← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 49 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 49 Ch. 483-484

အခန်း (၄၈၃)

“ဂျူနီယာညီလေး ဖေးဖန် မင်းမှာ ဒီလိုသူငယ်ချင်းတွေ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး”

ထိုသက်လတ်ပိုင်းအမျိုးသားက ချန်ကျင်းကျင်းနှင့် အခြားသူများကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေကာ မျက်ဝန်းများထဲတွင်မူ အပိုင်စီးလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

လီဖေးဖန်၏ လူကဲခတ်နိုင်စွမ်းမှာ ပထမတန်းစားဖြစ်ပြီး ထိုအစွမ်းကြောင့်ပင် သူက လေပြင်းဓားဂိုဏ်းတွင် အဆင်ပြေချောမွေ့စွာ ရပ်တည်နိုင်ခဲ့ခြင်းပင်။

သူ၏ တတိယစီနီယာအစ်ကိုချန်မင်သည် ဟန်ပင်း ဂိုဏ်းတူညီမများကို ကြည့်နေသည်ကို ချက်ချင်း သတိပြုမိသွားလေ၏။

“တတိယစီနီယာအစ်ကို ဘာတွေ ပြောနေတာလဲဗျာ။ ကျွန်တော့်သူငယ်ချင်းတွေက စီနီယာအစ်ကို့ရဲ့ သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား”

ထို့နောက် လီဖေးဖန် ဟန်ပင်းကို ကြည့်ပြီး မာနထောင်လွှားစွာဖြင့် ပြောလိုက်သည်။

“ဟန်ပင်း မင်းရဲ့ ဂျူနီယာညီမတွေကို ငါ့တတိယစီနီယာအစ်ကို့ဆီ လာနှုတ်ဆက်ဖို့ ဘာလို့ ခေါ်မလာတာလဲ”

“သူက ငါတို့ လေပြင်းဓားဂိုဏ်းရဲ့ မျိုးဆက်သစ်လူငယ်တွေထဲ အထူးချွန်ဆုံး တပည့်တစ်ယောက်ပဲ။ ငါတို့စီနီယာအစ်ကိုကြီးပြီးရင် သူက ဒုတိယပဲ။ အခုဆိုရင် စစ်မှန်ကံကြမ္မာ နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ”

ထိုစကားကို ကြားသောအခါ ချူဖုန်းနှင့် အခြားသူများအားလုံး၏ မျက်နှာတွင် လှောင်ပြောင် သရော်လိုသော အမူအရာများ ပေါ်လာကြသည်။

ချန်မင်ကမူ လက်ပိုက်ရပ်လျက် စိတ်ကြီးဝင်နေသည့်ပုံစံမျိုး ဖမ်းနေလေ၏။

သူတို့လေပြင်းဓားဂိုဏ်းသည် သူတော်စင်တစ်ပိုင်းအင်အားစု ခြောက်ခုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း

မြို့စားအဆင့်အင်အားစုများထဲတွင် ထိပ်တန်းအဆင့် ဖြစ်တည်မှုတစ်ခု ဖြစ်နေဆဲပင်။

ခဏနေ၍ ကွင်းထဲတွင် သူ့အစွမ်းကို ပြသလိုက်သည်နှင့် ထိုမိန်းကလေးငယ်များမှာ သူ့အား အစ်ကိုကြီးဟု ဝိုင်းခေါ်နေကြမည်မှာ သေချာလှသည်။

“ဖွီး”

လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော သာယာနာပျော်ဖွယ် ရယ်မောသံတစ်သံသည် လီဖေးဖန်၏ ကြွားဝါမှုကို ဖြတ်တောက်လိုက်၏။

လီဖေးဖန်နှင့် ချန်မင်တို့၏ မျက်နှာအမူအရာများ အနည်းငယ် ပျက်သွားကြပြီး နှစ်ယောက်စလုံး ထိုအသံထွက်ပေါ်လာသည့်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ငါးကြင်းအမြီးနှင့် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦး သူတို့ကို လှောင်ပြောင်နေသည်ကို မြင်လိုက်ရသောအခါ သူတို့မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေတော့၏။

လီဖေးဖန်က အရင်ဆုံး စကားဆိုသည်။

“ဟန်ပင်း မင်းဝင်ထားတဲ့ ဂိုဏ်းက တော်တော်လေး လမ်းလွဲနေပုံရတယ်။ နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်တောင် ရှိနေတာပဲ”

ဟန်ပင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ”

“….”

