အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း (၁၃၃)
ကုမ္ပဏီ ဒေဝါလီခံရမှာ မကြောက်ဘူးလား
အချိန်အတော်ကြာပြီးနောက် လန်ရွှယ်သည် သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
ချန်ထျန်မင်းကို မြင်သောအခါ သူမသည် အားယူကာ ပြုံးပြလိုက်လေ၏။
“ကို... ရောက်လာပြီလား။ ကုမ္ပဏီမှာ အလုပ်တွေ ရှုပ်နေတာကို ကျွန်မဆီ လာကြည့်နေဖို့ မလိုပါဘူး”
ချန်ထျန်မင်းသည် ရှေ့တိုးကာ လန်ရွှယ်၏ လက်ကို ဆွဲကိုင်လိုက်ပြီး ပြန်ပြောလိုက်၏။
“ကုမ္ပဏီကိစ္စတွေက မင်းထက် ဘယ်လိုလုပ်ပြီး ပိုအရေးကြီးနိုင်မှာလဲ”
“ကို... ကျွန်မ စဉ်းစားကြည့်ပြီးပြီ၊ ဟောင်ယုက ဒါကို တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို အပြစ်မတင်ပါနဲ့နော်”
သူမ စကားပြောနေချိန်တွင် အားအင်ချည့်နဲ့နေဆဲဖြစ်ပြီး အသံမှာလည်း နုံးချိနေခဲ့သည်။
သို့သော် ဤကဲ့သို့ အားနည်းနေသည့်ကြားမှ ချန်ဟောင်ယု၏ အပြစ်ကို လွှတ်ပေးရန် ကြိုးပမ်းနေသည့် သူမသဘောထားက ချန်ထျန်မင်း၏ ရင်ထဲတွင် ရှိသမျှ သံသယအကြွင်းအကျန်များကို အပြီးတိုင် ချေဖျက်နိုင်ခဲ့သည်။ ထို့အပြင် သူမအပေါ် အကြွေးတင်နေသကဲ့သို့ ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
“ဒီကိစ္စကတော့ သူ့ကို ဆုံးမမှဖြစ်မှာ မဟုတ်ရင် ဒီကလေးက အခုလိုမျိုး လုပ်ရဲနေပြီဆိုတော့ နောင်တစ်ချိန်မှာ ဘာတွေဆက်လုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
လန်ရွှယ် ဆေးရုံကဆင်းပြီးသည်နှင့် ချန်ထျန်မင်းသည် ချန်ဟောင်ယုကို ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။ ဤသို့လုပ်ခြင်းမှာ လန်ရွှယ်အတွက် ဖြေရှင်းချက်ပေးရန်နှင့် အွန်လိုင်းပေါ်ရှိ လူအများအတွက် အဖြေပေးရန်လည်း ဖြစ်လေသည်။
ချန်ထျန်မင်းသည် ဆေးရုံတွင် အတော်ကြာအောင် နေခဲ့ပြီးမှ ထွက်ခွာသွားခဲ့သည်။ သူ ထွက်သွားပြီးနောက် လန်ရွှယ်သည် လူနာစောင့်ကို ခေါ်လိုက်၏။
“မင်း ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ငါ ကတိပေးထားတဲ့ ငွေငါးသောင်းကို မကြာခင် မင်းရဲ့ အကောင့်ထဲ ထည့်ပေးလိုက်မယ်”
“ဒါပေမဲ့ သခင်မ... တကယ်လို့ သခင်ကြီးက စီစီတီဗွီတွေကို စစ်ကြည့်ရင် ဘယ်လိုလုပ်မလဲ”
လူနာစောင့် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
အကယ်၍ ချန်ထျန်မင်းသာ သူမ လိမ်ညာထားသည်ကို သိသွားပါက သူမ၏အလုပ်မှာ အဆုံးသတ်သွားနိုင်သည်။
လန်ရွှယ်က ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့၊ သူ စစ်မှာ မဟုတ်ဘူး”
ချန်ထျန်မင်းနှင့် လက်ထပ်ခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် လန်ရွှယ်သည် သူ့အကျင့်စရိုက်ကို အသေအချာ လေ့လာထားပြီးသား ဖြစ်သည်။ ယခုအချိန်တွင် ချန်ထျန်မင်းသည် သူမအပေါ် စိတ်မကောင်း ဖြစ်နေပြီး သူမကို သံသယဝင်ရန် လုံးဝ မဖြစ်နိုင်ပေ။
နောက်ဆုံးတော့လည်း သူမသည် အလွန် သဘောထားကြီးသူ ဖြစ်နေသေးသည် မဟုတ်လော။
ထို့နောက် လန်ရွှယ်သည် လူမှုကွန်ရက်ပေါ်တွင် အထူးတလည် စာတစ်စောင်ကို ရေးသားခဲ့လေသည်။
