အခန်း ၄၉၄
Vol. 46 Ch. 494
အခန်း (၄၉၄) - ငါ စီးတော်ယာဉ်တစ်စီး လိုအပ်တယ်
အမျိုးသမီးဝိညာဥ်မှင်စာ ရှစ်ဆယ်ခုနစ်ကောင်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်၏။
သွေးနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ပုံရိပ်သည် လေထုအလယ်တွင် ခန့်ညားစွာထိုင်နေပြီး သူ၏ အမူအရာမှာ အေးစက်ကာ ကြံ့ခိုင်လွန်းလှသည်။
သူသည် လက်ထဲတွင် လှံတစ်စင်းကို ကိုင်ဆောင်ထားသဖြင့် လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် အလွန်ပင် တူလှ၏။
ထိတ်လန့်ချောက်ချားဖွယ်ကောင်းပြီး အေးစက်လှသော ဝိညာဥ်မှင်စာများသည် သူ့ရှေ့တွင် ဘာမှမတတ်နိုင်ခဲ့ကြချေ။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ရွာသားများနှင့် အလုပ်သမားများအားလုံး မြေပြင်ပေါ်သို့ ပို၍ပင်ပြားပြားဝပ်ကာ ရိုသေကိုင်းရှိုင်းမှုများဖြင့် ဟစ်အော်ကြတော့သည်။
"နတ်ဘုရားရဲ့အစွမ်းတန်ခိုးက ကြီးမားလှပ့ပေတဟ်"
"ဒါက တကယ်နတ်ဘုရားတစ်ပါးပဲ"
တာအိုသီလရှင်မှာလည်း စိတ်ထဲတွင် တုန်လှုပ်နေပြီး အံ့ဩမှင်သက်လျက် ရပ်နေ၏။
မဖြစ်နိုင်သော အရာတစ်ခုကို အားစိုက်စရာမလိုဘဲ အလွယ်တကူလုပ်ဆောင်ပြသွားသော ထိုအတတ်ပညာမှာ မည်သို့သော အတတ်ပညာမျိုး ဖြစ်မည်နည်း။
အဝါအဆင့်၏ အမြင့်ဆုံးအဆင့်တွင် ရှိကြသော ဝိညာဥ်မှင်စာ ရှစ်ဆယ်ခုနစ်ကောင်စလုံး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။
ထိုမှင်စာများသည် ထိပ်တန်းအဆင့်ရှိ တီအဆင့်လက်နက်သခင်တစ်ဦးကိုပင် ကြောက်ရွံ့စေနိုင်သော ၎င်းတို့၏ ပူးပေါင်းဝိညာဉ်တိုက်ခိုက်မှုများသည် ရွှမ်အဆင့်အင်အားကြီးပုဂ္ဂိုလ်တစ်ဦးကိုပင် အလွယ်တကူ လွှမ်းမိုးနိုင်စွမ်း ရှိသည်။
နယ်ပယ်တစ်ခု၏ အကျွမ်းကျင်ဆုံးသော အုပ်စိုးသူများပင်လျှင် ထိုကဲ့သို့သော ပြင်းထန်သည့်တိုက်ခိုက်မှုအောက်တွင် သေဆုံးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သို့သော်လည်း ဤသွေးနီရောင်ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်အပေါ်တွင်မူ ၎င်းတို့၏ ဝိညာဉ်တိုက်ခိုက်မှုများသည် စွမ်းဆောင်နိုင်ရည် လုံးဝမရှိခဲ့ပါ။
သူသည် တကယ်ပဲ နတ်ဘုရားတစ်ပါး ဖြစ်နေနိုင်သလား။
ထို့ထက်ပိုသည်မှာ သူ၏ တိုက်ခိုက်ရေးအတတ်ပညာများသည် အပြစ်ဆိုဖွယ်မရှိဘဲ စီးဆင်းနေသော ရေလှိုင်းကဲ့သို့ ပြေပြစ်လှပစွာ ထုတ်ဖော်သွားခြင်း ဖြစ်၏။
သူ၏ ခွန်အားနှင့် အရှိန်မှာ ဝိညာဥ်မှင်စာများထက် နိမ့်ပါးသည်ဟု ထင်ရသော်လည်း သူသည် မှင်စာရှစ်ဆယ်ခုနစ်ကောင်စလုံးကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
သူ၏ သိုင်းပညာ ပြီးပြည့်စုံမှုမှာ ဒဏ္ဍာရီဆန်လွန်းလှ၏။
ထျန်အဆင့်လက်နက်သခင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ကြိမ်ဖူးမျှ မြင်တွေ့ခဲ့ဖူးသော တာအိုသီလရှင်သည်ပင် ဤမျှလောက် အပြစ်ဆိုဖွယ်မရှိသော အရာမျိုးကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပါ။
တီအဆင့်လက်နက်သခင်တစ်ဦးသည် ၎င်းတို့၏ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လက်နက်၏ ထက်မြက်မှုကို အားကိုး၍ လေးလံသောသံချပ်ကာဝတ်စစ်သည် သုံးထောင်ကို ခုခံကာကွယ်နိုင်ကောင်း နိုင်လိမ့်မည်။
သို့သော် ဤသွေးနီရောင်ချပ်ဝတ်တန်ဆာဝတ်ထားသောသူမှာမူ သူ၏ သိုင်းပညာတစ်ခုတည်းဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည် သုံးထောင်ကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ပြီး ဒဏ်ရာတစ်စုံတရာမရဘဲ လွတ်မြောက်နိုင်မည့်ပုံစံ ရှိ၏။
"ရှင်... ရှင်က ဘယ်သူလဲ"
တာအိုသီလရှင်က တုန်ရင်နေသော အသံဖြင့် မေးလိုက်သည်။ သူမ၏ စကားလုံးများ ကထစ်ငေါ့နေရုံသာမက အသံများပင်တုန်ရီနေ၏။
"ငါက... နတ်ဘုရားဆင်းသက်ခြင်း ရှန်လင်ပဲ"
