှန်လင်သည် အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ကျိယွမ် မသိသော်လည်း အဆုံးမဲ့အသွင်ပြောင်းလဲခြင်းဖြင့် သူ၏ရုပ်သွင်ကို အနည်းဆုံးတော့ ယူဆောင်နိုင်၏။ သူသည် စွမ်းရည်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်သည်။
ရုတ်တရက် နက်နဲပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုသည် လေထုထဲတွင် ပြည့်နှက်သွားခဲ့၏။ ကျိယွမ်၏ စိတ်အစဥ်သည် ကြည်လင်သွားပြီး တီးတိုးသံများနှင့် မပီမသညည်းညူသံများသည် သူ၏နားထဲသို့ လျှံကျလာခဲ့သည်။
၎င်းသည် ဘုန်းကြီးပေါင်း သောင်းနှင့်ချီ၍ တစ်ပြိုင်နက်တည်း ရွတ်ဖတ်ပူဇော်နေကြသကဲ့သို့ ပင်။ အသံအများစုမှာ တိုးညင်းပြီး နားမလည်နိုင်သော်လည်း အသံတစ်ခုကမူ ထင်ရှားနေခဲ့သည်။ ၎င်းမှာ လူငယ်လေးတစ်ဦး၏ တိုးညင်းသောအသံ ဖြစ်၏။
"တိမ်နီရွာက လူတွေ ဆက်တိုက်သေနေကြတယ်။ နတ်ဘုရား၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်ပေးပါ"
ထိုအသံကို ဗဟိုပြု၍ ကျိယွမ်၏ အကြည့်သည် အပြင်ဘက်သို့ ဆန့်ထွက်သွားခဲ့သည်။
တိမ်နီရွာတွင် လီရှောင်တန်အမည်ရှိ လူငယ်လေးတစ်ဦးသည် ပျက်စီးယိုယွင်းနေသောအိမ်ထဲတွင် ကြမ်းတမ်းသော နတ်ဘုရားရုပ်ထုတစ်ခု၏ ရှေ့တွင် ဒူးထောက်နေ၏။ ရုတ်တရက် သူသည် ရုပ်ထု၏မျက်လုံးများက အသက်ဝင်လာပြီး မိမိကို တည့်တည့်စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားခဲ့သည်။ ထိုခံစားချက်သည် ထူးဆန်းလှပြီး ၎င်း၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေ၏။
"ငါ စိတ်ထင်လို့လား... ဒါမှမဟုတ်..."
လီရှောင်တန်သည် စိုးရိမ်ပူပန်မှုများဖြင့် ရုပ်ထုကို သတိကြီးစွာ စောင့်ကြည့်လိုက်သည်။ ရုတ်တရက် ရုပ်ထုမှ မှိန်ဖျော့သော အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်သံကို သူကြားလိုက်ရသည်။
"ငါက နတ်ဘုရားမဟုတ်ဘူး။ ငါ့ကို မကိုးကွယ်နဲ့"
"အောင်မလေးဗျ"
လီရှောင်တန်သည် ကြောက်လန့်တကြား အော်ဟစ်ကာ အိမ်ထဲမှ အသည်းအသန်ထွက်ပြေးသွားတော့သည်။
ဝေးလံလှသော လော့ချာနိုင်ငံ၏ အလယ်ပိုင်းဒေသများရှိ တော်ဝင်နန်းတွင်း၌မူ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့၏။
"ရှန်လင် ဟုတ်လား"
