အခန်း (၄၈၉-၄၉၀)
Vol. 49 Ch. 489-490
အခန်း (၄၈၉)
“ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ဘာတွေလုပ်နေတာလဲ။ မတိုက်ခိုက်ရသေးခင်မှာတင် ဘယ်လိုဖြစ်ပြီး အရှုံးပေးလိုက်ရတာလဲ”
“ဟိုမဟာပဏ္ဍိတက ဝမ်တောက်ကျောင်းတော်က မဟုတ်ဘူးလား။ ဘာလို့ နည်းနည်းလေးတောင် မာနမကြီးတာလဲ”
“…”
ပရိသတ်များ ဇဝေဇဝါဖြစ်လျက် တိုးတိုးတိတ်တိတ် ဝေဖန်နေကြစဉ် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များအကြား၌ မကျေမနပ်လေသံအချို့ စတင်ထွက်ပေါ်လာသည်။
“သခင်မလေး ဘာကို ဆိုလိုတာလဲ။ ငါတို့ ဘိုးဘေးတွေ သွေးချွေးတွေရင်းပြီး တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေကို ဒီအတိုင်းပဲ ဖြုန်းတီးပစ်တော့မလို့လား”
“ငါ ကြားတာတော့ သခင်မလေးနဲ့ စံအိမ်သခင်က ဘယ်တုန်းကမှ အဆင်မပြေကြဘူးတဲ့။ ဒီတစ်ကြိမ်မှာ သူ လာတာက ငါတို့ကို ဂုဏ်တက်အောင်လုပ်ပေးဖို့ မဟုတ်ဘဲ ပြင်းထန်အေးခဲတောင်တန်းစံအိမ်တစ်ခုလုံးကို အရှက်ခွဲဖို့ နေမှာ”
“…”
စကားလုံးတိုင်းသည် ပင်းယန်၏ နားထဲသို့ ရောက်သွားသော်လည်း သူမ လုံးဝ ဂရုမစိုက်ပေ။
ထိုအစား ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲများသာ ထိုစကားများကို ကြားပြီးနောက် မျက်နှာများ ဖြူလျော်သွားကြသည်။
သခင်မလေးအနေဖြင့် ထိုစကားကြောင့် တာဝန်ဝတ္တရားများ ပစ်ပယ်သွားမည်ကို သူတို့ အမှန်တကယ် ကြောက်ရွံ့နေကြ၏။
ဤအခမ်းအနားသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ အမည်နာမကို အနောက်မြောက်ပိုင်းဒေသတစ်ခုလုံး၌ တောက်ပစေရန် သူတို့အတွက် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်လော။
အကြီးအကဲတစ်ဦး ချက်ချင်းပင် စိတ်ချင်းဆက်သွယ်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“တိတ်စမ်း သခင်မလေးရဲ့ ဆုံးဖြတ်ချက်ကို မင်းတို့က ဝေဖန်စရာ မလိုဘူး။ ငြိမ်ငြိမ်လေး စောင့်ကြည့်နေဖို့ပဲ လိုတယ်။ တကယ်လို့ နောက်ထပ်တစ်ယောက်ယောက် ညည်းညူသံ ထွက်လာမယ်ဆိုရင် ဒီအဘိုးကြီး မင်းတို့ကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကနေ နှင်ထုတ်ပစ်မယ်”
ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ စိတ်ပျက်လက်ပျက်ဖြစ်နေကြသော်လည်း မည်သူမျှ ထပ်မံ၍ စကားမပြောရဲကြတော့ချေ။
သူတို့ ပင်းယန်၏ နောက်ကျောကိုသာ မကျေမနပ်ဖြင့် စိုက်ကြည့်နေကြတော့သည်။
ကျန်ရှိနေသော အဓိကအင်အားစုကြီးငါးခုမှ မဟာပဏ္ဍိတများနှင့် ခေါင်းဆောင်များလည်း ပင်းယန်၏ လုပ်ရပ်ကြောင့် အလားတူပင် ဇဝေဇဝါ ဖြစ်နေကြ၏။
လောလောဆယ် ပြင်းထန်အေးခဲတောင်တန်းစံအိမ် လုပ်ဆောင်နေသည့်ကိစ္စကို သူတို့ ခန့်မှန်းနိုင်ခြင်းမရှိကြသေးချေ။
သို့သော်လည်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်က မတိုက်ခိုက်ရန် ရွေးချယ်သဖြင့် တခြားသော အင်အားစုများသည် သူတို့စိန်ခေါ်မှုများကို ဆက်လက်လုပ်ဆောင်ကြသည်။
မကြာခင် ကျန်ရှိနေသော အင်အားစုသုံးခုကလည်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို အလျှိုလျှို လာရောက်စိန်ခေါ်ကြ၏။
အကြိမ်တိုင်းတွင် ပင်းယန် အရှုံးပေးရန်သာ ရွေးချယ်ခဲ့သည်။ ငါးကြိမ်ဆက်တိုက် ရှုံးနိမ့်ပြီးနောက်တွင် ဒေါသထွက်နေကြသော ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များပင် ဒေါသမထွက်ကြတော့ချေ။ သူတို့ခေါင်းများသည် ရှုံးနိမ့်သွားသော ကြက်ဖများလို ငိုက်ကျနေကြလေ၏။
