အခန်း ၄၉၂
Vol. 46 Ch. 492
အခန်း ၄၉၂ - ငါက နတ်ဘုရားပဲ
"ဒီလှံလား"
ချန်ခန်းပေါင်သည် ကျိယွမ်၏လက်ထဲရှိ လက်နက်ကို စိုက်ကြည့်ရင်း သူ၏မုတ်ဆိတ်များပင် တုန်ရီနေ၏။
ထိုလှံသည် ရှည်လျားအေးစက်ပြီး နိမိတ်မကောင်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ လှံဖျားသည် စူးရှသောအအေးဓာတ်ဖြင့် တောက်ပနေပြီး လှံရိုးပေါ်တွင်လည်း ရှုပ်ထွေးဆန်းပြားသော ပုံစံများကို ထုဆစ်ထား၏။
ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည် ဖြာကျလာပြီး လှံမျက်နှာပြင်ပေါ်သို့ ရိုက်ခတ်ကာ နတ်ဘုရားဆန်ဆန် တောက်ပမှုကို ပေးစွမ်းနေသည်။ လက်နက်မှ ထွက်ပေါ်လာသော အအေးဓာတ်သည် အလွန်ပြင်းထန်လှသဖြင့် အခန်းတွင်းသို့ စိမ့်ဝင်သွားသလိုပင် ခံစားရ၏။
ကျိယွမ်သည် လှံကို တည်ငြိမ်စွာ ကိုင်ဆောင်ထားပြီး သူ၏အမူအရာက အေးစက်တည်ငြိမ်နေသည်။ သူက စိတ်ပျက်သွားသည့်ဟန်ဖြင့် သက်ပြင်းချရင်း ပြောလိုက်၏။
"နှမြောစရာပဲ။ ဒီလှံမှာ မောင်းခလုတ်မပါဘူး။ ပစ်လို့ရတဲ့လှံဆိုရင် ပိုကောင်းမှာပဲ"
သူသည် တကယ်ပင် စိတ်ပျက်နေပုံရသည်။
အကယ်၍ သူသည် ကျိရွှန်းကို စနိုက်ပါရိုင်ဖယ် တစ်လက်အဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် (ဥပမာ ဘာရက် အမ်၈၂ သို့မဟုတ် ထိုကဲ့သို့သောအရာ) ပို၍ လက်တွေ့ကျပေလိမ့်မည်။
သို့သော် ပြဿနာက ကျည်ဆန်ပင်။ကျည်ဆန်မရှိဘဲ မောင်းခလုတ်ကို ဆွဲလိုက်ပါက ဘာမျှဖြစ်လာမည်မဟုတ်ပေ။
ရေသေနတ်လို ရေတွေပန်းထွက်လာမှာလား။အသုံးမဝင်ဘူး ။
ထို့ကြောင့် ပုံမှန်လှံတစ်လက်ကသာ ပို၍ကောင်းသော ရွေးချယ်မှု ဖြစ်သည်။ထွက်ခွာရန် ပြင်ဆင်ရင်း ကျိယွမ်က မေးလိုက်၏။
"တိမ်နီရွာက အခြေအနေ ဘယ်လိုလဲ"
"သခင်... လမ်းမှာပဲ စကားပြောကြရအောင်"
ချန်ခန်းပေါင်က ပေါက်စီကိုအပြီးသတ် မျိုချကာ သူ၏လက်ကိုသန့်ရှင်းရန် တင်ပါးအားပွတ်ရင်းမှ ပြန်ဖြေသည်။
"အေး..သွားမယ်.."
ဒုန်း...
"အာ...ဒီဟာက.."
