← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁)

ဒဏ်ရာရရှိခြင်း

လန်ရွှယ် ရောက်ရှိလာချိန်တွင် လီကွမ်ဟွေသည် ဆေးရုံမှ ပြန်ရောက်နေပြီဖြစ်ပြီး သူ့ မိသားစုဝင်များလည်း ရောက်ရှိနေလေ၏။

လူတိုင်း ရုံးခန်းအတွင်း၌ စောင့်ဆိုင်းနေကြ၏။ အခြားသော ကျောင်းသားများကိုမူ မိဘများက လာရောက်ခေါ်ဆောင်သွားကြပြီဖြစ်သဖြင့် ယခုအချိန်တွင် ရုံးခန်းအတွင်း၌ ကာယကံရှင် နှစ်ဖက်မိသားစုများအပြင် သင်တန်းကျောင်းအုပ်နှင့် ထိုအချိန်က သင်ကြားပေးနေသော ဆရာသာ ရှိလေတော့သည်။

တစ်ဖက် မိဘများက ချန်ဟောင်ယုကို လက်ညှိုးငေါက်ငေါက်ထိုးကာ အပြစ်တင်နေသည့် မြင်ကွင်းမျိုး ရှိမနေဘဲ ထိုအစား လီကွမ်ဟွေ၏ မိသားစုက ချန်ဟောင်ယုကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြပြီး ဒဏ်ရာရရှိထားသော လီကွမ်ဟွေမှာမူ ဘေးနားတွင် သနားစဖွယ် ရပ်နေရရှာသည်။

လီကွမ်ဟွေ၏ ဖခင်ဖြစ်သူသည် လန်ရွှယ်ကို မြင်သည်နှင့် တက်ကြွစွာ ရှေ့တိုး၍ နှုတ်ဆက်လေသည်။

“မင်္ဂလာပါ ချန်ကတော် ကျွန်တော်က လီကွမ်ဟွေရဲ့ အဖေပါ”

“မင်္ဂလာပါ မစ္စတာလီ။ တကယ်ကို အားနာမိပါတယ်။ လျော်ကြေးဘယ်လောက်ပေးရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ၊ ကျွန်မတို့ ပေးပါ့မယ်”

လန်ရွှယ်သည် သိမ်မွေ့သော ပုံစံမျိုးဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းထားသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း ဒေါသထွက်နေမိသည်။ ဤကိစ္စကြောင့် သူမသည် မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးရေး တစ်ခုကို လွဲချော်ခဲ့ရ၏။ ထိုရိုက်ကူးရေးသည် ယနေ့တစ်နေ့တည်းသာ လုပ်ခွင့်ရသော ရိုက်ကူးမှုဖြစ်သည်။

သူမနှင့် အဆင့်အတန်းချင်း တူညီသော ဟိုင်ထျန် ဖျော်ဖြေရေးမှ အကောင်းဆုံး သရုပ်ဆောင်ဆုရ မင်းသမီးတစ်ဦးက ထိုအခွင့်အရေး လုယူသွားသည်ကို သူမအနေဖြင့် လက်မှိုင်ချကာ ကြည့်နေခဲ့ရသည်။ သူမသည် ထိုမင်းသမီးနှင့် မူလကတည်းက မတည့်သဖြင့် ယခုကိစ္စကြောင့် ပို၍ ဒေါသထွက်နေမိသည်။

လန်ရွှယ်သည် ချန်ဟောင်ယုကို ပြဿနာရှာစေချင်သည်မှာ မှန်သော်လည်း သူမ အလုပ်ကိစ္စများအပေါ် သက်ရောက်လာမည်ကိုတော့ မလိုလားပေ။

မစ္စတာလီက ပြုံး၍ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ကလေးဆိုတာ ဒီလိုပါပဲဗျာ၊ ထိခိုက်ရှနာတာကတော့ ရှောင်လွှဲလို့မရပါဘူး။ လျော်ကြေးပေးဖို့ မလိုပါဘူး။ ဒါ့အပြင် ကျွန်တော်က ဥက္ကဌချန်နဲ့လည်း မိတ်ဟောင်းဆွေဟောင်းတွေပဲဟာ”

လန်ရွှယ်သည် အပြုံးကို ဆက်လက်ထိန်းထားသော်လည်း စိတ်ထဲတွင်မူ ဤလူသည် မျက်နှာပြောင်တိုက်နိုင်လွန်းသည် ဟု တွေးနေမိသည်။ အလာလမ်းတွင် ဤလီမိသားစုသည် တတိယတန်းစား အရေးမပါသော ကုမ္ပဏီလေးတစ်ခုမျှသာဖြစ်ကြောင်း သူမ သိရှိထားပြီးဖြစ်သည်။ သူတို့သည် ချန်ထျန်မင်းနှင့် နှစ်ပေါင်းများစွာ ခင်မင်လာသော မိတ်ဟောင်းဆွေဟောင်းများ မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့သည် မျက်နှာသာရရန် ကြိုးစားနေကြခြင်းသာ ဖြစ်၏။

“ဒါကတော့ဒါပေါ့ ၊ဒါပေမဲ့လည်း တခြားစီပါပဲ။ ဟောင်ယုရဲ့ အမှားဖြစ်တဲ့အတွက် ပေးသင့်တာကို ပေးရမှာပေါ့”

