အခန်း (၄၈၁-၄၈၂)
Vol. 49 Ch. 481-482
အခန်း (၄၈၁)
“ဝင်ခဲ့ပါ”
ပြင်းထန်အေးခဲတောင်တန်းစံအိမ် တဲစခန်းအတွင်းမှ အခွင့်အာဏာကို သယ်ဆောင်ထားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်တစ်ဦး ဦးဆောင်မှုဖြင့် သံတမန်သည် စခန်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။
တစ်ချိန်တည်းမှာပင် ပင်းမိသားစု အကြီးအကဲတစ်ဦး ချူဖုန်းတို့ မြင်းလှည်းဘေးသို့ ရောက်လာပြီး လေးစားစွာ ပြောလိုက်၏။
“သခင်မလေး သမက်လေးတို့ မြောက်ပိုင်းအမဲလိုက်နိုင်ငံ သံတမန်က တွေ့ဆုံခွင့်တောင်းခံနေပါတယ်။ သခင်မလေးနဲ့ သမက်တော်တို့ သွားရောက်တွေ့ဆုံပေးဖို့ မျှော်လင့်ပါတယ်”
“နားလည်ပြီ”
ပင်းယန် မြင်းလှည်းထဲမှ ထွက်လာပြီ သူမ အကြည့်က ချူဖုန်းအပေါ်သို့ ကျရောက်သွားသည်။ သူမ သွယ်လျပြီး ကျောက်စိမ်းကဲ့သို့လှပသော လက်ကို ကမ်းပေးရင်း ပြောလိုက်၏။
“ယောက်ျား သွားကြစို့”
“အင်း”
ချူဖုန်း သူမလက်ကို တွဲလိုက်ပြီး လူအများ စောင့်ကြည့်နေသော မျက်လုံးများအောက် သူတို့သည် ထိပ်တန်းအဆင့် ရတနာတစ်ခုမှ ပြောင်းလဲထားသော နန်းတော်အတွင်းသို့ ဝင်သွားကြသည်။
သူတို့ အထဲဝင်လာသည်နှင့် ထိုနေရာရှိ အကြီးအကဲများအားလုံး မတ်တပ်ရပ်လိုက်ကြ၏။
“သခင်မလေးနဲ့ သမက်တော်ကို ဂါရဝပြုပါတယ်”
“ထကြပါ”
ပင်းယန် ပြောလိုက်ပြီး ချူဖုန်းနှင့်အတူ ပင်မထိုင်ခုံဆီသို့ လျှောက်သွားသည်။ မဟာပဏ္ဍိတရွှေတောင်ပံ သူတို့အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာ၏။
သူတို့နှစ်ဦး ထိုင်ခုံများပေါ်တွင် ထိုင်လိုက်ပြီးနောက် အမျိုးသမီးတပည့်များသည် အရသာရှိသော အစားအစာများနှင့် ဝိုင်ကောင်းများကို ယူဆောင်လာကာ စားပွဲပေါ်သို့ ချထားပေးကြသည်။
ချူဖုန်းရော ပင်းယန်ပါ စားသုံးရန် အစီစဉ် မရှိချေ။ တိတ်ဆိတ်စွာသာ ထိုင်နေကြသည်။
ခဏအကြာတွင် တပည့်တစ်ဦး အလျင်အမြန် ဝင်လာပြီး ဦးညွှတ်ကာ ပြောလိုက်၏။
“သခင်မလေး သမက်တော် ကျွန်တော်တို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ လက်အောက်ခံ နိုင်ငံကိုးနိုင်ငံက သံတမန်တွေ ရောက်လာပါပြီ”
ပင်းယန် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
“သူတို့ကို ဝင်ခွင့်ပြုလိုက်”
“ဟုတ်ကဲ့ပါ”
တပည့် ပြန်လည်ဖြေကြားပြီးနောက် တံခါးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“လက်အောက်ခံနိုင်ငံတွေက သံတမန်တွေကို တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်စမ်း”
ခဏအကြာတွင် မတူကွဲပြားစွာ ဝတ်ဆင်ထားသော လက်အောက်ခံနိုင်ငံများမှ သံတမန်ကိုးဦး အဓိကခန်းမအတွင်းသို့ အလျှိုလျှို ဝင်ရောက်လာကြ၏။ သူတို့အားလုံး ဦးညွှတ်ကာ ဂါရဝပြုလိုက်ကြသည်။
“သခင်မကို ဂါရဝပြုပါတယ်”
“ထကြ”
“ကျေးဇူးတင်ပါတယ်”
“ထိုင်ကြပါ”
ပြင်းထန်အေးခဲတောင်တန်းစံအိမ် ကျားဇီပြိုင်ပွဲကို ကြီးကြပ်မည့်သူမှာ ဝမ်တောက်ကျောင်းတော်မှ ပြန်လာသော မဟာပဏ္ဍိတတစ်ပါး ဖြစ်ကြောင်း သံတမန်များ လမ်းခရီးတွင် ကြိုတင်သိထားကြ၏။
အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကြောင့် သူတို့ အထင်မသေးကြသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် သူမအပေါ် ပို၍ပင် ကြောက်ရွံ့ရိုသေကြသည်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ် အတွင်းရေးကိစ္စများနှင့် ပတ်သက်၍မူကား သူတို့ မစူးစမ်းရဲကြပေ။
သံတမန်များ ရောက်ရှိလာပြီးနောက် စားသောက်ပွဲကို စတင်လိုက်သည်။
စားပွဲတော်အတွင်း၌ အကြီးအကဲများနှင့် သံတမန်ကိုးဦးတို့သာ စကားပြောဆိုနေကြ၏။
ချူဖုန်းနှင့် ပင်းယန်တို့ တိတ်ဆိတ်စွာ ထိုင်နေကြပြီး သူတို့တူများကို တစ်ခါတစ်ရံမှသာ လှုပ်ရှားကြသည်။
စားသောက်ပွဲပြီးဆုံး၍ သံတမန်များ ထွက်ခွာသွားပြီးနောက် ချူဖုန်း နောက်ဆုံးတွင် မေးလိုက်၏။
“ကိုးယောက်မြောက်ဦးလေး ကျားဇီပြိုင်ပွဲက စတော့မယ်။ ပြိုင်ပွဲရဲ့ အကြောင်းအရာတွေကို ကျွန်တော့်ကို ပြောပြသင့်တယ်မဟုတ်ဘူးလား”
အကယ်၍ တခြားဘယ်သာ ထိုသို့မေးမြန်းပါက ပင်းမိသားစု၏အကြီးအကဲများ သူတို့မျက်နှာကို ရိုက်နှက်လိုက်ကြမည် ဖြစ်သည်။
ပြိုင်ပွဲ စတင်တော့မည်ဖြစ်သော်လည်း ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ ယခုမှ မေးမြန်းနေခြင်းပင်။
သို့သော် ထိုသို့နှယ် ပြောလာသူသည် ချူဖုန်း ဖြစ်နေသောကြောင့် လူတိုင်း မသင့်တော်ဟု မထင်ချေ။
ကိုးယောက်မြောက်ဦးလေး မတ်တပ်ရပ်ကာ ချူဖုန်းကို ဦးညွှတ်လိုက်သည်။
“ကျားဇီပြိုင်ပွဲကို သုံးရက် ခွဲခြားထားပါတယ်”
“ပထမဆုံးနေ့က မျိုးဆက်သစ်လူငယ်တွေကြား ယှဉ်ပြိုင်မှုပါ။ ပါရမီရှင်ပြိုင်ပွဲ အသေးစားလေးလို့ မှတ်ယူနိုင်ပါတယ်”
“ဒုတိယနေ့ကတော့ အဓိကအင်အားစုကြီး ခြောက်ခုက လက်အောက်ခံနိုင်ငံတွေရဲ့ တိုက်ပွဲပါ။ ကျွန်တော်တို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်အပြင် အဓိကအင်အားစုကြီး ခြောက်ခုထဲမှာ ထုံရှင်းကျောင်းတော်၊ တောက်ပဓားအလင်းဂိုဏ်း၊ ရွှီကျိနိုင်ငံ၊ မြောက်ပိုင်းသဲကန္တာရဂိုဏ်း၊ ယဲ့ဝမ်နိုင်ငံနဲ့ ကွမ်ရှင်းစင်မြင့်တို့ ပါဝင်ပါတယ်”
“တတိယနေ့ကတော့ အဓိကပွဲစဉ်ဖြစ်ပါတယ်။ အဓိကအင်အားစုကြီး ခြောက်ခုက တိုက်ခိုက်ကြမှာဖြစ်ပြီး လောင်းကြေးထပ်ကြမှာပါ။ အဓိကအင်အားစုတွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်သူ အရေအတွက် ကန့်သတ်ချက်မရှိ တခြားအင်အားစုတွေကို အလှည့်ကျ စိန်ခေါ်နိုင်ပါတယ်။ တိုက်ပွဲတစ်ခုချင်းစီမှာ နယ်မြေတွေနဲ့ ရတနာတွေကို လောင်းကြေးထပ်နိုင်ပါတယ်”
“ကျားဇီပြိုင်ပွဲရဲ့ အကြီးမားဆုံး အောင်နိုင်သူက အကြီးမားဆုံး အကျိုးအမြတ်တွေကို ရရှိနိုင်မှာပါ”
ချူဖုန်း ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုရင် ကျားဇီပြိုင်ပွဲက အကျိုးအမြတ်တွေကို ပြန်လည်ခွဲဝေတဲ့ တိုက်ပွဲတစ်ခုပေါ့”
ကိုးယောက်မြောက်ဦးလေး ပြောလိုက်၏။
“အမှန်ပါပဲ။ ဒီတိုက်ပွဲကို ကျွန်တော်တို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ မဟာပဏ္ဍိတနှစ်ပါးက ကိုင်တွယ်ရပေမဲ့ တစ်ပါးက တံခါးပိတ်ကျင့်ကြံသွားလို့ လောလောဆယ် မပါဝင်နိုင်ပါဘူး။ ဒါကြောင့်မလို့ သမက်တော်ကို ကူညီပေးဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ခဲ့ရတာပါ”
