အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း (၁၃၅)
လူသစ်များ စုဆောင်းခြင်း
တုန်မင်ရွှမ်သာမက နန်ချင်ဝမ်ကိုယ်တိုင်ပင် သူ့အတွက် မျှော်လင့်ချက်မရှိမှန်း ခံစားနေမိသည်။ အကြောင်းမှာ တုန်မင်ရွှမ်သည် လူသစ်တစ်ယောက်အနေဖြင့် မည်မျှပင် အရည်အချင်းရှိပါစေ၊ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသည့် ဝါရင့်သရုပ်ဆောင်တစ်ဦးနှင့် ယှဉ်ပြိုင်ရန်မှာ မလွယ်ကူလှပေ။
ယဲ့ယီသည် လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး တုန်မင်ရွှမ်ကို ကြည့်ကာ အလွန်တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
“မကြိုးစားရသေးဘဲနဲ့ မလုပ်နိုင်ဘူးလို့ ဘယ်လိုလုပ်သိနိုင်မှာလဲ။ အားထုတ်မှုရှိရင် အောင်မြင်နိုင်တယ်။ ဒါပေမဲ့ အခုကတည်းက လက်လျှော့လိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့...”
တုန်မင်ရွှမ်၏ စိတ်ထဲတွင်မူ နောက်ဆုတ်လိုစိတ်များ ရှိနေဆဲဖြစ်၏။
“ဒီကိစ္စမှာ ငါ နင့်ကို ရွေးချယ်ခွင့် ပေးထားတယ်။ သွားမယ်၊ မသွားဘူးဆိုတာက နင့်အပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ ငါ တစ်ခု ပြောပြမယ်၊ ဖျော်ဖြေရေးလောကမှာ အရေးကြီးတာက ဝါရင့်တာနဲ့မဆိုင်ဘူး၊ အရည်အချင်းပဲ”
“အရည်အချင်းမရှိရင်တော့ အနှေးနဲ့အမြန် ဖယ်ထုတ်ခံရမှာပဲ။ နင်က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် လုပ်ရမှာက ဒီဇာတ်ကောင် ကို ပီပြင်အောင် သရုပ်ဆောင်ဖို့ပဲ၊ တခြားသူတွေ လာပြိုင်တာ မြင်ရုံနဲ့ တွန့်ဆုတ်နေဖို့ မဟုတ်ဘူး”
ယဲ့ယီသည် သူမ၏ ပုံမှန်နောက်ပြောင်တတ်သော ပုံစံနှင့် လုံးဝမတူဘဲ အလေးအနက် ဆိုလိုက်လေသည်။
ယဲ့ယီသည် သရုပ်ဆောင်တစ်ဦး၏ အခန်းကဏ္ဍကို အလွန်အလေးထားသူ ဖြစ်၏။ သူမ အရင်ဘဝတွင်လည်း ဤအလုပ်ကို မြတ်နိုးလွန်းသောကြောင့် ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်မှုအပေါ် အမြဲတမ်း စိတ်ရောကိုယ်ပါ နှစ်မြှုပ်ခဲ့သည်။
ယခင်ဘဝတွင်လည်း သူမသည် ဇာတ်ကောင်များအတွက် ဝါရင့်စီနီယာများနှင့် အကြိမ်ကြိမ် ယှဉ်ပြိုင်ခဲ့ရဖူးပြီး ၊ ထိုစဉ်က သူမကို အထင်ကြီးလွန်းသည်ဟု အများက ဝေဖန်ခဲ့ကြသည်။ အစပိုင်းတွင်မူ သူမသည် ထိုသူတို့ကို အမှန်တကယ်ပင် မယှဉ်နိုင်ခဲ့ပေ။ ဇာတ်ကောင်များစွာမှာ ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေတတ်ပြီး အခြားသူများမှာ ဟန်ပြလူရွေးပွဲတွင် ယှဉ်ပြိုင်နေကြခြင်းသာ ဖြစ်လေသည်။
သို့သော် နောက်ပိုင်းတွင် သူမသည် မိမိ၏ အရည်အချင်းဖြင့် ဇာတ်ကောင်တစ်ခုကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပြီး ထိုဇာတ်ကောင်ကြောင့်ပင် သူမ၏ ပထမဆုံးသော ဆုကို စတင်ရရှိခဲ့သည်။
“ကျွန်တော် သွားပါ့မယ်”
တုန်မင်ရွှမ်သည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဇာတ်ကောင်ကို မရရှိခဲ့လျှင်တောင် ရှက်စရာမဟုတ်ဟု သူ တွေးလိုက်သည်။
