← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 20 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 20 Ch. 273-274

အပိုင်း(၂၇၃)

ဆရာကြီး ကျန်းယွမ်က သူ လဝက်ခန့် ထွက်သွားမည်ဖြစ်ကြောင်း စွန်းဝူခုန်းနှင့် အခြားသူများကိုပါ ကြေညာသည့်အနေဖြင့် ပြောလိုက်လေသည်။

အပြင်ပန်းတွင် ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း ဆရာကြီး ကျန်းယွမ်သည် စွန်းဝူခုန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများကို တိတ်တဆိတ် အကဲခတ်နေလေသည်။

အကယ်၍ သူတို့က တကယ်ပဲ ထွက်ပြေးဖို့ အစီအစဉ်ရှိနေမည်ဆိုပါက သူ၏ ဤကြေညာချက်သည် သူတို့ကို တမင်တကာ အခွင့်အရေးပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေမည် မဟုတ်ပါလော။ သူတို့၏ ရင်ထဲတွင် တော်တော်လေး စိတ်လှုပ်ရှားနေကြပြီ မဟုတ်ပါလော။

"နားလည်ပါပြီ... တပည့်တို့ မှတ်သားထားပါ့မယ်..."

ဤစကားကို ကြားသောအခါ ချင်းဖုန်းနှင့် မင်ယွဲ့တို့၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာများ ပေါ်လာလေသည်။

သူတို့၏ အမူအရာများမှာ အိမ်တွင် ကွန်ပျူတာကို ခိုးမဆော့ရန် မိဘများ၏ ဆူပူခြင်းကို ခံထားရပြီးနောက် မိနစ်အနည်းငယ် အကြာတွင် မိဘများက အပြင်ခဏသွားမည်ဟု ပြောလိုက်သောအခါ ဖြစ်ပေါ်လာသည့် ကလေးနှစ်ယောက်၏ ပုံစံမျိုးနှင့် တူနေလေသည်။

စွန်းဝူခုန်းနှင့် အခြားသူများထံမှ သူ မျှော်လင့်ထားသော ပျော်ရွှင်သည့် အမူအရာများကို မြင်တွေ့ရမည့်အစား သူ၏ ကိုယ်ပိုင် တပည့်လေး နှစ်ယောက်ကသာ အံ့ဩဝမ်းသာနေသည်ကို မြင်လိုက်ရသောကြောင့် ဆရာကြီး ကျန်းယွမ်မှာ ရင်ထဲတွင် စူးအောင့်သွားသလို ခံစားလိုက်ရလေသည်။

ဝမ်ရှို့တောင်၏ ဂုဏ်သတင်းမှာ အလကားရလာခြင်း မဟုတ်ပါချေ။ လူသစ်သီး တစ်လုံးတည်းကပင် အသက်ကို နှစ်ပေါင်း လေးသောင်းခုနစ်ထောင်အထိ ရှည်စေနိုင်သော်လည်း ၎င်းကို မှည့်ဝင်းလာရန်အတွက် နှစ်ကိုးထောင်သာ ကြာမြင့်လေသည်။ ထို့ကြောင့် ထိုထက်မက များစွာ အသက်ရှည်နေပြီဖြစ်သော ဆရာကြီး ကျန်းယွမ်သည် လေမတိုက်ဘဲ ငြိမ်သက်နေသော ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်သော စိတ်အခြေအနေကို မည်မျှကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

သို့သော် လတ်တလောရက်ပိုင်းအတွင်း ဆရာကြီး ကျန်းယွမ်သည် သူ၏ ပုံမှန် တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းရန် ခက်ခဲလာပြီး မကြာခဏဆိုသလို ရင်ကျပ်မွန်းကြပ်လာသကဲ့သို့ ခံစားလာရလေသည်။

‘ဆိုးရွားလိုက်တာ... တကယ်ကို ဆိုးရွားလွန်းတယ်...’

ရင်ထဲတွင် စူးအောင့်သွားသည်ကို ခံစားလိုက်ရသောအခါ ဆရာကြီး ကျန်းယွမ်သည် မကြာသေးမီက မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ရင်ဘတ်အောင့်ခြင်းကို ချက်ချင်း သတိပြုမိသွားပြီး သူ၏ ရင်ထဲတွင် အေးစက်သွားလေသည်။

‘ဒါက တကယ်ပဲ ကောင်းကင်နဲ့မြေကြီးရဲ့ ကပ်ဆိုးကြီးများလား… ကံကြမ္မာနဲ့ ဆက်နွှယ်နေတဲ့ ဒီလူတွေ အားလုံးက အခု ဝူကျွမ်းကျောင်းတော်မှာ ရောက်နေတာဆိုတော့ ငါ့ကိုတောင် လာပြီး သက်ရောက်မှု ရှိနေပြီလား…’

‘တော်တော်လေး ဆိုးရွားနေပြီ… ဒီလူတွေကို အမြန်ဆုံး လွှတ်ပေးလိုက်တာ ပိုကောင်းမယ် ထင်တယ်… ဘာပဲဖြစ်ဖြစ်… ငါက အဆုံးမဲ့ ဘေးဒုက္ခတွေရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ သူတော်စင်အရှင်သခင် တစ်ပါးမှ မဟုတ်တာ…’

