အခန်း (၂၇၅-၂၇၆)
Vol. 20 Ch. 275-276
အပိုင်း(၂၇၅)
နောက်တစ်နေ့ နံနက်ခင်းတွင် လေပြေလေညင်းများ တိုက်ခတ်၍ လရောင်မှာ လင်းလက်တောက်ပနေစဉ် တာအိုကျောင်းသားလေး နှစ်ယောက်ဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲ့တို့လည်း အိပ်ရာမှ ထလာကြသော်လည်း ကျန်းလျိုနှင့် သူ၏အဖွဲ့မှာ ထွက်မသွားဘဲ ဝူကျွမ်းကျောင်းတော်တွင် ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသောကြောင့် အံ့ဩမှင်တက်သွားကြလေသည်။
"လာကြ... မာဂျောင် ကစားရအောင် လူနှစ်ယောက် လိုနေတယ်..."
စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည် ကျောက်စားပွဲတွင် ထိုင်နေကြပြီး မာဂျောင်များကိုပါ အဆင်သင့် ပြင်ဆင်ထားကာ တာအိုကျောင်းသားလေး နှစ်ယောက်ကို လှမ်းခေါ်လိုက်ကြလေသည်။
"ဘာ... မင်းတို့တွေ… ဘယ်လိုလုပ်ပြီး ထွက်မသွားကြတာလဲ..."
အံ့ဩမှင်တက်နေသော တာအိုကျောင်းသားလေး နှစ်ယောက်သည် ဝင်ထိုင်လိုက်ပြီး စွန်းဝူခုန်းကို အံ့ဩတကြီး မေးလိုက်ကြလေသည်။
"ဟီးဟီးဟီး... ငါတို့က ကတိတည်တဲ့ လူတွေပါ… ဆရာတော်က ဆရာကြီး ကျန်းယွမ်ရဲ့ ပြစ်ဒဏ်ကို ခံယူမယ်လို့ သဘောတူထားပြီးမှတော့… ငါတို့က ခိုးထွက်ပြေးတာမျိုးလို ကောက်ကျစ်တဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး..."
ချင်းဖုန်းနှင့် မင်ယွဲ့တို့၏ အသံထဲမှ အံ့ဩမှုများကို ကြားသောအခါ စွန်းဝူခုန်းက သွားဖြဲပြကာ ပြန်ဖြေလိုက်လေသည်။
ဤအဖြေကြောင့် ချင်းဖုန်းနှင့် မင်ယွဲ့တို့ နှစ်ယောက်စလုံးသည် သူတို့အပေါ် ပို၍ပင် အထင်ကြီး လေးစားသွားကြလေသည်။
"မင်းတို့က တကယ်ကို မြင့်မြတ်တာပဲ… လေးစားပါတယ်ကွာ...”
တာအိုကျောင်းသားလေး နှစ်ယောက်၏ ရင်ထဲ၌ အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။ အစပိုင်းတွင် သူတို့သည် စွန်းဝူခုန်းအား ရိုင်းစိုင်းကြမ်းတမ်းသူဟု ထင်မှတ်ခဲ့ကြပြီး မြို့သားများက တောသားတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်ရှုခဲ့ကြလေသည်။
သို့သော် ယခုအခါတွင်မူ တာအိုကျောင်းသားလေး နှစ်ယောက်၏ ရင်ထဲ၌ စွန်းဝူခုန်းနှင့် သူ၏အဖွဲ့အပေါ် မြင်တွေ့ထားသော အမြင်များမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
သို့သော် ဤအရာအားလုံး ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေရသော ဆရာကြီး ကျန်းယွမ်မှာမူ ပို၍ပို၍ ဒေါသထွက်လာလေတော့သည်။
"မနက်လင်းတာနဲ့ လောင်းကစား လုပ်နေကြတယ်ပေါ့… မကောင်းတော့ဘူး... တထာဂတဘုရားရှင်... မင်းရဲ့ လူတွေကို အမြန်လာခေါ်သွားပါတော့..."
အစပိုင်းတွင် ဆရာကြီး ကျန်းယွမ်သည် ကျန်းလျိုနှင့် သူ၏ အပေါင်းအပါများကို ဝူကျွမ်းကျောင်းတော်၌ တကယ်ပင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မဟာယနဂိုဏ်း၏ အားနည်းချက်ကို ဆုပ်ကိုင်ထားကာ သူတို့နှင့် အေးအေးဆေးဆေး စည်းကမ်းချက်များ ညှိနှိုင်းရန် ရည်ရွယ်ခဲ့လေသည်။
သို့သော် ယခုအခါတွင် ကျန်းလျိုနှင့် သူ၏ အပေါင်းအပါများသည် ဝူကျွမ်းကျောင်းတော်တွင် နေထိုင်ရသည်ကို လုံးဝ ကျေနပ်ရောင့်ရဲနေကြပြီး ထွက်ခွာလိုသည့် ဆန္ဒ လုံးဝ မပြခဲ့ပေ။ သည့်အပြင် သူ၏ တာအိုကျောင်းသားလေး နှစ်ယောက်ဖြစ်သော မင်ယွဲ့နှင့် ချင်းဖုန်းတို့ကိုပင် လမ်းမှားသို့ ဆွဲခေါ်နေသည်ကို မြင်တွေ့ရသောအခါ ဆရာကြီး ကျန်းယွမ်၏ မျက်နှာမှာ အနည်းငယ် ကြည့်ရဆိုးလာပြီး သူတို့ကို အမြန်ဆုံး ထွက်သွားစေချင်စိတ်များ ထိန်းမရသိမ်းမရ ဖြစ်ပေါ်လာလေသည်။
"ဒါက တထာဂတဘုရားရှင်ရဲ့ အကြံအစည်များလား… ဒီကျမ်းစာပင့်ဆောင်တဲ့ အဖွဲ့ကို ငါ့ရဲ့ ဝူကျွမ်းကျောင်းတော်ဆီ လွှတ်ပြီး အလေ့အထတွေကို လာဖျက်ဆီးခိုင်းတာများလား..."