နတ်ဘုရားတစ်ပါး၏ အသံကဲ့သို့ ကောင်းကင်ဘုံမှ အေးစက်ပြီး ဩဇာညောင်းသော တုံ့ပြန်သံ ထွက်ပေါ်လာသည်။
"ရှန်လင်နတ်ဘုရား လား"
တာအိုသီလရှင်သည် ကျိယွမ်ကို ကြည့်ရင်း ခဏမျှ ဆွံ့အသွားရ၏။
၄င်းက သူမ သိကျွမ်းထားသည့် ရှန်လင်နတ်ဘုရားရော ဟုတ်ရဲ့လား။
ရှန်လင်နတ်ဘုရားဆိုသည်မှာ ဒဏ္ဍာရီလာလက်နက်... နတ်ဘုရားလက်နက်တစ်ခု မဟုတ်ပါလား။
ချန်ခန်းပေါင်သည် ပြင်းထန်သောကြည်ညိုအားကျမှု အပြည့်ဖြင့် သွေးနီရောင်ချပ်ဝတ်တန်ဆာဝတ်ပုံရိပ်ကို ကြည့်ကာ ရွတ်ဆိုပူဇော်တော့သည်။
"ရှန်လင်နတ်ဘုရား... နယ်ပယ်အားလုံးရဲ့ ရိုသေမှုကို ခံယူတော်မူထိုက်တဲ့ ရှန်လင်နတ်ဘုရား"
"နတ်သမီးတွေက သူ့ဘေးမှာ အစေခံပြီးမိုးကြိုးနတ်ဘုရားငါးပါးက သူ့ဆင့်ခေါ်ချက်ကို နာခံကြရတယ်။"
"ရှောက်တင်းနဲ့ ရှောက်ကျာတို့က သူ့ခန္ဓာကိုယ်ကို စောင့်ရှောက်ပြီး
ပါ့ကွာရှစ်ခုနဲ့ နန်းတော်ကိုးခုက သူ့ရဲ့ နတ်ဘုရားဆန်တဲ့ အစီအရင်ကို ဖြစ်စေတယ်"
"သူ့မျက်ဝန်းထဲက ရွှေရောင်အလင်းတန်းတွေက မကောင်းဆိုးဝါးနဲ့ မတရားမှုတွေကို ဖယ်ရှားပြီး
လက်ထဲက အလင်းရောင်က အမှောင်ထုကို မောင်းထုတ်တယ်။"
"ရှန်လင်နတ်ဘုရား လျှောက်လှမ်းတဲ့နေရာတိုင်းမှာ ထာဝရအလင်းရောင်က နောက်ကလိုက်ပြီး
သက်ရှိသတ္တဝါအားလုံး နတ်ဘုရားရဲ့ ကရုဏာတော်ကို ခံစားရလိမ့်မယ်"
သူ၏ ရွတ်ဆိုသံကို ကြားလိုက်ရသဖြင့် ဒူးထောက်နေသော ရွာသားများသည်လည်း ချက်ချင်းပင် တညီတညွတ်တည်း လိုက်လံအော်ဟစ်ကြ၏။
"အလင်းရောင်မဲ့တဲ့ ကမ္ဘာလောကမှာ ရှန်လင်နတ်ဘုရားက ကျွန်တော်မျိုးတို့ရဲ့ မီးရှူးတန်ဆောင်ပဲ"
"အလင်းရောင်မဲ့တဲ့ ကမ္ဘာလောကမှာ ရှန်လင်နတ်ဘုရားက ကျွန်တော်မျိုးတို့ရဲ့ မီးရှူးတန်ဆောင်ပဲ"
အသံများသည် မိုးကြိုးကဲ့သို့ ဟိန်းနေပြီး စိတ်အားထက်သန်မှူနှင့် ရိုသေကိုင်းရှိုင်းမှုများ ပါဝင်နေကာ ကြည်ညိုသဒ္ဓါတရားများက လူအုပ်ကြီးထံ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားတော့သည်။
အခြေအနေ၏ ပြင်းထန်မှုကြားတွင် တာအိုသီလရှင်ပင်လျှင် ထိုရွတ်ဆိုသံထဲသို့ သူမကိုယ်သူမ စီးမျောလုနီးပါး ဖြစ်သွားရ၏။
သူမ သတိပြန်ဝင်လာသည့် အချိန်တွင်မူ ထိုနတ်ဘုရားဆန်သော ပုံရိပ်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
နတ်ဘုရားက ဘာလို့ပြီးတဲ့အထိ ကန်တော့ မခံရတာလဲ။
.............
မိုင်အနည်းငယ်အကွာရှိ မြေပြင်ပေါ်သို့ ပုံရိပ်တစ်ခု ကောင်းကင်မှ ကျဆင်းလာသဖြင့် ဘုန်းခနဲ အသံကြီးတစ်ခု မြည်ဟည်းသွား၏။
ကျိယွမ်သည် ရုပ်ပျက်ဆင်းပျက်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး သူ၏ မျက်နှာမှာ ဖြူလျော်နေကာ တည်ငြိမ်မှုများလည်း လုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။
ခန့်ညားထည်ဝါသော နတ်ဘုရားအရှိန်အဝါများမှာ လုံးဝ မရှိတော့ချေ။
"ငါ အချိန်မီ ထွက်ပြေးနိုင်ခဲ့လို့ တော်သေးတာပေါ့။ အဲဒီ ခြင်အဆင့်ဒရုန်းတွေက အမှိုက်တွေပဲ"
သူသာ ထိုနေရာတွင် ဆက်ရှိနေခဲ့ပါက သူ၏ ရုပ်ဖျက်ခြင်းက ပျက်စီးသွားပြီး လူအုပ်ကြီးရှေ့တွင် အရှက်ကွဲမှာ အသေအချာပင်။
ဝိညာဥ်မှင်စာများနှင့် တိုက်ပွဲတွင် သူ ဒဏ်ရာမရရှိခဲ့သော်လည်း သူ၏ ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်အပေါ် ဖိအားပေးမှုမှာမူ အလွန် ကြီးမားခဲ့၏။
ထို့ထက်ပိုဆိုးသည်မှာ ခြင်များကို အသွင်ပြောင်းလဲကာ ပြုလုပ်ထားသော ဒရုန်းများသည် ပျက်စီးလုနီးပါး ဖြစ်နေပြီး သူ၏ အလေးချိန်ကို ဆက်လက်၍ မထိန်းထားနိုင်တော့ချေ။
ထပ်မံ၍ အချိန်ဆွဲနေခဲ့ပါက လူအုပ်ကြီးအားလုံး မြင်တွေ့နိုင်ရန် နတ်ဘုရားဆန်သောဝမ်းဗိုက်ဖြင့်ကျဆင်းမှုကို လုပ်ဆောင်ပြရပေလိမ့်မည်။
"သခင်.. စောစောက ရွတ်ဆိုပူဇော်တဲ့အခန်းမှာ ကျွန်တော် ဘယ်လိုနေလဲ"
ချန်ခန်းပေါင်က ဂုဏ်ယူဝင့်ကြွားသောအသံဖြင့် စိတ်အားထက်သန်စွာ မေးလိုက်သည်။