ရှေးခေတ်ကတည်းက ယနေ့အထိ ကပ်ဆိုးကြီးတွေထဲမှာ သူတော်စင်တစ်ပိုင်းအဆင့် ရှိတဲ့သူ ဘယ်နှစ်ယောက်တောင် ကျဆုံးခဲ့ပြီးပြီနည်း။

တာဝန်များကို မှာကြားပြီးနောက် ဆရာကြီး ကျန်းယွမ်သည် စွန်းဝူခုန်းနှင့် အခြားသူများ၏ ရှေ့မှပင် ပျံသန်းထွက်ခွာသွားလေသည်။

သူ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ စိတ်ဓာတ်များမှာ အတော်လေး မြင့်တက်လာကြလေသည်။

ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် သူတို့၏ ဆော့ကစားလိုသော ကလေးသဘာဝသို့ လုံးဝ ပြန်လည်ရောက်ရှိသွားကြပြီး ခုနလေးတင် သူတို့ ပြောခဲ့သော စကားများကိုပင် မေ့သွားကြကာ စားပွဲတွင် ပြန်ထိုင်ရင်း ကတ်ပြားများကို ပြန်ကောက်ကိုင်လိုက်ကြလေသည်။

"ဝက်ခေါင်းနဲ့ကောင်... မင်း လိမ်ကစားနေတာလား… ဘာလို့ မင်းဖဲတွေက အမြဲတမ်း ကောင်းနေရတာလဲ..."

"ဟုတ်တယ်... မင်း သေချာပေါက် လိမ်ကစားနေတာပဲ… ငါတို့ ညီအစ်ကိုတွေက လယ်သမားလုပ်ပြီး ကိုးပွဲဆက်တိုက် ရှုံးနေပြီလေ...”

"ဟီးဟီးဟီး... ငါ့ရဲ့ လောင်းကစားနတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်က အလကားရထားတာ မဟုတ်ဘူးကွ… မင်းတို့နှစ်ယောက်က ရှုံးမဲ မဲမှာတော့ မဟုတ်ပါဘူးနော်..."

"သောက်ကျိုးနည်း... လာစမ်းပါ… နောက်ထပ် ပွဲသုံးရာလောက် ဆက်ချကြသေးတာပေါ့..."

ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် အသက် တစ်ထောင်ကျော်တိုင်အောင် နေထိုင်ခဲ့ကြသော်လည်း ဝူကျွမ်းကျောင်းတော်အတွင်းရှိ ဘဝမှာမူ တာအိုကျင့်စဉ်များကိုသာ နစ်မြုပ်ကျင့်ကြံရင်းနှင့် ငြိမ်းချမ်းမှုနှင့် လှုပ်ရှားမှုကင်းမဲ့ခြင်း ဟူသော တောက်လမ်းစဉ်၏ ခံယူချက်များကိုသာ လိုက်နာနေရသဖြင့် အမြဲတမ်းလိုလို ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေခဲ့လေသည်။

သူတို့အနေဖြင့် ယင်းအခြေအနေကို ကျင့်သားရနေပြီ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်လအတွင်း ကျန်းလျိုနှင့် သူ၏ အပေါင်းအပါများ လာရောက်နေထိုင်ခဲ့သည့် အချိန်မှစ၍ ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် သူတို့၏ဘဝကြီးမှာ အရောင်အသွေးစုံလင်ကာ ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလာသည်ဟု ခံစားခဲ့ကြရလေသည်။

ပထမအချက်မှာ သူတို့၏ အစားအစာများက အလွန်တရာ အရသာရှိလှခြင်း ဖြစ်လေသည်။

ဒုတိယအချက်မှာ မာဂျောင်ကစားခြင်းနှင့် အိမ်ရှင်ကို တိုက်ခိုက်ခြင်း ဖဲကစားနည်းတို့က သူတို့ကို များစွာ ဖျော်ဖြေပေးနိုင်ပြီး စစ်တုရင် ကစားခြင်းထက် များစွာ ပို၍ ပျော်စရာကောင်းကာ ဦးနှောက်စား သက်သာခြင်းပင် ဖြစ်လေသည်။

နောက်ဆုံးအချက်အနေဖြင့် ရွှမ်ကျန်းဆရာတော်၏ နှုတ်မှ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော စိတ်ဝင်စားဖွယ် စကားစုများကလည်း သူတို့၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ဥပမာအားဖြင့် "သောက်ကျိုးနည်း" ဟူသော စကားလုံးက သူတို့၏ အတွေးများစွာကို တိကျစွာ ဖမ်းဆုပ်နိုင်ပုံရလေသည်။

အံ့ဩသွားသလား… "သောက်ကျိုးနည်း" ကို သုံးလိုက်လေသည်။

ဒေါသထွက်နေသလား… "သောက်ကျိုးနည်း" ကို သုံးလိုက်လေသည်။

တစ်ယောက်ယောက်ကို ကျိန်ဆဲချင်သလား… "သောက်ကျိုးနည်း" ကို သုံးလိုက်လေသည်။

တစ်ယောက်ယောက်ရဲ့ စွမ်းရည်ကို ချီးကျူးချင်သလား… "သောက်ကျိုးနည်း" ကိုပဲ သုံးလိုက်လေသည်။

ဤစကားလုံးသည် နေရာတကာတွင် သုံးနိုင်ပုံရသော်လည်း သူတို့၏ ခံစားချက်များကို ဖော်ပြလိုသည့် အချိန်တိုင်းတွင် အံဝင်ခွင်ကျ ဖြစ်နေပြီး မည်သည့်စကားလုံးကမျှ အစားထိုး၍ မရနိုင်ပါချေ။

...

