အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း (၁၃၇)
မကျေနပ်ချက်များ
ကုရှီချန်းသည် သတင်းထောက်များထံ သွားရောက်စုံစမ်းသောအခါ ထိုသတင်းထူးကို အခြားတစ်ယောက်က သူ့ထက်လက်ဦးအောင် ဝယ်ယူသွားပြီးဖြစ်ကြောင်း သိလိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝယ်ယူသွားသူမှာ ဟိုင်ထျန် ဖျော်ဖြေရေးကုမ္ပဏီ ဖြစ်နေခဲ့သည်။
ကုရှီချန်းသည် ထိုအကြောင်းကို ယဲ့ယီအား ပြောပြသောအခါ သူမသည် အံ့ဩသွားခြင်း မရှိပေ။ လန်ရွှယ်ကဲ့သို့သော အကြံကြီးသူတစ်ယောက်က သူမကို ဒုက္ခပေးနိုင်မည့် အခွင့်ကောင်းကို မည်သို့လက်လွှတ်ခံမည်နည်း။
သို့သော်လည်း ကုရှီချန်းက ထိုသတင်းများကို ချက်ချင်း ဖြုတ်ချပေးနိုင်ကြောင်း ပြောလေ၏။ဘသို့သော် ယဲ့ယီကမူ ထိုသို့လုပ်ရန် မလိုအပ်ကြောင်း ငြင်းဆိုခဲ့သည်။ ယခုတစ်ကြိမ် နှိမ်နှင်းလိုက်သော်လည်း နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်လာဦးမည်သာ ဖြစ်၏။
အကယ်၍ ထိုသတင်းများကို ဖိနှိပ်လိုက်လျှင် သူမသည် ကုရှီချန်းကို မှီခိုနေရသည်ဟု လူအများက ပြောဆိုကြပေဦးမည်။
သူမသည် ကုရှီချန်းအပေါ် မှီခိုခြင်းမရှိကြောင်း အင်တာနက်အသုံးပြုသူများကို ယုံကြည်လက်ခံလာစေရန် တစ်ခုတည်းသောနည်းလမ်းမှာ အရည်အချင်းအစစ်အမှန်ကို ပြသရန်သာဖြစ်၏။
အပေါ်ယံ အာဏာတို့သည် တဒင်္ဂသာ ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် တည်မြဲသော တကယ့်စွမ်းဆောင်ရည်အစစ်ကို ပြသရတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ လန်ရွှယ် သတင်းထောက်များထံမှ ယဲ့ယီနှင့် ကုရှီချန်းတို့၏ ဓာတ်ပုံများကို ဝယ်ယူနိုင်ခဲ့သဖြင့် ဝမ်းသာမဆုံး ဖြစ်နေခဲ့လေသည်။
သူမသည် လျုံရုံကို တိုက်ရိုက်ဖုန်းဆက်ကာ ဆေးရုံသို့ လာတွေ့ရန် ခေါ်လိုက်၏။
လျုံရုံသည် ထိုဓာတ်ပုံများကို မြင်သည်နှင့် ပြောလိုက်လေ၏။
“ ငါ အခုချက်ချင်းပဲ ဒီပုံတွေကို အွန်လိုင်းပေါ်တင်ဖို့ လူသွားရှာလိုက်တော့မယ်”
“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ၊ အကယ်ဒမီရုပ်ရှင်ဆုပေးပွဲ မတိုင်ခင် တစ်ရက်အလိုကျမှ တင်ကြတာပေါ့”
လန်ရွှယ်၏စကားကို ကြားလိုက်ရသော လျုံရုံမှာ တစ်ဖက်လူ၏ နက်နဲလှသော အကြံအစည်များကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ဒါဆို အရင်က လက်ခံထားတဲ့ ဇာတ်ကောင်ကို ပြန်ယူမှာလား”
လျုံရုံ သတိထားကာ မေးလိုက်သည်။
ထိုဇာတ်ကားမှာ လန်ရွှယ် ကိုယ်ဝန်ရှိစဉ်က ကုမ္ပဏီရှိ အခြားမင်းသမီးတစ်ဦးအား လွှဲပြောင်းပေးခဲ့သည့် ပရောဂျက်ဖြစ်သည်။ ယခု ကိုယ်ဝန်ပျက်ကျသွားပြီဖြစ်သဖြင့် လန်ရွှယ် အနေဖြင့် ထိုဇာတ်ကားကို ပြန်လိုချင်မည်မှာ သေချာသည်။
လန်ရွှယ်က အသာလေးသာ ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
ထို့ကြောင့် လျုံရုံမှာ ထိုမင်းသမီးထံသို့ သွားရောက်ကာ အကြောင်းကြားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုမင်းသမီးမှာ ဇာတ်ကောင်အတွက် ဓာတ်ပုံပင် ရိုက်ကူးပြီးစီးထားပြီ ဖြစ်သည်။ သို့သော် ဇာတ်ကားမှာ တရားဝင် ထုတ်မပြရသေးပင်။