နန်ချင်ဝမ်သည် တုန်မင်ရွှမ်ကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး ရှိနေသရွေ့ တုန်မင်ရွှမ်၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပလာမည်မှာ သေချာသည်။
ယဲ့ယီသည် တုန်မင်ရွှမ်၏ အဖြေကို အလွန်ကျေနပ်သွားပြီး စေခိုင်းလိုက်တော့၏။
“အပြောနဲ့ အလုပ်မလုပ်နဲ့ ၊ မြန်မြန်သွားပြီး ဇာတ်ညွှန်းကို လေ့လာတော့”
“ဟုတ်ကဲ့ပါ”
တုန်မင်ရွှမ် ထွက်သွားပြီးနောက် နန်ချင်ဝမ်သည် ယဲ့ယီကို ချီးမွမ်းခန်းဖွင့်လိုက်တော့သည်။
“ဒီကောင်လေးကတော့ ငါတို့ကုမ္ပဏီ တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံးသော အကယ်ဒမီဆုရှင် မင်းသားကြီး ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်”
ယဲ့ယီသည် နန်ချင်ဝမ် စကားကို မငြင်းပယ်ခဲ့ပေ။ အမှန်စင်စစ် ဖျော်ဖြေရေးလောကတွင် အရည်အချင်းရှိသော သရုပ်ဆောင်များစွာ ရှိသော်လည်း တုန်မင်ရွှမ်ကဲ့သို့သော စိတ်ဓာတ်မျိုး ရှိသူမှာ ရှားပါးလှသည်။
အကယ်၍ အခြားသူတစ်ဦးသာ ရှန်ကျီဟန်နှင့် ယှဉ်ပြိုင်ရမည်ဟု ကြားပါက ယဲ့ယီ သူတို့ကို တမင်တကာ အခက်တွေ့အောင် လုပ်နေသည်ဟု ထင်မြင်ကြပေလိမ့်မည်။
“အစ်မချင်ဝမ်၊ ကျွန်မ ရှာခိုင်းထားတဲ့ လူသစ်တွေကိစ္စ ဘယ်လိုရှိလဲ”
လက်ရှိတွင် ကုမ္ပဏီ၌ အနုပညာရှင် သုံးဦးသာ ရှိသေး၏။အနုပညာရှင် သုံးဦးတည်းနှင့် ကုမ္ပဏီကို ရပ်တည်ရန်မှာ မဖြစ်နိုင်သောကြောင့် ယဲ့ယီသည် နန်ချင်ဝမ်ကို လူသစ်များ ရှာဖွေရန် အမြဲတိုက်တွန်းနေခဲ့၏။
နန်ချင်ဝမ်သည် သူမ စုဆောင်းထားသော အချက်အလက်များကို ယဲ့ယီ ဖုန်းထဲသို့ ပို့ပေးလိုက်ပြီးနောက် ရှင်းပြလိုက်သည်။
“ဒီလူတွေအားလုံးက အလားအလာ ရှိပေမဲ့ ဘယ်သူနဲ့မှ စာချုပ်မချုပ်ရသေးတဲ့ သူတွေချည်းပဲ။ စာချုပ်ချုပ်ထားတဲ့ လူအနည်းငယ်ကလည်း စာချုပ်သက်တမ်း ကုန်တော့မှာ”
ယဲ့ယီသည် အချက်အလက်များကို သေချာစွာ ကြည့်ရှုလိုက်၏။ နန်ချင်ဝမ်၏ လူရွေးချယ်မှုမှာ ကောင်းမွန်လှသည်ကို သူမ ဝန်ခံရပေလိမ့်မည်။ ဤလူများကိုသာ ကောင်းကောင်း လေ့ကျင့်ပေးနိုင်ပါက သူတို့၏ အနာဂတ်မှာ အလွန်တောက်ပလာမည် ဖြစ်သည်။
ယဲ့ယီသည် အချက်အလက်များကို ကြည့်နေစဉ် နန်ချင်ဝမ်မှာ တစ်ခုခုကို သတိရသွားပြီး ပြောလိုက်၏။
“ခုနက အစ်မ ရှန်ကျီဟန်အကြောင်း ပြောလို့ သတိရလာတာ၊ ရှန်ကျီဟန်နဲ့ သူ့ကုမ္ပဏီရဲ့ စာချုပ်က သက်တမ်းကုန်တော့မှာလေ။ အခု ကုမ္ပဏီ တော်တော်များများက သူ့ကို စာချုပ်ချုပ်ဖို့ ကြိုးစားနေကြတယ်”
ယဲ့ယီ၏ မျက်ဝန်းများ ဝင်းလက်သွားလေသည်။ ဤကဲ့သို့သော ငွေတွင်းကြီးကိုသာ သူမ မဖမ်းဆုပ်နိုင်လျှင် သူမ သူဌေးကောင်းတစ်ယောက် ဖြစ်နိုင်ဦးမည်လော။
နန်ချင်ဝမ်သည် ယဲ့ယီ၏ စိတ်ကူးကို ရိပ်မိသွားပြီး ကြိုတင် သတိပေးလိုက်လေသည်။
“ရှန်ကျီဟန်က သူ့ရဲ့ မူလကုမ္ပဏီနဲ့ပဲ စာချုပ်သက်တမ်း ထပ်တိုးဖို့ များတယ်၊ ဒါကြောင့် သိပ်ပြီး မျှော်လင့်ချက် မထားတာ အကောင်းဆုံးပဲ”
