အခန်း (၂၂၈၅-၂၂၈၆)
Vol. 229 Ch. 2285-2286
အခန်း (၂၂၈၅) - ထိုင်ရွှမ် ချင်းလင် အသီး
ယခုတစ်ကြိမ် လှည့်စားခံလိုက်ရသည့် အတွေ့အကြုံကြောင့် ဖန့်ချန်တွင်လည်း အနည်းငယ် အတွေ့အကြုံ ရရှိသွားခဲ့သည်။ သူသည် ထူးဆန်းသော သစ်ပင်ကြီးအောက်သို့ ပြန်သွားပြီး အတွင်းရှိ နတ်ဘုရားသဘာဝ အရှိန်အဝါများကို စတင်လေ့လာပြန်သည်။
ထို့ပြင် သူ၏ အသိစိတ်ဝိညာဉ် အားသာချက်ကို အသုံးပြု၍ ၎င်းအတွင်း၌ ဝှက်ထားသည့် လှည့်စား ချက်ဆိုင်ရာ အချက်အလက်များ ကို အသေးစိတ် ခွဲခြား စစ်ဆေးနေသည်။
တစ်ဖက်တွင်မူ...
ချင်ဝူဆန့်နှင့် အခြားသူတို့သည် အစပိုင်းက သူတို့ဆင်းသက်ခဲ့သည့် နေရာသို့ ပြန်လည် ရောက်ရှိလာကြသည်။ သူတို့ ရောက်လာစဥ်က ချင်ဝူဆန့်အပါအဝင် စုစုပေါင်း (၁၆) ဦး ရှိခဲ့သော်လည်း ယခုအချိန်တွင် (၉) ဦးသာ ကျန်ရှိတော့သည်။ ကျန် (၇) ဦးမှာ ပျောက်ဆုံးသွားသူများ ရှိသလို၊ ကျဆုံးသွားသူများလည်း ရှိသည်။
"ချင်ဝူဆန့်... ဒီတစ်ခေါက် စစ်ဆင်ရေးရဲ့ ခေါင်းဆောင်က မင်းပဲ။ ကျုပ်တို့ရဲ့ ဆုံးရှုံးမှုကဒီလောက်အထိ များပြားလှတဲ့အတွက် မင်း ပြန်ရောက်တဲ့အခါ ဘယ်လိုမှ တာဝန်မကင်းဘူးဆိုတာ သိထားပါ"
လေဟာနယ် အရာရှိတစ်ယောက်က မျက်နှာကို တင်းထားပြီး ပြောလိုက်သည်။ ကျန် (၇) ဦးသည်လည်း သူ့ဘက်မှ ရပ်တည်လိုက်ကြပြီး ချင်ဝူဆန့်ကို ကြည့်သည့် သူတို့၏ အကြည့်များတွင် ဒေါသနှင့် ယုံကြည်မှု ကင်းမဲ့ခြင်းများ ပြည့်နှက်နေသည်။ ဒီနှစ်တွေအတွင်းမှာ သူတို့သည် ချင်ဝူဆန့်၏ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ခဲ့ရသည်။ ရလဒ်အနေဖြင့် ရရှိလာမည့် အကျိုးကျေးဇူးတစ်ခုမျှ မရှိသည့်အပြင် လူအင်အားလည်း များစွာ ဆုံးရှုံးခဲ့ရသည်။ ဒါတောင် နှစ်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ ကြာမြင့်ခဲ့တာ မဟုတ်သေးဘဲ ဒီလောက်ပဲ ရှိသေးသည်။
"ဆယ်နှစ်တောင် မပြည့်သေးဘူး၊ လေဟာနယ် အရာရှိ (၇) ယောက် ဆုံးရှုံးသွားပြီ။ ဒါဟာ ကျွန်တော်တို့အတွက်တော့ မျက်စိပွင့်စရာပါပဲ"
"ချင်ဝူဆန့်... မင်းက အရာရှိ လုပ်ဖို့ မသင့်တော်ဘူးလို့ ငါထင်တယ်။ မင်းရဲ့ နောက်ကွယ်က ဂုဏ်ထူးဆောင် ကောင်းကင်အရှင် သာ မရှိရင် ဒီတစ်ခေါက် ငါတို့ ခေါင်းဆောင်ဟာ မင်း ဖြစ်လာမှာ မဟုတ်ဘူး"
"မြန်မြန်ပဲ တစ်ခုခု လုပ်သင့်တယ်၊ ဒီအတိုင်း ဆက်နေမှာလား၊ ဒါမှမဟုတ် အရင်ဆုံး နောက်ဆုတ်ကြမလား "
"ကျွန်တော် ထင်တာတော့ အရင်ဆုံး နောက်ဆုတ်သင့်တယ်။ အကူအညီတွေ ရောက်လာမှ တခြား လေဟာနယ် အရာရှိ အဖွဲ့တွေကို ခေါ်ပြီး ဒီနေရာကို ပြန်ရှာသင့်တယ်"
"အခု လက်ရှိ လူအင်အားနဲ့၊ ချင်ဝူဆန့်ရဲ့ အကြိမ်ကြိမ် မှားယွင်းတဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ဒီထက် ဆက်နေရင် အကုန်လုံး အလောင်းတောင် ကျန်မှာ မဟုတ်ဘူး"
လေဟာနယ် အရာရှိများက မိမိကိုယ်ကို တစ်ယောက်ပြီးတစ်ယောက် ဝိုင်းဝန်း အပြစ်တင်နေကြသော်လည်း ချင်ဝူဆန့်သည် တိတ်ဆိတ်စွာသာ နေသည်။ တဖြည်းဖြည်းနှင့် အားလုံးလည်း စကားကို ရပ်လိုက်ကြပြီး နေရာတစ်ခုလုံး၏ လေထုမှာ အလွန်တရာ တင်းမာသွားသည်။
"အားလုံး ပြောပြီးကြပြီလား"
ချင်ဝူဆန့်က တည်ငြိမ်စွာ မေးလိုက်သည်။ လေဟာနယ် အရာရှိများက ပြန်မဖြေဘဲ သူ့ကိုသာ အေးစက်စက် အကြည့်များဖြင့် ကြည့်နေကြသည်။
"ပြောပြီးပြီဆိုရင် ငါ့အလှည့် ပြောမယ်။ ဒီနှစ်တွေအတွင်း လူအင်အားတွေ ဆုံးရှုံးခဲ့တာက ငါ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုနဲ့ ဆိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့..."