လန်ရွှယ် ပြန်ယူမည်ကို သိလိုက်ရချိန်တွင် သူမအနေဖြင့် အလွန်ပင် မကျေမနပ် ဖြစ်ခဲ့ရသည်။
သို့သော်လည်း သူမအနေဖြင့် ငြင်းဆန်ပိုင်ခွင့် မရှိပေ။
လန်ရွှယ်သည် ဆေးရုံတွင် တစ်ပတ်နီးပါး ကြာအောင် နေခဲ့ရ၏။ ထိုတစ်ပတ်အတွင်း ချန်ထျန်မင်းသည် အလုပ်ဆင်းပြီးတိုင်း နေ့စဉ်လာရောက်ကာ လူနာစောင့်ပေးခဲ့သဖြင့် သူတို့နှစ်ဦးဆက်ဆံရေးမှာ သွမ့်ဟွေကျိုနှင့် ကိစ္စမတိုင်မီကကဲ့သို့ ပြန်လည်ကောင်းမွန်လာသည်။ ထို့အပြင် ချန်ထျန်မင်းသည် လန်ရွှယ်၏ တောင်းဆိုမှု မှန်သမျှကို လိုက်လျောပေးနေခဲ့သည်။
လန်ရွှယ်ကမူ ချန်ထျန်မင်း အပြစ်မကင်းသည့် စိတ်ကြောင့် ယခုကဲ့သို့ ပြုမူနေခြင်းဖြစ်ကြောင်း သိထားသည်။ သူ့ကို ယခုကဲ့သို့ သူမအပေါ် ပိုမိုကောင်းမွန်လာစေရန်အတွက် သူမဘက်က ပိုမိုနားလည်မှုရှိပေးကာ အလိုက်သိချင်ယောင်ဆောင်ရပေမည်။
ဆေးရုံမှ ဆင်းသည့်နေ့တွင် ချန်ထျန်မင်း ကိုယ်တိုင် လာရောက်ကြိုပေးသည်။
လန်ရွှယ်သည် မသိသလိုဟန်ဆောင်ကာ မေးလိုက်၏။
“ယောကျ်ား... ဒီရက်ပိုင်းအတွင်း ဟောင်ယုကို ဒူးထောက်ခိုင်းပြီး အပြစ်ပေးတာမျိုး မလုပ်ဘူးမလား”
ချန်ဟောင်ယုသည် လန်ရွှယ်ကို တွန်းချလိုက်သည့်ကိစ္စ အင်တာနက်ပေါ်တွင် ပြန့်နှံ့သွားသည့် နောက်တစ်နေ့မှာပင် ချန်ထျန်မင်းသည် ချန်ဟောင်ယုအား သူ၏သေဆုံးသွားသောမိခင် အတွက် ပြုလုပ်ပေးထားသော အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ဒူးထောက်ခိုင်းကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်စေခဲ့သည်။
ကျောင်းစာမပြတ်စေရန်အတွက် ကျောင်းဆင်းပြီးတိုင်း တစ်နာရီကြာအောင် ဒူးထောက်ခိုင်းပြီးမှ ထမင်းစားခွင့်ပြုခဲ့သည်။
“ရက်ပိုင်းပဲ ရှိသေးတာ၊ တစ်လလောက် ဒူးထောက်ပါစေဦး၊ နောက်ခါ ဒီလိုမျိုး လုပ်ရဲသေးလားဆိုတာ ကြည့်ကြသေးတာပေါ့”
ချန်ထျန်မင်း၏ အသံတွင် ချန်ဟောင်ယုအပေါ် မသိစိတ်မှ စက်ဆုပ်ရွံရှာမှုများ ပါဝင်နေခဲ့သည်။
လန်ရွှယ်ကမူ ချန်ထျန်မင်း အနေဖြင့် ချန်ဟောင်ယုကို အပြစ်ပေးနေခြင်းမှာ သူမ ကိုယ်ဝန်ပျက်ကျသွားခြင်းကြောင့် မဟုတ်ဘဲ ကုမ္ပဏီ၏ ဂုဏ်သိက္ခာကျဆင်း၍ သူမျက်နှာပျက်ခဲ့ရသောကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိထား၏။
“ယောကျ်ားရယ်... ဟောင်ယုက ငယ်ပါသေးတယ်၊ သူ့ကို အဲ့ဒီလောက်အထိ အပြစ်မပေးပါနဲ့၊ တစ်ပတ်တောင် ရှိသွားပြီပဲဟာ”
လန်ရွှယ် နူးညံ့စွာ ပြောလိုက်သည်။ ချန်ထျန်မင်း သက်ပြင်းချရင်း လန်ရွှယ်ခါးကို လှမ်းဖက်လိုက်၏၊
“မင်းက သိပ်ကို စိတ်ထားကောင်းလွန်းတယ်၊၊ မင်းသာ သူ့ကို နည်းနည်းလောက် အပြစ်မြင်မယ်ဆိုရင် ကိုယ် ခုလောက် စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး”
လန်ရွှယ်ကမူ သူမ၏စိတ်ထဲတွင် လှောင်ပြောင်နေမိသည်။ အကယ်၍ သူမသာ အစကတည်းက ပြဿနာအကြီးအကျယ် ရှာခဲ့ပါက ချန်ထျန်မင်း ထိုကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အကယ်၍ သူမကိုယ်တိုင် ထိုသတင်းကို ပေါက်ကြားအောင် လုပ်ခဲ့သည်ကို သူ သိသွားပါက သူမအား အသာတကြည် လွှတ်ထားလိမ့်မည် မဟုတ်ပေ။