အဓိကအင်အားစုကြီး ငါးခုအတွက် ယခုအခါ ပြင်းထန်အေးခဲတန်းစံအိမ်သည် ဝမ်တောက်ကျောင်းတော်မှ မဟာပဏ္ဍိတပင်းယန်ကို ဟန်ပြအဖြစ်သာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ထင်ရှားသွားသည်။
ဘိုးဘေးရွှယ်ဖုန်း ရှုံးနိမ့်သွားပြီးနောက် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာလေးမှာလည်း လုံးဝ စုတ်ပြတ်သတ်သွား၏။
သူတို့အမြင်တွင် ယခုအခါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် စဉ်းတီတုံးပေါ်မှ အသားအလား သူတို့ စိတ်ကြိုက် ခုတ်ထစ်နိုင်ပေတော့မည်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ် လက်အောက်ခံ နိုင်ငံတော်များမှ မင်းသားများနှင့် မြို့စားများသည် စိုးရိမ်ပူပန်လာကြ၏။
အကယ်၍ အဓိကအင်အားစုကြီးများသည် ခြင်္သေ့တစ်ကောင်ကဲ့သို့ ပါးစပ်အကျယ်ကြီးဟပြီး တောင်းဆိုလာကြလျှင် သူတို့ ဘာတတ်နိုင်ပါတော့မည်နည်း။
ပြင်းထန်အေးခဲတောင်တန်းစံအိမ် ရှုံးနိမ့်သွားသည်နှင့် မြင့်မြတ်သည့်မျိုးရိုးမြင့်သူတို့သည် တခြားသူများ၏ အလံအောက်တွင် အမြှောက်စာများ ဖြစ်လာပြီး သူတို့ယခင် ဂုဏ်ဒြပ်နှင့် စည်းစိမ်ချမ်းသာများကို ဘယ်တော့မှ ခံစားရတော့မည် မဟုတ်ချေ။
ကြည့်ရှုနေကြသော ပရိသတ်များပင် ကျယ်လောင်စွာ ဝေဖန်နေကြ၏။
“ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ဒီလောက်အထိ ကျဆင်းသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ နယ်မြေကို ထိန်းထားဖို့အတွက် မဟာပဏ္ဍိတရွှယ်ဖုန်းတစ်ယောက်တည်းကိုပဲ အားကိုးနေရတယ်။ ဒီအတိုင်းသာဆိုရင်တော့ နောက်ထပ် အနှစ်ခြောက်ဆယ်ကျားဇီတိုက်ပွဲကျရင် သူတို့ စွမ်းအားတွေ ပိုပြီး ဆုတ်ယုတ်သွားလိမ့်မယ်”
“မင်းအသံကို တိုးထား။ သေခါနီး ကုလားအုတ်က မြင်းထက် ကြီးသေးတယ်။ အင်အားစုကြီးငါးခုက သူတို့ကို တစ်ခါတည်း အကုန်မျိုချမှာ မဟုတ်ဘူး။ တဖြည်းဖြည်းချင်းပဲ အသားဖဲ့စားကြမှာ”
“…”
တခြားသော အင်အားစုလေးခု တိတ်ဆိတ်နေသည်ကို မြင်သော် မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် မတ်တပ်ရပ်လိုက်သည်။
“မင်းတို့အားလုံး ဘာလို့ ဒီလောက် တိတ်ဆိတ်နေကြတာလဲ။ ဒီဂိုဏ်းချုပ်ကိုပဲ လူဆိုးအဖြစ် ထပ်ပြီး ကစားခိုင်းချင်နေကြတာလား”
တောက်ပဓားအလင်းဂိုဏ်းချုပ် ပြန်လည်ဖြေကြားသည်။
“တာအိုမိတ်ဆွေ ကျားဇီပြိုင်ပွဲက စွမ်းရည်ချင်း ပြိုင်ဆိုင်တာပါ။ ရန်ငြိုးရန်စတွေကို ရှင်းတာ မဟုတ်ဘူး။ မင်းတို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းအနေနဲ့ တစ်စုံတစ်ယောက်ကို စိန်ခေါ်ချင်တယ်ဆိုရင်လည်း ဘယ်သူမှ တားမှာ မဟုတ်ပါဘူး”
“ဂိုဏ်းချုပ်လျှို ငါ မင်းရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာကြီးကို အမုန်းဆုံးပဲ။ တော်စမ်းပါ။ ငါတို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းအနေနဲ့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ဆီကနေ အဲဒီပစ္စည်းကို ရပြီးတာနဲ့ မင်းတို့ တောက်ပဓားအလင်းဂိုဏ်းနဲ့ ထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်ကြတာပေါ့”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ဤသို့ ပြောလိုက်သည်နှင့် လူအုပ်ကြီးသည် လေထုအတွင်းရှိ ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရ၏။
မြောက်ပိုင်းသဲကန္တာရဂိုဏ်း တောက်ပဓားအလင်းဂိုဏ်း၏ ထိပ်ဆုံးနေရာကို တရားဝင် စိန်ခေါ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြချေ။