“အကျိုးအမြတ်တွေ ရှိတယ်ဆိုမှတော့ ကူညီပေးတာ ပြဿနာမရှိပါဘူး”
ချူဖုန်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
ကိုးယောက်မြောက်ဦးလေး ပြောလိုက်သည်။
“သမက်တော်က တရားမျှတပါတယ်”
ချူဖုန်း ဆက်ပြောလိုက်၏။
“ဒါဆို မနက်ဖြန်ကျရင် ငါ တပည့်တွေကို လမ်းလျှောက်ဖို့ အပြင်ခေါ်သွားမယ်။ တတိယနေ့ကျမှ ခင်ဗျားတို့အားလုံးနဲ့ ဆုံကြတာပေါ့”
ကိုးယောက်မြောက်ဦးလေး ပြောလိုက်သည်။
“သမက်တော် အဆင်ပြေသလို လုပ်နိုင်ပါတယ်”
တစ်ချိန်တည်းမှာပင် ပြင်းထန်အေးခဲတောင်တန်းစံအိမ် ကျားဇီပြိုင်ပွဲကို ကြီးကြပ်မည့်သူသည် စံအိမ်သခင်မှ ပင်းမိသားစုသမီးကြီးအဖြစ် ပြောင်းလဲသွားသော သတင်းသည် အင်အားစုအသီးသီး၏ နားထဲသို့ ရောက်သွား၏။
နောက်တစ်နေ့တွင် နေမင်းကြီး ကောင်းကင်ထက်၌ မြင့်မားစွာ တောက်ပနေ၏။
ချူဖုန်း သမ်းဝေရင်း တပည့်တစ်စုကို ခေါ်ဆောင်ကာ လျှိုလန်ရှေးဟောင်းမြို့တော်သို့ စိတ်အေးလက်အေး ထွက်လာသည်။
လူခြေတိတ်သည့် မနေ့ကနှင့်မတူစွာ ယနေ့တွင် လျှိုလန်ရှေးဟောင်းမြို့တော်သို့ သွားရာလမ်း၌ ကျင့်ကြံသူများစွာ ရှိနေကြ၏။
အချိန်တိုလေးအတွင်း အဖွဲ့သည် လျှိုလန်ရှေးဟောင်းမြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
သူတို့ မြို့ထဲသို့ ဝင်လာသည်နှင့် ချူဖုန်းတို့ လမ်းမများပေါ်တွင် ဆိုင်ခန်းများဖွင့်ကာ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသော ကျင့်ကြံသူအများအပြားကို မြင်တွေ့လိုက်ရသည်။
“နှစ်တစ်ရာသက်တမ်းရှိတဲ့ ထျန်းရှန်းနှင်းကြာပန်းလေးပါ။ ဝင်ကြည့်လို့ရတယ်နော်”
“ရှေးဟောင်းနတ်သားရဲ သွေးမျိုးဆက်ပါတဲ့ နှင်းကျားသစ်လေးပါ လက်မလွှတ်လိုက်ကြပါနဲ့”
“…”
အော်ဟစ်သံများကို နားထောင်ရင်း ချူဖုန်း သူ့အတိတ်ဘဝက ဈေးပွဲတော်များသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
သူ ပြုံးကာ မေးလိုက်၏။
“ချစ်တပည့်တို့ ငါတို့တွေ ရတနာတချို့ကို ရှာပြီးကံစမ်းကြည့်ကြမလား”
ရွှီချိုက်ချန် ပြောလိုက်သည်။
“ဆရာ ဒီလိုနေရာမျိုးမှာ ရှာစရာ ရတနာတွေ ရှိနိုင်လို့လား”
ချူဖုန်း သူ့လက်ထဲရှိ ငှက်မွေးယပ်တောင်ကို ခပ်ကာ ပြောလိုက်သည်။
“မင်း ကံကြမ္မာသားတော်ရဲ့ ကံတရားကို မယုံကြည်တော့ဘူးလား”
၎င်းကို ကြားသောအခါ ရွှီချိုက်ချန် မျက်လုံးများ လင်းလက်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“ကျွန်တော် ဘယ်လိုလုပ် မေ့သွားရတာလဲ။ ဆရာ အတူတူ သွားကြရအောင်”
“သွားပြီး အမြင်လေးဘာလေး ကျယ်အောင်လုပ်တာပေါ့”
ချူဖုန်း ပြုံးကာ ပြောလိုက်သည်။
အဖွဲ့သည် ဆိုင်ခန်းများကို ဖြတ်သန်းသွားကြသော်လည်း တစ်ပတ်၊ ပတ်ပြီးနောက် စိတ်ဝင်စားစရာ ကောင်းသောအရာကို မတွေ့ကြပေ။
သူတို့ ထွက်ခွာတော့မည့် အချိန်မှာပင် ချူဖုန်း၏အကြည့်က ကွိုင်ငါးတစ်ကောင်အပေါ် ကျရောက်သွား၏။
၎င်းက နဂါးအမြီးပါသော ကွိုင်ငါးတစ်ကောင် ဖြစ်သော်လည်း ဆိုင်ပိုင်ရှင်က သာမန်ကွိုင်ငါးတစ်ကောင်အဖြစ် ရောင်းချနေခြင်း ဖြစ်သည်။
သူ့နှုတ်ခမ်းထောင့်၌ အပြုံးဖျော့ဖျော့ ပေါ်လာရင်း ရှေ့သို့ လျှောက်သွားကာ မေးလိုက်သည်။
“မိတ်ဆွေ ဒီငါး ဘယ်လောက်လဲ”