မကြာမီမှာပင် ညဉ့်နက်လာခဲ့လေသည်။

ကျန်းလျိုသည် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေစဉ် ထိုအချိန်မှာပင် စွန်းဝူခုန်းနှင့် အခြားတပည့်များက အနားသို့ ချဉ်းကပ်လာကြလေသည်။

"တပည့်တို့... ဘာကိစ္စရှိလို့လဲ..."

သူတို့အားလုံး ရှေ့တွင် အတူတကွ ပေါ်လာသည်ကို မြင်သောအခါ ကျန်းလျိုက အံ့ဩတကြီး မေးလိုက်လေသည်။ သူတို့အနေဖြင့် သူ့ကို ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိနေပုံရလေသည်။

"ဆရာတော်... ဆရာကြီး ကျန်းယွမ်က ဝူကျွမ်းကျောင်းတော်ကနေ ထွက်သွားပြီ… ဒါက ကျွန်တော်တို့ ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ..."

စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ စကားမပြောနိုင်မီမှာပင် ရှားဝူကျင်းက သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ကျန်းလျိုအား ပြောလိုက်လေသည်။

"နောက်ပြီး ချင်းဖုန်းနဲ့ မင်ယွဲ့တို့ကလည်း ကျွန်တော်တို့ကို လွှတ်ပေးချင်တဲ့ ရည်ရွယ်ချက် ရှိနေပုံရတယ်… ဒီည သူတို့က တမင်တကာ အရက်တွေ အများကြီးသောက်ပြီး လုံးဝကို မူးရူးနေအောင် လုပ်ထားကြတယ်..."

"မဖြစ်ဘူး... ငါ ထွက်မသွားဘူး...”

ဆရာကြီး ကျန်းယွမ်၏ အတွေးများမှာ တကယ်တမ်းတွင် အလွန် ရိုးရှင်းလှပေသည်။ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို စတင်နေသော ကျမ်းစာပင့်ဆောင်သည့် အဖွဲ့သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ဤကပ်ဆိုးကြီးတွင် ပါဝင်ပတ်သက်ရန် ကံကြမ္မာပါလာသူများ ဖြစ်ကြလေသည်။

နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးဖြစ်သော ဆရာကြီး ကျန်းယွမ်သည် 'အန္တရာယ်ကြီးလေ အကျိုးအမြတ်ကြီးလေ' ဟူသော သဘောတရားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားလေသည်။ ထို့ကြောင့် သူ၏ မျက်လုံးထဲတွင် ဝူကျွမ်းကျောင်းတော်ကို ဖြတ်သန်းသွားသော ကျမ်းစာပင့်ဆောင်သည့် အဖွဲ့သည် အခွင့်အရေးတစ်ခု ဖြစ်နေလေသည်။

ဆရာကြီး ကျန်းယွမ်သည် ထန်ဆရာတော်မှာ ရွှေပုစဉ်း ဆရာတော်၏ ဝင်စားမှုဖြစ်ကြောင်းကို သိရှိထားပြီး ဖြစ်သည်။ အဘယ်ကြောင့် သူက ထန်ဆရာတော်အား လူသစ်သီး နှစ်လုံး စားရန် ပေးခဲ့ပါသနည်း။

သူ ပြောပြခဲ့သည့် အကြောင်းရင်းမှာ သူနှင့် ရွှေပုစဉ်း ဆရာတော်တို့သည် အတိတ်က တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့ကြသောကြောင့် ဖြစ်လေသည်။ ဥလမ္ဗနပွဲတော် ကာလအတွင်း ရွှေပုစဉ်း ဆရာတော်က သူ့အား လက်ဖက်ရည် ကိုယ်တိုင် ဆက်သခဲ့ဖူးရာ တစ်ပါးသူက မိမိအား တစ်လက်မခန့် လေးစားမှုပြလျှင် မိမိက တစ်ပေခန့် တုံ့ပြန်ရမည်ဆိုသည့် သဘောမျိုး ဖြစ်လေသည်။

သို့သော် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဆရာကြီး ကျန်းယွမ်က မည်သို့သော အဆင့်အတန်းမျိုး ရှိသနည်း။

တထာဂတဘုရားရှင် ကိုယ်တိုင်ပင်လျှင် ဝါစဉ်အရဆိုလျှင် သူ၏ ဂျူနီယာအဖြစ် သတ်မှတ်ခံရမည် ဖြစ်ပြီး ဆရာကြီး ကျန်းယွမ်အား သူ၏ လက်ဖြင့်ကိုယ်တိုင် လက်ဖက်ရည် ဆက်သသင့်သည်မှာ မှန်ကန်နေသည် မဟုတ်ပါလော။

