အခန်း (၂၇၁-၂၇၂)
Vol. 20 Ch. 271-272
အပိုင်း(၂၇၁)
"ဆရာကြီး..."
ဆရာကြီး ကျန်းယွမ် ဝင်လာသည်ကို မြင်သောအခါ ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် ကမန်းကတန်း ထရပ်လိုက်ကြပြီး အမှားတစ်ခုခု လုပ်ထားမိသူများကဲ့သို့ ခေါင်းငုံ့ကာ ပြောလိုက်ကြလေသည်။
"မင်းတို့နှစ်ယောက်က တော်တော် အားနေပုံရတယ်… အတော်ပဲ... အိမ်သာတွေကို မဆေးရတာ အတော်ကြာနေပြီဆိုတော့… မင်းတို့နှစ်ယောက်..."
ဆရာကြီး ကျန်းယွမ်သည် သူ ယွီရွှီနန်းတော်တွင် ရှိနေစဉ်ကတည်းက သူတို့နှစ်ယောက်နှင့် စွန်းဝူခုန်းတို့ကြားမှ ရင်းနှီးသော ဆက်ဆံရေးကို သိရှိထားသော်လည်း ယခုကဲ့သို့ ရင်းရင်းနှီးနှီး စကားပြောဆိုနေကြသည်ကို မြင်လိုက်ရခြင်းက သူ၏ လက်ရှိ စိတ်အခြေအနေကို ပို၍ ဒေါသထွက်စေခဲ့လေသည်။
"နေပါဦး အဘိုးကြီး... သူတို့က ငါ စွန်းဝူခုန်းနဲ့ စကားနည်းနည်း ပြောမိရုံလေးကို ခင်ဗျားက အိမ်သာဆေးခိုင်းမလို့လား… ဒါဆို ခင်ဗျားကျတော့ရော ဘယ်လိုလဲ… ခင်ဗျားလည်း အခု စကားလာပြောတာပဲ မဟုတ်ဘူးလား… ကိုယ့်ကိုယ်ကိုယ်ကျတော့ ဘယ်လို အပြစ်ပေးမှာလဲ..."
စွန်းဝူခုန်းသည် သစ္စာစောင့်သိမှုကို တန်ဖိုးထားသူဖြစ်ရာ ဆရာကြီး ကျန်းယွမ်၏ စကားကို ကြားသောအခါ စကားမဆုံးမီမှာပင် ကြားဖြတ်ပြောလိုက်လေသည်။
"အို... မင်းလို မျောက်စုတ်က တော်တော် သစ္စာရှိတာပဲပေါ့..."
ဆရာကြီး ကျန်းယွမ်သည် စွန်းဝူခုန်း၏ ဆိုလိုရင်းကို အပြည့်အဝ နားလည်ထားသဖြင့် သူ့ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"အောမိတော်ဖော... ဆရာကြီး… စကားပုံထဲမှာ 'တပည့်မကောင်း ဆရာ့ခေါင်း' ဆိုတဲ့အတိုင်းပါပဲ… ဝူခုန်းက သူ့ရဲ့ စကားတွေနဲ့ ဆရာကြီးကို စော်ကားမိသွားတဲ့အတွက် သူ့ရဲ့ ဆရာဖြစ်တဲ့ ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်… ဆရာကြီး သင့်တော်သလို ချမှတ်မယ့် ဘယ်လို အပြစ်ပေးမှုကိုမဆို ကျွန်တော် မငြင်းဆန်ပါဘူး..."
ကျန်းလျိုသည် လက်အုပ်ချီကာ ဆရာကြီး ကျန်းယွမ်ထံသို့ စကားဆိုလိုက်ပြီး သူ၏ အာရုံကို လွှဲပြောင်းလိုက်လေသည်။
သို့မဟုတ်ပါက စွန်းဝူခုန်းနှင့် ဆရာကြီး ကျန်းယွမ်တို့ကို ဆက်လက် အခြေအတင် ပြောဆိုခွင့်ပြုထားလျှင် ပြဿနာများ ပိုမို ကြီးထွားလာမည်မှာ သေချာလှပေသည်။
"အို... ပြစ်ဒဏ်ကို ငါ့သဘောအတိုင်း မငြင်းမဆန် ခံယူမယ်ပေါ့လေ..."
တကယ်တမ်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကျန်းလျိုသည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် အဖွဲ့၏ အဓိက အမာခံအဖွဲ့ဝင်ဖြစ်ရာ ပို၍ အရေးပါပုံရလေသည်။ ဆရာကြီး ကျန်းယွမ်က ကျန်းလျိုကို ကြည့်ကာ ပြောလိုက်လေသည်။
"တကယ်လို့ ငါက မင်းရဲ့ အမှားတွေကို ပြန်လည်သုံးသပ်ဖို့အတွက် ဒီဝူကျွမ်းကျောင်းတော်မှာ နှစ်တစ်ရာလောက် အကျဉ်းချထားမယ်ဆိုရင်ရော ဘယ်လိုလဲ..."
"ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့..."
ဤစကားကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများက တောက်ပသွားပြီး သူ၏ မျက်နှာတွင် အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေသည့် အမူအရာကို ဖုံးကွယ်မထားနိုင်တော့ချေ။
"အောမိတော်ဖော... တကယ်လို့ ဒါဟာ ဆရာကြီး သင့်တော်တယ်လို့ ထင်တဲ့ ပြစ်ဒဏ်ဆိုရင်… ဒီဆင်းရဲတဲ့ ရဟန်းအနေနဲ့ ဘာမှ ငြင်းဆန်စရာ မရှိပါဘူး..."
မျက်နှာပေါ်ရှိ ပျော်ရွှင်နေသော အမူအရာကို မဖုံးဖိနိုင်တော့သဖြင့် ကျန်းလျိုသည် သူ၏ အစစ်အမှန် ခံစားချက်များကို သူတို့အား မမြင်စေလို၍ ကမန်းကတန်း ခေါင်းငုံ့ထားလိုက်လေသည်။
ကျန်းလျိုသည် သူ၏ မျက်နှာအမူအရာများကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ၏ အမူအရာ ပြောင်းလဲမှုများကို ဆရာကြီး ကျန်းယွမ်က ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
ကျန်းလျို၏ မျက်လုံးများမှ ထိန်းချုပ်မရအောင် လျှံကျလာသော ပျော်ရွှင်မှုများကို မြင်လိုက်ရသောအခါ ဆရာကြီး ကျန်းယွမ်၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားလေသည်။
‘ဘာတွေ ဖြစ်နေတာလဲ… ငါက သူ့ကို ဝူကျွမ်းကျောင်းတော်မှာ နှစ်တစ်ရာတောင် အကျဉ်းချမယ့် ပြစ်ဒဏ်ပေးနေတာလေ… သူက သနားညှာတာဖို့ တောင်းဆိုရမှာ မဟုတ်ဘူးလား…’
‘ဖုံးကွယ်လို့မရတဲ့ ဒီလို စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုတွေက ဘာအဓိပ္ပာယ်လဲ…’
"ဆရာကြီး... အဲဒီလို လုပ်လို့မရပါဘူး… တကယ်လို့ ကျွန်တော်တို့ကို နှစ်တစ်ရာတောင် ပိတ်လှောင်ထားမယ်ဆိုရင် ကျွန်တော်တို့..."
ဤစကားကို ကြားသောအခါ ဘေးနားတွင် ရပ်နေသော ရှားဝူကျင်းသည် မနေနိုင်တော့ဘဲ အကျယ်ကြီး အော်ဟစ်လိုက်လေသည်။
"ဝူကျင်း... လျှောက်မပြောနဲ့… ငါ အစောကတည်းက ပြောပြီးပြီလေ… ဆရာကြီး ချမှတ်တဲ့ ဘယ်ပြစ်ဒဏ်ကိုမဆို ငါ ခံယူဖို့ အသင့်ရှိတယ်… ပြဿနာလာမရှာနဲ့..."
သို့သော် ရှားဝူကျင်း၏ စကားမဆုံးမီမှာပင် ကျန်းလျိုက သူ့အား ရုတ်တရက် ဖြတ်ပြောကာ ကြိမ်းမောင်းလိုက်လေသည်။
သူ၏ အလောတကြီး တုံ့ပြန်ပုံမှာ ရှားဝူကျင်းက သူ၏ ကံကောင်းမှုများကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေသည့်အလား ပင်ဖြစ်လေသည်။
‘ဒါ... တစ်ခုခုတော့ မှားနေပြီ… နေပါဦး... ငါ ပြန်သွားပြီး သေချာ စဉ်းစားကြည့်ဦးမှ… မလှုပ်ရှားခင် အခြေအနေကို ရှင်းရှင်းလင်းလင်း သိအောင် အရင်လုပ်ရမယ်...’
ကျန်းလျို၏ အမူအရာတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသော ဆရာကြီး ကျန်းယွမ်က စိတ်ထဲမှ တီးတိုးရေရွတ်လိုက်လေသည်။
"မင်းတို့ ဗိုက်မဆာဘူးဆိုရင်လည်း မစားနဲ့ပေါ့… ဒီမှာပဲ ဆက်ထိုင်ပြီး မင်းတို့ရဲ့ အမှားတွေကို ပြန်သုံးသပ်နေကြ..."