လန်ရွှယ် V : ကလေးလေးနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်က ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါ။ လူတိုင်းအနေနဲ့ ဟောင်ယုအပေါ် ဒေါသ မပုံချကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီကလေးလေး ဆုံးရှုံးသွားရတဲ့အတွက် ကျွန်မ တကယ်ပဲ ရင်ကွဲမတတ် ခံစားရပေမဲ့ ဟောင်ယုကလည်း ကျွန်မရဲ့ ကလေးတစ်ယောက်ပါပဲ။
ဤစာတိုလေးသည် လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ပရိသတ်အများအပြားသည် လန်ရွှယ်၏ သဘောထားကြီးမှုကို ချီးကျူးခဲ့ကြပြီး သူမအား “နိုင်ငံတော်၏ မိခင်ကောင်း” ဟုပင် ခေါ်ဝေါ်ခဲ့ကြသေး၏။
နန်ချင်ဝမ်လည်း လန်ရွှယ် ရေးထားသော စာကို တွေ့သွားခဲ့သည်။ ထိုအချိန်တွင် ယဲ့ယီမှာ သူမ ဘေးနားတွင် ရှိနေသဖြင့် သူမက စတင် စကားစလိုက်တော့သည်။
“ဒီလန်ရွှယ်က လင်ပါသားအပေါ် တကယ်ပဲ စိတ်ရင်းနဲ့ ကောင်းတာပဲနော်”
“ဒါကတော့ မဖြစ်နိုင်ဘူး”
ယဲ့ယီ၏ စကားကြောင့် နန်ချင်ဝမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
“ဒါရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းအရာ တစ်ခုခု ရှိနေလို့လား”
ယဲ့ယီ က ရေတစ်ငုံသောက်ကာ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်တော့သည်။
“ဒါကို ဘယ်သူ ပေါက်ကြားအောင် လုပ်တာလဲဆိုတာ ခန့်မှန်းကြည့်လေ”
နန်ချင်ဝမ် မျက်လုံးများ ပြူးကျယ်သွားလေ၏။
“နင် ဆိုလိုတာက ဒါကို လန်ရွှယ်ကပဲ ပေါက်ကြားအောင် လုပ်ခဲ့တာပေါ့။ ဒါကတော့ မဖြစ်နိုင်ဘူး ထင်တာပဲ”
“လူတစ်ယောက် ဘယ်လောက်ပဲ စိတ်သဘောထား ကောင်းပါစေ၊ ဒီလိုကိစ္စမျိုး ကြုံလာရရင် ဒီလောက်အထိ ဘယ်သူမှ သဘောထားကြီးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ ဒီလို ရေးလိုက်တော့ လူတွေက ချန်ဟောင်ယုကို ပိုပြီး မုန်းသွားကြမယ်လို့ မထင်ဘူးလား”
နန်ချင်ဝမ်သည် ထိုပို့စ်အောက်ရှိ မှတ်ချက်များကို သေသေချာချာ ဖတ်ကြည့်လိုက်သည်။ အမှန်ပင် လန်ရွှယ်၏ သဘောထားကြီးမှုကို ချီးကျူးသူများအပြင် ကျန်လူများမှာမူ ချန်ဟောင်ယုကို ကျေးဇူးမသိသော ကလေးဟုသာ ဆဲဆိုနေကြလေ၏။
“လန်ရွှယ်က ပိုပြီး သဘောထားကြီးပြလေလေ လူတွေက သူ့လို အမှန်တကယ် ဂရုစိုက်ပေးတဲ့ မိထွေးအပေါ် ဒီလို လုပ်ခဲ့တဲ့ ချန်ဟောင်ယုကို ပိုပြီး မုန်းလာကြလေလေပဲ။ ချန်ထျန်မင်း ချန်ဟောင်ယုကို ဘယ်လောက်ပဲ ချစ်ပါစေ၊ ဒီကိစ္စကြောင့် ချန်ဟောင်ယုအပေါ် သူ့အချစ်တွေလျော့သွားမှာ သေချာတယ်”
ထို့အပြင် မူလဇာတ်လမ်းအရ လန်ရွှယ်သည် ချန်ဟောင်ယုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့သည်။ အဆုံးတွင် လန်ရွှယ်၏ သားဖြစ်သူက ကုမ္ပဏီကို ဆက်ခံခဲ့သည်။
ချန်ဟောင်ယုမှာမူ လန်ရွှယ်၏ သားဖြစ်သူ တာဝန်လွှဲယူပြီး မကြာမီမှာပင် ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားခဲ့သည်။ ထိုယာဉ်တိုက်မှုမှာ မတော်တဆလား သို့မဟုတ် တမင်ကြံစည်မှုလား ဆိုသည်ကိုတော့ သူတို့သာ သိပေလိမ့်မည်။
“တကယ်လို့ နင်ပြောသလိုသာ ဆိုရင် လန်ရွှယ်က သိပ်ကို အကြံကြီးတာပဲ”