"မဆိုးပါဘူး"
ကျိယွမ်က ချီးကျူးလိုက်၏။
"မင်းက အခုကစပြီး ငါ့ရဲ့ ဗျူဟာမှူးတင်မကဘူး... ငါ့ရဲ့ အသံချဲ့စက်လည်း ဖြစ်တယ်"
စောစောက ချန်ခန်းပေါင် ရွတ်ဆိုခဲ့သော စာသားများသည် တကယ်တော့ ကျိယွမ်က ထိုနေရာတွင်တင် စိတ်ကူးပေါက်၍ တီထွင်ခဲ့သော စကားစုများကို စုစည်းထားခြင်း ဖြစ်၏။
သတင်းကောင်းမှာ ၎င်းသည် လုံးဝ အသစ်စက်စက် အော်ရီဂျင်နယ်ဖြစ်ပြီး သတင်းဆိုးမှာမူ အဓိပ္ပါယ်က ပေါချာချာနိုင်ကာ အဝတ်စုတ်များကို ဖာထေးထားသကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။
ကျိယွမ်အတွက်မူ ရှန်လင်နတ်ဘုရားအဖြစ် ဇာတ်ကောင်သရုပ်ဆောင်ခြင်းမှာ ပြသရုံသက်သက် မဟုတ်ဘဲ ထိုလုပ်ဆောင်ချက်ကို ပိုမိုခိုင်မာစေရန် ဆွဲဆောင်မှုရှိသော ကြွေးကြော်သံများ လိုအပ်၏။
၎င်းသည် ခန့်ညားထည်ဝါမှုကို တိုးပွားစေရုံသာမက သူ၏ ဒဏ္ဍာရီကို နေရာအနှံ့ကျယ်ပြန့်စွာပျံ့နှံ့ရန်လည်း ပိုမိုလွယ်ကူစေသည်။
"တစ်ခုတည်းသော အားနည်းချက်ကတော့... ဒီဒရုန်းတွေရဲ့ အရည်အသွေးပဲ။ နောက်တစ်ကြိမ်ကျရင် ပိုကောင်းတဲ့ အရာတွေကို ငါ ရှာဖွေရမယ်"
ကျိယွမ်က တိုးတိုးရေရွတ်လိုက်၏။
လက်ရှိတွင် ကျိယွမ်သည် မိမိဘာသာ ပျံသန်းနိုင်စွမ်း မရှိသေးချေ။
မပျံသန်းနိုင်သော နတ်ဘုရားတစ်ပါးလား။
နတ်ဘုရားတစ်ပါးဖြစ်နေပြီး မပျံသန်းနိုင်ပါက ခန့်ညားထည်ဝါမှုလည်း ကင်းမဲ့နေပေလိမ့်မည်။ထို့ကြောင့် ဒရုန်းများ လိုအပ်ခြင်းပင်။
သူသည် ပို၍ နတ်ဘုရားဆန်သော အလှအပဆိုင်ရာအတွက် မိုးကြိုးအထူးပြုလုပ်ချက်များကို ထည့်သွင်းရန်ပင် စဉ်းစားနေ၏။
"ပြီးတော့ ပရိုဂျက်တာတစ်ခုလည်း လိုနိုင်တယ်။ ငါ နတ်ဘုရားပုံရိပ်ယောင်ထင်ဟပ်မှုကို ကိုယ်တိုင်မပြသနိုင်ရင် နည်းပညာနဲ့ပဲ ဖန်တီးရမယ်။ ဒါက သူတို့ကို အံ့အားသင့်သွားစေလိမ့်မယ်"
ထုံးစံအတိုင်း ကျိယွမ်သည် သူ၏ သရုပ်ဆောင်မှုကို ပြန်လည်သုံးသပ်ရန် အချိန်ယူလိုက်သည်။
"အဝါအဆင့် ဝိညာဥ်မှင်စာ ရှစ်ဆယ်ခုနစ်ကောင် အသတ်ခံရတယ်။ ငါ အခု အဆင့် ၅၇ ကို ရောက်သွားပြီ... အဆင့် နှစ်ဆယ်ကျော်ကို ချက်ချင်းတက်လာတာပဲ"
သူ၏ လက်ရှိ တွက်ချက်မှုများအရ ၎င်းသည် လက်နက်သခင်တစ်ဦးအဖြစ် အဝါအဆင့်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေ၏။
သူသည် ရွှမ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဤကမ္ဘာတွင် ရွှမ်အဆင့်သို့ ရောက်ရှိခြင်းက သူ့ကို နယ်မြေတစ်ခုလုံး၏ ကာကွယ်ရေးကို ကြီးကြပ်ရသော ခရိုင်တပ်မှူးအဖြစ် ဆောင်ရွက်ရန် အရည်အချင်းပြည့်မီစေလိမ့်မည်။
"ဒါပေမဲ့ အဆင့်တက်တာက အကြီးမားဆုံး ရလဒ်မဟုတ်သေးဘူး။ အရေးအကြီးဆုံး ရရှိမှုကတော့... ငါ့ရဲ့ ရှန်လင်ဇာတ်ကောင်သရုပ်ဆောင်တာက စံချိန်မှိီနေတာပဲ"
ကျိယွမ်က တီးတိုးရေရွတ်လိုက်၏။
ဘားတန်းသည် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ထို့အတူ ဆုလာဘ်အသစ်တစ်ခုလည်း ပွင့်သွားခဲ့၏။
[ ရှန်လင်ကိုယ်ပွား - မကောင်းဆိုးဝါးအားလုံးကို သန့်စင်ရန် ယုံကြည်သူများ၏ ဆင့်ခေါ်ချက်ကို တုံ့ပြန်လျက် နတ်ဘုရားကိုယ်ပွားကို ကိုယ်ထင်ပြစေနိုင်သည် ]
အချက်အလက်မြောက်မြားစွာမှာ ကျိယွမ်၏ စိတ်ထဲသို့ စီးဝင်လာခဲ့၏။
"ရှန်လင်ကိုယ်ပွား" ဆိုသည်မှာ စွမ်းရည်တစ်ခု သို့မဟုတ် ပိုမိုတိကျစွာ ပြောရလျှင် နတ်ဘုရားဆန်သော စွမ်းရည်တစ်ခု ဖြစ်သည်။
ယုံကြည်သူများက ဆုတောင်းခြင်း သို့မဟုတ် ကြည်ညိုသဒ္ဓါတရားပြင်းထန်စွာဟတောင်းဆိုချက်များကို ပြုလုပ်သောအခါ ကျိယွမ်သည် ၎င်းတို့၏ ဆင့်ခေါ်မှုကို ခံစားသိရှိနိုင်ပြီး အံ့ဖွယ်များကို ပြုလုပ်ရန် ကိုယ်ပွားတစ်ခုကို စေလွှတ်နိုင်၏။
