← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

Chapter 143

ကြောက်မက်ဖွယ်ရာ နည်းပြများ

ဝမ်ရှန်းက သူ၏အရိုးများကို ကုသရန်အတွက် မျက်လုံးများမှိတ်ထားရန် ပြင်ဆင်နေစဉ်မှာပင် မုရွှယ်က တံခါးကို ဖွင့်လိုက်ပြီး တီးတိုးပြောလိုက်သည်။

“တာအိုဆရာဝမ်… ဆေးနတ်ဘုရားချိုင့်ဝှမ်းက ဆရာကြီးတစ်ယောက်က ရှင့်ရဲ့ ခြေထောက်ဒဏ်ရာမသက်သာသေးဘူးဆိုတာသိရလို့ လာပြီးကုသပေးချင်နေတယ်”

သူမက ဘေးသို့ ဖယ်ပေးလိုက်ရာ ဆံပင်ဖြူဖြူနှင့် သဘောကောင်းသောအပြုံးရှိသည့် တာအိုဆရာအိုကြီးတစ်ဦးဝင်လာခဲ့သည်။ ဖေးလျန်ဇီက မတ်တတ်ရပ်ကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

“ငါတို့ ကပ္ပတိန်ချီလင်းကို အနှောင့်အယှက်မပေးကြရအောင်။ ပုယွီ… မင်းက သူ့ရဲ့ခြေထောက်ကို အလိုက်သင့်လေးထားပေးလို့ရမလား”

တာအိုဆရာကြီးက မေးလိုက်သည်။

မုဝမ်ရွှမ်းက ဝမ်ရှန်းထံမှ သဘောတူညီချက်ကိုယူရန် လှမ်းကြည့်လိုက်ရာ သူမက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။

တာအိုဆရာကြီးသည် ဝမ်ရှန်း၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏အင်္ကျီလက်ထဲမှ ငွေအပ်များထည့်ထားသည့် ဝါးပြွန်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူက အပ်များကို အစစ်မှန်ချီဖြင့် ဝန်းရံလိုက်ပြီး ဝမ်ရှန်း၏ခြေသလုံးရှိ မတူညီသောသွေးကြေဆုံမှတ်နေရာများသို့ ဖြည်းညှင်းစွာ ထိုးစိုက်လိုက်သည်။ အများစုမှာ ဒဏ်ရာတစ်ဝိုက်တွင် စုစည်းနေခဲ့သည်။

“မင်း အခုအန္တရာယ်ရှိတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်။ ဒီခြေထောက်ဒဏ်ရာက မင်းကို အဟန့်အတားမဖြစ်စေရဘူး။ နည်းနည်းလေးတော့နာလိမ့်မယ်… ခဏလောက်အောင့်ထားလိုက်ပါ”

တာအိုဆရာကြီးသည် ကျောက်စိမ်းပုလင်းငယ်တစ်ခုထဲမှ ကြည်လင်သောအရည်သုံးစက်ကို ဂရုတစိုက်လောင်းချလိုက်ပြီး အစစ်မှန်ချီဖြင့် အရည်ပျော်စေလိုက်သည်။ သူ၏လက်ဖဝါးမှနေ၍ ဖြူလွလွမြူခိုးအချို့ ထွက်ပေါ်လာခဲ့ပြီး ငွေအပ်များက ထိုမြူခိုးများကို စုပ်ယူကာ ဝမ်ရှန်း၏ ခြေထောက်များဆီသို့ စိမ့်ဝင်စေခဲ့သည်။

ဝမ်ရှန်းက အံတင်းတင်းကြိတ်ထားလိုက်မိသည်။ သူ၏ နဖူးမှနေ၍ ချွေးစေးများ စီးကျလာခဲ့ပြီး တစ်ကိုယ်လုံး အထိန်းအကွပ်မဲ့စွာ တုန်ရင်နေခဲ့သည်။

မုဝမ်ရွှမ်းလည်း စိုးရိမ်ပူပန်စွာ ဝမ်ရှန်း၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ၎င်းက သူ့အတွက်ကောင်းမွန်စေရန်ဖြစ်ကြောင်း သူမသိရှိပေသည်။

ပြင်းထန်သော နာကျင်မှုမှာ ခဏတာမျှသာဖြစ်သည်။ သိမ်မွေ့သော အစစ်မှန်ချီများ စိမ့်ဝင်သွားပြီးနောက် ဝမ်ရှန်းသည် သူ၏ကျိုးသွားသော အရိုးများ တဖြည်းဖြည်းချင်းပြန်လည်ဆက်သွားသည်ကို ခံစားလိုက်ရသည်။