ကျိယွမ်သည် တံခါးဘောင်နှင့် တိုက်မိသွား၏။ လှံ၏အလျားက ရှည်လျားနေသဖြင့် ထွက်ပေါက်ကို ပိတ်ဆို့နေခြင်း ဖြစ်သည်။
သူသည် လှံကို ကန့်လန့်ကြီးသယ်လာသဖြင့် လှံသည် နံရံနှင့် ဆောင့်မိပြီး တစ်ဆို့နေကာ တံခါးကို ဖြတ်ကျော်၍မရ ဖြစ်နေ၏။
၎င်းကို မြင်သောအခါ ချန်ခန်းပေါင်က အကြံပြုလိုက်သည်။
"သခင်... လှံကို ဒေါင်လိုက်သယ်တာ ပိုကောင်းလိမ့်မယ်။ တံခါးက ကျဉ်းပေမဲ့ အမြင့်ကတော့ ရပါတယ်"
"မလိုဘူး။ ငါ့ခါးမှာပဲ ပတ်ထားလိုက်မယ်"
ချန်ခန်းပေါင်မှာ ဆွံ့အသွားရ၏။
ကျိယွမ်သည် လှံကို သူ၏ခါးတွင် အမှန်တကယ်ပင် ပတ်လိုက်သဖြင့် သူ၏ခါးမှာ ဖောင်းကြွနေသော ပုံသဏ္ဌာန် ဖြစ်သွားသည်။
မထွက်ခွာမီ သူသည် ဘေးလူများ သတိမထားမိစေရန်အတွက် အဆုံးမဲ့အသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ သူ၏ပုံသဏ္ဌာန်ကို ဖုံးကွယ်လိုက်၏။
အမှန်တော့ ကျိယွမ်သည် လူမသိသူမသိနေထိုင်ခြင်းကိုသာ ပို၍နှစ်သက်သည်။
သို့သော် အချို့သောအရာများကိုမူ ဖုံးကွယ်ထား၍မရနိုင်ပေ။
ကြီးမားလွန်းသော ရင်ဘတ်သည် အမြဲတမ်း အာရုံစိုက်မှုကို ခံရသကဲ့သို့ပင် ကျိယွမ်၏ခါးတွင် ကြီးမားသောအရာတစ်ခု ပတ်ထားသည်ကို မြင်သောအခါ ဘေးမှကြည့်နေသူများ၏ မျက်ခုံးများမှာ ချက်ချင်းမြင့်တတ်သွားတော့သည်။
"သူ့ခါးမှာ ဘာကြီးပတ်ထားတာလဲ"
"လုံးလုံးရှည်ရှည်ကြီးဟ ..ထူးဆန်းတယ်..."
"ဒါ ရတနာတစ်မျိုးမျိုး ဖြစ်နေမလား"
အောက်ထပ်ရှိ စားသောက်ဆိုင်တွင် စားသောက်သူများသည် သူတို့၏ သိလိုစိတ်များ နှိုးဆွခံလိုက်ရသဖြင့် အချင်းချင်း တိုးတိုးတိတ်တိတ် စကားဆိုနေကြ၏။
ထိုအချိန်တွင် ချန်ခန်းပေါင်သည် မတ်မတ်ရပ်ကာ ရင်ဘတ်ကို မော့ပြီး ကြေညာလိုက်သည်။
"ဟုတ်တယ်..ရတနာပဲ ၊ ငါ့သခင်က ခါးမှာ သူ့ရဲ့ရတနာလှံရှည်ကြီးကို ပတ်ထားတာကွ"
"သူ့ရဲ့လှံရှည်ကြီး... ဟုတ်လား"
သိုင်းလောကမှ အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသည် ထိတ်လန့်သွားပြီး သူမ၏လက်များဖြင့် ပါးစပ်ကို ပိတ်လိုက်မိ၏။ သူမသည် နားရွက်များ နီရဲလျက် ကျိယွမ်ကို မသိမသာခိုးကြည့်နေပြီး သူမ၏မျက်လုံးများမှာ တောက်ပနေသည်။
"တကယ်..တကယ်ပဲ... ကြီးမားလိုက်တာ။ မယုံနိုင်စရာပဲ"
အမျိုးသားများမူ ယုံရမလိုလို မယုံရမလိိုလိုဖြင့် စိတ်ဓာတ်ကျကုန်၏။
"ဒီကောင်က လူမှဟုတ်ရဲ့လား "
"မဖြစ်နိုင်ပါဘူးကွာ.."
"ဟ..လုံးလုံးရှည်ရှည်ကြီးနော် ၊ ကြည့်ပါလား...အဖျားနားမှာ ပိုကားနေသလိုပဲ "
"အဖျားက ကားရုံတင်မကဘူး ချွန်ချွန်ကြီးဟ "
အံ့ဩမှင်သက်နေကြသော စကားသံများကြားမှ ကျိယွမ်နှင့် ချန်ခန်းပေါင်တို့သည် စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ကြသည်။
"မကြာသေးခင်က တိမ်နီရွာမှာ လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ရွာသားတွေပြောတာတော့ ဝိညာဉ်မှင်စာရဲ့ လက်ချက်လို့ ပြောကြတယ်"
ချန်ခန်းပေါင်က သူရထားသော သတင်းကို တင်ပြ၏။
"ဝိညာဉ်မှင်စာ ဟုတ်လား"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