သူ၏ စကားအသွားအလာ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဒီ အတွင်းကမ္ဘာ တားမြစ် နယ်မြေ က အရမ်းကို ထူးဆန်းလွန်းတယ်ဆိုတာကိုတော့ မင်းတို့ အသိအမှတ်ပြုရလိမ့်မယ် မဟုတ်လား "
"ဘယ်အတွင်းကမ္ဘာ တားမြစ် နယ်မြေကရော မထူးဆန်းလို့လဲ ပြီးတော့ ဒီလိုမျိုး မဖွင့်လှစ်ရသေးတဲ့ နေရာဆိုရင် ပိုဆိုးတာပေါ့"
"ငါတို့ လေဟာနယ် အရာရှိတွေရဲ့ တာဝန်ဆိုတာ ဒီလိုမျိုး အသစ်စက်စက် တားမြစ် နယ်မြေတွေကို ရင်ဆိုင်ဖို့၊ ပထမအဆင့် အန္တရာယ်တွေကို ဖြေရှင်းဖို့၊ အသုံးဝင်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့နဲ့ ပေါ်မှာရှိတဲ့ ရတနာတွေ၊ ဆေးမြစ်တွေကို အခြေခံအားဖြင့် ရှင်းလင်းဖို့ပဲ။
ဒါပေမဲ့ မင်းက အစကတည်းက ကိုယ်ကျိုးအတွက် ကြည့်ပြီး ကျန်းဇီလီ ကို အသေခံခိုင်းခဲ့တယ်။ နောက်ပိုင်းမှာလည်း အကြိမ်ကြိမ် ဆုံးဖြတ်ချက်တွေ မှားခဲ့တာပဲ။ ဒါကို အတွင်းကမ္ဘာ တားမြစ် နယ်မြေကို အပြစ်တင်လို့ ရမလား "
"အင်း... ဒါကတော့ ငါ့အမှားလည်း ပါတာပေါ့၊ ဒီနေရာကို အထင်သေးခဲ့မိတာ ငါ့အမှားပဲ"
ချင်ဝူဆန့်က ခေါင်းကို ညိတ်လိုက်သည်။
"မင်းတို့တွေ အကူအညီရှာဖို့ နောက်ဆုတ်ချင်ရင် အခုချက်ချင်း ထွက်သွားလို့ ရတယ်"
ဟု ပြောလိုက်သည်။ အားလုံး တိတ်ဆိတ်သွားကြသည်။
"ဘာလို့ မထွက်သွားကြတာလဲ"
ချင်ဝူဆန့်၏ မျက်ဝန်း၌ အေးစက်စက် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
"မင်းတို့လည်း အကျိုးအမြတ်ကို လိုချင်တာပဲ မဟုတ်လား။ လက်ထဲ ရောက်တော့မယ့် အောင်မြင်မှုကို တခြားသူတွေကို ခွဲမပေးချင်ကြဘူး မဟုတ်လား "
"ပြောစမ်းပါဦး၊ နောက်ထပ် ရှာဖွေဖို့ မင်းမှာ ဘာလမ်းကြောင်း ရှိသေးလဲ။ ဒီနေရာရဲ့ အစစ် နဲ့အတုယောင် ထူးဆန်းမှုကို မဖြေရှင်းနိုင်ရင် ရှာဖွေဖို့ဆိုတာ ဝေးစွ၊ အခုမြင်နေရတာတွေက တကယ်ဟုတ်မဟုတ်တောင် ငါတို့ မသေချာဘူး။ အဲဒီအခါကျရင်တော့ ပိုတော်တဲ့ လေဟာနယ် အရာရှိတွေကိုပဲ အခွင့်အရေး ပေးလိုက်ရမှာပေါ့"
"အခုမှ ငါ့စကားကို နားထောင်ချင်လာပြီလား"
ချင်ဝူဆန့်၏ မျက်ဝန်းတွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ထပ်ပေါ်လာသည်။ သူတွင် တကယ်ပဲ နည်းလမ်းတစ်ခု ရှိနေသည်ကို မြင်လိုက်ရသဖြင့် လေဟာနယ် အရာရှိများ၏ အမူအရာ ပြောင်းလဲသွားသည်။ သူတော်စင် တစ်ပါးက တိုးတိုးလေး ပြောလိုက်သည်။
"မင်းမှာ တကယ်ပဲ နည်းလမ်းရှိရင် မင်းကို တစ်ခါလောက် ထပ်ပြီး ယုံကြည်ပေးမယ်"
ချင်ဝူဆန့်သည် ခနဲ့သံဖြင့် ရယ်လိုက်သည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်ကာ အဝေးတစ်နေရာရှိ ထူးဆန်းသော သစ်ပင်ကြီးကို ကြည့်လိုက်သည်။
"ဒီအတွင်းကမ္ဘာ ပိတ်ဆို့နယ်မြေကို နားလည်ဖို့ အကောင်းဆုံးနည်းလမ်းက ဒီနေရာရဲ့ နတ်ဘုရားစွမ်းရည်ကို လေ့လာဖို့ပဲ။ နတ်ဘုရားစွမ်းရည်မှတစ်ဆင့် ဒီနေရာကို ပိုပြီး သိရှိနိုင်မယ်"
"အလကား စကားတွေ "
သူတော်စင်တစ်ပါးက ဒေါသတကြီး ပြောလိုက်သည်။