အနာဂတ်ကို ကြိုသိနေသော ယဲ့ယီအဖို့ ရှန်ကျီဟန်သည် မူလကုမ္ပဏီနှင့် စာချုပ်သက်တမ်း တိုးမည်မဟုတ်ကြောင်း သိရှိပြီးသား ဖြစ်လေသည်။ ရှန်ကျီဟန်၏ လက်ရှိကုမ္ပဏီမှာ သူ့ကို အလုပ်များ အဆက်မပြတ် ခိုင်းစေနေကြောင်းကို ဝတ္ထုထဲတွင် ရေးသားထားလေသည်။
ယခင်ဘဝတွင် ရှန်ကျီဟန်သည် ကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် ကိုယ်ပိုင်စတူဒီယို တည်ထောင်ကာ လူသစ်များစွာကို လေ့ကျင့်ပေးခဲ့သည်။ သို့သော် ကံဆိုးစွာ ထိုလူသစ်များကို ဟိုင်ထျန်ဖျော်ဖြေရေးက ဝယ်ယူသွားခဲ့ပြီး ရှန်ကျီဟန်မှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် အမှုဆင်ခံရကာ ထောင်ကျသွားခဲ့ရသည်။
အမှန်စင်စစ် ရှန်ကျီဟန်သည် မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ်ပေ။ ဤအရာအားလုံးမှာ လန်ရွှယ်သည် ရှန်ကျီဟန်၏ စတူဒီယိုမှ အနုပညာရှင်များကို ဟိုင်ထျန်ဖျော်ဖြေရေးသို့ အကုန်အစင် ဆွဲခေါ်ရန်အတွက် ကြံစည်ခဲ့ခြင်းသာ ဖြစ်သည်။
ဝတ္ထုထဲတွင် ရှန်ကျီဟန်၏ စတူဒီယိုမှ ရရှိလာသော အနုပညာရှင်များကို အခြေခံကာ ချန်ထျန်မင်းသည် ဟိုင်ထျန်ဖျော်ဖြေရေး၏ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ဘဝတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသော ရှန်ကျီဟန်မှာမူ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံခဲ့ရလေသည်။
“အစ်မချင်ဝမ်၊ ရှန်ကျီဟန်ရဲ့ မန်နေဂျာကို ဆက်သွယ်ပေးပါ၊ ကျွန်မ သူနဲ့ တွေ့ချင်တယ်”
ရှန်ကျီဟန်ကို သူမ၏ ကုမ္ပဏီသို့ ဆွဲဆောင်လိုပါက သူမကိုယ်တိုင် လှုပ်ရှားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း သူမ သိထားလေ၏။
“ရှောင်ယီ၊ နင် တကယ်ပဲ ကြိုးစားကြည့်မလို့လား”
ရှန်ကျီဟန်ကဲ့သို့သော သူတစ်ယောက်သည် ယခုမှ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးကို ရွေးချယ်လိမ့်မည် မဟုတ်ကြောင်း သူမ ယူဆမိသည်။
“မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ”
နန်ချင်ဝမ်သည် နောက်ထပ် ဘာမျှ မပြောတော့ပေ။
‘တကယ်လို့ ယဲ့ယီကသာ ရှန်ကျီဟန်ကို ခေါ်နိုင်ခဲ့ရင်ရော’
အကယ်၍ သူဌေးမှာ ယဲ့ယီသာ မဟုတ်ခဲ့ပါက နန်ချင်ဝမ်အနေဖြင့် သူဌေးဖြစ်သူသည် စိတ်ကူးယဉ်နေသည်ဟု ကောက်ချက်ချမိပေလိမ့်မည်။
သို့သော်လည်း ယဲ့ယီမှာ သူမ မမျှော်လင့်ထားသော အံ့ဩစရာများကို အမြဲယူဆောင်လာပေးလေ့ ရှိသဖြင့် ယဲ့ယီအပေါ်တွင် အကြောင်းပြချက်မရှိသော ယုံကြည်မှုမျိုး ရှိနေခဲ့သည်။
နန်ချင်ဝမ်သည် ရှန်ကျီဟန်၏ မန်နေဂျာကို ဆက်သွယ်ရန် ထွက်ခွာတော့မည့်ဆဲဆဲတွင် ယဲ့ယီက ပြန်လှမ်းခေါ်ကာ ပြောလိုက်လေ၏။
“ဒါနဲ့ အစ်မချင်ဝမ်၊ ဒီဇာတ်ကောင်ကိစ္စ အတည်ပြုပြီးမှပဲ ရှန်ကျီဟန်ရဲ့ မန်နေဂျာကို ဆက်သွယ်လိုက်ပါတော့”
နန်ချင်ဝမ် ခေါင်းညိတ်ပြလိုက်သည်။
