← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 20 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 20 Ch. 277-278

အပိုင်း(၂၇၇)

ကျန်းလျိုသည် တထာဂတဘုရားရှင်နှင့် ဆရာကြီး ကျန်းယွမ်တို့က သူ၏ အခြေအနေနှင့် ပတ်သက်၍ မည်သို့ အပေးအယူ လုပ်နေကြသည်ကို လုံးဝ သိရှိနိုင်ခြင်း မရှိခဲ့ချေ။ သူ၏ လုပ်ရပ်များက ဆရာကြီး ကျန်းယွမ်အပေါ် ဤမျှလောက် သက်ရောက်မှု ရှိမည်ကိုသာ ကျန်းလျို စောစောကတည်းက သိထားခဲ့မည်ဆိုပါက ယခင် မွန်းလွဲပိုင်းက ဝူကျွမ်းကျောင်းတော်တွင် အခြေအနေ မည်သို့ရှိသနည်းဟု ဆရာကြီး ကျန်းယွမ်က လာရောက်မေးမြန်းခဲ့စဉ်က ကျန်းလျိုသည် သေချာပေါက် ထွက်ခွာရန် စိတ်အားထက်သန်နေဟန် ဟန်ဆောင်ခဲ့မည် ဖြစ်လေသည်။

အထူးသဖြင့် မာဂျောင်၊ အိမ်ရှင်ကို တိုက်ခိုက်ခြင်း ဖဲကစားနည်း နှင့် အလားတူ ကစားနည်းများကို တာအိုကျောင်းသားလေး မင်ယွဲ့နှင့် ချင်းဖုန်းတို့ကို သင်ပေးခြင်းမှ သေချာပေါက် ရှောင်ကြဉ်ခဲ့မည် ဖြစ်လေသည်။

နှစ်လခန့် အချိန်အတွင်း သူ၏ အဆင့်မှာ ၃၃ သို့ ရောက်ရှိသွားခဲ့ရာ ကျန်းလျိုသည် ၎င်းကို အလွန် ကျေနပ်အားရနေလေသည်။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် ကမ္ဘာကြီး၏ ကျင့်ကြံခြင်းနယ်ပယ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုအခါ သူသည် ဥပဒေသထိန်းချုပ်ခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ အထက်သို့ နောက်တစ်ဆင့် တက်လှမ်းရမည်ဆိုပါက နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ပင် ဖြစ်ပေမည်။

"စွန်းဝူခုန်းလို လှည့်ကွက်သုံးထားတဲ့ကောင်နဲ့တော့ မယှဉ်နိုင်ပေမယ့်… သာမန်လူတစ်ယောက်အနေနဲ့ တစ်နှစ်လောက်အတွင်းမှာ ဒီအဆင့်ကို ရောက်လာတာကို တခြားလူတွေသာ သိရင် သေချာပေါက် လန့်ဖျပ်သွားကြမှာပဲ..."

ကျန်းလျိုသည် သူ၏ အဆင့်တက်နှုန်းကို ကျေနပ်အားရစွာ တွေးတောရင်း သူ့ဘာသာ ခေါင်းညိတ်လိုက်လေသည်။

ဝူကျွမ်းကျောင်းတော်တွင် နှစ်လကြာ ကျင့်ကြံခဲ့ရမှုအပေါ် သူ အတော်လေး ကျေနပ်နေလေသည်။ အကယ်၍ ပြီးပြည့်စုံမှုမရှိသော အရာတစ်ခုခု ရှိနေမည်ဆိုပါက ၎င်းမှာ ကျောင်းတော်အတွင်း မိစ္ဆာများကို သတ်ဖြတ်ကာ အဆင့်တင်ရန် အခွင့်အရေး မရှိခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။

မိစ္ဆာများကို မတိုက်ခိုက်နိုင်သောကြောင့် ကောက်ယူရန် ပစ္စည်းကိရိယာများလည်း မရှိသဖြင့် သူ၏ လက်ရှိ ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင်ရန် နည်းလမ်းမရှိခဲ့ချေ။

ထို့အပြင်... သူသည် ဝူကျွမ်းကျောင်းတော်တွင် အမြဲရှိနေသောကြောင့် လုပ်ဆောင်ရန် မစ်ရှင်များလည်း ထွက်ပေါ်လာခြင်း မရှိခဲ့ပါချေ။

တရားထိုင်ခြင်းက အတွေ့အကြုံမှတ်များ ရရှိရန်အတွက် သူ၏အဓိက နည်းလမ်းဖြစ်သော်လည်း မစ်ရှင်များ ပြီးမြောက်ခြင်းနှင့် မိစ္ဆာများကို တိုက်ခိုက်ခြင်းက တရားထိုင်ခြင်း သက်သက်ထက် များစွာ ပိုမိုမြန်ဆန်သော အကောင်းဆုံး နည်းလမ်းများ ဖြစ်လေသည်။

“ရွှမ်ကျန်း…”

ထိုညတွင် ကျန်းလျိုသည် ကောင်းကင်နဂါး ဓမ္မတေးသံ ကို ထုံးစံအတိုင်း မဆုတ်မနစ် ကျင့်ကြံနေစဉ်မှာပင် ရင်းနှီးနေသော ခေါ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

"ကွမ်ယင် ဗောဓိသတ်လား… သူက ဒီမှာ ဘာလာလုပ်တာလဲ..."

ရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ ကျန်းလျို၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားလေသည်။

သူ ဝူကျွမ်းကျောင်းတော်တွင် အခြေအနေ ကောင်းမွန်နေသော်လည်း ကွမ်ယင် ရောက်လာခြင်းက သတင်းကောင်းတစ်ခု မဟုတ်နိုင်ဟု သူ ခံစားနေရသည်။ သို့သော် သူမနှင့် တွေ့ဆုံရန် ရှောင်လွှဲ၍လည်း မရနိုင်ပါချေ။

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုသည် ကျင့်ကြံခြင်းကို ရပ်တန့်ကာ အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

ဝူကျွမ်းကျောင်းတော်၌ စွန်းဝူခုန်းနှင့် အခြားသူများအပြင် မင်ယွဲ့နှင့် ချင်းဖုန်းတို့လည်း ထွက်လာခဲ့ကြလေသည်။ သူတို့သည် ကွမ်ယင်နှင့် ဆရာကြီး ကျန်းယွမ်တို့ လေထဲတွင် ရပ်တန့်နေသည်ကို မြင်တွေ့လိုက်ကြရလေသည်။

"ဗောဓိသတ်..."

ကျန်းလျိုသည် လက်အုပ်ချီကာ အရိုအသေပေးလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ လေးလံသွားလေသည်။ သူ အကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်လာခဲ့ပြီလား။

မဟာယနဂိုဏ်း မှ ရာထူးကြီးမားသူများက သူ့အား အချိန်ဖြုန်းနေစေရန် လက်ပိုက်ကြည့်နေမည် မဟုတ်ရာ ကွမ်ယင်က ဆရာကြီး ကျန်းယွမ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ရှာဖွေခဲ့ခြင်းလော။

ကြည့်ရသည်မှာ သူတို့က ကြည့်မကောင်းသော အပေးအယူ တစ်ခုခုကိုတောင် လုပ်ပြီးသွားကြပုံ ပေါ်နေလေသည်။

"အောမိတော်ဖော... ရွှမ်ကျန်း… မင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ငါ သိထားပြီးဖြစ်လို့… မင်းကိုယ်စား ဆရာကြီး ကျန်းယွမ်ကို ငါ တောင်းပန်ပြီးသွားပြီ… သူက မင်းကို ခွင့်လွှတ်ပေးလိုက်ပြီ… ဒီနေ့ကစပြီး မင်းဟာ လွတ်လပ်သူ တစ်ယောက်ဖြစ်သွားပြီမို့ အချိန်မရွေး ထွက်သွားလို့ ရပါပြီ..."

လေထဲတွင် လွင့်မျောနေသော ကွမ်ယင် ဗောဓိသတ်က ကျေးဇူးအားလုံးကို သူမ ယူသည့်ဟန်ဖြင့် ကျန်းလျိုအား ပြောလိုက်လေသည်။

"ဆရာကြီး... တကယ်လားဟင်..."

ကွမ်ယင် ဗောဓိသတ်၏ စကားကို ကြားသောအခါ တာအိုကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲ့တို့ကလည်း ကျန်းလျိုနှင့် သူ၏အဖွဲ့အတွက် ဝမ်းသာသွားကြပြီး ဆရာကြီး ကျန်းယွမ်ကို မေးလိုက်ကြလေသည်။

"မှန်ပါတယ်..."

ဆရာကြီး ကျန်းယွမ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေပြီး ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းသာခြင်း လုံးဝမရှိရာ သူ၏ စစ်မှန်သော အတွေးများကို ခန့်မှန်းရန် မဖြစ်နိုင်ပါချေ။

"အရမ်းကောင်းတာပဲ..."

သူတို့ ဆရာကြီး၏ အတည်ပြုချက်ကို ရရှိသွားသောအခါ တာအိုကျောင်းသားလေး ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် ပျော်ရွှင်စွာဖြင့် အပြန်အလှန် ကြည့်လိုက်ကြလေသည်။ သူတို့တွေ ဒီမှာ နှစ်လလောက် အကျဉ်းချခံထားရပြီးနောက် နောက်ဆုံးတော့ ထွက်သွားလို့ရပြီပေါ့။

"တော်ပါသေးရဲ့..."