ထပ်မံ၍ မနေလိုတော့သော ဆရာကြီး ကျန်းယွမ်သည် စားပွဲပေါ်ရှိ မစားရသေးသော အစားအစာများကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်အံ့ဩမှုမျှ မပြဘဲ ခပ်ပြတ်ပြတ် ပြောလိုက်လေသည်။
သူ၏ လက်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြေလျော့သွားသော ကြိုးများသည် ကျန်းလျိုနှင့် အခြားသူများကို ထပ်မံ၍ တုပ်နှောင်လိုက်ပြန်ရာ လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေလေသည်။ သူတို့ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများပင်လျှင် တန့်ရပ်သွားကာ လုံးဝ အသုံးပြု၍မရနိုင်အောင် ဖြစ်သွားရလေသည်။
"ဆရာကြီး... နေပါဦး..."
သို့သော် ကြိုးများဖြင့် ထပ်မံတုပ်နှောင်ခံလိုက်ရပြီးနောက် ကျန်းလျိုက ဝင်ပြောလိုက်လေသည်။
"ဘာလဲ... အခုမှ သနားညှာတာဖို့ တောင်းဆိုချင်လို့လား..."
ဆရာကြီး ကျန်းယွမ်က ကျန်းလျိုကို တစ်ချက်ကြည့်ကာ မေးလိုက်လေသည်။
"အောမိတော်ဖော... ဆရာကြီး… ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ… ဆရာကြီး သင့်တော်သလို ချမှတ်မယ့် ဘယ်ပြစ်ဒဏ်ကိုမဆို ခံယူဖို့ အသင့်ရှိပါတယ်… ဒါပေမဲ့... ကျွန်တော့်ကို ဒီကြိုးတွေနဲ့ ချည်ထားဖို့ လိုလို့လား… ဆရာကြီးက ကျွန်တော့်ကို မယုံလို့လား… ပြီးတော့ ဆရာကြီးရဲ့ ကြီးမားလှတဲ့ စွမ်းအားတွေနဲ့ဆိုရင်… ဆရာကြီးသာ ကျွန်တော်တို့ကို ဝူကျွမ်းကျောင်းတော်မှာ တကယ် ထားချင်တယ်ဆိုရင်… ကျွန်တော်တို့ လွတ်လပ်နေရင်တောင်မှ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ပါဘူးလေ..."
ကျန်းလျို၏ စကားများမှာ ဝူကျွမ်းကျောင်းတော်တွင် ကောင်းစွာ ကျင့်ကြံနိုင်ရေးအတွက် သူ၏ လွတ်လပ်ခွင့်ကို ရယူရန် ကြိုးစားနေခြင်းဖြစ်ရာ သူ၏ စကားများတွင် မြှောက်ပင့်မှုများနှင့် ဆရာကြီး ကျန်းယွမ်အား စိတ်ရင်းမှန်ဖြင့် တောင်းဆိုမှုများ ရောနှောပါဝင်နေလေသည်။
"အင်း... မင်းရဲ့ စကားတွေက အသိဉာဏ် ရှိပုံရတယ်..."
အခြားသူများက သူ၏ ကွယ်ရာတွင် အတင်းပြောခြင်းကို မကြိုက်သကဲ့သို့ပင် ဆန့်ကျင်ဘက်အားဖြင့် ဆရာကြီး ကျန်းယွမ်သည် ချီးကျူးမြှောက်ပင့်စကားများကို ကြားရသည်ကိုမူ သိသာထင်ရှားစွာ သဘောကျပုံရလေသည်။ ကျန်းလျို၏ မြှောက်ပင့်စကားများက ဆရာကြီး ကျန်းယွမ်၏ စိတ်အခြေအနေကို များစွာ ကောင်းမွန်သွားစေခဲ့ပြီး ထိုစကားများထဲတွင် ယုတ္တိရှိနေသည်ကိုလည်း သူ တွေ့ရှိလိုက်လေသည်။
တကယ်လို့ သူကသာ သူတို့ကို ထွက်မသွားစေချင်ဘူးဆိုလျှင် သူတို့တွေ ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်ပါမည်နည်း။
"နောက်ပြီး ကျွန်တော်က ဟင်းချက်ပညာအကြောင်းကိုလည်း နည်းနည်းပါးပါး သိထားပါတယ်… ကျွန်တော်တို့က အပြစ်ရှိနေတဲ့သူတွေဆိုတော့… ဆရာကြီးကို ကျွန်တော်တို့အတွက် ဟင်းချက်ပေးဖို့ မတောင်းဆိုရဲပါဘူး… ဒီဆင်းရဲတဲ့ ရဟန်းက ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ပါတယ်…"
ခဏမျှ ရပ်တန့်ပြီးနောက် ကျန်းလျိုက ဆက်ပြောလိုက်လေသည်။
"ဟုတ်တယ် ဆရာကြီး... ရွှမ်ကျန်းဆရာတော် ချက်တဲ့ အစားအစာက အရမ်းအရသာရှိတယ်..."