ဤကိုယ်ပွားသည် ရှန်လင်ရှေးဟောင်းလက်နက်၏ စွမ်းအားအချို့ကို ပိုင်ဆိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုစွမ်းရည်တွင် ကန့်သတ်ချက်များ ရှိနေ၏။ အကွာအဝေး ပိုမိုဝေးကွာလေလေ ကိုယ်ပွား၏ စွမ်းအားမှာ ပိုမိုအားနည်းလေလေ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ထိုစွမ်းရည်သည် သူ့ကို တစ်စုံတစ်ယောက်က ဆင့်ခေါ်ရန်မှသာ အသုံးဝင်ခြင်း ဖြစ်ပြီး သူက မိမိသဘောဖြင့် အသက်သွင်းနိုင်ခြင်း မရှိချေ။
"ဒါက သူများအတွက်သပ်သပ် ဖြစ်နေတယ်"
ကျိယွမ်က အနည်းငယ် စိတ်ပျက်စွာ တွေးလိုက်ပြီးနောက် သူသည် ချန်ခန်းပေါင်ဘက်သို့ လှည့်ကာ မေးသည်။
"အဘိုးကြီး... မင်းက ငါ့ရဲ့ ယုံကြည်သူတွေထဲက တစ်ယောက်လား"
"သေချာတာပေါ့"
ချန်ခန်းပေါင်က အလွန်ကြည်ညိုနေသောတပည့်တစ်ဦးကဲ့သို့ ခေါင်းညိတ်ရင်း စိတ်အားထက်သန်စွာ ပြန်ဖြေ၏။
"ကောင်းပြီ။ ငါ့ကို အခုချက်ချင်း ဆုတောင်းပြီးဆင့်ခေါ်လိုက်စမ်း... ငါ တစ်ခုခုကို စမ်းသပ်ချင်လို့"
ချန်ခန်းပေါင်သည် စကားကို နာခံလျက် မျက်ဝန်းများကို မှိတ်လိုက်ပြီး ရိုသေကိုင်းရှိုင်းသော အမူအရာကို ဖော်ပြလိုက်သည်။
"နတ်ဘုရားအရှင်.. မျက်မှောင်တော်ကိုဖွင့်တော်မူပြီး နှိမ့်ကျသောအစေခံကို ကြည့်ရှုတော်မူပါ"
သူက ပြင်းပြစွာ ဆုတောင်း၏။
ထိုဆုတောင်းသံသည် လေထုထဲတွင်ရော ကျိယွမ်၏ စိတ်ထဲတွင်ပါ ဟိန်းထွက်သွားသည်။
ကျိယွမ်သည် သူ၏ ရှေ့တွင် ရွေးချယ်စရာ သုံးခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
[ ၁။ ရှန်လင်နတ်ဘုရားအဖြစ် ဆင့်ခေါ်မှုကို တုံ့ပြန်ရန်။
၂။ မိမိ၏ စိတ်စွမ်းအင်ဆိုင်ရာစွမ်းရည်ကို အသုံးပြု၍ စကားပြောဆိုရန်။
၃။ ဆုတောင်းမှုကို လျစ်လျူရှုရန် သို့မဟုတ် ပိတ်ပင်ရန်။]
"အဆင်ပြေသွားပြီ... ငါ့ကိုယ်ငါ ငါ ပြန်ပြီးဆင့်ခေါ်လို့ရတယ်"
ကျိယွမ်က ကျေနပ်စွာ တွေးလိုက်၏။
ပထမဆုံး ရွေးချယ်စရာကို ရွေးချယ်မည့်အစား ကျိယွမ်သည် ဒုတိယတစ်ခုကို ရွေးချယ်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ကိုယ်ထင်ပြရန် အလွန်ပင် နွမ်းနယ်နေသဖြင့် ပိုမိုရိုးရှင်းသော နည်းလမ်းကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
"ကောင်းပြီ... ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျိယွမ်က သူ၏ စိတ်စွမ်းအင်အသံကို အသုံးပြု၍ ပြောလိုက်သည်။
ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိပြီးနောက် ကျိယွမ်သည် အချို့သော အတွေးများကို ကြားနိုင်ပြီး တုံ့ပြန်နိုင်သော စွမ်းရည်ကို ရရှိခဲ့၏။
ထိုစွမ်းအားသည် ရှန်လင်အဖြစ်သရုပ်ဆောင်မှုအတွက် အလွန်ပင် ပြည့်စုံလှပေသည်။
ခဏအကြာတွင် ချန်ခန်းပေါင်သည် မျက်ဝန်းများကို ဖွင့်လိုက်ရာ သူ၏ မျက်နှာထက်တွင် အံ့ဩမှုများ အပြည့် ရှိနေ၏။
ဆွဲဆောင်မှုရှိသော အနံ့အသက်တစ်ခုမှာ လေထုထဲတွင် လွင့်ပျံလာသည်။ သူ၏ ရှေ့တွင် ထူးဆန်းသော ဘူးတစ်ခု ရှိနေပြီး အခိုးအငွေ့များ ထွက်နေလေသည်။
"နတ်ဘုရားက တကယ့်ကို အံ့ဖွယ်ပဲ"
ချန်ခန်းပေါင်က အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
သူ့ရှေ့ရှိ အရာဝတ္ထုမှာ ဆလင်ဒါပုံသဏ္ဌာန် ဘူးတစ်ခု ဖြစ်၏။ ထိုကဲ့သို့သော ပစ္စည်းမျိုးနှင့် မရင်းနှီးသဖြင့် ၎င်းကို စက္ကူဖြင့် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းလိုက်သည်။
အဖုံးကို ဖွင့်လိုက်သောအခါ အတွင်း၌ အခိုးအငွေ့များ ထွက်နေသော အစားအစာကို တွေ့လိုက်ရ၏။
"ဒါက... ခေါက်ဆွဲလား"
သူက စူးစမ်းလိုစိတ်နှင့်အတူ ဝမ်းသာအားရသံများရောလျက် တိုးတိုးရေရွတ်သည်။
"အသင့်စားခေါက်ဆွဲလို့ ခေါ်တယ်"
ကျိယွမ်က နာမည်အမှန်ပြင်ပေးလိုက်၏။
ချန်ခန်းပေါင် ရရှိခဲ့သော အရာမှာ ၂၁ ရာစု ကမ္ဘာမြေမှ အသင့်စားခေါက်ဆွဲတစ်ခွက် ဖြစ်သည်။
"နေဦး... ဟင်းခတ်မှုန့်ထုပ်တွေ မပါဘူးလား။ အရသာမှုန့်မပါရင် ခေါက်ဆွဲက ဘာအဓိပ္ပာယ် ရှိမှာလဲ"
ကျိယွမ်က ခေါက်ဆွဲဗူးအားကြည့်ကာ စိတ်ပျက်စွာ တိုးတိုးရေရွတ်လိုက်၏။
.......