ချင်းဖုန်းနှင့် မင်ယွဲ့တို့သာ ပျော်ရွှင်နေကြသည် မဟုတ်ဘဲ ဘေးနားရှိ ရှားဝူကျင်း၏ မျက်နှာတွင်လည်း ပျော်ရွှင်သော အမူအရာများ ပေါ်ထွက်လာလေသည်။

"မဖြစ်ဘူး... ကျုပ် ထွက်မသွားဘူး...”

ကျန်းလျို၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုတစ်ခု ရိုက်ခတ်သွားလေသည်။ ကွမ်ယင် ဗောဓိသတ်၏ စကားများသည် သူ့အတွက် ဆိုးရွားလှသော သတင်းဆိုးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူက မသိစိတ်၏ စေ့ဆော်မှုအရ အသံကျယ်ကြီးဖြင့် အော်ဟစ်ကန့်ကွက်လိုက်လေသည်။

ဝူကျွမ်းကျောင်းတော်မှ ထွက်ခွာရန် ရုတ်တရက် ငြင်းဆန်လိုက်သော ကျန်းလျို၏ လုပ်ရပ်ကြောင့် ထိုနေရာရှိ လူအားလုံးမှာ အကြောင်သားဖြစ်သွားကာ ဇဝေဇဝါ ဖြစ်သွားကြလေသည်။ သူတို့သည် အခြေအနေကို လုံးဝ နားမလည်နိုင်တော့ဘဲ သူ့ကိုသာ ပြူးကြောင်ကြောင် စိုက်ကြည့်နေကြလေသည်။

"ထင်တဲ့အတိုင်းပဲ... ဒီကောင် တကယ်ကို ထွက်မသွားချင်တာပဲ..."

ဆရာကြီး ကျန်းယွမ်မှာ အံ့အားသင့်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ လက်မြှောက်အရှုံးပေးချင်လာသည့် အမူအရာတစ်ခု ပေါ်လာလေသည်။

သူ တွေးထားခဲ့သည်မှာ မမှားယွင်းခဲ့ပါချေ။ အကြောင်းရင်းကို မသိသော်လည်း ရွှမ်ကျန်းက တကယ်ကို ထွက်မသွားချင်ကြောင်းက ရှင်းလင်းနေလေသည်။

ဆရာကြီး ကျန်းယွမ်၏ မျက်နှာပေါ်တွင် သဘောပေါက်နားလည်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်ကို ကွမ်ယင် ဗောဓိသတ် မြင်လိုက်ရသောအခါ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားလေသည်။

အဘယ်ကြောင့် ရွှမ်ကျန်းက ထွက်သွားရန် ငြင်းဆန်နေရသနည်း။ ဆရာကြီး ကျန်းယွမ်က သူ့ကို အကျိုးအမြတ် တစ်ခုခု ပေးမည်ဟု ကတိပေးထားလို့များလော။

သို့သော်လည်း ၎င်းက ယုတ္တိမတန်ပါချေ။ အကယ်၍ ဤအရာအားလုံးက ဆရာကြီး ကျန်းယွမ်၏ အကြံအစည် တစ်ခုသာ ဖြစ်နေမည်ဆိုပါက ရွှမ်ကျန်းနှင့် သူ၏ အဖွဲ့ကို အမြန်ဆုံး မောင်းထုတ်ချင်နေသည့်အလား အဘယ်ကြောင့် မဟာမိုးကြိုး ကျောင်းတော်သို့ အလောတကြီး ရောက်လာရပါသနည်း။

"ရွှမ်ကျန်း... ဘာဖြစ်လို့လဲ..."

ကွမ်ယင်၏ ရင်ထဲတွင် မငြိမ်မသက်မှုများနှင့် မေးခွန်းများ ပြည့်နှက်နေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားပြီး မျက်မှောင်ကို အနည်းငယ်သာ ကုတ်လိုက်လေသည်။ ထို့နောက် ခဏတာ တိတ်ဆိတ်သွားပြီးမှ ကျန်းလျိုကို မေးလိုက်လေသည်။

"ဗောဓိသတ်... ကိစ္စက ဒီလိုပါ… ဆရာကြီး ကျန်းယွမ်က အဆင့်အတန်း မြင့်မားတဲ့သူဖြစ်ပြီး ကျွန်တော်တို့ကိုလည်း အရမ်းကို ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံခဲ့ပါတယ်… ဒါက ကျွန်တော့်ကို အရမ်း ဝမ်းသာပီတိ ဖြစ်စေခဲ့တယ်… ဒါပေမဲ့... စွန်းဝူခုန်းက ရိုင်းပျစွာနဲ့ ဆရာကြီးကို စော်ကားမိသွားတော့ ကျွန်တော် အရမ်းကို နောင်တရမိတယ်… ဒါကြောင့် ဆရာကြီး ကျန်းယွမ်က ကျွန်တော်တို့ကို အမှားတွေ ပြန်သုံးသပ်ဖို့ နှစ်တစ်ရာလောက် အကျဉ်းချထားမယ်လို့ ပြောတဲ့အခါ ကျွန်တော် မငြင်းရဲခဲ့ပါဘူး..."