မသေမျိုးလောကတွင် ရှိစဉ်က ထိုကဲ့သို့သော သတ္တဝါများသည် ရန်သူအဖြစ် သတ်မှတ်ရန်ပင် အရည်အချင်းပင် မပြည့်မီခဲ့ကြပေ။
သို့သော် ဤနေရာသည် ဂိမ်းလောက ဖြစ်သည်။ စံနှုန်းများက ပို၍နိမ့်ကျနေသဖြင့် ကျိယွမ်အနေဖြင့် အလွန်ရွေးချယ်နေရန် မလိုပါ။
"မှန်ပါတယ်... ဝိညာဉ်မှင်စာပါပဲ"
ချန်ခန်းပေါင်က အလေးအနက် ခေါင်းညိတ်ပြသည်။
"ကျွန်တော် ဒေသခံရုံးက စာရေးအချို့ကို လာဘ်ထိုးပြီး သူတို့ရဲ့ မှတ်တမ်းတွေကို ကြည့်ခဲ့တယ်။ကျွန်တော် သိလိုက်ရတာကတော့ သေဆုံးသူအားလုံးဟာ ညဘက်မှာ သေဆုံးခဲ့ကြတာပဲ။ အမှုတိုင်းမှာ သေဆုံးခါနီးအချိန်မှာ ရေစီးသံကို အဆက်မပြတ် ကြားခဲ့ရတယ်လို့ အိမ်နီးနားချင်းတွေက ပြောကြတယ်"
"အဓိကအချက်ကိုပဲ ပြောစမ်းပါ"
ကျိယွမ်က သူ၏ခါးမှ လှံရှည်ကြီးကို စမ်းကြည့်ရင်းမှ စိတ်မရှည်စွာ ဆို၏။
သူသည် ဝိညာဉ်မှင်စာတစ်ကောင်၏ မြစ်ဖျားခံရာ သို့မဟုတ် နောက်ခံသမိုင်းကြောင်းကို စိတ်ဝင်စားသောသူ မဟုတ်ပေ။
အချို့သူများသည် ကျောင်းသားများ၏ လိင်၊ မိသားစုနောက်ခံ သို့မဟုတ် လူမှုရေးအဆင့်အတန်း စသည်တို့ကို အလေးထားကောင်း အလေးထားလိမ့်မည်ဖြစ်သော်လည်း ကျိယွမ်ကမူ ဝိညာဉ်မှင်စာများကို နောင်ဘဝသို့ ပို့ဆောင်ပေးရာတွင် တန်းတူညီမျှ အခွင့်အရေးပေးသူ ဖြစ်သည်။
ထိုဝိညာဉ်မှင်စာတွင် လောင်းကစားသမားအဖေ၊ ကင်ဆာဝေဒနာရှင်အမေနှင့် လူမိုက်မောင်လေးတစ်ယောက် ရှိနေပါစေဦးတော့... သူ၏လက်ထဲသို့ ရောက်ရှိလာပါက သူသည် ၎င်းအား နောင်ဘဝသို့ အမြန်ဆုံး ရောက်ရှိအောင် စေတနာရှေ့ထား၍ ပို့ဆောင်ပေးမည်သာ ဖြစ်၏။
"ဟီးဟီး..သူတို့ရဲ့ စွမ်းအားကိုတော့ မသိရသေးပါဘူး"
ချန်ခန်းပေါင်က ရှက်ကိုးရှက်ကန်း ဝန်ခံလိုက်သည်။
"ဒီည မင်းအတွက် ပေါက်စီအပို မရတော့ဘူး"
ကျိယွမ်က ဖြတ်ခနဲ ပြောလိုက်၏။
သူ၏ ဗျုဟာမှူး ဆိုသောသူသည် လုံးဝ အသုံးမကျကြောင်း သက်သေပြနေလေပြီ။
သူသည် အမြဲတမ်း အစားအသောက်အကြောင်းကိုသာ တွေးတောနေပြီး အလုပ်တကယ်လုပ်ခြင်း မရှိပေ။
"သခင်... ပေါက်စီတစ်လုံးတည်း လျှော့လို့မရဘူးလား"
"မရဘူး"
ချန်ခန်းပေါင်၏ မျက်နှာမှာ ပျက်သွားတော့သည်။
ညစာတွင် ပေါက်စီတစ်လုံး လျှော့စားရမည်ဆိုပါက သူ ဗိုက်ဆာရတော့မည် မဟုတ်ပါလား။
"သခင်... ဝိညာဉ်မှင်စာတွေကို စားလို့ရလား"
ချန်ခန်းပေါင်က သူ၏နောက်ထပ် အစားအစာအတွက် ကြံစည်ရင်း ဝေခွဲမရစွာဖြင့် မေးလိုက်၏။
"ဒီလောကမှာရှိတဲ့ အရာအားလုံးကို စားလို့ရတယ်"
ကျိယွမ်က ပညာရှိတစ်ဦးကဲ့သို့ မြွက်ဆိုသည်။
"ဒါပေမဲ့ တကယ့်မေးခွန်းကတော့ စားပြီးရင် မင်း သေသွားမလားဆိုတာပဲ"
"အာ... ကျွန်တော် နားလည်ပါပြီ"
ချန်ခန်းပေါင်က သဘောပေါက်သွားပုံရသော်လည်း အားမလျော့သေးပါ ။
"ဒါဆိုရင် အဲဒါကို ဘေးကင်းအောင် ဘယ်လိုစားရမလဲ"
"အင်း...ကြော်စားမလား။ နေလှန်းပြီး ကင်စားမလား"
ကျိယွမ်က သူ၏မေးစေ့ကိုပွတ်ကာ တွေးလိုက်၏။
"အပူချိန်မြင့်မြင့်နဲ့ ချက်ပြုတ်လိုက်ရင် အဆိပ်တွေ ပြယ်သွားမှာ မဟုတ်ဘူးလား"