“ပြီးပါပြီ”

တာအိုဆရာကြီးက သူ၏နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ငွေအပ်များကို သေချာပြန်လည်နှုတ်ယူလိုက်သည်။

ဝမ်ရှန်းသည် သူ၏ခြေထောက်များတွင် ထုံကျင်မှုကို ခံစားလိုက်ရသော်လည်း မကြာမီမှာပင် ခံစားချက်များပြန်လည်ရရှိလာခဲ့သည်။ သူ၏ သွေးလေလည်ပတ်မှုနှင့် အစစ်မှန်ချီများစီးဆင်းသွားသည်နှင့်အမျှ သူ ချက်ချင်းမတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။

တာအိုဆရာကြီး အသုံးပြုခဲ့သော အရည်သုံးစက်မှာ အလွန်ပင်ထူးခြားဆန်းကြယ်ပုံရသည်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ဝမ်ရှန်းအနေဖြင့် ဘာပြဿနာမျှမရှိဘဲ လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။

“ဆေးနတ်ဘုရားချိုင့်ဝှမ်းရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဩစရာကောင်းလှပါတယ်”

ဖေးလျန်ဇီက ချီးကျူးလိုက်သည်။ ယခုအချိန်တွင် ၎င်းတို့၏ စျေးကြီးလှသော စီးပွားရေးလုပ်ငန်းများအကြောင်းကို အပြစ်တင်ပြောဆိုနေရမည့်အချိန်မဟုတ်ကြောင်း သူကောင်းစွာသိရှိထားသည်။

တာအိုဆရာကြီးက ရယ်မောလိုက်ပြီး ဝမ်ရှန်းထံသို့ ကြွေပုလင်းငယ်တစ်ခုကို ကမ်းပေးလိုက်သည်။

“ဒါက ဒဏ်ရာသက်သာစေမယ့်ဆေးလုံးပဲ။ ဒဏ်ရာဘယ်လောက်ပဲ ပြင်းထန်ပါစေ… ဒါကို သောက်လိုက်ရင် မိနစ်သုံးဆယ်လောက် အသက်ဆက်နိုင်လိမ့်မယ်”

ဝမ်ရှန်းက လက်နှစ်ဖက်ဖြင့် ရိုသေစွာလက်ခံလိုက်သည်၊၊

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး”

တာအိုဆရာကြီးက ပြုံးလျက် ဝမ်ရှန်း၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး “ဒီကမ္ဘာကြီးမှာ မင်းတို့လို လူငယ်တွေ ပိုပြီးလိုအပ်ပါတယ်။ ငါ သွားပြီးတော့ ငါ့ရဲ့ အင်အားကို ပြန်စုစည်းလိုက်ဦးမယ်။ နောက်မှငါလည်း အဲဒီမိစ္ဆာကျင့်ကြံသူတွေဆီသွားပြီး သူတို့ဘာလို့အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ပြီး တာအိုရဲ့ ဟန်ချက်ညီမှုကို ဖျက်ဆီးနေရလဲဆိုတာ သွားမေးရဦးမယ်”

ဝမ်ရှန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို အသားကျစေရန် ဖြည်းညှင်းစွာ လျှောက်လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများက ယုံကြည်မှုဖြင့် ပိုမိုစွဲမြဲပြတ်သားလာခဲ့သည်။

တောက်ပပြီး ဖြောင့်မတ်သောကမ္ဘာကြီး၊ ကြည်လင်သောမိုးကောင်းကင်နှင့် ကျယ်ပြန့်သောမြေပြင်။

“အကယ်၍ တစ်ရက်ကျရင် မိစ္ဆာတွေ ကမ္ဘာပေါ်မှာ လွှမ်းမိုးလာခဲ့ရင် မင်းက ဓားကိုကိုင်ပြီး မကောင်းမှုတွေကို ချေမှုန်းပြီး တာအိုကို စောင့်ရှောက်ရမယ်။ ငါတို့ ဘိုးဘေးတွေရဲ့ နှစ်ပေါင်းထောင်ချီတဲ့ အမွေအနှစ်တွေကို အလဟဿမဖြစ်စေနဲ့”

ဆရာကြီး၏ ဆုံးမစကားများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ဝမ်ရှန်း၏ လက်က ဘေးရှိ ဓားသေတ္တာပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏မျက်ဝန်းများမှာ နက်ရှိုင်းကာ မတုန်မလှုပ်ရှိနေခဲ့သည်။