ဤသို့သော အတွေးမျိုးပင်လျှင် ဆရာကြီး ကျန်းယွမ်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့၏။ သူ ပိုမို တွေးတောလေလေ ပို၍ ဖြစ်နိုင်ချေ ရှိသည်ဟု ထင်မြင်လာလေလေ ဖြစ်လေသည်။
ဆရာကြီး ကျန်းယွမ်သည် မဟာယနဂိုဏ်း စတင်ပေါ်ပေါက်လာသည်ကို သူ၏ ကိုယ်ပိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရပြီး မည်သည့်အရာမှ မရှိရာမှ ကြီးထွားလာသည်ကို သက်သေခံခဲ့ရလေသည်။ ထိုနှစ်ယောက်သည် အလွန် ရှေးကျသော အချိန်ကတည်းက အလွန် ကောက်ကျစ်စဉ်းလဲခဲ့ကြလေသည်။ ထို့ကြောင့် ထိုသို့သော ကောက်ကျစ်မှုများသည် ဘုံသုံးပါးနှင့် လမ်းကြောင်း ခြောက်သွယ်ကြားတွင် မဟာယနဂိုဏ်းတစ်ခုလုံး၏ ဝန်းကျင်အငွေ့အသက် စရိုက်လက္ခဏာတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြု ခံထားရလေသည်။
ထို့ကြောင့်... ကျန်းလျို၏ အဖွဲ့သည် ဝူကျွမ်းကျောင်းတော်၏ အလေ့အထများကို မည်သို့ ပြောင်းလဲသွားစေသည်ကို မြင်သောအခါ လျှို့ဝှက်ပူးပေါင်းကြံစည်မှု တစ်ခုခုများ ရှိနေမည်လားဟု တွေးတောမိခြင်းမှာ လွန်ကဲသော တုံ့ပြန်မှုတစ်ခု လုံးဝ မဟုတ်ပါချေ။
အကြိမ်ကြိမ် တွေးတောပြီးနောက် ဆရာကြီး ကျန်းယွမ်သည် ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ကို ဝူကျွမ်းကျောင်းတော်၌ အချိန်အကြာကြီး ဆက်လက် မနေထိုင်စေသင့်တော့ဟု ခံစားလိုက်ရလေသည်။
လောလောဆယ်တွင် တာအိုကျောင်းသားလေး မင်ယွဲ့နှင့် ချင်းဖုန်းတို့သာ လွှမ်းမိုးခံရသေး၍ တော်သေးလေသည်။ ကျန်ရှိနေသော တပည့် လေးဆယ့်ခြောက်ယောက်မှာ ယွီရွှီနန်းတော်တွင် ရှိနေကြဆဲ ဖြစ်လေသည်။ သူတို့သည် ထိုနေရာတွင် အကန့်အသတ်မရှိ ဆက်နေ၍တော့ မဖြစ်နိုင်ပါချေ။ အကယ်၍ ထိုတပည့်များ ပြန်လည်ရောက်ရှိလာပြီး သူတို့ကိုယ်တိုင်ပင် လွှမ်းမိုးခံလိုက်ရမည်ဆိုပါက ဆိုးကျိုးရလဒ်များကို ခန့်မှန်းနိုင်မည် မဟုတ်တော့ချေ။
ဤအတွေးဖြင့် ဆရာကြီး ကျန်းယွမ်သည် မဟာယနဂိုဏ်းနှင့် အကောင်းဆုံးသော စည်းကမ်းချက်များကို ညှိနှိုင်းနိုင်ဆဲ အခြေအနေဖြင့် ရွှမ်ကျန်းနှင့် သူ၏ အပေါင်းအပါများကို အမြန်ဆုံး မည်သို့ ထွက်သွားစေရမည်နည်း ဆိုသည်ကို တိတ်တဆိတ် အစီအစဉ်ဆွဲလေတော့သည်။
အမှန်စင်စစ်... ဆရာကြီး ကျန်းယွမ်၏ အကောင်းဆုံးသော စိတ်ကူးထဲ၌ သူသည် ကျမ်းစာပင့်ဆောင်သူများကို ဝူကျွမ်းကျောင်းတော်တွင် အကျဉ်းချထားမည် ဖြစ်လေသည်။ ထို့နောက် သူတို့သည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ထွက်ပြေး၍ မရနိုင်တော့ဘဲ တထာဂတဘုရားရှင်နှင့် ကွမ်ယင်တို့ထံမှ ကယ်ဆယ်မှုကို မလွဲမသွေ တောင်းခံရမည် ဖြစ်လေသည်။
သူတို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး သူ့အား တောင်းပန်ကြမည့် အချိန်သည် သူ့အနေဖြင့် စည်းကမ်းချက်များကို အဆိုပြုရမည့် အချိန်ပင် ဖြစ်လေသည်။
သို့သော် ယခုအခါ အကယ်၍ သူကသာ တထာဂတဘုရားရှင်ထက် လူလာခေါ်ရန် မိမိသဘောဖြင့် အရင် စတင်အဆိုပြုလိုက်မည် ဆိုပါက သူတို့၏ အားနည်းချက်ကို သူ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်လျှင်တောင်မှ အစပြုနိုင်ခွင့် ဆုံးရှုံးသွားခြင်းကြောင့် သူ တောင်းဆိုနိုင်မည့် စည်းကမ်းချက်များမှာ ကန့်သတ်ခံလိုက်ရမည်ဆိုသည့် သဘောတရားကို ဆရာကြီး ကျန်းယွမ်က ကောင်းစွာ သိရှိထားလေသည်။
သို့ရာတွင် ဝူကျွမ်းကျောင်းတော်၏ လက်ရှိ အငွေ့အသက်ကို စဉ်းစားကြည့်သောအခါ ဆရာကြီး ကျန်းယွမ်သည် လုံးဝကို ဆက်၍ မစောင့်နိုင်တော့ချေ။ ထို့အပြင် ကျမ်းစာပင့်ဆောင်သူများကလည်း အနည်းငယ်မျှပင် အလျင်လိုနေပုံ မရပါချေ။
...