လန်ရွှယ်သည် ဤကျေးဇူးကြွေးကို မယူလိုပေ။ သို့မဟုတ်ပါက သူမ ပြန်ရောက်သည့်အခါ ချန်ထျန်မင်းက သူမကို ကိုယ့်သဘောနှင့်ကိုယ် လုပ်ပြန်ပြီဟု စွပ်စွဲလေဦးမည်။

မစ္စတာလီသည် တစ်ခုခု ထပ်ပြောချင်သော်လည်း လန်ရွှယ် သူ့ကို ကျော်ဖြတ်ကာ ချန်ဟောင်ယုထံသို့ လျှောက်သွားလိုက်သည်။ သူမသည် ကိုယ်ကိုနှိမ့်ကာ ထိုင်လိုက်ပြီး သိမ်မွေ့စွာ မေးလိုက်၏။

“ဟောင်ယု၊ ဘာလို့ ဒီအတန်းဖော်ကို အနိုင်ကျင့်ရတာလဲဆိုတာ မေမေကို ပြောပြလို့ရမလား”

ချန်ဟောင်ယုသည် မော့ကြည့်လိုက်ပြီး လန်ရွှယ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ အော်လိုက်တော့၏။

“မေမေက လူလိမ်ကြီး”

လန်ရွှယ် ဇဝေဇဝါ ဖြစ်သွားသည်။

“မေမေက ဘာလိမ်လို့လဲ”

ချန်ဟောင်ယု၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့၏။

“မေမေက သားကိုပဲ သားအဖြစ် လိုချင်တာပါလို့ ပြောခဲ့တယ်လေ”

လန်ရွှယ်မှာ အံ့ဩသွားသည်။

‘ ငါ ဘာမှတောင် မလုပ်ရသေးဘဲ သူက ဘယ်လိုလုပ် ကြိုသိနေတာလဲ’

လန်ရွှယ်သည် ရယ်ချင်စိတ်ကို အောင့်ထားပြီး စိတ်မကောင်းဖြစ်နေသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။

“ဟောင်ယု၊ မေမေ ရှင်းပြတာကို နားထောင်ပါဦး။”

ချန်ဟောင်ယု က စိတ်လွတ်ကိုယ်လွတ် အော်ဟစ်တော့သည်။

“နားမထောင်ဘူး၊ နားမထောင်ဘူး..မေမေတို့အားလုံးက လူလိမ်ကြီးတွေ”

“ဟောင်ယု”

လန်ရွှယ်သည် ချန်ဟောင်ယုကို လှမ်းဖမ်းရန် ရှေ့တိုးလိုက်သော်လည်း သူသည် သူမကို အလိုအလျောက် တွန်းထုတ်လိုက်၏။

လန်ရွှယ်သည် နှုတ်ခမ်းကို မသိမသာ တွန့်လိုက်ပြီး အရှိန်အတိုင်းပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်လေ၏။

“သတိထား”

လူတိုင်း လန့်ဖျပ်သွားကြတော့သည်။

ချန်ဟောင်ယုသည် သူမအား တွန်းထုတ်လိုက်သည်ကို လူတိုင်းမြင်စေရန် နောက်သို့ အနည်းငယ် ဆုတ်လိုက်ရန်သာ ရည်ရွယ်ခဲ့ထားခဲ့သည်။ သို့သော်လည်း သူမ၏ နောက်ကွယ်တွင် ရေအိုင်ငယ်တစ်ခု ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထို့အပြင် ယနေ့တွင် သူမသည် မဂ္ဂဇင်းရိုက်ကူးရေး ရှိသောကြောင့် ဒေါက်မြင့်ဖိနပ်ကို စီးထားမိခဲ့သည်။

ဤသို့ဖြင့် ခြေချော်သွားပြီး နောက်သို့ လဲကျသွားခဲ့ရာ ၊ တိုက်ဆိုင်စွာဖြင့် အနောက်တည့်တည့်တွင် ရုံးခန်းစားပွဲတစ်ခု ရှိနေခဲ့သဖြင့် သူမ၏ဗိုက်သည် စားပွဲထောင့်နှင့် တိုက်ရိုက် တိုက်မိသွားလေတော့၏။

“ငါ့ဗိုက်...”

လန်ရွှယ်သည် သူမ၏ ဝမ်းဗိုက်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

အခြားသူများမှာ ကြောင်အမ်းသွားကြပြီး ခဏမျှ တုံ့ပြန်ရန် မေ့လျော့နေကြသည်။ နောက်ဆုံးတွင် သူတို့သည် သတိပြန်ဝင်လာပြီး လန်ရွှယ်၏ ကိုယ်အောက်တွင် သွေးများကို မြင်လိုက်ရသောအခါမှသာ ပျာပျာသလဲဖြင့် လူနာတင်ယာဉ်ကို အလုအယက် ခေါ်ကြတော့၏။

တစ်အုပ်စုလုံး ဆေးရုံသို့ တစ်ခေါက် ပြန်သွားကြရပြန်သည်။

ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ချန်ထျန်မင်းသည်လည်း ဆေးရုံသို့ အပြေးအလွှား ရောက်လာခဲ့သည်။ သူရောက်လာချိန်တွင် လန်ရွှယ်မှာ ခွဲစိတ်ခန်းထဲ၌ ရှိနေဆဲပင်။