ထို့ကြောင့် ဆရာကြီး ကျန်းယွမ်က ထန်ဆရာတော်အား လူသစ်သီး နှစ်လုံး လက်ဆောင်ပေးခြင်းမှာ ဆင်ခြေတစ်ခုထက် မပိုပါချေ။

လူသစ်သီးသည် တကယ့်ကို ရတနာတစ်ခု ဖြစ်သော်လည်း သူက နှစ်လုံးတည်းသာ ပေးခဲ့လေသည်။ အကယ်၍ စွန်းဝူခုန်းနှင့် အခြားသူများသာ ယင်းကို သိသွားခဲ့လျှင် သူတို့ ရင်ထဲတွင် အတွေးတစ်ချို့ ဝင်လာမည် မဟုတ်ပါလော။

ထို့အပြင် ဝူကျွမ်းကျောင်းတော်မှ လူနီးပါးအားလုံး ထွက်ခွာသွားကြပြီး အလောတကြီးနိုင်သော တာအိုကျောင်းသားလေး နှစ်ယောက်ဖြစ်သည့် ချင်းဖုန်းနှင့် မင်ယွဲ့တို့ကိုသာ ချန်ထားခဲ့လေသည်။ ဆရာကြီး ကျန်းယွမ်၏ ရည်ရွယ်ချက်မှာ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းရန်နှင့် မဟာယနဂိုဏ်းနှင့် ညှိနှိုင်းရန် တရားဝင် အကြောင်းပြချက်အဖြစ် ပဋိပက္ခတစ်ခု ဖန်တီးရန်သက်သက်သာ ဖြစ်သည် မဟုတ်ပါလော။

သို့သော်လည်း... အရာရာသည် ဆရာကြီး ကျန်းယွမ် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပါချေ။ စွန်းဝူခုန်းနှင့် အခြားသူများသည် ချင်းဖုန်း၊ မင်ယွဲ့တို့နှင့် အဆင်မပြေ ဖြစ်မသွားကြသည့်အပြင် သူတို့၏ ခင်မင်ရင်းနှီးမှုမှာ ပိုမို ခိုင်မာလာပုံရသဖြင့် ဆရာကြီး ကျန်းယွမ်မှာ တွေဝေ ကြောင်အမ်းသွားရလေသည်။

အခြားနည်းလမ်း မရှိတော့ချေ။ သူကိုယ်တိုင် ဝူကျွမ်းကျောင်းတော်သို့ အလျင်အမြန် ပြန်သွားပြီး သူတို့ကို ထိုနေရာတွင် ဆက်ထားရန် ဆင်ခြေတစ်ခု ရှာရတော့မည် ဖြစ်လေသည်။

ဆရာကြီး ကျန်းယွမ်၏ အမြင်တွင် ဝူကျွမ်းကျောင်းတော်၌ အကျဉ်းချခံထားရသည်ဖြစ်ရာ ကျမ်းစာပင့်ဆောင်သူများ အနေဖြင့် ထွက်ပြေးရန် အလွန်အမင်း စိတ်အားထက်သန်နေသင့်ပေသည်။

သူတို့က သူ့ကို တိုက်ရိုက် တောင်းပန်လာခြင်း သို့မဟုတ် သူတို့ကို ကယ်ဆယ်ရန် တထာဂတဘုရားရှင် သို့မဟုတ် ကွမ်ယင်ကို အကူအညီတောင်းခံရန် ကြိုးစားခြင်းများ ပြုလုပ်လာရမည် ဖြစ်လေသည်။

သို့သော် ရလဒ်က ဘာဖြစ်ခဲ့သနည်း။ ဆရာကြီး ကျန်းယွမ်သည် သူ ထပ်မံ၍ တွက်ဆမှု မှားယွင်းသွားကြောင်းကို သဘောပေါက်လိုက်လေသည်။ ကျမ်းစာပင့်ဆောင်သူများသည် ဝူကျွမ်းကျောင်းတော်တွင် ကျေနပ်ရောင့်ရဲစွာ ဆက်လက်နေထိုင်နေကြသဖြင့် ဆရာကြီး ကျန်းယွမ်မှာ ၎င်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။

ဆရာကြီး ကျန်းယွမ်သည် ရွှမ်ကျန်း၏ အတွေ့အကြုံများကို သေချာပေါက် သိရှိထားလေသည်။ ကောင်းယန်မင်းသမီးနှင့် သူ၏ အချစ်ဇာတ်လမ်းမှာ ဘုံအားလုံးတွင် အဓိက အဖြစ်အပျက်ကြီး တစ်ခုဖြစ်ခဲ့ပြီး အထူးသဖြင့် ကောင်းကင်ဘုံ ဥပဒေသထံသို့ သူတို့ ပြုလုပ်ခဲ့သော သစ္စာဆိုမှုကြောင့် မဟာမိုးကြိုးများ ပဲ့တင်ထပ်သွားစေခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် သူသည် မဟာမိုးကြိုး ကျောင်းတော်သို့ အမြန်ဆုံးပြေးသွားပြီး ကောင်းယန်မင်းသမီးကို ချက်ချင်း ရှာဖွေရန် စိတ်အားထက်သန်နေသင့်သည် မဟုတ်ပါလော။