အခြားတစ်နေရာဖြစ်သော အနောက်ကောင်းကင်ဘုံရှိ မဟာမိုးကြိုး ကျောင်းတော်တွင် တထာဂတဘုရားရှင်သည် ကြာပလ္လင်ပေါ်၌ ထိုင်တော်မူလျက် ဗုဒ္ဓတရားတော်များကို တိုးညင်းစွာ ရွတ်ဆိုဟောကြားနေတော်မူလေသည်။
ကြာပလ္လင်၏ အောက်တွင်မူ ဗုဒ္ဓများနှင့် ဗောဓိသတ်များ အားလုံးသည် တိတ်ဆိတ်စွာဖြင့် တရားနာယူနေကြလေသည်။
အချိန်အတန်ကြာပြီးနောက် ကောင်းကင်ယံမှ ပန်းများ ကြွေကျလာသော အံ့မခန်း မြင်ကွင်းကြီးမှာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားပြီး ဤထူးခြားလှသော တရားနာယူပွဲ ပြီးဆုံးခြင်းကို အမှတ်အသား ပြုလိုက်လေသည်။
ဗုဒ္ဓဘုရားရှင်များ၊ ဗောဓိသတ်များ၊ ရဟန္တာများ၊ ဝရဇိန်နတ်မင်းများ စသည်တို့သည် တထာဂတဘုရားရှင်အား အသီးသီး အရိုအသေပေး ဂါရဝပြုကြပြီးနောက် တဖြည်းဖြည်း လူစုခွဲ ထွက်ခွာသွားကြလေသည်။
"ကွမ်ယင် ဗောဓိသတ်... သင့်ရဲ့ ဓမ္မခြေလှမ်းကို ခဏရပ်ပါဦး..."
ဗုဒ္ဓများ ထွက်ခွာသွားချိန်တွင် တထာဂတဘုရားရှင်၏ အကြည့်များက ကွမ်ယင်ထံသို့ ကျရောက်သွားပြီး မိန့်ကြားလိုက်လေသည်။
အခြားသော ဗုဒ္ဓများသည် ထိုတားဆီးမှု အပေါ် မအံ့ဩကြပါချေ။ အဘယ်ကြောင့်ဆိုသော် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၏ ကြီးမားလှသော အစီအစဉ်ကြီးမှာ စတင်နေပြီ ဖြစ်သောကြောင့်တည်း။ ကွမ်ယင်သည် ဤအစီအစဉ်တစ်ခုလုံးကို တာဝန်ယူရသူဖြစ်ရာ တထာဂတဘုရားရှင်နှင့် ဆွေးနွေးလွှဲပြောင်းရန် ကိစ္စရပ်များစွာ ရှိနေမည်မှာ သဘာဝကျပြီး မျှော်လင့်ထားပြီးသား ကိစ္စပင် ဖြစ်လေသည်။
"အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ် စတင်ခဲ့တာ... အခုဆိုရင် တစ်နှစ်နီးပါးလောက် ရှိနေပြီ မဟုတ်လား… ဘယ်လိုများ တိုးတက်မှု ရှိနေပြီလဲ..."
စကားကို ပတ်ချာဝိုက်မနေတော့ဘဲ တထာဂတဘုရားရှင်က ကွမ်ယင် ဗောဓိသတ်ကို တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။
အချိန် တစ်နှစ်နီးပါး ကုန်လွန်သွားခဲ့ပြီဖြစ်ရာ တထာဂတဘုရားရှင်၏ အမြင်တွင် ကွမ်ယင် ဗောဓိသတ်အနေဖြင့် သက်ဆိုင်ရာ ကိစ္စရပ်များ၏ တိုးတက်မှုအခြေအနေကို ပုံမှန် အစီရင်ခံတင်ပြရန် အချိန်ကျရောက်နေပြီ ဖြစ်လေသည်။
"အောမိတော်ဖော... မြတ်စွာဘုရား..."
အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် လုပ်ငန်းစဉ်များ၏ လက်ရှိ တိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ တထာဂတဘုရားရှင်၏ မေးမြန်းချက်ကို ကြားသောအခါ ကွမ်ယင်၏ ရင်ထဲတွင် ခံစားချက်များ ရောထွေးသွားပြီး မကျေနပ်မှုနှင့်အတူ ရှက်ရွံ့မှုတစ်ခုကိုပါ ခံစားလိုက်ရလေသည်။
မကျေနပ်မှုဆိုသည်မှာ လတ်တလောတွင် သူမသည် ထုတ်ဖော်ပြောဆို၍ မရနိုင်သော ဒုက္ခများ၊ အရှက်ရမှုအချို့ကို တကယ်ပင် ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်ပြီး ရှက်ရွံ့မှုဆိုသည်မှာမူ သူမ၏ စွမ်းဆောင်ရည်က သူမ၏ အရည်အချင်းအပေါ် ဘုရားရှင်ကို သံသယဝင်သွားစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။
သို့သော် ကွမ်ယင် ဗောဓိသတ်၏ ရင်ထဲတွင် မည်သို့ပင် ရှိနေစေကာမူ သူမသည် ကျန်းလျို၏ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တစ်လျှောက် ရင်ဆိုင်ခဲ့ရသော အခက်အခဲ စိန်ခေါ်မှု အားလုံးကို တစ်ခုမကျန် အသေးစိတ် အစီရင်ခံတင်ပြလိုက်လေသည်။
အထူးသဖြင့် ကွမ်ယင် ဗောဓိသတ်သည် ဘုရားရှင်ထံ အစီရင်ခံရာတွင် သူမ၏ ထူးခြားသော ကြေးမုံမှန်နှင့် ကိုးဆင့်မြောက် ကြာမည်း အပါအဝင် သူမ၏ ဆုံးရှုံးမှုများကိုပါ အလေးပေး တင်ပြခဲ့လေသည်။
"အောမိတော်ဖော... ကမ္ဘာလောကရဲ့ ကပ်ဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ တကယ်ကို လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး… ဒီရက်ပိုင်းတွေအတွင်း ကွမ်ယင်အတွက် ဆုံးရှုံးမှုတွေ တော်တော်လေး များခဲ့တာပဲ..."
ကွမ်ယင်ကို နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သူပီပီ တထာဂတဘုရားရှင်သည် သူမ၏ သဘာဝကို ကောင်းစွာ သိရှိထားလေသည်။ သူမသည် ပျံသန်းနေသော ငန်းတစ်ကောင်ဆီမှ အမွေးကိုပင် နှုတ်ယူတတ်သူဖြစ်ရာ မည်သည့်အရာကမျှ သူမ၏ လက်မှ မလွတ်မြောက်နိုင်ပါချေ။ ယခုအခါ သူမကိုယ်တိုင် ဆုံးရှုံးမှုအချို့နှင့် ကြုံတွေ့လိုက်ရသည်ဖြစ်ရာ ကွမ်ယင် မည်သို့ ခံစားနေရမည်ကို စိတ်ကူးကြည့်ရန်ပင် လွယ်ကူလှပေသည်။
"တပည့်တော်တို့ရဲ့ ကြီးမြတ်တဲ့ ရည်ရွယ်ချက်အတွက်ဆိုရင် ဒီလောက် ဆုံးရှုံးမှုလေးက အသေးအဖွဲပါပဲ..."
တထာဂတဘုရားရှင်ထံမှ ဤအသိအမှတ်ပြုစကားကို အတိအကျ မျှော်လင့်စောင့်စားနေသော ကွမ်ယင် ဗောဓိသတ်သည် ကျေနပ်သွားသော်လည်း မဟာယနဂိုဏ်း၏ ကြီးမြတ်လှသော ရည်ရွယ်ချက်ကြီးအတွက် ဆန္ဒအလျောက် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသော အသွင်အပြင်ကိုမူ ဟန်ဆောင်ထိန်းသိမ်းထားရဆဲ ဖြစ်လေသည်။
"အောမိတော်ဖော... အခုကစပြီး… ငါတို့ မဟာယနဂိုဏ်းရဲ့ ရတနာတိုက်ထဲက ရတနာတွေကို သင် စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်… သင့်စကားက မှန်ပါတယ်... ငါတို့တွေ စမ်းသပ်မှု ရှစ်ဆယ့်တစ်ပါးကို စုဆောင်းရမယ်ဆိုတော့လေ... ဘေးဒုက္ခတွေ ဖန်တီးဖို့အတွက် ရတနာတွေက တကယ်ကို လိုအပ်တာပဲ..."
