အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
Chapter 141
အစီအစဥ်များ
ဟယ်လီကော်ပတာသည် မြို့ပြနယ်နိမိတ်ကို ကျော်လွန်ကာ တောင်တန်းဒေသထဲသို့ ပျံသန်းဝင်ရောက်သွားပြီးနောက် မကြာမီမှာပင် ပြန်လည်ဆင်းသက်ရန် ပြင်ဆင်လိုက်၏။ ဝမ်ရှန်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အနီးပတ်ဝန်းကျင်တွင် ခရီးသည်တင်ဂျက်လေယာဉ်တစ်စင်းဆိုက်ရောက်နေသည်ကို မြင်လိုက်ရသည်။ ကပ္ပတိန်နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်အချို့မှာ လေယာဉ်ပေါ်သို့ တက်ရောက်နေကြပြီ ဖြစ်သည်။
ဝမ်ရှန်းတို့အဖွဲ့လည်း ချက်ချင်းပင် အပြေးအလွှားသွားလိုက်ကြ၏။ ဝမ်ရှန်းက ဓားသေတ္တာကိုသယ်ဆောင်ထားပြီး သူ၏စီနီယာအစ်မကမူ သူ့ကို တွဲခေါ်လာသည်။ ယခုအချိန်တွင်မူ ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် အခြားအရာများကို စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။
လေယာဉ်ပေါ်တက်ပြီးနောက် ဘူဒိုဇာက နောက်ဘက်ခန်းသို့ထွက်သွားပြီး ဝမ်ရှန်း၊ မုဝမ်ရွှမ်းနှင့် ဖေးလျန်ဇီတို့ကိုမူ ချီလင်းထိုင်နေသည့် ပထမတန်းစားအခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လေယာဉ်ပေါ်တွင် ကြိုတင်ရောက်ရှိနေသည့် တာအိုဆရာကြီး ၇ဦးပင်လျှင် ယခုကဲ့သို့ အထူးအခွင့်အရေးမျိုးမရရှိခဲ့ကြချေ။
မကြာမီမှာပင် သူတို့သည် ချီလင်းကို မြင်တွေ့လိုက်ရသည်။ သူမသည် စစ်တပ်အရာရှိအချို့နှင့် ဗီဒီယိုကောလ်ဖြင့် အစည်းအဝေးလုပ်နေဆဲဖြစ်သဖြင့် စကားပြောရန်အခွင့်အရေးမရခဲ့ကြပေ။
မုဝမ်ရွှမ်းက ဝမ်ရှန်းကို ထောင့်စွန်းရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ရန် ကူညီပေးပြီး ထိုင်ခုံခါးပတ်ကို သေချာပတ်ပေးလိုက်ပြီးနောက် သူ၏အရိုးဒဏ်ရာကို ထပ်မံ၍ ပြုစုကုသပေးပြန်၏။ ဆေးဆီများက ကျိုးသွားသော အရိုးများဆီသို့ တဖြည်းဖြည်းချင်းစိမ့်ဝင်သွားပြီးနောက် အစစ်မှန်ချီဖြင့် အပြည့်အဝလှုံ့ဆော်ပေးလိုက်သည်။ ဒဏ်ရာတစ်ဝိုက်တွင် ယားယံလွန်းသဖြင့် အလွန်ခံရခက်လှသော်လည်း ဝမ်ရှန်းလည်း အောင့်အည်းသည်းခံရုံမှတစ်ပါး အခြားမရှိတော့ပေ။
“အကူအညီလိုအပ်လား။ ငါတို့ ဓားဂိုဏ်းက လိမ်းဆေးကို စမ်းသုံးကြည့်မလား” ဖေးလျန်ဇီက တီးတိုးမေးလိုက်သည်။
ဝမ်ရှန်းက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း “ရတယ် စီနီယာ။ ဒဏ်ရာက သက်သာလုနီးပါးဖြစ်နေပါပြီ။ ကျေးဇူးတင်ပါတယ်”
“အားနာစရာမလိုပါဘူး။ ဓားကျင့်ကြံသူတွေအားလုံးက မိသားစုတွေလိုပါပဲ။ ဟင်… ဒါက ဆေးနတ်ဘုရားချိုင့်ဝှမ်းက လင်းလက်ကျောက်စိမ်းနက်ဆေးဆီမဟုတ်လား” ဖေးလျန်ဇီက ကျန်ရှိနေသော ဆေးဆီအနှစ်အချို့ကိုယူကာ လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်ပြီးနောက် အံ့ဩတကြီးဖြင့် လျှာခေါက်လိုက်မိသည်၊၊
လင်းလက်ကျောက်စိမ်းနက်လိမ်းဆေးလား…၊၊
ဝမ်ရှန်း ထိုအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ “စီနီယာ… အဲဒါက ထူးခြားလို့လား”
“ရှားပါးပြီး စျေးကြီးတယ်လို့ပြောရမယ်။ သိပ်မကြာခင်က ငါ့ရဲ့ တာအိုရောင်းရင်းတစ်ယောက်ရဲ့ တပည့်က ဓားသိုင်းကျင့်နေရင်း ခြေထောက်ကျိုးသွားဖူးတယ်။ သူ ဆေးနတ်ဘုရားချိုင့်ဝှမ်းကို သွားပြီး ကုသမှုခံယူတော့ ဒီဆေးဆီအနည်းငယ်အတွက် တရုတ်ယွမ်ငွေ ငါးသောင်းလောက် ကုန်ကျခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အာနိသင်ကတော့ အတော်စွမ်းတယ်”
ဝမ်ရှန်းလည်း အားနာပြီး အံ့သြသွားသည်၊၊
မကြာမီမှာပင် လေယာဉ်က ပျံတက်သွားခဲ့သည်။ ချီလင်း၏ ဘေးပတ်ဝန်းကျင်တွင်မူ အမျိုးသမီးငယ်အချို့က ရိုးရှင်းသော ကွပ်ကဲမှုနယ်မြေတစ်ခုကို အလုပ်ရှုပ်ခံ၍ ပြင်ဆင်နေကြသည်။ သတင်းအချက်အလက်များစုဆောင်းခြင်းနှင့် အကြံပြုချက်များပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေသဖြင့် သူမတွင် လက်ရှိ၌ တိုက်ရိုက်အမိန့်ပေးပိုင်ခွင့်မရှိသေးချေ။