ကောင်းပြီ...။

လောလောဆယ် ယင်းအရာအားလုံးကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်တောင်မှ နှစ်လတိတိ စောင့်ဆိုင်းပြီးနောက် ကျန်းလျိုနှင့် သူ၏ အပေါင်းအပါများသည် ဝူကျွမ်းကျောင်းတော်တွင် ဘဝကို သာယာစွာ ဖြတ်သန်းနေကြပြီး သူ၏ တာအိုကျောင်းသားလေး နှစ်ယောက်ကိုပင် လမ်းမှားသို့ ဆွဲခေါ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

နေ့စဉ် အရက်သောက်ပြီး အသားစားကြသည်၊ လောင်းကစားလုပ်ပြီး အရက်သောက်ကြသည်၊ ပိုက်ဆံလောင်းကြေးထပ်ရင်း ဆဲဆိုနေကြသည်၊ ဤအရာအားလုံးတွင် စစ်မှန်သော တာအိုလမ်းစဉ်၏ အရိပ်အယောင်က ဘယ်နေရာမှာ ရှိနေပါသနည်း။

ထို့ကြောင့် ...ယခုတစ်ကြိမ်တွင် ဆရာကြီး ကျန်းယွမ်သည် ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ကျမ်းစာပင့်ဆောင်သည့် အဖွဲ့အနေဖြင့် ထွက်ပြေးနိုင်ကြောင်းကို သိသာထင်ရှားစွာပင် အရိပ်အမြွက် ပြသခဲ့လေသည်။

ဝူကျွမ်းကျောင်းတော်မှ ထွက်ခွာသွားပြီးနောက် ဆရာကြီး ကျန်းယွမ်သည် အရိပ်ထဲတွင် လုံးဝ ပုန်းကွယ်နေကာ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့လေတော့သည်။

သူ၏ အမြင်တွင် ယနေ့ည၌ သေချာပေါက် ကျမ်းစာပင့်ဆောင်သူများသည် ထွက်ပြေးရန် စီစဉ်နေကြမည်မှာ အမှန်ပင် မဟုတ်ပါလော။

***

အပိုင်း(၂၇၄)

အမှန်စင်စစ်... အစပိုင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဆရာကြီး ကျန်းယွမ် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေသည်။

သူ၏ တာအိုကျောင်းသားလေး နှစ်ယောက်သည် သူတို့၏ စာနာတတ်သော သဘာဝအတိုင်းပင် မူးနေဟန်ဆောင်ကာ အရက်မူးနေသည့် အခြေအနေဖြင့် ယိုင်တိုင်တိုင် လမ်းလျှောက်ရင်း အနားယူရန် ပြန်သွားခဲ့ကြလေသည်။

ထို့အပြင် သူ ကိုယ်တိုင် ဝူကျွမ်းကျောင်းတော်တွင် မရှိခြင်းက သူတို့ကို ထွက်သွားနိုင်ကြောင်း အရိပ်အမြွက် ပြသကာ တံခါးများကို ကျယ်ကျယ်ဖွင့်ပေးထားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ထိုနည်းတူစွာပင် ရွှမ်ကျန်း၏ တပည့်များကလည်း အခွင့်အရေးကို မြင်တွေ့သွားကြပြီး အတူတကွ ခိုးထွက်ရန် မျှော်လင့်ချက်ဖြင့် ရွှမ်ကျန်းထံသို့ ချဉ်းကပ်လာခဲ့ကြလေသည်။

သို့သော် နောက်ဆုံး ရလဒ်တွင် ရွှမ်ကျန်းက တကယ်ကြီး ငြင်းဆန်လိုက်သည်လား…

သူ တကယ်ပဲ ငြင်းလိုက်တာလား…

ဤသည်မှာ ဆရာကြီး ကျန်းယွမ်၏ မျှော်လင့်ထားမှုများကို ထပ်မံ၍ ကျော်လွန်သွားခဲ့ပြန်လေသည်။

“ဘာတွေ ဖြစ်နေတာလဲ…”

ဖြစ်နိုင်မည်ဆိုပါက ဆရာကြီး ကျန်းယွမ်သည် ရွှမ်ကျန်း၏ ဦးခေါင်းကို တကယ်ပင် ဖွင့်ကြည့်ပြီး အတွင်း၌ မည်သို့သော ထူးဆန်းသည့် အတွေးများ ရှိနေသနည်းဆိုသည်ကို ကြည့်ရှုချင်မိလေသည်။ ဤလုပ်ရပ်များက လုံးဝကို ယုတ္တိမရှိဘူး မဟုတ်ပါလော။

"ဆရာတော်... ဘာလို့လဲ…"

ကံကောင်းထောက်မစွာဖြင့် ရှားဝူကျင်းကလည်း စိုးရိမ်ပူပန်နေပြီး ကျန်းလျိုကို လွှတ်ခနဲ မေးလိုက်ရာ လက်ရှိ ဆရာကြီး ကျန်းယွမ် ခံစားနေရသော ဇဝေဇဝါဖြစ်မှုကို ထုတ်ဖော်မေးမြန်းပေးလိုက်လေသည်။