"ဒီလို ပြောဖို့ လိုသေးလား နတ်ဘုရားစွမ်းရည်ကို လေ့လာဖို့ဆိုတာ အနည်းဆုံး ရာနဲ့ချီ၊ အများဆုံး ထောင်နဲ့ချီ ကြာတယ်။ အထက်လူကြီးတွေက ငါတို့ကို ပေးထားတဲ့ အချိန်က နှစ်တစ်ရာပဲ။ နှစ်တစ်ရာပဲ ရှိတဲ့အချိန်မှာ ဒီလို အလကားစကားတွေကို ဘာလို့ ပြောနေတာလဲ "
"ငါ ပြောမပြီးသေးဘူး"
ချင်ဝူဆန့်က သူ့ကို အေးစက်စက် ကြည့်လိုက်ပြီး ဆက်ပြောသည်။
"ဒီနည်းလမ်းကို သုံးလို့ မရဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီနေရာရဲ့ နတ်ဘုရား စွမ်းအား ကို ဖျက်ဆီးနိုင်မယ့် တခြား နည်းလမ်းတစ်ခုတော့ ရှိတယ်"
"ဘာနည်းလမ်းလဲ ကျွန်တော်တို့လို သူတော်စင်တွေ အများကြီးနဲ့ အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်တွေကို သုံးခဲ့တာတောင် မဖျက်နိုင်ခဲ့ဘူး။ ဒီပိတ်ဆို့နယ်မြေဟာ ကြီးမားလှတဲ့ ပုံရိပ်ယောင် စွမ်းအားတွေနဲ့ အမြဲတမ်း ဖုံးလွှမ်းထားတာပဲ ဖြစ်ရမယ်"
သူတို့သည် ဒီနှစ်တွေအတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်တွေးမိပြီး ကြောက်ရွံ့မှုနှင့်အတူ ဤနယ်မြေ၏ မူလပိုင်ရှင်ကိုလည်း မုန်းတီးလာမိသည်။
" ထိုင်ရွှမ် ချင်းလင် အသီး ဆိုတဲ့ ရတနာတစ်ခု ရှိတယ်၊ မင်းတို့ ကြားဖူးကြလား "
ချင်ဝူဆန့်က မေးလိုက်သည်။
"ထိုင်ရွှမ် ချင်းလင် အသီး"
ရောက်ရှိနေသော သူတော်စင်များအားလုံး ပဟေဠိဖြစ်နေကြသည်။ တစ်ပါးကမူ တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် အံ့အားသင့်သွားသည်။
"ငါသိတယ် ဒီရတနာက ပုံရိပ်ယောင် စွမ်းအားတွေကို ဖျက်ဆီးနိုင်ပြီး အမှန်တရား ကို မြင်နိုင်အောင် လုပ်ပေးနိုင်တယ်"
သူသည် ခဏရပ်လိုက်သည်
"ဒါပေမဲ့ ဒါက ရှားပါးတဲ့ ပစ္စည်းတစ်ခုပဲ။ တန်ဖိုးအရဆိုရင် စင်ကြယ်သော ဗောဓိသီး တစ်လုံးလောက် ရှိတယ်။ မင်းမှာ ဒီပစ္စည်း ရှိလို့လား "
သူသည် ချင်ဝူဆန့်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းမှာသာ ဒီပစ္စည်း ရှိရင် အစောကြီးကတည်းက ဘာလို့ မထုတ်ပြတာလဲ "
"မပေးချင်တာလား"
လေဟာနယ် အရာရှိများသည် ချင်ဝူဆန့်အပေါ် ဒေါသ မီးတောက်များ ထပ်မံ ထွက်ပေါ်လာကြသည်။
"ငါသာ ဒီပစ္စည်း ရှိရင် ပထမဆုံး ထုတ်ပြမှာပေါ့။ ဒီနေရာက ရမယ့် အောင်မြင်မှုနဲ့ ယှဉ်ရင် ဒီလို ထိုင်ရွှမ် ချင်းလင် အသီး တစ်လုံးလောက်က ဘာများ အရေးကြီးလို့လဲ "
ချင်ဝူဆန့်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"မင်းမှာ မရှိဘူးပေါ့"
"မရှိဘဲနဲ့ အလကား လာပြောနေတာလား"
နောက်ဆုံး၌ ချင်ဝူဆန့်၏ စိတ်ရှည်မှုများ ကုန်ဆုံးသွားပြီဖြစ်သည်။ သူသည် မျက်နှာကို တင်းထားပြီး အရှေ့က သူတော်စင်များကို ကြည့်လိုက်သည်။
"ငါ ပြောမပြီးသေးဘူး။ မင်းတို့တွေ နောက်တစ်ခါ ထပ်ပြီး ကြားဖြတ် ပြောမယ်ဆိုရင် ထွက်သွားကြ။ နောက်ပိုင်း ဒီနေရာကို ရှာဖွေပြီးလို့ ရလာတဲ့ အောင်မြင်မှုကို တစ်စက်ကလေးတောင် ရမှာမဟုတ်ဘူး။ ပြီးတော့ မင်းတို့ကို အထက်လူကြီးကို စော်ကားမှုနဲ့ပါ ထပ်ပြီး တိုင်ကြားဦးမယ် "
"..."
