← Chapters

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅)

“စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်၊ သူ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပဲ။ မနာလိုစရာပဲ။ မအံ့ဩတော့ပါဘူး။ သူ ချန်မင်ကို သူ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံပဲ သုံးပြီး အနိုင်ယူလိုက်တယ်ဆိုတာကို”

“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူဆိုတော့ အင်အားစုကြီး ခြောက်ခုမှာတောင် တစ်ယောက် ရှိချင်မှ ရှိမှာ။ သူ မြင့်မြတ်နယ်မြေ တစ်ခုခုက တပည့်များ ဖြစ်နေမလား”

“…”

စင်အောက်မှ လူအုပ်ကြီး၏ ဆွေးနွေးငြင်းခုံသံများသည် ချန်မင် နားထဲသို့ အဆက်မပြတ် တိုးဝင်လာသည်။

ထိုစကားများကို တွေးမိရင်း သူ မသိစိတ်က လီဖေးဖန်ကို စိုက်ကြည့်လိုက်မိ၏။ ဤအရူးသာ မရှိခဲ့လျှင် သူ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ပါရမီရှင်တစ်ဦးကို မည်သို့ သွားရောက်ရန်စမိပါမည်နည်း။

လီဖေးဖန် ဆွံ့အမှင်တက်နေမိသည်။ ဟန်ပင်းသည် ထိုစဉ်က သူနှင့်အတူ တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် လှည့်လည်သွားလာခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် မတွေ့ရသည့် အတောအတွင်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားချေ။

သူ ကံကြမ္မာအခွင့်အလမ်းများ ရရှိခဲ့ခြင်းလော။

‘မဟုတ်ဘူး။ သူ နတ်ဆိုးကျင့်ကြံသူပဲ ဖြစ်ရမယ်။ အဲဒါမှမဟုတ်ရင် အချိန်အတွင်းမှာ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ’

ဤသို့တွေးမိသည်နှင့် လီဖေးဖန် စိတ်ထဲတွင် ယုတ်မာသော အကြံအစည်တစ်ခု ပုံပေါ်လာသည်။

ဟန်ပင်းသည် နတ်ဆိုးကျင့်ကြံသူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ ထိုသို့သာ ဇွတ်အတင်း စွပ်စွဲရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ဆိုးရွားသော ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။

စင်မြင့်ပေါ်တွင် အကြီးအကဲကျန်းသည် ဟန်ပင်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် ထိတ်လန့်တုန်လှုပ်သွား၏။

တစ်ဖက်လူထံမှ ထွက်ပေါ်နေသော ပြိုင်ဘက်ကင်းလောက်အောင် သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအားမျိုးက သာမန်ဂိုဏ်းတစ်ခုမှ တပည့်တစ်ဦး ပိုင်ဆိုင်နိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။

“တာအိုမိတ်ဆွေ မင်း ဘယ်သူလဲ”

ဟန်ပင်း ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော်က မြောင်တောင်က လယ်သမားတစ်ယောက်ပါ။ မြင့်မြတ်တဲ့ ဖြစ်တည်မှုဆိုတဲ့ စကားလုံးတွေကို မခံယူရဲပါဘူး။ ခင်ဗျားရဲ့ လေပြင်းဓားသိုင်းကို အရင်ဆုံး မြည်းစမ်းခွင့် ပြုပါ”

“ကောင်းပြီ”

အကြီးအကဲကျန်း ခဏတာမျှ ရပ်တန့်သွားပြီး ပြောလိုက်သည်။

“တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး”

သူ စကားပြောပြီးနောက် လက်ထဲမှ ဓားရှည်ကို လွှဲယမ်းလိုက်၏။

ကလန်

ဓားအလင်းတန်းတစ်ခု ဦးစွာ ပေါ်လာပြီးနောက် မုန်တိုင်းပမာ ပြင်းထန်သော ဓားစွမ်းအင်များ တရကြမ်း ကျဆင်းလာတော့၏။

ထိုဓားချက်သည် ကန္တာရကြီးထဲမှ သဲမုန်တိုင်းတစ်ခုအလား ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြက်ပင်တစ်ပင်မျှ မကျန် ဖျက်ဆီးသွားသည်။

“ယင်ယန်ဥပ‌ဒေသချိတ်စည်း”

ဟန်ပင်း ချိတ်စည်းတစ်ခုကို လျင်မြန်စွာ ပုံဖော်လိုက်သည်။

ဤအရာမှာ သက်ရှည်ကျမ်း အတွင်းရှိ ယင်ယန်စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် နားလည်ထားသည့် နည်းစနစ်တစ်ခုဖြစ်သော ယင်ယန်ဥပဒေသချိတ်စည်းပင်။