ဆိုင်ရှင်သည် ဝါးခမောက်ကို ဆောင်းထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။ သူ အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“မိတ်ဆွေက လူကဲခတ်တော်တဲ့ပုံပဲ။ ကျွန်တော့်ရဲ့ ကွိုင်ငါးက”
“တော်ပြီ။ ငါ ဈေးနှုန်းကိုပဲ မေးနေတာ”
ချူဖုန်း သူ့အရောင်းမြှင့်တင်နေမှုများကို မစဉ်းစားဘဲ ဖြတ်ပြောလိုက်သည်။
“အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း”
အနောက်ပင်လယ်မှ သူကောက်လာသော ကွိုင်ငါးအပေါ် ချူဖုန်း အလွန်စိတ်ဝင်စားနေကြောင်း ဆိုင်ရှင် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သဖြင့် ဈေးနှုန်းကို မြင့်လိုက်၏။
“တစ်ထောင်”
ချူဖုန်း တုံ့ဆိုင်းမှုမရှိ ဈေးနှုန်းကို အပြတ်အသတ် နှိမ်လိုက်သည်။
“သဘောတူတယ်”
ဆိုင်ရှင် သဘောတူလိုက်သည်။
ချူဖုန်း သူ့သိုလှောင်အိတ်လက်စွပ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး ဆိုင်ပေါ်သို့ ပစ်ချလိုက်ကာ တစ်ဖက်လူ၏ ငါးကန်ထဲမှ ကွိုင်ငါးကိုလှမ်းယူလိုက်၏။
ကွိုင်ငါးသည် ချူဖုန်း လက်ထဲတွင် အဆက်မပြတ် ရုန်းကန်နေသည်။
၎င်းကို မြင်သောအခါ ချူဖုန်း ပြုံးကာ ပြောလိုက်၏။ “ကောင်မလေး မလှုပ်နဲ့တော့။ မဟုတ်ရင် မင်းကို အိုးထဲထည့်ပြီး ချက်ပစ်မှာနော်”
၎င်းကို ကြားသောအခါ ကွိုင်ငါး လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ့သူငယ်အိမ်လေးများ လည်ပတ်သွားကာ ချူဖုန်းကို အသနားခံစွာ ကြည့်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်းချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဆရာ ကွိုင်ငါးမှာ အသိဉာဏ် ရှိနေတယ်”
၎င်းကို ကြားသောအခါ ဆိုင်ရှင်၏မျက်နှာ ချက်ချင်း မည်းမှောင်ကျသွားသည်။ အသိဉာဏ်ရှိသော ကွိုင်ငါးတစ်ကောင်ကို အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တည်းနှင့် ရောင်းလိုက်ခြင်းသည် သူ အကြီးအကျယ် ရှုံးသွားခြင်းပေ။
သူ ငါးကို ပြန်တောင်းရန် ပြင်လိုက်သော်လည်း မျက်လုံးတစ်စုံ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။ သူ ထိုမျက်လုံးပိုင်ရှင်ကို လှမ်းကြည့်လိုက်သောအခါ တစ်ဖက်လူက သူ့ကို ဒေါသတကြီး ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ဖက်လူ၏အကြည့်ထဲရှိ သတ်ဖြတ်လိုသော အရှိန်အဝါကို အာရုံခံမိပြီးနောက် သူ ပြန်တောင်းမည့် အကြံကို ချက်ချင်း စွန့်လွှတ်လိုက်သည်။
ထိုစဉ် သိပ်မဝေးသည့်နေရာမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“အောမီထောဖော အသက်တစ်ချောင်း ကယ်ကောင်းပါတယ်။ ကွိုင်ငါးမှာ အသိဉာဏ် ရှိနေပြီဆိုမှတော့ ဒကာကြီး ဘာလို့”
ချူဖုန်း သူ့ကို စကားပြောခွင့် မပေးသလို တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်ကို မကြည့်ဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဘုန်းကြီး ဒီငါးကို မရောင်းဘူး”
သိပ်မဝေးသည့် နေရာတွင် ခေါင်းပေါ်၌ အမာရွတ်များဖြင့် ချောမောသော ဘုန်းကြီးလေး ထိုစကားများကို ကြားသောအခါ နေရာမှာတင် အေးခဲသွား၏။