"အဲဒါက အပိုင်းအစပေါင်းများစွာအဖြစ် ကွဲကြေပြီး လေညှင်းဝါနဲ့ မီးတောက်သင်္ချိုင်းထဲကို အပစ်ခံခဲ့ရတာ မဟုတ်ဘူးလား"
"သူ့ရဲ့ အရှိန်အဝါက ဘယ်လိုလုပ် ပြန်ပေါ်လာနိုင်တာလဲ"
"တရားစီရင်ရေးအဖွဲ့အစည်းက အဲဒါကို ပြန်ရှင်သန်အောင် လုပ်ဖို့ ကြိုးစားနေတာလား"
"နင်နိုင်ငံကို ချက်ချင်း လူလွှတ်လိုက်။ လော့ချာမှာ နတ်ဘုရား မလိုဘူး၊ ဘုရင်ပဲ လိုတယ်"
ထိုအချိန်တွင် နန်းတွင်း၏ မှောင်မိုက်သော ထောင့်တစ်နေရာ၌ ပိန်လှီသောအဘိုးအိုတစ်ဦးသည် ဒူးထောက်လျက် မျက်ရည်များ စီးကျနေခဲ့၏။
"နတ်ဘုရားရဲ့ အရှိန်အဝါ... ဖြစ်နိုင်ပါ့မလား။ နတ်ဘုရား ပြန်လည်ရှင်သန်လာတာများလား"
သူသည် ကြည်ညိုလေးမြတ်မှုများဖြင့် တုန်ရင်နေခဲ့ပြီး ရှန်လင်းအပေါ် အတိုင်းထက်အလွန် ယုံကြည်သူတစ်ဦးကဲ့သို့ ဖြစ်နေ၏။
"နတ်ဘုရား... အခုဆို နှစ်ပေါင်းတစ်ရာ ရှိခဲ့ပြီ။ လောကကြီးက အရှင့်ရဲ့နာမည်ကို မေ့လျော့နေခဲ့ကြပြီ"
"ဒီအစေခံအိုကို ရှန်လင်ပြန်လည်တောက်ပလာဖို့အတွက် ကျွန်တော်မျိုးရဲ့သွေးကို ဆက်သခွင့်ပြုပါ"
ထိုနေ့တွင်ပင် တော်ဝင်နန်းတွင်းမှ စစ်သည်များနှင့် တရားစီရင်ရေးအဖွဲ့အစည်းမှ လက်နက်သခင်များသည် နင်နိုင်ငံသို့ ခရီးစတင်ခဲ့ကြသည်။
ကျိယွမ်သည် အဆုံးမဲ့အသွင်ပြောင်းလဲခြင်းကို ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေ၏။
"ရုပ်ထုလား... တိမ်နီရွာတဲ့"
သူသည် ရှန်လင်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းချက်အချို့ စုစည်းလိုက်သည်။
"သခင်"
ချန်ခန်းပေါင်က ရိုသေစွာဖြင့် မှတ်ချက်ချ၏။
"ခုနက သခင့်ရဲ့ပုံစံက ဒီလောကကို နတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပဲဗျ"
"တိမ်နီရွာမှာ ဝိညာဥ်မှင်စာတွေ ရှိလား"
ကျိယွမ်က လူငယ်လေး၏ ဆုတောင်းသံကို ပြန်လည်အမှတ်ရရင်း မေးမြန်းလိုက်သည်။
"ကျွန်တော် ချက်ချင်း သွားစုံစမ်းလိုက်ပါ့မယ်"
ချန်ခန်းပေါင်က ပြာပြာသလဲ ပြန်ဖြေ၏။
"မလိုဘူး။ ရှိရှိ မရှိရှိ ငါတို့ မနက်ဖြန် အဲဒီကို သွားကြမယ်"
ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ ဝိညာဥ်မှင်စာများသည် သာမန်လူများကို ထိတ်လန့်စေနိုင်သော်လည်း ကျိယွမ်ကမူ မကြောက်ရွံ့ပါ။
နောက်တစ်နေ့မနက်တွင် ကျိယွမ်သည် သူ၏အခန်းတံခါးကို ပြင်းထန်စွာ လာရောက်ခေါက်သံကြောင့် နိုးလာခဲ့၏။ သူသည် အိပ်ချင်မူးတူးဖြင့် သမ်းဝေလိုက်သည်။
