← Chapters

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈)

မင်းသား၏ စစ်ဗျူဟာအစီအမံ

ချုရွှမ်သည် မြေပြင်ပေါ်တွင် အသေအချာ သေဆုံးသွားခဲ့ပြီဖြစ်သော သွေးမိစ္ဆာအရှင်၏ အလောင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပိုင်လက်ဝါးနှစ်ဖက်ကို ပြန်လည်ကြည့်ရှုလိုက်၏။

ချုရွှမ်၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် စမ်းသပ်သည့်အနေဖြင့် သူ၏ အားအပြည့်သုံးထားသော လက်ဝါးတိုက်ကွက်ကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။

ဝုန်း။

ယခုတစ်ကြိမ်တွင် ဂူတစ်ခုလုံးတင်မကဘဲ တောင်ထိပ်တစ်ခုလုံးသည် ချုရွှမ်၏ လက်ဝါးရိုက်ချက်ကြောင့် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရ၏။ ဤတိုက်ခိုက်မှုစွမ်းအားသည် မဟာဆရာသခင်နယ်ပယ် ပဥ္စမအလွှာ ကို သိသိသာသာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ သို့သော် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရပေသည်။

ဘိုးဘေးနဂါးကျင့်စဉ်သည် နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် နှစ်ခုကိုသာ ဝါးမြိုထားခဲ့ခြင်း ဖြစ်သည်။ သဘာဝအရဆိုလျှင် သူသည် သူ၏နယ်ပယ်ထက် အမြင့်ဆုံး နှစ်လွှာခန့်သာ ကျော်လွန်တိုက်ခိုက်နိုင်သင့်ပေသည်။ ဘိုးဘေးနဂါးကျင့်စဉ်၏ တိုက်ခိုက်မှုစွမ်းအားသည် မဟာဆရာသခင်နယ်ပယ် ပဥ္စမအလွှာ ကို မကျော်လွန်နိုင်တန်ချေ။

ဒါမှမဟုတ်...

မကြာမီမှာပင် ချုရွှမ်သည် အခြားအရာတစ်ခုကို တွေးမိသွားခဲ့သည်။ သူ၏ ထင်မြင်ချက်ကို သက်သေပြရန်အတွက် သူသည် သူ၏ခွန်အားအားလုံးကို ထပ်မံစုစည်းပြီး ဘိုးဘေးနဂါးကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြန်၏။ ဝိညာဉ်ဧကရာဇ်ဂိုဏ်း တည်ရှိရာ တောင်ထိပ်တစ်ခုလုံးသည် ထပ်မံ၍ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရပြန်သည်။

စွမ်းအားသည် မဟာဆရာသခင်နယ်ပယ် ပဥ္စမအလွှာ ကို သိသိသာသာ ကျော်လွန်နေရုံတင်မကဘဲ ဆဋ္ဌမအလွှာ ကိုပင် ကျော်လွန်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ချူရွှမ်၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပြီး

"ငါ နားလည်သွားပြီ။ ဒါကြောင့်မို့ကိုး။" ဟု ဆိုလိုက်သည်။

"ငါ အားကုန်သုံးပြီး တိုက်ခိုက်လိုက်တဲ့အခါ ဘိုးဘေးနဂါးကျင့်စဉ်ရဲ့ တိုက်ခိုက်မှုစွမ်းအားက ငါ့ရဲ့ သိုင်းပညာကျင့်ကြံမှုအပေါ်မှာတင် အခြေခံတာမဟုတ်ဘဲ ငါ့ရဲ့ ရုပ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအပေါ်မှာပါ အခြေခံနေတာပဲ။ တစ်နည်းပြောရရင် ငါ အစွမ်းကုန် ထုတ်သုံးလိုက်တဲ့အခါ ဘိုးဘေးနဂါးကျင့်စဉ်က ငါ့ရဲ့ ရုပ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုနဲ့ သိုင်းပညာကျင့်ကြံမှု နှစ်ခုစလုံးကို စုပြုံပေါင်းစပ်ပြီးမှ တိုက်ခိုက်မှုစွမ်းအားကို တွက်ချက်တာပဲ။"

ဥပမာအားဖြင့် ယခုအချိန်တွင် ချူရွှမ်၏ ရုပ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုက မဟာဆရာသခင်နယ်ပယ် ဒုတိယအလွှာ ဖြစ်ပြီး သူ၏ သိုင်းပညာကျင့်ကြံမှုက မဟာဆရာသခင်နယ်ပယ် တတိယအလွှာ ဖြစ်သည်။ ထို့ကြောင့် သူက ဘိုးဘေးနဂါးကျင့်စဉ်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည့်အခါ... တိုက်ခိုက်မှုစွမ်းအား၏ တွက်ချက်ပုံနည်းလမ်းမှာ ရုပ်ခန္ဓာနှင့် သိုင်းပညာတို့ ပေါင်းစပ်မှုကြောင့် မဟာဆရာသခင်နယ်ပယ် ပဥ္စမအလွှာ ရရှိပြီး ဘိုးဘေးနဂါးကျင့်စဉ်၏ ကိုယ်ပိုင် အဆင့်နှစ်ဆင့် ကျော်လွန်နိုင်စွမ်းနှင့်ပါ ထပ်မံပေါင်းစပ်သွားခြင်း ဖြစ်သည်။

"ဆိုလိုတာက ငါသာ အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင် ငါ့ရဲ့ အမြင့်ဆုံးတိုက်ကွက်က မဟာဆရာသခင်နယ်ပယ် သတ္တမအလွှာ အထိ ရောက်ရှိနိုင်တာပဲ။ ဒီသွေးမိစ္ဆာအရှင်က ငါ့ရဲ့ လက်ဝါးတစ်ချက်တည်းနဲ့တင် အသက်ပျောက်သွားရတာ မဆန်းတော့ဘူး"

မဟာဆရာသခင်နယ်ပယ် ပဥ္စမအလွှာ က ငါ့ရဲ့ သတ္တမအလွှာ နဲ့ ထိပ်တိုက်တွေ့တာပဲ။ လက်ဝါးတစ်ချက်တည်းနဲ့ အသတ်ခံရတာက လုံးဝကို သဘာဝကျလှပေသည်။

"ဒီလူက အားနည်းလွန်းတာမဟုတ်ဘဲ ငါက အရမ်းသန်မာလွန်းနေတာပဲပုံရတယ်။"

ဤအခိုက်အတန့်တွင် ချူရွှမ်သည် လုံးဝ နားလည်သွားခဲ့ပြီး ရုပ်ခန္ဓာရော သိုင်းပညာပါ မဟာဆရာသခင်အဆင့်ရှိသော နှစ်ဖက်စလုံး ကျွမ်းကျင်သူတစ်ဦးဖြစ်ခြင်း၏ စွမ်းအားကို ပထမဆုံးအကြိမ်အဖြစ် ရှာဖွေတွေ့ရှိခဲ့သည်။

"ဒီပြိုင်ဘက်ကင်း နတ်ဘုရားကျင့်စဉ်က သိုင်းပညာတွေကိုတင်မကဘဲ နယ်ပယ်တွေကိုပါ ပေါင်းစပ်ပေးနိုင်တာပဲ။ ဒီအချက်ကို မဟာချင်မင်းဆက် တော်ဝင်မိသားစုတင်မကဘဲ ပထမဧကရာဇ်ကိုယ်တိုင်တောင် သိမှာမဟုတ်ဘူးလို့ ငါခန့်မှန်းတယ်"

အဆုံးသတ်၌ လွန်ခဲ့သော ပထမဧကရာဇ်သည် ကမ္ဘာပေါ်တွင် အသန်မာဆုံးသော သိုင်းပညာမဟာဆရာသခင်အဖြစ်သာ ကျော်ကြားခဲ့ပြီး ရုပ်ခန္ဓာသန့်စင်ခြင်း မဟာဆရာသခင်အဆင့်သို့ ဘယ်သောအခါမှ ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။ ဤအချက်မှ ဆက်စပ်တွေးတောရင်း ချူရွှမ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ချက်ချင်းပင် တွေးမိသွားခဲ့သည်။

ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ သိုင်းပညာမဟာဆရာသခင် နယ်ပယ်တွေက အချင်းချင်း ပေါင်းစပ်နိုင်တယ်ဆိုမှတော့... ငါ့ရဲ့ နယ်ပယ်အားလုံးက မဟာဆရာသခင်နယ်ပယ် ဒသမအလွှာ သို့ မြင့်တက်သွားတဲ့အခါ... ဒါဆိုရင် ငါ့ရဲ့ အစွမ်းကုန်တိုက်ကွက်က မဟာဆရာသခင်နယ်ပယ် အလွှာ (၂၀) နဲ့ ညီမျှသွားမှာ မဟုတ်ဘူးလား။

"အဲဒီအချိန်ကျရင် မဟာဆရာသခင်နယ်ပယ်ထဲမှာ ပြိုင်ဘက်ကင်းဖြစ်ဖို့ နေနေသာသာ... ဒဏ္ဍာရီလာ ကောင်းကင်ဘုံနယ်ပယ်က လူတွေနဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အရည်အချင်း ရှိသွားလိမ့်မယ်။"