ဟုတ်ပေသည်။ အဘယ်ကြောင့်နည်း။ ယခုအခါ သူတို့ကို တားဆီးမည့်သူ မရှိတော့သည်ဖြစ်ရာ သူတို့ အဘယ်ကြောင့် ထွက်မသွားကြသနည်း။

"ဝူကျင်း... ယုံကြည်မှုမရှိတဲ့ ယောက်ျားတစ်ယောက်က မားမားမတ်မတ် ရပ်တည်နိုင်မှာ မဟုတ်ဘူး… ကိုယ့်ကတိကို ကိုယ်တည်ရမယ်… စကားပုံ တစ်ခုထဲမှာ ကတိတစ်ခုက ရွှေတစ်ထောင်တန်ပြီး ထိုက်တောင်ကြီးထက်တောင် ပိုလေးတယ်လို့ ဆိုတယ်လေ… ငါက ဆရာကြီး ကျန်းယွမ်ရဲ့ ပြစ်ဒဏ်ကို ခံယူပါ့မယ်လို့ သဘောတူထားပြီးမှ ဘယ်လိုလုပ် ကတိဖျက်လို့ ရမှာလဲ..."

ကျန်းလျို၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ စကားများက စိတ်အားထက်သန်စွာဖြင့် ဆိုလေသည်။

"နောက်ပြီး... အစတုန်းက ဆရာကြီး ကျန်းယွမ်က ငါတို့ကို ကြိုးတွေနဲ့ ချည်ထားခဲ့ပေမယ့် နောက်တော့ ဘာလို့ ဖြည်ပေးခဲ့တာလဲ… ငါတို့ကို ယုံကြည်လို့ မဟုတ်ဘူးလား… ငါတို့ ထွက်မပြေးဘူးလို့ သူက ယုံကြည်လို့ ဖြည်ပေးခဲ့တာလေ… တကယ်လို့ ငါတို့သာ အခု ထွက်ပြေးသွားမယ်ဆိုရင် ဆရာကြီး ကျန်းယွမ်ရဲ့ ယုံကြည်မှုနဲ့ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ..."

"ဆရာတော်... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ခေတ်နောက်ကျတဲ့ အယူအဆတွေကို ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားရတာလဲ… ဆရာကြီး ကျန်းယွမ်က ကျွန်တော်တို့ရှေ့မှာ တမင်တကာ ထွက်သွားမယ်လို့ ပြောတာက… ကျွန်တော်တို့ကို ထွက်သွားဖို့ အရိပ်အမြွက် ပြနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လေ… နှစ်လလောက် ကြာသွားတော့ သူ ဒေါသပြေသွားတာလည်း ဖြစ်နိုင်တာပဲ..."

ကျန်းလျို၏ စကားကြောင့် ရှားဝူကျင်းမှာ စိတ်ပျက်အားငယ်ရသလို ရယ်လည်း ရယ်ချင်သွားလေသည်။

"ကောင်းပြီ ဝူကျင်း... ဘာမှ ဆက်မပြောနဲ့တော့… မင်းရဲ့ ဆရာက စိတ်ပိုင်းဖြတ်ပြီးသွားပြီ… မင်း ထွက်သွားချင်ရင် အခုပဲ သွားလိုက်တော့… ငါ မင်းကို တားမှာ မဟုတ်ဘူး..."

ကျန်းလျိုက သူ၏ လေသံတွင် ငြင်းခုံလိုသည့် အရိပ်အယောင် လုံးဝမပါဘဲ ပြောလိုက်ပြီး ရှားဝူကျင်း ဆန္ဒရှိပါက ထွက်သွားရန် လက်ဟန်ဖြင့် ပြသလိုက်လေသည်။

သူ၏ မစ်ရှင် စာရင်းထဲတွင် ရှားဝူကျင်းအား အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ထဲမှ နှင်ထုတ်ရမည့် တာဝန်က ပါဝင်နေဆဲ ဖြစ်လေသည်။ အကယ်၍ သူသာ ဤအခွင့်အရေးကို အသုံးချနိုင်ခဲ့မည်ဆိုပါက ယင်းမှရရှိမည့် အတွေ့အကြုံမှတ် သန်း ၈၀ ဖြင့် သူ ဘယ်နှစ်ဆင့်လောက်များ တက်သွားနိုင်မည်နည်း။

တွေးကြည့်ရုံမျှဖြင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

‘ငါ့ဘာသာ ကျမ်းစာတွေကို သွားပင့်နိုင်ရင် ငါ သွားတာ ကြာပြီပေါ့… ဒီမှာ အချိန်ကုန်ခံပြီး ဘာလို့ စကားလာပြောနေတော့မှာလဲ...’