အကယ်၍ တုန်မင်ရွှမ်သာ ထိုဇာတ်ကောင်ကို ရရှိခဲ့ပြီးနောက် ရှန်ကျီဟန်သည် ဂျက်နီစစ်မီဒီယာနှင့် စာချုပ်ချုပ်ဆိုခဲ့ပါက ရှန်ကျီဟန်၏ ပရိသတ်များက ရှန်ကျီဟန်သည် တုန်မင်ရွှမ်ကို ဇာတ်ကောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်သွားကြမည်ကို ယဲ့ယီ စိုးရိမ်နေခြင်းဖြစ်ကြောင်း နန်ချင်ဝမ် နားလည်လိုက်သည်။
နန်ချင်ဝမ် ထွက်သွားပြီးနောက် ယဲ့ယီသည် လူသစ်များ၏ အချက်အလက်များကို ဆက်လက် ကြည့်ရှုနေခဲ့သည်။ ယဲ့ယီသည် ၎င်းတို့အနက်မှ အမျိုးသား အနုပညာရှင် လေးဦးကို ရွေးချယ်လိုက်သည်။ ထိုလေးဦးမှာ အသက်နှစ်ဆယ်ကျော်အရွယ်များသာ ဖြစ်ကြသည်။ အိုင်ဒေါလေ့ကျင့်ရေးပုံစံ အဖွဲ့မျိုး မဖန်တီးနိုင်သော်လည်း အမျိုးသားတေးဂီတအဖွဲ့ တစ်ခုကိုတော့ ဖွဲ့စည်းနိုင်ပေလိမ့်မည်။
ဟိုင်ထျန်ဖျော်ဖြေရေးသည် နောက်ပိုင်းတွင် HY အမည်ရှိ အမျိုးသားတေးဂီတအဖွဲ့တစ်ခုကို တည်ထောင်ခဲ့ကြောင်း ဝတ္ထုထဲတွင် ရေးသားထားသည်ကို ယဲ့ယီ သတိရလိုက်သည်။
ထိုအဖွဲ့သည် ပွဲဦးထွက်သည်နှင့် တစ်နိုင်ငံလုံးရှိ လူအများ၏ ချစ်ခင်မှုကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတကာအထိပင် ကျော်ကြားခဲ့သည်။
ယဲ့ယီသည် ထိုကဲ့သို့သော အဖွဲ့မျိုးကို ဟိုင်ထျန်ဖျော်ဖြေရေးထက် အရင် တည်ထောင်ရန် စီစဉ်ထားသည်။ ထိုမှသာလျှင် သူမ၏ အနာဂတ်ကို ကြိုသိနေသော အရည်အချင်းမှာ အလဟဿ ဖြစ်သွားမည် မဟုတ်ပေ။
အနာဂတ်ကို ကြိုမသိခဲ့လျှင်ပင် ယဲ့ယီသည် ဤသို့သော အဖွဲ့မျိုးကို တည်ထောင်ဖြစ်မည်မှာ သေချာသည်။ ယခင်ဘဝတွင် လမ်းတိုင်း၌ ကျော်ကြားနေသော တေးဂီတအဖွဲ့များမှာ ယဲ့ယီရှိသည့် ကုမ္ပဏီ၏ လက်အောက်တွင် ရှိခဲ့သဖြင့် ယဲ့ယီသည် ထိုကိစ္စနှင့် ပတ်သက်၍ အချက်အလက်များစွာ သိရှိထားသည်။
သို့သော် ယခုလက်ရှိ အခက်အခဲမှာ ထိုလေးဦးကို ဂျက်နီစစ် မီဒီယာနှင့် စာချုပ်ချုပ်ဆိုရန် လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုလေးဦးအနက် နှစ်ဦးမှာ မည်သည့်ကုမ္ပဏီနှင့်မျှ စာချုပ်မရှိသေးဘဲ ကျန်နှစ်ဦးမှာမူ စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့်သူများ ဖြစ်ပေသညိ။
ယဲ့ယီသည် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့်သူများကို အရင်ဆုံး ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်ပါက သူတို့သည် မိမိတို့၏ မူလကုမ္ပဏီနှင့် စာချုပ်သက်တမ်း ထပ်တိုးသွားပါက ကိစ္စများမှာ အခက်တွေ့နိုင်သည်။ ထို့အပြင် ယဲ့ယီအနေဖြင့်လည်း စာချုပ်ဖျက်သိမ်းကြေးများ ပေးရန် ငွေအလုံအလောက် မရှိပေ။
ထိုနှစ်ဦး၏ မူလကုမ္ပဏီများမှာ ကုမ္ပဏီငယ်လေးများသာ ဖြစ်သော်လည်း ဂျက်နီစစ်မီဒီယာထက် အနည်းငယ် ပိုကြီးမားပြီး အနည်းဆုံး အနုပညာရှင် တစ်ရာခန့်စီ ရှိထားကြသည်။
အခန်း (၁၃၆)
မိသားစုညစာစားပွဲ