"ဘယ်သူလဲ"
တံခါးသည် ဝုန်းခနဲ ပွင့်သွားပြီး အေးစက်သော မျက်နှာထားနှင့် ကျောပြင်တွင် ဓားအိမ်တစ်ခုကို ချိတ်ဆွဲထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး ပေါ်လာ၏။ သူမ၏ သန်မာထွားကျိုင်းသော ခြေတံရှည်ကြီးများသည် လူတစ်ဦးကို နင်းခြေသတ်ဖြတ်နိုင်လောက်ပုံရလေသည်။ သူမ ဝင်ရောက်လာသည်နှင့် အခန်းတွင်း၌ အေးစက်စက် အရှိန်အဝါများ ပြည့်နှက်သွားခဲ့သည်။
"ကျိရွှန်းလား... မင်း"
ကျိယွမ်သည် လန့်ဖျတ်ကာ အော်ဟစ်လိုက်မိသည်။
"မင်းက သခင်လေးကို အဝတ်အစား လာလဲပေးတာလား။ လူတိုင်းက အတူတူပဲမို့ အဲဒီလို လုပ်ရိုးလုပ်စဉ်တွေ မလိုပါဘူး"
ကျိရွှန်း ရောက်ရှိလာခြင်းသည် ကျိယွမ်၏ ကျောရိုးကို အေးစိမ့်သွားစေ၏။ သူမသည် ရှန်မိသားစုသမီးကြီး၏ အစေခံမိန်းကလေး ဖြစ်သော်လည်း သာမန်အစေခံမဟုတ်ဘဲ လက်နက်သခင်တစ်ဦး ဖြစ်သည်။ ကျိယွမ် ရှန်မိသားစုသို့ လက်ထပ်ဝင်ရောက်ခဲ့စဉ်က သူ၏သတို့သမီးသည် မင်္ဂလာအခမ်းအနားတွင် ပျက်ကွက်ခဲ့ရာ ကျိရွှန်းက သူမ၏ကိုယ်စား ရပ်တည်ပေးခဲ့ဖူး၏။
ကျိရွှန်း၏ အကြည့်သည် အေးစက်လှပြီး သူမ၏မျက်နှာထားသည် သူမ၏ဓားမှ သံမဏိထက်ပင် ပိုမိုအေးစိမ့်နေခဲ့သည်။ သူမသည် ကျိယွမ်ကို စိုက်ကြည့်နေစဉ် သူမ၏မျက်လုံးများတွင် အထင်အမြင်သေးမှုနှင့် သံသယများ ရောပြွန်းနေ၏။
သို့သော် ယခုအခါ သူမ၏ ရှေ့တွင်ရှိနေသော လူသည် ပေါ့ပေါ့ပါးပါးရှိကာ ဂရုမစိုက်ဘဲကျီစားတတ်နေသဖြင့် သူမ မှတ်မိထားသော ကြောက်တတ်ပြီး အမြဲကုပ်တနေတတ်သည့် သတို့သားနှင့် လုံးဝကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ခံစားရစေသည်။
"သခင်လေးကျိ၊ သခင်မလေးရှန်က နင်ဟဲခရိုင်မှာ သခင်လေးလုပ်ခဲ့တဲ့... စွန့်စားခန်းတွေအကြောင်း ကြားပြီး အလွန် စိတ်ပျက်နေပါတယ်။ သခင်လေးရဲ့ နှုတ်ခမ်းကနေ အမှန်တရားကို ကြားသိရဖို့ ကျွန်မကို ညွှန်ကြားလိုက်ပါတယ်"
ကျိရွှန်းက အေးစက်စွာ ပြောလိုက်၏။
"မုဆိုးမဖြစ်ရပ်ကို ပြောတာလား။ ငါ မလုပ်ခဲ့ဘူး"
ကျိယွမ်၏ လေသံမှာ တည်ငြိမ်နေပြီး သူ၏မျက်နှာထားကို ခန့်မှန်းရခက်လှသည်။
"သခင်လေးကျိ၊ သခင်လေးက လူတိုင်းကို စိတ်ပျက်စေခဲ့တာပဲ"
ကျိရွှန်း၏ အေးစက်သော အကြည့်သည် ပိုမိုပြင်းထန်လာခဲ့သည်။
