← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 20 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 20 Ch. 269-270

အပိုင်(၂၆၉)

"ပါကျဲ... မင်းရော ဘယ်လိုလဲ… တစ်ခုခု ပြောချင်တာ ရှိလား..."

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုသည် ကျူးပါကျဲဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ ကျူးပါကျဲ၏ အမြင်မှာ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ထဲတွင် အထက်မြက်ဆုံး မဟုတ်သော်လည်း အစူးရှဆုံး ဖြစ်လေသည်။ ထို့အပြင် သူသည် ဆရာကြီး ကျန်းယွမ်ကို ကြာမြင့်စွာကတည်းက သိရှိထားပြီး ဖြစ်သောကြောင့် သူ၏ အမြင်ကို တောင်းခံခြင်းက တန်ဖိုးရှိလှပေသည်။

"ကျွန်တော်လား... ဘာမှ သိပ်ထူးခြားတယ်လို့ မထင်ပါဘူး… စားသင့်တဲ့အချိန် စားမယ် အိပ်သင့်တဲ့အချိန် အိပ်မယ်… ဒီအတိုင်း နေလိုက်ရုံပဲ မဟုတ်ဘူးလား… ဒီကိစ္စလေးအတွက်နဲ့ ဆရာကြီး ကျန်းယွမ်က ကျွန်တော်တို့ကို အစာငတ်ထားမှာ မဟုတ်ပါဘူး… ရက်အနည်းငယ်လောက် အကျဉ်းချထားပြီး သူ့ဒေါသ ပြေသွားရင် ကျွန်တော်တို့ကို ပြန်လွှတ်ပေးမှာပါပဲ...”

ကျန်းလျို၏ အမေးကို ကြားသောအခါ ကျူးပါကျဲသည် ပျင်းရိလေးတွဲနေဟန် ပေါ်လေသည်။ ဤသဘောထားမှာ ခြင်ကိုက်ခံရသကဲ့သို့ ဂရုမစိုက်ခြင်း၏ အထွတ်အထိပ်ပင် ဖြစ်လေသည်… ကိစ္စမရှိ ကိုက်ပါစေတော့… ဝသွားလျှင် သူ့ဘာသာ ပျံသွားလိမ့်မည် ဆိုသည့် သဘောမျိုးပင် ဖြစ်လေသည်။

"ဒုတိယ အစ်ကိုကြီး... ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလိုနေနိုင်ရတာလဲ..."

ပါကျဲ၏ ဂရုမစိုက်သော သဘောထားကို ကြားသောအခါ ဝူကျင်းသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။

"ကျွန်တော်တို့ရဲ့ အနောက်အရပ်ခရီးစဉ်က သတ္တဝါအားလုံးအတွက်လေ… ကျမ်းစာတွေကို မြန်မြန်ရလေ ကျွန်တော်တို့ တာဝန် မြန်မြန်ပြီးလေပဲ… ဆရာကြီး ကျန်းယွမ်က ကျွန်တော်တို့ကို ဒီမှာ ပိတ်လှောင်ထားတာ ဘာကြံနေလဲ မသိဘူး… တကယ်လို့ သူက ဆယ်နှစ်လောက်ကြာတဲ့အထိ ဒေါသမပြေရင် ဘယ်လိုလုပ်မလဲ..."

"ဒါဆိုလည်း ဆယ်နှစ်လောက် ဒီမှာ အကျဉ်းချခံရရုံပေါ့… သိပ်အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ..."

ပါကျဲက သူ၏ ဂရုမစိုက်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားရင်း ပြောလိုက်လေသည်။

"ဒုတိယအစ်ကိုကြီး... ခင်ဗျားက ဘယ်လိုလုပ်ပြီး..."

ပါကျဲ၏ လျစ်လျူရှုထားသော အမူအရာကို ကြည့်ရင်း ဝူကျင်းမှာ တကယ်ပင် စိုးရိမ်ပူပန်မှု၊ စိတ်ပျက်မှုနှင့် ကူကယ်ရာမဲ့မှုတို့ ရောထွေးခံစားလိုက်ရပြီး ဆက်၍ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

ဝူကျင်းကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီးနောက် ကျန်းလျိုသည် စကား ပြန်မပြောသော်လည်း စိတ်ထဲတွင်မူ ပါကျဲ၏ စကားကို ခေါင်းညိတ် ထောက်ခံနေလေသည်။ တကယ်လို့များ သူတို့ ဆယ်နှစ်ကျော်လောက် အကျဉ်းချခံရနိုင်မည်ဆိုလျှင် မကောင်းဘူးလော။

သို့သော်လည်း ကြိုးတုပ်ခံထားရပြီး စွမ်းအင်များကို လုံးဝ အသုံးပြု၍ မရနိုင်သည်ဖြစ်ရာ သူ၏ စွမ်းအားများကို ပြန်လည်ရရှိရန် နည်းလမ်းရှာဖို့ လိုအပ်နေလေသည်။

"ဝူခုန်း... ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို လုံးဝ သုံးလို့မရသလို ခံစားနေရတယ်… ဘာဖြစ်နေတာလဲဆိုတာ မင်း သိလား..."