"ဒါပေမဲ့ အခု နှစ်လပဲ ရှိပါသေးတယ်… အခုချိန် ကျွန်တော် ထွက်သွားလိုက်ရင် ကျွန်တော့်ကတိကို ဖျက်ရာမကျဘူးလား..."

ကျန်းလျိုသည် အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဆက်ပြောလိုက်လေသည်။

"ကျမ်းစာပင့်ဆောင်သူ တစ်ယောက်အနေနဲ့ …ကျွန်တော်က သတ္တဝါအားလုံးကို အလင်းပြနိုင်ဖို့အတွက် စစ်မှန်တဲ့ ကျမ်းစာတွေကို ရအောင် ဒုက္ခခံပြီး ကြိုးစားနေတာပါ… တကယ်လို့ ကျွန်တော်ကိုယ်တိုင်က ကတိဖျက်တဲ့သူ ဖြစ်နေမယ်ဆိုရင် အနာဂတ်မှာ သတ္တဝါအားလုံး ကျွန်တော့်ကို ယုံကြည်လာအောင် ဘယ်လိုလုပ် စွမ်းဆောင်နိုင်ပါတော့မလဲ..."

"ဝိညာဉ်ပေါင်းများစွာကို တစ်ဖက်ကမ်းရောက်အောင် ကျွန်တော် ဘယ်လို ကယ်တင်နိုင်ပါတော့မလဲ..."

သူ၏ စိတ်အားထက်သန်ပြီး မြင့်မြတ်လှသော စကားများကို မည်သူက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဤစကားများက သူ၏ ရည်ရွယ်ချက်အတွက် အထောက်အကူ ဖြစ်စေကြောင်း ကျန်းလျို သိထားသည်ဖြစ်ရာ တုံ့ဆိုင်းမနေဘဲ ပြောချလိုက်လေသည်။

"ရွှမ်ကျန်း... မင်း ဒီလိုတွေးနေတာကို ကြားရတော့ ငါ တော်တော်လေး စိတ်သက်သာရာ ရသွားတယ်… ဒါက အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်အတွက် လူရွေးမမှားခဲ့ဘူးဆိုတာ သက်သေပြနေတာပဲ… ဒါပေမဲ့ ကျမ်းစာပင့်ဆောင်ရမယ့် ကြီးမြတ်တဲ့ တာဝန်က မရေမတွက်နိုင်တဲ့ သတ္တဝါတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သက်ဆိုင်နေတယ်… ကျမ်းစာတွေကို တစ်ရက်စောပြီး ရလေ သတ္တဝါတွေကို ဆင်းရဲဒုက္ခထဲကနေ တစ်ရက်စောပြီး ကယ်တင်နိုင်လေပဲ..."

"တခြားသူတွေရဲ့ အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရမယ်… လောကကြီးက သတ္တဝါတွေကို လျစ်လျူရှုပြီး မင်းရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုရင်… ဒါက ရက်စက်ရာ မကျဘူးလား..."

ကွမ်ယင်က ကျေနပ်နေသော အမူအရာဖြင့် ကျန်းလျိုအား တည်ငြိမ်စွာ ဆုံးမဩဝါဒ ပေးလိုက်လေသည်။

"ဗောဓိသတ်... အဲဒီနေရာမှာတော့ မှားနေပြီ… 'ကိုယ့်ကိုယ်ကိုယ် ပြုပြင်တည်ဆောက်ရမယ်… မိသားစုကို စည်းကမ်းတကျ ထားရမယ်… တိုင်းပြည်ကို အုပ်ချုပ်ရမယ်… ပြီးမှ လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ရမယ်' ဆိုတဲ့ စကားကို ကျွန်တော် ကြားဖူးတယ်… တိုင်းပြည်ကို အုပ်ချုပ်ပြီး လောကကြီးကို ငြိမ်းချမ်းအောင် မလုပ်နိုင်ခင်မှာ… ကိုယ်တိုင်က ဖြောင့်မတ်မှန်ကန်စွာ နေထိုင်ပြီး တရားမျှတတဲ့သူ ဖြစ်ဖို့လိုတယ်ဆိုတာ ရှင်းနေတာပဲ..."