"ဦးလေးက သူ့မျက်စိနဲ့ အပ်ကျမတ်ကျ မြင်ခဲ့တာလို့ ပြောတယ်။ သခင်လေးက အဲဒီမုဆိုးမကို အတင်းအဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့တာတဲ့။ သူ တားဖို့ လုပ်တော့ သခင်လေးက သူ့ကို ကန်ပစ်လိုက်တယ်ဆိုပဲ။ သူ့နဖူးက အမာရွတ်က အခုထိ ရှိနေတုန်းပဲ"
နင်ဟဲခရိုင်သို့ လာရာလမ်းတွင် ကျိရွှန်းသည် ဦးလေးကျန့်နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ရပ်တစ်ခုလုံးကို ကြားသိခဲ့ရ၏။ သူမ ပိုမိုသိရှိလာလေလေ ကျိယွမ်အပေါ် ပို၍ အထင်အမြင်သေးလာလေလေပင်။
"အဲဒီ မျက်ခုံးထူထူနဲ့ ရိုးသားပုံရတဲ့ကောင်က... ငါ့ကို လုပ်ကြံစွပ်စွဲရဲတယ်ပေါ့"
ကျိယွမ်သည် မယုံနိုင်ဟန်ဖြင့် ခေါင်းကိုခါယမ်းကာ တီးတိုးရေရွတ်လိုက်သည်။ သူသည် ဤကိစ္စကို လက်လွှတ်လိုက်တော့မည့်အချိန်တွင် မိမိသည် ရှန်မိသားစု၏ အိမ်ပါသားမက်ဇာတ်ကောင်နေရာ သရုပ်ဆောင်ရန် တာဝန် ရှိနေသည်ကို ရုတ်တရက် သတိရသွားခဲ့၏။ သူ၏ တာဝန်ကို ပြီးမြောက်စေလိုလျှင် ထိုကိစ္စကို လျစ်လျူရှု၍ မရပေ။
တစ်ခဏအတွင်း သူ၏ တည်တံ့သောကိုယ်ဟန်အနေအထားသည် ပြောင်းလဲသွားခဲ့သည်။ သူက ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး သနားစရာကောင်းသော မျက်နှာထားကို ယူကာ အားကိုးတကြီး တောင်းပန်တိုးလျှိုးသော လေသံဖြင့်ဆို၏။
"အစ်မကျိရွှန်း၊ ကျွန်တော် မတရား စွပ်စွဲခံရတာပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို လုပ်ကြံတာပါ"
မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ ဇာတ်ကောင်နေရာသရုပ်ဆောင်တာဝန်အတွက် တိုးတက်မှုပြဘားတန်းသည် အနည်းငယ် ရှေ့သို့တိုးသွားခဲ့သည်။
အလုပ်ဖြစ်တယ်ဟ ။
သူသည် ကျိရွှန်း၏ သန်မာသော ခြေတံရှည်များကို ကြည့်ရင်း တောင်းပန်ရန် သူမ၏ ခြေဖဝါးနားတွင် ဒူးထောက်လဲကျပြရမလားဟုပင် ခဏမျှ စဉ်းစားလိုက်၏။ သို့သော် ဒုတိယအကြိမ် ပြန်လည်တွေးတောပြီးနောက် ထိုအတွေးကို ဖျောက်ဖျက်ပစ်လိုက်သည်။ အကြောင်းမူကား သူမသည် ပြည်နယ်မြို့တော်မှ နင်ဟဲခရိုင်သို့ အနားမရဘဲ ခရီးနှင်လာခဲ့ရသဖြင့် သူမ၏ခြေဖဝါးများတွင် ချွေးနံ့များနှင့်ဂျေးနံ့များ ရှိနေနိုင်သောကြောင့်ပင်။
သူသည် ထိုအနံ့ဆိုးများကြောင့် အစားအသောက်ပျက်သွားမည့် အန္တရာယ်ကို မစွန့်စားလိုပေ။
