← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉)

ပြန်ပေါင်းဖို့ စီစဉ်နေတာလား

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်လိုက်သော ကုရှီချန်း၏ ပို့စ်ကို မြင်ပြီးနောက် နန်ချင်ဝမ်မှာ ပြုံးလျက် ယဲ့ယီကို ကြည့်လိုက်၏။

“ရှောင်ယီ... ကြည့်ရတာ ဥက္ကဌကု က နင့်အပေါ် တကယ်လေးနက်ပုံပဲ။ နင်ရော ဘယ်လိုသဘောရလဲ”

“ဘာကို ဘယ်လိုသဘောရ ရမှာလဲ”

ယဲ့ယီ ပြန်မေးလိုက်သည်။

“ဥက္ကဌကုနဲ့ ပြန်လက်ထပ်ဖို့ အစီအစဉ်ရှိလားလို့ မေးတာပါ”

ယဲ့ယီ တိတ်ဆိတ်သွားခဲ့သည်။ သူမ ထိုမေးခွန်းကို တစ်ခါမျှ မစဉ်းစားဖူးချေ။

အဓိကအားဖြင့် ကုရှီချန်းသည် သူမကို လုံးဝမနှစ်သက်ဘဲ ကုစဲ့အတွက်ကြောင့်သာ ပြန်လက်ထပ်ချင်နေခြင်းဖြစ်သည်ဟု သူမ အမြဲတမ်း ခံစားခဲ့နေရသည်။

ယခုအခါ ကုရှီချန်းသည် သူမကို အမှန်တကယ်ပင် လိုက်လံပိုးပန်းနေ၏။ သို့သော်လည်း သူ့တွင် စစ်မှန်သော စိတ်စေတနာ ရှိမရှိကိုမူ ယဲ့ယီအနေဖြင့် သံသယဖြစ်နေဆဲပင် ဖြစ်သည်။

သူမသည် ကုရှီချန်းအပေါ် သံယောဇဉ် အနည်းငယ် ရှိလာပြီဖြစ်သော်လည်း ထိုသံယောဇဉ်မှာ သူ့ကို လက်ခံနိုင်လောက်သည်အထိ မပြင်းပြသေးပေ။

“ဒါတွေကို ဘာလို့ စဉ်းစားနေမှာလဲ၊ အခုလောလောဆယ်တော့ ကျွန်မ အလုပ်ကြိုးစားပြီး ပိုက်ဆံပဲ ရှာချင်တယ်”

“တကယ်တော့ ဥက္ကဌကုက နင့်အပေါ် စိတ်ရင်းမှန်တယ်လို့ ထင်တယ်”

နန်ချင်ဝမ်သည် ဘေးလူတစ်ယောက်အနေဖြင့် ယဲ့ယီထက် ပိုမိုရှင်းလင်းစွာ မြင်နေရသည်။

အကယ်၍ ကုစဲ့အတွက်ကြောင့်သာ ဆိုလျှင် ကုရှီချန်းအနေဖြင့် ဤမျှအထိ လုပ်ဆောင်ရန် မလိုအပ်ပေ။ ထို့အပြင် ကုရှီချန်းကဲ့သို့ ဂုဏ်အိန္ဒြေရှိသောသူတစ်ယောက်သည် ယဲ့ယီကို တကယ်မချစ်ဘဲနှင့် သူမအတွက် လူမှုကွန်ရက်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းချက် ပေးမည်လော။

ယဲ့ယီကသာ ထိုအချက်ကို သတိမထားမိသေးခြင်း ဖြစ်၏။

“ဒါတွေကို မပြောကြရအောင်၊၊ ရှန်ဟောင်နဲ့ လီစီကျစ်တို့ကို ကျွန်မတို့ကုမ္ပဏီထဲ ရောက်အောင် ဘယ်လိုခေါ်မလဲဆိုတာပဲ ဆွေးနွေးရအောင်”

ယဲ့ယီသည် စကားလမ်းကြောင်း ပြောင်းလဲလိုက်သည်။သူမပြောသော ရှန်ဟောင်နှင့် လီစီကျစ်မှာ ယခင်က လူလေးယောက်ထဲမှ စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကောင်လေးနှစ်ယောက် ဖြစ်၏။ သူမ စုံစမ်းသိရှိရသလောက် ထိုကောင်လေးနှစ်ယောက်၏ စာချုပ်မှာ လွန်ခဲ့သော နှစ်ရက်ကပင် သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သည်။

သူမအနေဖြင့် သူတို့ကို ခေါ်ယူလိုပါက ယခုပင် စတင်လှုပ်ရှားရပေလိမ့်မည်။

နန်ချင်ဝမ်သည် ထိုနှစ်ဦးလုံးကို WeChat တွင် အပ်ထားပြီးဖြစ်သော်လည်း သူမ ရည်ရွယ်ချက်အစစ်အမှန်ကိုမူ မပြောရသေးပေ။ ထိုကဲ့သို့သော ကိစ္စရပ်များကို လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်းက ပို၍သင့်တော်ပေသည်။

“သူတို့ ဒီနေ့ အချိန်ရမလားဆိုတာ ငါ ဆက်သွယ်ကြည့်လိုက်မယ်”