ယင်နှင့် ယန်တို့ အချင်းချင်း ယှက်နွယ်ဖြတ်သန်းပြီး အဆုံးမဲ့အသက်စွမ်းအင်ကို မွေးဖွားပေးကာ ၎င်းသည် လောကရှိ ပညာရပ်များနှင့် နည်းစနစ်များကို ဖိနှိပ်နိုင်၏။

ဟန်ပင်းသည် ယင်ယန်ဥပ‌ဒေသချိတ်စည်းကို နားလည်ပြီးနောက်ပိုင်း အခြားသူတစ်ဦးနှင့် တိုက်ခိုက်ရာတွင် ၎င်းကို အသုံးပြုသည့် ပထမဆုံးအကြိမ်ပင်။

အဖြူအမည်း ရောယှက်နေသော ဥပဒေသချိတ်စည်းတစ်ခု သူ့ရှေ့တွင် ပေါ်ပေါက်လာ၏။

ချိတ်စည်း ပေါ်လာသည့်အခိုက် စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံထားသော ဓားစွမ်းအင်များ အရိပ်အယောင်မျှပင် မကျန် ပျောက်ကွယ်သွားတော့သည်။

သူ လက်ကို ညင်သာစွာ တွန်းလွှတ်လိုက်ရာ ဥပဒေသချိတ်စည်းသည် အကြီးအကဲကျန်းထံ ပျံသန်းသွား၏။

ချိတ်စည်းသည် သူ့ထံ မရောက်သေးမီ အကြီးအကဲကျန်း ဆံပင်များ ထောင်ထသွားသလို ခံစားလိုက်ရပြီး သေမင်းနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

“ငါ အရှုံးပေးပါတယ်”

အကြီးအကဲကျန်းက အသက်ကြီးပြီး အတွေ့အကြုံများသူလည်းဖြစ်ရာ သိက္ခာဆိုသည် တန်ဖိုးမရှိကြောင်း သိရှိထား၏။

သူ ဤတိုက်ကွက်ကို အတင်းအဓမ္မ တောင့်ခံထားပါက မသေဆုံးလျှင်ပင် သူ့ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားရပေလိမ့်မည်။ နောင်တွင် လှောင်ပြောင်သရော်ခံရပြီး အထင်သေးခံရမည့်အစား ယခုတည်းက အရှုံးကို ပြတ်ပြတ်သားသား ဝန်ခံလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။

ထိုစကားကို ကြားသောအခါ ဟန်ပင်း လက်သီးဆုပ်လိုက်၏။ မူလက အကြီးအကဲကျန်းကို ထိလုနီးပါး ဖြစ်နေသော ချိတ်စည်းသည် တခဏအတွင်း အရိပ်အယောင်မျှမကျန် ကွယ်ပျောက်သွားတော့သည်။

“သက်ညှာမှုအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေဟန်”

အကြီးအကဲကျန်း ပြောရင်း သူ့လက်ချောင်းထိပ်မှ သိုလှောင်လက်စွပ်ကို ချွတ်ကာ မြေပြင်ပေါ်သို့ ချထားလိုက်သည်။

“မင်းရဲ့ ကျင့်ကြံမှုက ထူးကဲလှပါတယ်၊ တာအိုမိတ်ဆွေလေး။ ဒီအဘိုးကြီး လိုလိုလားလား အရှုံးကို ဝန်ခံပါတယ်”

ပထမဆုံးအကြိမ်အဖြစ် ဟန်ပင်း အကြီးအကဲကျန်းကို မျက်နှာပျက်အောင်မလုပ်တော့ဘဲ ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျား နှိမ့်ချလွန်းနေပါပြီ။ ကျွန်တော်က လှည့်ကွက်လေးတစ်ခု သုံးလိုက်ရုံပါပဲ”

“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။ ဒီအဘိုးကြီး စကားနားမထောင်တဲ့ ချန်မင်ကို သွားခေါ်ပြီး မင်းကို တောင်းပန်ခိုင်းပါ့မယ်”

အကြီးအကဲကျန်း မျက်နှာတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေပြီး ရှုံးနိမ့်သွားခြင်းကြောင့် တုန်လှုပ်ခြောက်ခြားခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုး မရှိပေ။

ဤမြင်ကွင်းသည် ဘေးမှ လူအုပ်ကြီးကို ဆွံ့အသွားစေတော့သည်။

လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

‘ဒီလောကကြီးက ဘာတွေ ဖြစ်နေတာလဲဟ’

လေပြင်းဓားဂိုဏ်း၏ ကျင့်ကြံသူတို့သည် အနည်းငယ်မျှ သဘောထားကွဲလွဲသည်နှင့် တိုက်ခိုက်ဖို့ ဓားများကို အမြဲတမ်း ဆွဲထုတ်တတ်ကြသည် မဟုတ်လော။

‘ဒီနေ့ ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေကြတာလဲ။ ကောင်းကင်ပြာကြီး မှောင်မိုက်သွားပြီး ကမ္ဘာမြေကြီး ပျက်စီးသွားတဲ့အထိ တိုက်ခိုက်တာကိုတောင် ငါတို့ မမြင်ရသေးဘူး။ ဘယ်လိုလုပ်ပြီး အခုကတည်းက ပြီးသွားရတာလဲဟ’