“ဒါက ဘာတွေဖြစ်ကုန်တာလဲ”

ချန်ထျန်မင်းသည် ကျူရှင်ကျောင်းအုပ်၏ ကော်လာကို ဆွဲကာ အဖြေတောင်းလိုက်သည်။

ကျောင်းအုပ်သည် အပြစ်မှ လွတ်မြောက်ရန် အလျင်အမြန် ကြိုးစားရင်း ချန်ဟောင်ယုကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

“မစ္စစ်ချန်ကို တွန်းလိုက်တာ သခင်လေးပါ၊ ကျွန်တော်တို့နဲ့ တကယ် မဆိုင်ပါဘူး”

ချန်ဟောင်ယုမှာ အသက်ရှူပင် မဝအောင် ငိုနေရှာပြီး ရှိုက်ကြီးတငင် ပြောနေ၏။

“သား တမင်လုပ်တာ မဟုတ်ပါဘူး၊ သားက သူ့ကို ဖြည်းဖြည်းလေးပဲ တွန်းလိုက်တာပါ”

ချန်ထျန်မင်း ချန်ဟောင်ယုကို စိုက်ကြည့်လိုက်သည်။ ယခုအချိန်တွင်မူ လန်ရွှယ် ဘာမှမဖြစ်ပါစေနှင့်ဟုသာ သူ ဆုတောင်းနိုင်တော့သည်။

ချန်ဟောင်ယုသည် လန်ရွှယ် ကိုယ်ဝန်ရှိနေသည်ကို သိသွားပါက စိတ်လှုပ်ရှားသွားနိုင်သည်ကို ချန်ထျန်မင်း သိထားသော်လည်း ကိုယ်ဝန်ပျက်ကျအောင်အထိ လုပ်ချင်လိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။

ပထမဆုံးအကြိမ်အဖြစ် ချန်ထျန်မင်းသည် သူ၏ သားအပေါ် အမှန်တကယ် စိတ်ပျက်မိသွားသည်။ လန်ရွှယ်၏ ဝမ်းဗိုက်ထဲရှိ ကလေးမှာ မည်သို့ပင်ဖြစ်စေ သူ၏ ညီမလေးပင် မဟုတ်လော။ သူ မကြိုက်လျှင်တောင် ဤကဲ့သို့ မလုပ်သင့်ပေ။

ထို့အပြင် ကလေးကို ထည့်မဆိုခင် လန်ရွှယ်ပင် အန္တရာယ်ရှိနိုင်သည်။ လန်ရွှယ်သည် ဤကာလအတွင်း ချန်ဟောင်ယုကို မည်မျှ စိတ်နှစ်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည်ကို တွေးမိသောအခါ ချန်ထျန်မင်း၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားတော့၏။ ထို့နောက် လက်မြှောက်ကာ ချန်ဟောင်ယုကို ပါးရိုက်လိုက်လေတော့သည်။

ချန်ဟောင်ယုသည် ပို၍ ကျယ်လောင်စွာ ငိုတော့သည်။

ချန်ထျန်မင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“မင်းက ငိုနိုင်သေးတယ်ပေါ့လေ။ မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းသိလား ၊ မင်းရဲ့မေမေက မင်းအပေါ် သိပ်ကောင်းခဲ့တာ၊ မင်း ညီမလေး ဒါမှမဟုတ် ညီလေးကို မလိုချင်ရင်တောင် ဒီလိုမျိုး မလုပ်သင့်ဘူး”

ချန်ထျန်မင်း သည် စကားပြောရင်း ချန်ဟောင်ယုကို ထပ်ရိုက်ရန် ပြင်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ မစ္စတာလီက တားဆီးလိုက်၏။

“ဥက္ကဌချန်၊ ကလေးက တမင်လုပ်တာ မဟုတ်ပါဘူး၊ ဒါကြောင့် သူ့ကို အပြစ်မတင်ပါနဲ့ဗျာ”

ချန်ထျန်မင်းသည် ရှေ့တွင် ရှိနေသော လူကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ”

မစ္စတာလီက နေရခက်စွာ ပြုံးလိုက်၏။

“ကျွန်တော်က ကျန့်ဟိုင်လုပ်ငန်းစုက လီကျန့်ဟိုင်ပါ။ ကျွန်တော်တို့ အရင်က ဧည့်ခံပွဲတစ်ခုမှာ ဆုံဖူးပါတယ်။”

ချန်ထျန်မင်း သူ့ကို လုံးဝမမှတ်မိကြောင်း မြင်သောအခါ မစ္စတာလီသည် ဘေးတွင်ရပ်နေသော လီကွမ်ဟွေကို ညွှန်ပြကာ ပြောလိုက်၏။

“ဒါက ကျွန်တော့်သားပါ။ သူက ခင်ဗျားရဲ့သားနဲ့ တစ်ကျောင်းတည်းပါ။ ဒီကျူရှင်ကိုလည်း အတူတူတက်နေတာပါ”

