← Chapters

အခန်း (၄၈၇-၄၈၈)

Vol. 49 Ch. 487-488

အခန်း (၄၈၇-၄၈၈)

Vol. 49 Ch. 487-488

အခန်း (၄၈၇)

“ငါတို့ နောက်ဆုံးတွေ့တာ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်ကပဲ။ မင်းတို့အားလုံး ဘယ်လိုများ ဖြတ်သန်းနေကြလဲ”

စင်မြင့်ပေါ်တွင် တောက်ပဓားအလင်းဂိုဏ်းချုပ်က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ အေးအေးဆေးဆေး မေးလိုက်သည်။

“အောမီထောဖော ဂရုတစိုက်ရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်လျူ။ ဒီဘုန်းကြီးက ထုံရှင်းကျောင်းတော်မှာ နှစ်ခြောက်ဆယ်လောက် ကျင့်ကြံအားထုတ်နေတာပါ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီလိုနေ့ကို ရောက်လာပြန်ပြီ”

ထုံရှင်းကျောင်းတော်မှ ကျောင်းထိုင်ဆရာတော်ကျွယ်မင် ပြောလိုက်ပြီး သူ့ဘေးတွင် ထုံရှင်းကျောင်းတော်၏ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူဖြစ်သည့် မဟာပဏ္ဍိတဝူရှန့် ထိုင်နေသည်။

“အဘိုးကြီးလျူ၊ ကျွယ်မင် အပိုတွေ လုပ်မနေကြနဲ့။ ငါတို့ တိုက်ခိုက်ကြမယ်ဆိုရင်လည်း တိုက်ကြတာပေါ့။ ဒီဂိုဏ်းချုပ်ရဲ့ ဆရာဦးလေးက မင်းတို့နောက်က အဘိုးကြီးတွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာကို မြင်ချင်နေပြီ”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် မာနကြီးစွာ ပြောလိုက်သည်။

ဂိုဏ်းချုပ်လျူက ပြုံးလိုက်သည်။

“မြောက်ပိုင်းသဲကန္တာရဂိုဏ်းက တာအိုမိတ်ဆွေ မစောင့်နိုင်တော့ဘူးဆိုမှတော့ အရင်စည်းကမ်းတွေအတိုင်းပဲ လုပ်ကြတာပေါ့။ ပြီးခဲ့တဲ့ နှစ်ခြောက်ဆယ်ပြိုင်ပွဲကြီးမှာ ငါတို့ တောက်ပဓားအလင်းဂိုဏ်းက အနိုင်ရခဲ့တယ်ဆိုတော့ ဒီနှစ်ခြောက်ဆယ်ပြိုင်ပွဲကို ငါတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်။ ဘယ်သူများ ကန့်ကွက်ချင်ကြလဲ”

“ဂိုဏ်းချုပ်လျူ ကျေးဇူးပြုပြီး စတင်ပါ”

“ကျေးဇူးပြုပြီး စပါ တာအိုမိတ်ဆွေလျူ”

အဓိကအင်အားစုကြီးလေးခုမှ ကိုယ်စားပြုများ သဘောတူညီလိုက်ကြသည်။

ဂိုဏ်းချုပ်လျူ၏အကြည့်က ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ စင်မြင့်အပေါ်သို့ ကျရောက်သွား၏။ လူငယ်နှစ်ဦးက စကားတစ်ခွန်းမျှ မဟသေးသည်ကို မြင်သောအခါ သူ မေးလိုက်သည်။

“ပြင်းထန်အေးခဲတောင်တန်းစံအိမ်က သခင်မလေးရော ဘယ်လိုထင်လဲဆိုတာ သိချင်ပါတယ်”

“အဘိုးကြီးလျူ ကောင်မလေးတစ်ယောက်ရဲ့ ထင်မြင်ချက်ကို ဘာလို့ မေးနေတာလဲ။ လူအိုကြီးပင်း ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး။ သူ အရှက်တကွဲ ရှုံးမှာကို ကြောက်လို့ ဒီလိုကောင်မလေးကို အရှက်ခွဲခံဖို့ လွှတ်လိုက်တာများလား”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ပေါ်တင် လှောင်ပြောင်လိုက်သည်။

“ဟမ့်”

ပင်းယန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်၏။ သူ ရေခဲဂူတစ်ခုထဲသို့ ကျဆင်းသွားသလို ချက်ချင်း ခံစားလိုက်ရ၏။

ဤအမျိုးသမီးက ကောလာဟလများအတိုင်း မဟာပဏ္ဍိတတစ်ပါး ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပေ။

ပင်းယန် တစ်ဖက်လူကို လျစ်လျူရှုပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါဆိုရင်လည်း စည်းကမ်းတွေအတိုင်းပဲ လုပ်ကြတာပေါ့”

“ကောင်းတယ်”

