အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁) သွေးမိစ္ဆာမြက်ခင်းပြင်၏ မူလအစ (၂)
လီတန်နှင့် ဝမ်ကျင်းတို့သည် စုန်းဟူနယ်မြေမှ ဖြစ်သောကြောင့် သွေးမိစ္ဆာမြက်ခင်းပြင်အကြောင်းကို အနည်းငယ် ကြားဖူးထားကြပေ၏။ သို့သော် သူတို့ သိထားသော အကြောင်းအရာများမှာ အပေါ်ယံမျှသာဖြစ်ပြီး လီရှီးတဲ၏ ရှင်းပြချက်လောက် အသေးစိတ်မရှိချေ။
ထို့ကြောင့် သူတို့သုံးဦးစလုံး စိတ်လှုပ်ရှားနေကြသော်လည်း လီရှီးတဲကို ဝင်မနှောင့်ယှက်ဘဲ သေချာစွာ နားထောင်နေကြလေသည်။
"မူလသဲကန္တာရက ဘိုးဘေးရဲ့သွေးတွေကြောင့် ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်သွားပြီး အခုလက်ရှိ သွေးမိစ္ဆာမြက်ခင်းပြင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတာပဲ"
"သွေးမိစ္ဆာမြက်ခင်းပြင် တဖြည်းဖြည်း ဖြစ်တည်လာပြီးတဲ့နောက်မှာ ဘိုးဘေးရဲ့ စိတ်ဝိညာဉ်က ဒီနေရာကနေ လွတ်မြောက်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့တယ်"
"ဒါပေမဲ့ ရွှမ်ထျန်းအရှင်ရဲ့ ချိတ်ပိတ်ထားမှုကို သူ လွယ်လွယ်နဲ့ ရုန်းထွက်လို့ မရနိုင်ဘူး"
"ဒါ့ကြောင့် သွေးမိစ္ဆာဘိုးဘေးက အကြံတစ်ခု ထုတ်ခဲ့တယ်... သူ့ရဲ့ ကျန်ရစ်တဲ့ ဝိညာဉ်ကို ခွဲထုတ်ပြီး မိစ္ဆာဝံပုလွေတွေအဖြစ် အသွင်ပြောင်းလိုက်တာပဲ"
"ဒီမိစ္ဆာဝံပုလွေတွေသာ လွတ်မြောက်သွားနိုင်ရင် သူ့ရဲ့ ကျန်ရစ်တဲ့ ဝိညာဉ်ကလည်း ချိတ်ပိတ်ထားမှုကနေ လွတ်မြောက်နိုင်ပြီ"
"ဒါ့ကြောင့် လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ခေါက်ရှန်းဂိုဏ်း၊ ချန်ချင်းဂိုဏ်းနဲ့ တခြားဂိုဏ်းတွေက တပည့်တွေကို မိစ္ဆာဝံပုလွေတွေ လာသတ်ဖို့ မကြာခဏ စေလွှတ်ခဲ့ကြတာ "
"သေချာတာပေါ့... မိစ္ဆာဝံပုလွေတိုင်းမှာ သွေးမိစ္ဆာဘိုးဘေးရဲ့ ဝိညာဉ်အကြွင်းအကျန် ပါမနေပါဘူး... လက်ရှိ မိစ္ဆာဝံပုလွေ အများစုက သားမြေးတွေသာ ဖြစ်လို့ အနည်းအကျဉ်းလောက်ပဲ ကျန်ရှိတော့တယ်"
ဤသို့ပြောပြီးနောက် လီရှီးတဲသည် ခဏမျှ ရပ်တန့်သွားလေ၏။ သူတို့သုံးဦးစလုံး စကားပြောရန် တွေဝေနေသည်ကို မြင်သောအခါ သူက ပြုံးလျက် ပြောဆိုလိုက်သည်။
"သိချင်တာရှိရင် မေးလို့ရပါတယ်"
လီရှီးတဲ၏ စကားကြောင့် သူတို့သုံးဦးစလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေ၏။ လီတန်က ပထမဆုံး စကားစပြောလိုက်သည်။
"စီနီယာလီ... သွေးမိစ္ဆာ ဘိုးဘေးအကြောင်းကို အရင်က ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
လီရှီးတဲသည် သူတို့သုံးဦးကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီးနောက် တာအိုအကြောင်း ပြောဆိုလေ၏။