ကွမ်ယင်၏ တုံ့ပြန်မှုကို သဘောကျသွားသော တထာဂတဘုရားရှင်က ကျေနပ်စွာ ခေါင်းညိတ်ပြရင်း မိန့်ကြားလိုက်လေသည်။
မြင်းတစ်ကောင်ကို မြန်မြန်ပြေးစေချင်လျှင် အစာကောင်းကောင်း ကျွေးရမည်ဟူသော စကားပုံကို သူ ကောင်းစွာ သိထားလေသည်။ တကယ်တမ်းတွင်လည်း ဘေးဒုက္ခများ ဖန်တီးရန်အတွက် ရတနာများသည် အလွန် အရေးပါလှပေသည်။
ထို့ကြောင့် တွေးတောပြီးနောက် တထာဂတဘုရားရှင်သည် ကွမ်ယင် ဗောဓိသတ်အား မဟာမိုးကြိုး ကျောင်းတော်၏ ရတနာတိုက်ထဲမှ ရတနာများကို လွတ်လပ်စွာ အသုံးပြုခွင့် ပေးအပ်လိုက်လေသည်။
"ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် ဘုရားရှင်..."
ဤစကားကို ကြားသောအခါ ကွမ်ယင် ဗောဓိသတ်သည် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားလေသည်။
ဤနည်းအားဖြင့် သူမ၏ တာဝန်များက ပို၍ လွယ်ကူလာမည်သာမက အခွင့်အရေးရလာပါက သူမ၏ ကိုယ်ပိုင်အသုံးပြုရန်အတွက် ပစ္စည်းတစ်ခု သို့မဟုတ် နှစ်ခုခန့်ကို တိတ်တဆိတ် သိမ်းဆည်းထားနိုင်မည် ဖြစ်လေသည်။
အကယ်၍ နောင်တစ်ချိန်တွင် ဆုံးရှုံးမှုများ ထပ်မံရှိလာခဲ့လျှင်တောင်မှ ၎င်းတို့က သူမ၏ ကိုယ်ပိုင်ရတနာများ ဖြစ်တော့မည် မဟုတ်ပါချေ။
***
အပိုင်း(၂၇၆)
"ဒါနဲ့... ရွှေပုစဉ်း ဆရာတော်နဲ့ သူ့အဖွဲ့တွေ အခု ဘယ်နေရာကို ရောက်နေကြပြီလဲ..."
ကွမ်ယင်၏ ဝမ်းသာနေသော အမူအရာကို မြင်သောအခါ တထာဂတဘုရားရှင်က အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ဆက်လက် မေးမြန်းလိုက်လေသည်။
"ဘုရားရှင်ကို လျှောက်တင်ပါတယ်... လက်ရှိ အခြေအနေက နည်းနည်းတော့ ခက်ခဲနေပါတယ်..."
အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့၏ အခြေအနေနှင့် ပတ်သက်၍ ဘုရားရှင်၏ မေးမြန်းချက်ကို ကြားသောအခါ ကွမ်ယင် ဗောဓိသတ်၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားလေသည်။
"ဟင်..."
တထာဂတဘုရားရှင်၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားပြီး ကွမ်ယင် ဗောဓိသတ်ကို တစ်ချက် ကြည့်လိုက်လေသည်။
သူမကို ဒုက္ခပေးနိုင်လောက်အောင် မည်သည့် ပြဿနာမျိုး ရှိနေသနည်း။
"ရွှေပုစဉ်း ဆရာတော်နဲ့ သူ့အဖွဲ့က အခု ဝူကျွမ်းကျောင်းတော်မှာ ရောက်နေပါတယ်… ပြီးတော့ သူတို့ကို ဆရာကြီး ကျန်းယွမ်က ဖမ်းဆီးထိန်းသိမ်းထားပုံရတယ်..."
ကွမ်ယင် ဗောဓိသတ်က မျက်နှာပေါ်တွင် အခက်အခဲတွေ့နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ တထာဂတဘုရားရှင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး ဗုဒ္ဓဂါထာတစ်ပုဒ်ကို တိုးညင်းစွာ ရွတ်ဆိုလိုက်ရာ အလွန်တရာ အခက်တွေ့နေကြောင်း သိသာထင်ရှားနေလေသည်။
"သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ဆိုတာ ကွမ်ယင်မှာ အရည်အချင်း မရှိရုံသာမက… ငါကိုယ်တိုင်တောင် အဲဒီလို လုပ်နိုင်စွမ်း မရှိဘူး..."
ဆရာကြီး ကျန်းယွမ်၏ လက်ထဲမှ သူတို့ကို ပြန်လည်ခေါ်ယူရန်အတွက် အင်အားသုံး၍ ထိပ်တိုက်ရင်ဆိုင်မည့်အစား တစ်ခုခုကို အလဲအလှယ်လုပ်၍ ပေးအပ်ရန် လိုအပ်နေပုံရလေသည်။
သို့သော် သူကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ထားသည်ဖြစ်ရာ သာမန် အပေးအယူလေး တစ်ခုက ဆရာကြီး ကျန်းယွမ်ကို ကျေနပ်စေရန် လုံလောက်ပါမည်လော။
ဤတစ်ကြိမ်တွင် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုတစ်ခု လိုအပ်နေမည်လော။ တွေးကြည့်ရုံမျှဖြင့်ပင် စိတ်ဆင်းရဲစရာ ကောင်းလှပေသည်။
ဒုန်း... ဒုန်း... ဒုန်း...