တကယ့်ကို ပြိုင်ဘက်ကင်း နတ်ဘုရားကျင့်စဉ်ပီသပါပေတယ်။ စကားလုံးတစ်လုံးတည်းနဲ့ ပြောရရင်တော့ — သန်မာလွန်းတယ်။

ချူရွှမ်သည် ပြိုင်ဘက်ကင်း နတ်ဘုရားကျင့်စဉ်ကို တိတ်တဆိတ် ရုပ်သိမ်းလိုက်သည်။ သူ၏ ကျင့်စဉ်ကို ရုပ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် အားနည်းမှုလှိုင်းလုံးတစ်ခုက သူ့ထံသို့ ရုတ်တရက် သက်ရောက်လာခဲ့သော်လည်း သူ အံ့ဩမသွားခဲ့ချေ။

"အသက်ရှူတစ်ချက်အတွင်းမှာ မဟာဆရာသခင်နယ်ပယ် သတ္တမအလွှာ နဲ့ ညီမျှတဲ့ တိုက်ကွက်တစ်ခုကို ငါ ထုတ်သုံးလိုက်တာပဲ။ ငါ့ရဲ့ စစ်မှန်သောချီစွမ်းအင်တွေ အကြီးအကျယ် ကုန်ခမ်းသွားတာက ပုံမှန်ပါပဲ။ ပထမဆုံး စစ်မှန်သောချီစွမ်းအင်အချို့ကို အမြန်ပြန်ဖြည့်ရမယ်ပုံရတယ်"

ထိုသို့တွေးရင်း ချူရွှမ်သည် ထိုင်ချရန် ပြင်လိုက်သော်လည်း မထိုင်နိုင်မီမှာပင် ရုတ်တရက် သူ၏ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာသည် တစ်စုံတစ်ခုကြောင့် လှုံ့ဆော်ခြင်း ခံလိုက်ရပုံရသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဗလာကျင်းမှုကို ခံစားလိုက်ရသည့် အခိုက်အတန့်တွင်... မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာသည် အလိုအလျောက် လှည့်ပတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

ချူရွှမ်သည် မိမိ ရိုက်ခွဲပစ်လိုက်သဖြင့် အပိုင်းပိုင်းပြတ်နေသော သွေးမိစ္ဆာအရှင်၏ အလောင်းကို အံ့ဩစွာဖြင့် စောင့်ကြည့်နေခဲ့မိသည်... ဝိညာဉ်ဧကရာဇ်ဂိုဏ်းချူပ်၏ အလောင်းနှင့် ဂူအတွင်းရှိ မြောက်မြားစွာသော တစ္ဆေကျင့်ကြံသူများ၏ ရုပ်အလောင်းများမှ ကျန်ရှိနေသော အသက်စွမ်းအင်အဆီအနှစ်များအားလုံးသည် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ၏ ဆွဲဆောင်မှုအောက်တွင် ချူရွှမ်၏ ခန္ဓာကိုယ်အတွင်းသို့ တရဟော တိုးဝင်လာခဲ့ကြတော့သည်။

ဝုန်း။

အတိုင်းအဆမဲ့လှသော ပြည့်စုံအင့်အာမှု အာရုံတစ်ခုသည် အလိုအလျောက် ပေါ်ထွက်လာခဲ့၏။ ဝိညာဉ်ခန္ဓာက စုပ်ယူလိုက်သော ဤအသက်စွမ်းအင်အဆီအနှစ်များသည် စစ်မှန်သောချီစွမ်းအင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ချူရွှမ်၏ ဗလာကျင်းနေမှုကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးလိုက်သည်။ ချူရွှမ်သည် အလွန်အမင်း အံ့ဩသွားခဲ့ရ၏။

"ဒီမိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို ဒီလိုမျိုးတောင် အသုံးချလို့ရတာလား။ အခြားလူတွေရဲ့ အသက်စွမ်းအင်အဆီအနှစ်တွေကို စုပ်ယူပြီး ငါ့ရဲ့ ကုန်ခမ်းသွားတဲ့ စစ်မှန်သောချီစွမ်းအင်တွေကို ပြန်ဖြည့်တင်းနိုင်တာပဲ။"

တစ်ချိန်က ပထမဧကရာဇ်ကို ယှဉ်ပြိုင်အံတုနိုင်ခဲ့တဲ့ မိစ္ဆာဧကရာဇ်ရဲ့ ရတနာပီသပါပေတယ်။

ထို့ပြင် ဤအရာကား ချူရွှမ်၏ ရရှိမှုအားလုံး မဟုတ်သေးချေ။ သူသည် သူ၏ အသိစိတ်အာရုံကို အသုံးပြု၍ ကောင်းကင်ဘုံပြစ်ဒဏ်ခတ်ခြင်းရတနာနှင့် လျင်မြန်စွာ ဆက်သွယ်လိုက်ရာ မကြာမီမှာပင် ရတနာအတွင်း၌ သတင်းအချက်အလက် စာတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

【သွေးမိစ္ဆာအရှင်】

ကြယ်ဆယ်ပွင့်အဆင့် အပြစ်သား။

မိစ္ဆာဧကရာဇ်၏ တပည့်၊ ဝိညာဉ်ဧကရာဇ်ဘိုးဘေး၊ မဟာဆရာသခင်နယ်ပယ် တတိယအလွှာ။

သူ့ကို သတ်ဖြတ်ခြင်းကြောင့် မဟာဆရာသခင် ကျင့်ကြံမှုသက်တမ်း အနှစ်တစ်ရာ ရရှိသည်။

မှတ်ဉာဏ်အပိုင်းအစတစ်ခု ရရှိသည်။

အထူးပစ္စည်းတစ်ခု ရရှိသည် မိစ္ဆာဧကရာဇ်ဆေးလုံး။

ဤအရာကား... ချူရွှမ်သည် ဆွံ့အသွားခဲ့ရသည်။ ကောင်းကင်ဘုံပြစ်ဒဏ်ခတ်ခြင်းရတနာသည် တကယ့်ကို ရက်စက်လွန်းလှသည်။ သွေးမိစ္ဆာအရှင်က မျိုချပြီး သန့်စင်ထားပြီးဖြစ်သော ထိုမိစ္ဆာဧကရာဇ်ဆေးလုံးကိုပင် ဆုလာဘ်အဖြစ် ထပ်မံထုတ်ပေးနိုင်သည်လား။

ဒါပေမဲ့ ငါ သဘောကျတယ်။

အဆုံးသတ်၌ ဤမိစ္ဆာဧကရာဇ်ဆေးလုံးသည် တစ်ချိန်က မိစ္ဆာဧကရာဇ်ကိုယ်တိုင် အထူးသန့်စင်မွမ်းမံထားခဲ့သော အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။ ၎င်းကို သောက်သုံးလိုက်ပါက မဟာဆရာသခင်နယ်ပယ် နှစ်လွှာကို ချက်ချင်း မြင့်တက်စေနိုင်သဖြင့် လူသတ်လုယက်ခြင်းနှင့် ခရီးသွားလာခြင်းတို့အတွက် မရှိမဖြစ် လိုအပ်လှသော ရတနာကောင်းတစ်ခုပင် ဖြစ်၏။ ချူရွှမ်သည် အားနာမနေတော့ဘဲ မိစ္ဆာဧကရာဇ်ဆေးလုံးကို ချက်ချင်း ထုတ်ယူကာ ရှောင်ပိုင်၏ အတွင်းဟင်းလင်းပြင်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။

ထိုအခါမှသာ သူသည် ဝိညာဉ်ဧကရာဇ်ဂိုဏ်းတစ်ခုလုံးကို ရှာဖွေရန် အချိန်ရတော့သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာကား မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများ စောင့်ကြပ်နေသော အစွမ်းထက်သည့် တစ္ဆေကျင့်ကြံခြင်းဂိုဏ်းတစ်ခုဖြစ်၍ ဝိညာဉ်ဧကရာဇ်ဂိုဏ်းအတွင်း၌ လျှို့ဝှက်ရတနာများစွာ ရှိနေပေလိမ့်မည်။ ချူရွှမ် တစ်ဦးတည်းတင် စုစုပေါင်း ရွှေဒင်္ဂါးလက်မှတ် တန်ဖိုး တစ်သန်းတိတိကို လုယက်သိမ်းပိုက်နိုင်ခဲ့၏။ ထို့ပြင် အခြားသော တစ္ဆေကျင့်ကြံခြင်း သိုင်းပညာကျင့်စဉ် အမျိုးပေါင်း သုံးဆယ်ကျော်လည်း ရှိနေသေးသည်။

ချူရွှမ်သည် ပေးစာမြောက်မြားစွာကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် စူးစမ်းလိုစိတ်ဖြင့် ၎င်းတို့ကို ဖွင့်ဖတ်လိုက်သော်လည်း အနည်းငယ်မျှ ကြည့်ရုံဖြင့် သူ၏ မျက်နှာအမူအရာ အုံ့မှိုင်းသွားခဲ့ရ၏။