လန်ရွှယ်နှင့် ချန်ထျန်မင်းတို့ ဗီလာသို့ ပြန်ရောက်လာသောအခါ အိမ်ရှေ့တွင် ဇိမ်ခံကားအချို့ ရပ်ထားသည်ကို တွေ့လိုက်ရ၏။ ကားတစ်စီး၏ လိုင်စင်နံပါတ်ကို ကြည့်ရင်း လန်ရွှယ်သည် ရင်းနှီးနေသလို ခံစားလိုက်ရသော်လည်း၊ သူမ ချက်ချင်း မမှတ်မိခဲ့ပေ။
သို့သော် ချန်ထျန်မင်းကမူ ချက်ချင်း မှတ်မိသွား၏။ ထိုကားမှာ ချန်ဟောင်ယု၏ အဘိုးဖြစ်သူ၊ သူ၏ ယခင် ယောက္ခထီး လျုံယွမ်ချန်၏ ကားဖြစ်သည်။
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လျုံယွမ်ချန်နှင့် ချန်ဟောင်ယု၏ အဘွားဖြစ်သူတို့သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို မြင်လိုက်ရပြီး ချန်ဟောင်ယုမှာမူ ထိုလူကြီးနှစ်ဦး၏ အလယ်တွင် ထိုင်နေ၏။
လူကြီးနှစ်ဦးကို မြင်လိုက်သည်နှင့် သူတို့မှာ ချန်ဟောင်ယုအတွက် အားကိုးရာအဖြစ် လာရောက်ခြင်းဖြစ်ကြောင်း လန်ရွှယ်သိလိုက်သဖြင့် ကြောက်ရွံ့သွားသလို ဟန်ဆောင်ကာ ချန်ထျန်မင်း၏ နောက်ကွယ်တွင် ပုန်းနေလိုက်၏။
လျုံယွမ်ချန် သူတို့နှစ်ဦးကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်ကာ အေးစက်စွာ စိုက်ကြည့်ပြီး လက်ကိုင်တုတ်ဖြင့် ကြမ်းပြင်ကို ပြင်းထန်စွာ ဆောင့်လိုက်တော့၏။
“ချန်ထျန်မင်း... မင်း ကိုယ့်သားအရင်းကို ဒီလိုပဲ ဆက်ဆံတာလား၊ သူ့အမေရဲ့ အထိမ်းအမှတ်တိုင်ရှေ့ ဒူးထောက်ခိုင်းတယ်ပေါ့၊ မင်းမှာ အသိစိတ်ရော ရှိရဲ့လား”
ချန်ထျန်မင်းသည် ယခုကဲ့သို့ အပြောခံရသဖြင့် မျက်နှာပျက်သွားသော်လည်း တစ်ဖက်လူမှာ ကွယ်လွန်သူဇနီး၏ မိဘများဖြစ်သောကြောင့် ရိုသေစွာ ပြန်ပြောလိုက်ရ၏။
“အဖေ... ကျွန်တော့်ရှင်းပြတာကို နားထောင်ပါဦး၊ ဟောင်ယုက ရွှယ်အာကို တွန်းချလို့ ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်၊ အဲ့ဒါကြောင့် သင်ခန်းစာရအောင် အပြစ်ပေးတာပါ”
သို့သော် လျုံယွမ်ချန်သည် ချန်ထျန်မင်း၏ စကားထဲမှ အခြားသတင်းတစ်ခုကို ဖမ်းဆုပ်လိုက်ကာ မေးလိုက်၏။
“မင်း ယီရန်ရဲ့ ဆေးရုံကုတင်ဘေးမှာ ဘာတွေကတိပေးခဲ့လဲဆိုတာ မှတ်မိသေးရဲ့လား”
ချန်ထျန်မင်း၏မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားသည်။ လျုံယီရန် ကွယ်လွန်ခါနီးတွင် သူမ၏ ကုတင်ဘေး၌ လူကြီးနှစ်ဦးရှေ့တွင် သူနောက်အိမ်ထောင်ပြုခဲ့လျှင်တောင် ဤတစ်သက်တွင် သားတစ်ယောက်တည်းသာ ရှိပါမည်ဟု ကတိပြုခဲ့သည်ကို ကောင်းစွာမှတ်မိနေ၏။
“အဖေ... ဒီကိစ္စက တကယ်ပဲ မတော်တဆ ဖြစ်သွားတာပါ”
ထိုအခါ မိခင်ကြီးချန်က လန်ရွှယ်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ပြင်းထန်စွာပြောလိုက်၏။
“ဘာမတော်တဆလဲ၊ ဒီမြေခွေးမ တမင်လုပ်တာလို့ပဲ ငါထင်တယ်”
လန်ရွှယ်သည် ချန်ထျန်မင်းအား မကျေနပ်သော ပုံစံဖြင့် လှမ်းကြည့်လိုက်၏။
ချန်ထျန်မင်းလည်း ချက်ချင်းပင် လန်ရွှယ်ဘက်မှ ကာကွယ်ပြောဆိုပေးလိုက်၏။
“အမေ... ဒါက တကယ်ပဲ မတော်တဆပါ။ ပြီးတော့ ရွှယ်အာက ဟောင်ယုကို သူ့သားအရင်းလိုပဲ သဘောထားခဲ့တာပါ၊ အခုလို အမှားကြီးမှားခဲ့တာတောင် သူ့ကို အပြစ်မတင်ခဲ့ပါဘူး”