စာရွက်စာတမ်းများအားလုံးကို စနစ်တကျ စီစဉ်ပြီးချိန်တွင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာခဲ့သည်။ ယဲ့ယီသည် စူပါမားကတ်သို့ တသီးတသန့်သွားရောက်ကာ လက်ဆောင်တစ်ခုကို ရွေးချယ်ခဲ့သည်။ အကြောင်းမှာ သူမ ကုစဲ့နှင့် မတွေ့ရသည်မှာ ကြာလှလေပြီ။
ယဲ့ယီသည် ကုစဲ့ကို သူမ၏သားအရင်းကဲ့သို့ပင် သဘောထားသည်။ သွေးသားတော်စပ်မှုမရှိသော်လည်း သူ့အပေါ်တွင် ဖော်ပြ၍မရနိုင်သော ရင်းနှီးမှုကို ခံစားမိသည်။
နောက်တစ်နေ့ ညနေခင်းတွင် ကုရှီချန်းသည် ညစာစားမည့် စားသောက်ဆိုင် တည်နေရာကို ယဲ့ယီထံသို့ ပေးပို့ခဲ့၏။ ယဲ့ယီ စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင် ကုရှီချန်းနှင့် ကုစဲ့တို့ ကြိုတင် ရောက်ရှိနေကြသည်။
ယဲ့ယီကို မြင်သည်နှင့် ကုစဲ့သည် သူမထံသို့ စိတ်လှုပ်ရှားစွာ ပြေးလာပြီး စံပယ်ပန်းစည်းလေး တစ်စည်းကို ပေးလိုက်၏။
“မေမေ... ဒါက ဖေဖေကိုယ်တိုင် ရွေးပေးထားတာ”
ယဲ့ယီသည် နူးညံ့စွာ ပြုံးလျက် ကုစဲ့ကို ပြန်ပြောလိုက်သည်။
“အန်တီက သားရဲ့မေမေ မဟုတ်တော့ဘူးလေ၊ အဲ့ဒါကြောင့် နောက်ဆို မေမေလို့ မခေါ်နဲ့တော့”
[အဟင့်…. မေမေလို့ ခေါ်တာကို ကြားချင်တာပေါ့၊ ဒါပေမဲ့ သတင်းထောက်တွေက ဓာတ်ပုံရိုက်သွားပြီး အင်တာနက်ပေါ် တင်လိုက်ရင် လိုင်းပေါ်ကလူတွေက ငါ့ကို အရှက်မရှိဘူးလို့ ပြောကြမှာ သေချာတယ်]
“မေမေက ရှောင်စဲ့ကို စွန့်ပစ်တော့မှာလားဟင်”
ကုစဲ့ ယဲ့ယီကို သနားစဖွယ်ကြည့်ကာ မေးလိုက်သည်။
မလာခင်ကပင် သူ့ဖေဖေက “မေမေ့ကို ပြန်လာစေချင်ရင် လိုအပ်တဲ့အချိန်မှာ သနားစရာကောင်းအောင် နေပြရမယ်” ဟု မှာကြားထားပြီးသား ဖြစ်၏။ ထင်ထားသည့်အတိုင်းပင် ကုစဲ့ စကားကို ကြားလိုက်ရချိန်တွင် ယဲ့ယီသည် ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားသည်။သို့သော်လည်း အပြင်ပန်းတွင်မူ စိတ်မရှည်သကဲ့သို့ ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
“ထားပါတော့... မင်းခေါ်ချင်သလိုသာ ခေါ်တော့”
[ငါ့ရဲ့ အချစ်တော်သားလေးကို ဘယ်လိုလုပ်ပြီး စွန့်ပစ်ရက်မှာလဲ။ တကယ်လို့ ကုရှီချန်းသာ သဘောတူရင် သားလေးကိုတောင် ခေါ်သွားချင်တာ]
ကုစဲ့သည် ကုရှီချန်းကို ရန်လိုသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ အမှန်ပင် သူ့ဖေဖေသည် သူ့ကို ထပ်မံ လွှမ်းမိုးထားပြန်၏။
ကုရှီချန်း ချောင်းတစ်ချက် ဟန့်လိုက်ကာ ဆိုလိုက်သည်။
“အရင်ထိုင်ပြီးမှ စကားပြောကြတာပေါ့”
ကုစဲ့ သည် ယဲ့ယီ၏ဘေးတွင် အလိုက်သင့်ဝင်ထိုင်လိုက်ပြီး မီနူးကို သူမထံသို့ ဂရုတစိုက် ပေးလိုက်သည်။
“မေမေ... စားချင်တာ အကုန်မှာနော်၊ ဖေဖေက ပိုက်ဆံရှင်းမှာ”
ယဲ့ယီ မမြင်အောင် ကုရှီချန်းသည် ကုစဲ့ကို စိုက်ကြည့်လိုက်၏။
‘ငါပြောရမဲ့ စကားတွေကို မင်းက အကုန်ပြောလိုက်တော့ ငါက ဘာပြောရတော့မှာလဲ’
ကုစဲ့သည် ကုရှီချန်းကို လျစ်လျူရှုကာ ယဲ့ယီနှင့်အတူ ဟင်းပွဲများ စတင်မှာယူတော့သည်။ သို့သော်လည်း ကုစဲ့သည် ကုရှီချန်းကို ဂရုစိုက်ဆဲပင်။ မီနူးမှ ဟင်းပွဲအချို့ကို လက်ညှိုးထိုးပြကာ ယဲ့ယီကို ပြောလိုက်ပြန်သည်။