ဂိုဏ်းချုပ်လျူ၏မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။

“လူတွေရှိတဲ့နေရာမှာ ပဋိပက္ခတွေ ရှိတယ်။ ပဋိပက္ခတွေရှိတဲ့နေရာမှာ သိုင်းလောက ရှိတယ်။ ငါတို့ အင်အားစုခြောက်ခုပေါင်းပြီး ဆန်းကြယ်ကောင်းကင်ဒေသ အနောက်မြောက်ဘက်မှာရှိတဲ့ နယ်မြေတွေကို သိမ်းပိုက်ထားကြတယ်။ ပုံမှန်အားဖြင့် ကိုယ်ရေးကိုယ်တာ ပြဿနာတွေ အမြဲတမ်း ရှိနေတတ်ကြတယ်။ ဒီပဋိပက္ခတွေကို လျှော့ချဖို့အတွက် အဓိကအင်အားစုကြီးခြောက်ခုက ဘိုးဘေးတွေက နှစ်ခြောက်ဆယ်ပြိုင်ပွဲကြီးကို ကျင်းပဖို့ ပူးတွဲ သဘောတူခဲ့ကြတယ်။ စည်းကမ်းချက်တွေအရ နှစ်ခြောက်ဆယ်အတွင်းက ရန်ငြိုးတွေအားလုံးကို ဒီနေ့မှာ ဖြေရှင်းနိုင်တယ်။ ဒီနေ့ပြီးသွားရင် အရင်က ရန်ငြိုးတွေအားလုံးကို ရှင်းလင်းပြီးသား ဖြစ်သွားလိမ့်မယ်။ အကယ်၍ တစ်ယောက်ယောက်က မယုံကြည်ဘူး။ ဒါမှမဟုတ် နောက်ပိုင်းမှာ လက်စားချေဖို့ ကြိုးစားလာရင် ဂိုဏ်းခြောက်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သနားညှာတာမှုမရှိဘူးလို့ မပြောပါနဲ့။အခု နှစ်ခြောက်ဆယ်ပြိုင်ပွဲကြီး စတင်ပြီလို့ ကြေညာလိုက်ပါတယ်”

ထိုစကားများ အဆုံးတွင် သိုင်းပြိုင်ကွင်းအတွင်း၌ အောင်ပွဲခံအော်ဟစ်သံများ ထွက်ပေါ်လာသည်။

အဓိကအင်အားစုကြီးခြောက်ခုမှ ကိုယ်စားပြုများ တိတ်ဆိတ်စွာ ထိုင်နေကြ၏။

အောင်ပွဲခံအော်ဟစ်သံများ ငြိမ်သက်သွားပြီးနောက် မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ပထမဆုံး စကားပြောလာသည်။

“မင်းတို့ထဲက ဘယ်သူက ပထမဆုံးတိုက်ချင်လဲ။ ဘယ်သူမှ ရှေ့မထွက်လာရင် ငါ့မြောက်ပိုင်းသဲကန္တာရဂိုဏ်းက အရင်သွားမယ်”

“တာအိုမိတ်ဆွေ... ကျေးဇူးပြုပြီး စတင်ပါ”

ထုံရှင်းကျောင်းတော်မှ ဘုန်းကြီးက ပြုံးလိုက်သည်။

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်က သူ့ဘေးတွင် မျက်လုံးမှိတ်ထားသော အဘိုးအိုတစ်ဦးကို လှည့်ကာ ပြောလိုက်သည်။

“ဆရာဦးလေး အားလုံးက ဦးလေးအပေါ်မှာပဲ မူတည်ပါတယ်”

“အင်း”

သူသည် တောင့်တင်းသန်မာသော အဘိုးကြီးတစ်ဦးဖြစ်ပြီး ထိုနေရာ၌ ထိုင်နေသည်မှာ တောင်ငယ်လေးတစ်လုံးအလားပင်။ သူ့မျက်လုံးများကို မှိတ်ထားသောအခါ ကြမ်းတမ်းသော်လည်း အသက်ဓာတ်မရှိသည့်နှယ်။

သို့သော် သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အခိုက် ဖိအားတစ်ခုက သူတို့အပေါ်သို့ လွှမ်းခြုံလာသည်။

စင်မြင့်အောက်ရှိ စောင့်ကြည့်နေသူများထဲတွင် ဗဟုသုတကြွယ်ဝသူများပါဝင်ပြီး ထိုအဘိုးကြီးကို မြင်သောအခါ သူတို့ အံ့ဩသွားကြ၏။

“သူက မြောက်ပိုင်းသဲကန္တာရဂိုဏ်းက မဟာပဏ္ဍိတချန်ရှန်းပဲ။ လက်ဗလာနဲ့ တောင်တွေကို ရွှေ့ပြောင်းနိုင်တယ်ဆိုတဲ့ ကောလာဟလတွေတောင် ထွက်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ခွန်အားက သူတော်စင်တစ်ပါးထက် မနိမ့်ဘူးတဲ့”