"ဒီလိုပါပဲ... ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေးတွေကိုတောင် နားမလည်နိုင်ရင် ကိုယ့်ကိုယ်ကိုယ်တောင် အလင်းမပြနိုင်ရင်… လောကကြီးက သတ္တဝါအားလုံးကို ကျွန်တော် ဘယ်လိုလုပ် အလင်းပြနိုင်ပါ့မလဲ..."

ကျန်းလျိုက ခေါင်းခါရင်း အလေးအနက် ပြန်ဖြေလိုက်လေသည်။

မဟာယနဂိုဏ်းသည် စကားအပြောအဆို ကျွမ်းကျင်မှုကြောင့် နာမည်ကြီးပြီး ၎င်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ကွမ်ယင် ဗောဓိသတ်မှာလည်း သာမန်လူများ ငြင်းဆန်ရန် ခက်ခဲလှသည့် နက်နဲသော သဘောတရားများကို ပြောဆိုရာတွင် ကျွမ်းကျင်လှပေသည်။

သို့သော်လည်း ကျန်းလျိုသည် သတင်းအချက်အလက်များ ပေါက်ကွဲလျှံကျနေသော ခေတ်သစ်လူ့အဖွဲ့အစည်းမှ ကူးပြောင်းလာသူဖြစ်ရာ ကြီးကျယ်ခမ်းနားသော သဘောတရားများကို ပြောဆိုရန်မှာ သူ၏ လက်တစ်ကမ်းတွင်သာ ရှိနေလေသည်။

***

အပိုင်း(၂၇၈)

ဝူကျွမ်းကျောင်းတော်၏ ရှေ့တွင် ကျန်းလျိုနှင့် ကွမ်ယင် ဗောဓိသတ်တို့ နှစ်ဦးစလုံးသည် လောကကြီး၏ ကောင်းကျိုးနှင့် ပတ်သက်၍ အမြင်များ ဖလှယ်နေကြသည်။ ထို့နောက် တစ်ယောက်က တစ်ခွန်းစီ ကြီးကျယ်ခမ်းနားသော သစ္စာတရားများကို ပြောဆိုနေကြသော်လည်း မည်သူကမျှ အခြားတစ်ယောက်ကို လက်ခံယုံကြည်အောင် သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ကြချေ။

ကွမ်ယင်၏ ရည်ရွယ်ချက်က ရှင်းလင်းလေသည်။ သူမသည် ကျန်းလျိုအား အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို ဆက်လက်သွားရောက်ရန် ဖျောင်းဖျ သိမ်းသွင်းလိုလေသည်။ တထာဂတဘုရားရှင်သည် သဘောတူညီမှု ရရှိရန် ဆရာကြီး ကျန်းယွမ်အား စည်းကမ်းချက်များစွာဖြင့် ကတိပေးထားပြီးပြီ ဖြစ်သည်။

သို့သော်... ယခု သူက မသွားတော့ဘူး ဟုတ်သလော။‌ ထိုသို့ဆိုလျှင် နှစ်ဖက်စလုံး နစ်နာဆုံးရှုံးသွားမည် မဟုတ်ပါလော။

သို့သော် ကျန်းလျို၏ စကားများကလည်း အလေးအနက် ရှိနေလေသည်။ သူသည် စိတ်အေးချမ်းမှု ရရှိရန်နှင့် သူ၏ ကတိစကားကို တည်ရန် ဆုံးဖြတ်ထားပြီး အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို သွားရောက်ရန် ငြင်းဆန်နေခဲ့သည်။

ကွမ်ယင်မှာ စိုးရိမ်ပူပန်မှုနှင့်အတူ ကူကယ်ရာမဲ့ ဖြစ်သွားရလေသည်။ မည်သို့ပင်ဆိုစေ သူတို့အနေဖြင့် သူ့ကို ကြိုးတုပ်ကာ နဂါးမြင်းဖြူ၏ ကျောပေါ်သို့ ပစ်တင်ပြီး အတင်းအကျပ် သွားခိုင်း၍တော့ မရနိုင်ပါချေ။ ဟုတ်သည် မဟုတ်ပါလော။

ကျန်းလျိုက ကွမ်ယင်ကို အလေးအနက် စိုက်ကြည့်လိုက်၏။ သူ၏ ရပ်တည်ချက်က အတော်လေး ရှင်းလင်းနေလေသည်။

ခေတ်ဆန်ဆန် စကားလုံးများဖြင့် ပြောရမည်ဆိုလျှင် ၎င်းက 'ကျွန်တော် ထွက်မသွားဘူး… ကျွန်တော် နေမကောင်းဖြစ်နေတာ မဟုတ်ဘူး… ဆေးမသောက်ဘူး…' ဟူ၍ပင် ဖြစ်လေသည်။