သူတို့ နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရမှ ချင်ဝူဆန့်က အေးစက်စက် ပြောလိုက်သည်။
"ဒီ ထိုင်ရွှမ် ချင်းလင် အသီးကို ဘယ်မှာ ဝယ်လို့ရမလဲဆိုတာ ငါသိတယ်။ ငါ့ရဲ့ သွားနှုန်းနဲ့ဆိုရင် အသွားအပြန် နှစ်သုံးဆယ်လောက်ပဲ ကြာမယ်။ ဒါပေမဲ့ အဲဒီ အသီးရဲ့ ဈေးက အတွင်းကမ္ဘာ ကျောက်တုံး တစ်ထောင်၊ ဒါမှမဟုတ် ပိုတောင် များနိုင်တယ်။ ငါ့လက်ထဲမှာ နှစ်ရာလောက်ပဲ ရှိတယ်၊ မင်းတို့တွေ စုပေါင်းပြီး ထည့်ပေးရမယ်။ စုနိုင်သလောက် စုပါ။ ငါ ထိုင်ရွှမ် ချင်းလင် အသီးကို ဝယ်လာခဲ့ရင်..."
သူသည် ဒီပိတ်ဆို့နယ်မြေကို တစ်ချက် ကြည့်လိုက်သည်။
"ဒီနေရာကို အပြီးသတ် ရှာဖွေနိုင်တော့မယ်"
ငွေစုရမယ်
သူတော်စင်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တွေဝေသွားကြသည်။ ဤသည်မှာ ငွေ အနည်းငယ် မဟုတ်ပေ။
"ချင်ဝူဆန့်၊ ထိုင်ရွှမ် ချင်းလင် အသီးနဲ့ ဒီနေရာကို တကယ် ရှာလို့ရမယ်ဆိုတာ မင်း သေချာလို့လား "
သူတော်စင်တစ်ပါးက တွေဝေစွာ မေးလိုက်သည်။
"ထိုင်ရွှမ် ချင်းလင် အသီးနဲ့တောင် မရဘူးဆိုရင်တော့ ဒီနေရာက ငါတို့ ရှာဖွေနိုင်တဲ့ နေရာ မဟုတ်တော့ဘူး။ အဲဒီအခါကျရင်လည်း ထိုင်ရွှမ် ချင်းလင် အသီးအတွက် ကုန်ကျစရိတ်ကို အထက်ကို တင်ပြပြီး အထက်ကပဲ အဲဒီ အတွင်းကမ္ဘာ ကျောက်တုံးတွေကို ပြန်ထုတ်ပေးလိမ့်မယ်"
ချင်ဝူဆန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အခုတော့ မင်းတို့ အရင်ဆုံး အတွင်းကမ္ဘာ ကျောက်တုံးတွေကို ထုတ်ပေးလိုက်ပါ။ ရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ် မင်းတို့ နစ်နာမှာ မဟုတ်ဘူး"
"သူ့ကို တစ်ခါလောက် ယုံကြည့်လိုက်ရင် ကောင်းမလား "
"သူကလည်း ကောင်းကင်အရှင်ရဲ့ ဆွေမျိုးသားချင်းပဲ၊ အတွင်းကမ္ဘာ ကျောက်တုံးတွေကို ယူပြီး ထွက်ပြေးမှာတော့ မဟုတ်ပါဘူး"
"ဒါဆိုရင်လည်း ယုံကြည့်လိုက်တာပေါ့"
ရောက်ရှိနေသော သူတော်စင်များအားလုံး ဆုံးဖြတ်ချက်ချလိုက်ပြီး မိမိတို့၏ သီးသန့်ပိုက်ဆံအိတ်ထဲမှ ကျောက်တုံးများကို ထုတ်ပေးလိုက်ကြသည်။
ချင်ဝူဆန့်သည် ထိုအရာကို မြင်လိုက်ရသည့်အခါ စိတ်အေးသွားရသည်။ သူသည်လည်း ဒီလူတွေကို အသုံးချလို့ မရမှာ ကြောက်ခဲ့ရသည်။ ဤသည်မှာ သူ့တွင် ရှိသော နောက်ဆုံးနည်းလမ်းပင် ဖြစ်သည်။ အကယ်၍ ထိုနည်းလမ်းသာ မအောင်မြင်လျှင် သူသည် ရှက်ရှက်နဲ့ပဲ ဒီတာဝန်ကို စွန့်လွှတ်ပြီး အပြစ်ပေးခြင်းကို ခံယူရတော့မည်သာ ဖြစ်သည်။
အခန်း (၂၂၈၆) - အမှန်သည် အတုဖြစ်ပြီး အတုသည် အမှန်ဖြစ်သည့်အခါ
"ငါ့လက်ထဲမှာတော့ အတွင်းကမ္ဘာ ကျောက်တုံး (၁၆၀) လောက်ပဲ ရှိတယ်"
"ငါ့ဆီမှာ (၁၈၀) ရှိတယ်"
"ကဲ... ဒါကို ယူလိုက်၊ ၂၂၀"
"..."