“ပြီးခဲ့တဲ့ နှစ်ခြောက်ဆယ်ပြိုင်ပွဲကြီးတုန်းက မဟာပဏ္ဍိတချန်ရှန်း တံခါးပိတ်ကျင့်ကြံနေလို့ ပေါ်မလာဘူးလို့ ငါ ကြားဖူးတယ်။ ဒီတစ်ကြိမ် သူပေါ်လာတာ မြောက်ပိုင်းသဲကန္တာရဂိုဏ်းကို ချန်ပီယံဖြစ်အောင် လုပ်ပေးဖို့ပဲ”

“…”

မဟာပဏ္ဍိတချန်ရှန်း ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ လေထဲတွင် ရပ်လိုက်သည်။ သူ လူတိုင်းကို ဖြည်းညှင်းစွာ ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် သူ့မျက်လုံးများက ပင်းယန်အပေါ် ရပ်တန့်သွား၏။

“ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ ဝမ်တောက်ကျောင်းတော်ကနေ သင်ယူပြီး ပြန်လာတဲ့ မဟာပဏ္ဍိတတစ်ပါး ရှိတယ်လို့ ကြားထားတယ်။ ဒီအဘိုးကြီး အဲ့တာအိုမိတ်ဆွေရဲ့ စွမ်းအားကို ကိုယ်တိုင်တွေ့ရဖို့ အခွင့်အရေးများ ရှိမလား သိချင်မိတယ်”

ထိုစကားများ ပြောလိုက်သောအခါ လူအုပ်ထဲရှိ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားကြ၏။

မည်သို့ပင်ဆိုစေ ဝမ်တောက်ကျောင်းတော်သည် ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေတစ်ခုဖြစ်ပြီး လူအများစုအတွက် လက်လှမ်းမမီနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

ယနေ့ ဝမ်တောက်ကျောင်းတော်မှ မဟာပဏ္ဍိတတစ်ပါးကို မြင်တွေ့ရခြင်းက သူတို့ခရီးစဉ်ကို တန်ဖိုးရှိစေ၏။

ထိုအခိုက် အခြားသောအင်အားစုလေးခုမှ မဟာပဏ္ဍိတများသည်လည်း သူတို့မျက်လုံးများကို ဖွင့်လိုက်ကြပြီး ပင်းယန်ကို ကြည့်လာကြသည်။

ချူဖုန်း ထရပ်ရန် ပြင်လိုက်စဉ်မှာပင် သူ့အနောက်မှ အိုမင်းနေသော အသံတစ်သံ ထွက်ပေါ်လာ၏။

“သမက်တော် ဒီတိုက်ပွဲကို ဒီအဘိုးကြီးကို ကိုင်တွယ်ခွင့် ပြုပါ။ မင်း လှုပ်ရှားလိုက်မယ်ဆိုရင် ဘယ်အင်အားစုကမှ သူတို့အင်အားအစစ်ကို ထုတ်ပြရဲမှာ မဟုတ်တော့ဘူး”

“ကောင်းပါပြီ”

ချူဖုန်းက သဘောတူသည့်အနေဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်နှင့်အတူ လိုက်ပါလာသော မဟာပဏ္ဍိတက လှုပ်ရှားလိုသဖြင့် သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

၎င်းက မဟာပဏ္ဍိတများ၏ အင်အားကို အကဲဖြတ်ရန် သူ့အတွက် အခွင့်ရေးကောင်းတစ်ခု ဖြစ်သည်။

“အဘိုးကြီးချန် မင်းက ငါတို့သခင်မလေး လှုပ်ရှားဖို့ မတန်ပါဘူး။ ဒီအဘိုးကြီး အရင်ဆုံး မင်းနဲ့ လက်ရည်ယှဉ်ပါရစေ”

ထိုစကားအဆုံးတွင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်ဘက်မှ ပိန်လှီပြီး ဆံပင်များဖြူဖွေးနေသော အကြီးအကဲတစ်ဦး ထွက်ပေါ်လာ၏။

ထိုအကြီးအကဲကို မြင်သောအခါ မဟာပဏ္ဍိတချန်ရှန်း မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အမူအရာတစ်ခု ပေါ်လာသည်။ “ရွှယ်ဖုန်း မင်း မေ့သွားပြီလား။ အရင်တစ်ကြိမ်က မင်းရှုံးထားတဲ့ နိုင်ငံငယ်လေးက အခု မင်းတို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်ဆီ ပြန်မရောက်သေးဘူးလေ။ အခု ငါ့ကို နောက်ထပ် နိုင်ငံငယ်လေးတစ်ခု လက်ဆောင်ပေးချင်နေတာလား”