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုက ဝူခုန်းကို မေးလိုက်လေသည်။

"ကျွန်တော် စွန်းဝူခုန်းလည်း မသိဘူး… ဟိုတာအိုဆရာအိုကြီးရဲ့ လက်ချက်ပဲ ဖြစ်ရမယ်… ကျွန်တော့်ရဲ့ စွမ်းအင်တွေလည်း သုံးလို့မရဘူး..."

ဝူခုန်းက ခေါင်းခါလျက် ပြန်ဖြေလိုက်လေသည်။

ပါကျဲက ကျန်းလျိုဘက်သို့ လှည့်ကြည့်လာ၏။

"ဆရာတော်... ဒီကိစ္စအတွက် စိတ်ပူမနေပါနဲ့… ဆရာကြီး ကျန်းယွမ်က ဘုံသုံးပါးနဲ့ လမ်းကြောင်း ခြောက်သွယ်မှာ အထွတ်အထိပ် ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ… သူ့ရဲ့ ကျင့်ကြံခြင်းက တာလော့ နတ်အဆင့်ကို ကျော်လွန်နေတာ ကြာပါပြီ… သူက သူတော်စင် အရှင်သခင် တစ်ယောက်လို သူ့စကားတွေကို လက်တွေ့ဖြစ်လာအောင် အလွယ်တကူ လုပ်နိုင်စွမ်း မရှိပေမယ့်… ဥပဒေသ အချို့ကိုတော့ တကယ် ခြယ်လှယ်နိုင်စွမ်း ရှိပါတယ်… သူက ဒီဥပဒေသတွေကို ဒီကြိုးတွေထဲ ထည့်သွင်းထားတာပါ..."

"ဒါကြောင့် သာမန်ကြိုးလေးတွေလို့ ထင်ရတဲ့အရာတွေက ကျွန်တော်တို့ အားလုံးကို ချည်နှောင်ဖို့ လုံလောက်နေတာပေါ့..."

"ဥပဒေသတွေ ဟုတ်လား..."

ပါကျဲ၏ စကားက ကျန်းလျို၏ ရင်ထဲတွင် တစ်ခုခုကို လှုပ်ခတ်သွားစေပြီး သူ့အား စူးစိုက်ကြည့်ရန် တွန်းအားပေးလိုက်လေသည်။

ယခင် သူ၏ ဝစီပိတ်တရားက ဆရာကြီး ကျန်းယွမ်အပေါ် အကျိုးသက်ရောက်မှု မရှိခဲ့စဉ်က ဆရာကြီးက "ဥပဒေသများ" ဟူသော စကားလုံးကို ပြောဆိုခဲ့လေသည်။ ၎င်းကို ရှင်းပြပေးရန် သူ မေးမြန်းဖို့ ရည်ရွယ်ခဲ့သော်လည်း ဝူခုန်း၏ ကြားဖြတ်ပြောဆိုမှုကြောင့် ရပ်တန့်သွားခဲ့ရသည်။ မထင်မှတ်ဘဲ ပါကျဲက တစ်ခုခုကို အမှန်တကယ် သိနေသည်လော။

"ပါကျဲ... ဒီ ဥပဒေသတွေဆိုတာ အတိအကျက ဘာတွေလဲ… ငါ့ကို ရှင်းပြစမ်းပါဦး..."

ကျန်းလျိုက တိုက်တွန်းလိုက်လေသည်။

"ဒီ ဥပဒေသတွေနဲ့ ပတ်သက်ပြီးတော့ ကျုပ် ဝက်ကြီးလည်း သိပ်အများကြီး မသိပါဘူး… အရင်တုန်းက ဟိုနည်းနည်း ဒီနည်းနည်း ကြားဖူးရုံလောက်ပါပဲ..."