ထိုအခါမှသာ ချန်ထျန်မင်း သည် လီကျန့်ဟိုင်၏ နောက်တွင် ရပ်နေသော လီကွမ်ဟွေကို သတိထားမိတော့၏။ လီကွမ်ဟွေ၏ ခေါင်းပေါ်ရှိ ပတ်တီးကို ကြည့်ပြီး ချန်ထျန်မင်းသည် လူမူရေးအရ မေးလိုက်သည်။

“သူကရော ဘာဖြစ်တာလဲ’

“ကလေးနှစ်ယောက် ကစားရင်းနဲ့ မတော်တဆ ထိခိုက်မိကြတာပါ။ အနာက သေးသေးလေးပဲဆိုတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး”

လီကျန့်ဟိုင်သည် ချန်ဟောင်ယု၏ အမည်ကို ထည့်သွင်းမပြောသော်လည်း ချန်ထျန်မင်းသည် အခြေအနေကို ခန့်မှန်းနိုင်ခဲ့ရာ သူသည် ပို၍ ဒေါသထွက်လာတော့၏။

“မစ္စတာလီ၊ စိတ်ချပါ၊ ကျွန်တော် ဒီကိစ္စအတွက် သေချာပေါက် ရှင်းလင်းပေးပါ့မယ်။ ဒီနေ့တော့ တော်တော် နောက်ကျနေပြီ”

လီကျန့်ဟိုင်သည် ချန်ထျန်မင်း သူ့ကို ပြန်စေချင်နေမှန်း နားလည်လိုက်သည်။ သူသည် ချက်ချင်းပင် အိတ်ထဲမှ လိပ်စာကတ်တစ်ခုကို ထုတ်ကာ ချန်ထျန်မင်းကို ပေးလိုက်သည်။

“ဒါက ကျွန်တော့်လိပ်စာကတ်ပါ။ ဥက္ကဌချန်၊ နောင်မှာ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ကောင်လေးရဲ့အမေက အိမ်မှာ ထမင်းစားဖို့ စောင့်နေတာမို့ ကျွန်တော်တို့ အခု သွားလိုက်ပါဦးမယ်”

လီကျန့်ဟိုင် ထွက်သွားခါနီးတွင် ချန်ထျန်မင်းက ရုတ်တရက် သူ့ကို လှမ်းခေါ်လိုက်၏။

“ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး...”

မစ္စတာလီက ပြုံးပြပြီး နားလည်သည့်ဟန်ဖြင့် ဆိုလေ၏။

“ဦးလေး ဒီနေ့ ဘာမှမမြင်ခဲ့ပါဘူး”

ချန်ထျန်မင်းသည် ခေါင်းငြိမ့်ပြပြီး သူ့ကို ထွက်ခွာခွင့်ပြုလိုက်၏။

လီသားအဖ ထွက်သွားပြီးနောက် ချန်ထျန်မင်းသည် ကျောင်းအုပ်နှင့် ထိုကံဆိုးသော ဆရာကို ကြည့်လိုက်လေသည်။

“ဒီကိစ္စကို မင်းတို့နဲ့ နောက်မှ ရှင်းမယ်။ အခုတော့ အားလုံး ပြန်ကြတော့”

သူတို့နှစ်ဦးမှာ မိမိတို့၏ ကံဆိုးမှုအတွက် ကျိန်ဆဲနေကြတော့သည်။ သူတို့ ဘာမှမလုပ်ခဲ့သော်လည်း တာဝန်သည် ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဤသင်တန်းကျောင်းမှာမူ သေချာပေါက် ဆက်ဖွင့်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း မည်သူမျှ ဘာမှမပြောရဲဘဲ လက်လျှော့ကာ ထွက်ခွာသွားခဲ့ကြသည်။

ချန်ဟောင်ယု တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သော်လည်း ၊ ချန်ထျန်မင်းသည် သူ့ကို တစ်ချက်ကလေးမှ မကြည့်ဘဲ ခွဲစိတ်ခန်းတံခါးကိုသာ စိုက်ကြည့်နေခဲ့သည်။

သူသည် လန်ရွှယ်အပေါ်တွင် ဂရုစိုက်ပေသည်။ သူမကို ကိုယ်ဝန်မရစေလိုသော ဆန္ဒမှလွဲ၍ သူသည် ချန်ကတော်နှင့် ထိုက်တန်သော အရာအားလုံးကို သူမအား ပေးထားခဲ့သည် မဟုတ်လော။

အခန်း (၁၃၂)

ဉာဏ်ရည်ယှဉ်ပြိုင်ခြင်း

အချိန်အတော်ကြာပြီးနောက် ခွဲစိပ်ခန်းတံခါးပွင့်လာခဲ့သည်။ အထဲမှ ဆရာဝန်တစ်ဦး ထွက်လာသည်။

ချန်ထျန်မင်းသည် ရှေ့သို့ အပြေးလွှားသွားကာ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“ဆရာ... ကျွန်တော့်ဇနီး ဘယ်လိုနေလဲ”

ဆရာဝန် က စိတ်မကောင်းစွာဖြင့် ခေါင်းခါယမ်းရင်း ပြောကြားလေ၏။

“မိခင်ဖြစ်သူကတော့ ဘေးကင်းပါတယ်၊ ဒါပေမဲ့ ကလေးကိုတော့ မကယ်နိုင်ခဲ့ဘူး။ ပြီးတော့ နောင်မှာလည်း သူမအနေနဲ့ ကိုယ်ဝန်ပြန်ရဖို့ မလွယ်တော့ဘူး”