လီဖေးဖန်သည် မြို့စားအဆင့်ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ထားသော်လည်း ဟန်ပင်းက သူ့ကို ယခုကဲ့သို့ ရဲရဲတင်းတင်း ပြန်ပြောရဲလိမ့်မည်ဟု မထင်မှတ်ထားချေ။ အထူးသဖြင့် သူ့နောက်ကွယ်တွင် တတိယစီနီယာအစ်ကို ရပ်နေသည့်အတွက် သူ၏မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့လေ၏။

“ဟန်ပင်း အခုတလော လျှိုလန်မြို့က သိပ်ပြီး အေးချမ်းတာ မဟုတ်ဘူးနော်။ မင်း သတိထားသင့်တယ်”

ဟန်ပင်းက ပုခုံးတွန့်ပြလိုက်သည်။

“တကယ်ပဲ သိပ်မအေးချမ်းဘူး၊ ဒါပေမဲ့ နှမြောစရာကောင်းတာက လူတွေကို လုယက်ဖို့ လာတဲ့ ဓားပြတွေ မရှိတာပဲ။ မဟုတ်ရင် ငါ့ရဲ့ ဘဝဟောင်းကို ပြန်အမှတ်ရချင်သေးတယ်”

“မင်း”

လီဖေးဖန် ဟန်ပင်း၏ စကားပြောစွမ်းရည်က ယခင်ကထက် ပို၍ပင် ထက်မြက်လာလိမ့်မည်ဟု မထင်ထားမိပေ။

ထိုအချိန်တွင် သူ့နောက်၌ ရပ်နေသော ချန်မင်က စကားပြောလာသည်။

“ဖေးဖန် မင်းသူငယ်ချင်းတွေက ငါ ချန်မင်ကို မျက်နှာသာမပေးချင်ကြဘူး ထင်တယ်”

ဟန်ပင်း နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။

“မင်းက ဘာအဆင့်မို့လို့လဲ။ ငါ ဟန်ပင်းက မင်းကို မျက်နှာသာပေးရအောင် ထိုက်တန်လို့လား”

ချန်မင် ထိုစကားများကြောင့် လုံးဝ ဒေါသချောင်းချောင်းထွက်သွားတော့သည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေ၏။

“ပါးစပ်က အတော်ကျယ်တာပဲ။ မင်း ငါ့ကို ပြိုင်ကွင်းထဲမှာ စိန်ခေါ်ရဲသလား”

ဟန်ပင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဒီလိုတောင်းဆိုမှုကို ကြားဖူးတာ ဒါပထမဆုံးပဲ။ ကောင်းပြီလေ။ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

“ကောင်းပြီ။ ငါ ကွင်းထဲမှာ မင်းကို စောင့်နေမယ်”

ဤသို့ပြောပြီးနောက် ချန်မင် လီဖေးဖန်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး နှစ်ယောက်သား ဒေါသတကြီး ထွက်ခွာသွားကြတော့သည်။

ဟန်ပင်းသည် ထိုနှစ်ယောက် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ချူဖုန်းဘက်သို့ ချက်ချင်း လက်သီးဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည်။

“ဆရာ၊ ကျွန်တော် ဆရာ့ကို ရယ်မောစရာဖြစ်အောင် လုပ်မိသွားပြီ”

ချူဖုန်း လက်ဝှေ့ယမ်းပြလိုက်လေ၏။

“ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့လည်း တခြားလုပ်စရာမှ မရှိတာ၊ ပွဲကောင်းတစ်ပွဲကို ကြည့်ရုံပေါ့”

ဟန်ပင်း “...”

ချူဖုန်းတို့အဖွဲ့သည် သိုင်းပြိုင်ပွဲကွင်းပြင်အတွင်းသို့ ဝင်လာကြသည်။

ဤအချိန်တွင် ပြိုင်ပွဲအတွင်း၌ အရွယ်အစားအမျိုးမျိုးရှိသော ကွင်းပြင်ပေါင်း တစ်ဒါဇင်ကျော် ရှိနေ၏။

ပြိုင်ပွဲကွင်းတိုင်းကို လူအုပ်ကြီးမှ ဝိုင်းရံထားကြပြီး ကွင်းအောက်ရှိ ကျင့်ကြံသူများ၏ အော်ဟစ်ဆူညံသံများ အခါအားလျော်စွာ ကြားနေရသည်။

ပွဲစဉ်တစ်ခု ပြီးဆုံးသွားသည်နှင့် လူတစ်ယောက်က စင်ပေါ်သို့ အမြန် တက်သွားသည်။

အောက်တွင်မူ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေ၏။

“လောင်းကြေးထပ်လို့ရပါပြီ။ စိတ်ပြောင်းလို့မရဘူးနော်...”