မူလက ဤပေးစာများအားလုံးသည် မဟာချင်မင်းဆက်၏ ပထမမင်းသားထံမှ သွေးမိစ္ဆာအရှင်ထံသို့ ပေးပို့ထားသော စည်းရုံးရေးစာများ ဖြစ်နေကြသည်။ ၎င်းတို့သည် ဝိညာဉ်ဧကရာဇ်ဂိုဏ်းက ကျူးလွန်ခဲ့သော မြောက်မြားစွာသော မကောင်းမှုဒုစရိုက်များကို ခွင့်လွှတ်ပေးရုံတင်မကဘဲ သွေးမိစ္ဆာအရှင်အား သွေးရောင်ဝတ်အစောင့်တပ်ဖွဲ့အတွင်းသို့ မဟာဆရာသခင်အဆင့် နယ်ခြားစောင့်တပ်မှူးကြီးအဖြစ် သွတ်သွင်းပေးမည်ဟုပါ အာမခံထားခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်ပင် ချူရွှမ် အတွင်းသို့ ဝင်လာချိန်၌ သွေးမိစ္ဆာအရှင်သည် သွေးရောင်ဝတ်အစောင့်တပ်ဖွဲ့၏ တရားဝင်ရုံးဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

သွေးမိစ္ဆာအရှင်သည် ပထမမင်းသားထံသို့ လျှို့ဝှက်စွာ သစ္စာခံထားခဲ့ခြင်း ဖြစ်ပေသည်။

ကြားသိရသရွေ့ ပထမမင်းသားသည် ငယ်စဉ်ကတည်းက ဧကရာဇ်အိုကြီး၏ မြို့တော်မှ နှင်ထုတ်ခြင်းကို ခံရကာ နယ်စပ်ကို စောင့်ကြပ်ခဲ့ရသူ ဖြစ်သည်။ သူ၏ သိုင်းပညာပါရမီက မသန်မာသော်လည်း ထူးချွန်ထက်မြက်သူများကို စည်းရုံးသိမ်းသွင်းရာတွင်မူ လွန်စွာ ကျွမ်းကျင်လှရာ သူ၏ ပတ်ဝန်းကျင်၌ ထူးခြားဆန်းကြယ်သော လူစွမ်းကောင်းများစွာ စုဝေးနေကြပြီး သူအား စစ်သည်တော်တစ်သန်းကို တဖြည်းဖြည်း ချူပ်ကိုင်နိုင်ရန်ပင် ကူညီပေးခဲ့ကြသည်။

"သွေးမိစ္ဆာအရှင်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီပထမမင်းသားက ပုန်ကန်လိုတဲ့ စိတ်ရည်ရွယ်ချက်တွေကို တိုးတက်တိတ်တိတ် ပျိုးထောင်ထားပုံရတယ်။ ဧကရာဇ်အိုကြီး ကွယ်လွန်ပြီး စတုတ္ထမင်းသား နန်းတက်လာတာနဲ့ ဒီလောက်အထိ သည်းခံပြီး လျှို့ဝှက်နေထိုင်ခဲ့တဲ့ ပထမမင်းသားက သေချာပေါက် ပထမဆုံး စစ်တပ်ကိုဦးဆောင်ပြီး ပုန်ကန်လိမ့်မယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် မကြာသေးမီနှစ်တွေအတွင်းမှာ ပထမမင်းသားက ထူးချွန်သူအမြောက်အမြားကို စည်းရုံးရုံတင်မကဘဲ နောက်ဆုံးမှာ စိတ်ပျက်အားလျော့ကာ ဝိညာဉ်ဧကရာဇ်ဂိုဏ်းလို မိစ္ဆာနဲ့ တစ္ဆေကျင့်ကြံသူတွေအားလုံးကိုပါ သိမ်းသွင်းဖို့ ကြိုးပမ်းလာခဲ့တာပဲ"

"သူ့ရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ဒီပထမမင်းသားက သူသာ နန်းတက်လာရင် သွေးမိစ္ဆာအရှင်ကို နယ်မြေပေးအပ်ပြီး ဘုရင်ဘွဲ့အထိ ပေးသနားမယ်လို့ ကတိပြုထားခဲ့တာပဲ။ ပြီးတော့ အဲဒီ ပေးအပ်မယ့်နယ်မြေရဲ့ တည်နေရာက ကျူးရှန်းမြို့ ရဲ့ တစ္ဆေတံခါးပဲ။"

"ကျူးရှန်းမြို့ရဲ့ ပုံမှန်မဟုတ်တဲ့ ထူးဆန်းမှုတွေနဲ့ပတ်သက်ပြီး မြို့တော် တော်ဝင်နန်းတော်ဆီကနေ ဘာသတင်းမှ ထွက်မလာတာ မဆန်းတော့ပါဘူး။ အားလုံးရဲ့ နောက်ကွယ်မှာ ဒီပထမမင်းသား ရှိနေခဲ့ပြီး သူ့ရဲ့ အစီအစဉ်က တကယ်ပဲ အောင်မြင်သွားခဲ့တာကိုး။"

သွေးမိစ္ဆာအရှင်သည် ပထမမင်းသားထံသို့ သစ္စာခံရန် သဘောတူညီခဲ့သည်။ ထို့ပြင် အကယ်၍ ချူရွှမ်သာ ကျူးရှန်းမြို့သို့ အချိန်မီ ရောက်ရှိမလာခဲ့ပါက ကွေ့ချန်ချင်းသည် တစ္ဆေလမ်းစဉ် မဟာဆရာသခင်အဆင့်သို့ ဘေးကင်းချောမွေ့စွာ ချိုးဖျက်သွားနိုင်မည်ဖြစ်ပြီး ပထမမင်းသား၏ လက်အောက်တွင် လျှို့ဝှက် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ နှစ်ဦး ထပ်မံတိုးပွားသွားပေလိမ့်မည်။

ဤအချက်ကို တွေးတောမိရင်း ချူရွှမ်သည်လည်း တစ်ကိုယ်လုံး စိမ့်ခနဲ အအေးဓာတ် ဖြတ်သန်းသွားခဲ့ရသည်။

"အခုတော့ ဒီကိစ္စက ငါ့လက်ထဲကို ရောက်လာခဲ့ပြီဆိုမှတော့..."

အခန်း (၁၇၉)

သတ္တိရှိလွန်းသူတို့၏ နိဂုံး

မိမိ၏ အသက်စွမ်းအင်အဆီအနှစ်များ စုပ်ယူခံရပြီးနောက် မြေပြင်ပေါ်တွင် သက်သေအဖြစ် တိုကင်တံဆိပ်တစ်ခုသာ ကျန်ရစ်ကာ ပြာမှုန့်အဖြစ် လုံးဝဥဿုံ ပျက်စီးသွားခဲ့ရသော သွေးမိစ္ဆာအရှင်၏ အလောင်းကို ကြည့်ရင်း ချုရွှမ်၏ စိတ်ကူးထဲတွင် အလွန် ရဲတင်းလှသော အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

"လောလောဆယ် ငါ့ရဲ့ နယ်ပယ်ကျော်လွန်မှုတွေနဲ့ တိုက်ခိုက်မှုစွမ်းအား တိုးတက်လာတာတွေအားလုံးက ပြိုင်ဘက်ကင်း နတ်ဘုရားကျင့်စဉ်ဖြစ်တဲ့ ဘိုးဘေးနဂါးကျင့်စဉ်နဲ့ သေချာ ဆက်နွှယ်နေတာပဲ။ ဘိုးဘေးနဂါးကျင့်စဉ်သာ သန်မာရင် ငါ့ရဲ့ နယ်ပယ်နဲ့ တိုက်ခိုက်မှုစွမ်းအားက ပိုပြီးတော့တောင် သန်မာလာလိမ့်မယ်!"