ကျန်းလျို၏ စကားကို ကြားသောအခါ တာအိုကျောင်းသားလေး ချင်းဖုန်း၏ မျက်လုံးများက အရောင်လက်သွားပြီး ကျန်းလျိုကို ထောက်ခံသည့်အနေဖြင့် ဆရာကြီး ကျန်းယွမ်ကို ခေါင်းညိတ်ပြလိုက်လေသည်။
ဤအရာက ဆရာကြီး ကျန်းယွမ်အား သူ ယခင်က မြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို ပြန်လည်သတိရသွားစေသည်။ ထိုစဉ်က တာအိုကျောင်းသားလေး နှစ်ယောက်သည် ကျန်းလျိုတို့အဖွဲ့နှင့် အစားအစာများကို အပြန်အလှန် လုယက်စားသောက်နေကြပြီး အလွန်အမင်း အရသာတွေ့နေပုံရလေသည်။
ချင်းဖုန်း၏ အမူအရာကို မြင်သောအခါ ဆရာကြီး ကျန်းယွမ်က သူ့အား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ... ငါ မင်းကို မချည်ထားတော့ဘူး… ထွက်ပြေးဖို့ မစဉ်းစားလောက်အောင် မင်း လုံလုံလောက်လောက် ထက်မြက်မယ်လို့ မျှော်လင့်ပါတယ်..."
ထိုသို့ပြောရင်း ဆရာကြီး ကျန်းယွမ်က သူ၏ လက်ကို မြှောက်ကာ ကျန်းလျိုအား အချည်အနှောင်များမှ လွှတ်ပေးလိုက်လေသည်။
"ဟူး... တော်ပါသေးရဲ့..."
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြိုးများ ပြေလျော့သွားသောအခါ ကျန်းလျိုက စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်းသာအားရဖြင့် တွေးလိုက်လေသည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအင်များမှာ ထပ်မံ၍ နိုးကြားလာပြီး လှုပ်ရှားလာနိုင်လေပြီ။ ဆရာကြီး ကျန်းယွမ်က သူ့ကို ဒီနေရာမှာ အမှန်တကယ်ပဲ နှစ်တစ်ရာလောက် ထားဖို့ အစီအစဉ်ရှိနေတာလား… သူ တကယ်ပဲ သည်ကျေးဇူးရှင်ရဲ့ ဘိုးဘေးဘီဘင် ရှစ်ဆက်လောက်အထိ ကျေးဇူးတင်သင့်နေပြီ ဖြစ်လေသည်….
လူသစ်သီးကို စားလိုက်ရုံသာမကဘဲ ယခုဆိုလျှင် သည်နေရာမှာ ကျင့်ကြံဖို့ အခွင့်အရေးပါ ရလိုက်ပြန်ပြီဖြစ်ရာ ဆရာကြီး ကျန်းယွမ်မှာ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တွင် တကယ်ကို အရေးပါဆုံးသော ကျေးဇူးရှင်ကြီးပင် ဖြစ်ပေတော့သည်။
"ကဲ... တပည့်တို့… ငါတို့တွေ ဟင်းချက်ဖို့ စကြရအောင်..."
ကျန်းလျိုက လက်ခုပ်တီးကာ ပြောလိုက်လေသည်။
"ဆရာတော်... ဒီနေ့ နေ့လယ်စာ ဘာစားကြမလဲ..."
ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲက အပြစ်ကင်းစင်ဟန်ဖြင့် မေးလိုက်လေသည်။
"ဟော့ပေါ့ စားကြရင်ရော ဘယ်လိုလဲ..."
ကျန်းလျိုက အကြံပြုလိုက်လေသည်။
"ထပ်စားဦးမလို့လား..."