ကျိရွှန်းကမူ ကျိယွမ်၏ ဟန်ဆောင်မှုများကို လုံးဝ အထင်မကြီးချေ။ သူမ၏ မျက်လုံးများထဲမှ အထင်အမြင်သေးမှု ရိပ်ယောင်များသည် ပိုမိုနက်ရှိုင်းလာကာ နှာခေါင်းရှုံ့လိုက်သည်။
"ဦးလေးကျန့်က သခင်လေးအပေါ် ဘာလို့ မုသားပြောရမှာလဲ။ သခင်လေးကျိ၊ သခင်လေးအနေနဲ့ ကိုယ့်ရဲ့ အမှားတွေကို ရိုးရိုးသားသား ဝန်ခံနိုင်မယ်ဆိုရင် သခင်မလေးရှန်က သခင်လေးမှာ သိက္ခာအနည်းငယ် ရှိသေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်"
"ဝမ်ခိုင်ရွှမ်း လုပ်တာပါ"
ကျိယွမ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။ သူ၏အသံတွင် ယုံကြည်ချက်များ ပါဝင်နေသဖြင့် ကျိရွှန်း၏ မျက်နှာထားပင် ခေတ္တမျှ တုန်လှုပ်သွားခဲ့သည်။ သူမသည် မျက်မှောင်ကုတ်လိုက်၏။
ဝမ်ခိုင်ရွှမ်းဟူသော နာမည်ကြောင့် သူမ အနည်းငယ် စဉ်းစားသွားခဲ့ရသည်။ ဤအရာသည် ကျိယွမ်လို လူမျိုးအနေဖြင့် လွယ်လွယ်နှင့် ထုတ်ဖော်ပြောဆိုရဲမည့် နာမည်မျိုးမဟုတ်ပေ။ အနည်းဆုံးတော့ ဤအခြေအနေတွင် မျက်စိဖြင့် မြင်ရသည်ထက် ပိုမိုနက်နဲသောအရာများ ရှိနေနိုင်ကြောင်း ညွှန်ပြနေသည်။
"သခင်လေးကျိ"
သူမ၏လေသံက အနည်းငယ် ပျော့ပြောင်းသွားခဲ့၏။
"သခင်လေး ကျွန်မနဲ့အတူ ပြည်နယ်မြို့တော်ကို ပြန်လိုက်ခဲ့ရမယ်။ သခင်မလေးရှန်က ဒီကိစ္စကို ကိုယ်တိုင် စုံစမ်းပါလိမ့်မယ်"
"ရက်နည်းနည်းလောက် စောင့်လို့မရဘူးလား"
ကျိယွမ်က သူမ၏ စိတ်ပိုင်းဖြတ်မှုကို စမ်းသပ်ရန် မေးမြန်းလိုက်သည်။
"မရဘူး"
ကျိရွှန်းက ပြတ်သားစွာ ပြန်ဖြေ၏။ သူမ၏လေသံသည် ငြင်းခုံရန် အခွင့်အရေးမပေးပေ။ သူမ၏ အလျင်စလိုဖြစ်နေသောအသံက ညှိနှိုင်းရန်ပင် နေရာမချန်ထားခဲ့ချေ။
သူမသည် ကျိယွမ်ကို ရှန်မိသားစုအိမ်တော်သို့ အမြန်ဆုံး ခေါ်ဆောင်သွားပြီးနောက် သူမ၏ နောက်ထပ်တာဝန်အတွက် ရဲရှန်းအိုင်သို့ ဦးတည်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကျိယွမ်သည် တွန့်ဆုတ်သွား၏။ သူ၏ လက်ရှိစွမ်းအားအဆင့်ဖြင့် နင်ဟဲခရိုင်တွင် ပြီးမြောက်ရန် တာဝန်များ ရှိနေသေးပြီး အထူးသဖြင့် တိမ်နီရွာသို့ သွားရမည့် ခရီးစဉ် ဖြစ်သည်။
"အစ်မကျိရွှန်း"
သူသည် လိုသည်ထက်ပို၍ ပြစ်ချွဲထားသော တောင်းပန်သံဖြင့် ထပ်မံကြိုးစားလိုက်သည်။
"ကျွန်တော် အချိန်နည်းနည်းလေးပဲ လိုတာပါ..."