နာလိုက်တာ. ။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေ၏။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်းအထန် အရိုက်ခံထားရသကဲ့သို့ ခံစားနေရသည်။
ကျိရွှန်းသည် မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူမ၏ မျက်နှာထက်တွင် နက်ရှိုင်းသော နွမ်းနယ်မှုများ ပေါ်လွင်နေသည်။
သူမ၏ ကတ္တီပါရောင်ဆံပင်နက်များကို ရှားပင်ဆံထိုးဖြင့် ပေါ့ပေါ့ပါးပါး စည်းနှောင်ထားပြီး မျက်ခုံးများမှာမူအရည်မပျော်နိုင်သော နှင်းခဲများကို သယ်ဆောင်ထားသကဲ့သို့ တွန့်ချိုးနေ၏။ သူမ၏ ရှည်လျားပြီး သွယ်လျသော ခြေတံများသည် အေးစက်လှသော ရေခဲတိုင်များကဲ့သို့ တင်းကျပ်စွာ စုစည်းနေသည်။
အေးစက်မှုပင်.. သူမသည် အေးစက်လှသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
သူမကို ကြည့်လိုက်သူ မည်သူမဆို ထာဝရရေခဲမြစ်၏ အနက်ရှိုင်းဆုံးနေရာကို စိုက်ကြည့်နေရသကဲ့သို့ ခံစားရပေလိမ့်မည်။
သူမ၏ မှတ်ဉာဏ်များ ပြန်လည်ပေါ်လာသည်နှင့်အမျှ ကျိရွှန်း၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားရသည်။ တုန်ရင်နေသော လက်များဖြင့် သူမသည် မိမိ၏ အဝတ်အစားများအတွင်းသို့ လက်များကို ထည့်သွင်းကာ ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခုကို အတည်ပြုရန် ခန္ဓာကိုယ်ကို စစ်ဆေးတော့၏။
ခဏအကြာတွင် သူမသည် သွားများကို တင်းတင်းကြိတ်လိုက်ပြီး သူမ၏ အမူအရာမှာ အေးခဲသွားသည်။
သူမသည် အပျိုစင်ဘဝတွင်ပင် ရှိနေသေး၏။
ဒါဆို... သခင်လေးက ပန်းသေပန်းညှိုးဖြစ်နေတာများလား။
သူသည် သူမကို ကိုင်တွယ်ရန် အချိန်များစွာ အသုံးချခဲ့သော်လည်း အဆုံးတွင်မူ ရှေ့ဆက်ဆောင်ရွက်ခဲ့ခြင်း မရှိချေ။
သူမ၏ အဝတ်အစားများမှာလည်း ပျက်စီးခြင်းမရှိဘဲ ချွတ်ထားခဲ့သည့် လက္ခဏာပင် မရှိပါ။
သူမသည် ခေါင်းကို မော့ကြည့်လိုက်ရာ ရထားလုံးအတွင်း၌ လဲလျောင်းလျက် အိပ်ပျော်နေသော ရင်းနှီးသည့် ပုံရိပ်ကို ချက်ချင်း တွေ့လိုက်ရ၏။
သူမ၏ အကြည့်သည် ကျိယွမ်၏ မျက်နှာထက်တွင် ကြာရှည်စွာ တည်ရှိနေပြီး မျက်ဝန်းများထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ဖြတ်သန်းသွားသည်။
"ရှင်... ကျွန်မကို ဘာလုပ်လိုက်တာလဲ"
ကျိရွှန်းက နှင်းခဲများ စွဲကပ်နေသောအသံဖြင့် အေးစက်စွာ မေးလိုက်၏။
"ဟမ်... အဲကွန်းဖွင့်ထားလို့လား။ ဘာလို့ ဒီလောက်အေးနေတာလဲ"
ကျိယွမ်သည် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ပြီး သူမ၏ အေးစက်သောအကြည့်ကို ရင်ဆိုင်လိုက်သည်။
"ငါ ဘာလုပ်ခဲ့လို့လဲ။ ဘာမှ ထူးထူးခြားခြား မလုပ်ပါဘူး။ မင်းက သိပ်ဆူညံလွန်းလို့ ငါ မင်းကို သတိမေ့အောင် လုပ်ပြီး ငါ့ခါးမှာ ပတ်ထားတဲ့ လှံတစ်စင်းအဖြစ် အသွင်ပြောင်းလိုက်တာ"
"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ"
ကျိရွှန်းက ခဏမျှ ဆွံ့အသွားရ၏။
သူမသည် အဝါအဆင့်၏ မြင့်မားသောအဆင့်တွင် ရှိသည့် လက်နက်သခင်တစ်ဦး ဖြစ်သည်။ ဤမျှ အားနည်းပြီး ခွန်အားကင်းမဲ့သော သခင်လေးက သူမကို မည်သို့ သတိမေ့အောင် ပြုလုပ်နိုင်ပါမည်နည်း။
ပြီးတော့ သူမကို လှံတစ်စင်းအဖြစ် အသွင်ပြောင်းလဲလိုက်သည် ဟု ပြောခြင်းမှာလည်း လုံးဝ အဓိပ္ပာယ်မရှိသော အရာပင်။
သူ့ကို... ဝိညာဥ်မှင်စာတစ်ကောင်က ပူးကပ်သွားတာလား။ ဒါကြောင့်ပဲ သူ စကားတွေကို မရေမရာ လျှောက်ပြောနေတာလား။
သူမသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး သူမကိုယ်သူမ မည်သို့ကြောင့် သတိမေ့သွားရသည်ကို ပို၍ ဇဝေဇဝါ ဖြစ်သွားရ၏။
ထိုအချိန်တွင် ရထားလုံးအပြင်ဘက်မှ ဂုဏ်ယူဝင့်ကြွားသောအသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်... ကျွန်တော် သခင်ပေးတဲ့ အလုပ်ကို ပြီးအောင်လုပ်ခဲ့ပါပြီ။ တိမ်နီရွာက ဖြစ်ရပ်တွေကို ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြုစုပြီးပါပြီ..."
တိမ်နီရွာမှ ပြန်လာကတည်းက ကျိယွမ်သည် ရှန်လင်နတ်ဘုရား၏ ဂုဏ်သတင်းကို မည်သို့ ခိုင်မာအောင် ပြုလုပ်ရမည်ကို တွေးနေခဲ့၏။
သူသည် ဇာတ်ကောင်နေရာသရုပ်ဆောင်ခြင်း တိုးတက်မှုကို မြှင့်တင်လိုပါက ပထမဦးစွာ ရှန်လင်၏ ဂုဏ်သတင်းကို မြှင့်တင်ရန် လိုအပ်သည်။
ထို့ကြောင့် သူသည် တိမ်နီရွာ၏ ဖြစ်ရပ်များကို ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်၏။ သူသည် ချန်ခန်းပေါင်ကို အရက်ဆိုင်များရှိ ပုံပြောသူများထံ ထိုဇာတ်လမ်းကို ဖြန့်ဝေရန် ညွှန်ကြားခဲ့ပြီး ၎င်းဇာတ်လမ်းကို နေရာအနှံ့လျှောက်ပြောရန် ၎င်းတို့အား ငွေကြေးပင် ပေးချေခဲ့သည်။
ကမ္ဘာမြေတွင်မူ ၎င်းသည် မိမိကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ဝတ္ထုတစ်အုပ်ကို ကိုယ်တိုင်ထုတ်ဝေခြင်းနှင့် တူညီပေလိမ့်မည်။
ကျိရွှန်း၏ ထက်မြက်သောအကြည့်သည် ချဉ်းကပ်လာသော ချန်ခန်းပေါင်ထံသို့ ကျရောက်သွားပြီး သူမ၏ အမူအရာမှာ ပိုမိုသတိကြီးစွာ ရှိလာ၏။
"ရှင်... ရှင်က ဘယ်သူလဲ"
သူမ၏ ပင်ကိုယ်သိစိတ်က ဤအားနည်းပုံရသော အဘိုးကြီးသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ပြောပြနေသည်။
သူ၏ လက်များတွင် အသားမာတက်နေသောအခြေအနေနှင့် သူ၏ လှုပ်ရှားပုံများက သိုင်းနောက်ခံ ရှိကြောင်းကို ဖော်ပြနေ၏။
"ငါက သခင် အရူးဂေဟာကနေ ငှားရမ်းခဲ့တဲ့ ဗျူဟာမှူးပဲ"
ချန်ခန်းပေါင်က ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။
ကျိရွှန်း၏ အမူအရာမှာ ဇဝေဇဝါဖြစ်ခြင်းမှ အံ့ဩခြင်းသို့၊ ထိုမှတစ်ဆင့် နားလည်သဘောပေါက်ခြင်းသို့ ပြောင်းလဲသွား၏။
သူမသည် ကျိယွမ်ဘက်သို့ လှည့်ကြည့်ပြီး မျက်ဝန်းများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်များပြန်ပေါ်လာသည်။
"ဒါဆိုလည်း သခင်လေးရဲ့ စွမ်းရည်တွေ တိုးတက်လာတာပေါ့။ အရူးဓေဟာက လူတစ်ယောက်ကို အစေခံဖြစ်အောင် လှည့်စားနိုင်ခဲ့ရုံတင်မကဘဲ... သူ့ကို သုံးပြီး ကျွန်မကိုပါ သတိမေ့အောင် လုပ်ခိုင်းခဲ့တာကိုး"
သဘာဝကျစွာပင် သူမသည် ချန်ခန်းပေါင်က သူမကို သတိမေ့အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆလိုက်၏။
အဆုံးတွင်မူ ကျိယွမ်သည် အမြဲတမ်း အားနည်းသော စာသင်သားတစ်ဦးသာ ဖြစ်ခဲ့သဖြင့် ထိုကဲ့သို့သော အရာမျိုးကို မလုပ်ဆောင်နိုင်ချေ။
သူမ၏ စွပ်စွဲချက်များကို ရင်ဆိုင်ရသော်လည်း ကျိယွမ်သည် တုန်လှုပ်ခြင်းမရှိပါ။
"တုံးလိုက်တာ.. သူက ငါ ယုံကြည်ရတဲ့သူပဲ"
"ကျွန်တော်က သခင်ရဲ့ သစ္စာအရှိဆုံး အစေခံပါ"
ချန်ခန်းပေါင်ကလည်း ချက်ချင်းပင်ဖြည့်ပြောလိုက်သည်။
ကျိရွှန်းသည် သူတို့နှစ်ဦးကို ပို၍ပင် သံသယများ ပြည့်နှက်သွားလေ၏။
သခင်လေးက တကယ်ပဲ ရူးသွားခဲ့တာများလား။
သူ၏ အမူအရာနှင့် လှုပ်ရှားမှုများသည် သူမ ယခင်က သိခဲ့ဖူးသော အားနည်းပြီး ကြောက်တတ်သည့် လူနှင့် လုံးဝ ကွဲပြားနေသည်။
သူမတွင် သံသယများ ရှိနေသော်လည်း ကျိရွှန်းသည် စကားပြောရာတွင် အသံကို အနည်းငယ် ပျော့ပြောင်းလိုက်၏။
"သခင်လေး... မကြောက်ပါနဲ့ ၊ ခရိုင်ရုံးမြို့ကို ပြန်ကြရအောင်။ နင်ဟဲခရိုင်က ကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ သခင်မလေးက အဘိုးကြီးကျန့်ကို ကိုယ်တိုင် မေးမြန်းပါလိမ့်မယ်"
သူမ၏ စကားလုံးများတွင် သွယ်ဝိုက်သောအဓိပ္ပာယ် နှစ်မျိုး ပါဝင်နေ၏။
ကျိယွမ်တွင် အပြစ်ရှိပါက သူမ၏ သခင်မလေးက အပြစ်ပေးပေလိမ့်မည်။
သူ၌ အပြစ်မရှိပါက သူမသည် သူ၏ ဂုဏ်သတင်းကို ရှင်းလင်းပေးမည် ဖြစ်သည်။