"ပြီးတော့ ဘိုးဘေးနဂါးကျင့်စဉ်ကို ပိုပြီးအစွမ်းထက်အောင် လုပ်ဖို့အတွက် အရေးအကြီးဆုံးအချက်က နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်တွေကို ဝါးမြိုဖို့ပဲ"

သို့သော်လည်း လောကကြီးက မည်မျှပင် ကျယ်ပြောလှသည်ဖြစ်စေ၊ ရေတွက်၍မရသော ကျင့်ကြံသူများ ရှိနေကြသော်လည်း မဟာချင်မင်းဆက်တစ်ခွင်လုံးတွင် နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ဟု ခေါ်ဆိုနိုင်သော ကျင့်စဉ်မှာ အများဆုံး ၂၀ ခန့်သာ ရှိပေသည်။ ထိုအထဲတွင် ကြာနီဂိုဏ်း၊ ဝိညာဉ်ဧကရာဇ်ဂိုဏ်း၊ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၊ မြို့စောင့်အကျဉ်းထောင်ဌာနနှင့် မိစ္ဆာနှိမ်နင်းရေးဌာနတို့သည် ထိုကျင့်စဉ်များကို ပိုင်ဆိုင်ထားကြသော နေရာအချို့ဖြစ်ကြောင်း ချုရွှမ် သိရှိထားသည်။

"အခု ဝိညာဉ်ဧကရာဇ်ဂိုဏ်းက ငါ့လက်နဲ့ မျိုးပြုတ်သွားပြီ၊ ကြာနီဂိုဏ်းရဲ့ ဌာနချုပ်ကလည်း အရမ်းဝေးလွန်းတော့ အချိန်လောက်မှာ မဟုတ်ဘူး။ အဲဒီအစား ပထမမင်းသား ရှိနေတဲ့ နယ်စပ်က ဝိညာဉ်ဧကရာဇ်ဂိုဏ်းနဲ့ သိပ်မဝေးလှဘူး။ ငါ့ရဲ့ လေနှင့်မိုးကြိုး အတောင်ပံတွေနဲ့ဆိုရင် အသွားအပြန် ခရီးက အလွန်ဆုံး ဆယ်ရက်လောက်ပဲ ကြာလိမ့်မယ်"

ဤအချိန်ဇယားအတိုင်းဆိုလျှင် သူသည် မြို့တော်သို့ ပြန်လည်အစီရင်ခံရန် အချိန်မီ ရောက်ရှိနိုင်မည် ဖြစ်သည်။ ချုရွှမ်သည် သေချာစွာ စေ့စေ့စပ်စပ် တွက်ချက်ပြီးနောက် နောက်ဆုံးတွင် သူ၏ အကြည့်များ ပြတ်သားသွားခဲ့ပြီး

"စကားပုံရှိတာပဲ... သတ္တိရှိသူက ချမ်းသာပြီး သတ္တိနည်းသူက ငတ်ပြတ်တတ်တယ်တဲ့။ ဒီလို အခွင့်အရေးကောင်းနဲ့ ကြုံရခဲလှတာပဲ... ဒီစွန့်စားမှုကို လုပ်ရကျိုးနပ်ပါတယ်။" ဟု ဆိုလိုက်သည်။

သူသည် တွေးမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။

ချုရွှမ်သည် သွေးမိစ္ဆာအရှင် ချန်ထားရစ်ခဲ့သော တိုကင်တံဆိပ်ကို အမြန်ကောက်ယူလိုက်သည်။ ၎င်းသည် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ သီးသန့် အဆင့်အတန်းပြ တိုကင်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ရွှေရောင်ရှေးဟောင်း စာလုံးအချို့ကို ရေးထွင်းထား၏။ "သွေးရောင်ဝတ်အစောင့်တပ်ဖွဲ့ နယ်ခြားစောင့်တပ်မှူးကြီး။"

မှန်ပေသည်၊ ဤအရာကား သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့မှ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သီးသန့်တံဆိပ်ပင် ဖြစ်သည်။ သွေးမိစ္ဆာအရှင်သည် ဝိညာဉ်ဧကရာဇ်ဂိုဏ်းကို ဦးဆောင်ကာ ပထမမင်းသား၏ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံခဲ့ပြီးဖြစ်၍ ပထမမင်းသားသည် သူ၏ ရိုးသားမှုကို ပြသရန်အတွက် တရားဝင် ရုံးဝတ်စုံများနှင့် တိုကင်တံဆိပ်များကို ကြိုတင်၍ ရက်ရက်ရောရော ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ချုရွှမ်ရရှိထားသော မှတ်ဉာဏ်အပိုင်းအစများအရ သွေးမိစ္ဆာအရှင်နှင့် ပထမမင်းသားတို့သည် ကျူးရှန်းမြို့ရှိ လျှို့ဝှက်ပူးပေါင်းကြံစည်မှု အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာအရှင်ကိုယ်တိုင် ပထမမင်းသားထံ သွားရောက်ကာ သစ္စာခံရန် သဘောတူညီထားခဲ့ကြသည်။ ဤအချက်က ချုရွှမ်အတွက် အကောင်းဆုံးသော အခွင့်အရေးကို ဖန်တီးပေးလိုက်ခြင်းပင်။

"ဒါပေမဲ့ အဲဒါမတိုင်ခင် လုပ်စရာတစ်ခု ကျန်သေးတယ်"

ချုရွှမ် ခေတ္တမျှ စဉ်းစားပြီးနောက် သူရရှိထားသော မဟာဆရာသခင် ကျင့်ကြံမှုသက်တမ်း အနှစ်တစ်ရာကို နတ်အဆင့် အရိုးကျုံ့ခြင်းကျင့်စဉ်အတွင်းသို့ တိုက်ရိုက် ပေါင်းစပ်ထည့်သွင်းလိုက်သည်။ စကားပုံရှိသည်မဟုတ်လား... ကျားဂူထဲမဝင်ဘဲ ကျားသားမရနိုင်ဟု။ ရည်မှန်းချက်ကြီးမားလှသော ဤပထမမင်းသားကို ထောင်ချောက်ဆင်ရန်အတွက် ချူရွှမ်သည် ယခုတစ်ကြိမ်တွင် အစွမ်းကုန် စွန့်စားလိုက်ရသည်။

မဟာဆရာသခင် ကျင့်ကြံမှုသက်တမ်း အနှစ်တစ်ရာကို လောင်းထည့်လိုက်ပြီးနောက် နတ်အဆင့် အရိုးကျုံ့ခြင်းကျင့်စဉ်သည် ၎င်း၏ အဆုံးစွန်သောအကန့်အသတ်သို့ တိုက်ရိုက် မြင့်တက်သွားခဲ့တော့သည်။ ချူရွှမ် ထိုကျင့်စဉ်ကို ထပ်မံအသုံးပြုလိုက်ချိန်တွင် သူ၏ အရိုးတည်ဆောက်ပုံနှင့် ရုပ်ရည်သွင်ပြင်သည် သွေးမိစ္ဆာအရှင်နှင့် တစ်ထေရာတည်း တူညီသွားရုံတင်မကဘဲ သူ၏ အရှိန်အဝါသည်ပင် လုံးဝ ထပ်တူကျသွားခဲ့ရသည်။

"ရေစွမ်းအင်ပုလဲရဲ့ ဖုံးကွယ်မှုနဲ့ဆိုရင် ငါက လူသားအရေပြားမျက်နှာဖုံး မဝတ်ထားဘဲ မဟာဆရာသခင်တစ်ယောက်ရဲ့ ရှေ့မှာ ရပ်နေရင်တောင် ငါ့ရဲ့ ရုပ်ဖျက်မှုကို သူတို့ ဖောက်မြင်ဖို့ အရမ်းခက်ခဲလိမ့်မယ်။"

နောက်ဆုံးတွင် ချူရွှမ်သည် သန့်စင်သောမီးလျှံကျင့်စဉ်ကိုပါ လှုံ့ဆော်လိုက်ပြီး ဝိညာဉ်ဧကရာဇ်ဂိုဏ်းတစ်ခုလုံးကို ပြာကျအောင် ရှို့ပစ်လိုက်ကာ သဲလွန်စအားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။ မည်သည့် ချို့ယွင်းချက်မျှ မရှိကြောင်း အတည်ပြုပြီးနောက် ချူရွှမ်သည် သူ၏ လေနှင့်မိုးကြိုး အတောင်ပံများကို ခတ်ခတ်လျက် ကျယ်ပြောလှသော ညကောင်းကင်ယံထဲသို့ ပျံသန်းတက်သွားခဲ့သည်။ ကြီးမားလှသော ဝိညာဉ်ဧကရာဇ်ဂိုဏ်း၏ တောင်ထိပ်ကြီးသည်လည်း လုံးဝ ဆိတ်ငြိမ်သွားခဲ့ပြီး အသိစိတ်မဲ့နေသော ဝိညာဉ်လွင့်အချို့သာ အရပ်မျက်နှာအနှံ့ ရည်ရွယ်ချက်မရှိဘဲ လွင့်မျောနေကြတော့သည်။

မဟာဆရာသခင်နယ်ပယ်၏ အမြန်နှုန်းသည် မူလကတည်းက လျင်မြန်လှပေသည်။ လေနှင့်မိုးကြိုး အတောင်ပံများနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ပျံသန်းမှုနှုန်းသည် ပို၍ပင် မြန်ဆန်လာခဲ့၏။ လေးငါးရက်ခန့် ပျံသန်းပြီးနောက် မရေရာ မပြတ်သားသော ဧရာမ တောင်တန်းကြီးတစ်ခုသည် ချူရွှမ်၏ ရှေ့မှောက်၌ မကြာမီ ပေါ်ထွက်လာခဲ့သည်။

တောင်တန်းများ၏ နိမ့်တုံ့မြင့်တုံ့ လှိုင်းထနေမှုများအကြားတွင် တောင်တန်းတစ်ခုလုံးကို ဝန်းရံထားသော မဟာတံတိုင်းကြီးအလား မြင့်မားလှသည့် မြို့ရိုးမြောက်မြားစွာကို မြင်တွေ့နိုင်ပေသည်။ ထိုမြို့ရိုးများ၏ အကွာအဝေးတစ်ခုတည်းတင် ပြည့်စုံလှသော လီတစ်သိန်း ရှိပေသည်။