လူအုပ်ထဲတွင် ချန်မင် မှင်တက်သွားရသည်။ အရှုံးကို ရှင်းရှင်းလင်းလင်း ဝန်ခံပြီးသည့်တိုင် သူ ထပ်မံ၍ အရှက်ခွဲခံရဦးမည်ဟု မထင်ထားချေ။

‘ငါ တကယ်ကို ကံဆိုးလွန်းတာပဲ’

“ပြိုင်ပွဲကွင်းပြင်ဆိုတာ စကားပြောရမဲ့ နေရာမဟုတ်ဘူး။ စကားပြောဖို့ တခြားနေရာတစ်ခု ရှာကြတာပေါ့”

ဟန်ပင်းသည် လေပြင်းဓားဂိုဏ်းကို ဖျက်ဆီးပစ်ရန် မရည်ရွယ်ပေ။ တစ်ဖက်လူ ခေါင်းငုံ့၍ အရှုံးကို ဝန်ခံပြီးရာ သူတို့ကို ဆက်လက်၍ သိက္ခာချရန် မလိုတော့ချေ။

“ဟုတ်သားပဲ”

အကြီးအကဲကျန်း ပြိုင်ပွဲကွင်းအောက်သို့ အရင်ဆုံး ဆင်းသွားသည်။

ဟန်ပင်း ပြိုင်ပွဲကွင်းပေါ်မှ သိုလှောင်လက်စွပ်ကို ယူလိုက်၏။ ချန်မင်၏ အဝတ်အစားများကိုမူ သူ ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်ရုံဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“စီနီယာအစ်ကိုဟန် တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ သူ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်နိုင်တယ်”

ချန်ကျင်းကျင်း ရှေ့သို့ အရင်ဆုံး လှမ်းတက်လာပြီး သူ့ကို ဂုဏ်ပြုလိုက်သည်။

ဟန်ပင်း ပြုံးကာ ပြောလိုက်၏။

“ဒါက ဘာမှမဟုတ်ပါဘူး။ ငါ စီနီယာအစ်ကိုကြီးတို့နဲ့ ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်”

ပိုင်ကျင်း : “ပြောမရဘူး။ စောစောတုန်းက ဆရာက အစ်ကို့မှာ သူ့အရှိန်အဝါ တစ်ဝက်လောက် ရှိနေပြီလို့ ပြောခဲ့တာပ”

ထိုစကားကို ကြားသောအခါ ဟန်ပင်း ချူဖုန်းဘက်သို့ ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။

“ဆရာ့ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်”

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။

“ဆရာ မင်းကို ချီးမွမ်းနေတာ မဟုတ်ဘူး။ အမှန်တရားကိုပဲ ပြောပြနေတာ။ ဆက်ပြီး ကြိုးစား။ တစ်နေ့မှာ မင်းလည်း တာ့ချန်တို့လို တစ်ကမ္ဘာလုံးမှာ နာမည်ကျော်ကြားလာနိုင်ပါတယ်”

ထိုစကားကို ကြားရသော် ဟန်ပင်း၏ နှလုံးသားထဲတွင် ရုတ်တရက် စိတ်လှုပ်ရှားမှုများ လှိုင်းထလာပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

‘ငါလည်း တကယ်ပဲ စီနီယာအစ်ကိုကြီးတို့လို ဖြစ်လာနိုင်မလား’

ပတ်ပတ်လည်ရှိ ကျင့်ကြံသူများ ချူဖုန်းတို့အဖွဲ့အပေါ် ကြည့်နေသော အကြည့်များသည် ရိုသေလေးစားမှုများ ပါဝင်လာတော့၏။

ကျင့်ကြံသူများသည် မြောင်တောင် ဆိုသည်မှာ မည်သို့သော အင်အားစုမျိုး ဖြစ်သနည်းဟူ၍ တီးတိုး ဝေဖန်ဆွေးနွေးနေကြတော့သည်။

ကျင့်ကြံသူများ ဆွေးနွေးမှုပိုမိုပြင်းထန်လာသည်နှင့် မြောင်တောင်ဟူသော စကားလုံးများ လေ့ကျင့်ရေးကွင်းအတွင်းရှိ ကျင့်ကြံသူတိုင်း နားထဲသို့ ပျံ့နှံ့သွားတော့၏။

မြောင်တောင်မှ ဟန်ပင်းသည် လေပြင်းဓားဂိုဏ်း၏ အကြီးအကဲကျန်းကို အနိုင်ယူခဲ့သည့် အကြောင်းမှာလည်း လူတိုင်း သိရှိသွားကြသည်။