ထိုသို့ပြောရင်း နန်ချင်ဝမ်သည် သူမဖုန်းကို ထုတ်ကာ ထိုနှစ်ဦးအား စတင်ဆက်သွယ်လိုက်သည်။ မကြာမီမှာပင် ထိုနှစ်ဦးစလုံးသည် ယနေ့ အားလပ်ကြောင်း အကြောင်းပြန်လာခဲ့သည်။

နန်ချင်ဝမ်နှင့် ယဲ့ယီတို့သည် သူတို့ကို ခေါ်ယူရန် ချက်ချင်းပင် ထွက်ခွာခဲ့ကြတော့သည်။

သူတို့နှစ်ဦးသည် အနီးနားတွင်ရှိသော ရှန်ဟောင်ထံသို့ အရင်ဆုံး သွားရောက်ခဲ့ကြသည်။ လမ်းတွင် ယဲ့ယီသည် ရှန်ဟောင်၏ အချက်အလက်များကို သေသေချာချာ တစ်ခေါက်ထပ်ကြည့်လိုက်၏။

ရှန်ဟောင်သည် စနစ်တကျ လေ့ကျင့်ထားသူတစ်ဦး ဖြစ်သည်။ တက္ကသိုလ်တက်စဉ်က အင်ပီရီယယ်မီဒီယာတွင် ကကွက်အထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူ ဖြစ်သည်။

ကျောင်းနှစ်ပတ်လည် ဖျော်ဖြေပွဲတစ်ခုတွင် သူကိုယ်တိုင် တီထွင်ထားသော ကကွက်ဖြင့် အောင်မြင်ကျော်ကြားလာခဲ့ပြီးနောက် အနုပညာရှာဖွေရေး အေးဂျင့်များက သူ့ကို ချဉ်းကပ်ခဲ့ကြခြင်း ဖြစ်၏။ ကံမကောင်းစွာပင် သူလက်မှတ်ထိုးခဲ့သော ကုမ္ပဏီမှာ သူ၏ အားသာချက်ကို မည်သို့အသုံးချရမည်ကို မသိဘဲ သူ့အား မိန်းကလေးတစ်ဦးနှင့် တွဲဖက်ကာ အဖွဲ့ဖွဲ့ပေးလိုက်သဖြင့် သူသည် ကောင်မလေးပရိသတ်အမြောက်အမြားကို ဆုံးရှုံးခဲ့ရသည်။

နန်ချင်ဝမ်သည် ရှန်ဟောင်ရှိသော ကုမ္ပဏီနှင့် မဝေးလှသည့်နေရာတွင် လုံခြုံမှုရှိသော ကဖေးဆိုင်တစ်ဆိုင်ကို ကြိုတင်ဘိုကင်ယူထားခဲ့သည်။

သူတို့ ရောက်ရှိသွားသောအခါ ရှန်ဟောင်မှာ ထိုနေရာတွင် စောင့်ဆိုင်းနေလေ၏။

သူတို့ သုံးဦး ရိုးရိုးရှင်းရှင်းပင် နှုတ်ဆက်စကား ဆိုပြီးနောက် အဓိက အကြောင်းအရာကို တိုက်ရိုက်ဆွေးနွေးကြတော့သည်။ နန်ချင်ဝမ်က စာချုပ်တစ်ခုကို ရှန်ဟောင်အား ကမ်းပေးလိုက်၏။

“ဒါက ကျွန်မတို့ကုမ္ပဏီက ပေးမဲ့ ခံစားခွင့်တွေပါ၊ အရင်ဆုံး ဖတ်ကြည့်လို့ ရပါတယ်”

ရှန်ဟောင်သည် စာချုပ်ကို ယူကာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

“ကျွန်တော့်ကို တခြားသူတွေနဲ့ ပေါင်းပြီး ကောင်လေးအဖွဲ့ ဖွဲ့ပေးဖို့ စီစဉ်ထားတာလား”

“ဟုတ်ပါတယ်”

ရှန်ဟောင်သည် စာချုပ်ကို ချက်ချင်းပင် ပြန်တွန်းပေးလိုက်၏။

“စိတ်မရှိပါနဲ့၊ ကျွန်တော် နောက်တစ်ခါ အဖွဲ့အနေနဲ့ ပြန်မပါချင်တော့ဘူး”

ရှန်ဟောင်သည် ထိုကဲ့သို့သော နစ်နာမှုကို ဒုတိယအကြိမ် ထပ်မံ မခံစားလိုတော့ပေ။

လက်ရှိကုမ္ပဏီနှင့် စာချုပ်ချုပ်စဉ်ကလည်း ထိုကဲ့သို့သော နစ်နာမှုကို ခံစားခဲ့ရဖူးသဖြင့် ယခုအခါတွင် သူသည် အဖွဲ့ဖွဲ့ခြင်း ကို လုံးဝမယုံကြည်တော့ပေ။

“ဒါဆို... ရှင်သေချာပေါက် အောင်မြင်လာစေရမယ်လို့ ကျွန်မ အာမခံရင်ရော”

ယဲ့ယီသည် ဝှက်ဖဲကို ထုတ်သုံးလိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှန်ဟောင်သည် ယဲ့ယီ၏စကားကို လုံးဝမယုံကြည်ပေ။

‘ဂျက်နီစစ်မီဒီယာ’ တွင် ကုကုမ္ပဏီကြီးက ကျောထောက်နောက်ခံပေးထားလျှင်တောင်မှ ကောင်လေးအဖွဲ့တစ်ဖွဲ့ကို အောင်မြင်ကျော်ကြားအောင် လုပ်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။