“မင်း အဘိုးကြီးဝမ်ကို ခေါ်လိုက်ဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်းရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်လေးက ဒီအဘိုးအကြီး ပြိုင်ဘက်မဟုတ်ဘူး”

“ဟမ့်”

မဟာပဏ္ဍိတရွှယ်ဖုန်း အေးစက်စက် နှာမှုတ်လိုက်သည်။ “မင်းကို ကိုင်တွယ်ဖို့အတွက် ဘိုးဘေးဝမ်လီကို မလိုအပ်ပါဘူး။ ဒီအဘိုးကြီး တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”

ထိုစကားများကို ကြားသောအခါ အဓိကအင်အားစုကြီးငါးခုမှ မဟာပဏ္ဍိတများသည် သူတို့နတ်ဘုရားအာရုံများကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်သို့ ပို့လွှတ်လိုက်ကြ၏။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ လှုပ်ရှားမှုက အလွန် ထူးဆန်းနေသည်။

‘သေချာပေါက် ရှုံးမဲ့သူကို စေလွှတ်လိုက်တာ အဘိုးကြီးဝမ်လီ မရောက်လာလို့လား’

မကြာမီ သူတို့သံသယများကို အတည်ပြုလိုက်နိုင်သည်။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူအုပ်ကြီးထဲတွင် မဟာပဏ္ဍိတဝမ်လီ၏ အရိပ်အယောင်မရှိပေ။

ချက်ချင်းဆိုသလိုပင် မဟာပဏ္ဍိတများသည် ဤအချက်အလက်ကို သက်ဆိုင်ရာ ဂိုဏ်းချုပ်များထံ ပေးပို့လိုက်ကြသည်။

ဤသတင်းကို ကြားသောအခါ အဓိကအင်အားစုကြီးငါးခု၏ ကိုယ်စားပြုများ ပျော်ရွှင်သွားကြ၏။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်အပေါ်ထားရှိသော သူတို့အကြည့်များလည်း ပြောင်းလဲသွားသည်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် မျိုးဆက်သစ်ပါရမီရှင်များ မရှိတော့သော်လည်း မဟာပဏ္ဍိတဝမ်လီ ရှိနေသရွေ့ သူတို့ အခြားသောအင်အားစုငါးခုနှင့် တန်းတူရပ်တည်နိုင်ပေသည်။

ယခု မဟာပဏ္ဍိတဝမ်လီ မရှိတော့သဖြင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် စဉ်တီးတုံးပေါ်မှ ငါးတစ်ကောင်အလား။

နှစ်ခြောက်ဆယ်ပြိုင်ပွဲတွင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် တန်ဖိုးတစ်ခု ပေးဆပ်ရတော့ပေမည်။

တစ်ချိန်တည်းမှာပင် မဟာပဏ္ဍိတရွှယ်ဖုန်း ရှေ့သို့တက်လာပြီး တိုက်ပွဲစင်မြင့်တွင် ပေါ်လာကာ မဟာပဏ္ဍိတချန်ရှန်းနှင့် မျက်နှာချင်းဆိုင်လိုက်၏။

မည်သူကမျှ လှုပ်ရှားခြင်းမရှိပေ။ ယင်းအစား ကောင်းကင်ယံသို့ တက်သွားကြသည်။ သူတို့ မြင့်တက်သွားသည်နှင့် ထုတ်လွှတ်လိုက်သော အရှိန်အဝါများက ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။

သူတို့ ဖိအားကို လျှိုလန်ရှေးဟောင်းမြို့တော်အပေါ် ရည်ရွယ်ချက်ရှိစွာ မထုတ်လွှတ်သော်လည်း မြို့အတွင်းရှိ ကျင့်ကြံသူတိုင်း သူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် တုန်ယင်နေဆဲပင်။

မြို့စားများနှင့် မဟာပဏ္ဍိတအဆင့်များသာ ဖြစ်ပေါ်လာမည့် တိုက်ပွဲကို တည်ငြိမ်စွာ ထိုင်ကြည့်နေကြသည်။

အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားလာ၏။ နာရီဝက်အကြာတွင် မဟာပဏ္ဍိတနှစ်ပါး၏ အရှိန်အဝါများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တိုက်ပွဲကြီး စတင်တော့ပေမည်။

အခန်း (၄၈၈)

ဖြူး

ဝေဟင်ထက်တွင် ညင်သာသော လေပြေတစ်ချက် တိုက်ခတ်သွားသည်။

လေပြည်က မပြင်းထန်သော်လည်း မဟာပဏ္ဍိတနှစ်ဦး၏ နှလုံးသားကိုမူ လှုပ်ခတ်သွားစေ၏။

ကလန်

မဟာပဏ္ဍိတရွှယ်ဖုန်း သူ့ရတနာဓားကို ပထမဆုံး ဆွဲထုတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတစ်ချက် လျှိုလန်ရှေးဟောင်းမြို့၏ အထက်ကောင်းကင်ကို ဖြတ်သန်းသွားပြီး လေထုအတွင်းရှိ အပူချိန်လည်း ရေခဲမှတ်အထိ ထိုးဆင်းသွားတော့၏။