“ဆရာ၊ ကျွန်မတို့လည်း လောင်းလို့ ရမလား”

ချန်ကျင်းကျင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ချူဖုန်း : “ရတာပေါ့၊ ငါတို့အားလုံးက ပျော်ဖို့လာကြတာပဲ။ တော်သင့်ရုံလောက်ပဲ လုပ်ဖို့တော့ သတိရပါ”

ထိုအဖွဲ့သည် ပြိုင်ပွဲကွင်းပြင်အချို့ကို လှည့်ပတ်ကြည့်ရှုကာ ပွဲစဉ်အနည်းငယ်ကို စောင့်ကြည့်နေစဉ် မလှမ်းမကမ်းမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟန်ပင်း ငါ ကွင်းအမှတ်ကိုးမှာ ရောက်နေပြီ၊ မင်း ဘယ်မှာလဲ”

ထိုအသံကို ကြားရသောအခါ ချူဖုန်းတို့ ခဏတာမျှ ရပ်တန့်သွားပြီး ကွင်းအမှတ်ကိုးဘက်သို့ အတူတူ လျှောက်သွားကြသည်။

သူတို့ အနားမရောက်ခင် ကွင်းပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ ဝေဖန်ဆွေးနွေးသံများကို ကြားလိုက်ရလေ၏။

“ဟန်ပင်းဆိုတာ ဘယ်သူလဲဟ။ လေပြင်းဓားဂိုဏ်းက အဲဒီအရူးတွေကို သွားဆွရဲတယ်ပေါ့”

“သူက ဘယ်သူဖြစ်ဖြစ် ဘာဂရုစိုက်ရမှာလဲ။ ချန်မင်ဘက်က လောင်းတာကတော့ အမှန်ကန်ဆုံး ရွေးချယ်မှုပဲ”

“…”

ချူဖုန်းတို့ ကွင်းအမှတ်ကိုး၏ အောက်သို့ ရောက်ရှိလာကြသည်။ ချန်ကျင်းကျင်းတို့သည် လောင်းကြေးထပ်ရန် ပျော်ရွှင်စွာ သွားကြပြီး ဟန်ပင်းကမူ ပြိုင်ပွဲကွင်းပြင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာ၏။

ဘေးမှ စောင့်ကြည့်နေသူများသည် ဟန်ပင်းကို မြင်သောအခါ အချင်းချင်း တီးတိုး ပြောဆိုလာကြသည်။

“မင်း ဒီကောင်ကို အရင်က မြင်ဖူးလား”

“မမြင်ဖူးပါဘူး။ ဒါပေမဲ့ သိပ်ပြီး အစွမ်းထက်တဲ့ ကောင်တော့ မဟုတ်လောက်ဘူး”

“…”

ဟန်ပင်း ပြိုင်ပွဲကွင်းပြင်အပေါ်သို့ တက်လာသည်ကို မြင်သောအခါ ချန်မင် နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။

“မင်းမှာ သတ္တိ ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး”

ဟန်ပင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ငါ့ကို ရန်မစသင့်ဘူး။ အသက်ရှင်နေရတာက ပိုပြီး မကောင်းဘူးလား….”

“မင်း”

ချန်မင် မျက်နှာပေါ်မှ လှောင်ပြုံးသည် ချက်ချင်းပင် တောင့်တင်းသွာတော့၏။ ဤအရူးကောင်သည် ယနေ့ သူ့ကို လူပုံလယ်တွင် အကြိမ်ကြိမ် ပါးဖြတ်ရိုက်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ကောင်လေး မင်းရဲ့ စကားပြောစွမ်းရည်တွေကို ထုတ်မပြနေနဲ့တော့။ မင်း တက်လာပြီဆိုမှတော့ ငါနဲ့ လောင်းရဲလား”

“ပြဿနာမရှိဘူး၊ အလကားသက်သက် တိုက်ခိုက်ရတာထက်စာရင် သက်သာတာပေါ့”

ဟန်ပင်း တစ်ခဏ ရပ်ကာ ဆက်ပြောသည်။

“ပြောလေ... မင်း ဘာလောင်းချင်လဲ”

ချန်မင် ပြုံးလျက် ပြောလိုက်သည်။

“ငါပဲ အရှုံးခံပြီး ငါ့မှာ ရှိသမျှ အရာအားလုံးနဲ့ မင်းကို လောင်းကြေးထပ်မယ်။ ဒီပွဲမှာ ရှုံးတဲ့လူက အဝတ်အစားတစ်မျှင်တောင် မပါဘဲ ဒီနေရာကနေ ထွက်သွားရမယ်”

“ကောင်းပြီ”

ဟန်ပင်း စဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။

“မင်းရဲ့ အမှိုက်ပုံကြီးကို မတတ်သာလို့ လက်ခံပေးလိုက်မယ်”

ကွင်းအောက်ရှိ လူများ ထိုနှစ်ယောက်၏ လောင်းကြေးကို ကြားလိုက်ရသောအခါ မသိစိတ် အသက်ရှူအောင့်လိုက်မိသည်။