နှစ်ပေါင်းတစ်ထောင်ကျော်တိုင်တိုင် တောက်ပဓားအလင်းဂိုဏ်းသည် ထိပ်ဆုံးနေရာကို အခိုင်အမာ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ထုံရှင်းကျောင်းတော်ကသာ ရာစုနှစ်အနည်းငယ်လျှင် တစ်ကြိမ် ဦးဆောင်မှုကို ရယူနိုင်ဖြစ်သည်။
“အော်”
တောက်ပဓားအလင်းဂိုဏ်းချုပ် တည်ငြိမ်စွာပင် ပြောလိုက်၏။
“ဒါဆိုရင်လည်း ဒီအဘိုးကြီးအနေနဲ့ မင်းတို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းက ဘယ်လို ဘိုးဘေးမျိုးကို ပင့်ဖိတ်လာမလဲဆိုတာ ကြည့်ချင်ပါသေးတယ်”
“မင်း မကြာခင် မြင်ရမှာပါ”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်သည် သူ့ခေါင်းကို ကောင်းကင်သို့ မော့လိုက်ပြီး အေယ်ဟစ်လိုက်၏။
“ကျွန်တော်မျိုးတို့ ဝံပုလွေနတ်ဘုရားဘိုးဘေးကို ရိုသေစွာ ပင့်ဖိတ်အပ်ပါတယ်”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းမှ တပည့်များလည်း တညီတညွတ်တည်း လိုက်လံအော်ဟစ်ကြ၏။
“ကျွန်တော်မျိုးတို့ ဝံပုလွေနတ်ဘုရားဘိုးဘေးကို ရိုသေစွာဖြင့် ပင့်ဖိတ်အပ်ပါတယ်”
မိုးခြိမ်းသံအလား ကျယ်လောင်လှသော ကြွေးကြော်သံများသည် ကောင်းကင်ထက် ပဲ့တင်ထပ်လာ၏။
ခဏအကြာတွင် ဆန်းပြားသော ခရုသင်းမှုတ်သံတစ်ခု ထွက်ပေါ်လာပြီး တိမ်တိုက်များကို ဖြတ်သန်းမောင်းနှင်လာသော စစ်ရထားကြီးတစ်စင်း၏ တဂျုန်းဂျုန်းမြည်သံ ထွက်ပေါ်လာတော့သည်။
လူတိုင်း ထိုအသံထွက်ပေါ်ရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
မကြာမီမှာပင် လူအုပ်ကြီးအတွင်းမှ အံ့ဩတုန်လှုပ်စွာ အော်ဟစ်သံများ လျှံထွက်လာသည်။
“အဲဒါက နဂါးကိုးကောင် ဆွဲလာတဲ့ ခေါင်းတလား မဟုတ်လား”
“ဒါ သူတော်စင်တစ်ပါးရဲ့ အမှတ်အသား မဟုတ်ဘူးလား။ မြောက်ပိုင်းသဲကန္တာရဂိုဏ်းမှာ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိတာလား”
“…”
ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများကို ကြားရသော် ချူဖုန်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ နဂါးကိုးကောင်သည် အနောက်၌ သွေးရောင်အဆင်းရှိသည့် ခေါင်းတလားကြီးတစ်ခု ဆွဲခေါ်လာသည်ကို တွေ့လိုက်၏။
သူတော်စင်၏ ရုပ်အလောင်းကို ထည့်သွင်းထားသော ကောင်းကင်အလောင်းဂိုဏ်း၏ ရွှေရောင်ခေါင်းတလားနှင့် မတူစွာ ဤသွေးရောင်ခေါင်းတလားကြီးသည် သေခြင်းတရား၏ ဆိတ်ငြိမ်ခြင်းကို ထုတ်လွှတ်မနေဘဲ အသက်စွမ်းအင်များ ထွက်ပေါ်နေသည်။
အသက်စွမ်းအင်များ ပြည့်နှက်နေသော ခေါင်းတလားတစ်လုံး
ဤအရာသည် လုံးဝ သဘာဝမကျပေ။
“ဆရာ အဲဒါ ဘယ်လို ခေါင်းတလားမျိုးလဲ။ အရမ်း ကြောက်စရာကောင်းသလို ခံစားရတယ်”
ချန်ကျင်းကျင်း ချူဖုန်း၏ အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်ထားရင်း မထိန်းချုပ်နိုင်လောက်အောင် တုန်ရင်နေသည်။
ချူဖုန်း ခပ်အေးအေးပင် ပြုံးလိုက်၏။
“အဲဒါ သွေးခေါင်းတလားလို့ ခေါ်တယ်။ ဒဏ္ဍာရီတွေအရတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးသားစွမ်းအင်တွေကို ထိန်းသိမ်းပေးထားနိုင်တယ်တဲ့။ အထဲမှာ လဲနေတဲ့သူက သေဟန်ဆောင်ပြီး သက်တမ်းကို ဆွဲဆန့်ထားနိုင်တယ်။ ဒီခေါင်းတလားရဲ့ အရှိန်အဝါကို ကြည့်ရသလောက်တော့ အထဲမှာ ထူးခြားတဲ့ နတ်ဆိုးအိုကြီးတစ်ယောက် ရှိနေတာ သေချာတယ်”
၎င်းကို ကြားလိုက်ရသော် ချန်ကျင်းကျင်း၏ စိုးရိမ်ကြောက်ရွံ့မှုများသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဆရာသခင် ဘေးနားတွင် ရှိနေပေးမှတော့ ဘာကို ကြောက်နေရဦးမည်နည်း။