လျှိုလန်ရှေးဟောင်းတစ်မြို့လုံး နှင်းလွှာတစ်ခုအောက်တွင် ဖုံးလွှမ်းသွားသည်။

“မိုင်ပေါင်းသောင်းချီ လွင့်မျောသောနှင်းခဲများ”

မဟာပဏ္ဍိတရွှယ်ဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့နောက်ကျောတွင် ဓမ္မရုပ်တုတစ်ခု ပေါ်ထွက်လာသည်။ သူနှင့် ဓမ္မရုပ်တုသည် ဓားများကို အတူတကွ ပင့်မြှောက်ကာ မဟာပဏ္ဍိတချန်ရှန်းကို ထိုးနှက်တိုက်ခိုက်လိုက်ကြ၏။

ကလန်

ဓား မြည်သံနှင့်အတူ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံ၌ နှင်းပွင့်များဖြင့် ပြည့်နှက်သွားတော့သည်။

နှင်းပွင့်များ အောက်သို့ ကျရောက်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များအဖြစ် ပြောင်းလဲသွားကြ၏။

ဤမြင်ကွင်းကို မြင်သော် မဟာပဏ္ဍိတချန်ရှန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဟမ့် ရွှယ်ဖုန်း နှစ်ခြောက်ဆယ် ကြာသွားတာတောင် မင်း နည်းနည်းလေးမှ တိုးတက်မလာသေးဘူး။ ဒီလောက်ဓားစွမ်းအင်အဆင့်နဲ့ ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”

ပြောဆိုရင်းနှင့် မဟာပဏ္ဍိတချန်ရှန်း သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းများ လွင့်ပျံထွက်လာပြီး မိုးမြေကြားတွင် ပေရာချီ မြင့်မားသော ရွှေရောင်ဓမ္မရုပ်တုတစ်ခုကြီး ဖြစ်တည်လာတော့၏။

ဓားစွမ်းအင်များသည် ဓမ္မရုပ်တုကြီးပေါ်သို့ ကျရောက်သွားပြီး စူးရှသည့် သတ္တုရိုက်ခတ်သံများ ထွက်လာသည်။

ထိုအသံများကို နားထောင်ရင်း မဟာပဏ္ဍိတချန်ရှန်း အထင်သေးသွားသော်လည်း မကြာမီမှာပင် သူ့မျက်လုံးအတွင်း၌ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။

ဓားစွမ်းအင်များကို သူ့ဓမ္မရုပ်တုက ပိတ်ဆို့ထားနိုင်သော်လည်း ၎င်းတို့ ကျရောက်သွားသည့် နေရာတိုင်းတွင် အေးခဲသွားကြသည်။

လက်ဖက်ရည်တစ်ခွက်စာ သောက်ဖို့ရန်ပင် အချိန်မရမီ ဓမ္မရုပ်တုကြီးသည် ခမ်းနားထည်ဝါလှသော ရေခဲရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။

မြို့အတွင်းမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလိုလိုနေရင်း အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိကြသည်။

“ဓမ္မရုပ်တုကြီးအေးခဲသွားပြီ။ မဟာပဏ္ဍိတရွှယ်ဖုန်းရဲ့ ဓားစွမ်းအင်က ကြောက်ဖို့ မကောင်းလွန်းဘူးလား”

“ကျွန်တော် ကြားဖူးတာကတော့ မဟာပဏ္ဍိတရွှယ်ဖုန်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ ယောက်ရွှဲတောင်ထွတ်ပေါ်မှာ ဉာဏ်အလင်းပွင့်ပြီး မဟာပဏ္ဍိတ ဖြစ်လာခဲ့တာမလို့ ဒီနာမည်ကို ရခဲ့တာတဲ့။ သူ့အေးစက်လွန်းတဲ့ ဓားစွမ်းအင်တွေအပေါ် ထိန်းချုပ်နိုင်စွမ်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေတာ ကြာပြီ ထင်တယ်”

“…”

ပွဲကြည့်စင်မြင့်ပေါ်တွင် အဓိကအင်အားစုကြီး လေးခုမှ ကျင့်ကြံသူများသည် သူတို့ဘိုးဘေးများကို ကြည့်လိုက်ကြ၏။