မိခင်ကြီးချန်က နှာခေါင်းရှုံ့လိုက်၏။
“သူက မင်းရှေ့မှာမလို့ ဟန်ဆောင်နေတာလို့ပဲ ငါမြင်တယ်၊ သူက သရုပ်ဆောင်လေ ဟုတ်မဟုတ် မင်း ဘယ်လိုလုပ် သိမှာလဲ”
လန်ရွှယ် ဝမ်းနည်းပက်လက်ဖြင့်ပြောရင်း မျက်ရည်များပါ ဝဲလာလေ၏။
“အမေ.. ကျွန်မကို မကြိုက်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးတော့ မစွပ်စွဲသင့်ပါဘူး။ ကျွန်မ ကိုယ်ပိုင်ရင်သွေးလေး လိုချင်တာမှားလို့လား၊ ပြီးတော့ ဟောင်ယုကိုလည်း သားအရင်းလိုပဲ ဆက်ဆံခဲ့တာပါ။ ကျွန်မက ဂုဏ်နိမ့်တဲ့သူမို့ အမေတို့ အထင်သေးတာကို သိပေမဲ့ ကျွန်မ ဟန်ဆောင်နေတာ ဟုတ်မဟုတ်ဆိုတာကိုတော့ ထျန်မင်း ခွဲခြားနိုင်မှာပါ”
“အမေ... ရွှယ်အာ ဟန်ဆောင်နေတာဟုတ်မဟုတ်ကို ကျွန်တော် ဘယ်လိုလုပ် မသိဘဲ နေမှာလဲ၊ သူ့ကို အဲ့လိုမျိုး မပြောပါနဲ့”
သူ၏ ဆုံးဖြတ်ချက်ကို မိခင်ကြီးချန်မှ လာရောက်မေးခွန်းထုတ်နေသဖြင့် ချန်ထျန်းမင် အလွန်ပင် မကျေမနပ် ဖြစ်သွားသည်။ အကယ်၍ သူတို့သာ လျုံယီရန်၏ မိဘများမဟုတ်ခဲ့ပါက ချန်ထျန်မင်း သူတို့ကို အိမ်ပေါ်မှ နှင်ချလိုက်သည်မှာ ကြာလေပြီ။
မိခင်ကြီးချန်မှာ ချန်ထျန်မင်း၏စကားကြောင့် ဒေါသထွက်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်တော့ပေ။
လျုံယွမ်ချန်က သူ၏ လက်ကိုင်တုတ်ကို ကြမ်းပြင်ပေါ်သို့ ထပ်မံဆောင့်ချလိုက်ပြန်၏။ ထို့နောက် ဒေါသတကြီးဖြင့် ပြောလိုက်၏။
“ဘာလဲ... ငါတို့လူကြီးနှစ်ယောက်က မင်းကို ဆုံးမခွင့်တောင် မရှိတော့ဘူးလား၊ နောင်ကို ငါ့ကို အဖေလို့ မခေါ်နဲ့တော့၊ ဥက္ကဌချန်ကြီးရဲ့ အဖေလို့ ခေါ်တာကို ငါမခံယူနိုင်ဘူး”
ချန်ထျန်မင်းမှာ ပျာပျာသလဲ ဖြစ်သွားရတော့၏။
“အဖေ... ကျွန်တော် အဲ့ဒီလို ဆိုလိုတာမဟုတ်ပါဘူး၊ ဘာလို့ ဒီလို လုပ်နေရတာလဲ။ ကျွန်တော် ယီရန်ကို ဂရုစိုက်ပါ့မယ်လို့ ကတိပေးခဲ့သလိုပဲ ကျွန်တော် သေချာပေါက် ကတိတည်မှာပါ၊ အဖေက ကျွန်တော့်အတွက် အမြဲတမ်း အဖေပါပဲ”
လျုံမိသားစုဝင်၏ လူကြီးနှစ်ယောက်ရှေ့တွင် ချန်ထျန်မင်းသည် ဤကဲ့သို့ မျက်နှာချိုသွေးနေသည်ကို ကြည့်ရင်း လန်ရွှယ်မှာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အကြောင်းမှာ ချန်ထျန်မင်းသည် သူမ၏ မိသားစုဝင်များနှင့် တွေ့ဆုံချိန်တွင် အမြဲတမ်း အထက်စီးဆန်သော အမူအရာမျိုးဖြင့် ပြုမူလေ့ရှိသောကြောင့် ဖြစ်သည်။
အခန်း (၁၃၈)
ချစ်ဇနီးကို လူသိရှင်ကြား လိုက်ပိုးခြင်း
“မင်း ဟောင်ယုကို ဒီလိုဆက်ဆံနေတာကိုသာ ယီရန်သိရင် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲဆိုတာ ငါမတွေးရဲဘူး”
လျုံယွမ်ချန်သည် ယခုအချိန်တွင် အလွန်အမင်း ဒေါသထွက်နေလေ၏။ အကယ်၍ သူ့မြေးလေးသာ သူ့ထံ ဖုန်းဆက်မပြောခဲ့ပါက ချန်ထျန်မင်း တစ်ယောက် မိမိ၏မြေးအပေါ် ဤကဲ့သို့ ပြုမူဆက်ဆံနေသည်ကို သူ သိလိုက်မည် မဟုတ်ပေ။
“အဖေ... အကယ်၍ ယီရန်သာ ရှိနေသေးရင်လည်း ကျွန်တော့်ရဲ့ လုပ်ရပ်ကို ထောက်ခံမှာပါ”
ချန်ထျန်မင်းသည် သူ့လုပ်ရပ်မှာ မမှားကြောင်း ယူဆထားသည်။