တထာဂတဘုရားရှင်နှင့် ကွမ်ယင် ဗောဓိသတ်တို့ နှစ်ပါးစလုံးသည် ဆရာကြီး ကျန်းယွမ်၏ လက်တွင်းမှ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ကို မည်သို့ ပြန်လည်ခေါ်ယူရမည်နည်းဟု တွေးတောရင်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေကြစဉ်မှာပင် ရွှေရောင် ချပ်ဝတ်တန်ဆာ ဆင်ယင်ထားသော ဝရဇိန်နတ်မင်း တစ်ပါးသည် လေးလံသော ခြေလှမ်းများဖြင့် အနားသို့ ချဉ်းကပ်လာလေသည်။
"ဘုရားရှင်ကို လျှောက်တင်ပါတယ်... ဆရာကြီး ကျန်းယွမ် ရောက်ရှိနေပါတယ်… သူက ဘုရားရှင်နဲ့ တွေ့ခွင့်တောင်းနေပါတယ်… ကျွန်တော်တို့က ဆရာကြီးကို ဗုဒ္ဓတစ်သောင်း ခန်းမဆောင်မှာ စောင့်ဆိုင်းဖို့ စီစဉ်ပေးထားပါတယ်..."
တထာဂတဘုရားရှင်၏ ရှေ့မှောက်သို့ ရောက်ရှိလာသောအခါ ဝရဇိန်နတ်မင်းက အစီရင်ခံလိုက်လေသည်။
"သူ ရောက်လာပြီပေါ့..."
ဝရဇိန်နတ်မင်း၏ စကားကို ကြားသောအခါ တထာဂတဘုရားရှင်နှင့် ကွမ်ယင်တို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး တစ်ဦး၏ မျက်လုံးထဲရှိ ကူကယ်ရာမဲ့မှုများကို အခြားတစ်ဦးက မြင်တွေ့လိုက်ကြလေသည်။
ဆရာကြီး ကျန်းယွမ် ကိုယ်တိုင်ကိုယ်ကျ ရောက်လာသည်ဖြစ်ရာ ယခုအချိန်တွင် ရှောင်လွှဲ၍မရနိုင်သော စကားစစ်ထိုးပွဲတစ်ခု ဖြစ်လာတော့မည်မှာ သေချာနေလေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဤကိစ္စကို အချိန်မဆွဲဘဲ အမြန်ဆုံး ဖြေရှင်းလိုက်ခြင်းက ပိုကောင်းပေမည်။ ဆရာကြီး ကျန်းယွမ် ကိုယ်တိုင် လာရောက်သည်ဖြစ်ရာ ၎င်းက ပြဿနာကို လျင်မြန်စွာ ဖြေရှင်းရန် အခွင့်အရေးကောင်း တစ်ခုများ ဖြစ်နေမည်လော။
"သူ့ကို မြန်မြန် ပင့်ဆောင်လာခဲ့ပါ..."
အတွေးများ ပြောင်းလဲသွားပြီးနောက် တထာဂတဘုရားရှင်က မိန့်ကြားလိုက်လေသည်။
သို့သော် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တထာဂတဘုရားရှင်က မတ်တတ်ရပ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
"နေပါဦး... ငါကိုယ်တိုင် သွားရောက်ကြိုဆိုမယ်..."
...
"ဆရာကြီး ကျန်းယွမ်ကို ဂါရဝပြုပါတယ်..."
ဗုဒ္ဓတစ်သောင်း ခန်းမဆောင်တွင် တွေ့ဆုံကြသောအခါ တထာဂတဘုရားရှင်နှင့် ကွမ်ယင် ဗောဓိသတ်တို့က စတင် နှုတ်ဆက်လိုက်ကြပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြလေသည်။
"ဘုရားရှင်ကို ဂါရဝပြုပါတယ်..."
ထိုနည်းတူစွာပင် ဆရာကြီး ကျန်းယွမ်ကလည်း ဦးညွှတ်လျက် ပြန်လည် နှုတ်ဆက်လိုက်လေသည်။
တထာဂတဘုရားရှင်က ဆရာကြီး ကျန်းယွမ်အပေါ် ရိုသေမှုပြသခြင်းမှာ သူ၏ နတ်ဘုရား အဆင့်အတန်းကို အသိအမှတ်ပြုခြင်း ဖြစ်သလို ဘုံသုံးပါးတွင် နက်နဲလှသော တန်ခိုးစွမ်းရည်များ ပိုင်ဆိုင်ထားသည့် ဝါရင့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သောကြောင့်လည်း ဖြစ်လေသည်။
ဆန့်ကျင်ဘက်အားဖြင့် ဆရာကြီး ကျန်းယွမ်က တထာဂတဘုရားရှင်အပေါ် ရိုသေမှုပြသခြင်းမှာမူ မဟာယနဂိုဏ်း၏ အကြီးအကဲ ဟူသော သူ၏ ရာထူးနေရာကို အသိအမှတ်ပြုခြင်းပင် ဖြစ်လေသည်။
အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူတို့သည် နေရာယူလိုက်ကြပြီး ဘိက္ခုများက ဧည့်ခံသည့်အနေဖြင့် ဗုဒ္ဓလက်ဖက်ရည်ကို ဆက်သကြလေသည်။ စကားပြောဆိုမှုမှာ အလျင်စလို မရှိပုံရပြီး ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ကိုသာ ဖလှယ်နေကြလေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် တထာဂတဘုရားရှင်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် မေးမြန်းလိုက်လေသည်။
"ဆရာကြီး ကျန်းယွမ်အနေနဲ့ ဒီနေ့ ငါတို့ရဲ့ မဟာမိုးကြိုး ကျောင်းတော်ကို အလည်အပတ် လာရတဲ့ အကြောင်းရင်းကိုများ သိနိုင်မလား..."