ချူဖုန်းတို့အဖွဲ့ အဝေးသို့ ရောက်သွားမှသာ သူ ငါးကို လာဝယ်ယူခြင်းမဟုတ်ဘဲ တစ်ဖက်လူကို လွှတ်ပေးရန် တောင်းဆိုဖို့ လာခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။
ဘုန်းကြီးလေး ချူဖုန်းတို့နောက်သို့ အလျင်အမြန် လိုက်မှီလာ၏။ သူ စကားပြောရန် ပြင်လိုက်စဉ် ချူဖုန်းအနောက်မှ လိုက်ပါလာသော ချင်းချင်း ခေါင်းလှည့်ကာ သတ်ဖြတ်လိုသည့် လေသံဖြင့် ပြောလိုက်သည်။
“ဘုန်းကြီး နင် ငါ့ဆရာ့ ပြောတာကို မကြားလိုက်ဘူးလား”
ဘုန်းကြီးလေးသည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိသော်လည်း အကြောင်းရင်းတစ်ခုခုကြောင့် ကွိုင်ငါးကို မြင်သောအခါ သတ္တိကို မွေးလိုက်ပြီး ပြောလိုက်သည်။
“ဒကာမလေး ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကိုယ်တော် အသိဉာဏ်ရှိတဲ့ ငါးကို စားပစ်မှာ မလိုလားရုံပါ။ ဒကာမလေးတို့ဆရာက ငါးကို လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
၎င်းကို ကြားသောအခါ ချူဖုန်း ပြုံးလိုက်သည်။
“ဘုန်းကြီးလေး မင်း သူနဲ့ ရေစက်ပါလာတာပဲ။ ပြီးတော့ ဖူးစာဖက်တွေ ဖြစ်နေတယ်”
အခန်း (၄၈၂)
“အောမီထောဖော”
ဘုန်းကြီးလေး ကျမ်းစာ ရွတ်ဖတ်လိုက်သည်။ “ဗုဒ္ဓဘာသာဝင်တွေက အာရုံခြောက်ပါး စင်ကြယ်မှုကို အလေးထားပါတယ်။ ဒကာလေး ဘာလို့ ကိုယ်တော့်ကို ဒီလို စော်ကားရတာလဲ”
ချူဖုန်း ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းခေါင်းပေါ်က ကံကြမ္မာမှာ အချစ်ရေးကပ်ဘေးတစ်ခု ပေါ်နေလို့”
၎င်းကိုကြားသောအခါ ဘုန်းကြီးလေး မျက်လုံးထဲက ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး မေးလိုက်၏။
“စီနီယာ ကွမ်ရှင်းစင်မြင့်က ကျွမ်းကျင်သူတစ်ယောက်လား”
“မဟုတ်ဘူး”
ချူဖုန်း အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။
“ငါ ကံကြမ္မာပညာရပ်ကို နည်းနည်းလောက် နားလည်ထားတယ်။ မင်းကံကြမ္မာမှာ အချစ်ကပ်ဘေးတစ်ခု ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရတယ်။ မင်း ငါ့တပည့်မတွေနဲ့ မထိုက်တန်တော့ ဒီနဂါးကွိုင်ငါးမလေးပဲ မင်းနဲ့ ရေစက်ပါနိုင်တယ်လို့ ထင်လိုက်တာလေ”
ဤစကားများ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူနှင့်ငါးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူတို့မျက်လုံးချင်း ဆုံပြီးနောက် အလိုလို မျက်နှာလွှဲသွားကြ၏။ အထူးသဖြင့် နဂါးကွိုင်ငါးလေး မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဘုန်းကြီးလေး စော်ကားခံရသလို ခံစားမိ၏။
‘ခင်ဗျားတပည့်တွေနဲ့ မထိုက်တန်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်က ထုံရှင်းကျောင်းတော်က စစ်မှန်တပည့်တစ်ယောက်ပဲ’
၎င်းကိုမြင်သောအခါ ချူဖုန်း ပြုံးကာပြောလိုက်သည်။ “ရေစက်ပါလို့ တွေ့ရတာပဲ။ မင်း ငါနဲ့ တွေ့ပြီး ကြင်နာတတ်တော့ မင်းအတွက် ဒီအချစ်ကပ်ဘေးကို ဖြေရှင်းပေးလိုက်မယ်”
ထိုသို့ပြောပြီးနောက် သူ နဂါးကွိုင်ငါးလေးကို ပစ်ချလိုက်ပြီး ပြော၏။
“ဖြေရှင်းစေ”