“အကယ်၍ ကျွန်မတို့က ရှင့်ကို သုံးနှစ်အတွင်း အောင်မြင်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် စာချုပ်ဖောက်ဖျက်ကြေးရဲ့ နှစ်ဆကို ကုမ္ပဏီကနေ လျော်ကြေးပေးသွားမယ်”

ယဲ့ယီ၏ စကားကြောင့် ရှန်ဟောင် အံ့ဩသွားသည်။

“ဒါ... ဒါ တကယ်ပြောနေတာလား”

ယဲ့ယီ ခေါင်းညိတ်ပြလိုက်၏။

“ကျွန်မ ပြောစကား အတိုင်း တည်စေရမယ်”

ရှန်ဟောင်သာမက နန်ချင်ဝမ်ပင် ယဲ့ယီ၏ စကားကြောင့် ထိတ်လန့်သွားခဲ့ရသည်။

ရှန်ဟောင်သာ ထိုနေရာတွင် ရှိမနေပါက သူမယဲ့ယီကို တိုက်ရိုက်ပင် မေးမြန်းချင်တော့၏။

ကောင်လေးအဖွဲ့တစ်ဖွဲ့ကို သုံးနှစ်အတွင်း အောင်မြင်အောင် လုပ်ရန်မှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ပေ။

“ကောင်းပြီ။ ကျွန်တော် လက်မှတ်ထိုးပါ့မယ်”

ယဲ့ယီ့ဘက်မှ ဤမျှအထိ ပြောလာပြီဖြစ်သဖြင့်ရှန်ဟောင်အနေဖြင့် ထပ်မံတွေဝေနေပါက လူမိုက်သာ ဖြစ်ပေလိမ့်မည်။

ရှန်ဟောင်သည် စာချုပ်ပေါ်တွင် သေသပ်လျင်မြန်စွာ လက်မှတ်ထိုးလိုက်တော့သည်။

“ကျွန်တော့်ကုမ္ပဏီမှာ လုပ်စရာလေးတွေ ကျန်သေးလို့ အဲ့ဒီကို တစ်ခေါက်ပြန်သွားဖို့ လိုတယ်”

“တနင်္လာနေ့ကျရင် ကုမ္ပဏီကို အချိန်မှန် သတင်းပို့ပေးပါ၊ ကုမ္ပဏီလိပ်စာကို အစ်မချင်ဝမ်ကတစ်ဆင့် နောက်မှ ပို့ပေးလိုက်ပါ့မယ်”

ကဖေးဆိုင်မှ ထွက်လာပြီးနောက် နန်ချင်ဝမ်သည် စကားပြောရန် အခွင့်အရေး ရသွားခဲ့သည်။

“ရှောင်ယီ... ကောင်လေးအဖွဲ့တစ်ဖွဲ့ကို အောင်မြင်အောင် လုပ်ဖို့ဆိုတာ တကယ်မလွယ်ဘူးနော်”

ယဲ့ယီက “အင်း”ဟု အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။

ယဲ့ယီ၏ သဘောထားကို မြင်သောအခါ နန်ချင်ဝမ်က စိုးရိမ်တကြီးဖြင့် ပြောပြန်သည်။

“ဒါဆို ဘာလို့ ခုနက အဲ့ဒီလို...”

ယဲ့ယီက နန်ချင်ဝမ်ကို ကြည့်ကာ ရုတ်တရက် ပြုံးပြလိုက်ပြီး မေးလိုက်၏။

“အစ်မချင်ဝမ်... ကျွန်မကို ယုံလား”

နန်ချင်ဝမ် ချက်ချင်း စကားမပြောနိုင်ခဲ့ပေ။ ယခုကိစ္စမှာ ယုံကြည်မှု ရှိမရှိ ဆိုသည်ထက် ပိုသည်။

“စိတ်ချပါ၊ ကျွန်မ ယုံကြည်ချက်မရှိတဲ့ အလုပ်ကို မလုပ်ပါဘူး”

ထိုသို့ပြောရင်း ယဲ့ယီသည် နန်ချင်ဝမ် စိတ်အေးသွားစေရန် သူမ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ယဲ့ယီသည် သူမတွင် အကြွင်းမဲ့ ယုံကြည်ချက်ရှိသောကြောင့်သာ ပြောဆိုခဲ့ခြင်း ဖြစ်၏။ သူမ၏ ယခင်ဘဝတွင်လည်း ကုမ္ပဏီနှင့် လောင်းကြေးစာချုပ်များ ချုပ်ဆိုခဲ့ဖူးပြီး ကုမ္ပဏီအောက်ရှိ အနုပညာရှင်များအတွက် အကျိုးခံစားခွင့်များစွာကို အောင်မြင်စွာ ရယူပေးနိုင်ခဲ့ဖူးသည်။

သူမသည် မည်သည့်လောင်းကြေး စာချုပ်ကိုမျှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ဘဲ ယခုဘဝသစ်တွင်လည်း ထိုကဲ့သို့ ယုံကြည်ချက် ရှိနေဆဲပင် ဖြစ်သည်။