ဤနေရာကား မဟာချင်မင်းဆက်၏ အစွန်ဆုံး မြောက်ဘက်နယ်စပ်ဖြစ်သော ရှန်ဟိုင်ဂိတ်ပင် ဖြစ်သည်။

ရှန်ဟိုင်ဂိတ်၏ အလွန်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများ တည်ရှိနေကြသည်ဟု ဆိုကြသည်။ ထိုမိစ္ဆာများသည် စည်ပင်ဝဖြိုးလှသော မဟာချင်လောကကြီးအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန်၊ မီးရှို့ရန်၊ သတ်ဖြတ်ရန်၊ လုယက်ရန်နှင့် လူသားများကို စားသောက်ရန်အတွက် ရှန်ဟိုင်ဂိတ်ကို မကြာခဏ တိုက်ခိုက်ရန် ကြိုးပမ်းလေ့ရှိကြသည်။ ထိုမိစ္ဆာများကို ပိတ်ဆို့တားဆီးရန်အတွက် ပထမဧကရာဇ် နန်းသက်သုံးနှစ်ကတည်းက မဟာချင်မင်းဆက်သည် ဤနေရာ၌ လီတစ်သိန်းရှည်လျားသော မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့ပြီး ၎င်းကို စောင့်ကြပ်ရန် စစ်သည်တော် သိန်းပေါင်းများစွာကို ချထားခဲ့သည်။

သို့သော်လည်း ဤအရာက အစွမ်းထက်လှသော မိစ္ဆာမြောက်မြားစွာသည် ရှန်ဟိုင်ဂိတ်၏ ခံစစ်ကို မကြာခဏ ဖောက်ထွက်ကာ မဟာချင်နယ်မြေအတွင်း၌ သောင်းကျန်းဖျက်ဆီးခြင်းကို မတားဆီးနိုင်ခဲ့ချေ။ ပထမမင်းသား ထိုနေရာ၌ လာရောက်တပ်စွဲချိန်တွင်မူ လူထု၏ စိတ်နှလုံးကို သိမ်းပိုက်ရန်နှင့် စစ်အာဏာကို ပိုမိုချူပ်ကိုင်နိုင်ရန်အတွက် ပထမမင်းသားသည် စစ်တပ်၏ အရွယ်အစားကို မိမိသဘောအလျောက် အဆပေါင်းများစွာ တိုက်ရိုက် တိုးချဲ့ခဲ့သည်။

သွေးမိစ္ဆာအရှင်၏ မှတ်ဉာဏ်များအရ ယခုအခါ ရှန်ဟိုင်ဂိတ်အတွင်း၌ မြင်းတပ်အင်အား တစ်ခုတည်းတင် စုစုပေါင်း နှစ်သိန်း ရှိနေပြီ ဖြစ်သည်။ အခြားသော မြို့ရိုးများနှင့် ခံတပ်များရှိ ကာကွယ်ရေးတပ်ဖွဲ့များအားလုံး ပေါင်းစပ်လိုက်လျှင် အရေအတွက်မှာ တစ်သန်းကျော် ရှိပေသည်။ ဒါက တကယ့်ကို ထိတ်လန့်အံ့ဩစရာကောင်းတဲ့ စစ်အင်အားပင် ဖြစ်၏။

"ဒီပထမမင်းသားက ထီးနန်းကို လုယူဖို့ ရည်မှန်းချက် ရှိနေတာ မဆန်းတော့ပါဘူး။"

သို့သော်လည်း ချူရွှမ်အား ဤစွန့်စားမှုကို ပြုလုပ်ရန် လှုံ့ဆော်ပေးခဲ့သောအရာမှာ ပထမမင်းသား၏ စစ်တပ်အရွယ်အစားကြောင့် မဟုတ်ဘဲ ချူရွှမ် အံ့ဩသွားရသည်မှာ ရှန်ဟိုင်ဂိတ်အတွင်း၌ ပထမမင်းသားအပြင် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့မှ မဟာဆရာသခင်အဆင့် နယ်ခြားစောင့်တပ်မှူးကြီး နှစ်ဦးပါ ၎င်းကို စောင့်ကြပ်ရန် အမြဲတမ်း တပ်စွဲထားကြောင်း သွေးမိစ္ဆာအရှင်၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

"ပြီးတော့ မဟာဆရာသခင်နယ်ပယ်ကို ချိုးဖျက်နိုင်ဖို့အတွက် ဒီသွေးရောင်ဝတ်အစောင့်တပ်ဖွဲ့ရဲ့ မဟာဆရာသခင် နှစ်ယောက်က သွေးရောင်ဝတ်အစောင့်တပ်ဖွဲ့ရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ပိုင်ဆိုင်ထားကြရမယ်။ အခုတော့ အဲဒီကျင့်စဉ်ကို သူတို့ဆီကနေ ဘယ်လိုနှုတ်ယူရမလဲဆိုတာ ငါ့အပေါ်မှာပဲ မူတည်တော့တယ်။"

သူတို့ကို တိုက်ရိုက်သတ်ပစ်ရန်မှာ လုံးဝ မဖြစ်နိုင်သော ရွေးချယ်မှုပင်။ အဆုံးသတ်၌ ရှန်ဟိုင်ဂိတ်အတွင်းတွင် တပ်မှူးကြီးများသာမကဘဲ မြင်းတပ်အင်အား နှစ်သိန်းနှင့် ကြီးမားလှသော ကာကွယ်ရေး အင်းကွက်ကြီးပါ ရှိနေသောကြောင့် ဖြစ်သည်။ မဟာဆရာသခင်များထဲတွင် အသန်မာဆုံးလူသည် သိုင်းပညာ မဟာဆရာသခင်နယ်ပယ်၏ သတ္တမအလွှာတွင် တိုက်ရိုက် တည်ရှိနေသည်။

"ဒါကြောင့် ငါ ရှန်ဟိုင်ဂိတ်ထဲ ဝင်သွားတာနဲ့ တိုက်ရိုက်သတ်ဖို့ ကြိုးစားတာက အဆိုးဆုံး ရွေးချယ်မှုပဲ။ အကယ်၍ ဒီမဟာဆရာသခင် နှစ်ယောက်က အပြစ်မရှိရင်ကော... ငါက အကြီးအကျယ် ရှုံးသွားလိမ့်မယ်။ သူတို့ကို ဉာဏ်ဆင်ပြီး အနိုင်ယူတာက အကောင်းဆုံးပဲ။"

ဝူး...

ရှန်ဟိုင်ဂိတ်နှင့် မလှမ်းမကမ်းရှိ တောအုပ်အတွင်း၌ ချူရွှမ်သည် သူ၏ လေနှင့်မိုးကြိုး အတောင်ပံများကို ရုပ်သိမ်းလိုက်ပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးသည် သွေးမိစ္ဆာအရှင်၏ အသွင်အပြင်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ မျက်နှာက အုံ့မှိုင်းနေပြီး အကြည့်များက အေးစက်လျက် တစ်ကိုယ်လုံးမှ တစ္ဆေအရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

ဤအရာကား ချူရွှမ်သည် ဝိညာဉ်ဧကရာဇ်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သဖြင့် သွေးမိစ္ဆာအရှင်၏ မှတ်ဉာဏ်များကို ရရှိခဲ့ရုံတင်မကဘဲ ဝိညာဉ်ဧကရာဇ်ဂိုဏ်း၏ မြောက်မြားစွာသော တစ္ဆေကျင့်စဉ်များကိုပါ ရရှိထားခဲ့သောကြောင့် ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် ချူရွှမ်သည် ဟင်းလင်းပြင်၌ ဝဲပျံလျက် မဟာဆရာသခင်တစ်ဦး၏ ဟန်ပန်ကို ယူကာ ရှန်ဟိုင်ဂိတ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့ရာ သူ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို ရိပ်မိသွားမည်ကို စိုးရိမ်စရာ လုံးဝ မလိုတော့ချေ။

သူ ရှန်ဟိုင်ဂိတ်သို့ ချဉ်းကပ်သွားသည့် အခိုက်အတန့်မှာပင်

"ဘယ်သူလဲ။"

"ဘယ်က မိစ္ဆာကောင်က ငါတို့ ရှန်ဟိုင်ဂိတ်ဆီကို ကျူးကျော်ဝင်ရောက်ဝံ့တာလဲ။" ဟု အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်ဟိုင်ဂိတ်တစ်ခုလုံးတွင် အသံများ ရုတ်တရက် ဆူညံသွားခဲ့တော့သည်။ ရှန်ဟိုင်ဂိတ်၏ မြို့ရိုးများပေါ်တွင် ရေတွက်၍မရသော ထူးခြားသည့် အင်းစာလုံးများ လင်းလက်တောက်ပလာခဲ့၏။ ကြီးမားလှသော စစ်သည်တော်အုပ်ကြီးသည် အရပ်ရပ်မှ ဝန်းရံလာကြပြီး ရှန်ဟိုင်ဂိတ်၏ မြို့ပြပြာသာဒ်ပေါ်တွင် သောင်းနှင့်ချီသော ဧရာမ နတ်ဘုရားလက်ရုံး ဒူးလေးကြီးများ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