ကွမ်ယင်သည် တိတ်ဆိတ်သွားပြီး အခြေအနေမှာ အလွန်တရာ ပြဿနာတက်နေပြီဟု ခံစားလိုက်ရလေသည်။ ဘဝပေါင်း ဆယ်ကြိမ်တိုင်တိုင် ဝင်စားခဲ့ပြီးနောက် ဤရွှေပုစဉ်းက ဤမျှလောက် ပုန်ကန်တတ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

မိဘများအတွက် အဒုက္ခအပေးဆုံး အရာက အဘယ်နည်း။ ၎င်းမှာ ကလေးများ၏ အာခံပုန်ကန်တတ်သော အရွယ်ပင်ဖြစ်ပြီး တကယ်ကို ဒေါသထွက်စရာကောင်းကာ ကူကယ်ရာမဲ့ဖြစ်စေလေသည်။ တကယ်တမ်းတွင် သူတို့ကို ရိုက်နှက်ရန်လည်း မတတ်နိုင်သလို သူတို့က ကိုယ်ပိုင်အမြင်များကိုသာ ခေါင်းမာမာဖြင့် စွဲကိုင်ထားတတ်ကြသဖြင့် အကျိုးအကြောင်းပြ ရှင်းပြ၍လည်း နားမဝင်ကြရာ အလွန်တရာ စိတ်ပျက်အားငယ်စေလေသည်။

ယခုအခါတွင်လည်း ကျန်းလျိုက ဗောဓိသတ်အား ထိုကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

အကျိုးအကြောင်းပြ ရှင်းပြမည်လော။ လုံးဝကို အသုံးမဝင်ခဲ့သည့်အပြင် သူ၏ ကြီးကျယ်ခမ်းနားလှသော အကြောင်းပြချက်များကပင် သင့်ကို စကားဆွံ့အသွားစေနိုင်လေသည်။

အင်အားသုံးမည်လော။ မည်ကဲ့သို့ အင်အားသုံး၍ ရနိုင်မည်နည်း။ သူ့ကို တကယ်ကြီး ကြိုးတုပ်ပြီး အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို အတင်းအကျပ် သွားခိုင်း၍ ရနိုင်မည်လော။

ထို့ကြောင့် အစပိုင်းတွင် ကွမ်ယင်နှင့် ကျန်းလျိုတို့ နှစ်ဦးစလုံးသည် ရှည်လျားသော တရားစကားများကို အသီးသီး ဟောကြားကာ တစ်ယောက်ကိုတစ်ယောက် သိမ်းသွင်းရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း အချိန်အကြာကြီး အပြန်အလှန် ငြင်းခုံပြီးနောက် စကားသက်သက်ဖြင့် တစ်ဖက်လူကို ယုံကြည်လာအောင် သိမ်းသွင်းရန် ခက်ခဲကြောင်းကို နှစ်ဦးစလုံး သဘောပေါက်သွားပုံရပြီး တဖြည်းဖြည်း စကားမပြောဘဲ နေလိုက်ကြလေသည်။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး မည်သူကမျှ စကားတစ်ခွန်းမှ မဟတော့ချေ။

"ရွှမ်ကျန်း... မင်း ဝူကျွမ်းကျောင်းတော်မှာ နေဖို့ လုံးဝ စိတ်ပိုင်းဖြတ်ထားတာ သေချာပြီလား..."

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကွမ်ယင်၏ အမူအရာမှာ တဖြည်းဖြည်း တည်ငြိမ်လာသော်လည်း ပို၍ အေးစက်လာလေသည်။

"အောမိတော်ဖော... တပည့်တော်က ကိုယ့်ကိုယ်ကိုယ် အလင်းပြပြီးမှ တခြားသူတွေကို အလင်းပြဖို့ ကြိုးစားနေရုံပါ… ကိုယ့်ကိုယ်ကိုယ်တောင် အလင်းမပြနိုင်ရင် တခြားသူတွေကို ဘယ်လိုလုပ် အလင်းပြနိုင်ပါ့မလဲ… ဗောဓိသတ် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

ကျန်းလျိုက အလွန် နှိမ့်ချသော အမူအရာဖြင့် ပြောလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ ခိုင်မာနေလေသည်။

သူ၏ အမူအရာမှာ နှိမ့်ချနေသော်လည်း သူ၏ ယုံကြည်ချက်အပေါ် ရပ်တည်မှုကမူ ယိမ်းယိုင်သွားမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တွင် နတ်ဝိညာဉ်တောင်တော်၌ ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာမည်ဖြစ်သော်လည်း ၎င်းသည် ဉာဏ်ပညာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ပြည့်နှက်နေသော ခရီးစဉ်တစ်ခုလည်း ဖြစ်လေသည်။