အမှန်တော့ ၄င်းသည် စိတ်ကူးရုံသာ ရှိသေးပြီး အမှနိတကယ်အလုပ်ဖြစ်မဖြစ် မသေချာပါ။
ထိုသို့ စဉ်းစားနေစဉ်မှာပင် သူ၏စိတ်ထဲ၌ ထူးဆန်းသော စိတ်ကူးတစ်ခု ရရှိသွား၏။
သူ့တွင် မီးနှင့် နေကဲ့သို့သော အလင်း ရှိနေပြီ ဖြစ်သည်။
လှံသည် မီးဖိုချောင်သုံးကိရိယာတစ်ခုအဖြစ် ကိုယ်စားပြုနိုင်သည်။
ဝိညာဉ်မှင်စာကိုမူ ဟင်းလျာအဖြစ် အသုံးပြုနိုင်၏။
ငါ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်သင့်သလား။
အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းသည် စိမ်းသက်သော လောကများသို့ ရောက်ရှိလာသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အစပြုရာနေရာတစ်ခု မဟုတ်ပါလား။
ထိုအချိန်တွင် တာအိုသီလရှင်သည် ကုန်းမြင့်တစ်ခုပေါ်၌ ရပ်နေရင်း ရွာကို အပေါ်စီးမှ ကြည့်ရှုနေ၏။
သူမ၏ အမူအရာကအေးစက်နေသော်လည်း မျက်နှာပေါ်တွ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ သူမ၏ မျက်ဆံများသည် ရွာ၏ မြင်ကွင်းကို ကြည့်ရှုနေစဉ်အတွင်း အနီရောင်ဖျော့ဖျော့ တောက်ပနေ၏။
ရွာသည် မြင့်မားလှသော ငွေရောင်ထင်ရှူးပင်များ၏ အရိပ်အောက်တွင် တိတ်ဆိတ်နေသည်။ မီးခိုးခေါင်းတိုင်များမှ မီးခိုးများသည် မီးခိုးရောင်မြူနှင်းများ ဖုံးလွှမ်းနေသော ကောင်းကင်ယံသို့ လွင့်ပျံနေ၏။
သို့သော် သူမ၏ မြှင့်တင်ထားသောအမြင်အာရုံကြောင့် သီလရှင်သည် သာမန်လူများ မမြင်နိုင်သောအရာကို မြင်တွေ့နိုင်ခဲ့သည်။
တိမ်နီရွာတစ်ခုလုံး၏ လေထုထဲတွင် သေးငယ်သော အမည်းစက်များ လွင့်မျောနေ၏။
ထိုအမည်းစက်ပေါင်း ရာနှင့်ချီ... မဟုတ်ပါ... ထောင်နှင့်ချီ၍ ရှိနေသည်။
အသေးဆုံးအရာများသည် ခြင်တစ်ကောင်လောက်ပင် မကြီးပေ။
အကြီးဆုံးအရာများသည် ကြက်ဥတစ်လုံးခန့် ရှိသည်။
"သူတို့ ကြီးထွားလာနေပြီ"
သူမက တည်ငြိမ်စွာ ရေရွတ်လိုက်၏။
"သူတို့ လက်သီးဆုပ်လောက် ကြီးမားလာတဲ့အခါ ဝိညာဉ်မှင်စာက သူ့ရဲ့ နောက်ထပ် သားကောင်ကို ဖမ်းဆီးတော့မှာပဲ"
သူမ၏ အကြည့်သည် ရွာ၏အလယ်ဗဟိုရှိ ရေတွင်းဟောင်းတစ်ခုဆီသို့ ရောက်ရှိသွားသည်။ သူမ၏ မျက်နှာပေါ်တွင် မသက်မသာဖြစ်မှုများ ဖြတ်ပြေးသွား၏။
"ဒီနေရာက... မြစ်ဖျားခံရာပဲ"
သူမက တိုးတိုးလေး ပြောလိုက်သည်။
ထိုနေရာတွင် အစွမ်းထက်သော ဝိညာဉ်မှင်စာတစ်ကောင် ပုန်းအောင်းနေသည်ကို သူမ ခံစားမိနေ၏။
ဤမျှ ဝေးကွာသော အကွာအဝေးမှပင် ၎င်း၏ ဆိုးယုတ်သောအရှိန်အဝါသည် သူမ၏ ကျောရိုးကို စိမ့်တက်သွားစေကာ မမြင်ရသော မျက်လုံးပေါင်းများစွာက သူမကို စိုက်ကြည့်နေသကဲ့သို့ ခံစားရစေသည်။
"မင်း အသုံးဝင်တဲ့ အချက်အလက်တစ်ခုခု ရှာတွေ့ခဲ့လား"
သီလရှင်က ကျိုးဟုဘက်သို့ လှည့်ကာ ပြတ်သားစွာ မေးလိုက်၏။
ကျိုးဟုက ခေါင်းညိတ်လိုက်သော်လည်း သူ၏အမူအရာမှာလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။
"ဒါက ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေအရ အဲဒီရေတွင်းဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ လူသုံးဦး သေဆုံးမှုနဲ့ ဆက်စပ်နေတယ်..."