ကျန်းလျို၏ အကြံပြုချက်ကို ကြားသောအခါ တပည့်အချို့မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။
ဟော့ပေါ့သည် အရသာရှိလှသော်လည်း ဆရာတော်က အများအားဖြင့် ပျော်ရွှင်ဖွယ် အောင်ပွဲခံသည့် အချိန်များတွင်သာ စားလေ့ရှိသည် မဟုတ်ပါလော။ ဥပမာအားဖြင့် နှစ်သစ်ကူး အကြိုညတွင် သို့မဟုတ် လူသစ်သီးကဲ့သို့သော ရတနာများကို စားသုံးပြီးနောက်မျိုးတွင် ဖြစ်လေသည်။
သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ ဆရာကြီး ကျန်းယွမ်၏ အပြစ်ပေးမှုကို ခံထားရပြီး ဝူကျွမ်းကျောင်းတော်တွင် အကျဉ်းချခံထားရသည်ဖြစ်ရာ ဘာကို အောင်ပွဲခံစရာ ရှိနေပါသနည်း။
***
အပိုင်း(၂၇၂)
ဆရာကြီး ကျန်းယွမ်သည် သူ၏ တိတ်ဆိတ်သော အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်လျက် တရားကျင့်ကြံနေလေသည်။ မကြာမီမှာပင် သူ၏ စိတ်သည် တရားထိုင်ခြင်း အခြေအနေသို့ ရောက်ရှိသွားသော်လည်း သူ၏ အတွေးများကမူ များပြားကာ အမျိုးမျိုး ကွဲပြားနေလေသည်။
ကျမ်းစာပင့်ဆောင်သူများ အားလုံးသည် ဝူကျွမ်းကျောင်းတော်တွင် ဆက်လက်နေထိုင်ခဲ့ကြလေသည်။ ရွှမ်ကျန်းသည် တွေဝေစရာကောင်းလောက်အောင် အလွန်တရာ ပျော်ရွှင်နေပုံရသော်လည်း ဆရာကြီး ကျန်းယွမ်က သေချာစွာ တွေးတောကြည့်လိုက်သောအခါ ရွှမ်ကျန်းမှာ ပျော်ရွှင်စရာ အကြောင်းပြချက် လုံးဝ မရှိနိုင်ကြောင်း သဘောပေါက်သွားလေသည်။
ဤအချက်ကို စဉ်းစားကြည့်လျှင် ထိုရွှမ်ကျန်း၏ ပျော်ရွှင်နေသော အမူအရာသည် သူ့အား နှစ်ပေါင်းတစ်ရာ ပြစ်ဒဏ်ပေးသည့် နည်းလမ်းကို ပြောင်းလဲသွားစေရန် တမင်တကာ ဟန်ဆောင်ပြသနေခြင်းများ ဖြစ်နိုင်ပေသည်။
"ဟွန့်... သူ့ရဲ့ တုံ့ပြန်မှုက တော်တော်တော့ မြန်ဆန်သားပဲ… ဒါပေမဲ့ သူခိုးက လူဟစ်ဆိုသလို ကိုယ်လုပ်ထားတဲ့ အပြစ်ကြောင့် စိတ်လုံခြုံမှုမရှိလေ အသံပိုကျယ်လေပဲ… အဲဒီလိုပဲ... သူက အရမ်းပျော်ရွှင်နေသယောင် အထူးတလည် ဟန်ဆောင်ပြနေမှတော့… သူ့ရင်ထဲမှာ ပိုပြီးတော့တောင် စိုးရိမ်ပူပန်နေရမှာ အသေအချာပဲ..."
ဆရာကြီး ကျန်းယွမ်က သူ့ဘာသာ တွေးတောလိုက်လေသည်။
"စောင့်သာကြည့်နေလိုက်… သူ နောက်ထပ် ရက်နည်းနည်းလောက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး… ပြီးရင် သူ့ကို လွှတ်ပေးဖို့ ငါ့ကို မလွဲမသွေ တောင်းပန်လာလိမ့်မယ်… အဲဒီမျောက်ရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုပြီး… တထာဂတ ဒါမှမဟုတ် ကွမ်ယင်ဆီကနေ အကူအညီ သွားတောင်းခိုင်းတာမျိုးတောင် လုပ်လာနိုင်တယ်..."
တထာဂတနှင့် ကွမ်ယင်တို့က သူ့ထံသို့ တောင်းဆိုမှုတစ်ခုဖြင့် ဝူကျွမ်းကျောင်းတော်သို့ ရောက်လာမည့် အကြောင်းကို တွေးတောမိသောအခါ ဆရာကြီး ကျန်းယွမ်၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် အလွန်အမင်း စိတ်အားထက်သန်လာလေသည်။
ထိုအချိန်ရောက်လျှင် သူက သင့်တော်သော စည်းကမ်းချက်အချို့ကို ကောင်းစွာ အဆိုပြုနိုင်မည် ဖြစ်လေသည်။
“ ကောင်းပြီလေ... စောင့်သာ ကြည့်နေလိုက်တော့ ရက်ပိုင်းလောက်ထက် ပိုကြာစရာ အကြောင်းမရှိပါဘူးလေ…”
...
လဝက်ကျော် ကြာပြီးနောက်...