ယနေ့တွင် ကျန်းလျိုသည် ခိုင်မာသော ရပ်တည်ချက် တစ်ခုကို ယူရမည့်အချိန် ရောက်ပြီဟု ခံစားလိုက်ရလေသည်။

သူသည် အချိန်အတန်ကြာ အချိန်ဆွဲနေခဲ့သော်လည်း အမြဲတမ်း ခိုင်လုံသော အကြောင်းပြချက်များအပေါ် အခြေခံခဲ့လေသည်။ ယခု ဆက်နေရန်အတွက် ဗောဓိသတ်နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရန် အဘယ်ကြောင့် အဆင်သင့် ဖြစ်နေရသနည်း။ သေချာပေါက် အချိန်ဆွဲရန် သက်သက်အတွက် မဟုတ်ဘဲ ဆရာကြီး ကျန်းယွမ်က အဓိက အကြောင်းရင်း ဖြစ်လေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ လက်ချောင်းများကြားမှ အနည်းငယ် ယိုဖိတ်ကျလာသည့် အရာကပင် အတိုင်းအဆမသိ အသုံးဝင်နိုင်လေသည်။

ထို့အပြင် ကျန်းလျိုသည် ဆရာကြီး ကျန်းယွမ်ထံမှ ကိစ္စရပ်အချို့ကိုလည်း မေးမြန်းစုံစမ်းလိုသေးလေသည်။

ဥပမာအားဖြင့် တာအိုဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်နှင့် ဗုဒ္ဓဘာသာ စည်ပင်ဝပြောလာမှုအပေါ် ဆရာကြီး ကျန်းယွမ်၏ ရပ်တည်ချက်က မည်သို့ရှိသနည်း။

ဥပမာအားဖြင့် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၏ ကမ္ဘာကြီးသည် သူသိထားသော ကနဦး ကမ္ဘာကြီးနှင့် အတူတူပင် ဖြစ်ပါသလော။

သေချာသည်မှာ သူသည် ဤအခွင့်အရေးကို အသုံးချ၍ ကွမ်ယင်၏ သည်းခံနိုင်စွမ်းက မည်မျှအထိ ကျယ်ပြန့်သနည်း ဆိုသည်ကိုလည်း စမ်းသပ်နိုင်လေသည်။

ဉာဏ်ပညာနှင့် သတ္တိကို ယှဉ်ပြိုင်ရသော တိုက်ပွဲတစ်ခု ဖြစ်သည်ဖြစ်ရာ ၎င်းက ရိုးရှင်းသော ဉာဏ်ရည်ယှဉ်ပြိုင်မှု သက်သက် မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ကွမ်ယင်ကို ဒေါသထွက်စေမည် ဆိုလျှင်တောင်မှ သူက ခိုင်မာစွာ ရပ်တည်ရမည် ဖြစ်လေသည်။

ကျန်းလျို၏ အမြင်တွင် ဤကဲ့သို့ ခေါင်းမာမာ တင်းခံနေခြင်းက အလွန်တန်ဖိုးရှိလှပေသည်။

သို့သော် ကျန်းလျိုအား စိုက်ကြည့်ပြီးနောက် ကွမ်ယင်သည် နောက်ဆုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့သဖြင့် ပြောလိုက်လေသည်။

"မင်းက ဆက်နေပြီး အလင်းရောင်ကို ရှာဖွေချင်တယ်ဆိုမှတော့… ငါ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး… ဒါပေမဲ့ ကျမ်းစာပင့်ဆောင်ရမယ့် ကြီးမြတ်တဲ့ တာဝန်က သတ္တဝါအားလုံးနဲ့ သက်ဆိုင်နေပြီး… မင်းကို ဒီမှာ အချိန်အကြာကြီး ဖြုန်းတီးခွင့်ပြုဖို့ ငါတို့မှာ အချိန်မရှိဘူး..."

"နောက်ဆုံးရက်က နှစ်ဝက်ပဲ… နှစ်ဝက်ကြာသွားလို့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ မင်း ဒီမှာ ဆက်နေပြီး ဆရာကြီးကို ဒုက္ခမပေးရတော့ဘူး...”

"ကောင်းပြီ... နောက်ဆုံးရက်ကို နှစ်ဝက် သတ်မှတ်လိုက်မယ်..."