“ဟမ်... ယီရန်သာ ရှိနေသေးရင် ဒီမြေခွေးမကို အိမ်ထဲ အဝင်ခံပါ့မလား”
မိခင်ကြီးချန်သည် လန်ရွှယ်အပေါ် ကြည့်မရပေ။ ချန်ထျန်မင်းသည် လန်ရွှယ်ကို လက်ထပ်ချင်သည်ဟု ပြောကတည်းက ဤမိန်းမမှာ ယုံကြည်စိတ်ချရသူ မဟုတ်ကြောင်း သူမ ခံစားမိသည်။ သို့သော်လည်း သူသည် သူမ သားအရင်း မဟုတ်သဖြင့် ဘာမှဝင်ပြောပိုင်ခွင့် မရှိခဲ့ပေ။
ဤမိန်းမသည် ဤမျှလောက်အထိ အကွက်ချ တတ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ ကိုယ်ဝန်ပျက်ကျရုံလေးနှင့် သူမ အဖိုးတန်မြေးလေးအပေါ် အပြစ်ပုံချလေ၏။
‘ညည်း ဘယ်လို အကြံအစည်တွေ ကြံစည်နေတယ်ဆိုတာ ငါ မသိဘူးများမထင်နဲ့’
မိခင်ကြီးချန်သည် သူမအား တတွတ်တွတ် ဆဲဆိုနေသဖြင့် လန်ရွှယ်တစ်ယောက် သူမ ဟန်ဆောင်မျက်နှာဖုံးကိုပင် မနည်းထိန်းထားရလေသည်။
ချန်ထျန်မင်းလည်း ယခုအချိန်တွင် မကျေမနပ် ဖြစ်လာသည်။ မည်သို့ပင်ဆိုစေကာမူ လန်ရွှယ်သည် သူ့ဇနီးဖြစ်ပြီး ယခုကဲ့သို့ ဆဲဆိုခံရခြင်းမှာ သူ့ပါးကို ရိုက်လိုက်ခြင်းနှင့်အတူတူပင်။
လျုံယွမ်ချန်သည်လည်း ချန်ထျန်မင်း၏ မနှစ်မြို့သော မျက်နှာအမူအရာကို သတိပြုမိသွားသဖြင့် မိခင်ကြီးချန်အား စကားရပ်ရန် မျက်နှာရိပ်ပြလိုက်သည်။
ထို့နောက် သူသည် ယနေ့လာရခြင်း၏ အဓိကရည်ရွယ်ချက်ကို ပြောကြားလိုက်သည်။
“ငါတို့ ဒီနေ့လာတာ အဓိကတော့ ဟောင်ယုအတွက်ပဲ။ မင်း ဟောင်ယုကို အပြစ်ပေးတဲ့ကိစ္စကို ငါ ခွင့်လွှတ်ပေးနိုင်ပေမဲ့ မင်း အရင်က ပြောခဲ့တဲ့စကားကိုတော့ တည်စေချင်တယ်၊ အဲ့ဒါကတော့ ဒီတစ်သက်မှာ ဟောင်ယုတစ်ယောက်တည်းကိုပဲ မင်းရဲ့ရင်သွေးအဖြစ် ထားဖို့ပဲ”
“အခုတော့ ကလေးက ပျက်ကျသွားပြီဆိုတော့ နောင်ကျရင် ကျွန်တော် ပိုသတိထားပါ့မယ်”
“မင်း အရင်က တခြားကလေးတွေ မရှိစေရဘူးလို့ ကျိန်ဆိုခဲ့တယ်မဟုတ်လား။ ဒါပေမဲ့ မင်းကတော့ ဒီပြဿနာကို ဖြစ်အောင် လုပ်ခဲ့သေးတယ်လေ”
ချန်ထျန်မင်းသည် သူ မှားကြောင်း သိထားသဖြင့် စိတ်ရှည်စွာ မေးလိုက်၏။
“ဒါဆို အဖေက ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ”
လျုံယွမ်ချန်သည် စကားတစ်လုံးချင်းဆီကို ဖြည်းညှင်းစွာ ပြောလိုက်၏။
“သား ကြော ဖြတ် လိုက်”
“မရဘူး”
ချန်ထျန်မင်း မပြောနိုင်ခင်မှာပင် လန်ရွှယ်သည် အရင်ဆုံး အော်ဟစ်လိုက်တော့သည်။
အော်ဟစ်ပြီးမှ လန်ရွှယ် တစ်ယောက် သူမ ဘာလုပ်မိသွားသည်ကို သတိဝင်လာကာ ချန်ထျန်မင်းအား ချက်ချင်း ရှင်းပြလိုက်လေ၏။
“ယောကျ်ား... အဲ့ဒီလိုလုပ်ရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်လို့ လူတွေပြောတာ ကျွန်မ ကြားဖူးတယ်”
အကယ်၍ ချန်ထျန်မင်းသာ သားကြောဖြတ်လိုက်ပါက သူမ တစ်သက်လုံး ကိုယ်ပိုင်ရင်သွေး ရနိုင်တော့မည် မဟုတ်ပေ။
“ဒါဆို ငါကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ”
လျုံယွမ်ချန်က နှာခေါင်းရှုံ့လိုက်သည်။ သူ ငယ်စဉ်က မိခင်ကြီးချန်သည် လျုံယီရန်ကို မွေးဖွားစဉ် သွေးထွက်လွန်မှု အပြင်းအထန် ခံစားခဲ့ရသဖြင့် လျုံယွမ်ချန်သည် ဤကလေးတစ်ဦးတည်းကိုသာ ယူရန် ဆုံးဖြတ်ခဲ့ပြီး ချက်ချင်းပင် သားကြောဖြတ်ပစ်ခဲ့သည်။
“ဒါပေမဲ့...”