"သွေးမိစ္ဆာ ဘိုးဘေးကိစ္စက အရမ်း ရှေးကျလွန်းလို့ ဒီအကြောင်း သိတဲ့သူ အလွန် ရှားပါးသွားတာပဲ"
"ဒီအကြောင်းကို ငါ သိရတဲ့ အကြောင်းရင်းကတော့ ငါ့ရဲ့ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတဲ့ အကြောင်းဖြစ်နေလို့ပဲ"
"သေချာတာပေါ့... မင်းတို့ကို ဘာတစ်ခုမှ လိမ်ပြောစရာ အကြောင်းမရှိပါဘူး... ဒီတစ်ကြိမ် သွေးမိစ္ဆာမြက်ခင်းပြင်က လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့တဲ့ အကြောင်းရင်းက သွေးမိစ္ဆာ ဘိုးဘေးရဲ့ ကျန်ရစ်တဲ့ ဝိညာဉ်နဲ့ သက်ဆိုင်နေလို့ပဲ"
လီရှီးတဲ၏ အဖြေကို ကြားချိန်၌ သူတို့သုံးဦးစလုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြလေ၏။
အပေါ်ယံကြည့်လျှင် သူတို့သုံးဦးစလုံး၏ ကျင့်ကြံမှုအဆင့်သည် လီရှီးတဲထက် နိမ့်ကျနေသဖြင့် သူတို့ကို လှည့်စားရန် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးနေစရာ အကြောင်းမရှိချေ။
ဝမ်ကျင်းသည် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်လေ၏။
"စီနီယာလီ... သွေးမိစ္ဆာ ဘိုးဘေးရဲ့ ဝိညာဉ်အကြွင်းအကျန်သာ တကယ် လွတ်မြောက်သွားရင် ဘာတွေ ဆက်ဖြစ်လာမလဲ"
ဝမ်ကျင်း၏ မေးခွန်းကို ကြားချိန်၌ လီရှီးတဲ၏ အမူအရာသည် တည်ကြည်လေးနက်သွားပြီးနောက် ဖြေကြားလိုက်သည်။
"ဒုက္ခရောက်ရုံတင်မကဘူး... ကပ်ဘေးကြီးပါ ဆိုက်ရောက်လာလိမ့်မယ်"
"သွေးမိစ္ဆာ ဘိုးဘေးဟာ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့အတွက် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အဆုံးမရှိ အားနည်းသွားခဲ့ပေမဲ့ သူ့ရဲ့ မူလမှတ်ဉာဏ်တွေကို ဆက်ထိန်းထားနိုင်ဖို့ အလွန် ဖြစ်နိုင်ခြေများတယ်"
"သူသာ တစ်ယောက်ယောက်ကို ဝင်ပူးလိုက်ရင် ပထမဦးဆုံးအနေနဲ့ ပုန်းကွယ်နေပြီးတော့မှ အထောက်အထားအသစ်နဲ့ အားကောင်းလာမှာ သေချာတယ်"
"သူက သတ်မှတ်ထားတဲ့ အမြင့်တစ်နေရာကို ရောက်သွားပြီဆိုတာနဲ့ ရွှမ်ထျန်းကြယ်စင်နယ်မြေမှာ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ပြီး သွေးမိစ္ဆာမျိုးနွယ်စုနဲ့ ဆက်သွယ်နိုင်လိမ့်မယ်"
"ငါတို့ ခြေအောက်က တိုက်ကြီးဟာ စကြဝဠာထဲမှာ အမြဲတမ်း ရွေ့လျားနေတဲ့ ကောင်းကင်က ကြယ်တွေလိုပဲ ဆိုတာ မင်းတို့ သိထားရမယ်"
"ဒါပေမဲ့ ယဇ်ပလ္လင် တည်ဆောက်ပြီးတာနဲ့ ရွှမ်ထျန်းကြယ်စင်နယ်မြေရဲ့ တည်နေရာကို ဖော်ပြသွားလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် သူတို့က နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တည်ဆောက်ပြီး တိုက်ရိုက် ရောက်လာနိုင်တယ်"