မကြာမီမှာပင် ချီလင်းက ဝမ်ရှန်းကို သတိပြုမိသွားသည်။ လေယာဉ်အရှိန်ငြိမ်သွားသည်နှင့် သူမသည် လျှောက်လာခဲ့သည်။
မုဝမ်ရွှမ်းက ဝမ်ရှန်း၏ ခြေထောက်များကို ကိုင်ထားဆဲဖြစ်သဖြင့် မတ်တတ်ရပ်ရန် အဆင်မပြေဖြစ်နေသည်။ ထို့ကြောင့် သူမက ထိုင်လျက်ပင် တပည့်တစ်ဦး၏ အမူယာဖြင့် ရိုသေစွာ ဂါရဝပြုလိုက်သည်။ ထို့နောက် ဖေးလျန်ဇီကလည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ချီလင်းကို နှုတ်ဆက်လိုက်သည်။
“ဆရာကတော်… အခြေအနေက ဘယ်လိုရှိလဲ”
ဝမ်ရှန်းက မေးလိုက်သည်။
ချီလင်းက သူ့ဘက်သို့ လှည့်လိုက်သည်၊၊
“မင်းကို ဘူဒိုဇာက အခြေခံအကြောင်းအရာတွေကို ပြောပြထားပြီးပြီမဟုတ်လား။ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ကျွန်းကို အပြည့်အဝပိတ်ဆို့ထားပြီး ထွက်ပြေးနိုင်မယ့်လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားလိုက်ပြီ။ ရေတပ်ကလည်း ရည်မှန်းချက်ရှိရာပင်လယ်ပြင်ဆီကို ဦးတည်မောင်းနှင်လာနေတယ်။ သူတို့က နိုင်ငံခြားကနေ ဝင်ရောက်စွက်ဖက်တာမျိုးမရှိစေဖို့ ပိုကျယ်ပြန့်တဲ့ ကာကွယ်ရေးလိုင်းကို ချမှတ်ထားလိမ့်မယ်။ ဒီနေ့တော့ ငါတို့က အဲဒီမိစ္ဆာကျင့်ကြံသူတွေကို အမြစ်ပြတ်ချေမှုန်းရမယ်။ ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့်မပေးနိုင်ဘူး။ အခု သူတို့လက်ထဲမှာ ဓားစာခံ ၆၀၀ကျော် ရှိနေပြီ။ အများစုက ကျွန်းပေါ်မှာ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် ကလေးတွေပဲ၊၊ ဒီတိုက်ခိုက်မှုက ရုတ်တရက် ဆုံးဖြတ်ချက်ချပြီး လုပ်တာမဟုတ်ဘူး။ ကြိုတင်ပြီး အသေအချာစီစဉ်ထားခဲ့တာပဲ”
“သူတို့က သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုကို သက်သေပြဖို့နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို နောက်ဆုတ်သွားစေဖို့အတွက် ဓားစာခံတွေကို ဆက်တိုက်သတ်ဖြတ်နေကြတယ်။ ဒါပေမဲ့လည်း စစ်ဆင်ရေးတပ်ဖွဲ့အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို နောက်ဆုတ်ပေးလို့မရဘူး။ ဒါက အခုလောလောဆယ် အရေးကြီးဆုံးပြဿနာပဲ။ မင်းမှာ စိတ်ကူးတစ်ခုခု ဒါမှမဟုတ် အကြံဉာဏ်ရှိရင် ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်”
“ခေါင်းဆောင်ပိုင်းတွေကို အလစ်ချောင်းတိုက်ရင်ကော အဆင်ပြေနိုင်မလား”
ဝမ်ရှန်းက မေးလိုက်သည်။
“ငါတို့ဘက်မှာ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိနေရင်တောင်မှ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူခြောက်ယောက်ကို တစ်ကွက်တည်းနဲ့ အပြတ်အသတ်နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပိုပြီးကြီးမားတဲ့ ပြဿနာက ငါတို့ထဲက ဘယ်သူမှ မပျံသန်းနိုင်သေးတာပဲ။ ပျံသန်းနိုင်တယ်ဆိုရင်တောင်မှ အချိန်လုံလောက်အောင် မြန်မှာမဟုတ်ဘူး။ အဲဒီနေရာကို ရောက်ဖို့ အချိန်ယူရဦးမယ်။ ဒါ့အပြင် အခုလောလောဆယ်မှာ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်ကနေ သွားရှာရမလဲ။ အဲဒီအဆင့်ကို ရောက်ဖို့ဆိုတာ သာမန်ထက်ထူးကဲတဲ့ တာအိုသိမြင်နားလည်မှုလိုအပ်တယ်”
ဝမ်ရှန်းက သူ၏ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်မပြောဘဲ ခါးသီးစွာပြုံးလိုက်မိရုံသာတတ်နိုင်သည်။ ချင်ယန်ဇီက အနောက်မြောက်ဘက်၏ အဝေးဆုံးဒေသတွင် ရောက်ရှိနေသည်။ အကယ်၍ သူ့ကို ဂူပိတ်ကျင့်ကြံရာမှ ခေါ်ယူနိုင်ခဲ့လျှင်ပင် ပင်လယ်ဝါသို့ အချိန်မီရောက်ရှိလာနိုင်မည်မဟုတ်ပေ။
ထို့အပြင် လေယာဉ်ပေါ်တွင် တာအိုဆရာကြီး ၇ဦးရှိနေပြီးဖြစ်ကာ အစိုးရဘက်မှ ကျွမ်းကျင်သူများလည်း ထိုနေရာသို့ စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ သူ၏ဆရာကို ခေါ်ယူခြင်းကလည်း ကြီးမားသော ထူးခြားမှုမျိုးရှိလာမည်မဟုတ်ပေ။
“အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အနီးဆုံးအထူးအဖွဲ့ကတော့ နောက် ၁၅မိနစ်အတွင်း ရောက်လာလိမ့်မယ်။ ငါတို့ အစီအစဉ် သုံးခုကို ချမှတ်ထားပြီးပြီ။ ပထမအစီအစဉ်ကတော့ ဓားစာခံတွေ ထိခိုက်သေဆုံးမှုကိုလျှော့ချဖို့အတွက် တိကျတဲ့တိုက်ခိုက်မှုလုပ်ဖို့ ဖြစ်တယ်။ ဒုတိယအစီအစဉ်ကတော့ ကျင့်ကြံသူတွေကို တိုက်ရိုက်ဝင်ရောက်စီးနင်းခိုင်းဖို့ ဖြစ်တယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ နည်းပြတွေက စတင်စုရုံးနေကြပြီ။ ဒါပေမဲ့ ငါတို့လိုပဲ ကျွန်းကိုရောက်ဖို့ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် အချိန်ယူရဦးမယ်။ လေယာဉ်ပေါ်မတက်ခင်က ငါ့အဖွဲ့ကို အကူအညီပေးနိုင်မယ့် လမ်းမှန်ကျင့်ကြံသူတိုင်းကို ဆက်သွယ်ခိုင်းထားတယ်။ အခုဆိုရင် ဌာနတိုင်းက အနီးနားမှာရှိတဲ့ ကူညီပေးချင်တဲ့ ကျင့်ကြံသူတွေကို သယ်ယူပို့ဆောင်ပေးဖို့ အလုပ်လုပ်နေကြပြီ။ တတိယအစီအစဉ်ကတော့ ဒုတိယအစီအစဉ်ရဲ့ နောက်ဆက်တွဲပဲ။ သူတို့ရဲ့ တောင်းဆိုချက်အတိုင်း မင်းနဲ့ငါက ကျွန်းပေါ်ကိုသွားပြီး ဆွေးနွေးညှိနှိုင်းရမယ်။ ငါတို့က သူတို့ရဲ့ ပုံရိပ်ယောင်အမြုတေအဆင့်ကျွမ်းကျင်သူတွေကို အာရုံလွှဲထားတုန်း ငါတို့စုရုံးထားတဲ့ ကျွမ်းကျင်သူတွေက ဘေးကနေ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံတွေရှိနေတဲ့ ဗဟိုနယ်မြေကို ထိန်းချုပ်ရလိမ့်မယ်”
“အစီအစဉ် သုံးခုစလုံးကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေတယ်။ ပထမအစီအစဉ်ကိုတော့ အချိန်မရွေးစတင်နိုင်တယ်။ အခြေအနေဖြစ်ပွားခဲ့တာ မိနစ်နှစ်ဆယ်တောင်မပြည့်သေးဘူးဆိုတော့ ငါတို့အနေနဲ့ မတူညီတဲ့နည်းလမ်းတွေကို ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်။ ဒါပေမဲ့ ငါတို့ရဲ့မူဝါဒကတော့ အခုလိုဖြစ်ရပ်မျိုးကို လေးနာရီအတွင်း ရှင်းလင်းပစ်ဖို့ပဲ။ အဲဒီအချိန်ပြည့်သွားတာနဲ့ ပထမအစီအစဉ်ကို အလိုအလျောက်အကောင်အထည်ဖော်လိမ့်မယ်”
ချီလင်းက ခေတ္တရပ်နားကာ ဝမ်ရှန်းကို အားနာဟန်ဖြင့် ကြည့်လိုက်သည်၊၊
“ဖေးယွီ… မင်းအနေနဲ့ ဒီလိုစွန့်စားမှုကို ငြင်းပယ်ပိုင်ခွင့်ရှိပါတယ်”
“အကယ်၍ အချိန်မီမယ်ဆိုရင် အချိန်ဆွဲနိုင်ဖို့ ကျွန်တော်တစ်ယောက်တည်း သွားပါရစေ။ ဆရာကတော် မသွားသင့်ဘူး”
ဝမ်ရှန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“အနည်းဆုံးတော့ ကျွန်တော့်မှာ ကျင့်ကြံမှုရှိနေသေးတယ်။ ကျွန်တော့်လက်ထဲမှာ ဓားရှိနေသရွေ့တော့ သူတို့ကို အချိန်ဆွဲထားနိုင်မယ့်နည်းလမ်းကိုတွေးမိပြီး သူတို့ရဲ့ ပုံရိပ်ယောင်အမြုတေအဆင့်ကျွမ်းကျင်သူတွေရဲ့ အာရုံကိုလွှဲထားနိုင်လိမ့်မယ်”
“ဒါက စိတ်ခံစားချက်အတိုင်း ဆုံးဖြတ်ရမယ့် အချိန်မဟုတ်ဘူး။ ငါ့ရဲ့အသက်ကို ဓားစာခံနှစ်ယောက်ရဲ့ အသက်နဲ့ လဲလှယ်နိုင်မယ်ဆိုရင်တောင်မှ ငါ့ကိုယ်ငါ စွန့်လွှတ်ရကျိုးနပ်ပါတယ်”
ချီလင်းက ပြန်လည်ချေပလိုက်သည်။
သူမရဲ့ စိတ်ဓာတ်ပြတ်သားမှုကတော့ အံ့ဩစရာပဲ…၊၊
ထိုစဉ်မှာပင် ကွပ်ကဲမှုနယ်မြေဘက်မှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
“ကပ္ပတိန်… အခင်းဖြစ်ပွားတဲ့နေရာက တိုက်ရိုက်ရုပ်သံရပါပြီ”
ချီလင်းက ဝမ်ရှန်းကို နက်ရှိုင်းစွာကြည့်လိုက်ပြီးနောက် လျှောက်လှမ်းသွားကာ အခြားဗီဒီယိုကွန်ဖရင့်တစ်ခုကို ခေတ္တမျှ ထပ်မံပြုလုပ်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ဝမ်ရှန်းက သူ၏ဝိညာဉ်အသိစိတ်ကို အသုံးပြု၍ ကပ္ပတိန်နှင့် စစ်တပ်အရာရှိများအကြား ပြောဆိုဆက်သွယ်မှုအားလုံးကို နားထောင်လိုက်သည်။
အခင်းဖြစ်ပွားရာနေရာနှင့် အနီးဆုံးရှိစစ်ဆင်ရေးတပ်ဖွဲ့မှာ ထင်ထားသည်ထက်ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့သည်။ ၎င်းတို့၏ အင်အားစုတွင် ပုံရိပ်ယောင်အမြုတေအစောပိုင်းအဆင့် နည်းပြနှစ်ဦးနှင့် အဆင့်မြင့်အမြုတေဖွဲ့စည်းခြင်းအဆင့် တိုက်ခိုက်ရေးသမား ၁၀၀ကျော် ပါဝင်သည်။