လန်ရွှယ်သည် ဆင်ခြေများကို ဆက်လက်စဉ်းစားနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၊ သူမသည် ချန်ထျန်မင်းကို သားကြောဖြတ်ခွင့် မပေးနိုင်ချေ။
မိခင်ကြီးချန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ဘာလဲ၊ မင်းက နောက်တစ်ခါ ကိုယ်ဝန်ထပ်ယူချင်နေတာလား”
လန်ရွှယ်မှာ ခဏတာ ဘာပြောရမှန်း မသိဖြစ်သွားလေ၏။ ချန်ထျန်မင်း တစ်ယောက် ထိုလူကြီးနှစ်ဦး၏ စကားကို နားမယောင်ပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။
ချန်ထျန်မင်းသည် လျုံယွမ်ချန်ကို ချက်ချင်း အကြောင်းမပြန်ခဲ့ပေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူ နောက်ဆုံးတွင် ပြန်ပြောလိုက်သည်။
“အဖေ... ကျွန်တော် အဲ့လို မလုပ်နိုင်ပါဘူး”
“မင်း ဘာဆိုလိုတာလဲ”
လျုံယွမ်ချန်၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားသည်။
“အဖေ... အဲ့ဒီလိုလုပ်လိုက်ရင် နောင်ကျရင် ကျွန်တော် တခြားသူတွေရှေ့မှာ ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ”
လျုံယွမ်ချန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မိသွားလေ၏။
“ဒါဆို မင်းပြောပုံအရ ငါ့လိုလူအိုကြီးက တစ်သက်လုံး မျက်နှာမပြရဲဘဲ နေလာခဲ့ရတာပေါ့လေ။ ချန်ထျန်မင်း... ငါ အဲ့ဒီတုန်းက ယီရန်ကို မင်းနဲ့ လက်မထပ်ပေးခဲ့သင့်ဘူး။ အမေကြီး... သွားကြစို့”
လျုံယွမ်ချန်သည် မတ်တတ်ထရပ်ကာ မိခင်ကြီးချန်နှင့် ချန်ဟောင်ယုတို့ကို ခေါ်ပြီး ထွက်ခွာရန် ပြင်လိုက်၏။
“အမေ... အဖေ... ဟောင်ယုကို ဘယ်ခေါ်သွားမလို့လဲ”
“ဒီအိမ်မှာ သူနေဖို့ နေရာမရှိတော့ဘူးဆိုမှတော့ ငါလိုလူအိုကြီးကပဲ သူ့ကို ကာကွယ်ပေးရတော့မှာပေါ့”
ဤသို့ပြောပြီးနောက် လျုံယွမ်ချန် ချန်ဟောင်ယုကို ခေါ်ကာ ထွက်သွားလေတော့သည်။
ချန်ထျန်မင်းသည် သူတို့ကို တားချင်သော်လည်း လန်ရွှယ်က ဆွဲထားခဲ့လေ၏။
“ယောကျ်ားရယ်... လူကြီးနှစ်ယောက်လုံး အခု ဒေါသထွက်နေကြတာလေ။ ဟောင်ယုကို သူတို့ဆီမှာ ရက်ပိုင်းလောက် သွားနေခိုင်းလိုက်ပါဦး၊ သူတို့ ဒေါသပြေသွားမှ ဟောင်ယုကို ပြန်သွားခေါ်ကြတာပေါ့”
ချန်ထျန်မင်းလည်း သဘောတူသလိုလိုနှင့် ညည်းညူလိုက်လေသည်။ သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ချင်နေသည့် ထိုလူကြီးနှစ်ဦးအပေါ် သူ အတော်ပင် မကျေမနပ် ဖြစ််မိသည်။ ထို့အပြင် သူသည် နောက်ထပ် ကလေးမယူတော့ရန် ကတိပေးထားပါလျက်နှင့် သူတို့သည် အတင်းအကျပ် ပြောဆိုနေလေ၏။
လန်ရွှယ်အတွက်မူ ချန်ဟောင်ယုတစ်ယောက် ဤအိမ်မှ ထွက်သွားသည်ကိုသာ အလိုရှိခဲ့သည်။ သူသည် အိမ်နှင့် ဝေးကွာလေလေ သူမအတွက် ပို၍ အကျိုးရှိလေလေ ဖြစ်၏။