“ဒီဟင်းတွေက ဖေဖေကြိုက်တဲ့ ဟင်းတွေလေ”
ယဲ့ယီသည် ထိုဟင်းပွဲများကိုပါ မှာယူပေးလိုက်၏။ထိုအခါ ကုစဲ့သည် ကုရှီချန်းကို အကြည့်တစ်ချက် ပေးလိုက်ပြန်သည်။
‘ တွေ့လား... ဖေဖေက သားကိုပဲ အားကိုးနေရတာ’
ယဲ့ယီအနေဖြင့် သူနှစ်သက်သည့်အစားအစာများကို မှတ်မိနေခြင်း ရှိမရှိ ကုရှီချန်း မသိသော်လည်း သူသည် ကုစဲ့ကို ကျေနပ်သောအကြည့်ဖြင့် ကြည့်လိုက်မိ၏။
ဟင်းမှာပြီးနောက် ယဲ့ယီ ယဉ်ကျေးစွာဖြင့် မီနူးကို ကုရှီချန်းထံသို့ ပေးလိုက်ကာ မေးလိုက်လေ၏။
“ရှင်ကော ဘာထပ်မှာဦးမလဲ”
ယဲ့ယီ လက်ကမ်းလိုက်ချိန်တွင် သူမ လက်ကောက်လေးမှာ ပေါ်ထွက်လာလေ၏။ ကုရှီချန်း၏ နှုတ်ခမ်းအစုံမှာ မသိမသာ ပြုံးသွားလေ၏။
“မလိုတော့ဘူး၊ ဒါဆို လုံလောက်ပါပြီ”
ကုရှီချန်းသည် မီနူးကို ယူလိုက်ပြီး စားပွဲထိုးထံ ပြန်ပေးလိုက်၏။
ထိုအခါမှ ယဲ့ယီသည် ကုစဲ့အတွက် ပြင်ဆင်လာသော လက်ဆောင်ကို သတိရကာ အိတ်ထဲမှ ထုတ်ပေးလိုက်လေသည်။ ၎င်းမှာ ခွေးပေါက်လေးပုံစံ အရုပ်လေးတစ်ခုဖြစ်၏။
မူလဝတ္ထုထဲတွင် ကုစဲ့သည် ငယ်စဉ်က ခွေးလေးများကို အလွန်ချစ်သော်လည်း သူနှင့်အတူ ကြီးပြင်းလာသည့် ခွေးလေး သေဆုံးသွားပြီးနောက်တွင် နောက်ထပ် ခွေးတစ်ခါမျှ မမွေးတော့ကြောင်း ယဲ့ယီ မှတ်မိလိုက်သည်။
“ကျေးဇူးတင်ပါတယ် မေမေ”
ကုစဲ့ သည် ခွေးရုပ်လေးကို ကြည့်ကာ အလွန်ပင် ကျေနပ်အားရနေ၏။
ယဲ့ယီသည် ကုစဲ့၏ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ကာ စိတ်မပါသကဲ့သို့ ပြောလိုက်လေသည်။
“ငါကြိုက်တာ ရွေးလာခဲ့တာ”
[ငါ့သားလေး ဒါကို ကြိုက်မယ်ဆိုတာ ငါသိတာပေါ့]
“ကိုယ့် အတွက်ရော”
ကုရှီချန်းမှ ရုတ်တရက် မေးလာသဖြင့် ယဲ့ယီမှာ အနည်းငယ် ကြောင်အမ်းသွားရသည်။
“ရှင့်အတွက်ကလား”
ယဲ့ယီ သည် ကုရှီချန်းကို နားမလည်နိုင်သကဲ့သို့ ကြည့်လိုက်သည်။
“ဘာလို့ သူ့ကိုပဲ ပေးပြီး ကိုယ့်ကိုကျတော့ လက်ဆောင်မပေးတာလဲ”
ကုရှီချန်း အရှက်မရှိသလို အတည်ပေါက်လေသံဖြင့် ဆိုလိုက်လေသည်။
ကုစဲ့ပင် အဖေဖြစ်သူကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်မိ၏။
‘ဖေဖေက အရှက်လည်းမရှိဘူး’
“ရှင်က လူကြီးပဲဟာ၊ ဘာလို့ လက်ဆောင်လိုချင်နေရတာလဲ”
“လူကြီးတွေ လက်ဆောင်မတောင်းရဘူးလို့ ဘယ်သူပြောလဲ”
ယဲ့ယီ စကားလုံးများ ပျောက်သွားရရှာသည်။
“ကျွန်မ မပြင်လာဘူး”
ကုရှီချန်း သူမထံမှ လက်ဆောင်တောင်းလာလိမ့်မည်ဟု ယဲ့ယီ တစ်ခါမျှ မတွေးခဲ့ဖူးသဖြင့် သူမ အမှန်တကယ်ပင် ဘာမှပြင်ဆင်မထားခဲ့ပေ။
“နောက်တစ်ခေါက်မှပဲ ပေးတော့”
ဤသို့ဖြင့် ယဲ့ယီမှာ ကုရှီချန်းကို လက်ဆောင်တစ်ခုပေးရန် အကြွေးတင်သွားရလေသည်။
ခဏအကြာတွင် မှာထားသော ဟင်းပွဲများ ရောက်ရှိလာပြီး ယဲ့ယီသည် အစားအသောက်များကိုသာ အာရုံစိုက်ကာ ငုံ့စားနေသည်။ သို့သော်လည်း သူမကို အေးအေးဆေးဆေး စားခွင့်မပေးလိုသူများလည်း အမြဲရှိနေတတ်သည်။