"ကျုပ် ဒီနေ့ မဟာမိုးကြိုး ကျောင်းတော်နဲ့ အမှတ်မထင် ဆုံတွေ့ခဲ့တာပါ… ဘုရားရှင်နဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိနေလို့ပါ..."
ဆရာကြီး ကျန်းယွမ်က သူ၏ အကြည့်ကို တထာဂတဘုရားရှင်ထံသို့ ပို့လွှတ်ရင်း ပြောလိုက်လေသည်။
"ဆရာကြီး... ကျေးဇူးပြုပြီး မိန့်ကြားပါဦး..."
ဆရာကြီး ကျန်းယွမ်၏ ရှေ့မှောက်တွင် တထာဂတဘုရားရှင်က အလွန် နှိမ့်ချသော အမူအရာကို ပြသလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာကြီး ကျန်းယွမ်၏ အဆင့်အတန်းမှာ တကယ်ကို ထူးခြားရုံသာမက လောလောဆယ်တွင် သူ ကိုယ်တိုင်က ဆရာကြီး၏ မျက်နှာသာပေးမှုကို လိုအပ်နေသည် မဟုတ်ပါလော။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘုရားရှင်ရဲ့ ဒုတိယတပည့်ဖြစ်တဲ့ ရွှေပုစဉ်း ဆရာတော်ဝင်စားသူက ကျုပ်ရဲ့ ဝူကျွမ်းကျောင်းတော်ကို ဖြတ်သန်းသွားခဲ့တယ်… မဟာယနဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို သတိရပြီး သူ့ကို အိမ်ရှင်တစ်ယောက်ရဲ့ ယဉ်ကျေးမှုအရ ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံဖို့ ရည်ရွယ်ခဲ့ပေမယ့်… ကံမကောင်းစွာနဲ့ပဲ ယွီရွှီနန်းတော်က ယွမ်ရှီကောင်းကင်အရှင်သခင်က တရားဆွေးနွေးဖို့ ဆင့်ခေါ်ခဲ့လို့ ကျွန်ုပ် ထွက်သွားခဲ့ရတယ်..."
"ဒါကြောင့် သူ့ကို လူသစ်သီး နှစ်လုံး ဧည့်ခံဖို့ ဝူကျွမ်းကျောင်းတော်က ကျွန်ုပ်ရဲ့ တပည့်တွေကို မှာကြားခဲ့ပါတယ်...”
ဆရာကြီး ကျန်းယွမ်သည် ဝူကျွမ်းကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးကာ တည်ငြိမ်စွာ ပြန်လည်ပြောပြနေလေသည်။
သူ၏အဆိုအရ သူသည် အလွန်တရာ ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံခဲ့သော်လည်း ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ဝင်များကမူ ကံကောင်းမှုကို မသိနားမလည်ဘဲ သူ့ကိုပင် စော်ကားရဲခဲ့ကြသည်ဟု ဆိုလေသည်။
သူသည် လူငယ်များနှင့် အဆင့်အတန်းတူ ရန်ဖြစ်နေမည် မဟုတ်သော်လည်း လူကြီးသူမ တစ်ယောက်အနေဖြင့် ဤကိစ္စကို ဒီအတိုင်း လွှတ်ထား၍တော့ မဖြစ်နိုင်ပါချေ။
သို့မဟုတ်ပါက လောကရှိ လူတိုင်းက သူ့ကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်မှတ်သွားကြပြီး သူ့အပေါ် စော်ကားခွင့်ရှိသည်ဟု ခံစားသွားကြမည် မဟုတ်ပါလော။
"ဝူခုန်းက သဘာဝအရ ဆော့ကစားတတ်တာ မှန်ပေမယ့်..."
ဘေးနားရှိ ကွမ်ယင် ဗောဓိသတ်က ဤစကားကို ကြားသောအခါ မနေနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်လေသည်။
သို့သော် တထာဂတဘုရားရှင်က ကွမ်ယင်ကို စကားဆက်မပြောရန် လက်ဟန်ပြ၍ တားမြစ်လိုက်လေသည်။
တထာဂတဘုရားရှင်၏ အကြည့်များက ဆရာကြီး ကျန်းယွမ်ထံသို့ ကျရောက်သွားပြီးနောက် ပြောလိုက်လေသည်။
"ဆရာကြီးအနေနဲ့ ဘယ်လို ဖြေရှင်းမှုမျိုးကို လိုချင်တာလဲ သိပါရစေ..."