မြောင်တောင်သည် မည်သို့သော အင်အားစုမျိုး ဖြစ်သနည်းဟု စဉ်းစားနေကြသည့် လူများသည် ပြန်ရောက်သောအခါ မိသားစုများရှိ အသက်ကြီးသူများကို ဤအင်အားစုအကြောင်း သေချာပေါက် မေးမြန်းရမည်ဟု စိတ်ထဲမှ တွေးတောနေကြ၏။

လေပြင်းဓားဂိုဏ်း

လီဖေးဖန်သည် ဟန်ပင်း နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ကြောင်း သွားရောက်ပြောဆိုရန် အကြီးအကဲကျန်းကို ရှာဖွေတော့မည့်အချိန် အနောက်မှ လူတစ်ယောက်က သူ့ပခုံးကို ပြင်းထန်စွာ ပုတ်လိုက်သည်။

ထို့နောက် အံကြိတ်ထားသော အသံတစ်သံ သူ့နားထဲ တိုးဝင်လာ၏။

“ဂျူနီယာညီလေးလီ မင်းလုပ်ထားတဲ့ သောက်ကျိုးနည်း ကိစ္စကြီးကိုလည်း ကြည့်ပါဦး၊၊ ငါတို့ လေပြင်းဓားဂိုဏ်းတစ်ခုလုံးသိက္ခာကို ချပစ်လိုက်တယ်နော်”

“တတိယစီနီယာအစ်ကို ကျွန်တော့် ရှင်းပြချက်ကို နားထောင်ပါဦး”

ထိုအသံကို ကြားရသဖြင့် လီဖေးဖန် လျင်မြန်စွာ လှည့်ကာ ပြောလိုက်သည်။

“အို”

ချန်မင် ပျက်ယွင်းနေသော မျက်နှာဖြင့် မေးလိုက်၏။

“မင်း ဘာတွေ ရှင်းပြချင်လဲဆိုတာ ငါ့ကို မပြောပြတော့ဘူးလား”

“အဲဒီဟန်ပင်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဗျ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက သူ ကျွန်တော့်လိုပဲ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတာ။ အခု ဘယ်နှနှစ်ပဲ ရှိသေးလို့လဲ။ သူ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီ။ သူ ကမ္ဘာခြားကောင်းကင်နတ်ဆိုး တစ်ကောင်ရဲ့ အမွေအနှစ်ကို ရထားတာ ဖြစ်ရမယ်”

လီဖေးဖန် ပြောနေရင်း သူ့တတိယစီနီယာအစ်ကို၏ မျက်နှာအမူအရာကို အကဲခတ်နေတော့သည်။

“ဒီစကားတွေက အမှန်ပဲလား”

ချန်မင် မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှု အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း အများစုသည် စိတ်လှုပ်ရှားမှုများ ဖြစ်၏။

ဟန်ပင်းတွင် ထူးကဲသည့် အမွေအနှစ်တစ်ခုရှိပြီး လေပြင်းဓားဂိုဏ်းကသာ သူ့ကို ဖမ်းဆီးနိုင်လျှင် လူတိုင်း ဟန်ပင်းကဲ့သို့ပင် အမြင့်သို့ တက်သွားနိုင်ကြပေမည်။

“ပေါက်ကရတွေ”

အော်ဟစ်သံတစ်သံသည် ချန်မင်နှင့် လီဖေးဖန်တို့စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။

နှစ်ယောက်သား အသံထွက်ပေါ်သည့်ဘက်သို့ ကြည့်လိုက်ကြရာ အကြီးအကဲကျန်း သူတို့ကို ပျက်ယွင်းနေသော မျက်နှာဖြင့် စိုက်ကြည့်နေသည်အား မြင်လိုက်၏။

“တပည့် အကြီးအကဲကျန်းကို ဂါရဝပြုပါတယ်”

“ဟမ့်”

အကြီးအကဲကျန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လီဖေးဖန်ကို စူးစိုက်ကြည့်လိုက်သည်။

“တာအိုမိတ်ဆွေဟန်ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လောက်တောင် သန့်စင်လဲဆိုတာ မင်းတို့ သိလို့လား။ အဲဒါက မိုးမြေကြားက ဆွဲထုတ်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် အနှစ်သာရပဲ။ ဒီလို ဝိညာဉ်စွမ်းအားမျိုးက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဆီမှာ ရှိနိုင်မယ်ဆိုရင် ငါတို့အားလုံးလည်း နတ်ဆိုးအရှင်သခင်တွေ ဖြစ်ကုန်ကြမှာပေါ့ကွ”

ဤစကားများ ထွက်လာသောအခါ လီဖေးဖန်နှင့် ချန်မင်တို့ မှင်တက်သွားကြရသည်။

အကြီးအကဲကျန်း နောက်မှ လိုက်ပါလာသော လေပြင်းဓားဂိုဏ်း တပည့်များပင် မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပေါ်လာကြ၏။

“ကျွန်တော်တို့ အကြီးအကဲရဲ့ အပြစ်ပေးမှုကို ခံယူပါ့မယ်”