ဤသတင်းကို ကြားရသောအခါ ချန်ထျန်မင်းသည် စိတ်သက်သာရာရမှုနှင့် ဝမ်းနည်းမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရ၏။

သူသည် မူလကတည်းက ဤကလေးကို မနှစ်သက်ခဲ့သူဖြစ်သဖြင့် ကလေးမရှိတော့ခြင်းမှာ ကောင်းသည်ဟု တွေးမိသော်လည်း လန်ရွှယ်ကို အားနာစိတ်ဖြင့် အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။

ချန်ထျန်မင်းသည် ချန်ဟောင်ယုကို ဒေါသတကြီး စိုက်ကြည့်ကာ ဟောက်လိုက်တော့သည်။

“ငါ မင်းနဲ့ အိမ်ကျမှ စာရင်းရှင်းမယ်”

ချန်ဟောင်ယုလည်း ယခုတစ်ကြိမ်တွင် သူအမှန်တကယ်ပင် အမှားကြီးမှားခဲ့သည်ကို သိရှိသဖြင့် ခေါင်းငုံ့ကာ ငိုယိုနေတော့သည်။

လန်ရွှယ် သတိမရသေးသဖြင့် ချန်ထျန်မင်းသည် သူမကို VIP လူနာဆောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။

လန်ရွှယ် နိုးလာသောအခါ ချန်ဟောင်ယုကို မြင်ပြီး စိတ်လှုပ်ရှားသွားမည်ကို စိုးရိမ်သဖြင့် ချန်ထျန်မင်းသည် ချန်ဟောင်ယုကို အိမ်သို့ ပြန်ပို့ခိုင်းလိုက်သည်။ သူကိုယ်တိုင်မှာမူ လန်ရွှယ်ကို အဖော်ပြုရန် လူနာဆောင်တွင် ကျန်ရစ်ခဲ့လေ၏။

ညနေစောင်းသောအခါ လန်ရွှယ်သည် နောက်ဆုံးတွင် နိုးထလာခဲ့သည်။ နိုးလာသည်နှင့် သူမကိုယ်သူမ ဆေးရုံတွင် ရှိနေမှန်း သိလိုက်သည့်အတွက် ချက်ချင်းဆိုသလို သူမ၏ ဝမ်းဗိုက်ကို စမ်းသပ်ကြည့်လိုက်သည်။သို့သော်လည်း ကိုယ်ဝန်က နုနယ်သေးသဖြင့် မည်သည့်အရာကိုမျှ မခံစားရပေ။

ထိုအချိန်တွင် ခုတင်ဘေး၌ ထိုင်နေသော ချန်ထျန်မင်းကို မြင်သောအခါ လန်ရွှယ်သည် သူ့ အင်္ကျီလက်ကို ချက်ချင်းဆွဲကိုင်ကာ တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်တော့၏။

“ကို ... ကျွန်မတို့ကလေးလေး အဆင်ပြေရဲ့လား”

ချန်ထျန်မင်းက သူမကို ကြည့်ရန် မဝံ့မရဲဖြစ်နေကာ မျက်နှာလွှဲလိုက်လေသည်။

လန်ရွှယ်က မယုံကြည်နိုင်စွာ တိုးတိုးလေးရေရွတ်နေမိတော့၏။

“မဖြစ်နိုင်တာ၊ ဒါ မဖြစ်နိုင်ဘူး ကျွန်မကလေးလေးက ဘယ်လိုလုပ် မရှိတော့တာလဲ”

နောက်တစ်စက္ကန့်တွင် သူမသည် အားကိုးရာမဲ့စွာ ငိုကြွေးရင်း ခုတင်ပေါ်က ခေါင်းအုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ကာ အော်ဟစ်လေတော့သည်။

“ဘာလို့လဲ ဘာလို့လဲ”

ချန်ထျန်မင်းသည် သနားစိတ်ဖြင့် ရှေ့တိုးကာ သူမကို ပွေ့ဖက်လိုက်လေ၏။ လန်ရွှယ်သည် သူ့ရင်ခွင်ထဲတွင် ခေါင်းနှစ်ကာ အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့သည်။

သူမ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်သည်နှင့် တစ်ပြိုင်နက် သူမ ဘာကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ရသည်ကို သတိရသွားတော့၏။ သူမသည် ချန်ထျန်မင်း၏လက်ကို ဆွဲကိုင်ကာ ပြောလိုက်၏။

“ကို... ချန်ဟောင်ယုက ကျွန်မကို တွန်းချလိုက်တာ။ သူ ကျွန်မကလေးကို သတ်လိုက်တာ”

ချန်ထျန်မင်းသည် လန်ရွှယ်၏ ကျောကို ပုတ်ကာ ချော့မော့ လိုက်တော့သည်။

“စိတ်မပူပါနဲ့၊ ကိုယ် မင်းအတွက် သေချာပေါက် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်”