သူက အသေးစိတ်အချက်အလက်များကို ဆက်လက်ပြောပြနေစဉ်မှာပင် သီလရှင်သည် ရုတ်တရက် ကိုယ်ခန္ဓာ တောင့်တင်းသွား၏။
"ဘာဖြစ်လို့လဲ စီနီယာ"
ကျိုးဟုက စိုးရိမ်တကြီး မေးလိုက်သည်။
"ပုံမှန်မဟုတ်တဲ့ လူနှစ်ယောက် ရွာထဲကို ဝင်လာနေတယ်"
သူမက တင်းမာသော အသံဖြင့် ဆို၏။
"သူတို့က မဟာမိတ်တွေလား။ ရန်သူတွေလား။ ဒါမှမဟုတ် လမ်းကြုံဖြတ်သန်းသွားသူတွေလား"
သီလရှင်က ခေါင်းခါပြလိုက်သည်။
"ငါ သွားစုံစမ်းကြည့်မယ်"
သူမသည် နေရာမှ ခုန်ချလိုက်ပြီး ရွာဆီသို့ လျှောက်သွားခဲ့တော့သည်။
ထိုအချိန်တွင် ကျိယွမ်သည် တိမ်နီရွာအတွင်းသို့ ရောက်ရှိနေလေပြီ ။
သူသည် ရွှံ့နွံထူသောလမ်းကြောင်းအတိုင်း လျှောက်လာခဲ့ပြီး သူ၏အကြည့်သည် ရှေ့ရှိ ပျက်စီးယိုယွင်းနေသောအိမ်တစ်လုံးဆီသို့ ရောက်ရှိနေ၏။
ထိုအိမ်အတွင်း၌ ကောင်လေးတစ်ဦးနှင့် အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်သာ ရှိသေးသော မိန်းကလေးတစ်ဦး ရှိနေသည်ကို သူ ခံစားမိသည်။
ထိုကလေးနှစ်ဦးလုံးမှာ အာဟာရချို့တဲ့နေပုံရပြီး သူတို့၏ အရေပြားများသည် နေလောင်ဒဏ်နှင့် ညစ်ပေမှုများကြောင့် မည်းမှောင်နေ၏။
ကျိယွမ်သည် တံခါးကို ခေါက်လိုက်သည်။
အိမ်တွင်း၌ လီရှောင်တန်သည် တောင့်တင်းသွား၏။ သူ၏လက်သည် တံခါးမင်းတုတ်ပေါ်တွင် ရှိနေရင်း စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးလိုက်သည်။
"ဘယ်သူလဲ"
"ငါ ကံကြမ္မာအကြွေးတချို့ကို လာဖြေရှင်းတာပါ"
ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
လီရှောင်တန်သည် ဝေခွဲမရ ဖြစ်သွား၏။ ထိုစကားလုံးများသည် သူ့အတွက် ဘာမျှ အဓိပ္ပာယ်မရှိပေ။
"မင်းတို့အိမ်မှာရှိတဲ့ ရုပ်ထုရဲ့ မြစ်ဖျားခံရာကို ငါ့ကို ပြောပြနိုင်မလား။ မစိုးရိမ်ပါနဲ့... ငါက ကူညီဖို့ လာတာပါ"
ကျိယွမ်က စိတ်ချရသောအပြုံးဖြင့် ထပ်ပြောလိုက်သည်။
ခတ္တမျှ ကြာပြီးနောက် လီရှောင်တန်သည် တံခါးကို အနည်းငယ် ဖွင့်လိုက်၏။ သူက ဝန်လေးစွာဖြင့် ရှင်းပြသည်။
"ဒါကို ရှန်လင်နတ်ဘုရား လို့ ခေါ်ပါတယ်။ ဒါက လော့ရှာနိုင်ငံက နတ်ဘုရားတစ်ပါးပါ..."