ဒင် - အတွေ့အကြုံမှတ် ၆ မှတ် ရရှိပါသည်။
ဒင် - အဆင့် ၁ ဆင့် တက်သွားပါပြီ၊ လက်ရှိအဆင့် ၃၂ ဖြစ်ပါသည်။
လဝက်ကျော် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး ဤရက်များအတွင်း မိစ္ဆာများနှင့် တိုက်ခိုက်ရခြင်းများ မရှိခဲ့သော်လည်း ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ် တစ်ခုတည်းကပင် နေ့စဉ် အတွေ့အကြုံမှတ် နှစ်သောင်းကျော်ခန့်ကို စုဆောင်းပေးနေလေသည်။
လဝက်ကျော် ကာလအတွင်းမှာပင် ကျန်းလျို၏ အတွေ့အကြုံမှတ်များသည် အဆင့် ၃၂ သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့လေပြီ။
ဇာတ်ကောင် အချက်အလက်များကို တိတ်တဆိတ် ခေါ်ယူလိုက်ပြီးနောက် ကျန်းလျိုသည် သူ၏ရှေ့ရှိ အချက်အလက်ပြဘုတ်မှတစ်ဆင့် ယခုအခါ အဆင့် ၃၂ မှ ၃၃ သို့ တက်လှမ်းရန် အတွေ့အကြုံမှတ် ကိုးသိန်း လိုအပ်ကြောင်း မြင်တွေ့လိုက်ရလေသည်။
ဤအရာက ကျန်းလျိုအား အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားရစေသည်။ တကယ်တမ်းတွင် ယခုအခါ သူ့အနေဖြင့် အတွေ့အကြုံမှတ်များ ပို၍ပင် လိုအပ်နေလေပြီ။
"ရွှမ်ကျန်း... မင်း ဝူကျွမ်း ကျောင်းတော်မှာ နေနေတာ လဝက်ကျော်တောင် ရှိနေပြီပဲ… ဘယ်လို ခံစားရလဲ..."
တစ်နေ့တွင် ကျန်းလျိုသည် ဝူကျွမ်းကျောင်းတော်၌ ဆရာကြီး ကျန်းယွမ်နှင့် အမှတ်မထင် ဆုံတွေ့ခဲ့လေသည်။ ရွှမ်ကျန်းနှင့် ခဏတဖြုတ် စကားစမြည် ပြောဆိုပြီးနောက် ဆရာကြီး ကျန်းယွမ်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
"တော်တော်လေး ကောင်းပါတယ်… ဆရာကြီး ကျန်းယွမ်... ဆရာကြီးရဲ့ ဝူကျွမ်းကျောင်းတော်က လှိုဏ်ဂူ ကောင်းကင်ဘုံနဲ့ မင်္ဂလာရှိတဲ့ မြေဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်… ကျွန်တော် ဒီမှာနေရတာ တော်တော်လေးကို သက်တောင့်သက်သာ ရှိလှပါတယ်..."
ဤစကားကို ကြားသောအခါ ကျန်းလျိုက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
ဤအဖြေကြောင့် ဆရာကြီး ကျန်းယွမ်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားရလေသည်။
‘သူ တွက်ဆထားတာများ မှားယွင်းနေခဲ့ပြီလော… ရွှမ်ကျန်းက ဝူကျွမ်းကျောင်းတော်မှာ နေရတာကို တကယ်ကြီး သဘောကျနေတာများလား…’
‘မဖြစ်နိုင်ဘူး …သူက ဒီလိုအမူအရာမျိုးကို တမင်သက်သက် ဟန်ဆောင်နေတာ ဖြစ်ရမယ်…’
သူကိုယ်တိုင်လည်း ရင်ထဲမှာ အနည်းငယ် စိုးရိမ်ပူပန်နေပြီ ဖြစ်သော်လည်း သည်လူငယ်လေး၏ လှည့်ကွက်တွေထဲကိုတော့ သူ အပိတ်ခံလို့ မဖြစ်နိုင်ဘူး မဟုတ်ပါလော။
‘သူက ဆက်နေရတာကို သဘောကျနေတယ် ဆိုရင်လည်း သူ့ကို ဆက်ပြီး နေခိုင်းထားလိုက်တာပေါ့…’
...
နောက်ထပ် တစ်လခန့် အချိန်ကုန်လွန်သွားပြန်လေသည်။
ဒင် - အတွေ့အကြုံမှတ် ၆ မှတ် ရရှိပါသည်။
ဒင် - အဆင့် ၁ ဆင့် တက်သွားပါပြီ၊ လက်ရှိအဆင့် ၃၃ ဖြစ်ပါသည်။
နောက်ထပ် တစ်လခန့် အချိန်ကုန်လွန်သွားပြီးနောက် ကျန်းလျိုသည် လိုအပ်သော အတွေ့အကြုံမှတ် ကိုးသိန်းကို အောင်မြင်စွာ ရရှိသွားခဲ့ပြီး သူ၏ အဆင့်ကို ၃၃ သို့ ထပ်မံ မြှင့်တင်နိုင်ခဲ့လေသည်။
ဝူကျွမ်းကျောင်းတော်တွင် နှစ်လကြာ နေထိုင်ရင်း အဆင့်နှစ်ဆင့် တက်လာခြင်းက ကျန်းလျိုအတွက်တော့ တော်တော်လေး ကောင်းမွန်သော တိုးတက်မှုနှုန်းပင် ဖြစ်လေသည်။
"အင်း... နောက်တစ်ဆင့် တက်ဖို့ အတွေ့အကြုံမှတ် ၁.၁၅ သန်း လိုတယ်ပေါ့… ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် တစ်လခွဲလောက်တော့ အချိန်ယူရမှာပဲ..."