နန်ချင်ဝမ်သည် ဖျော်ဖြေရေးလောကတွင် လူပေါင်းစုံကို တွေ့ဖူးပြီး မာယာများသူကိုလည်း ကြုံတွေ့ဖူးသည်။ သို့သော် လန်ရွှယ်ကဲ့သို့သော ရက်စက်သောသူမျိုးမှာ အမှန်တကယ်ပင် ရှားပါးလွန်းသည်။
သို့သော် ယဲ့ယီကမူ ထိုအရာအတွက် အံ့သြခြင်း မရှိပေ။ သူမသည် ဘီလူးသရဲပေါင်းစုံကို မြင်တွေ့ဖူးသူ ဖြစ်၏။ဤကိစ္စက သူမကို မထိခိုက်စေသရွေ့ သူမ ဂရုစိုက်မည်မဟုတ်ပေ။
နန်ချင်ဝမ်လည်း ဤအကြောင်းအရာကို ဆက်မပြောတော့ဘဲ မကြာမီ ကျင်းပတော့မည့် အကယ်ဒမီဆုပေးပွဲအကြောင်းကို ယဲ့ယီနှင့် စကား စလိုက်ကြ၏။
“ငါ တိတ်တိတ်လေး စုံစမ်းကြည့်ပြီးပြီ၊ နင်က ဒီနှစ် အကယ်ဒမီ ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းထဲ ပါနေပြီ။ ဆုမရရင်တောင် ဆန်ခါတင်စာရင်းထဲ ပါတာကိုက တော်တော်လေး ကောင်းနေပြီ”
“အစ်မချင်ဝမ်ရဲ့ အဆက်အသွယ်တွေက တကယ် မသေးဘူးပဲ၊ ဆန်ခါတင်စာရင်း ထွက်ဖို့က တစ်လတောင် လိုသေးတာကို မမက သိနေပြီပဲ”
ယဲ့ယီက နန်ချင်ဝမ်ကို တမင် စနောက်လိုက်သည်။
နန်ချင်ဝမ်ကလည်း ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ဂုဏ်ယူဝံ့ကြွားသော အမူအရာလေး လုပ်ပြကာ ဆိုလိုက်၏။
“ဒါပေါ့၊ ငါ ဘယ်သူလဲဆိုတာ နင်မသိဘူးလား”
ထို့သို့ ဆိုပြီးနောက် နှစ်ယောက်သား ပြိုင်တူ ရယ်မောလိုက်ကြတော့၏။
ကွာရှင်းပြီးသည့်အချိန်မှစ၍ နန်ချင်ဝမ်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ယခင်ကထက် ပိုမို ယုံကြည်မှု ရှိလာခဲ့သည်။ ယခုအခါ သူမဝိတ်ချနေသည်မှာလည်း တစ်စုံတစ်ဦးကို စိတ်ကျေနပ်စေရန် မဟုတ်ဘဲ မိမိကိုယ်တိုင်အတွက်သာ ဖြစ်လေသည်။
သွမ့်ဟွေကျိုကလည်း သူမကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပြီး သူနောင်တရကြောင်း နှင့် ပြန်လည်ပေါင်းသင်းလိုကြောင်း အရိပ်အမြွက်များ ပြောကြားခဲ့သည်။ နန်ချင်ဝမ်ကတော့ သူ့ကို ရက်ရက်စက်စက် ငြင်းပယ်ခဲ့၏။
‘ကလေးကို လာတွေ့တာက ပြဿနာမရှိပါဘူး။ပြန်ပေါင်းဖို့လား..အိပ်မက်သာ မက်နေလိုက်တော့’
သွမ့်ကျားကျားကိုလည်း ထိုနာမည်အတိုင်း မထားတော့ဘဲ သူမ၏ မျိုးရိုးအမည်ကို ပြောင်းလဲပစ်ခဲ့၏။ ထိုကဲ့သို့ ဦးနှောက်မရှိသူ၏ မျိုးရိုးကို ဆက်ခံထားပါက ညံ့ဖျင်းမှုများ ကူးစက်သွားမည်ကို သူမ စိုးရိမ်မိသည်။
သွမ့်ဟွေကျို သည် ဤအကြောင်းကို သိသွားသောအခါ နန်ချင်ဝမ်နှင့် ငြင်းခုံခဲ့ပြီး သွမ့်ကျားကျား၏ အမည်ပြောင်းလဲခြင်းကို အပြတ်အသတ် ငြင်းဆိုခဲ့သည်။ နန်ချင်ဝမ်သည် အကြောင်းပြချက်ကို တဲ့တိုး ပြောလိုက်ရာ သွမ့်ဟွေကျိုမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ရ၏။
“အစ်မယဲ့. ဉက္ကဌကု ရောက်လာပြန်ပြီ”
ထိုအချိန်တွင် တံခါးဝမှ တုန်မင်ရွှမ်၏ အသံ ထွက်ပေါ်လာလေ၏။
နန်ချင်ဝမ်သည် ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ စနောက်လိုက်လေသည်။
“နင့်ရဲ့ လူပျိုကြီးက နင့်ကို ထပ်လာရှာပြန်ပြီ”
ယဲ့ယီသည် နန်ချင်ဝမ်ကို မျက်စောင်းထိုးလိုက်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။ တံခါးဝသို့ ရောက်သောအခါ ပြုံးစိစိလုပ်နေသော တုန်မင်ရွှမ်ကို တွေ့လိုက်ရလေသည်။ ယဲ့ယီကို မြင်သည်နှင့် တုန်မင်ရွှမ်သည် သူ့အပြုံးကို ချက်ချင်း ထိန်းလိုက်ပြီး လေးနက်ချင်ယောင်ဆောင်ကာ ဆိုလေ၏။