သူသည် တာအိုသီလရှင် ပြောပြခဲ့သမျှ အရာအားလုံးကို ဘာမျှမချန်ဘဲ ပြန်ပြောပြလိုက်၏။
ကျိယွမ်ကလည်း တိတ်ဆိတ်စွာ နားထောင်နေသည်။
"ရှေးဟောင်းပစ္စည်းတစ်ခုပဲ"
သူ၏ အသံမှာ အကဲဖြတ်ရခက်လှ၏။
သူ ရယူထားသော ဇာတ်ကောင်ဖြစ်သည့် ရှန်လင်ဆိုသည်မှာ သာမန်ဘွဲ့အမည်တစ်ခုထက် ပိုနေပုံရသည်။ ၎င်းသည် အစွမ်းထက်သော နတ်ဘုရားလက်နက်တစ်ခု၏ အမည် ဖြစ်သည်။
"တကယ်လို့ ဒါက နတ်ဘုရားလက်နက်တစ်ခုဆိုရင် ငါက နတ်ဘုရားတစ်ပါးလို ပြုမူရမှာပေါ့"
ကျိယွမ်က ထို့သို့တွေးလိုက်မိသည်။
သူ၏ ကျင့်ကြံမှုမှာ ခရမ်းရောင်နန်းတော်အဆင့်တွင်သာ ရှိသေးသဖြင့် နတ်ဘုရားတစ်ပါး၏ စွမ်းအားနှင့် ဝေးကွာနေသော်လည်း သူ၏ ရုပ်ဖျက်ခြင်းက ထိုကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
"ကလေး"
ကျိယွမ်၏ အသံသည် တည်ငြိမ်သော်လည်း နတ်ဘုရားအာဏာစက် ထွက်ပေါ်နေသည်။
"မင်း ငါ့ကို သိလား"
လီရှောင်တန်သည် ဘာပြန်ပြောရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေ၏။
"ဒါဆိုရင် ပြောစမ်း... ငါ့ကိုကြည့်ရတာ လူသားတစ်ယောက်နဲ့ တူသလား နတ်ဘုရားတစ်ပါးနဲ့ တူသလား"
"ကျွန်တော်... ထင်တာတော့ ခင်ဗျားကို ကြည့်ရတာ နတ်ဘုရားတစ်ပါးနဲ့ တူပါတယ်"
လီရှောင်တန်က ထိုလူစိမ်းကို မပြစ်မှားဝံ့သဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်ရ၏။
ထိုခဏ၌ ကျိယွမ်၏ ရှန်လင် ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်တာဝန်၏တိုးတက်မှုပြဘားတန်းသည် အနည်းငယ် ရှေ့သို့ တိုးသွားခဲ့သည်။
နောက်ဆုံးတော့ သူ၏ပီပြင်ထူးချွန်သော သရုပ်ဆောင်မှုသည် အရာထင်လာခဲ့လေပြီ ။
"မကြောက်ပါနဲ့။ ငါက လောကကြီးရဲ့ ဆုတောင်းသံတွေကို နားထောင်ပေးတဲ့ နတ်ဘုရားတစ်ပါးပါ"
ကျိယွမ်က နတ်ဘုရားအာဏာစက် အရှိန်အဝါများကို ထုတ်ဖော်ရင်း ကြေညာလိုက်၏။
လီရှောင်တန်သည် ဇဝေဇဝါဖြင့် မျက်တောင်ခတ်နေမိပြီး သူ၏ဗီဇအရ တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။
ကျိယွမ်သည် သက်ပြင်းအသာချရင်း လှည့်ထွက်ခဲ့၏။
"လာခဲ့"
သူက ချန်ခန်းပေါင်ကို အမိန့်ပေးလိုက်ပြီး ထိုကောင်လေးကို ထားရစ်ခဲ့တော့သည်။
သူတို့ ရွာထဲသို့ဆက်လျှောက်လာစဉ် ချန်ခန်းပေါင်က တိုးတိုးလေး ဆို၏။
"သခင်... လူသားတွေက စစ်မှန်တဲ့နတ်ဘုရားကို မမြင်နိုင်လောက်အောင် ကန်းနေကြတာပဲ"
"ဒါက သူတို့မှာ ငါ့ရဲ့ ကောင်းကင်တမန်တွေနဲ့ စစ်သည်တွေကို မြင်နိုင်တဲ့ အမြင်အာရုံ မရှိလို့ပဲ"
ကျိယွမ်က ခေါင်းခါရင်း သနားကရုဏာသက်စွာ မှတ်ချက်ချသည်။
အကယ်၍ ဤအခြေအနေမျိုး မဟုတ်ပါက ကျိယွမ်သည် အပြင်ပန်းသဏ္ဌာန်ကို ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ဆင်းသက်လာသောနတ်ဘုရားအဖြစ် သရုပ်ဆောင်ရန်အတွက် သူသည် အခြားသူများအား သူ၏ နတ်ဘုရားအဖြစ်ကို ယုံကြည်သက်ဝင်စေရန် ပြုလုပ်ရမည် ဖြစ်သည်။
"ကောင်းပြီ... မင်းမှာ ဒရုန်းတွေမရှိရင် မင်းကိုယ်တိုင်ပဲ တည်ဆောက်ရမှာပေါ့"