သူသည် သူ၏ ဇာတ်ကောင် အချက်အလက်ကို ပြန်ခေါ်လိုက်ပြီး သူ့ဘာသာ ခေါင်းညိတ်လိုက်လေသည်။
…
တစ်နေ့၌ ဆရာကြီး ကျန်းယွမ်သည် သူ၏ တိတ်ဆိတ်သော အခန်းထဲမှ မြင်းမြီးယပ်တောင်ကို ကိုင်ဆောင်ကာ ထွက်လာခဲ့လေသည်။
ရွှမ်ကျန်းနှင့် သူ၏ အပေါင်းအပါများသည် ယခုအခါ ဝူကျွမ်းကျောင်းတော်တွင် နေထိုင်ခဲ့သည်မှာ နှစ်လခန့်ပင် ရှိနေပြီဖြစ်ကြောင်း သူ တွေးတောမိလေသည်။ ထိုအချိန်ကာလအတွင်း သူက အရိပ်အမြွက် အကြိမ်ကြိမ် ပြခဲ့သော်လည်း သူတို့က ခရီးဆက်ရန် အလျင်လိုနေသည့် အရိပ်အယောင် လုံးဝ မပြခဲ့ကြပါချေ။
အစပိုင်းတွင် ဆရာကြီး ကျန်းယွမ်သည် ရွှမ်ကျန်းက တမင်တကာ ဟန်ဆောင်နေခြင်းဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ သူ စတင်၍ ယိမ်းယိုင် တွေဝေလာခဲ့လေပြီ။
ပိုမို ထိရောက်စွာ စုံစမ်းစစ်ဆေးနိုင်ရန် အစီအစဉ်တစ်ခု စဉ်းစားဖို့ လိုအပ်နေပြီဟု ထင်ရလေသည်။
အတွေးတစ်ချက်နှင့်အတူ ဆရာကြီး ကျန်းယွမ်သည် အပြင်သို့ ထွက်လာခဲ့ရာ မကြာမီမှာပင် တာအိုကျောင်းသားလေး နှစ်ယောက်ဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲ့တို့ကို ရှာတွေ့သွားလေသည်။
သို့သော် ထိုကလေးနှစ်ယောက်ကို ရှာတွေ့လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားရလေသည်။
စက်ဝိုင်းပုံ စားပွဲဝိုင်းလေး တစ်ခု၏ ဘေးတွင် ချင်းဖုန်း၊ မင်ယွဲ့နှင့် ကျူးပါကျဲတို့ သုံးယောက် ထိုင်နေကြပြီး တစ်ယောက်စီတိုင်း၏ လက်ထဲတွင် ရုပ်ပုံများ ပါဝင်သော ကတ်ပြားများကို ကိုင်ဆောင်ထားကြလေသည်။
စွန်းဝူခုန်းနှင့် အခြားသူအချို့မှာ သူတို့၏ အနောက်ဘက်တွင် စုရုံးကာ စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး ထိုနေရာမှ အခြေအနေမှာ အလွန်တရာ အသက်ဝင် တက်ကြွနေလေသည်။
"အိမ်ရှင် ခေါ်မယ်..."
"အိမ်ရှင် လုမယ်..."
"ငါ လုမယ်..."
"ဟီးဟီးဟီး... ငါ ဝက်ကြီးက ဖဲပွင့် ကစားမယ်..."