ထိုအတောအတွင်း သွေးခေါင်းတလားကြီး တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေကြသော ပရိသတ်များသည်လည်း မထိန်းချုပ်နိုင်စွာ တုန်ရင်နေကြ၏။
အထဲတွင် တားမြစ်ဖြစ်တည်မှုတစ်ခု ချိတ်ပိတ်ခံထားရကြောင်း လူတိုင်း ရိပ်မိကြခြင်းသည်။
ကျန်ရှိနေသော အဓိကအင်အားစုကြီး လေးခုမှ ခေါင်းဆောင်များလည်း သူတို့ဘိုးဘေးများကို လှမ်းကြည့်လိုက်ကြ၏။
ဘိုးဘေးတစ်ဦးချင်းစီ၏ မျက်နှာတွင် လေးနက်တည်ငြိမ်သော အမူအရာများ ပေါ်ထွက်လာ၏။
ထိုမျှ ပြင်းထန်သည့် အရှိန်အဝါနှင့် ခမ်းနားလှသော ပွဲထုတ်မှုသည် သာမန်မဟာပဏ္ဍိတတစ်ဦးထက် များစွာ သာလွန်သည်။ ထိုသူသည် သူတော်စင်အဆင့်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။
သွေးခေါင်းတလားကြီးသည် နောက်ဆုံးတွင် ဝေဟင်ထက်၌ ရပ်တန့်သွားသည်။
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်သည် ပင်းယန်ကို စိုက်ကြည့်လာ၏။
“သခင်မလေး ငါ မင်းတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်နဲ့ အလောင်းအစားတစ်ခု လုပ်ချင်တယ်။ အလောင်းအစားပစ္စည်းက မင်းတို့ ရေခဲဝိညာဉ်မြင့်မြတ်ကြာပွင့်ပဲ။ မင်း လက်ခံရဲလား”
ဤစကားလုံးများ ထွက်လာသောအခါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ သူတို့ကြောက်ရွံ့မှုများကိုပင် မေ့လျော့သွားကြပြီး ပင်းယန်ကို ခိုင်မာပြတ်သားစွာ စူးစိုက်ကြည့်လာကြ၏။
“မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်ကတော့ အကောင်းကြိုက်တာပဲ။ ကျွန်မ သိချင်တာ ရှင့်ဂိုဏ်းအနေနဲ့ ဘာကို ပြန်ပြီး အလောင်းအစား လုပ်မှာလဲ”
ပင်းယန် ခပ်အေးအေးပင် ပြုံးလျက် မေးသည်။
“ငါတို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းအနေနဲ့ ဝံပုလွေနတ်ဘုရားရုပ်တုကို အလောင်းအစား လုပ်မယ်။ မင်းတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က လက်ခံဖို့ သတ္တိမရှိမှာကိုပဲ စိုးရိမ်မိတယ်”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် မောက်မာသည့် လေသံဖြင့် ပြောလိုက်သည်။
“သဘောတူပါတယ်”
ပင်းယန် တွေဝေမနေဘဲ လက်ခံလိုက်သော်လည်း သူမ လေသံက ပြောင်းလဲသွားသည်။
“ဒါပေမဲ့ ကျွန်မမှာ စည်းကမ်းချက်တစ်ခု ရှိတယ်။ တကယ်လို့ ရှင့်ဂိုဏ်းဘိုးဘေးက တခြားသူတွေအားလုံးထက် သာလွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကျွန်မတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်အနေနဲ့ ရေခဲဝိညာဉ်မြင့်မြတ်ကြာပွင့်ကို လိုလိုလားလား ပေးအပ်ပါမယ်။ ဒါပေမဲ့ ရှင့်ဘိုးဘေးမှာ အဲဒီလို အရည်အချင်းမျိုး ရှိမနေမှာကိုပဲ စိုးရိမ်မိတယ်”
“တကယ်လို့ ရှင်တို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်း ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တော့ နှစ်ဆ ပြန်ပေးရမယ်။ ဝံပုလွေနတ်ဘုရားရုပ်တုတစ်ခုအပြင် အရင်က ပြင်းထန်အေးခဲတောင်တန်းစံအိမ်ဆီကနေ ရှင့်ဂိုဏ်း ယူသွားခဲ့သမျှ အရာအားလုံးကို ပြန်ပေးရမယ်”
“ကောင်းပြီ”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ချက်ချင်းပင် သဘောတူလိုက်တော့သည်။ သူ့စိတ်ထဲတွင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် စေ့စပ်ညှိနှိုင်းရန် ကြိုးစားနေသည်ဟု ထင်မှတ်နေ၏။ သူ ကျန်ရှိနေသော အင်အားစုလေးခုကို လှည့်ကြည့်လိုက်သည်။