ဖေးလျန်ဇီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ “အာဏာပိုင်တွေက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူအများကြီးကို ဘယ်ကနေရှာတွေ့ခဲ့တာလဲ”
ဝမ်ရှန်းက မျက်တောင်ခတ်လိုက်မိသော်လည်း လွန်ခဲ့သောအချိန်က သူမြင်တွေ့ခဲ့ဖူးသော အရာတစ်ခုကို ချက်ချင်း သတိရလိုက်သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များသည် ကုသရေးအဆောင်များနှင့် ဆေးလုံးများကို အမြဲတမ်းသယ်ဆောင်ထားတတ်ကြသည်။
မာဇီပင်း၏ သုတေသနအဖွဲ့မှာ အဓိကအားဖြင့် ကမ္ဘာဦးချီ၏ ဖွဲ့စည်းပုံနှင့် ကျင့်ကြံသူများ၏ သက်တမ်းကို သုတေသနပြုခြင်းအပေါ် အာရုံစိုက်ထားခြင်းဖြစ်သည်။ အခြားဌာနတစ်ခုခုက ဆေးလုံးများ၏ပါဝင်ပစ္စည်းများကို အပြည့်အဝဖော်ထုတ်နိုင်ခဲ့ပြီး ယခုအခါ အမြောက်အမြားထုတ်လုပ်နေခြင်းလည်းဖြစ်နိုင်သည်။
“ဒါက ဆေးလုံးတွေနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်” ဝမ်ရှန်းက တိုးတိုးလေးပြောလိုက်သည်။
ဖေးလျန်ဇီက ရှုပ်ထွေးဟန်ဖြင့် မျက်တောင်ခတ်ကြည့်နေသည်။
ထိုအတောအတွင်း ဗီဒီယိုကွန်ဖရင့်၌ စစ်တပ်အရာရှိတစ်ဦးက အဆိုပြုချက်တစ်ခုကို တင်ပြလာသည်။
___အထူးစစ်ဆင်ရေးတပ်ဖွဲ့မှာ ရန်သူကို တိုက်ရိုက်ရင်ဆိုင်နိုင်တဲ့ အင်အားရှိနေပါပြီ။ အထူးတပ်ဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှု အင်အားအသာစီးရမှုနဲ့ ပတ်ဝန်းကျင်ကနေ တိကျတဲ့ပစ်ခတ်မှုတွေ ရှိနေရင် အဲဒီမိစ္ဆာကျင့်ကြံသူတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ရပါမယ်၊၊
ချီလင်းက ထိုအကြံဉာဏ်ကို ပြတ်ပြတ်သားသားငြင်းပယ်လိုက်သည်။ “အဲဒီလိုလုပ်တာက ဓားစာခံတွေနဲ့ ငါတို့အင်အားစုတွေရဲ့ ဘေးကင်းမှုကို စွန့်စားရာရောက်လိမ့်မယ်။ ငါ့အနေနဲ့ နောက်ထပ်စစ်ကူတွေကိုစောင့်ဆိုင်းဖို့ အကြံပြုချင်ပါတယ်”
___လွန်ခဲ့တဲ့ တစ်မိနစ်ကတင် သူတို့က သက်ကြီးရွယ်အိုဓားစာခံတစ်ယောက်ကို ထပ်ပြီးသတ်ပစ်လိုက်ကြပြီ။ ငါတို့က သူတို့ကို ပိတ်ဆို့ထားတာကို တကယ်ပဲ လျှော့ပေးလိုက်တော့မှာလား။ အဲဒီလိုလုပ်လို့ သူတို့ရဲ့ကျင့်ကြံသူတွေက အခွင့်ကောင်းယူပြီး ပင်လယ်ထဲကို ထွက်ပြေးသွားရင် ဘယ်သူက တာဝန်ယူမှာလဲ၊၊
ချီလင်းက အခန်းထဲတွင်လျှောက်နေသည်။ ထို့နောက် သူမက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။
“ကျွန်းပေါ်ကို သတင်းစကားပါးလိုက်ပါ၊၊ ပြီးတော့ ဆက်သွယ်ရေးကိရိယာအချို့ကိုလည်း လေထီးနဲ့ချပေးလိုက်ပါ။ သူတို့က ငါ့ကို တွေ့ချင်နေကြတာမဟုတ်လား။ ငါ သူတို့ကို အချိန်ဆွဲထားနိုင်မယ့် နည်းလမ်းကို ရှာကြည့်ပါ့မယ်၊၊ အကယ်၍ သူတို့က စကားပြောဖို့ ငြင်းဆန်ရင် ဒါမှမဟုတ် ငါ့ရဲ့ ဆွေးနွေးညှိနှိုင်းမှုက ထိရောက်မှုမရှိရင် ငါကဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးလုပ်မှာမဟုတ်တော့ဘူး။ ငါ တောင်းဆိုချင်တာကတော့ မင်းတို့အနေနဲ့ ရာနှုန်းပြည့် သေချာတဲ့အချိန်ကျမှသာ အရေးယူဆောင်ရွက်ပေးဖို့ပါပဲ”
အခြားအရာရှိတစ်ဦးက စကားဝိုင်းထဲသို့ ဝင်လာခဲ့သည်။
__ကပ္ပတိန်ချီလင်း မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်စားချေမှုက မင်းရဲ့ အတိတ်က လုပ်ရပ်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ မင်းက သူတို့ဂိုဏ်းသားအများကြီးကို ဖမ်းဆီးခဲ့ပြီး ကျင့်ကြံသူတွေအပေါ် အကြီးစားလက်နက်တွေသုံးဖို့အထိ ခွင့်ပြုခဲ့ဖူးတယ်၊၊
“ငါက ကျင့်ကြံသူတွေကြားထဲက ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ကာကွယ်တာပဲလုပ်တယ်၊၊ ရာဇဝတ်ကောင်တွေနဲ့ အလျှော့ပေးညှိနှိုင်းတာမျိုးမလုပ်ဘူး” ချီလင်းက ခိုင်မာသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