နန်ချင်ဝမ်မှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ အဆိုးဆုံး ဖြစ်လာလျှင်တောင်မှ သူမအနေဖြင့် ပိုပြီး အလုပ်ကြိုးစားပေးရုံသာ ရှိတော့၏။

ရှန်ဟောင်နှင့် ကိစ္စပြီးပြတ်သွားပြီးနောက် ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် လီစီကျစ်ကို သွားရောက်ရှာဖွေကြတော့သည်။

လီစီကျစ်သည် ရှန်ဟောင်ထက် ပို၍ ရိုးရှင်းသူ ဖြစ်သည်။ သူသည် ဝါသနာအရ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လာသူဖြစ်ပြီး သူ့ကို အောင်မြင်အောင် လုပ်ပေးမည်ဟူသော ယဲ့ယီ၏ ကတိစကားကြောင့် စိတ်လှုပ်ရှားသွားကာ စာချုပ်တွင် ချက်ချင်း လက်မှတ်ထိုးလိုက်တော့သည်။

ဤသို့ဖြင့် ‘ဂျက်နီစစ်မီဒီယာ’ သည် အနုပညာရှင်သစ် နှစ်ဦးကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့လေသည်။ အောင်မြင်မှုအထိမ်းအမှတ် အနေဖြင့် ယဲ့ယီသည် ရှန်ဟောင်နှင့် လီစီကျစ်တို့ ‘ဂျက်နီစစ်မီဒီယာ’ သို့ ဝင်ရောက်လာခြင်းကို ကြိုဆိုကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နန်ချင်ဝမ်ကို တင်ခိုင်းလိုက်သည်။

မကြာသေးမီကပင် ယဲ့ယီကို စောင့်ကြည့်နေသူများစွာ ရှိနေသဖြင့် လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် ချက်ချင်းပင် ပျံ့နှံ့သွားခဲ၏။မိနစ်ပိုင်းအတွင်းမှာပင် မှတ်ချက်များ တစ်သောင်းကျော်သွားခဲ့လေသည်။

သို့သော်လည်း ထိုမှတ်ချက်များမှာ အခြေခံအားဖြင့် ယဲ့ယီအား လှောင်ပြောင်နေကြခြင်းသာ ဖြစ်သည်။

[ရယ်လိုက်ရတာ၊ ယဲ့ယီက သူများတွေ မလိုချင်တော့တဲ့ အမှိုက်တွေကို လိုက်ကောက်နေတာလား။ ဒီနှစ်ယောက်က သူတို့ကုမ္ပဏီကနေ အခုမှ စာချုပ်ဖျက်သိမ်းထားတာ မဟုတ်လား]

[အိုနာကျိုးကန်း အဖွဲ့ထဲကို နောက်ထပ် နှစ်ယောက် ထပ်တိုးလာပြန်ပြီပေါ့]

[ယဲ့ယီက တစ်ခါတည်း လူနှစ်ယောက်ကို လက်မှတ်ထိုးခိုင်း ပြီး ဘာလုပ်ချင်နေတာလဲ၊ ဒါနဲ့... သူတို့ကုမ္ပဏီက အခုအချိန်မှာ အလုပ်ရော ရနိုင်ပါ့မလား]

[ဒီနှစ်ယောက်က ရုပ်ရည်တော့ အတော်လေး သန့်ပါတယ်၊ ဒါပေမဲ့ စဉ်းစားဉာဏ်မရှိဘဲ ယဲ့ယီရဲ့ ကုမ္ပဏီထဲ ဝင်လိုက်တာတော့ နှမြောစရာပဲ။ ကျွင်းထဲကျဖို့ ကံပါလာတာနေမှာ]

လူမှုကွန်ရက်ပေါ်ရှိ ထိုပို့စ်ကြောင့် ရှန်ဟောင်နှင့် လီစီကျယ်တို့၏ နောက်ကြောင်းအချက်အလက်များလည်း ပြန်လည်တူးဖော်ခံရပြီး သူတို့နှစ်ဦးကို စောင့်ကြည့်သူမှာ သောင်းနှင့်ချီ တိုးပွားလာခဲ့လေသည်။

အများစုမှာ ပြဿနာကို လာရောက်စောင့်ကြည့်ကြသူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် လူသိများလာခဲ့၏။

ကိုင်တွယ်ဖြေရှင်းရန် လူနှစ်ယောက် ကျန်ရှိနေသေးသည်။ ယဲ့ယီသည် ထိုသူများကို မနက်ဖြန်တွင် သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ဤအဖွဲ့ကို စောစော စုစည်းနိုင်လေလေ၊ သူတို့လေ့ကျင့်ရေးကို စောစောစတင်နိုင်လေလေ ဖြစ်သည်။ သူမအနေဖြင့် စာချုပ်ဖောက်ဖျက်ကြေး နှစ်ဆကို မလျော်ချင်သောကြောင့် ဖြစ်ပေလိမ့်မည်။

အနုပညာရှင်သစ်များကို လက်မှတ်ထိုးရန် အလုပ်ရှုပ်နေသည့်အပြင် နန်ချင်ဝမ်သည် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့အတွက် ‘စုံတွဲအဝတ်အထည်’ ကြော်ငြာတစ်ခုကိုလည်း လက်ခံပေးထားခဲ့၏။