“ဖြေရှင်းချက်၊ ဟုတ်လား။ ဘယ်လိုဖြေရှင်းချက်လဲ ရှင် အစကတည်းက ဒီကလေးကို မချစ်ခဲ့တာပဲ”

လန်ရွှယ်သည် ချန်ထျန်မင်း ပြောသမျှကို မယုံကြည်တော့ပေ။ သူသည် ဤကလေးကို မရှိစေချင်ခဲ့သူဖြစ်ရာ သူ၏ ချစ်လှစွာသော သားဖြစ်သူကို ဤကိစ္စအတွက် မည်သို့ အပြစ်ပေးမည်နည်း။

ချန်ထျန်မင်းသည် လန်ရွှယ်၏ စကားများကြောင့် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ကိုယ့်သွေးကိုယ့်သားကို ဘယ်လိုလုပ်မချစ်ဘဲ နေမှာလဲ”

လန်ရွှယ် လှောင်ပြောင်သော အပြုံးဖြင့် ပြုံးရယ်လိုက်သည်။ ကိုယ့်သွေးသားကို ချစ်သည်မှာ မှန်ပေသည်။ သူချစ်သောသွေးသားဆိုသည်မှာ ထိုမိန်းမ က မွေးပေးထားသော သားသမီးများသာ ဖြစ်သည်။

ချန်ဟောင်ယုကို တွေးမိသောအခါ လန်ရွှယ်၏ ရင်ထဲတွင် အမုန်းတရားများ ပိုမိုနက်ရှိုင်းလာတော့သည်။ သူမ ခက်ခက်ခဲခဲ ကိုယ်ဝန်ရလာခဲ့သော်လည်း ထိုမကောင်းဆိုးဝါးလေးက ဖျက်ဆီးလိုက်လေ၏။ ယခုတစ်ကြိမ် အခွင့်အရေး ဆုံးရှုံးသွားပြီးနောက် နောက်ထပ် ကိုယ်ဝန်ရဖို့က ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပေလိမ့်မည်။

လန်ရွှယ်၏ အခြေအနေကို ကြည့်ရင်း ချန်ထျန်မင်းသည် သူမအနေဖြင့် နောင်တွင် ဘယ်တော့မှ ကိုယ်ဝန်ပြန်မရနိုင်တော့မည့် အကြောင်း မပြောရဲတော့ပေ။

“ကိုယ် ကတိပေးပါတယ်။ မင်း ဆေးရုံက ဆင်းတာနဲ့ ချန်ဟောင်ယုကို သေချာပေါက် ဆုံးမပေးပါ့မယ်”

လန်ရွှယ်သည် ဘာမှပြန်မပြောဘဲ မျက်နှာကျက်ကိုသာ ငေးငိုင်ကြည့်ကာ ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့၏။

သူမသည် အော်ဟစ်ခြင်း သို့မဟုတ် ပြဿနာရှာခြင်း မပြုဘဲ ငြိမ်သက်နေသည်။ ယင်းက ချန်ထျန်မင်းကို ပို၍ စိတ်မကောင်းဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် ချန်ဟောင်ယုအပေါ် ပို၍ ဒေါသထွက်မိသွားသည်။

ထိုညတွင် ချန်ထျန်မင်းသည် ဆေးရုံတွင် လန်ရွှယ်ကို အဖော်ပြုရန် ရည်ရွယ်ထားသော်လည်း လန်ရွှယ်က ငြင်းဆိုခဲ့၏။

“ကို မနက်ဖြန် ကုမ္ပဏီသွားရဦးမှာပဲ။ ဒီမှာလူနာစောင့်ကိုပဲ လွှတ်ထားလိုက်ပါ”

လန်ရွှယ်၏ စကားများကြောင့် ချန်ထျန်မင်း သူမအပေါ် ပို၍ပင် သနားကရုဏာ သက်လာမိသည်။

သူသည် သူမ၏ နဖူးကို နမ်းလိုက်၏။

“ဒါဆိုရင် ကောင်းကောင်းနားလိုက်တော့၊ မနက်ဖြန် ကိုယ် ပြန်လာခဲ့မယ်”

ချန်ထျန်မင်း ထွက်သွားပြီးနောက် လန်ရွှယ်သည် သူမ၏ဖုန်းကို ချက်ချင်းထုတ်ကာ ဖုန်းခေါ်လိုက်တော့၏။

“ဒီနေ့ရဲ့ စီစီတီဗွီကင်မရာ မှတ်တမ်းတွေ ထုတ်လိုက်တော့”

ကလေးမှာ ဆုံးရှုံးသွားပြီဖြစ်သဖြင့် ငိုနေမည့်အစား ဤအခွင့်အရေးကို အကောင်းဆုံး မည်သို့ အသုံးချရမည်ကို သူမ တွေးတောနေခြင်း ဖြစ်သည်။

သို့သော် ဤကိစ္စ ပေါက်ကြားသွားပါက ချန်ထျန်မင်းသည် သူမကို သေချာပေါက် သံသယဝင်လိမ့်မည်။ ထို့ကြောင့် သူမကိုယ်တိုင် မလုပ်ဆောင်ဘဲ လျုံရုံကို သတင်းထောက်များအား အရိပ်အမြွက်ပေးခိုင်းပြီး စီစီတီဗွီမှတ်တမ်းများကို ပေးအပ်ရန် နည်းလမ်းရှာခိုင်းလိုက်တော့၏။