နှစ်နာရီအကြာတွင် ပင်လယ်ဝါတစ်လျှောက်ရှိ ကမ်းခြေကာကွယ်ရေးတောအုပ်တစ်ခု၌ ဖြစ်သည်။

ဟယ်လီကော်ပတာအချို့က အနောက်တောင်ဘက်မှ ပျံသန်းလာခဲ့ကြပြီး တောအုပ်အတွင်းသို့ ဆင်းသက်လိုက်ကြသည်။ ၎င်းတို့ ဆင်းသက်လိုက်သည်နှင့် လူရိပ်ဒါဇင်ပေါင်းများစွာ တောအုပ်ထဲမှ ထွက်ပေါ်လာခဲ့ကြပြီး ၎င်းတို့ထံသို့ ချက်ချင်း ချဉ်းကပ်လာခဲ့ကြသည်။

ချီလင်း ရောက်ရှိလာသည်နှင့် အရာရှိအချို့က သူမကို ဝိုင်းရံလိုက်ကြပြီး စစ်ဆင်ရေး၏ နောက်ထပ်အဆင့်အတွက် ချက်ချင်း ဆွေးနွေးကြတော့သည်။

စစ်စိမ်းရောင် တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားလေးဦးလည်း ၎င်းတို့ထံသို့ လျှောက်လှမ်းလာခဲ့ကြသည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်သည်နှင့် ဝမ်ရှန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ၎င်းတို့အားလုံးမှာ ပုံရိပ်ယောင်အမြုတေအဆင့်တွင် ရှိနေကြပြီး ၎င်းတို့၏ အရှိန်အဝါမှာ မြင့်မားသောတောင်တန်းကြီးများကဲ့သို့ အရှိန်ဟုန်ပြင်းထန်လှသည်။

၎င်းတို့သည် ဝမ်ရှန်း၊ မုဝမ်ရွှမ်း သို့မဟုတ် ဖေးလျန်ဇီတို့ကို နှုတ်ဆက်ခြင်းမပြုခဲ့ကြပေ။ ထို့အစား တာအိုဆရာကြီး ၇ဦးထံသို့ တိုက်ရိုက်လျှောက်လှမ်းသွားခဲ့ကြပြီး ပထမဦးစွာ ညီညာစွာ အလေးပြုလိုက်ကြပြီးနောက် လက်နှစ်ဖက်ကိုဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။

“ဂါရဝပြုပါတယ်… ဆရာဦးလေးနဲ့ လေးစားရတဲ့ဆရာကြီးတို့။ ကျွန်တော်က လုံဟူရှန်းတောင်က ကျန်းဇီခွမ်းပါ”

“ကျွန်တော်လည်း ဂါရဝပြုပါတယ် ဆရာဦးလေးနဲ့ လေးစားရတဲ့ဆရာကြီးတို့။ ကျွန်တော်က မော်ရှန်းတောင်က မုချိုးလီပါ”

“ကျွန်တော်က စန်းချင်းတောင်က မုရွှီဇီပါ။ ဆရာကြီးတို့ ဘေးကင်းစွာရောက်ရှိလာတာ ဝမ်းသာပါတယ်”

“ဆရာကြီးတို့နဲ့ တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်ကတော့ တစ်ကိုယ်တော်ကျင့်ကြံသူ ယန်ကျန်းနန်ပါ”

လုံဟူရှန်းတောင်မှ တာအိုဆရာကြီးက တည်ငြိမ်စွာပြောလိုက်သည်၊၊

“ဇီခွမ်း မင်းတို့က နိုင်ငံတော်အတွက် စစ်တပ်အင်အားစုတွေကို လေ့ကျင့်ပေးဖို့ တရားဝင်တာဝန်ပေးအပ်ခြင်းခံထားရတဲ့သူတွေပဲ။ ဒီလိုမျိုးတွေ လုပ်နေဖို့ မလိုပါဘူး။ ငါတို့က မကောင်းမှုတွေကို ဖယ်ရှားဖို့အတွက် ကူညီပေးဖို့လာခဲ့ကြတာပဲ။ အရာအားလုံးကို မင်းတို့ရဲ့ အမိန့်အတိုင်းပဲ လုပ်ဆောင်သွားမှာပါ”