"ရွှမ်ထျန်းကြယ်စင်နယ်မြေက လက်ရှိမှာ ထိန်းချုပ်လို့ ရနေသေးပေမဲ့ ရွှမ်ထျန်းအရှင် ပျောက်ကွယ်သွားကတည်းက ရွှမ်ထျန်းကြယ်စင်နယ်မြေမှာ သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်မှ မပေါ်ထွက်လာတော့ဘူး... သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ အရေအတွက်တောင် အလွန် ရှားပါးနေပြီ"
"ဒီလောက် စွမ်းအားနဲ့ဆိုရင် သွေးမိစ္ဆာမျိုးနွယ်စုကို ရင်ဆိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး"
"တကယ်တော့ ဒီတစ်ကြိမ် သွေးမိစ္ဆာမြက်ခင်းပြင်ကို ငါ လာတာက…. မိတ်ဆွေငယ်သုံးဦးကို ဘာမှ ဖုံးကွယ်မထားပါဘူး... ငါ ဒီကို လာတာ သေဖို့ပဲ"
လီရှီးတဲ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်ကျင်းနှင့် လီတန်တို့သည် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီး လီရှီးတဲကို မယုံနိုင်စွာ စိုက်ကြည့်နေကြလေ၏။
ကျိုးယွမ်သည်လည်း လီရှီးတဲ၏ စကားများကြောင့် အံ့အားသင့်သွားရလေသည်။ အဖြေပေါင်းများစွာကို သူ ခန့်မှန်းခဲ့ဖူးသော်လည်း ဤအဖြေမျိုးကိုမူ တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။
လီရှီးတဲ ဤသို့ ပြောလိုက်ပြီးနောက် သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။ သို့ရာတွင် သူ၏ မျက်လုံးများ၌ ပြတ်သားမှုတစ်ရပ်လည်း ထင်ဟပ်နေပေသည်။
ကျိုးယွမ်သည် မူလက ဝင်မနှောင့်ယှက်ချင်ခဲ့သော်လည်း စကားပြောလိုက်လေသည်။
"စီနီယာလီ... ဘာလို့ သေချင်ရတာလဲ"
လီရှီးတဲက အနည်းငယ် ပြုံးလိုက်ပြီးနောက် တည်ငြိမ်စွာ ဖြေကြားလေ၏။
"ငါ့ရဲ့ ဘိုးဘေးတွေက တစ်ချိန်တုန်းက ရွှမ်ထျန်းအရှင်ရဲ့ ရွှမ်ထျန်းကြယ်စင်နယ်မြေ စစ်ဆင်ရေးတွေမှာ လိုက်ပါခဲ့ပြီး သူတို့ရဲ့ ဂုဏ်သတင်းက ရွှမ်ထျန်းကြယ်စင်နယ်မြေကို တုန်လှုပ်စေခဲ့တယ်"
"ရွှမ်ထျန်းအရှင် မပျောက်ကွယ်ခင်မှာ ငါ့ရဲ့ လီမိသားစုကို သွေးမိစ္ဆာမြက်ခင်းပြင်ကို စောင့်ကြပ်ဖို့ အမိန့်ပေးခဲ့တယ်... သွေးမိစ္ဆာ ဘိုးဘေးရဲ့ ဝိညာဉ်အကြွင်းအကျန်ကို လွတ်မြောက်ခွင့် လုံးဝ မပေးနိုင်ဘူး"
"အခု ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာ စွမ်းအားကြီးမားတဲ့ လီမိသားစုဟာ ပြိုကွဲပျက်စီးသွားတာ ကြာပြီဖြစ်ပြီး ငါ့အနားမှာ တစ်ယောက်ပဲ ကျန်တော့တယ်"
လီရှီးတဲ စကားပြောပြီးနောက် သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးအတွင်း၌ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာလေ၏။