ကျန်းလျို၏ အမေးကို ပါကျဲက ဖုံးကွယ်မထားဘဲ သူသိသမျှကို မျှဝေလိုက်လေသည်။

"ဆရာတော်... သေမျိုးတွေရဲ့လမ်းစဉ်မှာ ဘုံခြောက်ခုရှိပြီး နတ်လမ်းစဉ်မှာ သုံးခုရှိတယ်ဆိုတာ ဆရာတော် သိမှာပါ… ဒါပေမဲ့ နတ်လမ်းစဉ်ရဲ့ အထက်မှာ သံသရာစက်ဝန်းကနေ လွတ်မြောက်သွားပြီး မရေမတွက်နိုင်တဲ့ ဘေးဒုက္ခတွေရဲ့ နှောင့်ယှက်မှုကနေ ကင်းဝေးသွားတဲ့ သတ္တဝါ တစ်မျိုး ရှိနေပါတယ်… စကြဝဠာ ပျက်စီးခြင်း ကပ်ဆိုးကြီးတွေတောင် သူတို့ကို ဒုက္ခမပေးနိုင်ပါဘူး… သူတို့က လူအများရဲ့ အထက်ကို ရောက်နေပြီလို့ ဆိုနိုင်တယ်... ဒါကြောင့် သူတို့ စိတ်ဝင်စားတာတွေက ကျင့်ကြံခြင်းနဲ့ မသက်ဆိုင်တော့ဘဲ ဥပဒေသတွေနဲ့ပဲ သက်ဆိုင်နေပါပြီ..."

"သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကို စိုးမိုးထားတဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်ရုံသာမက ပြင်ဆင်ပြောင်းလဲနိုင်စွမ်းတောင် ရှိကြတယ်..."

ပါကျဲက ရှင်းပြလေသည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကို ထိန်းချုပ်ပြီး ပြင်ဆင်ပြောင်းလဲနိုင်တယ် ဟုတ်လား… အဲဒါ ဘာအဓိပ္ပာယ်လဲ… ပါကျဲ... ငါ့ကို သေချာ အသေးစိတ် ရှင်းပြစမ်းပါဦး..."

ဤစကားများက ဝူခုန်း၏ အာရုံကိုပင် ဖမ်းစားသွားပြီး နောက်ထပ် အချက်အလက်များ သိရှိရန် စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းလိုက်လေသည်။

ဘေးနားမှ အာရုံစိုက် နားထောင်နေသော ရှားဝူကျင်းသည်လည်း ပို၍ ကြားသိလိုစိတ် ပြင်းပြနေလေသည်။ သူသည် ကျောက်စိမ်းဧကရာဇ်၏ ကျွမ်လျန်စစ်သူကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဤဥပဒေသများ ဆိုသည်တို့နှင့် ပတ်သက်၍ အလွန်နည်းပါးစွာသာ သိရှိထားကြောင်း ထင်ရှားနေလေသည်။

"အတိအကျလား... တကယ်တော့ ကျုပ် ဝက်ကြီးလည်း သိပ်မသိဘူးလေ… တစ်ခုခု ပြောရမယ်ဆိုရင်တော့ ရေနဲ့ မီးခွက်ကို ထွန်းညှိတာမျိုး ဒါမှမဟုတ် ညဘက် ကောင်းကင်ယံမှာ နေမင်းကြီး ပေါ်လာအောင် လုပ်တာမျိုးတွေက သဘာဝတရားရဲ့ စည်းမျဉ်းတွေကို လုံးလုံးလျားလျား ဖီဆန်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်… ဒါက သဘာဝတရားရဲ့ ဥပဒေသတွေကို ပြောင်းလဲပစ်တာလို့ သတ်မှတ်လို့ ရနိုင်တယ်..."

ကျူးပါကျဲသည် ခဏမျှ စဉ်းစားကာ ပြောလိုက်လေသည်။

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် စွန်းဝူခုန်းပင်လျှင် ထိတ်လန့်တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရလေသည်။

‘သဘာဝတရားရဲ့ ဥပဒေသတွေကို ပြောင်းလဲပစ်တာ ဟုတ်လား… ဒါက တကယ်ပဲ လူတွေ လုပ်နိုင်တဲ့အရာလာ…’

"နေပါဦး... အဲဒီတုန်းက တထာဂတရဲ့ လက်ဝါးက ဒီလောက်ပဲ ရှိတာ… ဒါပေမဲ့ ငါ စွန်းဝူခုန်း အထဲကို ခုန်ဝင်သွားတဲ့အခါ အဆုံးအစမဲ့ ကျယ်ဝန်းနေတာကို တွေ့လိုက်ရတယ်… ဒါက လုံးဝကို ယုတ္တိမရှိဘူးလေ… ဒါဆို တထာဂတဘုရားရှင်ကလည်း မင်းပြောနေတဲ့ အဲဒီလူတွေထဲက တစ်ယောက်ပဲလား...”