မဟာပဏ္ဍိတအုပ်စုကြီးသည် စကားတစ်ခွန်း မဆိုကြဘဲ ကောင်းကင်ထက်တွင် ထိုသူတို့နှစ်ဦး တိုက်ခိုက်နေကြသည်ကိုသာ ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်သည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ကျင့်ကြံသူများကို စနောက်လိုသော မျက်နှာထားဖြင့် စိုက်ကြည့်နေဆဲ ဖြစ်ပြီး သူ့အကြည့်မှာ နောက်ဆုံးတွင် ပင်းယန်ပေါ်သို့ ကျရောက်သွား၏။

သူ မဟာပဏ္ဍိတမိန်းမလှလေးထံမှ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်တွေ့ရရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေရသည်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ ပွဲကြည့်စင်မြင့်ပေါ်တွင်

ဟန်ပင်းသည် ချူဖုန်း အနောက်၌ ရပ်နေရင်း မေးလိုက်သည်။

“ဆရာ ဦးလေးရွှယ်ဖုန်းအနေနဲ့ ဒီတိုက်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး ရှိလား”

“ခက်လိမ့်မယ်”

ချူဖုန်း ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

“တာအိုမိတ်ဆွေရွှယ်ဖုန်းအနေနဲ့ မိုင်ပေါင်းသောင်းချီ လွင့်မျောသောနှင်းခဲထက် သာလွန်တဲ့ ဓားသိုင်းပညာတစ်ခုခုကို မထုတ်သုံးနိုင်ဘူးဆိုရင်တော့ သရေကျအောင် တိုက်ခိုက်နိုင်ဖို့ အခွင့်အရေး နည်းနည်းပဲ ရှိလိမ့်မယ်။ အဲဒါကလည်း မဟာပဏ္ဍိတချန်ရှန်း ပေါ့ဆနေမှ ဖြစ်နိုင်မှာ။ အခုအချိန်မှာတော့ တာအိုမိတ်ဆွေရွှယ်ဖုန်း အသာစီးရနေသလို ထင်ရပေမဲ့ သူ ချန်ရှန်းရဲ့ အခြေခံကိုတောင် မထိခိုက်စေနိုင်သေးဘူး။ ဒီတိုက်ပွဲရဲ့ နောက်ထပ်အဆင့်ကတော့ ခက်ခဲလိမ့်မယ်”

သူ့စကားလုံးများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

လူတိုင်း ထိုအသံထွက်ပေါ်လာသည့်ဘက်သို့ လှမ်းကြည့်လိုက်ကြစဉ် ရေခဲရုပ်တုကြီးဖြစ်နေသော ဓမ္မရုပ်တုပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်နေသည်ကို တွေ့လိုက်၏။

ဘုန်း

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရေခဲရုပ်တုကြီးသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

မဟာပဏ္ဍိတချန်ရှန်း ကောင်းကင်ထက်တွင် မည်သို့မျှ ထိခိုက်ဒဏ်ရာမရ မတ်တပ်ရပ်နေသော်လည်း သူ့မျက်နှာထက်မှ အထင်သေးသော အမူအရာများ ပျောက်ကွယ်သွားပြီး တည်ငြိမ်လေးနက်သော မျက်နှာထား ဖြစ်နေတော့၏။

“အနှစ်ခြောက်ဆယ်အတွင်းမှာ မင်းလည်း လုံးဝ အသုံးမကျတဲ့ကောင် ဖြစ်မနေခဲ့ဘူးပဲ။ အခုတော့ ငါ့ရဲ့ စွမ်းအားအပြည့်နဲ့ တိုက်ခိုက်တာကို ခံယူဖို့ ထိုက်တန်သွားပြီ”

စကားလုံးများ ဆုံးသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာလေ၏။ မူလက ခုနစ်ပေကျော်သာ မြင့်မားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ပေခန့် မြင့်မားသော လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုးထွက်နေသော ကြွက်သားကြီးများနှင့်အတူ ကောင်းကင်ယံထက်တွင် ရပ်နေသောအခါ လူဘီလူးလေးတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။

“တောင်တန်းတွေ လာကြစမ်း”

မဟာပဏ္ဍိတချန်ရှန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်တစ်ဖက်ကို ဝေဟင်သို့ ဝှေ့ယမ်းလိုက်၏။ သူ့ဦးခေါင်းထက်တွင် ခမ်းနားထည်ဝါပြီး မြင့်မားလှသော တောင်တန်းကြီးများ ပေါ်ထွက်လာတော့သည်။

တောင်တန်းကြီးများသည် သူ့မဟာတာအို အပေါ် နားလည်သဘောပေါက်ထားမှုများ၏ ရုပ်လုံးဖော်မှုများ ဖြစ်ကြသော်လည်း သူ လက်တစ်ဖက်တည်းဖြင့် တောင်ပေါင်းထောင်ချီကို ပင့်မြှောက်ထားသည့် မြင်ကွင်းကတော့ ပြင်းထန်လှသော မြင်ကွင်းတစ်ခုဖြစ်သည်။