“ယဲ့ယီ... ကျွန်တော်လည်း သူ့ကို ပေးမဝင်ချင်ပါဘူး၊ ဒါပေမဲ့ ဉက္ကဌကုက ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက် နို့လက်ဖက်ရည် တစ်ခွက်စီ ဝယ်လာပေးတယ်လေ”
ယဲ့ယီ အံကြိတ်ကာ မေးလိုက်၏။
“ဒါဆို နင် နို့လက်ဖက်ရည် တစ်ခွက်တည်းနဲ့ ငါ့ကို ရောင်းစားလိုက်တာပေါ့၊ ဟုတ်လား”
တုန်မင်ရွှမ်သည် ခေါင်းခါပြပြီးနောက် လက်ချောင်း နှစ်ချောင်းကို ထောင်ပြကာ ထပ်ပြောလေ၏။
“ကျွန်တော့်အတွက်က နှစ်ခွက်”
ယဲ့ယီ ဤလူ့အပေါ်တွင် မျှော်လင့်ချက် ထား၍ မရမှန်း သိလိုက်ရသည်။ သူမသည် သူ့ကို ကန်ရန် ခြေထောက် မြှောက်လိုက်သော်လည်း တုန်မင်ရွှမ်သည် လျင်မြန်စွာဖြင့် ရှောင်တိမ်းသွားခဲ့သည်။
“အစ်မယဲ့... ဒီလိုပုံစံနဲ့ဆို ရည်းစား ရမှာ မဟုတ်ဘူးနော်။ ဉက္ကဌကုပဲ အစ်မကို သည်းခံနိုင်တာ။ ကျွန်တော့်အကြံကို နားထောင်ပြီး သူ့ကိုပဲ လက်ခံလိုက်ပါတော့”
ယခုတစ်ကြိမ်တွင် ယဲ့ယီသည် ခြေထောက်ကို မသုံးတော့ဘဲ တုန်မင်ရွှမ်၏ ခေါင်းကို လက်ဖြင့် ထုချလိုက်တော့သည်။
တုန်မင်ရွှမ်မှာ ချက်ချင်းပင် သနားစဖွယ် အမူအရာလေးဖြင့် ပြန်ပြောလိုက်သည်။
“အား... အစ်မက သိပ်ရက်စက်တာပဲ။ ကျွန်တော် အစ်မနန်ဆီ သွားပြီး တိုင်ပြောမယ်”
ထိုသို့ပြောကာ ရုံးခန်းထဲသို့ ပြေးဝင်သွားလေတော့သည်။
ယဲ့ယီသည် ဤအပိုလုပ်နေသူကို ဂရုမစိုက်နိုင်တော့ဘဲ သူမ ရင်ဆိုင်ရမည့် အခြားတစ်ယောက်ဆီသို့ သွားခဲ့လေသည်။ ဧည့်ခန်းသို့ ရောက်သောအခါ ရင်းနှီးနေသော ထိုကျောပြင်ကို မြင်လိုက်ရသဖြင့် ယဲ့ယီမှာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
[ဒီလူက ဘာလို့ သရဲလိုမျိုး တွယ်ကပ်နေရတာလဲ]
သူမသည် စိတ်ထဲတွင် ကျိန်ဆဲပြီးသည်နှင့် တစ်ပြိုင်နက် ကုရှီချန်း သည် သူမရှိရာသို့ လှည့်ကြည့်လာသည်ကို တွေ့လိုက်ရတော့သည်။ ယဲ့ယီ ချက်ချင်းပင် အပြစ်မကင်းသည့် အပြုံးလေးဖြင့် ပြုံးပြလိုက်မိသည်။
ပြုံးပြီးမှသာ သူမ ဘာလုပ်လိုက်မိသည်ကို သတိရသွားတော့၏။
[တောက်၊ သူက ငါ့ရဲ့ သကြားဖေဖေမှ မဟုတ်တော့တာ၊ ငါက ဘာလို့ သူ့ကို ဖားနေရတာလဲ ၊ ဒီအကျင့်ဆိုးကတော့။ သူ့ဆီက ပိုက်ဆံနံ့တွေက ငါ့ကို လွှမ်းမိုးနေတာ ဖြစ်ရမယ်]
ယဲ့ယီသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် တစ်ဖက်တွင် ဝင်ထိုင်လိုက်တော့သည်။ သူမသည် ကုရှီချန်းကို ကြည့်ကာ မေးလိုက်၏။
“ရှင်က စီအီးအို တစ်ယောက်ဖြစ်ပြီး ကျွန်မဆီကို နေ့တိုင်း လာနေတာ၊ ရှင့်ကုမ္ပဏီ ဒေဝါလီခံရမှာ မကြောက်ဘူးလား”
“ကိုယ်က လူတွေကို အလကား ထိုင်နေဖို့အတွက် ဒီလောက်အများကြီး ငှားထားတာမှ မဟုတ်တာ”
[ကျွတ် ဘယ်လိုတောင် ကြွားနေလိုက်တာလဲ။ တစ်နေ့ကျရင် ငါလည်း ဘာမှလုပ်စရာမလိုဘဲ ထိုင်စားနိုင်တဲ့ သူဌေးမကြီး ဖြစ်အောင် လုပ်ဦးမယ်]
အခန်း (၁၃၄)
ကျွမ်းကျင်လှသော သရုပ်ဆောင်တစ်ဦး
ကုရှီချန်း အတော်လေးကို စိတ်ပျက်အားငယ်သွားသည်။ သူသည် အမှန်တရားကိုသာ ပြောဆိုနေခြင်း ဖြစ်ပါသော်လည်း ယဲ့ယီမှာ သူ့ကို ဂုဏ်မောက်ပြီး ကြွားဝါနေသည်ဟု သတ်မှတ်နေသည်။