"၃၀ ပဲ ရှိတော့တယ်"
ချင်ဝူဆန့်သည် မျက်နှာတစ်ခုလုံး တောင့်တင်းသွားပြီး ကျန်ရှိနေသူများနှင့်အတူ ထိုသူတော်စင်ကို စိုက်ကြည့်လိုက်သည်။ ထိုသူတော်စင်သည် မျက်နှာများ ရဲသွားကြသည်။
"ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ ကျင့်ကြံခြင်းမှာ အတွင်းကမ္ဘာ ကျောက်တုံးတွေ မလိုဘူးများ ထင်နေကြတာလား အခု ကျန်နေတဲ့ (၃၀) ကတောင် အတော်လေး ကျန်သေးတဲ့ အခြေအနေပဲ" ဟု ပြန်ပြောသည်။
"စိတ်အေးအေးထားပါ။ ဒီတစ်ခေါက် အောင်မြင်မှုသာ လက်ထဲရောက်လာရင် ကျုပ်တို့ တစ်ယောက်ချင်းစီအတွက်တင်မကဘဲ၊ အတွင်းကမ္ဘာ ကျောက်တုံးတွေ ချည်းသက်သက်ကိုတောင် (၃၀၀) ကနေ (၅၀၀) လောက်အထိ ခွဲဝေရရှိမှာ သေချာပါတယ်"
ချင်ဝူဆန့်သည် ခေါင်းကို အသာညိတ်ကာ နှစ်သိမ့်လိုက်သည်။ လူအစုအဝေးသည် တစ်ယောက်တစ်မျိုး စုပေါင်းလိုက်ကြရာ မကြာမီမှာပင် အတွင်းကမ္ဘာ ကျောက်တုံးများ အပုံလိုက်ကြီး ဖြစ်လာသည်။
"ငါ့လက်ထဲက အပိုပစ္စည်းတွေနဲ့ဆိုရင် စုစုပေါင်း (၁၃၀၀) လောက် ရှိမယ်။ ဒီပမာဏဆိုရင် ထိုင်ရွှမ် ချင်းလင် အသီး တစ်လုံး ဝယ်ဖို့ လုံလောက်ပါတယ်"
ချင်ဝူဆန့်သည် မိမိဘာသာ ရေရွတ်လိုက်သည်။
"ဒါဆိုရင်လည်း အမြန်သွားပြီး အမြန်ပြန်လာခဲ့ပါ။ ကျုပ်တို့ ဒီနေရာမှာပဲ စောင့်နေပါ့မယ်၊ အမြင်မရှိတဲ့ ကောင်တွေ ရောက်လာပြီး ဒီနေရာကို နှောင့်ယှက်မှာ စိုးလို့ပါ"
"ဗျို့... လူကြီးမင်းတို့၊ ကြိုပြောထားရစေဦးမယ်။ ငါ ပြန်မရောက်ခင်အထိ ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ရှာဖွေဖို့ မကြိုးစားကြနဲ့"
ချင်ဝူဆန့်၏ မျက်နှာမှာ ရုတ်တရက် တည်တင်းသွားသည်။
"အကယ်၍ ဘယ်သူမဆို ငါ့အမိန့်ကို မနာခံဘဲ တစ်ကိုယ်ကောင်းဆန်ပြီး ရှာဖွေဖို့ ထွက်သွားခဲ့မယ်ဆိုရင် အဲဒီလူ ဘာဖြစ်လာဖြစ်လာ ဒီတစ်ခေါက် ရမယ့် အောင်မြင်မှုကို တစ်စက်ကလေးတောင် ခွဲဝေပေးမှာ မဟုတ်သလို၊ တာဝန်ခံခိုင်းသွားမယ်ဆိုတာ သေချာစေရမယ်"
ဟု အသံကို တင်းမာစွာ ပြောလိုက်သည်။
သူတော်စင် (၈) ပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမိန့်ကို နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းတစ်ပြိုင်တည်း ညိတ်လိုက်ကြသည်။ ထို့နောက် ချင်ဝူဆန့်သည် အာကာသထဲသို့ ပျံသန်းထွက်ခွာသွားတော့သည်။
...