အဆိုပါ ကြော်ငြာအမှတ်တံဆိပ်မှာ နိုင်ငံတကာ အဆင့်မီ အမှတ်တံဆိပ်ကြီးတစ်ခု မဟုတ်သော်လည်း နာမည်ကောင်းရှိသော ပြည်တွင်းအမှတ်တံဆိပ်ဟောင်းတစ်ခု ဖြစ်လေသည်။ ရိုက်ကူးရေးလုပ်မည့် အချိန်ကို သုံးရက်အကြာတွင် သတ်မှတ်ထား၏။

အခန်း (၁၄၀)

ရှက်သွေးဖြာခြင်း

နောက်တစ်နေ့တွင် လူတိုင်းသည် အကယ်ဒမီရုပ်ရှင်ဆုပေးပွဲ၏ စကာတင်စာရင်း ကြေညာမည့်အချိန်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

နောက်ဆုံးတွင် မွန်းလွဲ နှစ်နာရီတိတိ၌ ထိုစာရင်း ထွက်ပေါ်လာခဲ့၏။ အကယ်ဒမီဆုပေးပွဲ၏ တရားဝင်အကောင့်ကလည်း ဤဆုပေးပွဲသည် အရင်းရှင်များ၏ လွှမ်းမိုးမှု လုံးဝမရှိကြောင်းနှင့် ဆုအားလုံးသည် တရားမျှတမှုရှိကြောင်း အထူးတလည် အလေးပေးဖော်ပြခဲ့လေသည်။

သို့သော်လည်း အင်တာနက်အသုံးပြုသူများသည် စကာတင်စာရင်းတွင် ယဲ့ယီ၏အမည်ကို မြင်လိုက်ရသောအခါ အကယ်ဒမီဆုပေးပွဲ၏ တရားမျှတမှုအပေါ် သံသယများ စတင်ဝင်လာခဲ့ကြပြန်သည်။

[တွေ့လား... တွေ့လား... ယဲ့ယီဆိုတဲ့တစ်ယောက်က သေချာပေါက် နောက်ဖေးပေါက်ကနေ ဝင်လာတာလို့ ငါပြောသားပဲ]

[ဘာ ‘တရားမျှတမှု’ လဲ။ ယဲ့ယီတောင် စကာတင်ခံရတယ်ဆိုတော့ အကယ်ဒမီဆုပေးပွဲကလည်း အရင်းရှင်တွေရဲ့ ကြိုးကိုင်စရာ ဖြစ်သွားပြီပေါ့]

[စဉ်းစားနေစရာတောင် မလိုဘူး၊ ယဲ့ယီကကြိုတင်ရွေးချယ်ခံထားရတာပဲ။ ဒီနှစ် အကယ်ဒမီ ဆုရှင်တွေထဲမှာ သူ သေချာပေါက် ပါမှာပဲ။ ဘယ်ကံဆိုးမိုးမှောင်ကျတဲ့သူရဲ့ နေရာကို လုယူလိုက်လဲဆိုတာပဲ မသိတာ]

[ကုဥက္ကဌက ယဲ့ယီကို ဒီစာရင်းထဲထည့်ဖို့ အကယ်ဒမီဆုပေးပွဲကို ပိုက်ဆံဘယ်လောက်တောင် ပေးလိုက်ရလဲဆိုတာပဲ ငါသိချင်တယ်]

သို့သော်လည်း ဆင်ခြင်တုံတရားရှိသော အချို့သောသူများကမူ အမှန်အတိုင်း ရှေ့နေလိုက်ပေးကြသည်။

[တကယ်တော့ ဒီတစ်ခါ ယဲ့ယီ စကာတင်ခံရတာက ပုံမှန်ပါပဲ။ ‘ညီမလေး၏အပြုံး’ ရုပ်ရှင်က တကယ်ကို ကောင်းကောင်းရိုက်ကူးထားတာလေ။ဒီလရဲ့ ရုံဝင်ငွေစာရင်းကလည်း ထိပ်ဆုံးက ရှိနေတာပဲ]

[ငါက ယဲ့ယီရဲ့ ပရိသတ်မဟုတ်ပေမဲ့ ဒီတစ်ခါ သူ့ သရုပ်ဆောင်ချက်က တကယ်ကို ကောင်းတာတော့ အမှန်ပဲ]

သို့သော် ထိုကဲ့သို့သော မှတ်ချက်အနည်းငယ်မှာ အခြားသော ဝေဖန်တိုက်ခိုက်သံများကြား ခဏအတွင်းပင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့၏။

ယဲ့ယီ၏အမည်သည် ထိပ်တန်းရှာဖွေမှုစာရင်းတွင် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ အကြိမ်ကြိမ် ထိပ်တန်းစာရင်းဝင်ခဲ့ဖူးသဖြင့် ‘ဂျက်နီစစ် ဖျော်ဖြေရေး’ မှ ဝန်ထမ်းများမှာမူ နေသားကျနေပြီဖြစ်ရာ ထိုကိစ္စကို စနစ်တကျ စတင်ကိုင်တွယ်ဖြေရှင်းကြတော့သည်။

သူတို့သည် ရုပ်ရှင်ထဲမှ အကောင်းဆုံး အခန်းကဏ္ဍအချို့ကို ဗီဒီယိုအတိုများအဖြစ် တည်းဖြတ်ကာ လူမှုကွန်ရက်ပေါ်တွင် တင်လိုက်ကြ၏။ ထိုဗီဒီယိုများတွင် ယဲ့ယီ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်များကို အထင်အရှား မြင်တွေ့နိုင်သည်။