ထိုအချိန်မှာပင် ချန်ထျန်မင်း၏ ဖုန်းမှာ မြည်တမ်းလာခဲ့သည်။ ကုမ္ပဏီတွင် ပြဿနာအချို့ ရှိနေကြောင်း သိရသဖြင့် ချန်ထျန်မင်းသည် အပြင်သို့ ချက်ချင်း ထွက်သွားခဲ့ရသည်။ လန်ရွှယ်မှာ စိတ်ကြည်လင်နေပြီး အိမ်ထိန်းအား ငှက်သိုက်စွပ်ပြုတ် တစ်ခွက်ချက်ခိုင်းလိုက်လေသည်။
သူမသည် လက်ဖျားပင် လှုပ်စရာမလိုလိုက်ဘဲ ချန်ဟောင်ယုကို အိမ်ကနေ ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ နောက်ထပ်ခြေလှမ်းမှာ နောက်တစ်ကြိမ် ကိုယ်ဝန်ရအောင် ကြိုးစားရန်သာ ကျန်တော့၏။
သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းညှိရန် တရုတ်တိုင်းရင်းဆေး သမားတော်ကြီးတစ်ဦးအား ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ ဤကိုယ်ဝန်ပျက်ကျမှုကြောင့် သူမ ကျန်းမာရေးသည် အနည်းနှင့်အများ ထိခိုက်သွားမည်မှာ သေချာသည်။ ထို့ကြောင့် သူမ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် လုပ်ရပေမည်။
ယခုအခါ အကယ်ဒမီရုပ်ရှင်ဆုပေးပွဲကျင်းပရန် တစ်လပင် မကျန်တော့ချေ။ စကာတင်စာရင်းတွင် ပါဝင်သည့် အနုပညာရှင်စာရင်းကိုလည်း သဘက်ခါတွင် ကြေညာပေတော့မည်။
လန်ရွှယ်သည် လျုံရုံကို ဖုန်းဆက်လိုက်သည်။
“သတင်းအချက်အလက်တွေ အဆင်သင့်ဖြစ်ပြီလား”
“အားလုံး အဆင်သင့်ပါပဲ”
“ဒီည မီဒီယာတွေကို ဆက်သွယ်လိုက်၊ နေရာအစုံ ပျံ့သွားအောင် အများကြီး ဆက်သွယ်ဖို့ မမေ့နဲ့ဦး”
ချန်ထျန်မင်းနှင့် အဆက်အသွယ်ရှိသဖြင့် ယဲ့ယီသည် အကယ်ဒမီဆုပေးပွဲအတွက် စကာတင်ခံရကြောင်း လန်ရွှယ် သိရှိထား၏။ ယဲ့ယီသည် ကုရှီချန်း၏ ကျေးဇူးကြောင့်သာ စကာတင်ခံရခြင်းဖြစ်ကြောင်း လူတိုင်းသိအောင် ကြံရွယ်ထားသည်။
ယဲ့ယီသည်လည်း လန်ရွှယ် တစ်ယောက် နောက်နှစ်ရက်အတွင်း ဓာတ်ပုံများကို ပေါက်ကြားအောင် လုပ်လိမ့်မည်ဟု ကြိုတင်ရိပ်မိထားသဖြင့် နန်ချင်ဝမ်အား တုံ့ပြန်ရန်အတွက် ကြိုတင်ပြင်ဆင်ခိုင်းထားပြီး ဖြစ်သည်။ ဓာတ်ပုံများ အွန်လိုင်းပေါ်သို့ ရောက်သည်နှင့် ချက်ချင်းပင် ထိပ်တန်းရှာဖွေမှုများ ဖြစ်သွားသည်။
လန်ရွှယ်သည် ယဲ့ယီတစ်ယောက် နောက်ဖေးပေါက်မှ အခွင့်အရေး ယူခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် အင်တာနက် အပုပ်ချသူများကိုပင် ငွေပေးကာ စေခိုင်းထားခဲ့သည်။
[ဒီယဲ့ယီဆိုတဲ့တစ်ယောက် ကြောင်သူတော်လုပ်နေတယ်လို့ မထင်ဘူးလားကွာ။ ကွာရှင်းထားပြီးသားကို အတူတူ ထမင်းစားနေသေးတယ်၊ ဒါက လာမဲ့ အကယ်ဒမီပေးပွဲအတွက် ဖားနေတာပဲ]
[ယဲ့ယီရဲ့ ရိုက်ကူးရေးအဖွဲ့ထဲက တစ်ယောက်ယောက်သာ ဆုရခဲ့ရင် ဒါက သေချာပေါက် မသမာတဲ့နည်းနဲ့ ယူထားတာပဲ]
[တကယ် ရွံစရာကောင်းတယ်။ ယဲ့ယီ... ဖျော်ဖြေရေးလောကကနေ ထွက်သွားလိုက်စမ်းပါ။ နောက်ဖေးပေါက်ကနေ အခွင့်အရေးယူတဲ့လူတွေကို ငါ အမုန်းဆုံးပဲ။ ဒီလိုလူတွေကြောင့်ပဲ ငါ့ရဲ့ အိုင်ဒေါက နစ်မြုပ်သွားရတာ]