သူမသည် လျုံရုံနှင့် ပြောဆိုထားသော စာတိုမှတ်တမ်းများ အားလုံးကိုလည်း လုံးဝ ဖျက်ပစ်လိုက်သည်။ ထို့အပြင် သူမ အသုံးပြုသော SIM ကတ်မှာလည်း သူမ ပုံမှန်သုံးနေကျကတ် မဟုတ်ပေ။ သူမတွင် ဖုန်းနံပါတ် နှစ်ခုရှိနေသည်ကို ချန်ထျန်မင်း လုံးဝ မသိပေ။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လန်ရွှယ်သည် ခုတင်ပေါ်တွင် လဲလျောင်းကာ သူမ ဗိုက်ကို ပြန်လည်စမ်းသပ်နေမိသည်။ သူမ ဝမ်းနည်းနေဆဲပင် ဖြစ်သည်။ သူမသည် တစ်ကြိမ်တည်းနှင့် သားလေးကို ခက်ခက်ခဲခဲ ရရှိခဲ့သော်လည်း ယခုတော့ ဆုံးရှုံးခဲ့ရလေပြီ။

နောင်တွင် ကိုယ်ဝန်ပြန်ရရန် အခွင့်အလမ်း ရှိခဲ့လျှင်ပင် သားလေးဖြစ်မည်ဟု မသေချာသလို အရာအားလုံးကို အစက ပြန်စရန်လည်း ခက်ခဲလှပေသည်။

ထိုညမှာပင် “နာမည်ကျော် မင်းသမီး လန်ရွှယ်မှာ လင်ပါသား၏ တွန်းချမှုကြောင့် ကိုယ်ဝန်ပျက်ကျ” ဟူသော အကြောင်းအရာသည် လူမှုကွန်ရက်၏ ရေပန်းအစားဆုံး သတင်းများထဲတွင် ထိပ်ဆုံးနေရာ ချိတ်သွားခဲ့သည်။ သတင်းကို ဖြန့်ဝေသူမှာ နံနက် ၂ နာရီအချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ထိုအချိန်တွင် ချန်ထျန်မင်းသည် အိပ်ပျော်နေဆဲပင် ဖြစ်သည်။ နောက်တစ်နေ့ နံနက် သူ နိုးလာချိန်တွင်မူ ဤသတင်းမှာ နေရာအနှံ့ ပျံ့နှံ့သွားပြီပင်။

ချန်ထျန်မင်းသည် ထိုသတင်းများကို ချက်ချင်း ပြန်လည် ဖျက်ချခိုင်းခဲ့သော်လည်း တော်တော်များများ သိရှိသွားကြပြီ ဖြစ်သည်။ လန်ရွှယ်၏ ပရိသတ်များမှာ ဒေါသတကြီး ဖြစ်နေကြပြီး ချန်ထျန်မင်းထံမှ ဖြေရှင်းချက်ကို အတင်းအကျပ် တောင်းဆိုနေကြသည်။ ဟိုင်ထျန်ဖျော်ဖြေရေး၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဝေဖန်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

[ချန်ထျန်မင်း၊ ထွက်လာပြီး ဖြေရှင်းချက်ပေးစမ်း။ ငါတို့ရဲ့ ရွှယ်အာကို မင်းတို့ ဘာလို့ ဒီလို အနိုင်ကျင့်ရတာလဲ]

[ဒီကလေးက သိပ်ကို ရက်စက်တာပဲ။ ငါတို့ ရွှယ်အာက သူ့အပေါ် ကောင်းပေးခဲ့တာတွေက ကျေးဇူးမသိတဲ့ကောင်အတွက် အလဟဿ ဖြစ်သွားတာပဲ]

[ရွှယ်အာအတွက် တကယ် စိတ်မကောင်းဘူး။ သူ ဒီကလေးလေးကို ဘယ်လောက်တောင် မျှော်လင့်နေခဲ့ရလဲ၊ အခုဆိုရင် သူ ဘယ်လောက်တောင် ရင်ကွဲနေမလဲ]

[သူဌေးမိသားစု ဖြစ်ပေမဲ့ လူကို ဒီလိုတော့ အနိုင်မကျင့်သင့်ဘူး။ သူလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်]

[ဒီလောက် ငယ်ငယ်လေးနဲ့ စိတ်ထားက ဒီလောက် ရက်စက်နေတာ၊ ကြီးလာရင် ဘယ်လိုဖြစ်မလဲ]

[ဒီကိစ္စအတွက် ဖြေရှင်းချက် မပေးရင် ချန်အုပ်စုရဲ့ ကုန်ပစ္စည်းမှန်သမျှကို နောက်နောင် ဘယ်တော့မှ မဝယ်ဘူး]