ထိုစကားများ သူ့နှုတ်ဖျားမှ ထွက်ကျလာသည်နှင့် ဥပဒေသက လိုက်ပါလာသည်။ ဖြေရှင်းစေဆိုသည့် စကားလုံး နဂါးကွိုင်ငါးလေးအပေါ်သို့ ကျရောက်သွားသည့်အခိုက် အလင်းတန်းတစ်ခု သူမကို လွှမ်းခြုံသွားပြီး အနီရောင်ဝတ်စုံ ဝတ်ဆင်ထားကာ အနောက်ဘက်တွင် ငါးကြင်းအမြီးတစ်ခု ပါရှိသည့် အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ် လှပသော ကောင်မလေးတစ်ဦး လူတိုင်းရှေ့တွင် ပေါ်လာ၏။
ပတ်ဝန်းကျင်ရှိလူများ ဤမြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားကြသည်။
“ဝိုး”
ချန်ကျင်းကျင်း ထိုကောင်မလေးကို မြင်သောအခါ စိတ်လှုပ်ရှားစွာ လျှောက်သွားပြီး ပြောလိုက်၏။
“လှလိုက်တဲ့ ကောင်မလေး။ ငါတို့ ပိုင်ကျင်းလောက်နီးပါး လှတယ်”
၎င်းကိုကြားသောအခါ ကွိုင်ငါးလေး ဒေါသမထွက်ပေ။ ယင်းအစား သူမ ချူဖုန်းကို ဦးညွှတ်လိုက်သည်။
“စီနီယာ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ စိတ်ချပါ စီနီယာ။ ကွိုင်ငါးလေး ဘုန်းကြီးလေးကို လုံးဝ မကြိုက်ပါဘူး။ စီနီယာ စိတ်မရှိဘူးဆိုရင် ကွိုင်ငါးလေးက စီနီယာအတွက် အဝတ်လျှော်ပြီး ထမင်းချက်ပေးဖို့ ဆန္ဒရှိပါတယ်”
ချူဖုန်း ပြောလိုက်၏။
“ဒါက သေးငယ်တဲ့ အားထုတ်မှုလေးတစ်ခုပါ။ ပြောနေစရာတောင် မလိုဘူး။ ငါတို့ လျှိုလန်ရှေးဟောင်းမြို့တော်ကနေ ထွက်သွားတဲ့အခါ မင်း ကိုယ့်အိမ်ကိုယ် ပြန်လို့ရပြီ”
ကွိုင်ငါးလေး မှင်တက်သွား၏။ ဤလောကတွင် မည်သည့်အရာကိုမှ ပြန်မတောင်းဆိုဘဲ ကောင်းသည့်ကိစ္စတစ်ခု ပြုလုပ်မည့်သူရှိမည်ဟု သူမ မမျှော်လင့်ထားမိချေ။
သူမ ငယ်စဉ် သူရဲကောင်းဆန်ဆန် ပြုမူတတ်သော ဖြောင့်မတ်သည့် ကျင့်ကြံသူများသည် သူတို့လှုပ်ရှားပြီးနောက် အမျိုးသမီးကျင့်ကြံသူများ သူတို့ကိုယ်သူတို့ ဆက်သခြင်းကို နှစ်သက်ကြောင်း ပင်လယ်ထဲရှိ အကြီးအကဲများ ပြောသည်ကို မကြာခဏ ကြားခဲ့ရ၏။
ထိုအချိန် ကွိုင်ငါးလေးသည် အကယ်၍ ထိုကျင့်ကြံသူများ ရုပ်ဆိုးနေပါက ဘာလုပ်ရမည်နည်းဟု သူမအကြီးအကဲများကို မေးမြန်းဖူးသည်။
ထိုအချိန် အကြီးအကဲများ၏ အဖြေကား။
‘နောက်ဘဝမှာ သူ့နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ် သွားလုပ်ပေးလိုက်။ တကာ်လို့ သူက ရုပ်ချောနေရင်တော့ ဘာမှစဉ်းစားမနေနဲ့။ သူ့အတွက် ကလေးတန်းမွေးပေးလိုက်’
‘ဒါပေမဲ့ ဘာလို့ ငါ့အတွက် အလုပ်မဖြစ်ရတာလဲ။ သူ ငါ့ကို ရုပ်ဆိုးတယ်လို့ ထင်နေလို့လား။ ဒါပေမဲ့ တခြားပင်လယ်သတ္တဝါတွေ အားလုံး ငါ့ကို လှတယ်လို့ ပြောကြတာပဲလေ’
ကွိုင်ငါးလေး ငေးမောနေသည်ကို မြင်သောအခါ ချူဖုန်း ပြောလိုက်သည်။
“ဘာလဲ။ မင်း ဆန္ဒမရှိဘူးလား”
“ကျွန်မမှာ အိမ်မရှိတော့ဘူး”
ကွိုင်ငါးလေး သူမ ဒုတိယမြောက် ဝှက်ဖဲကို ချက်ချင်း အသုံးပြုကာ မတရားခံရပြီး သနားစရာကောင်းသည့် ဟန်ဆောင် မျက်ရည်ပုလဲလုံးလေးများ ကျဆင်းပြလိုက်သည်။
ပုံမှန်ယောကျ်ားတစ်ယောက် မိန်းကလေးတစ်ယောက် ငိုနေသည်ကို ငြင်းဆန်နိုင်မည်မဟုတ်ဟု အကြီးအကဲများ ပြောထား၏။
“ဖြေရှင်းဖို့ လွယ်ပါတယ်။ နောက်ကျရင် တောင်ပေါ်မှာ မင်းအတွက် ငါးကန်တစ်ခုတူးပေးမယ်။ အထဲမှာ မင်း နေလို့ရတယ်”
ချူဖုန်း မိန်းမငယ်လေးများကို စိတ်မဝင်စားပေ။ ပင်းယန်ကဲ့သို့ ရေခဲအလှလေးများ သို့မဟုတ် မဟာပဏ္ဍိတကျန်းရန်ကဲ့သို့ ခန္ဓာကိုယ်အချိုးအစားလှပသော မိန်းကလေးများကိုသာ နှစ်သက်သည်။