ကျိရွှန်းက ချက်ချင်းတုန့်ပြန်၏။
သူမ၏ မျက်နှာထက်တွင် ရွံရှာဖွယ် အမူအရာတစ်ခု ဖြတ်သန်းသွားပြီး အေးစက်စွာပြန်ဖြေသည်။
"မရဘူး"
ကျိရွှန်း နောင်ထပ်တုံ့ပြန်ခွင့်မရမီမှာပင် ကျိယွမ်သည် လှုပ်ရှားလိုက်သည်။
"ဟုတ်ကဲ့"
သူသည် တောင်းပန်သည့်ဟန်ဖြင့် တိုးတိုးလေးပြောပြီးသည်နှင့် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားမှုဖြင့် ထိုးနှက်လိုက်သည်။
ကျိရွှန်း၏ မျက်နှာထားသည် အေးခဲသွားပြီး သူမ၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ထက်သို့ ဒုန်းခနဲ လဲကျသွားလေတော့သည် ။ သတိမေ့မြောနေသော သူမ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း ကျိယွမ်သည် စိတ်လျှော့လိုက်သည့်ဟန်ဖြင့် သက်ပြင်းချလိုက်၏။
"အခုတော့ အဆင်ပြေသွားပြီ မဟုတ်လား"
တံခါးဝမှ ချန်ခန်းပေါင်သည် ပေါက်စီတစ်ဝက်ကို အားရပါးရဝါးစားနေရင်း ပေါ်လာသည်။ သူ၏မျက်လုံးများသည် ကျိရွှန်း၏ လှုပ်ရှားမှုမရှိသော ခန္ဓာကိုယ်ဆီသို့ ခဏမျှ ရောက်ရှိသွားသော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေ၏။ သူသည် ထိုသို့သော မြင်ကွင်းများကို နေ့စဉ်မြင်တွေ့နေရသကဲ့သို့ပင်။
"သခင်၊ တိမ်နီရွာကိစ္စ စုံစမ်းပြီးပါပြီ။ ဆရာ အဆင်သင့်ဖြစ်တဲ့ ဘယ်အချိန်မဆို ထွက်ခွာလို့ရပါတယ်"
ချန်ခန်းပေါင်က ပါးစပ်ထဲမှ ပေါက်စီအဖတ်များထွက်ကျလာရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကောင်းပြီ"
ကျိယွမ်က ခေါင်းညိတ်၏။
"သခင်... သူကို ဒီမှာပဲ ထားခဲ့မှာလား"
ချန်ခန်းပေါင်က ကျိရွှန်းကို ညွှန်ပြရင်း မေးလိုက်သည်။
"မထားခဲ့ဘူး။ သူက သတိမေ့နေပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘူး။ တကယ်လို့တစ်ယောက်ယောက်က သူ့ကို တောအုပ်ထဲ ဆွဲခေါ်သွားရင် သူ့ရဲ့ဂုဏ်သိက္ခာ ပျက်စီးသွားလိမ့်မယ်... ငါ့ရဲ့ဂုဏ်သိက္ခာလည်း အတူတူပဲ။ သူ ငါတို့နဲ့အတူ လိုက်ရမယ်"
"သတိမေ့နေတဲ့ မိန်းမတစ်ယောက်ကို သယ်သွားတာက ကျွန်တော်တို့ကို သံသယဖြစ်စရာ ကောင်းစေတယ်လို့ သခင်မထင်ဘူးလား"
"သူက မိန်းမ မဟုတ်ဘူး။ ငါ့ရဲ့ လက်နက်ပဲ"
ကျိယွမ်က ပြုံးစိစိဖြင့် ပြန်ဖြေသည်။
" ငါ့မှာ သင့်တော်တဲ့ လက်နက်မရှိသေးဘူး။ သူ့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း... တော်တော်လေး သန်မာပုံရတယ်"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် သူ၏ အဆုံးမဲ့အသွင်ပြောင်းလဲခြင်စွမ်းရည်ကို အသုံးပြုလိုက်၏။ခဏချင်းအတွင်းမှာပင် ကျိရွှန်း၏ ခန္ဓာကိုယ်သည် တောက်ပသွားပြီး အသွင်ပြောင်းလဲသွားခဲ့သည်။
သူမ၏နေရာတွင် ယခုအခါ ကြီးမားသော လှံကြီးတစ်စင်း ရောက်နေ၏။ ထိုလက်နက်သည် အေးစိမ့်သော ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ၎င်း၏ထက်မြက်လှသော အသွားသည် သေစေနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ချန်ခန်းပေါင်၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်သွား၏။
"သခင်... သခင်က လူသားလက်နက်ကို သယ်သွားမလို့လား"
"ဒါပေါ့။ ဒီလို ထိပ်တန်းလှံကြီးမျိုးကိုထားခဲ့ရင် ဖြုန်းတီးရာကျလိမ့်မယ်"
ကျိယွမ်က လှံကို သာသာလေး ကိုင်မြှောက်လိုက်သည်။ သူသည် လက်နက်ကို မြှောက်လိုက်ရင်းမှ တဟားဟား ရယ်မောလိုက်မိ၏။
"ဒါပေမဲ့ ငါ သတိထားရမယ်။ မတော်တဆ စည်းကျော်သွားတာမျိုး မဖြစ်စေရဘူး"
--------