ကုရှီချန်း၏ ဘေးနားတွင် ရှိနေသော စံပယ်ပန်းများကို ကြည့်ရင်း ယဲ့ယီသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
[ငါ စံပယ်ပန်း ကြိုက်တာကို သူ ဘယ်လိုသိနေတာလဲ]
ကုရှီချန်း မျှော်လင့်တောင့်တသော မျက်ဝန်းများဖြင့် ယဲ့ယီကို ကြည့်နေမိသည်။ သူသည် ယဲ့ယီ စံပယ်ပန်း ကြိုက်ကြောင်း သိနေရခြင်းမှာ ယမန်နေ့ညက နှင်းဆီပန်းများ ယူဆောင်လာပေးစဉ်က သူမ စိတ်ထဲမှ ရေရွတ်သံများကို ကြားခဲ့ရသောကြောင့်ပင် ဖြစ်သည်။
“မနက်ဖြန်က ပိတ်ရက်ပဲ။ ကိုယ်တို့ အတူတူ ထမင်းစားလို့ ရမလား”
ကုရှီချန်းသည် ထိုသို့ ဆိုကာ စံပယ်ပန်းများကို ယဲ့ယီထံသို့ ကမ်းပေးလိုက်၏။
ယဲ့ယီသည် ထိုစံပယ်ပန်းများကို လက်ခံလိုက်သော်လည်း ကုရှီချန်း၏ ဖိတ်ခေါ်မှုကို လက်ခံရန် စိတ်ကူးမရှိပေ။
ထို့ကြောင့် သူမသည် အကြောင်းပြချက် တစ်ခုပေးကာ ငြင်းဆိုလိုက်၏။
“မနက်ဖြန် ကုမ္ပဏီမှာ လုပ်စရာလေးတွေ ရှိနေသေးလို့”
ကုရှီချန်းသည် ယဲ့ယီ၏ အဖြေအတွက် အနည်းငယ်မျှပင် အံ့ဩခြင်း မရှိခဲ့ပေ။သူမအား အတူတူ စားသောက်ရန် ဖိတ်ခေါ်တိုင်း သူမတွင် အမြဲတမ်း အကြောင်းပြချက် တစ်ခုခုရှိနေတတ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ကုရှီချန်းသည် ဝှက်ဖဲတစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်၏။
“ရှောင်စဲ့က မင်းနဲ့အတူ အစားစားချင်တယ်လို့ ပြောနေတယ်”
သူ မျှော်လင့်ထားသည့်အတိုင်းပင် ကုစဲ့၏ တောင်းဆိုချက်ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ယဲ့ယီ၏လေသံမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ဟိုလေ….တကယ်တော့ ကုမ္ပဏီကိစ္စတွေက တနင်္လာနေ့မှ လုပ်လည်း ရပါတယ်လေ။ ကျွန်မကို သွားရမဲ့နေရာကိုသာ လှမ်းပို့ပေး”
ကုရှီချန်းမှာ ပြောမပြတတ်အောင် စိတ်ပျက်သွားရ၏။ သူသည် သားဖြစ်သူလောက်ပင် ဆွဲဆောင်မှု မရှိတော့သကဲ့သို့ ခံစားလိုက်ရ၏။
ကုရှီချန်း တစ်ယောက် ပြန်မည့် အရိပ်အယောင် မရှိသေးသည်ကို မြင်သောအခါ ယဲ့ယီ ခပ်တည်တည်ပင် နှင်လွှတ်လိုက်တော့သည်။
“တခြား ပြောစရာရှိသေးလို့လား။ ဘာမှမရှိရင်လည်း မြန်မြန်ပြန်တော့လေ”
ကုရှီချန်းကမူ ယဲ့ယီ စကားထဲမှ ဆိုလိုရင်းကို နားမလည်ဟန်ဆောင်ကာ ထိုနေရာတွင်ပင် အသာအယာ ထိုင်နေလေ၏။ ယဲ့ယီလည်း သူ့ကို ခဏခဏ နှင်လွှတ်၍ မဖြစ်နိုင်သောကြောင့် စိတ်ထဲတွင်သာ ညည်းညူလိုက်ရတော့သည်။
[ရုပ်ချောတယ်ဆိုတော့ရော ဘာဖြစ်လဲ။ကျွန်မက အပေါ်ယံကို ကြည့်တဲ့လူစားမျိုး မဟုတ်ဘူး။ ဒီပန်းစည်းလေးနဲ့ ကျွန်မကို လာလာဘ်ထိုးလို့ ရမယ် ထင်နေလား။ အိပ်မက်မက်နေလိုက်]
ယဲ့ယီ၏စိတ်ကို ကြားလိုက်ရသည်နှင့် ကုရှီချန်းသည် အိတ်ကပ်ထဲမှ ဗူးကလေးတစ်ခုကို ထုတ်လိုက်ကာ ယဲ့ယီထံ ပေးလိုက်ပြန်သည်။
“ဒါက ဘာလဲ”
ယဲ့ယီသည် ထိုဗူးလေးကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်လေသည်။
“ဖွင့်ကြည့်လိုက်ရင် သိရမှာပေါ့”
ယဲ့ယီသည် ဗူးကို ဖွင့်လိုက်သောအခါ လက်ရာမြောက်လှသော လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရသည်။