သူတို့နှစ်ဦးသည် မြင့်မားသော လောင်းကြေးများဖြင့် ကစားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။ လူအများကြီးရှေ့တွင် ကိုယ်လုံးတီးဖြင့် ထွက်ခွာသွားရမည်ဆိုပါက နောင်တွင် ဆန်းကြယ်ကောင်းကင်ဒေသတစ်ခွင်၌ မည်သို့ မျက်နှာပြနိုင်တော့မည်နည်း။

“ဟမ့်”

ချန်မင် နှာခေါင်းရှုံ့ပြီး သူ့ခါးမှ သုံးပေရှည်သော စိမ်းဖန့်ဖန့်ဓားတစ်လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

သူ ၎င်းကို ဟန်ပင်းထံ ချိန်ရွယ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မင်း လက်နက်ထုတ်တော့။ မဟုတ်ရင် ငါ့ရဲ့ လေပြင်းဓားက သိပ်မြန်လွန်းလို့ လှုပ်ရှားခွင့်တောင် ရမှာမဟုတ်ဘူး”

ဟန်ပင်း ရပ်မြဲအတိုင်း ရပ်နေပြီး အေးဆေးစွာ ပြောလိုက်သည်။

“ငါ ဒီနေရာမှာပဲ ရပ်နေမယ်။ မင်းရဲ့ ဓားသိုင်းက ငါ့အဝတ်စကို ထိနိုင်ရင် မင်းနိုင်ပြီ”

“မောက်မာလှချည်လား”

ချန်မင် တိုက်ပွဲမစမီ အသာစီးရယူလိုသော်လည်း ယခုကဲ့သို့ ထပ်မံ အရှက်ခွဲခံရလိမ့်မည်ဟု မထင်ထားချေ။

“လေပြင်းဓားသိုင်း”

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ချန်မင် လက်ထဲမှ ရတနာဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။

ချလွင်

ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် လေပြင်းမုန်တိုင်းကဲ့သို့ ဓားစွမ်းအင်များ လိုက်ပါလာသည်။

ဟန်ပင်း သူ့လက်များကို နောက်ပစ်ထားပြီး နေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲပင်။

ဤမြင်ကွင်းကို ကြည့်နေသော ပွဲကြည့်ပရိတ်သတ်များသည် မသိစိတ်ကပင် ခေါင်းခါလိုက်ကြလေ၏။

‘ဒီကောင်က သေခါနီးအထိ ဟန်ထုတ်နေတုန်းလား’’

ချန်မင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး စိတ်ထဲမှ တွေးလိုက်သည်။

‘ကောင်လေး ငါက မင်းရဲ့ ပိုင်ဆိုင်မှုတွေကိုတင် လိုချင်တာမဟုတ်ဘူး၊ မင်းရဲ့ အသက်ကိုပါ လိုချင်တာ’

သို့သော် မကြာမီပင် သူ တစ်စုံတစ်ခုမှာ မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူ အစွမ်းကုန်ထုတ်သုံးထားသော ဓားစွမ်းအင်သည် လေထဲတွင် ရပ်တန့်သွားပြီး လုံးဝကို မလှုပ်ရှားနိုင်တော့ပေ။

သူက ဟန်ပင်းကို ကြောင်တောင်တောင် ဖြစ်နေသော အမူအရာဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“ကောင်လေး မင်း ဘယ်လို နတ်ဆိုးပညာရပ်ကို သုံးလိုက်တာလဲ”

ဟန်ပင်း ပြောလိုက်သည်။

“ငါ ဘယ်နတ်ဆိုးပညာရပ်မှ မသုံးပါဘူး။ မင်းရဲ့ ဓားစွမ်းအင်က သိပ်ပျော့လွန်းတယ်။ ငါ့ကာကွယ်ရေးအတားအဆီးကိုတောင် မခွဲနိုင်ဘူး။ မင်း ကြွားလို့ ပြီးပြီလား။ ပြီးပြီဆိုရင်တော့ ငါ့အလှည့်ပဲ”

ပြောပြောဆိုဆိုနှင့် သူ လက်ဝါးတစ်ချက်ကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။

ဝုန်းခနဲ အသံနှင့်အတူ ချန်မင် ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားပြီး လေထဲတွင် မျဉ်းကွေးအတိုင်း လွင့်ထွက်သွားကာ ရွှံ့ပုံကြီးတစ်ခုအလား ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ပြင်းထန်စွာ ပုံလျက်သားလဲကျသွားတော့၏။

အခန်း (၄၈၄)

တိတ်ဆိတ်သွားသည်။ ပြိုင်ကွင်းပတ်လည်ရှိ ဧရိယာတစ်ခုလုံးတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။

ဘေးမှ စောင့်ကြည့်နေသူများသည် ပြိုင်ကွင်းပေါ်ရှိ ဟန်ပင်းကို ဆွံ့အမှင်တက်စွာ စိုက်ကြည့်နေကြလေ၏။