ကလေးရုပ်ရည်မျိုးနှင့် အမျိုးသမီးများသည့် သူ့အကြိုက်မဟုတ်ချေ။
“ကောင်းပြီ။ ကောင်းပြီ”
၎င်းကိုကြားသောအခါ ချန်ကျင်းကျင်း အလျင်အမြန် ပြောလိုက်သည်။
“ဆရာ ငါးကန်တူးတဲ့ ကိစ္စကို ကျွန်မဆီ လွှဲထားလိုက်ပါ”
ကွိုင်ငါးလေး လုံးဝ ဆွံ့အမှင်တက်သွား၏။
‘ဘာလဲ။ ဒါက ငါမျှော်လင့်ထားတာနဲ့ လုံးဝ ကွာခြားနေရတာလဲ’
“အောမီထောဖော”
ဘုန်းကြီးလေး ရွတ်ဖတ်လိုက်သည်။
“စီနီယာ ဝိညာဉ်စွမ်းအင်က အကန့်အသတ်မရှိပါပဲ၊၊ ဖာဟိုင် လေးစားပါတယ်”
“မင်းနာမည်က ဖာဟိုင်လား”
ချူဖုန်း မှင်တက်နေဟန်ဖြင့် ကတုံးလေးကို ကြည့်လိုက်ပြီးနောက် သူ့ဘေးရှိ ရွှီချိုက်ချန်ကို လှမ်းကြည့်လိုက်၏။
“တစ်ခုခု ပြဿနာရှိလို့လား ဆရာ”
ရွှီချိုက်ချန် ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။
ဖာဟိုင် စကားမပြောသော်လည်း ချူဖုန်းကို ဇဝေဇဝါကြည့်လိုက်၏။
ချူဖုန်း ပြုံးလိုက်သည်။
“ဘာမှမဟုတ်ဘူး။ အဲ့နာမည်ကို ကြားလိုက်ရတော့ မိတ်ဆွေဟောင်း တစ်ယောက်ကို သတိရသွားလို့ပါ”
“ဒီလိုကိုး။ ဒါဆိုရင် ဘုန်းကြီးက ဒကာလေးတို့ကို မနှောင့်ယှက်တော့ပါဘူး”
ဖာဟိုင် စကားပြောပြီးနောက် လှည့်၍ ထွက်လာသည်။
ချူဖုန်း ပြောလိုက်၏။
“သွားကြစို့။ ပါရမီရှင်ဆိုတဲ့သူတွေ လက်ရည်ယှဉ်ကြတာကို ငါတို့လည်း သွားကြည့်ကြတာပေါ့”
ဤဇာတ်လမ်းတိုလေးက အဖွဲ့၏ စိတ်အခြေအနေကို မထိခိုက်စေပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်းကို ပျော်ရွှင်သွားစေ၏။
အချိန်အချို့ကြာပြီးနောက် အဖွဲ့သည် လျှိုလန်ရှေးဟောင်းမြို့တော်၏ နေရာဟောင်း ဗဟိုချက်သို့ ရောက်ရှိသွားကြသည်။
ဤနေရာက ယခင်က လျှိုလန်တော်ဝင်နန်းတော်ပင်။ ကမ္ဘာခြားကောင်းကင်နတ်ဆိုးကို ဤနေရာ၌ ဖိနှိပ်ခဲ့ခြင်းဖြစ်ပြီး လျှိုလန်တော်ဝင်နန်းတော်လည်း တိုက်ပွဲတွင် ဖျက်ဆီးခံခဲ့ရ၏။
ယခုအခါ ၎င်းသည် သိုင်းပြိုင်ကွင်းကြီးတစ်ခု ဖြစ်လာပြီး ဝင်ရောက်ရန်အတွက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ဝင်ကြေး ပေးဆောင်ရန် လိုအပ်သည်။
သို့သော် ပြိုင်ပွဲကွင်းသည် မျိုးဆက်သစ်လူငယ် တပည့်များ အသုံးပြုရန်အတွက်သာ ဖြစ်သည်။
မြို့စားအဆင့် သို့မဟုတ် မဟာပဏ္ဍိတများအတွက် ဤနေရာမျိုးက လုံးဝ အဆင့်မမီပေ။
ချူဖုန်းတို့ ဝင်ပေါက်သို့ရောက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ပေးချေတော့မည့်အချိန်တွင် အံ့အားသင့်မှု အရိပ်အယောင်ပါဝင်သော အသံတစ်သံ သူတို့အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟန်ပင်း မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
၎င်းကိုကြားသောအခါ လူတိုင်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။ ကျောတွင် ဓားရှည်တစ်လက်လွယ်ထားသော အရပ်ရှည်ရှည် သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦး ဟန်ပင်းကို ပြုံးကြည့်နေသည်ကို သူတို့ မြင်လိုက်ရသည်။
“မင်း လီဖေးဖန်လား”
ထိုသူကိုမြင်သောအခါ ဟန်ပင်း မေးလိုက်၏။