ထိုအရာရှိကလည်း ပြန်လည်အလေးပြုရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။ ထို့နောက် ဗီဒီယိုကွန်ဖရင့် ပြီးဆုံးသွားခဲ့ပြီး ချီလင်းက ချက်ချင်းပင် ပြင်ဆင်မှုများကို အလုပ်ရှုပ်ခံ၍ ပြုလုပ်တော့သည်။ ဝမ်ရှန်းက သူမကို နောက်မှနေ၍ တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် မိစ္ဆာကျင့်ကြံသူများသည် ချီလင်း၏ ဖုန်းခေါ်ဆိုမှုတောင်းဆိုချက်ကို သဘောတူလိုက်ကြသည်။ ကျွန်းပေါ်သို့ လေထီးဖြင့်ချပေးထားသော တရားဝင်ဆက်သွယ်ရေးကိရိယာများကို အသုံးပြု၍ ၎င်းတို့က သူမထံသို့ ဗီဒီယိုဖုန်းခေါ်ဆိုလာခဲ့သည်။
မျက်နှာပြင်ပေါ်တွင် လူနှစ်ဦးပေါ်လာသည်။ တစ်ဦးမှာ ငယ်ရွယ်သော မိန်းကလေးတစ်ဦးနှင့်တူသည့် သေးသွယ်နုနယ်သော ရေနတ်ဘုရားဖြစ်သည်။ သူမတွင် မျက်နှာကို ဖုံးကွယ်ထားသည့် မြူခိုးကဲ့သို့ ကာရံထားသောပုဝါတစ်ခုရှိနေသဖြင့် သူမ၏ တိကျသောရုပ်ရည်ကို ခွဲခြားရန်မဖြစ်နိုင်ချေ။
Chapter 142
စိန်ခေါ်ခြင်း
သူမ၏ ဘေးတွင်မူ ထျန်းလင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ သံမဏိလင်းယုန်ထိုင်နေသည်၊၊ ၎င်းတွင်လည်း မျက်နှာတစ်ဝက်ဖုံးကွယ်ထားသော မျက်နှာဖုံးတစ်ခုရှိနေပြီး လက်များတွင်မူ သံမဏိရောင်ရှိသော လက်အိတ်များကို ဝတ်ဆင်ထားသည်။ သူသည် ရဲတပ်ဖွဲ့၏ အလိုရှိဆုံးတရားခံပြေးစာရင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာပါဝင်နေခဲ့သူဖြစ်ပြီး လွန်ခဲ့သောနှစ်နှစ်အတွင်းမှာပင် ထွက်ပေါ်လာခဲလှသည်။
ရေနတ်ဘုရား စကားပြောလိုက်သောအခါ သူမ၏ ငယ်ရွယ်သောရုပ်ရည်နှင့် မလိုက်ဖက်စွာပင် အိုမင်းနေသောအသံမျိုး ထွက်ပေါ်လာခဲ့သည်။
__မင်းက ငါ့ကို လူစားထိုးနဲ့ လှည့်စားဖို့ မကြိုးစားခဲ့တာ ကံကောင်းတယ်။ ငါ မင်းရဲ့ လက်အောက်ငယ်သား တစ်ယောက်ကို ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်သုံးပြီးပြီ။ ငါ မင်းရဲ့ မျက်နှာကို မြင်ဖူးတယ်။ အကယ်၍ ဖုန်းကိုဖြေတာ မင်းမဟုတ်ခဲ့ရင် ငါဆက်ပြီးပြောစရာရှိမှာမဟုတ်ဘူး။ ငါတို့ ဒီမှာရှိတဲ့လူအားလုံးကိုသတ်ပစ်ပြီး ထွက်သွားမှာပဲ၊၊
ဘေးတွင်မတ်တတ်ရပ်နေသော ဖေးလျန်ဇီပင်လျှင် မတ်တတ်ရပ်ကာ မျက်နှာပြင်ကို စိုက်ကြည့်မိသွားသည်၊၊
“ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ အခုလောလောဆယ်မှာ ဒုံးကျည် တစ်ရာကျော်က မင်းတို့ ရှိနေတဲ့နေရာကို ပစ်မှတ်ပြင်ထားပြီးပြီ”
ချီလင်းက ပြန်ပြောလိုက်သည်။
“မင်းတို့ ဘယ်လောက်ပဲအစွမ်းထက်နေပါစေ… တိကျတဲ့ တိုက်ခိုက်မှုမျိုးကို ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့ ငါမထင်ဘူး။ မင်းတို့ ဓားစာခံတွေကို ဆက်ပြီး သတ်နေမယ်ဆိုရင် ငါတို့ သူတို့ကို ကယ်တင်လို့မရတော့ဘူးလို့ သတ်မှတ်လိုက်မယ်။ ခလုတ်အချို့ကို နှိပ်လိုက်ရုံနဲ့ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူအချို့ကို ရှင်းလင်းပစ်လိုက်မယ်”
ရေနတ်ဘုရားက လှောင်ပြုံးပြုံးလိုက်သည်။
__အို ဟုတ်လား။ ဒါဆို မင်းတို့ ဘာလို့ အခုထိမလုပ်သေးတာလဲ၊၊
ချီလင်းက တည်ငြိမ်နေဆဲ ဖြစ်သည်။
“မင်းတို့ ငါတို့ကိုရင်ဆိုင်ဖို့ တကယ်ပဲယုံကြည်ချက်ရှိနေတယ်ဆိုရင် အပြစ်မဲ့တဲ့လူအများကြီးကို ဘာလို့ဓားစာခံအဖြစ်ဖမ်းဆီးထားရတာလဲ”
“အပြစ်မဲ့တယ်…ဟုတ်လား”
မိစ္ဆာကျင့်ကြံသူက ခပ်တိုးတိုးရယ်မောလိုက်သည်။
___မင်း မှားသွားပြီ။ ဒီကမ္ဘာပေါ်က လူတိုင်းမှာ အပြစ်တွေရှိကြတယ်။ ငါ့လက်ချက်နဲ့ သေသွားတဲ့သူတွေက သူတို့ရဲ့ကံကြမ္မာလမ်းဆုံးကို ရောက်သွားကြတာပဲ၊၊
ချီလင်း၏ နှုတ်ခမ်းများမှာ အနည်းငယ်တုန်လှုပ်သွားပြီး ရေနတ်ဘုရား၏ ရှုပ်ထွေးသောကျိုးကြောင်းပြချက်က သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ ထင်ရှားနေသည်။ သို့သော်လည်း သူမက စိတ်ခံစားချက်များကို အတင်းအကျပ်ထိန်းချုပ်လိုက်ရသည်။ သူမအနေဖြင့် တစ်ဖက်လူကို စကားဝိုင်းကို ထိန်းချုပ်ခွင့်မပေးနိုင်ချေ — သူမကိုယ်တိုင်ပင် ဦးဆောင်ရမည်ဖြစ်သည်။