“စီနီယာအစ်ကိုဟန် အရမ်းကြမ်းတယ်”

“စီနီယာအစ်ကိုဟန် မိုက်တယ်”

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ ပထမဆုံး စကားဆိုလိုက်ပြီး တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖျက်ဆီးလိုက်သည်။

ထိုအခါမှ ကွင်းအောက်ရှိ အခြားသူများလည်း သတိဝင်လာကြပြီး အသံကျယ်ကျယ်ဖြင့် ဝေဖန်ဆွေးနွေးလာကြတော့သည်။

“ဟန်ပင်းဆိုတာ ဘယ်အင်အားစုက ကျင့်ကြံသူလဲ။ တစ်ယောက်ယောက်လောက် ပြောပြနိုင်မလား။ သူ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ”

“သူ သူတော်စင်တစ်ပိုင်းအင်အားစု ခြောက်ခုထဲက တပည့်တစ်ယောက်တော့ မဟုတ်ဘူးမလား”

“မဖြစ်နိုင်တာ။ သူတော်စင်တစ်ပိုင်းအင်အားစု ခြောက်ခုရဲ့ တပည့်တွေက ဒီလို ကိစ္စ သေးသေးလေးကို စိတ်ဝင်စားမှာ မဟုတ်ဘူး”

ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ဟန်ပင်း မြေပြင်ပေါ်၌ လဲလျောင်းနေသော ချန်မင်ကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။

“သေချင်ယောင်ဆောင်မနေနဲ့တော့။ ငါ ခုနလက်ဝါးရိုက်ချက်မှာ ခွန်အားဆယ်ပုံတစ်ပုံပဲ သုံးထားတာ။ မင်းကို ဒုက္ခိတဖြစ်သွားစေလောက်အောင် မပြင်းဘူး”

သတိလစ်ချင်ယောင် ဆောင်နေသော ချန်မင်သည် ဤစကားကို ကြားသောအခါ သွေးတစ်လုတ် အန်ထုတ်ရတော့၏။

သူ မူလက ဤနည်းလမ်းကိုသုံး၍ လှည့်စားကျော်ဖြတ်ရန် ကြံစည်ထားသော်လည်း တစ်ဖက်လူက သူ့ကို တိုက်ရိုက်ပင် ဖော်ကောင်လုပ်လိမ့်မည်ဟု မထင်ထားသဖြင့် သွေးတက်သွားသည်။

၎င်းကို မြင်သောအခါ ဟန်ပင်း ပုခုံးတွန့်ပြရင်း ပြုံးကာ ပြောလိုက်သည်။

“မင်းကိုလည်း ကြည့်ဦး။ ဘာလို့ သွေးအန်ချင်နေတာကို အောင့်ထားတာလဲ။ ငါ မင်းအသက်ကို ယူဖို့ ဘယ်တုန်းကမှ မရည်ရွယ်ထားဘူးကွ”

“မင်း”

ချန်မင်သည် သူ့နှလုံးသားကို ဓားဖြင့် ထိုးလိုက်သလို ခံစားလိုက်ရသည်။ သွေးမထွက်သော်လည်း နာကျင်မှုသည် အသတ်ခံရသည်ထက်ပင် ပို၍ ဆိုးဝါးလှ၏။

“တစ်ခုခုပြောချင်ရင်လည်း ပြောလိုက်ပါ။ ငါ သူများကို စကားမပြောခိုင်းတဲ့ လူစားမျိုး မဟုတ်ပါဘူး”

ဟန်ပင်း၏မျက်နှာပေါ်မှ အပြုံးသည် ပို၍ ကြီးမားလာပြီး သူ တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝတုန်းက ခံစားချက်မျိုးကို ပြန်ရသွားသည့်ပုံပင်။

မြောင်တောင်တွင် ပါရမီရှင်များ များပြားလှသဖြင့် သူ့ပင်ကိုယ်သဘာဝကို ဖိနှိပ်ခံထားရသလို ဖြစ်နေခဲ့သည်။ ယခုကဲ့သို့ ရံဖန်ရံခါ အပြင်ထွက်၍ အမြင်ကျယ်အောင် လုပ်ခြင်းက ကောင်းမွန်ပေ၏။

“ငါ အရှုံးပေးတယ်”

ချန်မင် နောက်ဆုံးတွင် သူ့အရှုံးကို ဝန်ခံရန် ရွေးချယ်လိုက်ရတော့သည်။

ဤတိုက်ပွဲသည် အရှက်ရဖွယ်ကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

“ပြတ်သားတယ်”