နှစ်ယောက်သား သတိဝင်လာပြီးနောက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“ဟမ့်”

အကြီးအကဲကျန်း အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဆိုသည်။

“မင်းတို့ကို တာအိုမိတ်ဆွေဟန်ကပဲ အပြစ်ပေးပါစေတော့။ တပည့်တွေ သူတို့ကို ဖမ်းဆီးလိုက်ကြ”

အခန်း (၄၈၆)

“တာအိုမိတ်ဆွေဟန် ဒီမိုက်မဲတဲ့ တပည့်နှစ်ယောက်ကို ကိုင်တွယ်ဖို့ မင်းကိုပဲ လက်လွှဲထားလိုက်တော့မယ်”

လျှိုလန်ရှေးဟောင်းမြို့တော်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း၌ မုန်တိုင်းဓားဂိုဏ်းမှ တပည့်များကို ဦးဆောင်လာသော အကြီးအကဲကျန်းသည် ချန်မင်နှင့် လီဖေးဖန်တို့ကို ချူဖုန်းတို့အဖွဲ့ဆီ ခေါ်ဆောင်လာသည်။

ချူဖုန်း ၎င်းနှင့်ပတ်သက်၍ ဝင်မပြောချေ။ ထိုကိစ္စကို ကိုင်တွယ်ရန် ဟန်ပင်းထံသို့သာ လွှဲအပ်ထား၏။

ဟန်ပင်း ပြုံးလိုက်သည်။

“ငါက အငြိုးအတေးထားတတ်တဲ့သူ မဟုတ်ဘူး။ ဒီတစ်ကြိမ်တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး”

၎င်းကို ကြားသောအခါ ချန်မင်နှင့် လီဖေးဖန်တို့ မှင်တက်သွားကြ၏။ ဟန်ပင်း သူတို့ကို ဤမျှလွယ်ကူစွာ လွှတ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

သူတို့ အံ့အားသင့်စွာ ထိုနေရာ၌ ရပ်နေကြသည်။ ၎င်းကိုမြင်သောအခါ အကြီးအကဲကျန်း သူတို့နှစ်ဦးကို ဒေါသတကြီးဖြင့် ကန်ကျောက်လိုက်၏။

“တာအိုမိတ်ဆွေဟန်က မင်းတို့ကို သနားညှာတာပေးလိုက်ပြီလေ။ ဘာလို့ သူ့ကို မြန်မြန် ကျေးဇူးမတင်ကြတာလဲ။ မင်းတို့ကို ဂိုဏ်းကနေ ထုတ်ပစ်စေချင်နေတာလား”

၎င်းကို ကြားသောအခါ သူတို့နှစ်ဦး အလျင်အမြန် ပြောလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် ဆရာဦးလေးဟန်။ သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ထကြတော့”

ဟန်ပင်း ဖြည်းညှင်းစွာ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ”

မတ်တပ်ရပ်ပြီးနောက် သူတို့နှစ်ဦး ယခုလေးတင် ဖြစ်ပျက်သွားသောအရာကို မယုံနိုင်သလို ဖြစ်နေသည်။

အထူးသဖြင့် လီဖေးဖန်ပင်။ ဟန်ပင်းတွင် ဟန်ပေါင်ပေါင်ဟူသော နာမည်ပြောင်အပြင် မိစ္ဆာလေးဟုလည်း ခေါ်ကြကြောင်း သူ သိထားသည်။ သူက လမ်းမှန်ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း လုပ်ရပ်များက မိစ္ဆာတစ်ကောင်နှင့် ဘာမှမကွာခြားပေ။

“တာအိုမိတ်ဆွေဟန် ငါ့မုန်တိုင်းဓားဂိုဏ်းက တပည့်တွေ သိုင်းပြိုင်ကွင်းမှာ တခြားသူတွေနဲ့ တိုက်ခိုက်ပြီး အတွေ့အကြုံယူဖို့ လိုနေသေးလို့ မင်းတို့ကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘူး”

အကြီးအကဲကျန်း လေးစားသမှုဖြင့် ပြောလိုက်၏။

အချိန်အတော်ကြာ အသက်ရှင်နေထိုင်လာသူဖြစ်သဖြင့် ဟန်ပင်းသည် ဤအဖွဲ့၏ ခေါင်းဆောင်မဟုတ်ကြောင်းကို သူ မြင်တွေ့နိုင်သည်။

သူတို့အဖွဲ့တွင် အခြားသော အစွမ်းထက်သည့်သူများလည်းပါဝင်လောက်၏။ မြောင်တောင်သည် သူတော်စင်တစ်ပိုင်း အင်အားစုတစ်ခုခု၏ ဌာနခွဲဖြစ်ရမည်ဟု သူ ကောက်ချက်ချလိုက်သော်လည်း အဓိကအင်အားစုခြောက်ခုအနက် မည်သည့်အဖွဲ့က သူတို့ကို ကူညီရန် ဖိတ်ခေါ်ထားသည်ကိုတော့ မသိပေ။