ထိုအရာများမှာ စစ်မှန်သော နတ်ဘုရားလက်ရုံး ဒူးလေးကြီးများ ဖြစ်ကြပြီး တစ်ခုချင်းစီသည် အိမ်တစ်လုံးမျှ ကြီးမားကာ ၎င်းကို နောက်သို့ ဆွဲတင်ရန်အတွက် အနည်းဆုံး လူသားအဆင့် စစ်သည်တော် တစ်ထောင်ခန့် လိုအပ်ပေသည်။ ၎င်းတို့ ပစ်လွှတ်လိုက်သော ဒူးလေးမြှားများသည် သစ်ပင်ငယ်တစ်ပင်မျှ တုတ်ခိုင်လှရာ မည်သည့် နတ်ဆိုး သို့မဟုတ် မိစ္ဆာမဆို ထိမှန်ပါက ချက်ချင်းပင် အသက်ပျောက်သွားစေမည် ဖြစ်သည်။

ထို့ပြင် နတ်ဘုရားလက်ရုံး ဒူးလေးကြီးများသည် အသက်မဲ့သော အရာဝတ္ထုများ ဖြစ်ကြသဖြင့် မိစ္ဆာချီများ စွန်းထင်းသွားမည်ကို စိုးရိမ်စရာ မလိုချေ။ ၎င်းတို့သည် ရှန်ဟိုင်ဂိတ်နှင့် မဟာချင်စစ်တပ်အတွင်းရှိ မိစ္ဆာများကို နှိမ်နင်းရန်အတွက် အထူးပြုလုပ်ထားသော လက်နက်များ ဖြစ်ကြသည်။ တစ်ခုထဲသော အားနည်းချက်မှာ ၎င်းတို့သည် အလွန်အမင်း လေးလံလှသဖြင့် ကိုင်တွယ်မောင်းနှင်ရန် ခက်ခဲပြီး သတ်မှတ်ထားသော နေရာတွင် အသေတပ်ဆင်ထားမှသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

မိမိထံသို့ ဦးတည်ထားသော ထိုနတ်ဘုရားလက်ရုံး ဒူးလေးကြီးများကို မြင်တွေ့လိုက်ရချိန်တွင် ချူရွှမ်ကိုယ်တိုင်ပင် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

"ဒီလောက်များတဲ့ နတ်ဘုရားလက်ရုံး ဒူးလေးကြီးတွေ... အကယ်လို့ အထိမှန်ခံရရင် မဟာဆရာသခင်နယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်တောင် မသေရင်တောင် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မယ်"

သူ၏ မျက်နှာသည် ချက်ချင်း အုံ့မှိုင်းသွားခဲ့ပြီး ရှန်ဟိုင်ဂိတ်အတွင်းရှိ စစ်သည်တော်များကို အသံကျယ်ကြီးဖြင့် စတင် ဆဲရေးတိုင်းထွာတော့သည်။

အခန်း (၁၈၀)

စစ်မှန်သော လူတော်လူကောင်းကို တန်ဖိုးထားခြင်း

"မင်းတို့ အသုံးမကျတဲ့ကောင်တွေ။ ငါက သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ နယ်ခြားစောင့်တပ်မှူးသစ် 'သွေးမိစ္ဆာအရှင်' ပဲ။ မင်းတို့ရဲ့ ခွေးမျက်လုံးတွေကို သေချာဖွင့်ပြီး ကြည့်စမ်း။"

ချုရွှမ်သည် သွေးမိစ္ဆာအရှင်၏ လေယူလေသိမ်းကို အတုယူကာ ဒေါသတကြီး ဟန်ဆောင်လိုက်ပြီး တစ္ဆေချီများ တဟုန်ထိုး ထွက်ပေါ်လာစေလျက် သူ၏ ဝတ်ရုံစကို ခါထုတ်ကာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြသည့် တိုကင်တံဆိပ်ကို ထုတ်ယူလိုက်သည်။ ထိုအခါ ဤတိုကင်တံဆိပ်သည် ရှန်ဟိုင်ဂိတ်၏ ကာကွယ်ရေးအင်းကွက်ကြီးနှင့် အမှန်တကယ်ပင် တုံ့ပြန်မှု ဖြစ်ပေါ်သွားခဲ့သည်။

ရှန်ဟိုင်ဂိတ်အတွင်းမှ အလင်းတန်းတစ်ခုသည် လျင်မြန်စွာ ကျရောက်လာခဲ့ပြီး ချုရွှမ်သည် သူ၏လက်ထဲရှိ တိုကင်တံဆိပ်မှ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထိုပုံရိပ်သည် အမှန်စင်စစ် သွေးမိစ္ဆာအရှင်၏ ရုပ်သွင်ပင် ဖြစ်၏။

ချုရွှမ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ 'တကယ့်ကို ကောက်ကျစ်တာပဲ။'

ဤအဆင့်အတန်းပြ တိုကင်တံဆိပ်တွင် ပုံရိပ်ယောင်ဖြင့် စိစစ်မှုစနစ် အမှန်တကယ် ရှိနေခဲ့ခြင်းကိုး။ ကံကောင်းထောက်မစွာဖြင့် သူ၌ ရေစွမ်းအင်ပုလဲနှင့် နတ်အဆင့် အရိုးကျုံ့ခြင်းကျင့်စဉ် ရှိနေသဖြင့် သူ၏ ရုပ်သွင်ကို ဖုံးကွယ်ပြောင်းလဲနိုင်ခဲ့သည်။ သို့မဟုတ်ပါက သူသည် ထိုနေရာ၌တင် ချက်ချင်း အကွက်ပေါ်သွားမည်ဖြစ်ပြီး သောင်းနှင့်ချီသော နတ်ဘုရားလက်ရုံး ဒူးလေးကြီးများ၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို ခံစားရပေလိမ့်မည်။

ချုရွှမ်၏ ရုပ်သွင်သည် ပုံရိပ်ယောင်နှင့် ကိုက်ညီသည်ကို မြင်သောအခါ မြို့ပြပြာသာဒ်ပေါ်မှ အမိန့်တစ်ချက် လျင်မြန်စွာ ကျရောက်လာခဲ့သည်။ "အတည်ပြုပြီးပြီ၊ မှားယွင်းမှုမရှိဘူး။ စစ်တပ် ပြန်ဆုတ်စေ"

ဝုန်း ဝုန်း ဝုန်း...

စစ်သည်တော်များသည် တပ်ရုပ်သိမ်းရာတွင် အမိန့်နာခံမှု လွန်စွာ တိကျပြတ်သားလှသည်။ သူတို့သည် နယ်စပ်၌ မိစ္ဆာများနှင့် နှစ်ရှည်လများ တိုက်ခိုက်လာခဲ့ကြရသဖြင့် စစ်သည်တော်များစွာ၏ ကိုယ်ပေါ်တွင် အလွန်တရာ ထူးခြားလှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ကိန်းဝပ်နေကြပေသည်။ တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်ရှိ သောင်းနှင့်ချီသော နတ်ဘုရားလက်ရုံး ဒူးလေးကြီးများသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့တော့သည်။

ချုရွှမ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မချဘဲ မနေနိုင်တော့ချေ။ အတွင်းသို့ပင် မဝင်ရသေးမီ ဤမျှအထိ အန္တရာယ်ကြီးလှရာ ဤရှန်ဟိုင်ဂိတ်သည် တကယ့်ကို နဂါးဂူ ကျားတွင်းကဲ့သို့ပင် ဖြစ်ပေသည်။

"စတုတ္ထမင်းသားက သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ အင်အားအနည်းငယ်ကို ချုပ်ကိုင်ထားနိုင်တာတင် တော်တော်လေး အထင်ကြီးစရာကောင်းတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ ဒီပထမမင်းသားက စစ်သည်တော်တစ်သန်းကို တိုက်ရိုက်ကွပ်ကဲနေပြီး ပိုလို့တောင် ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး"

ချုရွှမ်သည် အခြားသော အမှန်တရားတစ်ခုကို ပိုမိုရှင်းလင်းစွာ နားလည်သွားခဲ့သည်။ မြို့တော်တွင် မဟာချင်တရားဝင် တော်ဝင်မိသားစု၏ အရှိန်အဝါက မှေးမှိန်နေနိုင်သော်လည်း မဟာချင်မင်းဆက်၏ အစွန်အဖျား နယ်မြေများ၊ အထူးသဖြင့် မိစ္ဆာများနှင့် တိုက်ရိုက်ရင်ဆိုင်နေရသော ဤနယ်စပ်တံတိုင်းများတွင်မူ တော်ဝင်မိသားစု၏ အာဏာစက်က အကြွင်းမဲ့ ကြီးမားလှပေသည်။ အကယ်၍ သူသာ ရုပ်ခန္ဓာရော သိုင်းပညာပါ မဟာဆရာသခင်အဆင့်ရှိသော နှစ်ဖက်စလုံး ကျွမ်းကျင်သူတစ်ဦးအဖြစ် ချိုးဖျက်မထားနိုင်ခဲ့ပါက ချုရွှမ်သည် ဤကဲ့သို့သော စွန့်စားမှုကို အမှန်တကယ်ပင် ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။