ကျိုးယွမ် အကဲခတ်ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားလေသည်။ ဤစွမ်းအားကို သူ မည်သို့ မမှတ်မိဘဲ နေမည်နည်း။ အမှောင်ထု၏ စွမ်းအားပင် ဖြစ်သည်။
သူ၏ အမှောင်ထုဓားတွင် ဤကဲ့သို့သော စွမ်းအားမျိုး ပါဝင်သော်လည်း လီရှီးတဲ၏ လက်ထဲရှိ အမှောင်ထုစွမ်းအင်နှင့် နှိုင်းယှဉ်ပါက များစွာ အလှမ်းဝေးလှပေသည်။
[ဒင်... စနစ်မှ အမှောင်ထု မူလစွမ်းအားကို ထောက်လှမ်းမိပါသည်... လုယက်မည်လား]
[ဤအမှောင်ထု မူလစွမ်းအားတွင် ကြီးမားသော ကံကြမ္မာအကျိုးဆက်များ ပါဝင်ကြောင်း စနစ်မှ ပိုင်ရှင်အား သတိပေးအပ်ပါသည်... အကယ်၍ လုယက်ပါက ကံကြမ္မာအကျိုးဆက် အားလုံးကို ပိုင်ရှင်မှ ခံယူရမည် ဖြစ်ပါသည်]
ထိုအခိုက်အတန့်တွင် စနစ်၏ အသံသည် ကျိုးယွမ်၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွားလေ၏။
ဤစကားကို ကြားချိန်၌ ကျိုးယွမ် တိတ်ဆိတ်သွားလေသည်။ စနစ်၏ သတိပေးချက်က ဤအရာသည် ရယူရန် မလွယ်ကူကြောင်း သူ့ကို သဘောပေါက်စေခဲ့သည်။
"လောလောဆယ် မလုယက်သေးဘူး"
အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရမီအချိန်အထိ လီရှီးတဲ၏ လက်ထဲရှိ အမှောင်ထု မူလစွမ်းအားကို သူ အလိုမရှိကြောင်း ကျိုးယွမ်က စနစ်အား ပြောဆိုလိုက်လေသည်။
လီတန်နှင့် ဝမ်ကျင်းတို့သည် လီရှီးတဲ၏ လက်ထဲရှိ အမှောင်ထု မူလစွမ်းအားကို မြင်သောအခါ ရှေးဟောင်း သားရဲကြီးတစ်ကောင် စိုက်ကြည့်နေသကဲ့သို့ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရလေ၏။
ကံကောင်းစွာဖြင့် လီရှီးတဲက သူ့ကိုယ်သူ ဖော်ပြပြီးနောက် သူ၏ ဘယ်လက်ကို အောက်ချလိုက်ရာ အမှောင်ထု မူလစွမ်းအားများ ပျောက်ကွယ်သွားလေသည်။
လီရှီးတဲသည် သက်ပြင်းချလိုက်ပြီးနောက် ပြောဆိုလေ၏။
"ငါ အခုလေးတင် ဖော်ပြလိုက်တာက ငါ့ရဲ့ ဘိုးဘေးတွေရဲ့ အမွေအနှစ်ကနေ ဆင်းသက်လာတဲ့ အမှောင်ထု မူလစွမ်းအားပဲ... အဲ့ဒါက သွေးမိစ္ဆာမျိုးနွယ်စုရဲ့ အဓိက ရန်သူလည်း ဖြစ်တယ်"
"မင်းတို့ကို ဒီအရာတွေ ပြရတဲ့ အကြောင်းရင်းက သွေးမိစ္ဆာမြက်ခင်းပြင်အကြောင်း အမှန်တကယ် နားလည်သွားစေဖို့ပဲ"
"သွေးမိစ္ဆာမြက်ခင်းပြင်ကနေ မင်းတို့ ထွက်သွားပြီးရင် လူတိုင်းက သွေးမိစ္ဆာမြက်ခင်းပြင်ကို အတူတကွ စောင့်ကြပ်နိုင်ဖို့ ဒီကိစ္စတွေကို တခြားသူတွေကို ပြောပြပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လီရှီးတဲ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ မျက်နှာသည် ရုတ်တရက် ဖြူရော်သွားပြီး ပါးစပ်ပွင့်လာကာ သွေးတစ်လုတ် အန်ထွက်လာလေ၏။
ဤမြင်ကွင်းက သူတို့သုံးဦးစလုံးကို ချက်ချင်း အံ့အားသင့်သွားစေသည်။