ဤတစ်ကြိမ်တွင် ကျန်းလျိုသည် ဆက်လက် အပေးအယူမလုပ်တော့ဘဲ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်လေသည်။

ဝူကျွမ်းကျောင်းတော်မှာ တကယ်ပဲ နှစ်တစ်ရာလောက် နေရမည်လော။ ဆရာကြီး ကျန်းယွမ်နှင့် တထာဂတဘုရားရှင်တို့ကြား အပေးအယူ မပြီးပြတ်သေးလျှင်က လွဲ၍... သို့မဟုတ်ပါက သူ တကယ်ပဲ အကြာကြီး နေ၍မရနိုင်ပါချေ။

ယခုတစ်ကြိမ်တွင် ကွမ်ယင် ကိုယ်တိုင် ရောက်လာခဲ့ပြီး မဟာယနဂိုဏ်း ကလည်း ဆရာကြီး ကျန်းယွမ်နှင့် အပေးအယူ လုပ်ပြီးဖြစ်ရာ နှစ်ဝက် အချိန်ကို ညှိနှိုင်းနိုင်ခဲ့ခြင်းကပင် အတော်လေး တန်ဖိုးရှိနေပြီ ဖြစ်လေသည်။

အခြေအနေကောင်းနေစဉ်မှာပင် ရပ်တန့်လိုက်ခြင်း၊ ဆုတ်သင့် တက်သင့်သည့် အချိန်ကို သိရှိခြင်းက အကောင်းဆုံးဖြစ်သည်။ အစကတည်းက အချိန်ဆွဲရန် ဖြစ်နိုင်ချေ မရှိခဲ့သော်လည်း ယခုအခါ နှစ်ဝက်ခန့် နေထိုင်ရန် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ရာ ဤသည်မှာ ကွမ်ယင်၏ အများဆုံး သည်းခံနိုင်စွမ်းဖြစ်လောက်မည်ဟု ကျန်းလျို သိထားလေသည်။

သို့သော် ထိုနှစ်ဝက်လောက် အချိန်ရတာလေးကိုက အမြတ်ထွက်နေပြီ ဖြစ်သည်။

"ကောင်းပြီ... ဒါဆိုရင်လည်း မင်း ဆရာကြီးဆီမှာ သေချာနေပါစေလို့ မျှော်လင့်တယ်..."

ကျန်းလျိုက ဆက်လက် အပေးအယူ မလုပ်တော့သည်ကို ကြားသောအခါ ကွမ်ယင်၏ မျက်နှာပေါ်မှ တိမ်တိုက်များကဲ့သို့ မှုန်ကုပ်နေမှုများ ကင်းစင်သွားပြီး အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

ထိုသို့ပြောရင်း သူမ၏ အကြည့်များက ဆရာကြီး ကျန်းယွမ်ထံသို့ ကျရောက်သွားပြီး အနည်းငယ် ဦးညွှတ်လျက် ပြောလိုက်လေသည်။

"ဒီအခြေအနေတွေအရဆိုရင်… နောက်ထပ် နှစ်ဝက်လောက်တော့ ရွှမ်ကျန်းက ဆရာကြီး ကျန်းယွမ်ကို ဒုက္ခပေးရတော့မှာပဲ..."

"လုံးဝ မရဘူး..."

သို့သော် ကွမ်ယင်၏ အလျှော့ပေးမှုကို ကြားလိုက်ရသောအခါ ဆရာကြီး ကျန်းယွမ်က ခေါင်းကို ကမန်းကတန်း ခါရမ်းလိုက်ပြီး အကျယ်ကြီး အော်ဟစ်လိုက်လေသည်။

ထိုစကားကြောင့် ထိုနေရာရှိ လူအားလုံးမှာ လန့်ဖြန့်သွားကြပြီး သူ၏ တုံ့ပြန်မှုအပေါ် မယုံနိုင်လောက်အောင် အံ့ဩ ဇဝေဇဝါ ဖြစ်သွားကြလေသည်။

"ဒါက ငါ့အတွက် အရမ်းကို ခက်ခဲလွန်းတယ်..."

ဆရာကြီး ကျန်းယွမ်၏ ငြင်းဆန်မှုကို ကြားသောအခါ ကွမ်ယင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး လုံးလုံးလျားလျား ပင်ပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရလေသည်။

အစပိုင်းတွင် သူမသည် ရွှမ်ကျန်းနှင့် သူ၏ အပေါင်းအပါများကို အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် ဆက်လက်သွားရောက်နိုင်ပြီဖြစ်ကြောင်း အသိပေးရန် ကြီးမားသော တာဝန်ကို ယူကာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း... အခြေအနေတွေက ဘယ်လိုလုပ်ပြီး သည်အဆင့်အထိ ရောက်သွားရသနည်း။

ကျန်းလျိုက ထွက်မသွားဘူးဟု ငြင်းဆန်ခဲ့သည်။ နောက်ဆုံး အများကြီး ဖျောင်းဖျပြီးမှ သူက သဘောတူလိုက်သည်။ သို့သော်လည်း... ယခုကျတော့ ဆရာကြီး ကျန်းယွမ်က သူ့ကို လက်မခံချင်တော့ပေ။ ဟုတ်သလော...။

***

All Chapters