“ဂရုစိုက်သွားပါ တာအိုမိတ်ဆွေ”

ဟန်ပင်း ဖြည်းညှင်းစွာ ပြောလိုက်၏။

သူတို့ အဝေးသို့ လျှောက်သွားသည်ကို မြင်ပြီးနောက် ချူဖုန်း ဟန်ပင်းကို လှည့်ကာ မေးလိုက်သည်။

“ဟန်ပင်း ဒီတိုက်ပွဲပြီးသွားတော့ မင်း ဘာတွေ ရလိုက်လဲ”

“ဆရာ ဒီတပည့် စည်းမျဉ်းတစ်ခုကို နားလည်သွားပါတယ်။ ဆန်းကြယ်ကောင်းကင်‌ဒေသမှာ ကိုယ့်စွမ်းရည်တွေကို ဖုံးကွယ်ထားတာက အဓိပ္ပာယ်မရှိပါဘူး။ ဒီတပည့် ဂုဏ်ကျက်သရေအပြည့်နဲ့ အိမ်ပြန်ရမဲ့ အချိန်ရောက်ပါပြီ”

ဟန်ပင်း ပြောနေရင်း သူ့မျက်လုံးများမှ ထူးခြားဆန်းပြားသည့် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။

“မဆိုးဘူး။ မင်း နောက်ဆုံးတော့ စိုက်ပျိုးရေးလုပ်ဖို့ကိုပဲ စွဲလမ်းမနေတော့ဘူး”

ချူဖုန်း ကျေနပ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

ဟန်ပင်း ပြောလိုက်၏။

“ဆရာ ဒီကိစ္စ ပြီးဆုံးသွားရင် တပည့် အိမ်ပြန်ဖို့ စီစဉ်ထားပါတယ်”

“သွားနိုင်တယ်”

ချူဖုန်း သဘောတူလိုက်ပြီးနောက် ကွိုင်ငါးလေးကို ကြည့်လိုက်၏။

“ကျင်းလေး မင်းမှာရော ဘာအစီအစဉ်တွေ ရှိလဲ”

“စီနီယာ ကျင်းလေးက စီနီယာအတွက် အဝတ်တွေလျှော်ပေးမယ်။ ထမင်းချက်ပေးမယ်။ ပြီးတော့ ကုတင်ကို နွေးအောင် လုပ်ပေးချင်ပါတယ်”

ကွိုင်ငါးလေး လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

“ဟားဟားဟား”

ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဒီလောက် ငယ်ငယ်လေးနဲ့ ကုတင်ကို နွေးအောင်လုပ်ပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိနေပြီလား”

၎င်းကိုကြားသောအခါ ကွိုင်ငါးလေး နှုတ်ခမ်းစူကာ ပြောလိုက်သည်။

“ကျွန်မ မငယ်တော့ပါဘူး။ ဒီနှစ်ဆို အသက် သုံးရာကျော်နေပါပြီ”

ချူဖုန်း ပြောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ။ မင်း မငယ်တော့ပါဘူး။ ဒါပေမဲ့ ငါ ကုတင်နွေးပေးမဲ့ အစေခံမလေး မလိုဘူး။ မင်း သွားစရာ နေရာမရှိရင် အခုကစပြီး ငါ့ခြံဝင်းထဲမှာ လက်ဖက်ရည် ဆက်သပေးလို့ရတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ”

စကားပြောပြီးနောက် ငါးလေးကျင်းလီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး သူမ မျက်လုံးများက လခြမ်းကွေးအလား ကျဉ်းမြောင်းသွားသည်။

အဖွဲ့သည် လျှိုလန်ရှေးဟောင်းမြို့တော်တွင် တစ်ပတ်ပတ်ပြီးနောက် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ စခန်းသို့ ပြန်လာကြ၏။

တစ်ချိန်တည်းမှာပင် သိုင်းပြိုင်ကွင်းကို တုန်လှုပ်သွားစေသော ဟန်ပင်း၏ လုပ်ရပ်သည် အဓိကအင်အားစုများထံ ပျံ့နှံ့သွား၏။ အထူးသဖြင့် အကြီးအကဲကျန်း သူ့ခန့်မှန်းချက်များကို ဂိုဏ်းထံ သတင်းပို့ပြီးနောက် တောက်ပဓားအလင်းဂိုဏ်းက ကျန်သည့်အင်အားစုငါးခုက သူတို့ကို ကူညီရန် အခြားသူတော်စင်တစ်ပိုင်းအင်အားစုကို ဖိတ်ခေါ်ထားကြောင်း သိရှိသွားသည်။