ကျူးပါကျဲ၏ ဥပဒေသများအကြောင်း ရှင်းပြချက်ကို နားထောင်ပြီးနောက် စွန်းဝူခုန်းသည် တထာဂတဘုရားရှင်၏ လက်ဝါးတော်ထဲသို့ တကယ်ကြီး ခုန်ဝင်ခဲ့မိသော သူ၏ ရိုးအမှုကို ပြန်လည်သတိရသွားကာ သူ၏အတွေးများကို ဖွင့်ဟပြောဆိုလိုက်လေသည်။

"တထာဂတ ဘုရားရှင်လား… သူက ဒီအမျိုးအစားထဲမှာ သိပ်မပါဘူး… တာလော့ ရွှေနတ်အဆင့်တွေရဲ့ အထက်မှာ ဒီအဆင့်ကို ရောက်ဖို့ ကြိုးစားနေကြတဲ့ သူတချို့ ရှိပေမယ့်… သူတို့မှာ တစ်ခုခု လိုအပ်နေသေးပုံရတယ် မဟုတ်ဘူးလား… အတိအကျကိုတော့ ငါ ဝက်ကြီးလည်း ရှင်းမပြတတ်ဘူး..."

ကျူးပါကျဲက ခေါင်းခါလိုက်လေသည်။ ရှင်းရှင်းလင်းလင်း မသိသော်လည်း တထာဂတဘုရားရှင်သည် သူ ဖော်ပြခဲ့သော အဆင့်အတန်းသို့ ရောက်ရှိရန် များစွာ ဝေးကွာနေသေးကြောင်းကိုမူ သူ သေချာပေါက် သိနေလေသည်။

"ဒါဆို တထာဂတဘုရားရှင်နဲ့ ဆရာကြီး ကျန်းယွမ်တို့က ဥပဒေသတွေကို နည်းနည်းလောက်ပဲ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သူတော်စင်တစ်ပိုင်းအဆင့်တွေပေါ့… ကျူးပါကျဲ ပြောခဲ့တဲ့ 'စကားတွေက ဥပဒေသ ဖြစ်လာတယ်' ဆိုတာက စစ်မှန်တဲ့ သူတော်စင် အရှင်သခင်တွေကို ပြောတာများလား..."

ကျူးပါကျဲသည် ရှင်းလင်းပြတ်သားစွာ မပြောတတ်သော်လည်း ဤစကားများကို ကြားရသောအခါ ကျန်းလျိုသည် သူ ကိုယ်ပိုင် နားလည်ထားသော နတ်ဘုရားဖြစ်တည်မှုနှင့် ကနဦး သတ်မှတ်ချက်များကို ပေါင်းစပ်လိုက်ပြး ၎င်းတို့၏ အဓိပ္ပာယ်ကို သဘောပေါက်သွားလေသည်။

ဆိုလိုသည်မှာ သူတော်စင်အရှင်သခင်များသည် သဘာဝတရား၏ ဥပဒေသများကို ပြောင်းလဲပစ်နိုင်သောကြောင့် မြင့်မြတ်နေကြခြင်းလော…။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤကမ္ဘာကြီးသည် အွန်လိုင်းဂိမ်းတစ်ခုသာ ဖြစ်ခဲ့မည်ဆိုပါက လူတိုင်းသည် မိစ္ဆာများကို သတ်ဖြတ်ကာ အဆင့်တင်နေကြသကဲ့သို့ ဂိမ်း၏ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရင်း ပိုမို အစွမ်းထက်လာအောင် လုပ်ဆောင်နေကြခြင်း ဖြစ်လေသည်။

သူတော်စင်အရှင်သခင်များသည် ဂိမ်း၏ GM များအဖြစ် ရာထူးတိုးခံရလောက်အောင် စွမ်းအားကြီးမားနေကြသည် မဟုတ်ပါလော…။

‘သူတို့က ဂိမ်းစည်းမျဉ်းတွေကို စိတ်ကူးပေါက်သလို ပြောင်းလဲပစ်နိုင်တယ်ဆိုရင် ဘယ်လိုလုပ် ဆော့လို့ရတော့မလဲ... သူတော်စင်အရှင်သခင် မဟုတ်သူတွေက ပုရွက်ဆိတ်တွေသာ ဖြစ်တယ် လို့ ပြောကြတာလည်း မဆန်းတော့ပါဘူးလေ...’

***

အပိုင်း(၂၇၀)

"ဒီလိုကိုး..."