ကုရှီချန်းနှင့် ကုစဲ့တို့သည် သူမပန်းကန်ထဲသို့ ဟင်းများကို အပြိုင်အဆိုင် ထည့်ပေးနေကြသဖြင့် သူမ၏ စားနှုန်းမှာ သူတို့ဟင်းထည့်ပေးသည့် အရှိန်ကိုပင် မမီတော့ပေ။
နောက်ပိုင်းတွင် ထိုသားအဖနှစ်ယောက်မှာ ပြိုင်ဆိုင်လာကြတော့၏။ တစ်ယောက်က တစ်ခုထည့်လျှင် နောက်တစ်ယောက်က နှစ်ခုထည့်ကာ ယဲ့ယီကို အကုန်စားခိုင်းနေကြတော့သည်။
ယဲ့ယီ တစ်ယောက် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။
“တော်ကြပါတော့၊ ရှင်တို့နှစ်ယောက်လုံး... ကျွန်မကို ဝက်တစ်ကောင်လို ကျွေးနေကြတာလား”
ကုရှီချန်းနှင့် ကုစဲ့တို့သည် သူတို့လက်များကို ရပ်တန့်လိုက်ပြီး ယဲ့ယီကို ပြိုင်တူကြည့်လိုက်ကြသည်။ ထိုအခါမှသာ ယဲ့ယီရှေ့မှ ပန်းကန်ထဲတွင် အစားအစာများသည် တောင်ကုန်းလေးတစ်ခုသဖွယ် စုပုံနေသည်ကို သတိထားမိကြတော့၏။
ကုရှီချန်းနှင့် ကုစဲ့တို့သည် အစားအစာများ ထပ်ထည့်ပေးရန် ပြိုင်ဆိုင်နေကြသည်ကို နောက်ဆုံးတွင် ရပ်တန့်လိုက်ကြတော့သည်။
ယဲ့ယီ တစ်ယောက် သက်ပြင်းချနေမိသည်။
‘ကုစဲ့ကတော့ ထားပါတော့၊ ကုရှီချန်းကပါ ကလေးတစ်ယောက်လို ဘာလို့ လိုက်လုပ်နေရတာလဲ’
“ဘယ်သူမှ ကျွန်မပန်းကန်ထဲကို ဟင်းတွေ ထပ်ထည့်မပေးနဲ့တော့၊ ဒီလိုဆိုရင် ကျွန်မစားချင်တာကို စားလို့မရတော့ဘူး”
ကုရှီချန်းသည် သူထည့်ပေးနေသည်မှာ ယဲ့ယီနှစ်သက်သည့် အရာများသာဖြစ်ကြောင်း အတူတူစားဖူးသည့် အကြိမ်ပေါင်းများစွာတွင် သူမ၏ အကြိုက်ကို သူ တိတ်တဆိတ် မှတ်သားထားကြောင်း ပြောချင်သော်လည်း သားဖြစ်သူ၏မျက်နှာကို ထောက်ထား၍ မပြောတော့ပေ။
ကုစဲ့၏ အတွေးမှာလည်း အတူတူပင်ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ယဲ့ယီ၏ပန်းကန်ထဲသို့ သူမ ကြိုက်တတ်သည့်အရာများကိုသာ ထည့်ပေးနေသည် ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေကြခြင်း ဖြစ်၏။ သို့သော် သူတို့မသိသည်မှာ ယဲ့ယီသည် အစားမရွေးသူဖြစ်ပြီး အရာအားလုံးကို အနည်းငယ်စီ မြည်းစမ်းရသည်ကို ပိုနှစ်သက်လေ၏။
ယခုမူ ၎င်းတို့နှစ်ဦးသည် သူမ ကောင်းကောင်းမွန်မွန် စားရမည့်အရေးကို ဖျက်ဆီးလိုက်ကြလေပြီ။
ထို့နောက်တွင် ကုစဲ့နှင့် ကုရှီချန်းတို့သည် ယဲ့ယီ၏ပန်းကန်ထဲသို့ ဟင်းများ ထပ်မထည့်ပေးကြတော့ပေ။
ယဲ့ယီလည်း ညစာကို လွတ်လွတ်လပ်လပ် စားသုံးလိုက်တော့သည်။ ကိုယ်တိုင်ပိုက်ဆံရှင်းစရာမလိုသည့် အစားအစာသည် အကောင်းဆုံးပင် မဟုတ်လော။
စားသောက်ပြီးနောက် ကုရှီချန်းသည် ကုစဲ့နှင့်အတူ ယဲ့ယီကို အိမ်သို့ အရင်လိုက်ပို့ရန် ဆုံးဖြတ်လိုက်၏။
ကားပေါ်တက်ရန် ပြင်နေစဉ်တွင် ယဲ့ယီသည် မနီးမဝေးမှ လျှပ်တစ်ပြက် အလင်းတန်းတစ်ခုကို မြင်လိုက်ရလေသည်။ အနုပညာလောကတွင် ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့သူဖြစ်သောကြောင့် ၎င်းမှာ ကင်မရာမီးရောင်ဖြစ်ကြောင်း ယဲ့ယီ ချက်ချင်းသိလိုက်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။