သို့သော် တောက်ပဓားအလင်းဂိုဏ်း၏ အကြီးအကဲများက ၎င်းကို ဂရုမစိုက်ကြပေ။ ကျားဇီပြိုင်ပွဲ ရည်ရွယ်ချက်သည် ချန်ပီယံဖြစ်လာရန်နှင့် နယ်မြေများ ပိုမိုရယူရန်ပင်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ် စခန်းအတွင်း၌

ချူဖုန်းသည် ပင်မထိုင်ခုံတွင် ထိုင်ကာ ဝိုင်သောက်နေစဉ် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲတစ်ဦး မေးလိုက်သည်။

“သမက်တော်က ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရင့်ကျက်ပါတယ်။ မြောင်တောင်ဆိုတာကို ကြားဖူးလား”

ဖွီး

ချူဖုန်း ပါးစပ်အပြည့် ဝိုင်တစ်ငုံ ထွေးထုတ်လိုက်မိသည်။ သူ အကြီးအကဲကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ ကျုပ်တို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ တောင်နာမည်ကို ခင်ဗျား မသိဘူးလား”

“မြောင်တောင်တော့ မဖြစ်နိုင်ပါဘူးနော်”

ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲ မေးလိုက်သည်။

“ဟုတ်တယ်။ မြောင်တောင်ဆိုတာ ကျုပ်တို့ဌာန နေရာ”

ချူဖုန်း ခဏတာ ရပ်တန့်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။

“သောင်းပြောင်းပညာရပ်ဌာနက တိတ်ဆိတ်နေတာ အရမ်းကြာသွားတဲ့ပုံပဲ။ လောကကြီးက လူတွေ သောင်းပြောင်းပညာရပ်ဌာနကိုပဲ သိကြပြီး မြောင်တောင်ကိုကျတော့ မသိကြဘူး။ ဒါပေမဲ့လည်း ကောင်းပါတယ်။ ကျားဇီပြိုင်ပွဲမှာ မြောင်တောင်ရဲ့ ဂုဏ်သတင်းကို လောကကြီး သိအောင်လုပ်ပြမယ်”

၎င်းကို ကြားသောအခါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲများ စိတ်လှုပ်ရှားလာကြသည်။ အကယ်၍ မဟာပဏ္ဍိတမိုးမြေသာ အစွမ်းကုန် လှုပ်ရှားမည်ဆိုပါက ပြင်းထန်အေးခဲတောင်တန်းစံအိမ်အနေဖြင့် ဘာကိုများ စိုးရိမ်ပူပန်နေစရာ လိုတော့မည်နည်း။

နောက်တစ်နေ့တွင် လျှိုလန်ရှေးဟောင်းမြို့တော်သည် ယခင်ကလို စည်ကားနေသည်။

မြို့စားတစ်စုသည် လျှိုလန်ရှေးဟောင်းမြို့တော်အထက် ကောင်းကင်၌ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ ကျားဇီပြိုင်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

လူတိုင်း နောက်တစ်နေ့တွင် မဟာပဏ္ဍိတများ လှုပ်ရှားလာမည့်အချိန်ကို စောင့်မျှော်နေကြ၏။

တစ်ရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ကျားဇီပြိုင်ပွဲမှ အဓိကပွဲသည် နောက်ဆုံးတွင် ရောက်ရှိလာ၏။

မနက်စောစောတွင် ချူဖုန်းနှင့် ပင်းယန်တို့ မြင်းလှည်းတစ်စီးပေါ်တွင် အတူတကွ ထိုင်ကာ လျှိုလန်ရှေးဟောင်းမြို့တော်သို့ ဦးတည်ထွက်ခွာလာကြသည်။

ယာဉ်တန်း မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် အပြင်ဘက်မှ အံ့သြသံများ ထွက်ပေါ်လာ၏။

“ကြည့်စမ်း။ အဲဒါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ ယာဉ်တန်းပဲ။ ဒီတစ်ကြိမ် ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို တာဝန်ယူမဲ့သူက ဝမ်တောက်ကျောင်းတော်ကို ဝင်ရောက်သွားတဲ့ သူတို့သခင်မလေးလို့ ကြားတယ်။ သူ့အင်အားက စံအိမ်သခင်ထက်တောင် ပိုပြီး မြင့်တယ်တဲ့။ သူက မဟာပဏ္ဍိတတစ်ပါးလေ”

“ဟူး ဒီလောက်ငယ်ငယ်လေးနဲ့ မဟာပဏ္ဍိတတစ်ပါးဆိုတော့ ဝမ်တောက်ကျောင်းတော်ကဆိုတာ သေချာတယ်”

“သူက ငယ်တော့ ပါရမီ ဘယ်လောက်ပဲ မြင့်မားနေပါစေ တခြားသူတော်စင်တစ်ပိုင်းအင်အားစုကြီးငါးခုက မဟာပဏ္ဍိတတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

“…”