[ပြောစရာ စကားတောင် မရှိတော့ဘူး။ အခုနောက်ပိုင်း ဖျော်ဖြေရေးလောကမှာ ဘာတွေဖြစ်နေတာလဲ။ ပိုက်ဆံပေးလို့ရတာဆိုရင် ဒီဆုက ဘာဂုဏ်သိက္ခာ ရှိတော့မှာလဲ]
သို့သော်လည်း အချို့သောသူများက အမှန်အတိုင်း ပြောဆိုကြသည်။
[တကယ်တော့ ယဲ့ယီ ဆုရခဲ့ရင်တောင် ဒါက မဆန်းဘူး မဟုတ်လား။ ငါ သူ့ ရုပ်ရှင်ကို ကြည့်ဖူးတယ်၊ သူ့သရုပ်ဆောင်ချက်က တကယ်ကောင်းတယ်]
သို့သော် ထိုမှတ်ချက်ကို တင်လိုက်သည်နှင့် အခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့၏။
[အပေါ်ကလူ... ယဲ့ယီက နင့်ကို ဘယ်လောက်ပေးထားလို့လဲ။ ငါလည်း အဲ့ဒီပိုက်ဆံကို ရချင်လို့ပါ]
[တောင်းပန်ပါတယ်၊ ဒီယဲ့ယီရဲ့ သရုပ်ဆောင်ချက်ကို ဘယ်သူ မသိဘဲ နေမှာလဲ။ ဒီတစ်ခါ သူ တကယ်ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင်တောင် ဒါက သူ့ကိုယ်ပိုင်ရိုက်ကူးရေးအဖွဲ့လေ၊ သိတဲ့သူတွေကတော့ သိကြတာပဲ]
[ဟူး... အားလုံးပဲ စိတ်မလှုပ်ရှားကြပါနဲ့ဦး။ ဘယ်သူသိမှာလဲ၊ သူ စကာတင်စာရင်းထဲတောင် ပါချင်မှပါမှာပေါ့]
ထိုလူများကြားတွင် စုံတွဲလေးများကို အားပေးသည့် အဖွဲ့ငယ်လေး တစ်ခုလည်း ရှိနေသည်။
[ယဲ့ယီနဲ့ ဥက္ကဌကု လိုက်ဖက်တယ်လို့ ထင်တာ ငါတစ်ယောက်တည်းလား။ သူ့အတွက်နဲ့ ရသစုံအစီအစဉ်မှာတောင် ပါခဲ့သေးတယ်၊ ပြီးတော့ ကွာရှင်းပြီးမှ ဇနီးကို ပြန်လိုက်ချော့နေတာလေ။ ဒါက ဝတ္ထုထဲကအတိုင်းပဲ မဟုတ်လား]
[အပေါ်က အစ်မ... အစ်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မလည်း သူတို့ တကယ်လိုက်ဖက်တယ်လို့ ထင်တယ်။ ဒီနှစ်ယောက် သေချာပေါက် ပြန်လက်ထပ်ကြလိမ့်မယ်လို့ ကျွန်မ လောင်းရဲတယ်]
ထိုအချိန်တွင် ယဲ့ယီသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပို့စ်တစ်ခု တင်လိုက်လေ၏။
ယဲ့ယီ V : သာမန်သူငယ်ချင်း နှစ်ယောက် အတူတူ ထမင်းစားရုံသက်သက်ပါ။
ယဲ့ယီသည် ပို့စ်ကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် ကုရှီချန်း က ချက်ချင်းပင် ထပ်ဆင့်ဝေမျှလိုက်ပြီး စာတစ်ခု ရေးသားလိုက်သည်။
“ခုတော့ သူငယ်ချင်းအဆင့်ပေါ့၊ ကြိုးစားနေတုန်းပါဗျာ”
ကုရှီချန်း၏ပို့စ် ထွက်ပေါ်လာသည်နှင့် စုံတွဲအားပေးသူများ က ရူးမတတ် ဖြစ်သွားကြတော့၏။
[အားးး... ဥက္ကဌကုရေ ဆက်ကြိုးစားပါ၊ ယဲ့ပေါင်လေးကို အမြန်ဆုံး အရယူနိုင်ပါစေ]
[ဒီလိုမျိုး လူသိရှင်ကြား ဇနီးကို ပြန်လိုက်တာက တကယ် မိုက်တယ်ကွာ]
[ဒီနှစ်ယောက်သာ ပြန်လက်မထပ်ဘူးဆိုရင် ငါ အချစ်ကို ဘယ်တော့မှ မယုံတော့ဘူး]
[သူတို့ ဘာလို့ ကွာရှင်းခဲ့ကြလဲဆိုတာ ကျွန်မ မသိပေမဲ့ ကျွန်မရဲ့ အတွဲလေးကတော့ နောက်ဆုံးမှာ အတူတူ ပြန်ပေါင်းကြလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်တယ်ရှင့်]