လူအုပ်ကြီးထဲမှ လူအများစုတွင် တူညီသော အတွေးတစ်ခု ပေါ်လာကြ၏။

‘တကယ်လို့ ဒီတောင်တန်းကြီးတွေသာ အောက်ကိုပြိုကျလာရင် ငါတို့အားလုံး သေပြီ’

မဟာပဏ္ဍိတရွှယ်ဖုန်း လေးနက်သွားသည်။ ဤလူသည် လွန်ခဲ့သော အနှစ်ခြောက်ဆယ်က တိုက်ပွဲထက် ပိုမို၍ သန်မာလာ၏။

သို့သော် ယနေ့တိုက်ပွဲသည် အသက်နှင့်လဲ၍ တိုက်ခိုက်ရမည့် တိုက်ပွဲမျိုးမဟုတ်ချေ။ သူ့အနေဖြင့် အရှက်တကွဲ အရေးမနိမ့်ခဲ့လျှင် အဆင်ပြေသည်။

“တောင်ပေါင်းထောင်ချီ ဖိနှိပ်ခြင်း”

မဟာပဏ္ဍိတချန်ရှန်း စကားများ ထပ်၍ပြောမနေတော့ဘဲ သူ့လက်ထဲမှ တောင်တန်းကြီးများကို မဟာပဏ္ဍိတရွှယ်ဖုန်းထံ ပစ်ချလိုက်လေတော့သည်။

“မိုင်ပေါင်းသောင်းချီ အေးခဲစေသော ဓားတစ်ချက်”

မဟာပဏ္ဍိတရွှယ်ဖုန်း သူ၏ အစွမ်းထက်ဆုံးသော လျှို့ဝှက်သိုင်းပညာကို ထုတ်ဖော်လိုက်တော့၏။

ကလန်

ဓားမြည်သံ ထွက်ပေါ်လာပြီး အေးစက်သော အလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

မျက်စိတစ်မှိတ်အတွင်း ဓားစွမ်းအင်များသည် မိုင်ပေါင်းသောင်းချီအကွာအဝေးအထိ ဖြတ်သန်းသွားလေတော့၏။

ကောင်းကင်ယံရှိ ခမ်းနားလှသော တောင်တန်းကြီးများသည် ချက်ချင်းပင် အေးခဲသွားပြီး လေထုအတွင်းသို့ ရေခဲမှုန်များအဖြစ် ပျောက်ကွယ်ပြောင်းလဲသွားတော့သည်။

သို့သော် ကျန်ရှိနေသေးသော တောင်တန်းကြီးများသည် မဟာပဏ္ဍိတရွှယ်ဖုန်းထံ ဆက်လက်ပျံသန်းလာနေဆဲပင်။

ဝုန်း

တောင်တန်းကြီးများသည် မဟာပဏ္ဍိတရွှယ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ကောင်းကင်ထက်မှ အောက်သို့ ထိုးဆင်းသွားတော့သည်။

အောင်နိုင်သူ ထွက်ပေါ်လာ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အဖွဲ့ဝင်များ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိကြ၏။

“ဘိုးဘေး”

ဘုန်း

မဟာပဏ္ဍိတရွှယ်ဖုန်း စင်မြင့်ပေါ်သို့ ထိုးကျသွားပြီး စင်မြင့်သည် ချက်ချင်းပင် ပြားချပ်သွားစေသည်။

သူ့ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်လောက်အောင် တုန်ရင်နေတော့၏။

သို့သော် သူသည် အံကြိတ်ကာ ပြောလိုက်သည်။

“တိုက်ပွဲမှာ ဒီအဘိုးကြီး အရှုံးပေးပါတယ်”

“အရမ်း ကောင်းတယ်”

မြောက်ပိုင်းသဲကန္တာရဂိုဏ်း စခန်းအတွင်းမှ အောင်ပွဲခံအော်ဟစ်သံများ ထွက်လာတော့သည်။

မဟာပဏ္ဍိတချန်ရှန်း ခန္ဓာကိုယ်အတွင်း လှုပ်ခတ်နေသော သွေးစွမ်းအင်များကို ဖိနှိပ်ထားရင်း ပွဲကြည့်စင်မြင့်‌သို့ ပျံသန်းလာ၏။

“ဘိုးဘေး သက်သာရဲ့လား”

ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲများ စိုးရိမ်တကြီးဖြင့် ရှေ့သို့ တက်ကာ မေးမြန်းကြသည်။

“ဒီအဘိုးကြီး အဆင်ပြေပါတယ်။ ဒါပေမဲ့ သခင်မလေးကိုတော့ စိုးရိမ်စေမိပြီ”