ဤအသံများသည် ပင်းယန် နားထဲသို့ တစ်လုံးမကျန် ဝင်ရောက်လာသည်။ သူမ ဤစကားများကို ဘေးသို့ဖယ်ထားလိုက်ပြီး ချူဖုန်းနှင့်အတူ တိတ်ဆိတ်စွာ စစ်တုရင် ကစားနေ၏။

ခဏအကြာတွင် မဟာပဏ္ဍိတရွှေတောင်ပံ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“အစ်ကို မရီး ကျွန်တော်တို့ ရောက်ပါပြီ”

“အင်း”

ချူဖုန်း ပြန်ဖြေလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။ သူ သေချာစွာ ကြည့်ရှုလိုက်သည်။ ယနေ့ သိုင်းပြိုင်ကွင်းသည့် လွန်ခဲ့သော နှစ်ရက်ကနှင့် အနည်းငယ် ကွာခြားနေကြောင်း တွေ့လိုက်၏။ ပရိသတ်စင်မြင့်တွင် စင်မြင့်ခြောက်ခုကို တည်ဆောက်ထားပြီး ၎င်းတို့ပေါ်တွင် အဓိကအင်အားစုခြောက်ခု၏ အမည်များကို ရေးထိုးထားသည်။

သူနှင့် ပင်းယန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့နှစ်ဦး လက်ချင်းချိတ်ကာ စင်မြင့်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။

သူတို့နှစ်ဦး စင်မြင့်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲများ သူတို့နောက်မှ အနီးကပ် လိုက်ပါလာကြ၏။

သူတို့နှစ်ဦး အဓိကထိုင်ခုံတွင် ထိုင်ပြီးနောက် အခြားသောအင်အားစုများလည်း ရောက်ရှိလာကြသည်။

“ကြည့်စမ်း ကွမ်ရှင်းစင်မြင့်က နတ်ဘုရားတွက်ချက်သူတွေ ရောက်လာပြီ။ သူတို့ကို ဦးဆောင်လာတဲ့သူက လွန်ခဲ့တဲ့ နှစ်ငါးရာကတည်းက ပေါ်မလာတော့တဲ့ မဟာပဏ္ဍိတကြယ်မြစ်ပဲ”

“အဲဒီ နွားနှာခေါင်းနဲ့ တာအိုဆရာတစ်သိုက်က ဘာများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ။ ယဲ့ဝမ်နိုင်ငံက အလှလေးတွေကမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ ကြည့်စမ်း ယဲ့ဝမ်နိုင်ငံက အလှဆုံးဧကရီ မဟာပဏ္ဍိတယောင်ယဲ့လည်း ရောက်လာပြီ”

“ဘယ်လောက်တောင် အမြင်ကျဉ်းလိုက်ကြလဲ။ အလှလေးက ဘာများ ကြည့်ကောင်းနေလို့လဲ။ ငါ့အမြင်တော့ နည်းစနစ်တွေကို သင်ယူချင်ရင် မြောက်ပိုင်းသဲကန္တာရဂိုဏ်းက ကျင့်ကြံသူတွေကိုပဲ ကြည့်ရမယ်။ သူတို့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တွေက ပထမတန်းစားပဲ”

“ဟမ့် ဒါဆိုရင် ဘာလို့ ထုံရှင်းကျောင်းတော်က ဘုန်းကြီးတွေကို မကြည့်တာလဲ။ ထုံရှင်းကျောင်းတော် မဟာပဏ္ဍိတဝူရှန့်က မန္တာန်ရော ခန္ဓာကိုယ်ကိုပါ ကျင့်ကြံတာလေ။ သူ့ကို ကြည့်ရတာ မကောင်းဘူးလား”

“ငါ့အမြင်တော့ ဆန်းကြယ်ကောင်းကင်ဒေသ အနောက်မြောက်ဘက်မှာ တောက်ပဓားအလင်းဂိုဏ်းရဲ့ ဓားပညာရပ်တွေနဲ့ ရွှီကျိနိုင်ငံ မန္တာန်ပညာရပ်တွေက အစွမ်းအထက်ဆုံးပဲ။ မင်း ကြည့်ချင်တယ်ဆိုရင် အဲဒီအင်အားစုနှစ်ခုက မဟာပဏ္ဍိတတွေကို ကြည့်သင့်တယ်”

လူအုပ်ကြီး၏ ဆွေးနွေးမှုများအကြား အင်အားစုအသီးသီးမှ မဟာပဏ္ဍိတများသည် သူတို့နေရာများတွင် တစ်ယောက်ပြီးတစ်ယောက် ဝင်ထိုင်လိုက်ကြသည်။ မဟာပဏ္ဍိတများ ထိုင်ပြီးနောက် သူတို့ စကားမပြောသလို ဖိအားများကိုလည်း တမင်တကာ မထုတ်လွှတ်ကြပေ။ သဘာဝအတိုင်း သယ်ဆောင်လာသော အရှိန်အဝါကပင် သိုင်းပြိုင်ပွဲတစ်ကွင်းလုံး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားစေသည်။

All Chapters