ဗီဒီယိုများကို ကြည့်ပြီးနောက် လူများစွာမှာ သူမ သရုပ်ဆောင်ချက်အပေါ် အံ့အားသင့်သွားကြပြီး သူမ စကာတင်ခံရခြင်းကို ပိုမိုလက်ခံလာကြ၏။

သို့သော်လည်း အချို့ကမူ ဤသည်မှာ အကောင်းဆုံးအပိုင်းများကိုသာ ရွေးထုတ်ပြထားခြင်းဖြစ်ပြီး ကုမ္ပဏီက တမင်တည်းဖြတ်ထားခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြန်သည်။

ထို့ကြောင့်ပင် လူအချို့မှာ ထိုရုပ်ရှင်ကို သေသေချာချာ သွားရောက်ကြည့်ရှုခဲ့ကြပြီးနောက် လုံးဝစကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရတော့သည်။ ထို့နောက် ငွေပေး၍ အပုပ်ချခိုင်းထားသူများနှင့် အမုန်းပွားသူ အနည်းငယ်သာ ဆက်လက်ငြင်းခုံနေကြတော့သည်။

အင်တာနက်အသုံးပြုသူ အများစုသည် ယဲ့ယီ၏သရုပ်ဆောင်ချက်မှာ အဆင့်မီသဖြင့် စကာတင်ခံရခြင်းမှာ သဘာဝကျသည်ဟု ယူဆလာကြသည်။ ပြဿနာမှာ အတော်လေး လွယ်ကူစွာ ပြေလည်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ စကာတင်ခံရခြင်းသာ ဖြစ်ပြီး ဘာကိုမျှ အတည်မပြုနိုင်သေးပေ။ နှစ်စဉ်နှစ်တိုင်း လူများစွာမှာ စကာတင်ခံရသော်လည်း ဆုနှင့်လွဲချော်ကာ အမြဲတမ်း ဒုတိယနေရာတွင်သာ ရှိနေတတ်ကြ၏။

ယဲ့ယီသည် အွန်လိုင်းပေါ်မှ ပြောဆိုချက်များကို သိပ်ပြီးဂရုမစိုက်ပေ။ သူမ ယခင်ဘဝတွင် ဤကဲ့သို့သော ကိစ္စရပ်များကို ခဏခဏ ကြုံတွေ့ဖူးခဲ့သဖြင့် ယခုအခါတွင် ယဉ်ပါးနေလေပြီ။

ထူးခြားသည်မှာ မကြာသေးမီက သူမ လူမှုကွန်ရက်ပေါ်ရှိ စောင့်ကြည့်သူဦးရေမှာ အတော်လေး တိုးပွားလာလေ၏။ အချို့သူများကဆိုလျှင် သူမနှင့် ကုရှီချန်းအတွက် ‘စုံတွဲအထူးကဏ္ဍ’ တစ်ခုကိုပင် ဖန်တီးခဲ့ကြသေးသည်။

ယဲ့ယီသည် အကောင့်တုတစ်ခု ပြုလုပ်ကာ ထိုကဏ္ဍထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ကြည့်သောအခါ ပို့စ်အများစုမှာ ရမ္မက်ကြွဖွယ်ရာ ရေးသားချက်များ နှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရတော့သည်။ အကယ်၍ အကြောင်းအရာမှာ သူမကိုယ်တိုင်သာ ဖြစ်မနေခဲ့ပါက သူမလည်း ထိုရေးသားချက်များကို အတော်လေး နှစ်သက်မိလိမ့်မည်။

သို့သော် ယဲ့ယီ မသိခဲ့သည်မှာ ထိုကဏ္ဍထဲတွင် သူမတစ်ယောက်တည်း ခိုးဝင်ကြည့်နေခြင်း မဟုတ်ပေ။ ကုရှီချန်းလည်း ယဲ့ယီ၏ လူမှုကွန်ရက်ကို ကြည့်ရှုရင်း ထိုစုံတွဲကဏ္ဍကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့လေသည်။

သူ ဝင်ကြည့်လိုက်သောအခါတွင် အထဲမှ ရေးသားထားသော အကြောင်းအရာများကြောင့် ချက်ချင်းပင် မှင်တက်သွားခဲ့ရလေ၏။

‘အင်တာနက်အသုံးပြုသူတွေ ဒီလောက်ထိ အရိုင်းဆန်ရသလား’

အချို့သူများဆိုလျှင် ရမ္မက်လှုံ့ဆော်ဖွယ်ရာ ဝတ္ထုတိုများကိုပင် ရေးသားနေကြလေ၏။ ကုရှီချန်းတစ်ယောက် နားရွက်များပင် နီရဲလာပြီးအကြောင်းအရာများကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်မိရာ အဆုံးတွင် သူ့မျက်နှာတစ်ခုလုံး နီရဲသွားခဲ့တော့သည်။

သူသည် ထိုကဏ္ဍထဲမှ ကမူးရှူးထိုး ပြန်ထွက်လာခဲ့သော်လည်း သူ သတိမထားမိလိုက်သည်မှာ ပြန်ထွက်ခါနီးတွင် ပို့စ်တစ်ခုကို မတော်တဆ အသည်းပေးမိသွားလေ၏။