တထာဂတဘုရားရှင်သည် တည်ငြိမ်သော အမူအရာဖြင့် ဆရာကြီး ကျန်းယွမ်ကို ကြည့်လိုက်လေသည်။
ဆရာကြီး ကျန်းယွမ် မဟာမိုးကြိုး ကျောင်းတော်သို့ လာရောက်ခြင်းမှာ သူတို့၏ အမှားများကို စွပ်စွဲရန် ဖြစ်ကြောင်း သူ သိထားသော်လည်း ရွှေပုစဉ်း ဆရာတော်နှင့် သူ၏ အပေါင်းအပါများကို အခက်အခဲများထဲမှ ကယ်တင်ရန်အတွက် အလျော့ပေးမှုအချို့ကို မလွဲမသွေ ပြုလုပ်ရမည်ဖြစ်ကြောင်းကိုလည်း သူ သိရှိထားလေသည်။
သို့သော် ဆရာကြီး ကျန်းယွမ် ကိုယ်တိုင် နတ်ဝိညာဉ်တောင်တော်သို့ တရားမျှတမှု ရှာဖွေရန် စတင်ရောက်ရှိလာခြင်းက တထာဂတဘုရားရှင်၏ ရင်ထဲတွင် ထူးခြားသော အတွေးများကို ဖြစ်ပေါ်လာစေခဲ့လေသည်။
ကြီးမားသော ဉာဏ်ပညာမျိုး လိုအပ်သည် မဟုတ်ဘဲ တစ်ဖက်လူ၏ နေရာတွင် ဝင်ရောက်စဉ်းစားကြည့်ရန်သာ လိုအပ်လေသည်။ အကယ်၍ သူသာ ဆရာကြီး ကျန်းယွမ်၏ နေရာတွင် ရှိနေမည်ဆိုပါက မည်သို့ ရွေးချယ်မည်နည်း။
သူက အသာစီးရမှုကို ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး ဝူကျွမ်းကျောင်းတော်တွင် တည်ငြိမ်စွာ စောင့်ဆိုင်းနေမည် မဟုတ်ပါလော။
အဘယ်ကြောင့် တရားမျှတမှုကို လာရောက်ရှာဖွေရန် ဦးဆောင်လှုပ်ရှားခဲ့ရသနည်း။ သူကိုယ်တိုင်ပင် အနည်းငယ် စိတ်မရှည်ဖြစ်နေပုံရသော်လည်း ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် မဟာယနဂိုဏ်းမှ သူတို့သာလျှင် စိတ်မရှည် ဖြစ်နေသင့်သည် မဟုတ်ပါလော။
"ဒီကိစ္စမှာ… မင်းတို့ဘက်က လူတွေက အရင်ဆုံး ရိုင်းပျခဲ့တာပဲ… အခု မဟာယနဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်နေတဲ့ မင်းက ငါ့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး ဘယ်လိုပေးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
တထာဂတဘုရားရှင်က ဘာလိုချင်သနည်းဟု မေးသောအခါ ဆရာကြီး ကျန်းယွမ်က တိုက်ရိုက် မဖြေဘဲ တထာဂတဘုရားရှင်ကိုသာ ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။
ဆရာကြီး ကျန်းယွမ်၏ လာရောက်မှုသည် အကောင်းဆုံးသော စည်းကမ်းချက်များကို ရယူရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်မှာ သေချာလှပေသည်။
သို့သော် ထိုနည်းတူစွာပင် တထာဂတဘုရားရှင်သည် အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်ပါချေ။ ဆရာကြီး ကျန်းယွမ်က နတ်ဝိညာဉ်တောင်တော်သို့ စည်းကမ်းချက်များဖြင့် စတင်ရောက်ရှိလာခြင်းကို ကြည့်ခြင်းအားဖြင့် တထာဂတ ဘုရားရှင်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းမိလေသည်။ ထို့ကြောင့် အပေးအယူ ညှိနှိုင်းရာတွင် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံးသည် တစ်ဦး၏ အကန့်အသတ်ကို အခြားတစ်ဦးက စမ်းသပ်ကြပြီး တထာဂတဘုရားရှင်က စည်းကမ်းချက်များကို တဖြည်းဖြည်း လျှော့ချရန် ဖိအားပေးခဲ့လေသည်။
ရွှေပုစဉ်း ဆရာတော်နှင့် သူ၏ အဖွဲ့သည် ဝူကျွမ်းကျောင်းတော်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို တထာဂတဘုရားရှင် မသိသော်လည်း ဆရာကြီး ကျန်းယွမ်သည် သူတို့ကို ထွက်သွားစေရန် အနည်းငယ် အလျင်လိုနေပုံရသည်ကို သူ မြင်တွေ့နိုင်ခဲ့သည်။ သူ၏ အသာစီးရမှုကို အသုံးချကာ ညှိနှိုင်းမှုတွင် ဖိအားပေးရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်လေသည်။
ကွမ်ယင်သည် တထာဂတဘုရားရှင်နှင့် ဆရာကြီး ကျန်းယွမ်တို့၏ စကားပြောဆိုမှုများကို နားထောင်ရင်း တထာဂတဘုရားရှင်၏ ရက်စက်ပြတ်သားသော ညှိနှိုင်းမှုသဘာဝကို ရင်ထဲတွင် အံ့ဩတုန်လှုပ်မိလေသည်။
ထိုနည်းတူစွာပင် ဆရာကြီး ကျန်းယွမ်၏ သဘောထားကလည်း ကွမ်ယင်ကို အံ့အားသင့်စေခဲ့သောကြောင့် သူမသည် ပညာရှိစွာဖြင့် ကြားဖြတ်မပြောဘဲ နေလိုက်လေသည်။
အချိန်အတန်ကြာ နားထောင်ပြီးနောက် ကွမ်ယင်သည် လက်ရှိ အခြေအနေကို အကြမ်းဖျင်း နားလည်သွားလေတော့သည်။
***