ဤဖြစ်ရပ်၏ သက်ရောက်မှုကြောင့် ချန်အုပ်စု၏ ရှယ်ယာစျေးနှုန်းများမှာ အဆမတန် ထိုးကျသွားခဲ့ပြီး ဟိုင်ထျန်ဖျော်ဖြေရေး၏ ရှယ်ယာများပါ ထိခိုက်စေခဲ့သည်။ ဟိုင်ထျန်ဖျော်ဖြေရေး၏ အကြီးအကဲသည် ချန်ထျန်မင်းကို တိုက်ရိုက် ဆက်သွယ်ကာ ဤကိစ္စကို ကောင်းမွန်စွာ ဖြေရှင်းရန် တောင်းဆိုခဲ့၏။ ထို့အပြင် ချန်အုပ်စု၏ ရှယ်ယာရှင်များမှာလည်း မကျေမနပ်ဖြစ်ကာ အပြစ်တင်ခဲ့ကြသည်။

ချန်ထျန်မင်းမှာ အလွန် ဒေါသထွက်သွားတော့၏။ ဤသတင်းကို မည်သူက ပေါက်ကြားအောင် လုပ်သည်ကို ချက်ချင်း စုံစမ်းခိုင်းလိုက်သည်။

သူကိုယ်တိုင်မှာမူ ဆေးရုံသို့ သွားရောက်ခဲ့သည်။ ဤကိစ္စကို သိရှိသူမှာ လူနည်းစုသာ ရှိသဖြင့် သူ လက်ရှိတွင် သံသယအရှိဆုံးသူမှာ လန်ရွှယ်ပင် ဖြစ်၏။

အဖွဲ့အစည်းများမှ လူများသည် ဤကဲ့သို့ လုပ်ရဲသည့် သတ္တိမရှိကြသလို လီကျန့်ဟိုင်မှာလည်း သူ့ကို မျက်နှာသာရရန် ကြိုးပမ်းနေသူ ဖြစ်သဖြင့် ဤကဲ့သို့ လုပ်မည် မဟုတ်ပေ။ လန်ရွှယ်သာလျှင် ဤအမှုကို ပြုလုပ်နိုင်ချေ အရှိဆုံးသူ ဖြစ်သည်။

ချန်ထျန်မင်း ရောက်လာချိန်တွင် လန်ရွှယ်မှာ အိပ်ပျော်နေလေ၏။ ချန်ထျန်မင်းသည် မနေ့ကသူထွက်သွားပြီးနောက် လန်ရွှယ် တစ်ယောက် ဘာတွေလုပ်ခဲ့သည်ကို လူနာစောင့်အား ပထမဆုံး မေးမြန်းခဲ့သည်။

“သခင်မက ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေး ငိုနေပြီး ညစာတောင် မစားဘူး။ မနက်အစောပိုင်းကျမှ အိပ်ပျော်သွားတာပါ”

ချန်ထျန်မင်းသည် လူနာစောင့်ကို စိုက်ကြည့်ကာ တင်းမာသော လေသံဖြင့် ပြန်ပြောလိုက်၏။

“မင်းပြောတာတွေ အကုန်အမှန်ပဲလား၊ ငါ့ကို လိမ်ရင် ဘာဖြစ်မယ်ဆိုတာ သိတယ်နော်”

“ကျွန်မပြောတာ အကုန်လုံး အမှန်တွေပါ”

လူနာစောင့်က အခိုင်အမာ ပြန်လည်ဖြေကြားသည်။

ချန်ထျန်မင်းသည် ခုတင်ပေါ်တွင် လဲလျောင်းနေသော ဖြူဖျော့နေသည့် လန်ရွှယ်၏မျက်နှာလေးကို ကြည့်ကာ နောက်ဆုံးတွင် စီစီတီဗွီမှတ်တမ်းများကို စစ်ဆေးရန် စိတ်ကူးကို လက်လျှော့လိုက်ပြီး လူနာစောင့်၏ စကားကိုသာ ယုံကြည်လိုက်တော့သည်။

လန်ရွှယ်သည် ချန်ဟောင်ယုအပေါ် မည်မျှ စိတ်ရှည်သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည် မဟုတ်လော။ ဤကိစ္စမှာ ကုမ္ပဏီ၏ ပြိုင်ဘက် တစ်စုံတစ်ယောက်မှ လုပ်ဆောင်ခြင်းသာ ဖြစ်နိုင်သည်။ သို့မဟုတ် လန်ရွှယ် ဆေးရုံလာသည်ကို တစ်စုံတစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် မြင်သွားခြင်းလည်း ဖြစ်နိုင်သည်။

ချန်ထျန်မင်းသည် လန်ရွှယ်အပေါ် သံသယကင်းရှင်းစေရန် သူ့စိတ်ထဲတွင် ဆင်ခြေများ ပေးနေခဲ့ပြီး သူမအပေါ် ပို၍ပင် အပြစ်ရှိသလို ခံစားလာမိသည်။

ယမန်နေ့ညက လန်ရွှယ်သည် အလွန်ပင် နားလည်မှု ရှိခဲ့ပြီး ဆေးရုံတွင် သူမကို အဖော်ပြုရန် မလိုအပ်ကြောင်း ပြောခဲ့၏။ သို့သော်လည်း ယနေ့တွင်မူ သူသည် သူမအပေါ်တွင် သံသယဝင်ခဲ့မိသည်။ ချန်ထျန်မင်း တစ်ယောက် ထိုသို့ တွေးမိပြီး သူမအပေါ် တွင် ပို၍ပင် အားနာစိတ် ဖြစ်ခဲ့ရသည်။

All Chapters