သူ ထိုနေရာ၌ ရပ်လျက် အတွေးပွားနေစဉ်မှာပင် ရှန်ဟိုင်ဂိတ်၏ မြို့တံခါးကြီး ပွင့်ဟလာခဲ့သည်။ အလတ်ပိုင်းအရွယ် စစ်သူကြီးတစ်ဦးသည် မြင်းတပ်တစ်စုကို ဦးဆောင်ကာ သူ့အား ကြိုဆိုရန် မြင်းစီး၍ ထွက်လာခဲ့သည်။

ချုရွှမ် ခေတ္တမျှ စဉ်းစားလိုက်သည်။ စွန့်စားရန် ဆုံးဖြတ်ပြီးပြီဖြစ်၍ သူ၏ သရုပ်ဆောင်မှုက အစစ်အမှန်နှင့် တူရပေမည်။ ထို့ကြောင့် သူသည်လည်း မြေပြင်ပေါ်သို့ အလိုက်သင့် ဆင်းသက်လိုက်၏။

ထိုအလတ်ပိုင်းအရွယ် စစ်သူကြီးသည် လက်ဝါးချင်းယှက် ဂါရဝပြုလိုက်ပြီး။ "ရှန်ဟိုင်ဂိတ်ရဲ့ ဂွမ်နင် သံမဏိမြင်းတပ် တပ်မှူး ဝူရှန်း က စီနီယာ တပ်မှူးကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ" ဟု ဆိုလိုက်သည်။

"ဘာ... မင်းနာမည်က ဝူရှန်း ဟုတ်လား"

ချုရွှမ်၏ မျက်နှာအမူအရာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ သူသည် ရှန်ဟိုင်ဂိတ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိုအလတ်ပိုင်းအရွယ် စစ်သူကြီးကို စူးစိုက်ကြည့်လိုက်၏။ သူက အသက်လေးဆယ်ကျော်ခန့်ရှိပြီး နတ်အဆင့် နဝမအလွှာ တွင် တည်ရှိနေသည်။ သူ၏ ဖြစ်တည်မှုတစ်ခုလုံးမှ ဖြတ်လတ်ထက်မြက်ပြီး အရည်အချင်းရှိသော အငွေ့အသက်များ ထွက်ပေါ်နေပေသည်။

ဝူရှန်းသည်လည်း ချုရွှမ်အား ဇဝေဇဝါဖြင့် ကြည့်ကာ "စီနီယာ... ကျွန်တော့်ကို သိလို့လားခင်ဗျာ" ဟု မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် နယ်ခြားစောင့်တပ်မှူးကြီးများအားလုံးသည် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။ ဝူရှန်းသည် စိတ်ထဲ၌ ဝေခွဲမရဖြစ်နေသော်လည်း လွန်စွာ နှိမ့်ချသော ဟန်ပန်ကို ထိန်းသိမ်းထားဆဲ ဖြစ်၏။

ချုရွှမ်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး "အဟမ်း... မသိပါဘူး။ မင်းရဲ့ နာမည်က နည်းနည်း ထူးခြားနေလို့ပါ။ ဒါနဲ့... မင်းမှာ သားသမီး ရှိလား" ဟု မေးလိုက်သည်။

ဝူရှန်းသည် ထပ်မံ မှင်တက်သွားရပြန်သည်။ "သား ဟုတ်လား။ စီနီယာ... ကျွန်တော်က သိုင်းပညာကိုပဲ အာရုံစိုက်နေလို့ အိမ်ထောင်မပြုရသေးပါဘူး၊ သားသမီးလည်း မရှိသေးပါဘူးခင်ဗျာ"

"ကောင်းပြီ။ မှတ်ထားပါ... အကယ်၍ နောင်တစ်ချိန်မှာ သားသမီးယူဖို့ တွေးခဲ့ရင် သမီးပဲ ယူရမယ်။ သား လုံးဝ မယူနဲ့" ဟု ချုရွှမ်က အလေးအနက် သတိပေးလိုက်၏။

ဝူရှန်းသည် လုံးဝကို စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ 'ငါ့မှာ သားရှိရှိ မရှိရှိ... မင်းလို မိစ္ဆာသိုင်းပညာရှင် အဘိုးကြီးနဲ့ ဘာဆိုင်လို့လဲ' သို့သော်လည်း မိစ္ဆာသိုင်းပညာရှင် အများစုမှာ စိတ်အာရုံ ဖောက်ပြန်တတ်ကြသည်။ ယခုတစ်ခဏတွင် ရယ်မောကာ စကားပြောနေတတ်ပြီး နောက်တစ်ခဏတွင်မူ မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်တတ်ကြပေသည်။

ဝူရှန်းသည် သူ၏ နှလုံးသားထဲ၌ မကျေမနပ်ဖြစ်နေသော်လည်း နားလည်သဘောပေါက်သွားသည့် ဟန်ပန်ဖြင့် "ဒီမျိုးဆက်သစ်က မှတ်သားထားပါ့မယ် ခင်ဗျာ။ ဒါနဲ့ စီနီယာ... စီနီယာ ရောက်လာတဲ့အကြောင်းကို ကျွန်တော် ပထမမင်းသားနဲ့ ကျွန်တော့်ရဲ့ ဆရာဆီကို လူလွှတ်ပြီး အကြောင်းကြားထားပြီးပါပြီ။ မကြာခင် ရောက်လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်" ဟု အမြန်ပြောလိုက်သည်။

စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် လျင်မြန်လှသော မြင်းခွာသံများကို ကြားလိုက်ရသည်။ ချုရွှမ် မော့ကြည့်လိုက်သောအခါ စစ်မြင်းတစ်ကောင် တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ ကျောပေါ်တွင် မြွေနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော မျက်နှာဝိုင်းဝိုင်းနှင့် လူငယ်တစ်ဦး ထိုင်နေပေသည်။ ထိုလူငယ်သည် အနည်းငယ် ဝဖြိုးသော်လည်း သူ၏မျက်နှာထက်တွင် အမြဲတစေ ရိုးသားဖော်ရွေသော အပြုံးတစ်ခု ရှိနေပေသည်။

အဆန်းပြားဆုံးအချက်မှာ ထိုလူငယ်သည် မြင်းပေါ်တွင် ခြေဗလာဖြင့် ဖြစ်နေပြီး မြင်းစီးလာရင်း ချုရွှမ်ထံသို့ လက်ဝါးချင်းယှက်ကာ "စီနီယာ မိစ္ဆာအရှင်... ဒီမင်းသားက စီနီယာ့ကို လွန်စွာ လွမ်းဆွတ်နေခဲ့ရတာပါ။" ဟု လှမ်းအော်လိုက်ခြင်း ဖြစ်သည်။

သူ၏ စကားသံအဆုံးမှာပင် ရုတ်တရက် ထိုမျက်နှာဝိုင်းနှင့် လူငယ်သည် ဟန်ချက်ပျက်ကာ မြင်းကျောပေါ်မှ လိမ့်ကျသွားခဲ့တော့သည်။

"မကောင်းတော့ဘူး... ပထမမင်းသား မြင်းပေါ်က ပြုတ်ကျသွားပြီ။"

"ပထမမင်းသား... ဘာမှမဖြစ်ဘူး မဟုတ်လား ခင်ဗျာ"

ဝူရှန်းသည် အလွန်အမင်း ထိတ်လန့်သွားကာ သူ့အား ကူညီထူမရန် ပြေးသွားခဲ့သော်လည်း ပထမမင်းသားက သဘောထားကြီးစွာဖြင့် လက်ဝှေ့ယမ်းကာ "မလိုဘူး... ငါ့ကို ထူစရာမလိုဘူး။" ဟု ဆိုလိုက်သည်။ "စီနီယာ သွေးမိစ္ဆာအရှင် ရောက်ရှိလာတဲ့အကြောင်း ကြားလိုက်ရလို့ ငါက စိတ်လှုပ်ရှားလွန်းပြီး ဖိနပ်စီးဖို့တောင် မေ့သွားခဲ့တာ... အဲဒါကြောင့် ချော်လဲသွားတာပါ။ စီနီယာ့ကို ရယ်စရာဖြစ်အောင် လုပ်မိပြီ"