“ကဲ ဒါဆိုရင် မင်းတို့ထဲက ဘယ်သူ ငါ့ဘိုးဘေးရဲ့ စွမ်းအားကို အရင်ဆုံး မြင်တွေ့ချင်လဲ။ စိတ်ချပါ။ ငါ မင်းတို့မြင့်မြတ်လက်နက်တွေကို မတောင်းပါဘူး။ မြင့်မြတ်မျိုးစေ့တွေကိုပဲ ပေးကြ”
သူ့စကားဆုံးသွားသည်နှင့် ပြိုင်ပွဲတစ်ကွင်းလုံး ချက်ချင်းပင် အုတ်အောသောင်းနင်း ဖြစ်သွားတော့၏။
အခန်း (၄၉၀)
“ဒီမြောက်ပိုင်းသဲကန္တာရဂိုဏ်းကတော့ တကယ် သတ္တိရှိတာပဲ။ တစ်ဂိုဏ်းတည်းနဲ့ သူတော်စင်တစ်ပိုင်း အင်အားစုကြီးငါးခုစလုံးကို စိန်ခေါ်ရဲတယ်”
“ဘာကို အင်အားစုကြီးငါးခုလဲ၊၊ လေးခုပဲရှိတာာ။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကတော့ ကျန်တဲ့ငါးခုနဲ့ယှဉ်ရင် ထည့်ပြောဖို့တောင် မတန်ဘူး”
“…”
ကြည့်ရှုသူပရိသတ်များ ဆူညံစွာ အတင်းအဖျင်းပြောနေကြစဉ် ကျန်ရှိသော သူတော်စင်တစ်ပိုင်း အင်အားစုလေးခုမှ ခေါင်းဆောင်များ၏ မျက်နှာများမှာ တင်းမာခက်ထန်သွားကြသည်။
သူတို့အနက် တောက်ပဓားအလင်းဂိုဏ်းမှ ဂိုဏ်းချုပ်လျူ၏ မျက်နှာက အဆိုးဆုံး ဖြစ်နေသည်။ သူ့ဦးဆောင်မှုအောက်တွင် တောက်ပဓားအလင်းဂိုဏ်းသည် အရှိန်အဟုန်ဖြင့် တိုးတက်စည်ပင်လာပြီး သူက အနောက်မြောက်ပိုင်းဒေသရှိ သူတော်စင်တစ်ပိုင်းအင်အားစုခြောက်ခုစလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းပစ်ရန်ပင် ရည်မှန်းထား၏။
သို့သော် ဤအရာက မဖြစ်နိုင်မှန်း သူသိနေသည်။ ကျန်အင်အားစုငါးခု၏ နောက်ကွယ်မှ မြင့်မြတ်နယ်မြေ များက ဤကဲ့သို့သောအရာကို ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ချေ။
ထို့ကြောင့် ဂိုဏ်းချုပ်လျူ ရေရှည်မဟာဗျူဟာတစ်ရပ်ကိုသာ ချမှတ်ထားသည်။ ၎င်းမှာ အခြားသူများကို တဖြည်းဖြည်းချင်း တစ်စစီ ဖဲ့စားရန်ပင်။ သူ့အစီအစဉ်က တည်ငြိမ်စွာ အကောင်အထည်ပေါ်လာခါနီးမှာပင် မြောက်ပိုင်းသဲကန္တာရဂိုဏ်းက ရုတ်တရက် အိုမင်းရင့်ရော်နေသော ဘိုးဘေးအိုကြီးတစ်ဦးကို ပင့်ထုတ်လာရာ သူ့စီမံကိန်းများကို လုံးဝ ပျက်စီးသွားစေတော့၏။
အကယ်၍ ယနေ့တွင် မြောက်ပိုင်းသဲကန္တာရဂိုဏ်းက သူတို့ ရည်မှန်းချက် အမှန်တကယ် အောင်မြင်သွားပြီး ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ မြင့်မြတ်လက်နက်ကို ရသွားလျှင် သူတို့အနေဖြင့် အနောက်မြောက်ပိုင်းဒေသကို မပေါင်းစည်းနိုင်ခဲ့ရင်တောင် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးကို မလွဲမသွေ မွေးထုတ်ပေးနိုင်လိမ့်မည်။
ထိုအချိန်ကျလျှင် တောက်ပဓားအလင်းဂိုဏ်းအနေဖြင့် ခေါင်းငုံ့ပေးရုံမှတစ်ပါး အခြားမရှိတော့ပေ။ ဂိုဏ်းချုပ်လျူ ကိုယ်တိုင်လည်း ဒေသတစ်ခုလုံး၏ လှောင်ပြောင်စရာ ဖြစ်လာပေလိမ့်မည်။
“ အောမိထောဖော”
ထုံရှင်းကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်ကျွယ်မင် ရုတ်တရက် မတ်တပ်ရပ်ကာ လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။
“ငါတို့ကျောင်းတော်မှာ ရှေးဘိုးဘေးကြီး မရှိပေမဲ့ အလွယ်တကူနဲ့တော့ အရှုံးမပေးပါဘူး။ ဘိုးဘေးဝူရှန့် တပည့်တော်ကို ကူညီပါဦးဘုရား”
သူ့စကားများက ရပ်တည်ချက်ကို ဖော်ပြနေသော်လည်း သူက ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို သွယ်ဝိုက်၍ အရိပ်အမြွက် ပြနေကြောင်း လူတိုင်း ရိပ်မိကြသည်။
လူအများ ပင်းယန်ကို ကြည့်လိုက်၏။
သို့သော် သူမက တည်ငြိမ်နေဆဲဖြစ်ပြီး ဤအရာအားလုံး သူမနှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသည်။