ကျိယွမ်က တွေးလိုက်၏။
"ခြင်တွေအများကြီးရှိတဲ့ ရွှံ့ညွန်တောတစ်ခုကို ရှာကြစို့"
သူ၏ ကောင်းကင်တမန်များကို ဖန်တီးရန်အတွက် သဘာဝတရားက ပေးစွမ်းထားသောအရာများကို အသုံးပြုခြင်းထက် ပို၍ကောင်းသော နည်းလမ်း ရှိပါဦးမည်လော။
နာရီဝက်ခန့် ကြာပြီးနောက် တာအိုသီလရှင်သည် တိမ်နီရွာ၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့၏။ သူမ၏ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏ စိတ်ထဲတွင်မူ တွက်ချက်မှုများစွာ ဖြတ်သန်းနေသည်။
"အဲဒီလူနှစ်ယောက်က ဘယ်သူတွေလဲ။ နင့်ဆီက ဘာလိုချင်လို့တဲ့လဲ"
သူမက လီရှောင်တန်ကို တိုက်ရိုက် မေးလိုက်၏။
လီရှောင်တန်သည် မျက်နှာဖြူလျော့လျက် ဝေခွဲမရ ဖြစ်နေသည်။
"သူတို့ထဲက တစ်ယောက်က ကြည့်ရတာ... ပုံမှန်မဟုတ်ဘူး။ သူက ကျွန်တော့်အိမ်က ရုပ်ထုအကြောင်း မေးခဲ့တယ်"
"ရုပ်ထု ဟုတ်လား"
သီလရှင် မျက်မှောင်ကြုတ်သွား၏။ ရှန်လင်နတ်ဘုရား၏ သက်မဲ့ရုပ်ထုတစ်ခုပင် ဖြစ်ပါစေဦးတော့... ၎င်းတွင် နတ်ဘုရားစွမ်းအင် အနည်းငယ် ကျန်ရှိနေသေးသဖြင့် စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပေသည်။
"သူ တခြား ဘာပြောသေးလဲ"
သူမက ထပ်မေးလိုက်သည်။
လီရှောင်တန်သည် စိုးရိမ်ပူပန်လျက် ဝေခွဲမရ ဖြစ်နေရင်း ကျိယွမ်နှင့် စကားဝိုင်းကို အသေးစိတ် ပြန်ပြောပြလိုက်၏။
"သူက ကျွန်တော့်ကို သူ့ကိုကြည့်ရတာ လူသားတစ်ယောက်နဲ့ တူသလား နတ်ဘုရားတစ်ပါးနဲ့ တူသလားဆိုပြီးတော့လည်း မေးခဲ့သေးတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်လို့လည်း ပြောခဲ့တယ်။ သူက... ရူးနေပုံရတယ်"
သီလရှင်၏ မျက်မှောင်ကြုတ်မှုမှာ ပို၍နက်ရှိုင်းသွားသည်။ ထိုလူ၏ ပြုမူပုံများသည် မည်သည့် လက်နက်သခင် ကျင့်ထုံးနှင့်မျှ ကိုက်ညီမှုမရှိပေ။
"မနေ့က..."
လီရှောင်တန်က ဝေခွဲမရစွာဖြင့် ထပ်ပြောသည်။
"ကျွန်တော် ထင်တာကတော့... ရုပ်ထုက ကျွန်တော့်ကို စကားပြောခဲ့တယ်"
သီလရှင်၏ အကြည့်သည် စူးရှသွား၏။
"စကားပြောတယ် ဟုတ်လား။ သူ ဘာပြောလဲ"
လီရှောင်တန်သည် အသံများ တုန်ရီလျက် ဝေခွဲမရ ဖြစ်နေသည်။
"သူက... 'ငါက နတ်ဘုရား မဟုတ်ဘူး' လို့ ပြောခဲ့တာ"
သီလရှင်သည် ခတ္တမျှ မှင်သက်သွားပြီး သူမ၏စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေ၏။ အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ပါက သူမသည် ကလေးတစ်ဦး၏ စိတ်ကူးစိတ်သန်းအဖြစ် ပယ်ချလိုက်မည် ဖြစ်သည်။ သို့သော် ထိုကောင်လေး၏ ကြောက်ရွံ့နေသော အသံမှာ လုပ်ကြံဖန်တီးထားပုံမရပေ။
"မဖြစ်နိုင်တာ"
သူမက နောက်ဆုံးတွင် ခေါင်းယမ်းလိုက်သည်။
"နတ်ဘုရားတွေက သေဆုံးသွားခဲ့ပြီ။ ရုပ်ထုတွေက စကားမပြောနိုင်ဘူး။ မင်း ကြားခဲ့ရတာတွေက မင်းရဲ့ စိတ်ကူးတွေပဲ ဖြစ်မှာပါ"
သို့သော်လည်း သူမ၏နှလုံးသားထဲတွင် သံသယများ ကျန်ရှိနေဆဲ ဖြစ်သည်။