ဟန်ပင်း သူ့ကို လက်မထောင်ပြလိုက်သည်။

“မင်း အရှုံးကို ဒီလောက် ပြတ်ပြတ်သားသား ဝန်ခံမှတော့ ငါတို့လောင်းကြေးကို ဖြည့်ဆည်းတဲ့နေရာမှာလည်း တော်တော်လေး ပြတ်သားလိမ့်မယ်လို့ ထင်ပါတယ်။ ဟုတ်တယ်မလား”

ထိုစကားများ ထွက်လာသည်နှင့် ပတ်ပတ်လည်ရှိ ဆွေးနွေးသံများ ပြန်လည်တိတ်ဆိတ်သွားတော့သည်။

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးကြားမှ လောင်းကြေးသည် လွန်ခဲ့သည့် မိနစ်ပိုင်းကမှ ပြုလုပ်ထားခြင်းဖြစ်ပြီး လူတိုင်း အစောပိုင်းက ပြောခဲ့သည်များကို မှတ်မိနေသေး၏။

ချန်မင် သူ့ဓားကို အမှီပြု၍ ခန္ဓာကိုယ်ကို ထောက်ကန်ကာ ထရပ်လိုက်သည်။

သူ့မျက်နှာပေါ်မှ မောက်မာမှုများသည် ကွယ်ပျောက်သွားပြီး ၎င်းအစား ရိုကျိုးသော အမူအရာဖြင့် မေးလိုက်လေ၏။

“တာအိုမိတ်ဆွေ သက်ညှာပေးလို့ ရမလား”

“ငါ မင်းရဲ့ အရင်က မာနထောင်လွှားနေတဲ့ ပုံစံကို ပိုသဘောကျတယ်”

ဟန်ပင်း တစ်ခဏတာ ရပ်ပြီးနောက် လေသံပြောင်းကာ ပြောလိုက်သည်။

“မင်းလို လေပြင်းဓားဂိုဏ်းက နာမည်ကြီးတပည့်တစ်ယောက်က အရှုံးကို လက်မခံနိုင်ဘူးလို့တော့ မပြောနဲ့နော်”

ပရိသတ်ထဲမှ လူများသည် ဤစကားကို ကြားသောအခါ အော်ဟစ်ရယ်မောကြတော့၏။

“ဟာဟားဟား...”

“ဒီက မိတ်ဆွေဟန်က တကယ်ကို ဟာသဉာဏ်ရှိတာပဲ”

“…”

ချူဖုန်းပင် ဟန်ပင်းကို လက်မထောင်ပြလိုက်သည်။

“ဟန်ပင်း မင်းမှာ နောက်ဆုံးတော့ ဆရာ့ အရှိန်အဝါရဲ့ တစ်ဝက်လောက် ရှိလာပြီပဲ”

“တာအိုမိတ်ဆွေ တကယ်ပဲ ဒီလောက်တောင် ရက်စက်ရမှာလား”

ချန်မင် မျက်နှာသည် အလွန်အမင်း ပျက်ယွင်းနေပြီး တစ်လုံးချင်း အံကြိတ်ကာ မေးလိုက်သည်။

“ငါက ကျိုးကြောင်းမဆင်ခြင်တတ်တဲ့လူ မဟုတ်ဘူး။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ မင်းရဲ့ အတွင်းဝတ်ကိုတော့ မချွတ်နဲ့။ ဒါပေမဲ့ တခြားအရာအားလုံးကိုတော့ ထားခဲ့ရမယ်။ အဲဒါဆိုရင် ငါတို့နှစ်ယောက်စလုံး မျက်နှာမပျက်ရဘူး”

ဟန်ပင်း အလွန်ကျိုးကြောင်းဆင်ခြင်တတ်သည့် လေသံဖြင့် ပြောလိုက်၏။

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ”

ချန်မင် ပြောရင်း လက်ဝှေ့ယမ်းလိုက်ရာ မကြာမီမှာပင် သူ့တစ်ကိုယ်လုံးသည် လေပြင်းပမာ နေရာမှ ပျောက်ကွယ်သွားပြီး ပြိုင်ကွင်းပေါ်တွင် အဝတ်အစားတစ်စုံ၊ သိုလှောင်အိတ်တစ်ခုနှင့် ဓားတစ်လက်သာ ကျန်ရစ်တော့သည်။

ဤသည်ကိုမြင်သော် ဟန်ပင်း ရေရွတ်လိုက်သည်။

“တကယ်ကို လေပြင်းဓားဂိုဏ်းရဲ့ တပည့်ပဲ။ ထွက်ပြေးတဲ့ အရှိန်က လေပြင်းတစ်ချက်တိုက်သွားတဲ့ အတိုင်းပဲ”

သူ စကားပြောနေစဉ် လူအုပ်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာ၏။

“ဟမ့်…တာအိုမိတ်ဆွေလေး မင်း နိုင်သွားပြီပဲမလား။ငါတို့ လေပြင်းဓားဂိုဏ်းကို ဘာလို့ ဒီလောက်တောင် အရှက်ခွဲနေရဦးမှာလဲ”