“မင်း ငါ့ကိုတွေ့ချင်တယ်မလား… အခုလည်း တွေ့ရပြီပဲ” ချီလင်းက သူမ၏ နာရီကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ငါ အခု အဲဒီကိုဦးတည်နေတဲ့ လေယာဉ်ပေါ်မှာ ရှိနေတယ်။ ခန့်မှန်းခြေ သုံးနာရီအတွင်းရောက်လိမ့်မယ်။ မင်းကျင့်ကြံခြင်းလောကနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ ငါနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး မပြောရတာလဲ”
__ကောင်းပြီ။ အဆင့်မြင့် အရာရှိတစ်ယောက်ပီသပါပေတယ်၊၊
“ဒါဆိုရင် အဓိပ္ပာယ်မရှိတဲ့သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်လိုက်”
ရေနတ်ဘုရားက ဖြည်းညှင်းစွာခေါင်းညိတ်လိုက်သည်။
___သူတို့ရဲ့ အပြစ်တွေကို ဆေးကြောတာကို ရွှေ့ဆိုင်းပေးရမလား။ ငါ သဘောတူနိုင်ပါတယ်… ဒါပေမဲ့ မင်းတို့ရဲ့ စစ်တပ်အင်အားအားလုံးကို ပတ်ဝန်းကျင်ရေပြင်ကနေ ရုပ်သိမ်းပေးရမယ်။ အဲဒီလိုလုပ်ရင် မင်း ဒီကိုရောက်ဖို့ ၃နာရီ အချိန်ပေးမယ်။ အကယ်၍ မင်းရောက်မလာရင် ငါက ဓားစာခံတွေကို မင်းရဲ့ မျက်စိရှေ့မှာတင် တစ်ယောက်ပြီးတစ်ယောက်သတ်ပစ်မယ်… သူတို့ရဲ့အပြစ်တွေအားလုံး ပြေပျောက်သွားတဲ့အထိပေါ့၊၊
“ငါ ရောက်မလာခင်အထိ ငါတို့အင်အားစုတွေက ဝင်ရောက်တိုက်ခိုက်မှာမဟုတ်ဘူးလို့ ငါ အာမခံနိုင်သလို ကျွန်းပေါ်ကို ဒုံးကျည်ပစ်မှတ်ပြင်ဆင်ထားတာကိုလည်း ယာယီဖယ်ရှားပေးမယ်။ ဒါပေမဲ့ တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့ဆိုတာတော့မဖြစ်နိုင်ဘူး။ မင်းက ငြင်းပယ်ပြီး အရပ်သားတွေကို ဆက်ပြီးသတ်ဖြတ်နိုင်ပါတယ်၊၊ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ဓားစာခံ ၆၀၀ကျော်စလုံးရဲ့ သေဆုံးမှုအတွက် ငါကိုယ်တိုင်တာဝန်ယူမယ်”
ရေနတ်ဘုရားက ခေတ္တမျှ တိတ်ဆိတ်သွားပြီး သိက္ခာရှိရှိနောက်ဆုတ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေဟန်တူသည်။ ခဏအကြာတွင် သူမက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
___ကောင်းပြီ ဒါပေမဲ့ ငါ့မှာ နောက်ထပ်တောင်းဆိုချက်တစ်ခု ရှိသေးတယ်။ ငါ့ရဲ့သွေးသောက်မောင် ၄ ကို သတ်ခဲ့တဲ့ ဓားကျင့်ကြံသူကို ငါ မြင်ချင်တယ်၊၊
ဝမ်ရှန်းက သူ၏လက်ကို မြှောက်လိုက်သည်၊၊
“ကျုပ် ဒီမှာရှိတယ်”
ချီလင်းက သူမ၏ Laptopကို သူ့ဘက်သို့ လှည့်ပေးလိုက်သည်။
ထိုင်ခုံတွင် မတ်မတ်ထိုင်လျက် ဝမ်ရှန်းက တည်ငြိမ်စွာ ပြုံးပြပြီး ကင်မရာကို လက်ပြလိုက်သည်။
“အဲဒီ မုဒိမ်းကောင်လား။ ဟုတ်တယ် ကျုပ်သတ်လိုက်တာလေ။ ခဗျားလက်စားချေချင်ရင် ကျုပ်ဆီ လာခဲ့လေ။ အပြစ်မဲ့တဲ့သူတွေကို သွားပြီးကြီးနိုင်ငယ်ညှင်းလုပ်မနေနဲ့”
__သတ္တိရှိလှချည်လား၊၊
ရေနတ်ဘုရား၏ အသံမှာ အနည်းငယ်တင်းမာသံစွက်နေသော်လည်း ဝမ်ရှန်းအပေါ်တွင် လုံးဝသက်ရောက်မှုမရှိပေ။ ဝမ်ရှန်း သူမကို စိုက်ကြည့်ရင်း သူ၏အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် သူမ၏ အာရုံအားလုံးကို ဆွဲဆောင်ရန်နှင့် မိမိကိုယ်ကိုယ် သူမ၏ အမုန်းတရားများ၏ အဓိကပစ်မှတ်ဖြစ်စေရန် ကြိုတင်ပြင်ဆင်နေသည်၊၊
ဝမ်ရှန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ်က သတ္တိရှိရုံတင်မကဘူး.. စိတ်ထားလည်း ကောင်းသေးတယ်။ ခဗျားက အပြစ်တွေထူပြောနေပြီး ဝဋ်ကြွေးတွေပိနေတာကိုမြင်ရတာဆိုတော့ ကျုပ် နောက်ကျရင် ခဗျားအတွက် တရားပွဲလေးတစ်ခု အလကားလုပ်ပေးရမလား။ ကျုပ်ရဲ့ ဝန်ဆောင်မှုက စျေးမပေါပေမယ့် ကျုပ်က အာ့ဒီနေရာမှာ အတော်လေးတော့ အတွေ့အကြုံရှိပါတယ်”
“ကောင်းတယ် အရမ်းကောင်းတယ်”
ရေနတ်ဘုရား၏ အသံက နည်းနည်းလေးမှ အမျက်ထွက်သည့် ပုံမပေါ်ပေ။
“လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဒီလောက်သတ္တိရှိတာ တကယ်ချီးကျူးဖို့ကောင်းတယ်။ မင်းက ငါ့ရဲ့ မောင် ၄ကို သတ်ခဲ့တဲ့သူဖြစ်မနေရင် မင်းလိုလူကို ဖျက်ဆီးပစ်ဖို့ ငါ တကယ်နှမြောမိမှာပဲ”