ဖန့်ချန်သည် သူကိုယ်တိုင်ပင် အချိန်မည်မျှ ကြာမြင့်အောင် လေ့လာမိခဲ့သည်ကို မသိတော့ပေ။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို နားလည်သွားပြီဟု ခံစားရတိုင်းမှာပင် ၎င်းမှာ စိတ်ကူးယဉ် အတုအယောင်များသာ ဖြစ်နေသည်ကို တွေ့ရှိရတတ်သည်။
ဤ နတ်ဘုရားစွမ်းရည် သည် အမှန်တကယ်ပင် ခက်ခဲနက်နဲလှသည်။ သူ ယခင်က လေ့လာခဲ့ဖူးသည့် နတ်ဘုရားစွမ်းရည်များထဲတွင် ဝင်ရောက်လေ့လာရန် အခက်ခဲဆုံးဖြစ်သည်။ ဤစွမ်းရည်က လေ့လာရ ခက်ခဲသည်ဟု ဆိုလိုခြင်းမဟုတ်ပေ၊ အဓိကပြဿနာမှာ သူသည် ထိုအစစ်အမှန်ဖြစ်သော အရှိန်အဝါ ကို ရှာမတွေ့နိုင်ခြင်းပင် ဖြစ်သည်။
ထူးဆန်းသော သစ်ပင်ကြီးတစ်ဝိုက်တွင် ပြည့်နှက်နေသည့် နတ်ဘုရားစွမ်းရည် အရှိန်အဝါများသည် အများစုမှာ အတုအယောင်များသာ ဖြစ်သည်။ အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် အချိန်များစွာကို အလကားဖြုန်းတီးသလို ဖြစ်သွားပြီး၊ ရေစုန်တွင် တောင်းစိုက်သကဲ့သို့ အကျိုးမဲ့ ဖြစ်သွားတတ်သည်။
"ကြောင်နဲ့ ကြွက်ဖမ်းတဲ့ ကစားပွဲလိုပဲပေါ့လေ။ မင်း ဒီကြွက်က ဘယ်လောက်ကြာကြာ ထပ်ပုန်းနိုင်မလဲဆိုတာ ငါကြည့်ဦးမယ်"
ဖန့်ချန်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ အာရုံခံနိုင်စွမ်းထဲတွင် ပတ်ဝန်းကျင်၌ ရှိနေသည့် နတ်ဘုရားစွမ်းရည် အရှိန်အဝါ တစ်မျှင်ချင်းစီသည် သူ၏ စစ်ဆေးမှုအောက်တွင် ထက်ဝက်ကျော်အထိ ပယ်ဖျက်ပြီး ဖြစ်နေသည်။ စိတ်ရှည်လက်ရှည်သာ စစ်ဆေးသွားမည်ဆိုလျှင် ထိုစစ်မှန်သော အရှိန်အဝါကို မုချမသွေ ဖမ်းမိလိမ့်မည်ဖြစ်သည်။
"သာမန်လူတွေသာ ဆိုရင်တော့ ဒီအရှိန်အဝါတွေထဲက အစစ်အမှန်ကို ရှာဖို့ နှစ်ပေါင်း ထောင်နဲ့ချီ၊ သောင်းနဲ့ချီ ကြာကောင်း ကြာနိုင်တယ်။ ငါ့ရဲ့ မူလဝိညာဥ် က သူများထက် ထူးခြားနေလို့သာ အခုလိုမျိုး အချိန်တိုအတွင်းမှာ အတုအယောင်တွေကို ခွဲခြားနိုင်တာပါ"
အချိန်သည် မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားခဲ့ရာ...
ထိုနေ့တွင် ဖန့်ချန်သည် ရုတ်တရက် စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူ ပယ်ဖျက်ပြီးသား အရှိန်အဝါများထဲတွင် အရှိန်အဝါ တစ်မျှင်သည်... သူ လုံးဝ မစစ်ဆေးဖူးသေးသော၊ သူ လျစ်လျူရှုမိခဲ့သော တစ်မျှင်ကို တွေ့လိုက်ရသည်။
ဖန့်ချန်သည် အစာရှာနေသည့် တောကြောင်တစ်ကောင်ကဲ့သို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ထို ကြွက်ငယ် ကို ဖမ်းဆုပ်လိုက်သည်။ ၎င်းထဲမှ ထွက်ပေါ်လာသည့် လုံးဝကွဲပြားခြားနားသော အရသာကို ခံစားမိလိုက်သည့်အခါ ဖန့်ချန်သည် သူ ရှာနေသည့် အစစ်အမှန်ကို တွေ့ရှိသွားပြီဖြစ်ကြောင်း သေချာသွားသည်။
"ငါ ကြည့်ဦးမယ်၊ ဒီ နတ်ဘုရားစွမ်းရည်က ဘယ်လောက်တောင် ထူးဆန်းနေလို့လဲဆိုတာ"
တစ်ခဏအတွင်းမှာပင် ဖန့်ချန်သည် အခြားသော ထူးဆန်းသည့် အာကာသနယ်မြေတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤနယ်မြေထဲတွင် သူ ယခင်က တစ်ခါမျှ မကြုံဖူးသေးသည့် အသိအမှတ်ပြုမှု တစ်မျိုး ပြည့်နှက်နေသည်။ ဖန့်ချန်သည် အသက်ရှုချိန် အနည်းငယ်အတွင်းမှာပင် ထိုခံစားချက်၏ ပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး အဆိုပါ နတ်ဘုရားစွမ်းရည်ကို တဖြည်းဖြည်းချင်း စတင်လေ့လာတော့သည်။
ထိုအချိန်၌ အချိန်ဟူသည်မှာ အရေးမကြီးတော့ပေ။ အကယ်၍သာ တစ်စုံတစ်ယောက်သည် ဤနေရာကို ဖြတ်သန်းသွားမည်ဆိုလျှင် ထိုထူးဆန်းသော သစ်ပင်ကြီး၏ ငှက်မွေးကဲ့သို့ ပုံစံရှိသော အကိုင်းအခက်များသည် အသက်ဝင်လာသကဲ့သို့ တဖြည်းဖြည်းချင်း ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ ၎င်းသည် အသက်ရှုနေသည့်နှယ် ရှိနေသည်။