ဤသည်ကို မြင်သော် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ မကျေမနပ်ဖြင့် အံတင်းတင်းကြိတ်လိုက်၏။
အကယ်၍ သူတို့သာ တတ်နိုင်ပါက ထိုနေရာသို့ ချက်ချင်း ပြေးသွားပြီး သူမကို အော်ဟစ်ကြိမ်းမောင်းလိုက်ချင်ကြသည်။ စံအိမ်ကို ဖျက်ဆီးမည့် ဤကဲ့သို့သော မိန်းမမျိုးကို အကြီးအကဲများ အဘယ်ကြောင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ ယာယီဦးဆောင်သူအဖြစ် ခွင့်ပြုပေးသနည်းကို သူတို့ လုံးဝ နားမလည်နိုင်ချေ။
“အောမီထောဖော”
မဟာပဏ္ဍိတဝူရှန့် လူအုပ်ကြီးထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။ သူ သွေးခေါင်းတလားကြီးကို ဦးညွှတ်လိုက်၏။
“ဘုန်းကြီးဝူရှန့်က စီနီယာကြီးကို စိန်ခေါ်ပါတယ်။ စီနီယာကြီးအနေနဲ့ ကိုယ်ထင်ပြပေးဖို့ တောင်းဆိုပါတယ်”
သူ့အသံ ဆုံးသွားသည်နှင့် သွေးခေါင်းတလားအတွင်းမှ အက်ရှ၍ အိုမင်းရင့်ရော်သော အသံတစ်သံ ဟိန်းထွက်လာသည်။
“ဘုန်းကြီးလေး မင်း တာအိုအနှစ်သာရ (၂၁၆)ခုပဲ နားလည်သဘောပေါက်ထားသေးတာ။ ဒီအဘိုးကြီးရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ အခုအချိန်မှာ အရှုံးပေးမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး”
ထိုအသံက တိုးညှင်းလှပြီး စကားလုံးတိုင်းက ပြောဆိုသူ၏ အသက်စွမ်းအင်ကို စုပ်ယူနေသည့်အလား ထင်မှတ်ရသည်။
သို့သော်ငြား စကားလုံးများက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေ၏။
တာအိုအနှစ်သာရ (၂၁၆)ခု
ဤသည်က မည်သည့်အချိန်တွင်မဆို သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သောအရေအတွက် ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ကျင့်ကြံသူတစ်ဦးကို သွေးခေါင်းတလားအတွင်းမှ စကားပြောသူက အရေးမပါသူတစ်ဦးအလား ပြောလာ၏။
ဤသည်က အထဲတွင် မည်ကဲ့သို့သော တည်ရှိမှုမျိုး အိပ်စက်နေသလဲဟူသော လူတိုင်း၏ သိချင်စိတ်ကို ပို၍ နက်ရှိုင်းသွားစေသည်။
မဟာပဏ္ဍိတဝူရှန့် မျက်လုံးအတွင်း၌ အံ့ဩတုန်လှုပ်မှုများ ဖြတ်ပြေးသွား၏။
မဟာပဏ္ဍိတများအကြားတွင်ပင် ကွာခြားချက်များ ရှိနေသော်လည်း တစ်ဖက်၏ ကျင့်ကြံမှုကို ဤမျှအထိ လွယ်ကူစွာ အကဲခတ်နိုင်ရန် အကြောင်းရင်းနှစ်ခုသာ ရှိသည်။
တစ်ချက်မှာ ပြိုင်ဘက်သည် သွေးမျိုဆက်စွမ်းအားကို ပိုင်ဆိုင်ထားခြင်း သို့မဟုတ် သူ၏ တာအိုအနှစ်သာရများအပေါ် နားလည်မှုက ကိုယ့်ထပ် နှစ်ဆမက သာလွန်နေခြင်း ဖြစ်သည်။
ဤအခြေအနေတွင် ဝူရှန့် မစွန့်စားရဲသော်လည်း ဂိုဏ်းသားများက စကားကို အပြတ်ပြောထားသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
“စီနီယာကြီးရဲ့ စွမ်းအားကို မြင်တွေ့ခွင့်ရတာက ဘုန်းကြီးအတွက် ဂုဏ်ယူစရာပါပဲ။ ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ”
“ဒါဆိုရင်လည်း အားကုန် ထုတ်သုံးစမ်း”
သွေးခေါင်းတလားအတွင်းမှ စကားပြောသူ၏ လေသံက တည်ငြိမ်အေးစက်ပြီး သူ၏ စွမ်းအားအစစ် လုံးဝ ခန့်မှန်း၍မရချေ။
“အောမီထောဖော”
မဟာပဏ္ဍိတဝူရှန့် တည်ကြည်လေးနက်စွာ ရွတ်ဆိုလိုက်ပြီး လေထုထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
သူသည် အားအင်ကို ထိမ်ချန်မထားချေ။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် သူ့နောက်ကျော၌ ပေရာချီ မြင့်မားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီး ပေါ်ထွက်လာ၏။
သူဘွဲ့နာမတော်အတိုင်းပင် မျက်နှာမဲ့ ဓမ္မရုပ်တုဖြစ်သည်။