“အို… ဒါဆိုရင် ခဗျားက အသက်ကြီးတာကို အခွင့်ကောင်းယူပြီး အားနည်းသူကိုနှိပ်စက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့ဟုတ်လား” ဝမ်ရှန်းက ပြောလိုက်သည်။
___မင်းနဲ့ငါက လမ်းစဉ်ချင်းမတူကြလို့ ရန်သူတွေဖြစ်လာခဲ့ကြတာပဲ။ အသက်အရွယ်နဲ့ ဘာဆိုင်လို့လဲ။ အကယ်၍ မင်းကြောက်နေရင်လည်း မလာဘဲနေနိုင်ပါတယ်။ ငါကိုယ်တိုင် မင်းဆီကို တစ်ရက်ကျရင်လာခဲ့မှာပါ။ အဲဒီအချိန်ကျရင်တော့ လက်ညှိုးတစ်ချက်ခါလိုက်ရုံနဲ့ မင်းကိုအဆုံးသတ်ပေးမယ်၊၊
“ကြောက်တာလား မဖြစ်နိုင်တာ…”
ဝမ်ရှန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် “ကျုပ်က လက်ဗလာနဲ့ပဲလာရမလား ဒါမှမဟုတ် လက်ကို ကြိုးတုပ်ပြီးလာခဲ့ရမလား။ ဘာပဲဖြစ်ဖြစ် ကျုပ်က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေတော့ ခဗျားကို မတော်တဆထိခိုက်မိသွားရင် စီနီယာတစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းလောကမှာ မျက်နှာပျက်ရလိမ့်မယ်”
ရေနတ်ဘုရား၏ လေသံက အေးစက်သွားခဲ့သည်။
___မင်းက လျှာစောင်းတစ်ခုပဲ ထက်တဲ့ ကောင်စုတ်လေးလား။ မင်း ဓားသယ်လာဖို့ ခွင့်ပြုရုံတင်မကဘူး၊၊ မင်းဘေးက လူနှစ်ယောက်လည်း လိုက်လာလို့ရတယ်။ ငါက ဘာကို ကြောက်ရမှာလဲ၊၊
ဖေးလျန်ဇီက နှုတ်ခမ်းကို မဲ့လိုက်ပြီး “ငါက ရှူဓားဂိုဏ်းက ဖေးလျန်ဇီပဲ။ နောက်မှ မင်းရဲ့စွမ်းရည်တွေကို သေချာစောင့်ကြည့်ရသေးတာပေါ့”
မုဝမ်ရွှမ်းကမူ ခပ်တိုးတိုးနှာခေါင်းရှုံ့လိုက်ရုံသာပြုလုပ်ခဲ့သည်။ သူမ၏ နုနယ်သော မျက်နှာလေးမှာ အေးစက်သွားခဲ့သော်လည်း သူမ၏ မျက်ဝန်းများတွင်မူ ဒေါသမီးလျှံများတောက်လောင်နေခဲ့ပြီ ဖြစ်သည်။
___ဒါဆိုရင်တော့ မင်းတို့ရဲ့ ကပ္ပတိန် ခုနကပြောခဲ့တဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ အကယ်၍ မင်းတို့ လေးယောက်လုံး သုံးနာရီအတွင်းရောက်မလာရင် ဒါမှမဟုတ် လှည့်ကွက်တစ်ခုခုသုံးဖို့ကြိုးစားရင် ဒီကျွန်းကို ကျွန်းပေါ်ကလူတွေနဲ့အတူ အစအနမကျန်ဖျက်ဆီးပစ်မယ်။ မင်းတို့လို အဆင့်မြင့်အရာရှိတွေအားလုံး ဒုက္ခလှလှတွေ့စေရမယ်။ လူ့လောကက လူတွေအနေနဲ့ ကျင့်ကြံခြင်းလောကရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်စရာအကြောင်းမရှိဘူး။ မင်းတို့ ဝင်ပါတာက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာပဲ၊၊
တီ.. တီ
ဖုန်းခေါ်ဆိုမှုက ရုတ်တရက်ပြတ်တောက်သွားခဲ့သည်။ တစ်ဖက်မှ ဆက်သွယ်ရေးကိရိယာကို ဖျက်ဆီးပစ်လိုက်ပုံရသည်။
ဝမ်ရှန်းက သက်ပြင်းချလိုက်မိသည်။ လေယာဉ်ခန်းအတွင်းရှိ လူအားလုံးက သူ့ကို ချီးကျူးဂုဏ်ပြုသောမျက်ဝန်းများဖြင့် ကြည့်မနေခဲ့ကြလျှင် သူသည် အနွေးဓာတ်ရရန်အတွက် သူ၏စီနီယာအစ်မအနီးသို့ တိုးကပ်သွားမိလိမ့်မည် ဖြစ်သည်။ သူသည် ရက်စက်သောစကားလုံးများကိုပြောဆိုခဲ့ရုံတင်မကဘဲ ရန်စမှုအချို့ကိုပါ ပြုလုပ်ခဲ့ရသည်။ အကယ်၍ သူနောက်မှ ကျွန်းပေါ်သို့သွားပြီး အချိန်ဆွဲရမည်ဆိုလျှင် ဓားသယ်ဆောင်သွားရန်အကြောင်းပြချက်ရှိလာမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဖေးလျန်ဇီက ချက်ချင်းတုံ့ပြန်နိုင်ခဲ့သဖြင့် ကျွန်းပေါ်သို့ တက်ရောက်ခွင့်ရသည့် လူဦးရေမှာ ၄ယောက်အထိ တိုးသွားခဲ့သည်။
ဖုန်းခေါ်ဆိုမှုအတွင်းမှ သဘောတူညီချက်များကိုလည်း ချက်ချင်းအကောင်အထည်ဖော်ခဲ့ကြသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး ပိတ်ဆို့မှုကို ပိုမိုကျယ်ပြန့်အောင်ပြုလုပ်ခဲ့ကြကာ ရန်သူများကလည်း သတ်ဖြတ်မှုများကို ရပ်တန့်လိုက်ကြသည်။
မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ ရက်စက်သောနည်းလမ်းများက အာဏာပိုင်များကို ခြိမ်းခြောက်နိုင်ခဲ့ပြီဟု ထင်မှတ်နေကြပုံ ရသည်။ ၎င်းတို့ မသိရှိသည်မှာ အာဏာပိုင်များသည် အပြည့်ဝတိုက်ခိုက်မှုပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်းပင်။