ကိစ္စရပ်၏ အမှန်တရားကို နားလည်သွားသောအခါ မိမိ၏ ဝစီပိတ်တရားသည် ဆရာကြီး ကျန်းယွမ်အပေါ် အဘယ်ကြောင့် အကျိုးသက်ရောက်မှု မရှိရသနည်းဆိုသည်ကို ကျန်းလျို သဘောပေါက်သွားလေသည်။

သူတော်စင်တစ်ပိုင်း အဆင့်များသည် အပြည့်အဝ စွမ်းအားရှိသော သူတော်စင် အရှင်သခင်များ မဟုတ်ကြသော်လည်း ဥပဒေသများ၏ စွမ်းအားအချို့ကို ခြယ်လှယ်နိုင်ကြသေးသည်။ ဝစီပိတ်တရားကဲ့သို့သော ထိန်းချုပ်မှုအမျိုးအစား စွမ်းရည်များသည်လည်း တစ်နည်းအားဖြင့် စည်းမျဉ်းများကို အခြေခံထားသော စွမ်းရည်များ ဖြစ်နေသောကြောင့် ဆရာကြီး ကျန်းယွမ်အပေါ် အကျိုးသက်ရောက်မှု မရှိခြင်း ဖြစ်နိုင်ပေသည်။

"ဆိုလိုတာက... ငါ့ရဲ့ အထင်ကြီးလောက်စရာ အထောက်အပံ့ စွမ်းရည်တွေက သူတော်စင်တစ်ပိုင်းအဆင့် ရှိတဲ့သူတွေအပေါ် အလုပ်မဖြစ်နိုင်တော့ဘူးပေါ့..."

ဤအရာကို တွေးတောမိသောအခါ ကျန်းလျို၏ ရင်ထဲတွင် စိတ်ပျက်မှုများ ဝင်ရောက်လာလေသည်။

သူ၏ ဝစီပိတ်တရားနှင့် သိုးအသွင်ပြောင်း နည်းစနစ် စသည့် ထိန်းချုပ်မှုအမျိုးအစား စွမ်းရည်များသည် မည်သူ့အပေါ်မဆို အလုပ်ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ တန်ဖိုးမှာ ကျဆင်းသွားပုံရလေသည်။

သို့သော် သေချာစွာ ပြန်တွေးကြည့်သောအခါ သူသည် လက်ရှိတွင် အဆင့် ၃၁ သာ ရှိသေးပြီး သူတော်စင်တစ်ပိုင်းအဆင့် ရှိသော ပုဂ္ဂိုလ်ကြီးများမှာ သူ့အတွက် အလှမ်းဝေးလွန်းနေသေးလေသည်။ သူသည် အရမ်းကြီး မျှော်မှန်းမနေသင့်ဘဲ လက်ရှိရင်ဆိုင်နေရသော ကိစ္စများကို ဦးစွာ ဖြေရှင်းရန်သာ အာရုံစိုက်သင့်ပေသည်။

ဆရာကြီး ကျန်းယွမ်၏ ဝူကျွမ်းကျောင်းတော်တွင် အကျဉ်းချခံထားရခြင်းကို ကျန်းလျိုသည် အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်သည့်အပြင် အကျဉ်းချခံရချိန် ပိုကြာလေ ပိုကောင်းလေဟုပင် မျှော်လင့်နေမိလေသည်။

သို့ရာတွင် ကျင့်ကြံခြင်းကိုပင် မလုပ်နိုင်လောက်အောင် သူ ချည်နှောင်ခံထားရမည်တော့ မဟုတ်ပါချေ။

"ဆရာတော်... ဟီးဟီးဟီး... ဒီတာအိုဆရာအိုကြီးရဲ့ နည်းလမ်းတွေက ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် တပည့်ရဲ့ ကျင့်ကြံခြင်းစွမ်းအင်ကိုပဲ ကန့်သတ်နိုင်ပြီး မူလဝိညာဉ်ကိုတော့ မကန့်သတ်နိုင်ဘူး..."

စွန်းဝူခုန်းက ရုတ်တရက် ရယ်မောလိုက်ကာ ကျန်းလျိုကို ပြောလိုက်လေသည်။

"ဒီလိုဆို ဘယ်လိုလဲ... ကျွန်တော် စွန်းဝူခုန်းရဲ့ မူလဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ထွက်ခွာခိုင်းပြီး တထာဂတဘုရားရှင်ဆီက အကူအညီ သွားတောင်းခိုင်းလိုက်မယ်… ဒီတာအိုဆရာအိုကြီးက အရမ်း ကြမ်းတမ်းလွန်းတယ်… ကျွန်တော်တို့ သူ့ကို မနိုင်ဘူး… တကယ်လို့ တထာဂတဘုရားရှင်ကသာ ကူညီမပေးရင် ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်က ဒီမှာတင် ပြီးဆုံးသွားတော့မှာပဲ..."