ထိုအသံကို ကြားရသဖြင့် အားလုံးက အသံလာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြသည်။

ငွေရောင်ဆံပင်၊ ပြတ်သားသောမျက်နှာ၊ ကြံ့ခိုင်သောခန္ဓာကိုယ်နှင့် တစ်ကိုယ်လုံးတွင် ထက်မြက်သော အငွေ့အသက်များ ပြည့်နှက်နေသည့် အဘိုးအိုတစ်ဦး လေပြင်းဓားဂိုဏ်း၏ တပည့်များကို ဦးဆောင်ကာ ပြိုင်ပွဲကွင်းအမှတ်ကိုးသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။

နှမြောစရာကောင်းသည်မှာ လူအုပ်ထဲတွင် ချန်မင်၏ အရိပ်အယောင်ကို မတွေ့ရခြင်းပင် ဖြစ်ပြီး ၎င်းက ဟန်ပင်းကို စိတ်ပျက်သွားစေသည်။

သူက ပြုံးလျက် ပြောလိုက်၏။

“တာအိုမိတ်ဆွေ ကျွန်တော် ခင်ဗျားတို့လေပြင်းဓားဂိုဏ်းကို ဘယ်လို အရှက်ခွဲလိုက်လို့လဲ။ ချန်မင် လုပ်ခဲ့တာကိုပဲ ပြန်လုပ်ပြတာပါ။ အမှန်အတိုင်း ပြောတာကလည်း အရှက်ခွဲတာလို့ သတ်မှတ်လို့ရတာလား”

ထိုအဘိုးအိုက သူ့မုတ်ဆိတ်မွေးကို သပ်ရင်း စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“နှုတ်သီးကောင်းလျှာပါးတဲ့ လူငယ်လေးပဲ။ ငါက ဒီနေ့ တိုက်ခိုက်ခွင့်ရှိရင် မင်းကို ငါတို့ လေပြင်းဓားဂိုဏ်းရဲ့ လေပြင်းဓားသိုင်းအစွမ်းကို သေသေချာချာကို ပြပေးမယ်”

ဟန်ပင်း ပုခုံးတွန့်ပြလိုက်သည်။

“ခင်ဗျား ကျွန်တော့ကို ရိုက်ချင်နေမှန်း သိပါတယ်။ စိတ်မပူပါနဲ့ ခင်ဗျားကို ဒီအခွင့်အရေး ပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လာမဲ့ကျားဇီတိုက်ပွဲက ပါဝင်သူတွေအတွက် အသက်ကန့်သတ်ချက် မရှိဘူးလေ။ ဒါ့အပြင် ကျွန်တော်တို့နှစ်ယောက် တိုက်ပွဲက လူကြီးက လူငယ်ကို အနိုင်ကျင့်တယ်လို့ မသတ်မှတ်နိုင်ဘူး၊၊ အလွန်ဆုံးရှိလှ အသက်ကြီးပြီး အားနည်းတဲ့လူကို ရိုက်နှက်တာပဲ ဖြစ်မှာပါ”

ဤစကားကို ကြားသောအခါ လူတိုင်း အသက်ရှူမှားသွားပြန်သည်။

ဟန်ပင်းဟု ခေါ်သော လူငယ်လေးသည် လေပြင်းဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးကို ယခုလိုလေသံမျိုးဖြင့် ရဲရဲတင်းတင်း ပြောရဲလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။

“ကောင်လေး မင်း ငါ့ကို ရန်စနေတာလား”

လေပြင်းဓားဂိုဏ်းမှ အဘိုးအို တင်းမာစွာ မေးလိုက်သည်။

“မဟုတ်တာ၊ မဟုတ်တာ၊ မဟုတ်တာ”

ဟန်ပင်း ပြုံးလိုက်သည်။

“ကျွန်တော်က ခင်ဗျား တိုက်ခိုက်ဖို့ တရားဝင် အခွင့်အရေးတစ်ခု ပေးနေတာပါ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေ အရိုက်ခံရရင် လူကြီးတွေ ထွက်လာတတ်တာ စည်းမျဉ်းပဲလေ။ ဒီနေ့ ကျွန်တော်တို့ တိုက်ခိုက်ပြီးသွားရင်တော့ လေပြင်းဓားဂိုဏ်းလည်း ကျေနပ်သွားပြီး ကျွန်တော်တို့ဆီ လာပြီး ပြဿနာရှာတော့မှာ မဟုတ်ဘူးလို့ ထင်တယ်။ ကျွန်တော် ပြဿနာတွေကို အမုန်းဆုံးပဲ။ အဲဒါကြောင့် ပြဿနာအားလုံးကို စောစောစီးစီး ဖြေရှင်းချင်တာ”