“အဲဒီ မိစ္ဆာကျင့်ကြံသူတွေက အူကြောင်ကျားတွေလား” ဖေးလျန်ဇီက တိုးတိုးလေးရေရွတ်လိုက်သည်။
“သူတို့က ငါတို့ကို အချိန်ဆွဲဖို့ အချိန်တွေပေးနေတာပဲ။ ဒီလေယာဉ်ပေါ်မှာတင် ပုံရိပ်ယောင်အမြုတေအဆင့်ကျွမ်းကျင်သူတွေအများကြီးရှိနေတာကို သူတို့ မသိကြဘူးလား”
“ကျွန်တော်တို့နဲ့အတူပါလာတဲ့ ဆရာကြီးတွေက အတွေ့အကြုံဖလှယ်ပွဲအတွက် လာခဲ့ကြတာပဲ”
ဝမ်ရှန်းက ပြန်ဖြေလိုက်သည်။
“သူတို့က မနက်ဖြန်ကျရင် သူတို့ရဲ့ ဂိုဏ်းတွေကို ပြန်ဖို့ စီစဉ်ထားခဲ့ကြတာပေမဲ့ မမျှော်လင့်ဘဲ ဒီဖြစ်ရပ်ထဲမှာ ပါဝင်ပတ်သက်သွားခဲ့ကြတာပါ၊၊ ရန်သူတွေကလည်း သူတို့ဘာသာတွက်ချက်ထားခဲ့ကြတာ ဖြစ်လိမ့်မယ်။ လမ်းမှန်ကျင့်ကြံသူတွေ တောင်ပေါ်ကဆင်းလာပြီး ပင်လယ်ဝါကို ရောက်ဖို့ ခရီးစဉ်တွေ လေယာဉ်စီးရတာတွေအပါအဝင် အနည်းဆုံးတစ်ရက်ခွဲလောက်အချိန်ယူရမယ်။ သူတို့က စီနီယာက ဘယ်နေရာမှာရှိနေခဲ့လဲဆိုတာနဲ့ ဒီကိုရောက်ဖို့ ဘယ်လောက်အချိန်ယူရမလဲဆိုတာကိုလည်း သိကြတယ်။ အဲဒါတွေကို ထည့်တွက်ပြီး သူတို့မှာ သုံးနာရီလောက် အချိန်ရလိမ့်မယ်လို့ ထင်ထားကြပုံပဲ”
ဖေးလျန်က ခပ်ဖွဖွရယ်မောလိုက်သည်၊၊
“သူတို့ဘာသာ ထောင်ချောက်ထဲကို တိုက်ရိုက်တိုးဝင်လာခဲ့ကြတာပေါ့ ဟုတ်လား”
ဝမ်ရှန်းက ပြုံးရုံသာပြုံးလိုက်သည်။ သူ၏ ခန့်မှန်းချက်အရ တာအိုဆရာကြီးများသည် ယနေ့တွင် တိုက်ခိုက်ရန် အခွင့်အရေးအများကြီးရလိမ့်မည်မဟုတ်ပေ။
အမှန်စင်စစ် ၎င်းတို့အနေဖြင့် ရည်မှန်းချက်ရှိရာနေရာသို့ ရောက်ရှိရန် နှစ်နာရီနှင့် မိနစ်သုံးဆယ်သာ လိုအပ်သည်။ ချီလင်းက ဟွာသမ္မတနိုင်ငံ၏ အခြားဒေသအသီးသီးတွင်ရှိနေကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့မှနည်းပြများ အချိန်မီရောက်ရှိလာစေရန်အတွက် တမင်တကာ မိနစ်သုံးဆယ် ပိုတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် သူ၏အတိတ်ဘဝက စစ်တပ်သို့ ဝင်ရောက်ခဲ့ကြပြီး ဟွာသမ္မတနိုင်ငံ၏အထူးအခွင့်အရေးများကို ခံစားခဲ့ကြသော လျှို့ဝှက်ဆန်းကြယ်သည့်ကျွမ်းကျင်သူများအကြောင်း ကောလာဟလများကို ကြားဖူးခဲ့သော်လည်း ၎င်းတို့ကို တကယ်တမ်း တစ်ခါမျှမမြင်ဖူးခဲ့ချေ။
ဝမ်ရှန်းတို့အဖွဲ့ ပန်းတိုင်သို့ နီးကပ်လာသည်နှင့်အမျှ ယာယီကွပ်ကဲမှုဌာနသည် စစ်ဆင်ရေးကို အတည်ပြုလိုက်သည်။ ၎င်းတို့သည် အစီအစဉ် (၃) အတိုင်း ဆောင်ရွက်ကြမည် ဖြစ်သည်။
ဝမ်ရှန်းနှင့် ချီလင်းတို့က မိစ္ဆာကျင့်ကြံသူများကို ကမ်းခြေသို့မျှားခေါ်ရန်ကြိုးစားပြီး ၎င်းတို့၏ အာရုံကိုဆွဲဆောင်ကြမည်ဖြစ်သည်။ ထိုအတောအတွင်း တိုက်ခိုက်ရေးအဖွဲ့ သုံးဖွဲ့က ဘေးဘက်နှင့် နောက်ဘက်တို့မှနေ၍ ရုတ်တရက်ဝင်ရောက်စီးနင်းကာ ရန်သူ့ကာကွယ်ရေး၏ အားနည်းချက်များကို ပစ်မှတ်ထားပြီး ဓားစာခံများရှိနေသည့် ရွာကို ချက်ချင်းထိန်းချုပ်ကြမည်ဖြစ်သည်။
အကယ်၍ ဝမ်ရှန်းနှင့် ချီလင်းတို့က ပုံရိပ်ယောင်အမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ဆွဲထုတ်နိုင်ခဲ့လျှင်ပင် ဓားစာခံများကို ကယ်တင်ရန် ခက်ခဲမှုကို အများကြီးလျှော့ချနိုင်မည်ဖြစ်ပြီး လူအများအပြားကို ကယ်တင်နိုင်မည့်အခွင့်အရေးရှိလာမည် ဖြစ်သည်။
သို့သော်လည်း မိစ္ဆာကျင့်ကြံသူများဘက်မှ ပုံရိပ်ယောင်အမြုတေအဆင့်များအပြင် မတူညီသော မိစ္ဆာဂိုဏ်းအသီးသီးမှ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် တပည့်အများအပြားလည်း ကျွန်းပေါ်တွင်ရှိနေကြသည်။ ရန်သူ့ဘက်တွင် စုစုပေါင်း တိုက်ခိုက်ရေးသမား ၁၉၂ယောက်ရှိနေသည်။
သဘာဝကျစွာပင် ဝမ်ရှန်းနှင့် ချီလင်းတို့သည် ငါးစာသက်သက်မဟုတ်ပေ။ ၎င်းတို့၏ မိတ်ဆွေများက ၎င်းတို့၏ ဘေးကင်းမှုကို အစွမ်းကုန်အာမခံပေးထားကြမည်ဖြစ်သည်။