ပင်းယန် ခပ်အေးအေးပင် ပြောလိုက်သည်။

“ဘိုးဘေး ပင်ပန်းသွားပါပြီ။ အခုအချိန်မှာတော့ ကောင်းကောင်းမွန်မွန် အနားယူပါ။ ပြီးတော့ နောက်ထပ် ဖြစ်လာမဲ့ ပြဇာတ်ကြီးကိုပဲ စောင့်ကြည့်ကြမယ်”

ဤသည်ကို ကြားရသော် မဟာပဏ္ဍိတရွှယ်ဖုန်း ရိုသေစွာ မေးလိုက်၏။

“ကျွန်တော် မေးပါရစေ သခင်မလေး။ သခင်မလေးအနေနဲ့ ဘယ်အချိန်မှာ လှုပ်ရှားဖို့ စိတ်ကူးထားလို့လဲ”

ပင်းယန် ပြုံးလိုက်သည်။

“ကျွန်မ ယောက်ျား အမြဲ ပြောနေကြစကားရှိတယ်။ ငါးကောင်း တစ်ကောင်ကို ဖမ်းချင်ရင် အစာကို အရင်ကျွေးရတယ်တဲ့။ အစာ လုံလုံလောက်လောက် ရှိမှသာ ငါးကြီးတွေက ငါးမျှားချိတ်ကို ဟပ်မှာလေ”

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မဟာပဏ္ဍိတရွှယ်ဖုန်း၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားသည်။

“ဒါဆိုရင်တော့ သခင်မလေးကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

မြောက်ပိုင်းသဲကန္တာရဂိုဏ်း၏ အောင်ပွဲသည် တခြားသော ဂိုဏ်းများကိုလည်း စမ်းသပ်ကြည့်လိုစိတ် ပြင်းထန်လာစေ၏။

မဟာပဏ္ဍိတချန်ရှန်း နေရာတွင် ပြန်လည်ထိုင်လိုက်သည့်အခိုက် အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသော ရွှီကျိနိုင်ငံ အုပ်ချုပ်သူ ရှေ့သို့ တစ်လှမ်းတက်လာ၏။ သူ ပြုံးလိုက်သည်။

“ကျွန်တော်မျိုး ဘုရင်အန်ယဲ့က မဟာပဏ္ဍိတကို ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်တို့ ရွှီကျိနိုင်ငံမဟာပဏ္ဍိတက သခင်မလေးတို့ရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခွင့်ရနိုင်ဖို့ အရည်အချင်းပြည့်မှီရဲ့လား”

ပင်းယန် ခပ်အေးအေးပင် မေးလိုက်သည်။

“ရှင် ဘာကို အလောင်းအစား လုပ်ချင်လို့လဲ”

ဓားသိုင်းပညာရှင်ဘုရင်အန်ယဲ့ ပြုံးလိုက်၏။

“နယ်စပ်က နိုင်ငံငယ်လေးတစ်ခုဆိုရင် လုံလောက်ပါပြီ။ မဟာပဏ္ဍိတအနေနဲ့ ဒီစိန်ခေါ်မှုကို လက်ခံဖို့ လိုလားပါလား”

“အရမ်း ကောင်းတယ်”

ပင်းယန် ဒုတိယအကြိမ် စဉ်းစားမနေဘဲ သဘောတူလိုက်သော်လည်း သူမ လေသံကို ပြောင်းလဲလိုက်သည်။

“ဒါပေမဲ့ ကျွန်မတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ မဟာပဏ္ဍိတက ဒဏ်ရာရထားတယ်။ တိုက်ပွဲအတွက်တော့ ကျွန်မတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က အရှုံးပေးပါတယ်။ နယ်စပ်နိုင်ငံငယ်လေးကို အနှစ်ခြောက်ဆယ် ကျားဇီတိုက်ပွဲပြီးရင် ရှင့်ရဲ့ ရွှီကျိနိုင်ငံထဲကို ထည့်သွင်းပေးလိုက်ပါမယ်”

ဤစကားလုံးများ ထွက်လာသောအခါ တစ်ကွင်းလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ဘုရင်အန်ယဲ့ ကိုယ်တိုင်ပင် ဆွံ့အသွားခ၏။ သာမန် စမ်းသပ်မှုတစ်ခုက ဤမျှအထိ တိုက်ရိုက်အရှုံးပေးခြင်းမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားချေ။ အကယ်၍သာ သူ ကြိုသိခဲ့လျှင် ပို၍ ကြီးမားလှသော တောင်းဆိုမှုမျိုးကို ပြုလုပ်မိလောက်၏။

သို့သော်ငြား သူသည် လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ရတော့သည်။

“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် မဟာပဏ္ဍိတမိန်းကလေး”

ထိုအချိန်မှသာ သိုင်းပြိုင်ပွဲကွင်းပြင်အတွင်းရှိ ပရိသတ်များ သတိပြန်ဝင်လာကြပြီး ဝေဖန်ဆွေးနွေးသံများ လျှံထွက်လာကြ၏။

All Chapters