"စီနီယာလီ... အဆင်ပြေရဲ့လား"
လီတန်နှင့် ဝမ်ကျင်းတို့က သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင်များဖြင့် တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြလေသည်။
လီရှီးတဲ ခေါင်းခါလိုက်ပြီးနောက် ပြုံးလျက် ဖြေကြားလေ၏။
"စိတ်မပူပါနဲ့... ငါ မသေသေးပါဘူး"
ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် စကားပြောလိုက်လေသည်။
"စီနီယာလီ... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း သိချင်နေတာတစ်ခု ရှိတယ်... ရွှမ်ထျန်းအရှင်က သွေးမိစ္ဆာ ဘိုးဘေး ဘယ်လောက် အန္တရာယ်များလဲ ဆိုတာ သိနေရက်နဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ကို ဘာလို့ တိုက်ရိုက် မဖျက်ဆီးပစ်ခဲ့တာလဲ...ဒီလိုသာ လုပ်ခဲ့ရင် နောက်ပိုင်း ကြုံရမယ့် ပြဿနာတွေ အကုန်လုံး ကင်းဝေးသွားမှာ မဟုတ်ဘူးလား"
လီတန်နှင့် ဝမ်ကျင်းတို့ ဤစကားကို ကြားသည်နှင့်တစ်ပြိုင်နက် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေ၏။ ဤမေးခွန်းက တကယ်ကို ကောင်းမွန်သော မေးခွန်းတစ်ခု ဖြစ်ပေသည်။
လီရှီးတဲက အံ့အားသင့်သည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။ ယင်းအစား သူက တည်ငြိမ်စွာ ဖြေကြားလေ၏။
"မေးခွန်းကောင်းပဲ မိတ်ဆွေငယ်ဝမ်... မင်း မမေးရင်တောင်မှ ဒီအကြောင်းကို ငါ နောက်မှ ရှင်းပြမလို့ပဲ"
"လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာက အဲ့ဒီတိုက်ပွဲကြီးဟာ အရမ်းကို ပြင်းထန်လွန်းလို့ ကမ္ဘာမြေကြီးကို ပျက်စီးစေခဲ့ပြီး ရွှမ်ထျန်းကြယ်စင်နယ်မြေကိုတောင် ပြိုကွဲလုနီးပါး ဖြစ်စေခဲ့တယ်"
"ရွှမ်ထျန်းကြယ်စင်နယ်မြေကို ပြန်လည် ပြုပြင်ဖို့အတွက် ဒီတိုက်ကြီးကို အာဟာရဖြည့်တင်းပေးဖို့ သူတော်စင်တစ်ပိုင်းအဆင့် တစ်ယောက်ရဲ့ သွေးနဲ့ ဝိညာဉ် လိုအပ်တယ်"
"သွေးမိစ္ဆာ ဘိုးဘေးအပြင် တခြားနေရာ တော်တော်များများမှာလည်း တူညီတဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်... သူတော်စင်တစ်ပိုင်းအဆင့် ၃၆ ယောက် သတ်ဖြတ်ခံခဲ့ရတယ်"
"ဒီလူတွေဟာ သွေးမိစ္ဆာ ဘိုးဘေးနဲ့ တူညီတဲ့ ကံကြမ္မာကို ကြုံတွေ့ခဲ့ရပြီး အားလုံးဟာ ရွှမ်ထျန်းကြယ်စင်နယ်မြေအတွက် အာဟာရတွေ ဖြစ်သွားခဲ့တယ်"
"သေချာတာပေါ့... ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာ ဒီလူတွေရဲ့ ဝိညာဉ်အကြွင်းအကျန် အားလုံးနီးပါး ဖျက်ဆီးခံလိုက်ရပြီ... လက်တစ်ဆုပ်စာလောက်ပဲ ကျန်တော့တယ်... သွေးမိစ္ဆာ ဘိုးဘေးက အဲ့ဒီအထဲက တစ်ယောက်ပဲ"