ပထမမင်းသားသည် ချက်ချင်း ထရပ်လိုက်သည်။ သူသည် လဲကျသွားသဖြင့် ဖုန်မှုန့်များ ပေကျံနေသော သူ၏ ရုပ်သွင်ကိုပင် ဂရုမစိုက်တော့ဘဲ အလွန်အမင်း ဝမ်းသာအားရဖြစ်နေသော အမူအရာဖြင့် ချုရွှမ်ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

သူကိုယ်တိုင်က လူယောင်ဆောင်ထားသူတစ်ဦး ဖြစ်နေသော်လည်း မိစ္ဆာသိုင်းပညာရှင်တစ်ဦးအပေါ် ထားရှိသော ပထမမင်းသား၏ စိတ်အားထက်သန်မှုနှင့် ရိုသေလေးစားမှုများကို မြင်တွေ့လိုက်ရခြင်းက ထိုနေရာရှိ စစ်သည်တော်များနှင့် စစ်သူကြီးများအားလုံးကို စစ်မှန်သော 'လူတော်လူကောင်းကို တန်ဖိုးထားခြင်း' ဆိုသည်မှာ မည်သို့ရှိကြောင်း မျက်ဝါးထင်ထင် သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

မြောက်မြားစွာသော စစ်သည်တော်များသည် ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွလာခဲ့ကြပြီး ပထမမင်းသားအတွက် အသက်ပေးတိုက်ပွဲဝင်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့ကြသည်။ တပ်မှူးတစ်ဦးဖြစ်သော ဝူရှန်းဆိုလျှင် ပို၍ပင် ခံစားလိုက်ရပေသည်။

ချုရွှမ်တစ်ဦးတည်းသာ မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိဘဲ တည်ငြိမ်နေခဲ့၏။ ဘာပဲဖြစ်ဖြစ် မဟာဆရာသခင်တစ်ဦးအနေဖြင့် မိမိ၏ အရှိန်အဝါကို ထိန်းချုပ်ထားရပေမည်။

ထို့ကြောင့် ချုရွှမ်သည် အနည်းငယ် အေးစက်စွာ ခေါင်းညိတ်လိုက်ပြီး "ပထမမင်းသားက တကယ့်ကို လူတော်တွေကို တန်ဖိုးထားတတ်တာပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးက မိစ္ဆာသိုင်းပညာရှင်သက်သက်ပဲမို့လို့ ဒီလောက်အထိ ခမ်းနားတဲ့ ကြိုဆိုမှုကို မခံယူထိုက်ပါဘူး။ ပြီးတော့... ပထမမင်းသား ဒီအဘိုးကြီးကို ကတိပေးထားခဲ့တဲ့ အခြေအနေတွေက အခုထက်ထိ တည်မြဲနေဆဲလားဆိုတာ သိပါရစေ" ဟု မေးလိုက်သည်။

"ဟားဟားဟား... သေချာပေါက် တည်မြဲနေတာပေါ့။ မိစ္ဆာအရှင် စီနီယာ... ဒီနေရာက စကားပြောဖို့ မသင့်တော်ပါဘူး။ ဆွေးနွေးစရာရှိတာတွေကို အထဲရောက်မှ ပြောကြတာပေါ့။" ပထမမင်းသားသည် ချုရွှမ်၏ အေးစက်သော မျက်နှာထားကြောင့် စိတ်ပျက်သွားခြင်း လုံးဝမရှိခဲ့ချေ။ သူသည် လူတော်များကို ဆွဲဆောင်ရန်အတွက် သူ၏ နောက်ထပ် အစွမ်းထက်လှသော တိုက်ကွက်တစ်ခုဖြစ်သည့် 'လက်ချင်းတွဲခြင်းကျင့်စဉ်' ကိုပင် ထုတ်သုံးလိုက်သေးသည်။

ဘာပဲဖြစ်ဖြစ် မဟာချင်မင်းဆက်၏ မင်းသားတစ်ပါးဖြစ်ပြီး စစ်သည်တော်တစ်သန်းကို ကွပ်ကဲနေသူဖြစ်၍ ပထမမင်းသား၏ အဆင့်အတန်းမှာ မွေးရာပါ မြင့်မြတ်လှသည်။ တစ်ဖက်တွင်မူ ချုရွှမ်က မဟာချင်၏ ဖိနှိပ်မှုအောက်တွင် ပုန်းအောင်းကာ ထွက်ပြေးနေရသော တစ္ဆေကျင့်ကြံသူ မိစ္ဆာသိုင်းပညာရှင်တစ်ဦးသာ ဖြစ်ပေသည်။ သူတို့နှစ်ဦး၏ အဆင့်အတန်းမှာ ကွာခြားလွန်းလှသည်။ သူတို့၏ အဆင့်အတန်းများအကြားတွင် ကြီးမားလှသော ကွာဟချက်တစ်ခု ရှိနေခဲ့ခြင်းပင်။

ထို့ကြောင့် ပထမမင်းသား ဤတိုက်ကွက်ကို ထုတ်သုံးလိုက်သည့် အခါတိုင်းတွင် နိမ့်ကျသော နောက်ခံမှ ဆင်းသက်လာကြသည့် ထူးချွန်သော ပညာရှိများနှင့် မိစ္ဆာသိုင်းပညာရှင်များသည် ကြီးမားလှသော လေးစားမှုကို ရရှိသည်ဟု ခံစားရသဖြင့် လွန်စွာ စိတ်လှုပ်ရှားသွားတတ်ကြသည်။

ကံမကောင်းစွာဖြင့် ဤတိုက်ကွက်က ချုရွှမ်အပေါ်တွင်မူ လုံးဝ အရာမထင်ခဲ့ချေ။ အကြောင်းမူကား ပထမမင်းသား ချဉ်းကပ်လာချိန်တွင် ချုရွှမ်၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံပြစ်ဒဏ်ခတ်ခြင်းရတနာသည် စတင်တုန်ခါလာခဲ့ပြီး ပထမမင်းသား၏ ဟန်ဆောင်ပန်ဆောင် လူတော်များကို တန်ဖိုးထားမှုအောက်တွင် ဖုံးကွယ်ထားသော အကုသိုလ်ဒုစရိုက်များကို ချုရွှမ်က အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။ ထို့ပြင် မင်းက မိန်းမတစ်ယောက်လည်း မဟုတ်ဘဲ... မင်းရဲ့လက်ကို ဘယ်သူက လာတွဲချင်မှာလဲ။

ချုရွှမ်သည် နောက်သို့ ပြတ်ပြတ်သားသား ဆုတ်လိုက်ပြီး ပထမမင်းသားနှင့် တမင်တကာ အကွာအဝေးတစ်ခု ခြားလိုက်ကာ "ပထမမင်းသား... ယဉ်ကျေးပျော်ရွှင်ပြနေဖို့ မလိုပါဘူး။ ဒီအဘိုးကြီးကို အထဲကိုပဲ ခေါ်သွားပေးပါ။ မေးစရာ မေးခွန်းအချို့ ရှိလို့ပါ" ဟု ဆိုလိုက်သည်။

"မောက်မာလှချည်လား။ ပထမမင်းသားအပေါ် မရိုမသေ မလုပ်နဲ့။"

အနီးနားတွင် ရပ်နေသော ဝူရှန်းက သူ၏ မကျေမနပ်ဖြစ်မှုကို ထုတ်ဖော်ပြောဆိုလိုက်သော်လည်း မထင်မှတ်ဘဲ ပထမမင်းသားက ဝူရှန်း၏ ပါးကို ဖြတ်ရိုက်လိုက်ပြီး "မင်းကမှ ရိုင်းစိုင်းတာ။ စီနီယာ မိစ္ဆာအရှင် ကြွရောက်လာတာက ငါ့အတွက် ဂုဏ်ယူစရာပဲ။ နောင်ကို စီနီယာ မိစ္ဆာအရှင်ကို မြင်တဲ့သူတိုင်း ငါ့ကို ဆက်ဆံသလိုမျိုး ဆက်ဆံရမယ်၊ ဘာမရိုသေမှုကိုမျှ မပြရဘူး။" ဟု ဟိန်းဟောက်လိုက်လေသည်။

"လူတွေ... ရထားလုံး ပြင်စမ်း။ စီနီယာ မိစ္ဆာအရှင်... ကျေးဇူးပြုပြီး ရထားလုံးပေါ် ကြွပါ။"

ပထမမင်းသားသည် အရှုံးမပေးဘဲ ဇိမ်ခံရထားလုံးတစ်စီးကို အမြန်ပြင်ဆင်စေကာ ချုရွှမ်အား တက်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။ ချုရွှမ်သည်လည်း အားနာမနေတော့ဘဲ သွေးမိစ္ဆာအရှင်၏ အဆင့်အတန်းဖြင့် ရထားလုံးပေါ်သို့ တိုက်ရိုက် တက်လိုက်တော့သည်။ မူလက ပထမမင်းသားသည် သူနှင့်အတူ လိုက်ပါစီးနင်းလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ထို့နောက်တွင် ပထမမင်းသား ပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုက ချုရွှမ်ကိုပင် ထပ်မံ၍ အံ့ဩသွားစေခဲ့ပြန်သည်။

All Chapters