စွန်းဝူခုန်း၏ စိတ်အားထက်သန်နေသော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်မိသည်။

‘မျောက်စုတ်... မင်းက ဆရာကြီး ကျန်းယွမ်ကို တထာဂတဘုရားရှင်ထက်တောင် ပိုစွမ်းအားကြီးစေချင်နေတာလို့ ငါထင်တယ်… ဒါကြောင့် တထာဂတဘုရားရှင် အရိုက်ခံရတာကို ကြည့်ဖို့ သူ့ကို ဖိတ်ခေါ်ချင်နေတာ မဟုတ်လား...’

ကျန်းလျိုသည် စွန်းဝူခုန်း၏ အကြံပြုချက်ကို ခေါင်းခါလျက် ငြင်းဆန်လိုက်လေသည်။

"မလိုဘူး... မသွားနဲ့… ဒီကိစ္စကို ငါတို့ဘာသာပဲ ဖြေရှင်းကြတာပေါ့..."

ကျန်းလျို ကိုယ်တိုင်လည်း တထာဂတဘုရားရှင် အရိုက်ခံရမည့် မြင်ကွင်းကို ကြည့်ရှုလိုသော်လည်း အကယ်၍ တထာဂတဘုရားရှင် တကယ် လာခဲ့မည်ဆိုပါက အဖြစ်နိုင်ဆုံး ရလဒ်မှာ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး စကားအနည်းငယ် ပြောဆိုပြီး သဘောတူညီမှု တစ်ခုခု ရယူသွားကြမည်သာ ဖြစ်လေသည်။

သူတို့အချင်းချင်း ရိုက်ပွဲဖြစ်ကြရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုအစား သူတို့၏ ညှိနှိုင်းမှု ရလဒ်အနေဖြင့် သူ့အား အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို ဆက်လက်သွားရောက်ခွင့် ပြုလိုက်ကြမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် တထာဂတဘုရားရှင်ကို မခေါ်ဘဲ ဤအခွင့်အရေးကို အသုံးချကာ အချိန်ပိုဆွဲနေလိုက်ခြင်းက ပိုကောင်းလေသည်။

ကျူးပါကျဲ ပြောသည်မှာ မှန်ပေသည်။ ဆရာကြီး ကျန်းယွမ်သည် သူတို့အားလုံးကို ဖမ်းဆီး၍ ဤနေရာတွင် အကျဉ်းချထားသော်လည်း သူသည် လူကြီးသူမ တစ်ယောက်ဖြစ်ရာ အားလုံးကို အစာငတ်ခံထားမည်တော့ မဟုတ်ပါချေ။

ထို့ကြောင့် မွန်းတည့်ချိန်သို့ ရောက်သောအခါ တာအိုကျောင်းသားလေး ချင်းဖုန်းနှင့် မင်ယွဲ့တို့က အစားအစာများကို တကယ်ပင် ယူဆောင်လာခဲ့ကြလေသည်။

ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီးနောက် ကျန်းလျိုနှင့် အခြားသူများကို တုပ်နှောင်ထားသော ကြိုးများမှာ အလိုအလျောက် ပြေလျော့သွားပြီး ကျန်းလျိုနှင့် အခြားသူများကို ထမင်းစားရန် ခေါ်လိုက်ကြလေသည်။

"ဟေ့... ချင်းဖုန်း ကလေးလေး… ဒီအစားအစာတွေကို မင်းတို့ပဲ ထပ်ချက်ထားတာ မဟုတ်လား..."

စွန်းဝူခုန်းသည် ထမင်းစားပွဲတွင် ထိုင်နေသော်လည်း တူကိုကောက်ကိုင်မည့် အရိပ်အယောင် လုံးဝမပြချေ။ သူ၏ ပန်းကန်လုံးထဲရှိ သိသာစွာပင် နပ်မနေသော ထမင်းများကို ကြည့်ကာ သူက စကားစလိုက်လေသည်။

လက်ရှိ ဝူကျွမ်းကျောင်းတော်တွင် ဆရာကြီး ကျန်းယွမ်နှင့်အတူ ချင်းဖုန်း၊ မင်ယွဲ့ ဟူသော တာအိုကျောင်းသားလေး နှစ်ယောက်သာ ရှိလေသည်။ ဆရာကြီး ကျန်းယွမ်မှာ ဒေါသထွက်နေသည်ဖြစ်ရာ သူက အားလုံးအတွက် ချက်ပြုတ်ပေးမည် မဟုတ်ပါချေ။ ထို့ကြောင့် ချက်ပြုတ်ရမည့် တာဝန်သည် ချင်းဖုန်းနှင့် မင်ယွဲ့တို့အပေါ်သို့ ကျရောက်သွားခဲ့လေသည်။