“ဒါက ကျွန်မအတွက်လား”
ယဲ့ယီက ကုရှီချန်းကို ကြည့်ကာ မေးလိုက်၏။
“မင်း ကြိုက်ရဲ့လား”
ကုရှီချန်းက ပြန်မေးရင်း ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ယီသည် ထိုလက်ကောက်လေးကို ကြည့်ရင်း အမှန်အတိုင်း ဖြေလိုက်၏။
“ကြိုက်ပါတယ်”
ထို့နောက် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်တော့၏။
“ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ လက်ဆောင်ကို လက်မခံသင့်ဘူးလေ။ ဒါကြောင့် ကျွန်မ ဒါကို မယူနိုင်ဘူး”
[ငါ့ကို ဖားချင်တာလား။ လုံးဝ မရဘူး]
ယဲ့ယီ၏ စိတ်ထဲမှ ပြောဆိုသံကို ကြားနေရသော ကုရှီချန်းသည် အပြုံးမပျက် ကြည့်လိုက်ပြီး ခပ်အေးအေးပင် ထပ်ပြောလိုက်ပြန်သည်။
“ဒီလက်ကောက်က ယွမ်နှစ်သိန်းတန်တယ်”
ယဲ့ယီ၏ ခပ်တည်တည် မျက်နှာထားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ ကုရှီချန်းက ဆက်ပြောလိုက်ပြန်၏။
“အဲဒီပေါ်က ပန်းရောင်စိန်ကို ကိုယ်သီးသန့် ထပ်ထည့်ထားတာ၊ အဲဒါက ယွမ်ငါးသိန်းတန်တယ်”
ယဲ့ယီ၏မျက်ဝန်းများမှာ လက်ကောက်ကို ကြည့်ရင်း တောက်ပလာခဲ့ပြီး လက်ကို ပြန်ရုတ်သိမ်းရန် ပြင်လိုက်တော့သည်။ သို့သော်လည်း သူမထက် လက်မြန်သော လက်တစ်ဖက်က ထိုဗူးကို အလျင်အမြန်ပင် လှမ်းယူသွားလေတော့၏။
ကုရှီချန်သည် ဘူးကို မိမိရှေ့သို့ ပြန်ဆွဲယူလိုက်ပြီး မျက်နှာတည်ကြီးဖြင့် အတည်ပေါက် ပြောလိုက်တော့သည်။
“မင်းပြောတာ မှန်ပါတယ်။ အကြောင်းပြချက် မရှိဘဲနဲ့ လက်ဆောင်ပေးတာကို မယူသင့်ဘူးလေ။ အခြေအနေက ဒီလိုဆိုတော့လည်း ဒီလက်ကောက်ကို ကိုယ်ပဲ ပြန်ယူသွားလိုက်တော့မယ်”
ထိုသို့ဆိုကာ အမှန်တကယ်ပင် ပြန်သိမ်းရန် ဟန်ပြင်လိုက်တော့၏။
ယဲ့ယီမှာ ဘာမျှပင် စဉ်းစားမနေတော့ဘဲ ဘူးကို ဆွဲကိုင်လိုက်ပြီး လက်ကောက်ကို ပြန်မယူသွားနိုင်အောင် တားဆီးလိုက်၏။
ကုရှီချန်းသည် ယဲ့ယီကို ပြုံးရောင်သမ်းနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
ယဲ့ယီ စိတ်မလုံမလဲ ဖြစ်နေသော လေသံဖြင့် ဆိုလိုက်၏။
“ပေးပြီးသားပစ္စည်းကို ပြန်မယူရဘူးလေ”
ကုရှီချန်းကမူ ထိုအရာကို ရယ်စရာဟု ထင်မိသည်။
“အကြောင်းပြချက်မရှိဘဲ လက်ဆောင်ကို မယူသင့်ဘူးလို့ အခုလေးတင် ပြောလိုက်တာ မဟုတ်လား”
ယဲ့ယီ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“ကျွန်မတို့ကြားက ပတ်သက်မှုက ဘယ်လိုမျိုးလဲ။ လက်ဆောင်ပေးတယ်ဆိုတာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်ဘူးလား”
ကုရှီချန်းသည် ယဲ့ယီ၏ အနားသို့ တိုးကပ်သွားပြီး တိုးညင်းသော အသံဖြင့် မေးလိုက်လေသည်။
“ဒါဆို ပြောပါဦး၊ ကိုယ်တို့ကြားက ပတ်သက်မှုက ဘယ်လိုမျိုးလဲ”
သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ပါက ထိုကဲ့သို့သော မြူဆွယ်မှုအောက်တွင် မျက်နှာတစ်ခုလုံး နီမြန်းသွားပေလိမ့်မည်။ သို့သော်လည်း စိတ်မကောင်းစွာပင် ယဲ့ယီမှာ သာမန်လူတစ်ဦး မဟုတ်ပေ။
“အိပ်ရာတစ်ခုတည်းမှာ အတူတူ အိပ်ခဲ့ဖူးတဲ့ ပတ်သက်မှုမျိုးလေ”
“အဟွတ် အဟွတ် အဟွတ်”
ကုရှီချန်းမှာ ချောင်းဆိုးသွားပြီး ခဏအတွင်းမှာပင် သူ့နားရွက်များမှာ နီရဲသွားလေတော့သည်။