လေထုထဲတွင် ရပ်တန့်နေရုံမျှဖြင့် ထိုပုံရိပ်ကြီးကိုမြင်တွေ့ရသူတိုင်းအား ဒူးထောက်ကိုးကွယ်လိုစိတ်ကို မလွန်ဆန်နိုင်အောင် ဖြစ်ပေါ်စေ၏။
ထိုအခိုက်တွင် သွေးခေါင်းတလားအတွင်းမှ အသံတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
“ပေရာချီမြင့်တဲ့ ရွှေရောင်ခန္ဓာကိုယ်ရုပ်သွင်ကိုး။ မင်းဆီကနေ မဟာမိုးကြိုးကျောင်းတော်ရဲ့ အမွေအနှစ်ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး။ အရမ်းကောင်းတယ်။ ဒီလိုဆိုရင်တော့ ဒီအဘိုးကြီးရဲ့ ရိုက်ချက်တစ်ချက်က မင်းကို ချက်ချင်း အသက်ပျောက်အောင် မလုပ်နိုင်တော့ဘူးပေါ့”
မဟာပဏ္ဍိတဝူရှန့် ထိုစကားများကြောင့် ဒေါသထွက်မသွားခဲ့ချေ။ ထိုအစား သူ မေးလိုက်၏။
“အောမီထောဖော ဒီဘုန်းကြီးအနေနဲ့ အရှုံးပေးနိုင်ဖို့ စီနီယာ ဘွဲ့နာမည်ကို မေးမြန်းပါရစေ”
“နာမည်ဆိုတာ အမှတ်အသားတစ်ခုပါပဲ”
အိုမင်းလှသောအသံတစ်သံ သွေးခေါင်းတလားအတွင်းမှ ပြန်လည်ထွက်ပေါ်လာသည်။
“အချိန်တွေက အရမ်းကြာသွားခဲ့ပြီ။ ဒီအဘိုးကြီးလည်း ကိုယ့်ရဲ့ မိသားစုမျိုးရိုးအမည်နဲ့ နာမည်ကို မမှတ်မိတော့ဘူး။ ငယ်စဉ်အချိန်တုန်းက... အဘိုးဖြစ်သူနဲ့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်က စစ်တပ်ကြီးနဲ့အတူ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးဆီကို စစ်ချီဖူးတယ်။ ငါက အမြဲတမ်း ရှေ့တန်းအကျဆုံးနေရာကနေ တိုက်ခိုက်ပြီး တိုက်ပွဲတိုင်းမှာ အသက်ကို လောင်းကြေးထပ်ခဲ့တယ်။ ဒါကြောင့်ပဲ ငါ့ကို ဝံပုလွေနတ်ဘုရားလေးဆိုတဲ့ ဘွဲ့အမည် ပေးခဲ့ကြတာပေါ့။ မင်းအနေနဲ့ ငါ့ကို မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားလို့ ခေါ်နိုင်ပါတယ်”
ထိုအဘိုးကြီး၏ စကားပြောသံက အလျင်စလိုမရှိသော်လည်း စကားလုံးတိုင်းက ရှင်းလင်းပြတ်သားပြီး ပဲ့တင်ထပ်နေသည်။
“မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား”
လူအုပ်ကြီးထဲမှ အသက်ကြီးသော ကျင့်ကြံသူများ ထိုဘွဲ့အမည်ကို တိုးတိုးလေး လိုက်လံရေရွတ်နေကြပြီး မကြာမီမှာပင် တစ်စုံတစ်ဦး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိတော့သည်။
“သူ... သူက ဝံပုလွေနတ်ဘုရားဧကရာဇ်ရဲ့ မြေးပဲ။ မြောက်ပိုင်းသဲကန္တာရဂိုဏ်းရဲ့ အစွမ်းထက်ဆုံး မဟာပဏ္ဍိတပဲ”
နတ်ဘုရားဧကရာဇ်
ထိုစကားလုံးနှစ်လုံးက လူတိုင်းကို တုန်ရင်သွားစေရန် လုံလောက်ပေသည်။ သူတို့အတွက် ဤကဲ့သို့သော တည်ရှိမှုမျိုးက ဒဏ္ဍာရီထဲတွင်သာ ရှိသည်မဟုတ်လော။
သို့သော် ယခုအခါတွင် သူတို့သည် နတ်ဘုရားဧကရာဇ်တစ်ပါး၏ သွေးသားအနွယ်ဝင်တစ်ဦး ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ဤသည်က ရှစ်ဘဝစာ ကျင့်ကြံခဲ့ရသည့် ကံကောင်းမှုမျိုးပင် ဖြစ်ပေလိမ့်မည်။
တောက်ပဓားအလင်းဂိုဏ်း၏ စင်မြင့်ပေါ်တွင်
ဂိုဏ်းချုပ်လျို၏ မျက်နှာသည် ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ကွက်ခနဲ ပျက်သွားတော့သည်။
သူ့နောက်တွင် ထိုင်နေသော အဘိုးကြီးက တိုးတိုးလေး ပြောလာ၏။
“ဂိုဏ်းချုပ် ဒီနေ့ အရှုံးပေးရတာက မင်းရဲ့ အပြစ်မဟုတ်ပါဘူး။ ငါတို့တွေ အားနည်းလွန်းလို့ပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးအနေနဲ့ တောက်ပဓားအလင်းဂိုဏ်းရဲ့ အမည်ကိုတော့ အရှက်အကွဲ မခံနိုင်ပါဘူး”
ဂိုဏ်းချုပ်လျူ သူ့ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။