သခင်လေးသည် တကယ်ပဲ မတရားစွပ်စွဲခံရပြီး ထိုဖြစ်စဉ်အတွင်း စိတ်မှန်ခြင်းပင် ပျောက်ဆုံးသွားခဲ့ရသည် ဆိုပါက... ။
ကျိရွှန်းသည် သူ့အပေါ် သနားစိတ် အနည်းငယ်ပင် ဝင်မိ၏။
သို့သော်လည်း ပြောရလျှင် သူမသည် ယခင်က အလွန်ပြဿနာရှာတတ်သော ကျိယွမ်ထက်စာလျှင် ဘေးဥပါဒ်မရှိဘဲ တစ်ဝက်ရူးနေသော ယခု ကျိယွမ်ကို ပိုမိုနှစ်သက်သလိုပင်။
အနည်းဆုံးတော့ ယခုပုံစံက သူမ၏ သခင်မလေးအတွက် မလိုအပ်သော ပြဿနာများကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။
"အဲဒီ အဘိုးကြီးကျန့်... ငါကိုယ်တိုင် သူ့ကို စကားပြောရမယ်"
ကျိယွမ်က ပြဿနာရှာတတ်သော သမက်ဖြစ်သူအဖြစ် သရုပ်ဆောင်ကာ ညည်းတွားလိုက်၏။
"ငါ့ကို မတရားစွပ်စွဲဖို့ ကြိုးစားတာ... သူ သေချင်နေတာပဲ ဖြစ်ရမယ်"
ကျိရွှန်းသည် သူ၏ ဒေါသထွက်နေသော သရုပ်ဆောင်မှုကို ကြည့်ရင်း သူမ၏သံသယက ပို၍ခိုင်မာသွားတော့သည်။
သခင်လေးသည် သံသယဖြစ်ဖွယ်မရှိဘဲ ရူးသွပ်သွားခဲ့လေပြီ။
သူသည် အိမ်ထောင်စုအတွင်း၌ အမြဲတမ်း နှိမ့်ချပြီး နာခံတတ်သူ ဖြစ်ခဲ့ကာ အသံကိုပင် ကျယ်ကျယ်မပြောဝံ့ခဲ့ချေ။
သို့သော် သူမ သတိရလာပုံကို ပြန်လည်တွေးမိသောအခါ ကျိရွှန်းသည် မမေဝေခွဲမရ ပြန်ဖြစ်သွားရ၏။
"သခင်လေး... ကျွန်မကို အတိအကျ ဘာလုပ်ခဲ့တာလဲ။ ဘာလို့ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေရတာလဲ"
သူမ၏ ခန္ဓာကိုယ်သည် အဆုံးမဲ့တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
"မင်း တကယ်ပဲ မမှတ်မိဘူးလား"
ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ဖြေကြားသည်။
"ငါ မင်းကို ပြောပြီးပြီလေ ၊ အဲဒီအတိုင်းပဲ "
ကျိရွှန်း တိတ်ဆိတ်သွားပြီး ကျိယွမ်အားကြည့်ကာ သက်ပြင်းချ၏။
သေချာပေါက်... သူ ရူးနေတာပဲ။
ခဏအကြာတွင် ကျိယွမ်သည် ကျိရွှန်းကို ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ရုတ်တရက် တည်ကြည်သွားသည်။
"မင်းကို ငါ မေးစရာ တစ်ခုရှိတယ်"
"ပြောပါ"
ကျိရွှန်းက အေးစက်သော်လည်း ယဉ်ကျေးသောအသံဖြင့် တုံ့ပြန်၏။
"ငါ့ဇနီးက ရွှမ်အဆင့်လက်နက်သခင်တစ်ဦး ဖြစ်တယ်လို့ ငါ ကြားထားတယ်။ သူက ဘယ်လောက်အထိ သန်မာလဲ။ အရှိန်ကကော ဘယ်လောက်ရှိလဲ။ သူရဲ့ အထူးခြားဆုံး တိုက်ခိုက်ရေးပညာတွေက ဘာတွေလဲ"
ထိုစကားလုံးများကြောင့် ကျိရွှန်းထံမှ အေးစက်လှသော အရှိန်အဝါတစ်ခု စီးဆင်းလာပြီး သူမ၏ အေးစက်မှုမှာ ပိုမိုပြင်းထန်လာ၏။
"ရှင် အဲဒီလို မေးခွန်းတွေကို မေးဖို့ ဘယ်သူက ခိုင်းလိုက်တာလဲ"
သူမက အေးစက်စွာ တောင်းဆိုလိုက်သည်။
သူမ၏ သခင်မလေးသည် ရနံ့တစ်ရာအဆင့်သတ်မှတ်ချက်များတွင် ပါဝင်သော ထင်ရှားသည့် အလှပဂေးတစ်ဦး ဖြစ်ရုံတင်မကဘဲ ကောင်းကင်ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ဦးလည်း ဖြစ်၏။
နင်နိုင်ငံတွင် ဂိုဏ်းများနှင့် အထက်တန်းလွှာမျိုးနွယ်စုများသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားကြသဖြင့် တော်ဝင်မိသားစုပင်လျှင် ၎င်းတို့ကို ရိုသေကြရသည်။
ကောင်းကင်ဂိုဏ်းနှင့် ရှေးဟောင်းမိုးကြိုးဂိုဏ်းတို့သည် နင်နိုင်ငံတွင် အင်အားအကြီးဆုံးသော ဂိုဏ်းကြီးနှစ်ခု ဖြစ်ကြ၏။
ထိုဘီလူးကြီးနှစ်ခုသည် နယ်မြေအုပ်စိုးမှုနှင့် နိုင်ငံတော်ဘာသာ ဂုဏ်ပုဒ်အတွက် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်မှုတိုက်ပွဲများအတွင်း ပိတ်မိနေခဲ့ကြသည်။
လာမည့် လအနည်းငယ်အကြာတွင် ဂိုဏ်းနှစ်ခုစလုံးသည် ၎င်းတို့၏ တပည့်များအကြား မဟာပြိုင်ပွဲတစ်ခုတွင် ရင်ဆိုင်ကြရပေလိမ့်မည်။
ကျိရွှန်းသည် တစ်စုံတစ်ယောက်က ကျိယွမ်ကို အသုံးပြု၍ သခင်မလေး၏ စွမ်းရည်များကို စုံစမ်းခိုင်းနေခြင်း ဖြစ်သည်ဟု သဘာဝကျစွာ ယူဆလိုက်ခြင်း ဖြစ်၏။