ထိုပို့စ်မှာလည်း အဆိုးရွားဆုံး ရမ္မက်ကြွဖွယ်ရာ ဝတ္ထုတိုတစ်ပုဒ် ဖြစ်နေခဲ့သည်။ ထို့အပြင် သူသည် တရားဝင်အကောင့် ဖြင့် ဝင်ကြည့်နေခဲ့ခြင်း ဖြစ်၏။

ရုံးခန်းအတွင်းတွင် ယဲ့ယီသည် လူငယ်ကလေး လေးဦး၏ လေ့ကျင့်ရေးအစီအစဉ်ကို မည်သို့စီစဉ်ရမည်ကို စဉ်းစားနေခဲ့သည်။

ရှန်ဟောင်နှင့် လီစီကျစ်တို့အပြင် ကျန်နှစ်ဦးမှာလည်း မူလကတည်းက စီမံခန့်ခွဲသည့်ကုမ္ပဏီ မရှိကြသူများဖြစ်သဖြင့် သူမသည် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။

ယခုအခါ သူမသည် ထိုလေးဦး၏ စွမ်းဆောင်ရည်များကို လေ့ကျင့်ပေးရတော့မည် ဖြစ်သည်။ သို့မဟုတ်ပါက လူအများရှေ့သို့ ထုတ်ပြရန် အရှက်ရစရာဖြစ်ပေလိမ့်မည်။

ယဲ့ယီ တစ်ယောက် အတွေးထဲတွင် နစ်မြောနေစဉ်မှာပင် ရုံးခန်းတံခါးမှာ ဘုန်းခနဲ ရုတ်တရက် ပွင့်လာခဲ့၏။

နန်ချင်ဝမ်သည် အခန်းထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ ယဲ့ယီသည် အရေးကြီးကိစ္စတစ်ခုခု ရှိသည်ဟု ထင်လိုက်သော်လည်း နန်ချင်ဝမ်၏ မျက်နှာတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့်အမူအရာများ ပေါ်လွင်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။

ယဲ့ယီမှာလည်း ကျောထဲ အေးစိမ့်သွားကာ တစ်ခုခုတော့ မူမမှန်ကြောင်း ခံစားလိုက်ရတော့သည်။

“ရှောင်ယီ... နင်ထပ်ပြီး ထိပ်တန်းရှာဖွေမှုစာရင်းထဲ ရောက်နေပြန်ပြီ”

နန်ချင်ဝမ်၏ စကားကို ကြားပြီးမှသာ ယဲ့ယီမှာ သက်ပြင်းချနိုင်သွားသည်။ ကြီးကြီးမားမား ကိစ္စတစ်ခုခုဟု သူမ ထင်ထားခဲ့သော်လည်း ထိပ်တန်းရှာဖွေမှုစာရင်း ဝင်ခြင်းသာ ဖြစ်လေသည်။ ဤကိစ္စသည် ဘာများ အံ့ဩစရာ ရှိမည်နည်း။

နန်ချင်ဝမ် က ဆက်ပြောလေသည်။

“နင် ဥက္ကဌကု နဲ့အတူ ထိပ်တန်းစာရင်းဝင်နေတာလေ”

“ကျွန်မ ကုရှီချန်းကို မတွေ့တာ တော်တော်ကြာပြီ မဟုတ်လား”

ယဲ့ယီ ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူမသည် ကောင်လေးအဖွဲ့ ဖွဲ့စည်းရန် အလုပ်ရှုပ်နေသဖြင့် ကုရှီချန်းကို မတွေ့ရသည်မှာ ကြာခဲ့လေပြီ။

ကုရှီချန်းလည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကုမ္ပဏီသို့ လာရောက်ခြင်း မရှိခဲ့သဖြင့် သူတို့နှစ်ဦးသည် အဘယ့်ကြောင့် ထိပ်တန်းသတင်းထဲ ဝင်ရောက်မည်နည်း။

နန်ချင်ဝမ်မှာမူ မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောမိသွားတော့သည်။

ယဲ့ယီ ပို၍ပင် နားမလည်နိုင်ဖြစ်နေ၏။

“တကယ်ပဲ ဘာတွေဖြစ်နေလို့လဲ”

ထိုသို့မေးရင်း လူမှုကွန်ရက်ထဲသို့ ကိုယ်တိုင်ဝင်ကြည့်လိုက်လေသည်။ သို့သော် ထိပ်တန်းခေါင်းကြီးပိုင်းသတင်းများကို မြင်လိုက်ရသောအခါ သူမ ဆွံ့အသွားခဲ့ရတော့သည်။

#ကုရှီချန်းသည် သူ၏တရားဝင်အကောင့်ဖြင့်မိမိကိုယ်ကို အားပေးနေသည်

#ကုရှီချန်းသည် သူနှင့်ယဲ့ယီတို့ အကြောင်းရေးထားသည့် ရမ္မက်ကြွဝတ္ထုကို အသည်းပေးခဲ့သည်

#ကုရှီချန်းနှင့်ယဲ့ယီတို့ကြားမှ ဖော်ပြမရနိုင်သောကိစ္စရပ်များ စုစည်းမှု

“ရှောင်ယီ... ကြည့်ရတာ ဥက္ကဌကုက နင့်ကို တကယ်ချစ်ပုံရတယ်။ ကြည့်ပါဦး... သူကိုယ်တိုင်တောင် တရားဝင်အကောင့်နဲ့ နင်တို့နှစ်ယောက်ရဲ့အတွဲကို အားပေးနေတာ”