ကျန်းလျို၏ စကားကို ကြားသောအခါ ရှားဝူကျင်းက စိတ်ထဲမှ ကြိတ်ကာ ညည်းညူလိုက်လေသည်။

ထိုကဲ့သို့သော ညည်းညူမှုကို ရှားဝူကျင်းအနေဖြင့် စိတ်ထဲမှသာ ကြိတ်၍ ညည်းညူရဲလေသည်။ ထိုအတွေးများကို သူ ဘယ်တော့မှ အသံထွက်၍ ပြောရဲမည် မဟုတ်ပါချေ။

"ဝူကျင်း... ငါတွေးကြည့်တာ… မင်းဘာသာ မင်းပဲ ခရီးဆက်သွားလိုက်ရင် မကောင်းဘူးလား… တကယ်လို့ မင်း တစ်ယောက်တည်း ကျမ်းစာတွေကို ပင့်ဆောင်နိုင်ခဲ့ရင် အဲဒါက ကြီးမားလှတဲ့ ကုသိုလ်ကြီး တစ်ခုဖြစ်သွားမှာပဲ..."

ရှားဝူကျင်းကို အဖွဲ့ထဲမှ နှင်ထုတ်ရမည့် မစ်ရှင်ကို စဉ်းစားရင်း ကျန်းလျိုသည် အနည်းငယ် စိတ်ဝင်စားသွားကာ ရှားဝူကျင်းအား ဆွဲဆောင်သည့်ဟန်ဖြင့် အကြံပြုလိုက်လေသည်။

ဤစကားများကြောင့် ရှားဝူကျင်း၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။

ထိုကဲ့သို့သော ကုသိုလ်မျိုးက ဆွဲဆောင်မှု ရှိလှသော်လည်း သူ တစ်ယောက်တည်းဖြင့်မူ ကျမ်းစာများကို အမှန်တကယ် ပင့်ဆောင်နိုင်မည် မဟုတ်ပါချေ။

ရှားဝူကျင်း၏ မျက်နှာ မည်းမှောင်သွားသည်ကို မြင်သောအခါ ကျန်းလျိုက ဆက်ပြောလိုက်လေသည်။

"နောက်ပြီူ... ငါသာ ဒီမှာ နှစ်တစ်ရာလောက် တကယ်နေဖြစ်မယ်ဆိုရင်… တထာဂတဘုရားရှင်တော့ စိတ်မရှည်တော့ဘဲ ဖြစ်နေလောက်ပြီ မဟုတ်လား… ဒါကြောင့် ဝူကျင်း... မင်း မဟာမိုးကြိုး ကျောင်းတော်ကို တစ်ခေါက်လောက် သွားလိုက်ရင် မကောင်းဘူးလား… ငါ ဒီမှာ နှစ်တစ်ရာလောက် နေမယ်လို့ ပြောလိုက်ပြီး… တထာဂတဘုရားရှင်ကို နည်းနည်းလောက် ထပ်စောင့်ခိုင်းလိုက်လေ..."

ယခုအခါတွင်တော့ ဆရာတော်က သူ့အား ထွက်သွားစေချင်နေပုံရကြောင်းကို ရှားဝူကျင်း နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

ဤသို့ သိလိုက်ရခြင်းက ရှားဝူကျင်းကို တင်းမာသွားစေသည်။ ဤအဖွဲ့ထဲသို့ ဝင်ရောက်ရန်ပင် အတော်လေး ခက်ခဲခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံးတွင်လည်း ဆရာတော်သည် သူ့အပေါ် နက်ရှိုင်းသော အစွဲများ ထားရှိနေပုံရလေသည်။ ယခုအခါတွင် ဆရာတော် ချမှတ်သော ဆုံးဖြတ်ချက်ကို သူ တစ်ယောက်တည်းကသာ ကန့်ကွက်နေခြင်းများလား။

သူသည် ဆရာတော်အား အလိုမကျဖြစ်အောင် လုပ်မိသကဲ့သို့ ဖြစ်နေပြီဆိုသည့် အချက်ကို ရှားဝူကျင်း ရုတ်တရက် သတိပြုမိသွားလေသည်။

"ဆရာတော်... ကျွန်တော်ကလည်း အနောက်ကောင်းကင်ဘုံကို ကျမ်းစာပင့်ဆောင်မယ့် ကြီးမြတ်တဲ့ တာဝန်အတွက် စိတ်နှစ်ထားတာပါ… ကျွန်တော်ထင်တာက... အစ်ကိုကြီးကြီးနဲ့ ဒုတိယအစ်ကိုကြီးတို့လည်း စိုးရိမ်နေကြမှာ သေချာတယ် မဟုတ်လား..."

ဆရာတော်အား အနှောင့်အယှက်ပေးမိကြောင်း သိလိုက်ရသောကြောင့် ရှားဝူကျင်းက အလျင်အမြန် ရှင်းပြလိုက်ပြီး တစ်ချိန်တည်းမှာပင် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို သူ၏ ဘက်သို့ပါဝင်လာစေရန် ကြိုးစားလိုက်လေသည်။

မည်သို့ပင် ဆိုစေကာမူ... လူအများနှင့် ဆိုလျှင် ပိုလုံခြုံသည် မဟုတ်ပါလော…။

"ငါလား... ဆရာတော်ရဲ့ ကတိက တရားမျှတတယ်လို့ ငါထင်တယ်… ငါ စွန်းဝူခုန်းက ဆရာတော်ကို ထောက်ခံတယ်..."