ကုရှီချန်း၏ ဖြူစင်ရိုးသားလှသော ပုံစံကို ကြည့်ရင်း ယဲ့ယီ တစ်ယောက် ကျေနပ်နေမိသည်။
[သူက ရှက်တောင် ရှက်နေပြီလား။ ငါသာ နောက်ထပ် တစ်ခုခု ထပ်ပြောလိုက်ရင် သူတော့ သွားပြီပဲ။ ကြည့်ရတာ ကုရှီချန်းက လူပျိုစစ်စစ်လေးများ ဖြစ်နေမလားပဲ။ ဟဲဟဲ]
“ကိုယ် ကုမ္ပဏီမှာ လုပ်စရာတွေ ရှိသေးလို့ အရင်သွားတော့မယ်”
ယဲ့ယီ တစ်ယောက် နောက်ထပ် ထပ်ပြီး မသင့်တော်သောစကားများ ပြောမည်ကို ကြောက်ရွံ့သဖြင့် ကုရှီချန်း အလန့်တကြားပင် ထွက်ပြေးသွားတော့သည်။
ထွက်ခွာသွားသော ကုရှီချန်း၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ယီသည် သက်ပြင်းချကာ ဆိုလိုက်မိသည်။
“သူက ဒီဇာတ်လမ်း တစ်ခုလုံးမှာ အကြီးဆုံး ဗီလိန်ကြီးပဲ၊ ဘာလို့ ဒီလောက်တောင် ဖြူစင်နေရတာလဲ”
ယဲ့ယီသည် ကုရှီချန်း ချန်ထားခဲ့သော လက်ကောက်ကို ကောက်ယူလိုက်သည်။ ဤလက်ကောက်သည် သူမ အကြိုက်နှင့် ထပ်တူကျနေသည်ကို သူမ ဝန်ခံရပေလိမ့်မည်။
ကွာရှင်းပြီးကတည်းက ကုရှီချန်းသည် သူမကို အမှန်တကယ် ပိုးပန်းနေသကဲ့သို့ မကြာခဏဆိုသလို ပစ္စည်းများ ပေးလာတတ်၏။ ထို့ပြင် သူပေးသမျှ အရာတိုင်းမှာလည်း ယဲ့ယီ စိတ်ကြိုက်များသာ ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံတွင် ယဲ့ယီသည် ကုရှီချန်း တစ်ယောက် သူမ၏ ရင်ထဲသို့ ရောက်နေသလားဟုပင် ထင်မှတ်ရသည်။ သူသည် သူမအပေါ်တွင် အလွန်အမင်း နားလည်နေသည်။
ယဲ့ယီသည် ထိုလက်ကောက်ကို သူမ ညာဘက်လက်တွင် ဝတ်ဆင်လိုက်၏။ လက်ကောက်သည် သူမ ဝတ်ဆင်ထားသော ပစ္စည်းများထက်ပင် တစ်မူထူးကဲကာ တောက်ပနေသည်။
ယဲ့ယီ ရုံးခန်းသို့ ပြန်ရောက်သောအခါ နန်ချင်ဝမ်နှင့် တုန်မင်ရွှမ်တို့ နှစ်ဦးစလုံး ထိုနေရာတွင် ရှိနေကြသည်။ တုန်မင်ရွှမ်က ယဲ့ယီကို အလွန် ရမ္မက်ဆန်သော အကြည့်များဖြင့် ကြည့်နေလေသည်။
“နင် ငါ့ကို အဲ့လို အကြည့်မျိုးနဲ့ နောက်တစ်ခါ ထပ်ကြည့်နေဦးမယ်ဆိုရင် နင့်မျက်လုံးတွေကို ငါ ဖောက်ပစ်မယ်”
“သိပ်ကို ကြောက်စရာကောင်းတာပဲ၊ ကျွန်တော် အရမ်းကြောက်သွားပြီ”
တုန်မင်ရွှမ်က အားနည်းဟန်ဆောင်ကာ နန်ချင်ဝမ်၏ နောက်တွင် ပုန်းလိုက်၏။
ယဲ့ယီသည် ဤကဲ့သို့ သရုပ်ဆောင်ကောင်းသော သူကို အလုပ်ခန့်မိခဲ့သည်ကိုပင် နောင်တရလာမိသည်။
“အစ်မယဲ့၊ အစ်မက စီအီးအိုကုကို ဘာတွေလုပ်လိုက်တာလဲ။ စီအီးအိုကု ထွက်သွားတော့ သူ့ရဲ့ နားရွက်တွေက နီရဲနေတာပဲ။ သူ ရှက်နေတာ သိသာတယ်”
တုန်မင်ရွှမ် မျက်စပစ်ပြရင်း လှောင်ပြောင်လိုက်လေသည်။
“အဲဒါကတော့”
ယဲ့ယီသည် စကားကို တမင်ဆွဲပြောလိုက်ရာ တုန်မင်ရွှမ်၏ မျှော်လင့်တကြီး စောင့်ကြည့်နေမှုအောက်တွင် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်လေ၏။
“ငါ ဘာမှမပြောခဲ့ပါဘူး”
“ဟာ အစ်မက လူကို အရူးလုပ်နေတာလား”
တုန်မင်ရွှမ်သည် ယဲ့ယီ စကားကို လုံးဝ မယုံကြည်ပေ။
“အေးလေ၊ အရူးကို အရူးလုပ်တယ်လေ”
ထိုသို့ ပြောပြီးနောက် ယဲ့ယီသည် သူမ၏ စားပွဲဆီသို့ လျှောက်သွားပြီး မပြီးသေးသော ဖိုင်များကို ဆက်လက် စစ်ဆေးနေလိုက်သည်။
“အရူးကို အရူးလုပ်တယ် ...”