သို့သော် သူမ ထိုနေရာသို့ ရောက်ရှိချိန်တွင် မည်သူမျှ မရှိတော့ပေ။ ပန်းခုံပေါ်ရှိ ပန်းပင်နှင့် မြက်ပင်များ ဖိသိပ်ခံထားရသည်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်သည် ထိုနေရာတွင် တိတ်တဆိတ် ချောင်းမြောင်းနေခဲ့သည်မှာ သေချာသည်။
ကုရှီချန်းလည်း ယဲ့ယီအနားသို့ လျှောက်လာကာ မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
“ခုနက သတင်းထောက်တစ်ယောက် ဒီမှာရှိနေတယ်”
ယဲ့ယီ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားသည်။
ကုရှီချန်းသည် သူမကို လိုက်ပိုးနေကြောင်း လူသိရှင်ကြား ကြေညာထားသော်လည်း ယခုကဲ့သို့ ကုရှီချန်းတို့သားအဖနှင့်အတူ ညစာစားနေသည့် ဓာတ်ပုံများ ထွက်ပေါ်သွားပါက မကြာမီကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲအပေါ် သက်ရောက်မှုရှိနိုင်ပေသည်။
သူမ၏ ရုပ်ရှင်အဖွဲ့သားထဲမှ တစ်စုံတစ်ယောက်က ဆုရရှိခဲ့လျှင်ပင် အင်တာနက်အသုံးပြုသူများက လာဘ်ထိုး၍ ရယူကြခြင်း ဖြစ်သည်ဟု စွပ်စွဲကြ ပေလိမ့်မည်။
ထိုအရာကို တွေးမိရင်း ယဲ့ယီ ဒေါသထွက်သွားသည်။ လက်ရှိ ရုပ်ရှင်လက်မှတ်ရောင်းအားအရ သူမ၏ အဖွဲ့သားထဲမှ တစ်စုံတစ်ယောက်က ဆုရရန် သေချာသလောက် ရှိသည်။ ထိုအချိန်တွင် သူမသည် အင်တာနက်တစ်ခွင်လုံး၏ ဝိုင်းဝန်းပုတ်ခတ်ခြင်းကို ခံရဦးပေမည်။
ယဲ့ယီ အခြေအနေမကောင်းသည်ကို မြင်သောအခါ ကုရှီချန်း က နှစ်သိမ့်လိုက်၏။
“ကိုယ် အဲ့ဒီ သတင်းထောက်ကို ရှာဖို့ လူလွှတ်လိုက်မယ်၊ ဒီနေ့ဖြစ်ရပ်ကို အင်တာနက်ပေါ် မပျံ့စေရဘူး၊ ဟုတ်ပြီလား”
ယဲ့ယီ သက်ပြင်းချလိုက်၏။
“ဒီလိုပဲ လုပ်ရတော့မှာပေါ့”
သို့သော် ယခုခေတ် သတင်းထောက်များကို စုံစမ်းရန်မှာ မလွယ်ကူပေ။ ပိုက်ဆံမက်သူဆိုလျှင် ပိုက်ဆံပေး၍ ဖြေရှင်းနိုင်၏။ သို့သော် ဤသတင်းကို တစ်စုံတစ်ယောက်က ကြိုတင် ပိုက်ဆံပေး၍ ဝယ်ယူထားပါက ကိစ္စများမှာ ဖြေရှင်းရခက်ပေတော့မည်။
အိမ်ပြန်ရောက်သောအခါ ယဲ့ယီသည် ဘေးအိမ်ရှိ နန်ချင်ဝမ်ထံ သွားရောက်ကာ ဤကိစ္စ ပေါက်ကြားသွားပါက ကြိုတင် ပြင်ဆင်ထားရန် ပြောကြားလိုက်၏။
ကုမ္ပဏီသည် မကြာသေးမီက ဝန်ထမ်းသစ်အချို့ကို ခန့်အပ်ထားပြီး ၎င်းတို့ထဲမှ အချို့မှာ အခြားကုမ္ပဏီများ၏ ပြည်သူ့ဆက်ဆံရေး ဌာနတွင် အလုပ်လုပ်ခဲ့ဖူးသူများ ဖြစ်သောကြောင့် နန်ချင်ဝမ်အတွက် ဝန်ထုပ်ဝန်ပိုးများ သိပ်မရှိတော့ပေ။
ယဲ့ယီသည် ကုရှီချန်းတို့နှင့်အတူ ညစာသွားစားမိသည်ကို ရုတ်တရက် နောင်တရသွားသော်လည်း၊ ကုစဲ့၏ သနားစဖွယ် မျက်နှာလေးကို ပြန်လည်မြင်ယောင်မိပြီး နောက်တစ်ကြိမ် ရွေးချယ်ခိုင်းခဲ့လျှင်ပင် သူမ ထပ်သွားဖြစ်ဦးမည် ဟု ခံစားလိုက်ရသည်။
‘ထားလိုက်ပါတော့... ပေါက်ရင်လည်း ပေါက်ပါစေတော့။ငါအရင်တုန်းကလည်း အပုတ်ချမခံဖူးတာလည်း မဟုတ်ဘူး’