“ဟုတ်တယ်။ ငါပါ။ အခုချိန်ထိ မင်း တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပဲလား။ ငါ တောက်ပဓားအလင်းဂိုဏ်းရဲ့ လက်အောက်ခံဖြစ်တဲ့ မုန်တိုင်းဓားဂိုဏ်းကို ဝင်ပြီးသွားပြီ။ ငါတို့ဂိုဏ်းမှာ မြို့စားတစ်ပါး ရှိတယ်ကွ”
လီဖေးဖန် မြို့စားအဆင့်အကြောင်း ပြောလိုက်သောအခါ သူ့မျက်နှာပေါ်ရှိ ကျေနပ်ဂုဏ်ယူနေသော အမူအရာမှာ ထင်ရှားနေသည်။
ချူဖုန်းတို့ စကားမပြောကြဘဲ ဟန်ပင်း ဆက်လုပ်မည်အရာကို သိချင်သဖြင့် သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ဟန်ပင်း ပြောလိုက်သည်။
“အခု ငါ မြောင်တောင်ကို ဝင်ထားပြီ။ တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်တော့ဘူး”
“မြောင်တောင်လား”
ဤဂိုဏ်းက မည်သည့်နေရာတွင် ရှိနေသနည်းဆိုသည်ကို ပြန်လည်မှတ်မိရန် ကြိုးစားနေသည့်အလား လီဖေးဖန် မျက်နှာပေါ်၌ တွေးတောနေသည့် အမူအရာတစ်ခု ပေါ်လာ၏။
အချိန်အတော်ကြာပြီးနောက် သူ ပြောလိုက်သည်။
“ဘာလို့ မင်း ဒီလိုဂိုဏ်းလေးတွေကိုပဲ အမြဲ ရွေးနေရတာလဲ။ သူတို့ ထပ်ပြီး ဖျက်ဆီးခံနေရဦးမယ်။ ငါတို့မုန်တိုင်းဓားဂိုဏ်းကို လာခဲ့ပါလား။ အနည်းဆုံးတော့ မင်းက အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာနိုင်တယ်”
“ဒါ့အပြင် မင်းအရင်က သဘောကျတဲ့ စီနီယာအစ်မပိုင်ကလည်း မုန်တိုင်းဓားဂိုဏ်းမှာ ရှိတယ်။ အရင်ကလိုပဲ မင်း သူ့ကို တိတ်တခိုး သဘောကျလို့ ရသေးတယ်”
၎င်းကိုကြားသောအခါ ဟန်ပင်း မျက်နှာ ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်၏။
“အဲ့သလို မရှိပါဘူး။ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့”
ယခု သူ့တွင် တာအိုလက်တွဲဖော်တစ်ယောက် ရှိနေပြီး မန်ဒလာသည် ဆေးပင်များ စိုက်ပျိုးရာတွင် ထူးချွန်သည့်အပြင် နူးညံ့သိမ်မွေ့ကာ ကိုယ်ချင်းစာတရားရှိပြီး နားလည်မှုရှိသော ကောင်မလေးတစ်ယောက် ဖြစ်သည်။
‘သူ ဘယ်လိုလုပ် စီနီယာအစ်မပိုင်ဆိုတဲ့သူကို သဘောကျနိုင်တော့မှာလဲ’
ချူဖုန်းတို့ ဟန်ပင်းကို အတင်းအဖျင်းပြောလိုသော အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။ ၎င်းက သူ့ကို အလွန် နေရခက်သွားစေသည်။
လီဖေးဖန် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် သိပ်မဝေးသည့်နေရာမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဖေးဖန် မင်းကို လက်မှတ်သွားဝယ်ခိုင်းထားတာလေ။ ဘာတွေ အချိန်ဆွဲနေတာလဲ”
ထိုအသံကိုကြားသောအခါ လီဖေးဖန် မျက်နှာပေါ်၌ ကြောက်ရွံ့သည့် အမူအရာတစ်ခု ပေါ်လာပြီး သူ ရှင်းပြရန် အလျင်အမြန် လှည့်လိုက်သည်။
“တတိယစီနီယာအစ်ကို ကျွန်တော် ဝယ်ပြီးပါပြီ။ မိတ်ဆွေဟောင်း တစ်ယောက်နဲ့ဆုံလို့ ခဏလောက် စကားပြောနေတာပါ”
“ဟမ့် ဘယ်က မိတ်ဆွေဟောင်းလဲ။ အကြီးဆုံးစီနီယာအစ်ကိုနဲ့ စီနီယာအစ်မပိုင်တို့ စောင့်နေကြတယ်”
အေးစက်စက် နှာမှုတ်သံနှင့်အတူ ဓားရှည်တစ်လက် ကိုင်ဆောင်ထားသော သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦး ချူဖုန်းတို့အဖွဲ့ဆီ လျှောက်လာသည်။ မူလက ဒေါသများဖြင့် ပြည့်နှက်နေသော မျက်နှာသည် ချန်ကျင်းကျင်းတို့ မိန်းကလေးများကို မြင်သောအခါ ချက်ချင်း ကြည်လင်သွား၏။