ရှားဝူကျင်းက ခေါင်းစဉ်ကို သူ့ထံသို့ ဆွဲယူလာသည်ကို ကြားသောအခါ စွန်းဝူခုန်းက သွားဖြဲပြကာ ရွှင်လန်းစွာ ပြောလိုက်လေသည်။

အစကတည်းက တထာဂတဘုရားရှင်က သူ့အား လှည့်စားခဲ့သောကြောင့် စွန်းဝူခုန်းသည် ထိုကိစ္စနှင့် ပတ်သက်၍ မကျေနပ်မှုများကို အမြဲတမ်း ရင်ဘတ်ထဲတွင် သိမ်းဆည်းထားခဲ့သူ ဖြစ်လေသည်။ ကျန်းလျို၏ ခိုင်မာသော ကတိစကားကို သူက များစွာ တန်ဖိုးထားပြီး သဘောကျနေခဲ့လေသည်။

ရှားဝူကျင်းမှာ သူ၏ အစ်ကိုကြီးက သူ့ကို အောက်ခြေမှ ဖြုတ်ချလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

ရှားဝူကျင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် ဘေးနားတွင် ရပ်နေသော ကျူးပါကျဲထံသို့ အကြည့်ကို လွှဲလိုက်လေသည်။

"ငါ ဝက်ကြီး အမြဲတမ်း ပြောခဲ့သလိုပဲ ဘာလို့ ထွက်သွားဖို့ ဒုက္ခခံနေဦးမှာလဲ… ဒီမှာနေရတာ တော်တော်လေး ကောင်းတယ် မဟုတ်ဘူးလား… နေ့တိုင်း စားလိုက် သောက်လိုက်နဲ့ မာဂျောင် ကစားလိုက်… အိမ်ရှင်ကို တိုက်ခိုက်ခြင်း ဖဲကစားနည်းလေး ကစားလိုက်နဲ့ဆိုတော့... နတ်ဘုရားတစ်ပါးရဲ့ ဘဝထက်တောင် ပိုကောင်းနေသေးတယ် မဟုတ်လား..."

ရှားဝူကျင်း၏ အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ ကျူးပါကျဲသည် ပျင်းရိသော အမူအရာကို ပြသကာ ခေါင်းခါရင်း ပြောလိုက်လေသည်။

ကျူးပါကျဲ၏ စကားများမှာ တကယ်တမ်းတွင် ရိုးသားလှပေသည်။ အစကတည်းက အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်မှ ရရှိမည့် ကုသိုလ်များကို သူက သိပ်ဂရုစိုက်လှသည် မဟုတ်ချေ။ လတ်တလောတွင် သူ၏ နေ့ရက်များကို ဝူကျွမ်းကျောင်းတော်၌ အသားများ စားသုံးခြင်း၊ လောင်းကစားခြင်းနှင့် ပူပင်သောကကင်းစွာ နေထိုင်ခြင်းတို့ဖြင့် ဖြတ်သန်းနေရသည်မှာ နတ်ဘုရားတစ်ပါး၏ ဘဝထက်ပင် ပိုကောင်းနေသည် မဟုတ်ပါလော။ အဘယ်ကြောင့် တောင်တွေ မြစ်တွေကို ဖြတ်သန်းပြီး ခရီးဆက်ဖို့ လောနေရမည်နည်း။

ရှားဝူကျင်းမှာ ပြောစရာစကားမရှိတော့ဘဲ စွန့်အသွားတော့သည်။

စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ ရှားဝူကျင်း၏ မျက်နှာမှာ ပို၍ မှိုင်းညို့သွားပြီး ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ထဲတွင် ဝင်ဆံ့ရန် ပို၍ပို၍ ခက်ခဲလာသည်ဟု ခံစားလိုက်ရလေသည်။

သူ၏ ဆရာတော်က သူ့ကို မနှစ်သက်ဘဲ ထွက်သွားစေချင်နေပြီး သူ၏ အစ်ကိုကြီးများကလည်း သူ့ကို တွန်းထုတ်နေပုံရသည် မဟုတ်ပါလော။

ရှားဝူကျင်း၏ မျက်နှာသာ မည်းမှောင်လာရုံသာမကဘဲ အရိပ်ထဲတွင် ပုန်းကွယ်နေသော ဆရာကြီး ကျန်းယွမ်၏ မျက်နှာမှာလည်း လုံးဝကို မကျေမနပ် ဖြစ်လာလေသည်။

ကျန်းလျို၏ စကားများမှာ ဖြောင့်မတ်ပြီး လေးစားဖွယ်ကောင်းကာ မဟာယနဂိုဏ်းမှ အခြားသူများနှင့် ကွာခြားသည်ဟု တွေးမိလျက် ဆရာကြီး ကျန်းယွမ်၏ တိတ်တဆိတ် သဘောတူ ချီးကျူးမှုကို ရရှိခဲ့သော်လည်း သူ၏ ရွေးချယ်မှုကမူ ဆရာကြီး ကျန်းယွမ်ကို အလွန်အမင်း အံ့ဩသွားစေခဲ့လေသည်။

***

All Chapters