"မျောက်စော်နံတဲ့ကောင်... မင်းက အခြေအနေကို နားမလည်တာကလွဲရင် အကုန်တော်တယ်… ပြီးတော့ ပါးစပ်ကလည်း ဆိုးသေးတယ်… စားစရာ ရှိတာကိုတောင် ရွေးချယ်နေသေးတာလား..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ တာအိုကျောင်းသားလေး ချင်းဖုန်း၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် ပြောင်းလဲသွားပြီး စွန်းဝူခုန်းကို စိတ်တိုစွာဖြင့် ပြန်ပြောလိုက်လေသည်။

"ဟီးဟီးဟီး... မင်း စိတ်တိုသွားတာလား… ဒါဆို ငါ စွန်းဝူခုန်း မင်းကို မေးမယ်… မင်း ကိုယ်တိုင်ရော စားပြီးပြီလား… ဘယ်လောက် စားလိုက်လဲ..."

စွန်းဝူခုန်းက ဒေါသမထွက်ဘဲ ထိုမေးခွန်းကို ချင်းဖုန်းထံသို့သာ ပြန်လည်ပစ်ပေါက်ကာ မေးလိုက်လေသည်။

"အဲဒါက..."

စွန်းဝူခုန်း၏ တန်ပြန်မေးခွန်းကြောင့် တာအိုကျောင်းသားလေး ချင်းဖုန်းမှာ ခဏတာမျှ စကားဆွံ့အသွားလေသည်။

မင်ယွဲ့က ရယ်မောကာ ဝင်ဖြေလိုက်လေသည်။

"ချင်းဖုန်းက ပန်းကန်လုံး တစ်ဝက်ကိုတောင် မနည်း မြိုချလိုက်ရတာလေ..."

"မင်ယွဲ့... မင်း…မင်းက ငါ့ကို လှောင်နေတာလား… မင်းကိုယ်တိုင်လည်း သုံးလုတ်လောက်ပဲ မြိုချနိုင်ခဲ့တာ မဟုတ်ဘူးလား..."

မင်ယွဲ့က ဖွင့်ချလိုက်ပြီးနောက် ချင်းဖုန်းက စိတ်တိုစွာဖြင့် ပြန်ပြောလိုက်လေသည်။

"ငါ… ငါက အဆင်ပြေပါတယ်… ငါက အနည်းဆုံး သုံးလုတ်လောက်တော့ မြိုချနိုင်ခဲ့သေးတယ်… ဒါပေမဲ့ ဆရာကြီးကတော့ တစ်လုတ်တည်းစားပြီး ချက်ချင်း ပြန်ထွေးထုတ်ပစ်လိုက်တာလေ..."

မင်ယွဲ့က ဆက်ပြောလိုက်လေသည်။

"မင်ယွဲ့... မင်း အသက်မရှင်ချင်တော့ဘူးလား… ဆရာကြီးကိုများ အတင်းပြောရဲတယ်ပေါ့..."

မင်ယွဲ့၏ စကားကြောင့် ချင်းဖုန်း၏ မျက်နှာပြောင်းသွားကာ သူ့အား လေသံတိုးတိုးဖြင့် အလျင်အမြန် ဆူပူလိုက်လေသည်။

ချင်းဖုန်း၏ စကားကို ကြားသောအခါ မင်ယွဲ့သည်လည်း သူ စကားလွန်သွားကြောင်း သတိပြုမိသွားပြီး လန့်ဖြန့်ကာ ပါးစပ်ကို ကမန်းကတန်း ပိတ်ထားလိုက်လေသည်။

"ဟီးဟီးဟီး... မင်းတို့ ကလေးနှစ်ယောက်… မင်းတို့ရဲ့ ဆရာကြီး ကျန်းယွမ်က ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေ ရှိပေမယ့် နည်းနည်းတော့ သဘောထားသေးသိမ်လွန်းတယ် ထင်တယ်နော်..."

ချင်းဖုန်းနှင့် မင်ယွဲ့တို့၏ တုံ့ပြန်မှုများကို ကြည့်ရင်း စွန်းဝူခုန်းက ရယ်မောကာ မှတ်ချက်ချလိုက်လေသည်။

"မျောက်စုတ်... လျှောက်မပြောနဲ့… ဆရာကြီးက ငါတို့အပေါ် အမြဲတမ်း အရမ်းကြင်နာပါတယ်… ဒါပေမဲ့... အင်း... သူ့ကိုတော့ နောက်ကွယ်မှာ အတင်းပြောလို့ မရဘူး… အရင်တုန်းက တပည့်တစ်ယောက်က ဆရာကြီးကွယ်ရာမှာ တစ်ခုခု ပြောမိလို့ ဆရာကြီးက သူ့ကို အိမ်သာဆေးတဲ့ အလုပ်ကို နှစ်တစ်ရာတောင် လုပ်ခိုင်းဖူးတယ်..."