အဘိုးအိုသည် သူ့မျက်လုံးများကို မှေးကျဉ်းကာ ရှေ့မှ လူငယ်ကို ဂရုတစိုက် ဆန်းစစ်လိုက်၏။

အသက်တစ်ထောင်ကျော် နေထိုင်လာသဖြင့် သူ မည်သည့်ပြိုင်ဘက်ကိုမှ အထင်မသေးချေ။

သို့သော် သူ အံ့ဩသွားရသည်။

ဤလူငယ်လေး၏ ကျင့်ကြံမှုအဆင့်ကို သူ မမြင်ရချေ။

အဘိုးအို စကားမပြောရသေးခင် သူ့အနောက်မှ တပည့်များသည် အလျှိုလျှို အော်ဟစ်လာကြတော့သည်။

“ကောင်လေး မင်း အကြီးအကဲကျန်း အရှေ့မှာ ဘာလို့ ဒီလောက်တောင် မောက်မာရဲတာလဲ။ အခု ချက်ချင်း ဒူးထောက်ပြီး အကြီးအကဲကျန်းကို တောင်းပန်လိုက်စမ်း”

“ကောင်လေး အကြီးအကဲကျန်းက မင်းလိုကောင်မျိုးကို အဖက်မလုပ်ချင်ရုံပဲ။ အခုနေ ဒူးထောက်ပြီး မင်းရဲ့အမှားကို ဝန်ခံလိုက်ရင် မနောက်ကျသေးဘူး”

“…”

ဤစကားများကို ကြားရသော် ဟန်ပင်း လုံးဝ ဒေါသမထွက်ပေ။ ၎င်းအစား သူ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ အခု အခြေအနေကို ကြည့်ဦး။ မင်းနဲ့ ငါနဲ့ ဒီရန်ငြိုးကို အဆုံးသတ်ဖို့ မတိုက်ခိုက်ကြဘူးဆိုရင် ငါတို့နှစ်ယောက်စလုံး မျက်နှာပျက်ရလိမ့်မယ်”

“မင်း သဘောပဲ”

အကြီးအကဲကျန်း ပြောရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် ဝေဝါးသွားပြီး ပြိုင်ကွင်းဆီသို့ ပျံသန်းသွား၏။

အကြီးအကဲကျန်း ပြိုင်ကွင်းပေါ်သို့ တက်လာသည်ကို မြင်သောအခါ ဟန်ပင်း ပြုံးလျက် မေးသည်။

“ကျွန်တော်တို့ ဘာကြေး လောင်းကြမလဲ”

အကြီးအကကျန်း

“မင်း ရှုံးရင် ဒူးထောက်ပြီး ငါနဲ့ လေပြင်းဓားဂိုဏ်းကို တောင်းပန်ရမယ်”

“လက်ခံနိုင်ပါတယ်”

ဟန်ပင်း ပြောလိုက်သည်။

“ခင်ဗျား ရှုံးရင်တော့ ခင်ဗျားတို့ဂိုဏ်းက ရှုံးသွားတဲ့တပည့်လိုပဲ လုပ်ရမယ်။ ဒါပေမဲ့ ကျွန်တော် ခင်ဗျား အဝတ်အစားတွေကို စိတ်မဝင်စားဘူး။ ရတနာအားလုံးကို ထားခဲ့ရင်ကော ဘယ်လိုလဲ”

“ဟမ့်”

အကြီးအကဲကျန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ငါ မင်းလို ကောင်လေးတစ်ယောက်ကို ရှုံးစရာ အကြောင်း ဘာရှိလို့လဲ။ ကောင်းပြီလေ။ မင်း စည်းကမ်းချက်တွေကို သဘောတူတယ်”

သူ စကားပြောပြီးသည်နှင့် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအထွတ်အထိပ်အဆင့်၏ ဖိအားများ သူ့ထံမှ ထွက်ပေါ်လာပြီး ပြိုင်ပွဲကွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

၎င်းကို မြင်သောအခါ ဟန်ပင်း သူ့အရှိန်အဝါကို ဖုံးကွယ်မထားတော့ဘဲ ထုတ်လွှတ်လိုက်တော့၏။

မကြာမီမှာပင် အစွမ်းထက်သော အရှိန်အဝါနှစ်ခု ပြိုင်ကွင်းပေါ်တွင် ထိပ်တိုက်ရင်ဆိုင်သွားသည်။

ပြိုင်ကွင်းအောက်တွင် ချူဖုန်းတို့အဖွဲ့မှလွဲ၍ ကျန်သည့် ကျင့်ကြံသူများသည် ဟန်ပင်းထံမှ ထွက်ပေါ်လာသော ဖိအားများကို မြင်လိုက်ရသောအခါ အံ့ဩသွားကြတော့၏။

All Chapters