"ငါ့ကို ဘယ်သူမှ မခိုင်းပါဘူး"
ကျိယွမ်က သူ၏ အစစ်မှန်ဆုံးသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"ဒါကို စဉ်းစားကြည့်ပါ။ လျူပုက မြင်းကျောပေါ်မှာ ပြိုင်ဘက်ကင်းတယ်၊ တျန်ဝေက ခြေလျင်မှာ အသာဆုံးဖြစ်ပြီး မားချောင်က မြင်းစီးအတတ်ပညာတွေမှာ ထူးချွန်တယ်။"
"အခု လျူပုက မားချောင်ကို စီးထားပြီး မားချောင်က တျန်ဝေကို ထပ်စီးထားတယ်လို့ မြင်ယောင်ကြည့်လိုက်စမ်း။ အဲဒါက တားဆီးလို့မရတဲ့ အရာ ဖြစ်မသွားဘူးလား"
ကျိယွမ်သည် လက်နှစ်ဖက်ကို ပူးလိုက်ပြီး သူ၏ အမူအရာမှာ စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေ၏။
"ငါ့မှာ စီးတော်ယာဉ်တစ်စီး လိုအပ်နေတာပဲ ။ ငါ့ရဲ့ အစီအစဉ်က ရှေးလူကြီးတွေရဲ့ စံနမူနာကို လိုက်နာဖို့ပဲ... တိုက်ပွဲအတွင်းမှာ မင်းတို့ သခင်မလေးကို ငါ စီးမယ်"
သူ့အသံမှာ လုံးဝ တည်ကြည်နေ၏။
ဒရုန်းများအဖြစ် အသွင်ပြောင်းထားသော ခြင်များ သို့မဟုတ် ငှက်များကို အားကိုးခြင်းမှာ ပြည့်စုံမှုမရှိချေ။
ကျိယွမ်သည် အတွေးသစ်တစ်ခု ရရှိခဲ့ခြင်းပင်။
အသွင်ပြောင်းထားသော သတ္တဝါများကို အားကိုးမည့်အစား အင်အားကြီးသော လက်နက်သခင်တစ်ဦးကို အဘယ်ကြောင့် အသုံးမပြုရပါမည်နည်း။
ဥပမာအားဖြင့် ရွှမ်အဆင့်လက်နက်သခင်အဖြစ် ကျော်ကြားသော သူ၏ ဇနီးသည်မှာ ပျံသန်းနိုင်စွမ်း မရှိသော်လည်း သူမ၏ အရှိန်နှင့် ခွန်အားမှာ အင်းဆက်များထက် များစွာ သာလွန်ပေသည်။
သူ၏ အဆုံးမဲ့အသွင်ပြောင်းလဲခြင်းဖြင့် သူသည် သူမ၏ ပုံသဏ္ဌာန်ကို ဒရုန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး လေထဲတွင် ဝဲပျံနေသည့် ပုံရိပ်ယောင်ကို ဖန်တီးရန် သူမ၏ ခြေထောက်များကို ဖုံးကွယ်ထားနိုင်သည်။
သူမသာ တီအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက သူမသည် သူ့ကို ကောင်းကင်ယံထက်သို့ပင် ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။
ကျိယွမ်သည် မိမိ၏ ထူးချွန်လှသော စိတ်ကူးဉာဏ်ကို မိမိဘာသာ အံ့ဩနေမိ၏။
"ဒါဆို... မင်းတို့ သခင်မလေးက ဘယ်လောက်အထိ သန်မာလဲ"
သူက ထပ် မေးလိုက်သည်။
"ရှင်... ဒါကို တကယ်ပြောနေတာလား"
ကျိရွှန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူမ၏ အသံမှာ အေးစက်သော ဒေါသများဖြင့် ပြည့်နှက်နေ၏။
"သေချာတာပေါ့ ၊ ငါ မင်းတို့ သခင်မလေးကို စီးချင်တယ်"
ကျိယွမ်က ခေါင်းညိတ်ပြသည်။
"ရှင်က ယုတ်မာလွန်းတယ်"
ကျိရွှန်းက တလိမ့်လိမ့်တတ်လာသော ဒေါသကြောင့် တုန်ရင်လာပြီး မျက်နှာလေးလည်း နီသွား၏။
သူမသည် သခင်မလေးထံသို့ ချက်ချင်းစာရေးရန် ဆုံးဖြတ်လိုက်သည်။ သခင်လေးသည် စိတ်မှန်ခြင်း ပျောက်ဆုံးသွားရုံတင်မကဘဲ အရှက်ကင်းမဲ့သူလည်း ဖြစ်လာခဲ့ချေပြီ။
သူမ၏ သခင်မလေးကို "စီး" ချင်နေသည် ဟုပင် ပြောနေ၏။
ကျိရွှန်းကဲ့သို့ အတွေ့အကြုံမရှိသူပင်လျှင် "စီးခြင်း" ၏ သွယ်ဝိုက်သောအဓိပ္ပာယ်များကို နားလည်နိုင်ပေသည်။
ယယ
သူသည် သူမအပေါ်သို့ တက်ကာ ကဆုန်စိုင်းခြင်းအကြောင်း မရေမရာ စကားများကို ပြောဆိုပြီး အိပ်ယာကိစ္စများကိုပင် ကြံစည်နေသည် မဟုတ်ပါလား။
"အော်... ငါ နားလည်ပြီ။ မင်းက မင်းရဲ့ သခင်မလေးကို ဂရုစိုက်တော့ ငါ့ကို မစီးစေချင်ဘူးပေါ့"
ကျိယွမ်က သူမအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးစေ့ကို ပွတ်ရင်း တွေးလိုက်၏။
"နှမြောစရာပဲ။ မင်းရဲ့ ခွန်အားနဲ့ အရှိန်ကသာ ပိုကောင်းမယ်ဆိုရင် သူ့အစား မင်းကိုပဲ စီးလိုက်မှာ"
"ဘာ.."
---------