ချင်းဖုန်းက စကား၏ နောက်ပိုင်းတစ်ဝက်ကို တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

"ဒီ... ဒီ ဆရာကြီး ကျန်းယွမ်က တကယ်ပဲ အဲဒီလို လူမျိုးလား… သူ့ရဲ့ စရိုက်က လုံးဝကို ပြိုကျပျက်စီးသွားပြီပဲ..."

ကျန်းလျိုက ဘေးမှနေ၍ နှုတ်ခမ်းအနည်းငယ် တွန့်ကွေးကာ မှတ်ချက်ချလိုက်လေသည်။

"မျောက်စုတ်... မင်း ကံကောင်းပါစေလို့ ဆုတောင်းထားတာ ပိုကောင်းမယ်… မင်းက ဆရာကြီးကို လှောင်ပြောင်ရုံသာမကဘူး… သူ့ရဲ့ လူသစ်သီးက မိဖုရားခေါင်ကြီးရဲ့ မက်မွန်သီးလောက် မကောင်းဘူးလို့တောင် ပြောခဲ့သေးတယ်… ငါထင်တာတော့ ဆရာကြီး ဒေါသပြေဖို့ အနည်းဆုံး နှစ်သုံးရာကနေ ငါးရာလောက်အထိ စောင့်ရလိမ့်မယ်..."

မင်ယွဲ့က စွန်းဝူခုန်းကို ကိုယ်ချင်းစာသနားဟန်ဖြင့် ပြောလိုက်လေသည်။

"နှစ်သုံးရာကနေ ငါးရာအထိ ဟုတ်လား… မဖြစ်နိုင်တာ... လုံးဝ လက်မခံနိုင်ဘူး..."

ဤမျှ ကြာမြင့်သော အချိန်ကာလကို ကြားလိုက်ရသောအခါ ဘေးနားရှိ ရှားဝူကျင်းက ပန်းကန်လုံးကို ချကာ အလောတကြီး ကန့်ကွက်လိုက်လေသည်။

"ဝူကျင်း... မလန့်ပါနဲ့… တည်တည်ငြိမ်ငြိမ် နေစမ်းပါ..."

ဝူကျင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းလျိုက ခေါင်းခါပြလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ တိတ်တဆိတ် ပီတိဖြစ်နေလေသည်။

‘နှစ်သုံးရာကနေ ငါးရာ ဟုတ်လား… အဲဒါက မဖြစ်နိုင်ပါဘူး… မဟာယနဂိုဏ်းက သေချာပေါက် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားမှာပဲ မဟုတ်ဘူးလား…’

သို့သော် ဆရာကြီး ကျန်းယွမ်၏ အဆင့်အတန်းအရ အကယ်၍ သူသာ သူတို့ကို ဤနေရာတွင် တကယ် ဆက်ထားချင်နေမည်ဆိုပါက တထာဂတဘုရားရှင်ပင်လျှင် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါချေ…။

သို့ဆိုလျှင် သူတို့အနေဖြင့် ဤနေရာတွင် အချိန်အနည်းငယ်လောက် ထပ်ဆွဲထားနိုင်မည် မဟုတ်ပါလော…။

နှစ်သုံးရာ၊ ငါးရာ မဟုတ်လျှင်တောင်၊ ဆယ်စုနှစ် သုံးလေးငါးခု သို့မဟုတ် သုံးနှစ်ကနေ ငါးနှစ်လောက်ဆိုလျှင်တောင်မှ တော်တော်လေး ကောင်းမွန်နေပြီ မဟုတ်ပါလော…။

“အဟွတ်... အဟွတ်....”

ကျန်းလျိုနှင့် အခြားသူများသည် ချင်းဖုန်း၊ မင်ယွဲ့တို့နှင့် စကားစမြည်ပြောဆိုနေကြစဉ်မှာပင် ရုတ်တရက် ခြောက်ကပ်ကပ် ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် တာအိုကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားကာ နောက်ကျောဘက်တွင် လက်ပိုက်ထားသော ဆရာကြီး ကျန်းယွမ် လျှောက်လှမ်းလာသည်ကို သူတို့ မြင်လိုက်ကြရလေသည်။

***

All Chapters