ဒါက ပုံမှန်မဟုတ်သောအခြေအနေတစ်ခု ဖြစ်နေမလား။
သူမ ထပ်မံ၍ မမေးမြန်းနိုင်မီမှာပင် လီရှောင်တန်သည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် မျက်လုံးများ ပြူးကျယ်လျက် အသက်ရှူမှားသွား၏။
"ဘာဖြစ်လို့လဲ"
လီရှောင်တန်သည် အဝေးကကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ"
သီလရှင်သည်လည်း လှည့်ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ တင်းမာသွားတော့သည်။
ကောင်းကင်ယံတွင် တောင်ပံခတ်သံများ လေထုထဲ၌ ပြည့်နှက်နေပြီး တိမ်နီရွာ၏ ရွာသားများသည် ထိတ်လန့်ခြောက်ခြားမှုများ ဖြစ်ပေါ်လာကြ၏။
လူတစ်ဦးသည် နတ်ဘုရားရထားလုံးပေါ်တွင် ထိုင်နေသကဲ့သို့ ကောင်းကင်ယံတွင် လွင့်မျောနေသည်။ ထိုလူသည် ခန့်ညားထည်ဝါပြီး နတ်ဘုရားဆန်လှကာ သူ၏ တည်ငြိမ်သော အကြည့်များသည် တိတ်ဆိတ်သော အာဏာစက် အရှိန်အဝါကို ထုတ်ဖော်နေ၏။
ထိုသူမှာ ကျိယွမ် ပင်။
သူ၏ ဘေးပတ်ပတ်လည်တွင် ထူးဆန်းသော အရာဝတ္ထုအုပ်စုကြီး ဝန်းရံထား၏။ ထိုအရာများသည် ငှက်များကဲ့သို့ သတ္တုတောင်ပံများကို ခတ်နေကြသော သံမဏိတည်ဆောက်ပုံများ ဖြစ်ကြသည်။
ထိုအရာများမှာ ရာနှင့်ချီ... ထောင်နှင့်ချီ၍ ရှိနေပြီး ၎င်းတို့၏ ငွေရောင်မျက်နှာပြင်များသည် မှိန်ပြပြအလင်းရောင်အောက်တွင် တောက်ပနေလျက် သူ့ကို ကောင်းကင်ယံသို့ သယ်ဆောင်ပေးထားကြသည်။
တိမ်ဆီးနှင်းခဲဆင့်ခေါ်ခြင်း (တိမ်စီး၍ မြူနှင်းများကို ဆင့်ခေါ်ခြင်း) လားဟု သီလရှင်က တွေးတောလိုက်မိပြီး သူမ၏ ဗီဇအရ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာ၏။
ရွှမ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော လက်နက်သခင်များသာလျှင် ပျံသန်းခြင်းကို ပြုလုပ်နိုင်ကြသည်။
သို့သော် ဤအရာကမူ...
သူမသည် ကျိယွမ်ကို သယ်ဆောင်ထားသော ထူးဆန်းသော "ငှက်များ" ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။
"တိမ်တိုက်တွေလည်း မဟုတ်ဘူး... မြူနှင်းတွေလည်း မဟုတ်ဘူး... အဲဒါတွေက ဘာတွေလဲ"
ရွာသားများသည် အံ့ဩမှင်သက်စွာဖြင့် စိုက်ကြည့်နေကြပြီး အချို့သူများသည် ရိုသေကိုင်းရှိုင်းမှုများဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြ၏။ သူတို့သည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
"အဲဒါ ဘာကြီးလဲ"
"အဲဒီ ပျံသန်းနေတဲ့ အရာတွေက... နတ်ဘုရားသားရဲတစ်မျိုးမျိုးလား"
"ဘုရားသခင်... ဒါက လူ့လောကထဲကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလား"
သတ္တုသတ္တဝါအုပ်စုသည် ကောင်းကင်ယံတွင် ဝဲပျံနေစဉ် ကျိယွမ်၏ တည်ငြိမ်သော အသံသည် ရွာတစ်ခုလုံးသို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာတော့သည်။
"ငါက ဒီမြေပြင်ပေါ်မှာရှိတဲ့ ဝိညာဉ်မှင်စာတွေကို သန့်စင်ဖို့ ရောက်လာတဲ့ နတ်ဘုရားပဲ"
"ဒါပေမဲ့...မင်းတို့ ငါ့ရှေ့မှာ ဒူးထောက်ဖို့ မလိုပါဘူး"
----------