နန်ချင်ဝမ် နောက်ပြောင်ကာ ပြောဆိုလိုက်သည်။

ယဲ့ယီမှာ ခဏတာ ဘာပြောရမှန်း မသိဖြစ်သွား၏။

‘ကုရှီချန်းက အရူးလား’

‘ဘယ်လိုလူက တရားဝင်အကောင့်ကြီးနဲ့ အတင်းသတင်းတွေကို လိုက်ကြည့်မှာတုန်း’

‘ကြည့်ရုံတင်မကဘဲ အသည်းပါပေးဖို့ အထိ သတ္တိရှိတယ်ပေါ့’

ထိုအချိန်မှာပင် ကုရှီချန်းထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိလိုက်သည်။ ယဲ့ယီ ဖုန်းကိုင်လိုက်ပြီးနောက် ခဏအကြာမှ တစ်ဖက်မှ အသံထွက်လာလေ၏။

“လိုင်းပေါ်က ကိစ္စက မတော်တဆ ဖြစ်သွားတာပါ”

ယဲ့ယီမှာ ကုရှီချန်းကို နောက်ပြောင်ချင်စိတ် ပေါ်လာလေ၏။

“ရှင်က အဲ့ဒီစုံတွဲအားပေးတဲ့ ကဏ္ဍထဲကို မတော်တဆ ဝင်မိသွားပြီး မတော်တဆ အသည်း ပေးမိသွားတယ်လို့ ပြောချင်တာလား”

ဖုန်းတစ်ဖက်မှာ တိတ်ဆိတ်သွား၏။

ယဲ့ယီက ပြုံးပြုံးနှင့် ထပ်ပြောလိုက်၏။

“ဥက္ကဌကု... ရှင်က ရမ္မက်ကြွဝတ္ထုတွေ ဖတ်ရတာ ဝါသနာပါမှန်း ကျွန်မ မသိခဲ့ဘူး”

တစ်ဖက်မှ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ အသံပြန်ထွက်လာလေသည်။

“ကိုယ် အဲ့လိုမျိုးတွေ ဖတ်ရတာ ဝါသနာမပါဘူး၊ မင်းနဲ့ ပတ်သက်သမျှ အရာအားလုံးကို သိချင်ရုံသက်သက်ပါ”

ယခုတစ်ကြိမ်တွင်မူ ယဲ့ယီ တိတ်ဆိတ်သွားရမည့် အလှည့်ဖြစ်သွား၏။ နန်ချင်ဝမ်သည် ယဲ့ယီ၏မျက်နှာ နီမြန်းလာသည်ကို မြင်လိုက်ရသဖြင့် ကုရှီချန်း တစ်ယောက် ဘာတွေပြောလိုက်သည်ကို သိချင်သွား၏။

သူမ မှတ်မိသလောက် တုန်မင်ရွှမ်သည် ယဲ့ယီအား စနောက်ပြီး ကျီစယ်ခဲ့စဉ်က ယဲ့ယီကလည်း ပြန်လည် ကျီစယ်လိုက်သဖြင့် တုန်မင်ရွှမ်မှာ မျက်နှာတစ်ခုလုံး နီမြန်းခဲ့ရသည်။

ယဲ့ယီသည် လွယ်လွယ်နှင့် ရှက်တတ်သူ မဟုတ်ပေ။ ယခု သူမ ရှက်သွေးဖြာနေသည်ကို ကြည့်ခြင်းအားဖြင့် ကုရှီချန်းဘက်မှ တစ်ခုခုကို ပြောလိုက်ပုံရ၏။

ယဲ့ယီ စကားမပြောသည်ကို မြင်သောအခါ တစ်ဖက်လူက နောက်ထပ်တစ်ခွန်း ထပ်ပြောလာလေ၏။

“လိုင်းပေါ်က ကိစ္စကို ကိုယ် ကိုင်တွယ်လိုက်ပါ့မယ်၊ စိတ်မပူနဲ့”

ထိုသို့ဆိုကာ ဖုန်းချသွားသည်။ ဖုန်းချသွားပြီးသည့်တိုင်အောင် ယဲ့ယီ၏ မျက်နှာပေါ်မှ နီမြန်းမှုများမှာ ပျောက်ကွယ်မသွားသေးပေ။

ထိုအချိန်မှာပင် တုန်မင်ရွှမ် က ရုတ်တရက် ဝင်လာ၏။ ယဲ့ယီ၏ နီမြန်းနေသော မျက်နှာကို မြင်လိုက်ရသောအခါ တုန်မင်ရွှမ် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“ဟာ... အစ်မယဲ့... အစ်မက တကယ်ကြီး ရှက်နေတာလား”

ယဲ့ယီ ချက်ချင်းပင် ကိုယ့်နဖူးကို ရိုက်လိုက်မိသည်။

’ဘာတွေ လျှောက်ပြောနေတာလဲ’

‘တကယ်ကြီး ရှက်နေတာလား ဆိုတာ ဘာသဘောလဲ’

သူ ပြောနေပုံမှာ သူမသည် အသည်းနှလုံး မရှိသူအတိုင်း ဖြစ်နေလေ၏။

All Chapters