အတော်ကြာမှ တုန်မင်ရွှမ် တစ်ယောက် သဘောပေါက်သွားတော့၏။ ထို့နောက် သူသည် နန်ချင်ဝမ်၏ လက်ကို ဆွဲကာ သနားစဖွယ်ပြောလိုက်တော့သည်။
“အစ်မချင်ဝမ်၊ သူ ကျွန်တော့်ကို အနိုင်ကျင့်နေတာ။ အစ်မ ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးရမယ်နော်”
နန်ချင်ဝမ်ကမူ မတတ်သာသော အပြုံးလေးဖြင့် ပြုံးပြရှာသည်။
“ဒီမှာ လူရွှင်တော်လုပ်နေမဲ့အစား မင်းရဲ့ သရုပ်ဆောင် အရည်အချင်းကို ကောင်းကောင်း လေ့ကျင့်စမ်းပါ။ မင်းနဲ့ သိပ်လိုက်ဖက်မယ့် တီဗီဇာတ်လမ်းတွဲ တစ်ခုကို ငါ ရွေးထားပေးတယ်။ ဇာတ်ညွှန်းက မင်းဆီကို ပို့ထားပြီးပြီ၊ အဲဒါကို သေချာလေ့လာထား။ နောက်ရက်အနည်းငယ်အတွင်းမှာ မင်း လူရွေးပွဲ သွားရလိမ့်မယ်”
ယဲ့ယီသည် အကြည့်မလွှဲဘဲ ပြောလိုက်သည်။
ယဲ့ယီသည် သူ့အတွက် ဇာတ်လမ်းတစ်ခု စီစဉ်ပေးထားသည်ဟု ကြားလိုက်ရသဖြင့် တုန်မင်ရွှမ်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် အစ်မယဲ့။ အစ်မက ကမ္ဘာပေါ်မှာ အကောင်းဆုံး သူဌေးပဲ”
“ငါ့ကို ကျေးဇူးတင်ဖို့ မလောပါနဲ့ဦး၊၊ ဒီဇာတ်လမ်း ကို ရ၊ မရ ဆိုတာက နင့်အပေါ်မှာပဲ အဓိက မူတည်တယ်။ ဒီဇာတ်လမ်းအတွက် ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်လိမ့်မယ်”
တုန်မင်ရွှမ်သည် ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။
“စိတ်မပူပါနဲ့ အစ်မယဲ့။ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ။ အစ်မရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ ပျက်စီးအောင် မလုပ်ပါဘူး”
ယဲ့ယီသည် ခပ်အေးအေးပင် မော့ကြည့်ကာ ဆိုလိုက်လေ၏။
“ဒါနဲ့ စကားမစပ်၊ ရှန်ကျီဟန်လည်း ဒီဇာတ်ရုပ်အတွက် လူရွေးပွဲ လာလိမ့်မယ်”
“ဘာ ၊ ရှန်ကျီဟန်လည်း လာမှာလား”
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် တုန်မင်ရွှမ်မှာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်တော့၏။
“ရှန်ကျီဟန်တောင် လာမှာဆိုတော့ ကျွန်တော်က ဘာသွားလုပ်ရတော့မှာလဲ”
ရှန်ကျီဟန်သည် ဖျော်ဖြေရေးလောကတွင် ကျွမ်းကျင်လှသော ရုပ်ရှင် ဧကရာဇ် မင်းသားတစ်ဦး ဖြစ်လေသည်။ အသက် ၃၂ နှစ်အရွယ်တွင်ပင် သူသည် သရုပ်ဆောင်လောက၌ ဆုကြီးဆုငယ်များကို သိမ်းပိုက်ထားနိုင်သူ ဖြစ်၏။ ထို့ပြင် သူသည် ယဲ့ယီပြီးနောက် ဟိုင်ထျန်ဖျော်ဖြေရေးနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ဒုတိယမြောက် ပုဂ္ဂိုလ်လည်း ဖြစ်သည်။
သို့သော်လည်း ရှန်ကျီဟန်သည် စာချုပ်ဖျက်သိမ်းခဲ့စဉ်က ယဲ့ယီကဲ့သို့ အဆင်မပြေခဲ့ပေ။ ကြီးမားသော လျော်ကြေးငွေများကို ပေးလျော်ရန်အတွက် သူသည် ထိုနှစ်တွင် ရသမျှ ဇာတ်လမ်းတိုင်းကို အငမ်းမရ လက်ခံရိုက်ကူးခဲ့ရပြီး ထိုမှတစ်ဆင့် ဂန္ထဝင်ဇာတ်ကောင်များစွာ ပေါ်ထွက်လာခဲ့၏။
သူသည် ဖျော်ဖြေရေးလောကရှိ သရုပ်ဆောင်များစွာ အားကျအတုယူရသည့် စံပြပုဂ္ဂိုလ်ဖြစ်ပြီး တုန်မင်ရွှမ်ကိုယ်တိုင်ကလည်း ရှန်ကျီဟန်ကို အလွန်ပင် လေးစားအားကျသည်။ ရှန်ကျီဟန်နှင့် ဇာတ်ကောင်တစ်ခုတည်းအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် တုန်မင်ရွှမ်မှာ မျှော်လင့်ချက်မဲ့လို့ နေတော့သည်။