ဟုတ်ပေသည်။ ၎င်းမှာ အိမ်ရှင်ကို တိုက်ခိုက်ခြင်း ဖဲကစားနည်းပင် ဖြစ်လေသည်။ ဝူကျွမ်းကျောင်းတော်တွင် နှစ်လကြာ အချိန်ဖြုန်းပြီးနောက် ကျန်းလျိုသည် တရားထိုင် ကျင့်ကြံနေရင်း သူ၏ အတွေ့အကြုံမှတ်များ အဆက်မပြတ် တက်လာသည်ကို ကြည့်ကာ ကြည်နူးပျော်ရွှင်နေခဲ့လေသည်။ သို့သော် စွန်းဝူခုန်းနှင့် အခြားသူများမှာမူ ဝူကျွမ်းကျောင်းတော်တွင် အနည်းငယ် ပျင်းရိလွန်းလာသောကြောင့် ဤနှစ်လအတွင်း သူတို့သည် မာဂျောင် ကစားရုံသာမက ကျန်းလျိုက သူတို့ကို အိမ်ရှင်ကို တိုက်ခိုက်ခြင်း ဖဲကစားနည်းကိုပါ သင်ပေးခဲ့လေသည်။
အသက်အရွယ်မရွေး ကစားနိုင်သော ဤဖဲကစားနည်းသည် လူတိုင်းကြားတွင် ချက်ချင်းပင် ရေပန်းစားသွားခဲ့လေသည်။
စားပွဲဝိုင်းတွင် ဖဲကစားနေသော လူသုံးယောက်နှင့် အနောက်မှ ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ ဤမြင်ကွင်းသည် သေမျိုးများ လောကရှိ လောင်းကစားရုံတစ်ခုကဲ့သို့ အသက်ဝင် ဆူညံနေသဖြင့် ဆရာကြီး ကျန်းယွမ်၏ နှုတ်ခမ်းများမှာ ထပ်မံ၍ အနည်းငယ် တွန့်ကွေးသွားရပြန်လေသည်။
သူ၏ ဝူကျွမ်းကျောင်းတော်သည် တစ်ခုခု ပြောင်းလဲသွားသကဲ့သို့ သူ ခံစားလိုက်ရလေသည်။
သူ၏ ဝူကျွမ်းကျောင်းတော်သည် ယွီရွှီနန်းတော်၏ အဆင့်အတန်းနှင့် မယှဉ်နိုင်သော်လည်း တာအိုဘာသာ၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုတော့ ဖြစ်သည် မဟုတ်ပါလော။
သို့သော် ယခုအခါတွင်မူ သေမျိုး လောက၏ လောင်းကစားရုံ တစ်ခုကဲ့သို့ ဖြစ်နေလေပြီ။ အကယ်၍ ဤမြင်ကွင်းသာ အပြင်သို့ သတင်းပျံ့သွားပါက သူ၏ မျက်နှာကို ဘယ်နေရာ သွားထားရမည်နည်း။
"အဟွတ်... အဟွတ်..."
အနည်းငယ် မှုန်ကုပ်နေသော မျက်နှာဖြင့် ဆရာကြီး ကျန်းယွမ်သည် ခြောက်ကပ်ကပ် ချောင်းအနည်းငယ် ဆိုးလိုက်လေသည်။
"ဆရာကြီး..."
ဆရာကြီး ကျန်းယွမ် လာနေသည်ကို မြင်သောအခါ တာအိုကျောင်းသားလေး နှစ်ယောက်ဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် လက်ထဲရှိ စက္ကူချပ်များကို အလျင်အမြန် ချလိုက်ကြပြီး အမှားတစ်ခုခု လုပ်ထားမိသူများကဲ့သို့ ခေါင်းငုံ့ကာ ပြောလိုက်ကြလေသည်။
"ချင်းဖုန်း... မင်ယွဲ့… မင်းတို့နှစ်ယောက်က သန့်စင်မှန်ကန်တဲ့ တာအို လမ်းစဉ်ကို လိုက်စားသူတွေလေ… သာမန်နေ့တွေမှာ တိုးတက်အောင် မကြိုးစားဘဲ ဆော့ကစားရင်း အချိန်ဖြုန်းနေကြတော့ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကိုတောင် ပျောက်ဆုံးနေပြီ… တခြားလူတွေက ဘယ်လိုထင်ကြမလဲ..."
ဆရာကြီး ကျန်းယွမ်က လေသံတိုးတိုးဖြင့် ဆူပူကြိမ်းမောင်းလိုက်လေသည်။
ကလေးနှစ်ယောက်သည် ပြန်လည်မချေပရဲဘဲ သူတို့၏ အမှားများကို ကမန်းကတန်း ဝန်ခံလိုက်ကြလေသည်။
"ဆရာကြီး... ကျွန်တော်တို့ မှားမှန်း သိပါပြီ… နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး..."
"ကောင်းပြီ... နောက်တစ်ခါ မဖြစ်စေနဲ့… ဒီနေ့ မင်းတို့ကို မှာစရာ ကိစ္စလေးတွေ ရှိတယ်..."
ထိုဆူပူကြိမ်းမောင်းမှုမှာ တကယ်တမ်းတွင် ပါးစပ်ဖြင့် ဆူပူရုံမျှသာဖြစ်ပြီး သိပ်အရေးမပါလှချေ။ ထို့နောက် ဆရာကြီး ကျန်းယွမ်သည် စကားလမ်းကြောင်းကို အလျင်အမြန် ပြောင်းလိုက်လေသည်။
"ဆရာကြီး... ကိစ္စတစ်ခုခု ရှိရင် အမိန့်ပေးပါ..."
ကလေးနှစ်ယောက်က ပြိုင်တူ ပြောလိုက်ကြလေသည်။
"လတ်တလောမှာ ငါ့မှာ ကြိုတင်သိမြင်မှုတစ်ခု ရှိလာလို့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ သွားတွေ့သင့်တယ်… ဒါကြောင့် အိမ်ကနေ လဝက်လောက် ထွက်သွားဖို့ လိုလိမ့်မယ်… ငါမရှိတဲ့အချိန် အိမ်ကို သေချာ စောင့်ရှောက်ထားကြ..."
***