တစ်ချိန်တည်းမှာပင် သစ်ပင်စည်၏ အောက်ခြေတွင် စိမ်းလန်းသော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းရောင်သည် တစ်ဖက်တွင် သစ်ပင်စည်နှင့် ချိတ်ဆက်ထားသလို၊ နောက်တစ်ဖက်တွင် ဖန့်ချန်နှင့် ချိတ်ဆက်ထားသည်။ ဖန့်ချန်၏ နတ်ဘုရားစွမ်းရည်အပေါ် နားလည်မှု တိုးတက်လာသည်နှင့်အမျှ ထိုစိမ်းလန်းသော အလင်းရောင်သည်လည်း အဆက်မပြတ် တက်လာနေသည်။
နှစ်အနည်းငယ်အတွင်းမှာပင် ထိုအလင်းရောင်သည် သစ်ပင်စည်၏ အလယ်ပိုင်းသို့ ရောက်ရှိသွားသည်။ သစ်ပင်ထိပ်ဖျားရှိ စင်ကြယ်သော ဗောဓိသီး သုံးလုံးသည်လည်း မရေမရာ ဖြစ်လာပြီး၊ တည်ငြိမ်နေရမည့် ၎င်းတို့၏ စွမ်းအားဖွဲ့စည်းပုံကို အပြင်ဘက်မှ တစ်စုံတစ်ခုက ဝင်ရောက်စွက်ဖက်နေသကဲ့သို့ ဖြစ်လာသည်။
"အရှင်သခင် ဒီတစ်ခါတော့ တကယ်အောင်မြင်တော့မှာပဲ "
လီဝူသည် တံခါးပေါက်ရှေ့တွင် ရပ်နေရင်း အပြင်ဘက်မြင်ကွင်းကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်ဝမ်းသာမှုများ လျှံကျနေသည်။ ဤထူးဆန်းသော သစ်ပင်ကြီးသည် နတ်ဘုရားစွမ်းရည်၏ ကိုယ်ပွားဖြစ်ရာ၊ ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းသည် အောင်မြင်တော့မည်ဟူသည့် လက္ခဏာပင် ဖြစ်သည်။
"မင်း ပြောတဲ့ ချီရွှမ် မျိုးနွယ်စုရဲ့ အထွတ်အထိပ် သူရဲကောင်းဟာ ဒီ နတ်ဘုရားစွမ်းရည်ကို သုံးပြီး ကောင်းကင်အရှင် သူတော်စင်တွေကိုတောင် လှည့်စားခဲ့တာဆိုရင်၊ အခု ဖန့်ချန်က ဒီစွမ်းရည်ကို ရသွားပြီဆိုရင် သူ့ရဲ့ စွမ်းအားက အဆမတန် တိုးတက်သွားတော့မှာပဲ"
ချီယန် သူတော်စင်က အံ့ဩစွာ ရေရွတ်လိုက်သည်။
"ဒီတစ်ခေါက် နေမင်းခုနှစ်ပါး ခန်းမ ကို ပြန်ရောက်ရင် စွမ်းအင်အင်စုစည်းခြင်း အလယ်အဆင့် မှာ အဆင့် (၁) နေရာကို အခိုင်အမာ ရယူနိုင်တော့မှာပဲ။ အကယ်၍သာ အဆင့်တိုင်းမှာ အဆင့် (၁) ဖြစ်ခဲ့မယ်ဆိုရင်..."
"အဲဒီအခါကျရင် အရှင်သခင်က အကြီးအကဲ တွေရဲ့ အာရုံစိုက်မှုကို မုချမသွေ ခံရလိမ့်မယ်။ သူကိုယ်တိုင်က ရှန်းဟုန် ရဲ့ အရှင်သခင်ဖြစ်ကြောင်း ဝန်ခံရင်တောင် ဟော်ဆွေ့ လို ခွေးအိုကြီးတွေက သူ့ကို ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး"
လီဝူသည် နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်ကာ ပြုံးလိုက်သည်။
"တကယ်ကို မယုံနိုင်စရာပဲ..."
ချီယန် သူတော်စင်၏ မျက်ဝန်းများ အရောင်လက်နေသည်။ သူသည် နယ်မြေကိုးခုမှ ထွက်လာသည့် ထိုလူငယ်လေးတစ်ယောက်သည် ယနေ့အချိန်တွင် ဤမျှမြင့်မားသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သို့မျှ မတွေးထားခဲ့မိပေ။
"ဟေ့... လီဝူ၊ ငါ့ကို ပြောစမ်းပါဦး၊ ငါသာ နောင်တစ်ချိန်မှာ မီးတောက်နတ်ဘုရား မျိုးနွယ်စုတွေနဲ့အတူ မင်းတို့ရဲ့ ရှန်းဟုန် ထံ ခိုလှုံမယ်ဆိုရင် လက်ခံပေးမလား "
ချီယန် သူတော်စင်က ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။
"မင်းတို့မျိုးနွယ်စုရဲ့ အရေးကိစ္စကို မင်း ကိုယ်တိုင် ဆုံးဖြတ်နိုင်လို့လား တကယ်လို့ ဆုံးဖြတ်နိုင်ရင်တောင် မင်းတို့လိုမျိုး မျိုးနွယ်စုက ရှန်းဟုန် မျိုးနွယ်စုနောက် လိုက်ဖို့ ထိုက်တန်လို့လား "
လီဝူက လှောင်ပြောင်သံဖြင့် ပြန်ပြောလိုက်သည်။
ချီယန် သူတော်စင်သည် ခဏမျှ တုန်လှုပ်သွားပြီးနောက် အကြီးအကျယ် ဒေါသထွက်သွားသည်။
"မင်းတို့ ရှန်းဟုန် မျိုးနွယ်စုက သိပ်တော်နေပြီပေါ့လေ သိပ်တော်နေရင် အရင်တုန်းက ရှန်းချန်နတ်ဘုရားနယ်မြေမှာတုန်းက ငါတို့ဆီမှာ ဘာလို့ အလဲလဲအကွဲကွဲ အရှုံးပေးပြီး ထွက်ပြေးခဲ့ရတာလဲ "