“ဘိုးဘေးဝူမင် ဘိုးဘေးအနေနဲ့ မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားကို ရင်ဆိုင်ဖို့ စိတ်ကူးနေတာလား”
“ဓားကျင့်ကြံသူတွေအနေနဲ့ ငါတို့က ရှေ့ကိုပဲ ဦးတည်ရမယ်။ ဘယ်တော့မှ နောက်မဆုတ်ရဘူး။ တကယ်လို့ အစွမ်းထက်တဲ့ ရန်သူတစ်ယောက် အရှေ့မှာ တွန့်ဆုတ်နေမယ်ဆိုရင် တောက်ပဓားအလင်းဂိုဏ်းရဲ့ မျက်နှာစာဖြစ်တဲ့ ဒီအဘိုးကြီးက ကမ္ဘာကြီးကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရတော့မှာလဲ”
သူတို့ စကားပြောနေကြစဉ်မှပင် လေထုထဲတွင် စိန်ခေါ်တိုက်ပွဲကြီး စတင်လာသည်။
သွေးခေါင်းတလားကြီး အနည်းငယ် ပွင့်ဟသွားပြီး အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။ ခြောက်သွေ့ပြီး အရောင်အဆင်းမရှိသော လက်တစ်ဖက် ထွက်ပေါ်လာကာမဟာပဏ္ဍိတဝူရှန်၏ နောက်ကွယ်မှ ရွှေရောင်ခန္ဓာကိုယ်ကြီးထံ လှမ်းဆန့်လိုက်တော့သည်။
၎င်းက အသက်ဓာတ် ကင်းမဲ့နေပြီး ပိန်လှီလှသော လက်တစ်ဖက်ပင်။ သာမန် လေပြေတစ်ချက်ဖြင့်ပင် ကြေမွသွားနိုင်လောက်သည့်အလား ထင်မှတ်ရ၏။
သို့သော်ငြား ၎င်းက လေထုကို ဖြတ်သန်းပြီး အသာအယာဖြင့် ရိုက်နှက်လိုက်သောအခါ ကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်မည့် စွမ်းအားမျိုး သယ်ဆောင်ထားသည်။
ထိုလက်ဝါးရိုက်ချက်က အောက်ခြေရှိ ပရိသတ်များထံ တိုက်ရိုက်ဦးတည်ထားခြင်း မဟုတ်သော်လည်း ဖိအားတစ်ခုတည်းနှင့်တင် လူတိုင်း၏ ခြေထောက်များကို မထိန်းချုပ်နိုင်အောင် တုန်ရင်သွားစေ၏။
အားနည်းသော ကျင့်ကြံသူအချို့ ထိုနေရာမှာတင် မူးလဲသွားကြတော့သည်။
ဝုန်း
ပေရာချီမြင့်သော ရွှေရောင်ခန္ဓာကိုယ်ကြီးထံမှ မိုးခြိမ်းသံအလား ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုံရိပ်ကြီးသည် ဖုန်မှုန့်များအဖြစ် ကြေမွ ပျက်စီးသွားတော့သည်။
မဟာပဏ္ဍိတဝူရှန့် လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ခုနှယ် အောက်ခြေရှိ သိုင်းကွင်းပြင်ဆီသို့ ပြုတ်ကျသွားတော့၏။
ဝုန်း
သူ သိုင်းပြိုင်ကွင်းပေါ်သို့ ပြုတ်ကျသွားသဖြင့် ကျင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဖုန်မှုန့်များ လွင့်ပျံလာကာ အပျက်အစီးများက မြင်ကွင်းကို ဖုံးလွှမ်းသွားစေသည်။
ထို့နောက် ဖုန်မှုန့်များနှင့် အပျက်အစီးများအတွင်းမှ အားအင်ချည်းနဲ့လှသောအသံ ထွက်ပေါ်လာ၏။
“ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော်တို့ ထုံရှင်းကျောင်းတော်က အရှုံးပေးပါတယ်”
ထိုစကားလုံးများ ထွက်လာသောအခါ ခြောက်သွေ့လှသော လက်ကြီးသည် သွေးခေါင်းတလားအတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
မြောက်ပိုင်းသဲကန္တာရဂိုဏ်းမှ ကျင့်ကြံသူများ ဝမ်းသာအားရ အောင်ပွဲခံ အော်ဟစ်လိုက်ကြ၏။
“ဘိုးဘေးကြီးက အစွမ်းထက်လွန်းတယ်”
“ဘိုးဘေးကြီး နံပါတ်တစ်ပဲ”
“…”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် လူတိုင်းကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။
“နောက်တစ်ယောက်”
“ရွှီကျိနိုင်ငံက အရှုံးပေးပြီး မြင့်မြတ်မျိုးစေ့ကို အပ်နှံပါတယ်”
“ယဲ့ဝမ်နိုင်ငံ အရှုံးပေးပြီး မြင့်မြတ်မျိုးစေ့ကို အပ်နှံပါတယ်”
“ကွမ်ရှန်းစင်မြင့် အရှုံးပေးပြီး မြင့်မြတ်မျိုးစေ့ကို အပ်နှံပါတယ်”
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင်တစ်ပိုင်း အင်အားစုငါးခုအနက် လေးခုမှာ အရှုံးပေးသွား၏။
ယခုအခါ အားလုံး၏ အကြည့်များက တောက်ပဓားအလင်းဂိုဏ်းထံ ကျရောက်သွားကြတော့သည်။