"အဲဒါက အရင်က အကြောင်းပါ"
လီဝူသည် ဒေါသမထွက်ဘဲ အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
ချီယန် သူတော်စင်သည် စကားမပြောနိုင်တော့ဘဲ လီဝူကို တစ်ချက်စိုက်ကြည့်ကာ စကားဆက်မပြောတော့ပေ။
နောက်ထပ် နှစ်အနည်းငယ် ထပ်ကုန်ဆုံးသွားသည်။ သစ်ပင်ကြီးပေါ်ရှိ စိမ်းလန်းသော အလင်းရောင်သည် ယခုအခါ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို စင်ကြယ်သော ဗောဓိသီး သုံးလုံးသည် လုံးဝ စိတ်မငြိမ်တော့ဘဲ တစ်ခါတစ်ရံ ပျောက်ကွယ်သွားလိုက်၊ တစ်ခါတစ်ရံ ပေါ်လာလိုက်နှင့် နောက်ဆုံးတွင် သွေးရောင်ခြယ် ထူးဆန်းသော သတ္တဝါများအဖြစ် ပြောင်းလဲသွားသည်။
ဖန့်ချန်သည် ရုတ်တရက် မျက်လုံးနှစ်လုံးကို ပွင့်လိုက်သည်။ ထို့နောက် နေရာတွင် ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင် အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင်...
ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေထဲတွင် နတ်ဘုရားစွမ်းရည်၏ တံဆိပ်အသစ် တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ပါးစပ်ကို အကျယ်ကြီးဖြဲပြီး ရယ်မောနေသည့် မျက်နှာဖုံးတစ်ခုနှင့် တူသည်။ ဤနတ်ဘုရားစွမ်းရည်ကို အောင်မြင်စွာ ထွင်းထုပြီးနောက် အတွင်းကမ္ဘာနယ်မြေ၏ အခြေခံစွမ်းအားသည်လည်း တစ်ဆင့်မြင့်တက်သွားသည်။ ဖန့်ချန်၏ စွမ်းအားသည်လည်း နောက်တစ်ဆင့်သို့ ကူးပြောင်းသွားသည်။
"ဘယ်လောက်တောင် လှောင်ပြောင်ရယ်မောနေတဲ့ မျက်နှာလဲ။ အရင်တုန်းက ကောင်းကင်အရှင် သူတော်စင်တွေက ဒီလိုရယ်သံမျိုးကို မြင်လိုက်ရလို့ပဲ ချီရွှမ် မျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းခဲ့တာ ဖြစ်မှာပေါ့..."
ချီယန် သူတော်စင်သည် ထိုမျက်နှာဖုံးကို ကြည့်ရင်း အကြောင်းရင်းမရှိဘဲ ဒေါသများ၊ စိတ်ပျက်မှုများ ဖြစ်ပေါ်လာသည်။
"အရှင်သခင်... ဒီ နတ်ဘုရားစွမ်းရည်ရဲ့ နာမည်က ဘာလဲဗျ"
လီဝူက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဖန့်ချန်သည် လက်ကိုနောက်ပစ်ကာ ထိုမျက်နှာဖုံးကို ငေးကြည့်ရင်း စကားလုံးနှစ်လုံးကိုသာ ခပ်အေးအေး ပြောလိုက်သည်။
" ချီရွှမ် "
"ချီရွှမ်.....ချီရွှမ်မျိုးနွယ်စုလား"
လီဝူသည် မိမိဘာသာ ပြန်ရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် နားလည်သလိုလိုနှင့် အံ့ဩမှုများ ရောထွေးနေသည်။
"ဒီစွမ်းရည်က တကယ်ကို ထူးဆန်းတယ်။ အမှန်ဆိုတာ အတုဖြစ်ပြီး၊ အတုဆိုတာ အမှန်ဖြစ်တဲ့အခါ တကယ်ကို ထူးဆန်းလွန်းပါတယ်"
ဖန့်ချန်သည် အနည်းငယ် ပြုံးလိုက်ပြီး ချီယန် သူတော်စင်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ ချီယန် သူတော်စင်သည် ဘာကြောင့်မှန်းမသိဘဲ မိမိကိုယ်ကို တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အမြန်ပင် စစ်ဆေးကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်သွားပြီး ဖန့်ချန်ကို မော့ကြည့်ကာ အသံတုန်တုန်ရီရီဖြင့် -
"ဖန့်ငရဲမင်း... ကျွန်တော့်ရဲ့ ရုပ်ခန္ဓာ..."
ချီယန် သူတော်စင်သည် ယခုအချိန်တွင် ဝိညာဉ်သက်သက် မဟုတ်တော့ဘဲ အမှန်တကယ် စစ်မှန်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားလေပြီ။ ထို့ပြင် သူ၏ စွမ်းအားများမှာလည်း အလယ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်ကို ခံစားမိလိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်ဝန်းအိမ်များမှာ နီရဲလာပြီး မျက်ရည်တစ်စက် ကျဆင်းလာတော့သည်။