၎င်းတို့ထဲတွင် အဓိကအကျဆုံးဖြစ်သော လုံဟူရှန်းတောင်မှ ကျန်းဇီခွမ်းက ပြုံးလိုက်ပြီး “အဲဒီလိုကြားရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ခဲ့ပေးပါ။ ဆရာကြီးတို့က ဒုတိယအသုတ်အနေနဲ့ ရှေ့တန်းကနေ တိုက်ရိုက်စီးနင်းတိုက်ခိုက်ရမယ့်အဖွဲ့မှာ ပါဝင်ပါလိမ့်မယ်။ ဒါနဲ့ မင်းတို့ထဲက ဝူတန်းတောင်က ဖေးယွီဆိုတာ ဘယ်သူလဲ”

“ကျွန်တော်ပါ” ဝမ်ရှန်းက သူ၏ဓားသေတ္တာနှင့်အတူ ရှေ့သို့ လှမ်းထွက်လိုက်သည်၊၊

“ဝူတန်းတောင်က ကျင့်ကြံသူ ဝမ်ရှန်းပါ”

မုဝမ်ရွှမ်းကလည်း ဝမ်ရှန်းနှင့်အတူ လက်နှစ်ဖက်ကိုဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ဖေးလျန်ဇီက ၎င်းတို့၏ ဘေးတွင် ရပ်နေပြီး ထူးခြားစွာပင် တည်ငြိမ်နေခဲ့သည်။

“မင်္ဂလာပါ တာအိုရောင်းရင်းတို့… ငါက ရှူဓားဂိုဏ်းက ဖေးလျန်ဇီပါ”

“မင်းတို့သုံးယောက်လုံးမှာ သတ္တိရော၊ စွမ်းရည်ရော ရှိကြတာပဲ။ ကောင်းတယ်”

ကျန်းဇီခွမ်းက ထို့နောက် လှည့်ကာ အော်လိုက်သည်။ “ပစ္စည်းကိရိယာသုံးစုံယူလာခဲ့”

ထို့နောက် သူက ထိုသုံးယောက်ဘက်သို့ ပြန်လှည့်လာခဲ့သည်။

“အစီအစဉ်က ရိုးရှင်းပါတယ်။ မင်းတို့ သုံးယောက်က ကပ္ပတိန်ချီလင်းနဲ့အတူ စပိဘုတ်စီးပြီး ကျွန်းပေါ်ကို သွားရမယ်။ ငါတို့ လေးယောက်ကတော့ လှေရဲ့ အောက်ကနေ တိတ်တဆိတ်ပုန်းကွယ်လိုက်ပါလာပြီး မင်းတို့ရဲ့ ဘေးကင်းမှုကို အမှောင်ထဲကနေ စောင့်ရှောက်ပေးသွားမယ်”

ဝမ်ရှန်း အံ့ဩသွားရသည်။

“ခဗျားတို့က ဘေးဘက်ကနေ ရန်သူကို စီးနင်းပြီး ဓားစာခံတွေကို ကယ်တင်ရမှာ မဟုတ်ဘူးလား”

ကျန်းဇီခွမ်းက ရယ်မောလိုက်သည်၊၊

“အခြားနည်းပြ ၅ယောက် ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အော်ရာဖုံးကွယ်အဆောင်တွေသုံးပြီး ကျွန်းအနီးက ရေပြင်ထဲကို ဝင်ရောက်နေကြပြီ။ ငါတို့ရဲ့ တာဝန်က မင်းတို့ကို ကာကွယ်ပေးဖို့နဲ့ မင်းတို့ မျှားခေါ်လာမယ့် ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူတွေကို ချေမှုန်းပစ်ဖို့ပဲ။ မစိုးရိမ်ပါနဲ့။ ငါတို့ ကယ်ဆယ်ရေးအဖွဲ့တွေက တိုက်ခိုက်ရေးစွမ်းရည်မှာ ရန်သူ့ထက် နှစ်ဆခွဲလောက် ပိုများပါတယ်။ သူတို့ကို ဓားစာခံတွေကို သတ်ပစ်ဖို့ အခွင့်အရေးပေးမှာမဟုတ်ပါဘူး”

“အကယ်၍ ခဗျားတို့က ပေါ်သွားရင်ကော” ဖေးလျန်ဇီက မေးလိုက်သည်။

“ဒါဆိုရင်တော့ ငါတို့က ရှေ့တန်းကနေ တိုက်ရိုက်စီးနင်းပြီး အဲဒီမောက်မာနေတဲ့ မိစ္ဆာကျင့်ကြံသူတွေကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်ရုံပဲ”

မုချိုးလီက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ငါ့ရဲ့ အော်ရာဖုံးကွယ်အဆောင်တွေနဲ့ဆိုရင် ငါတို့ရဲ့ အရှိန်အဝါတွေကို အပြည့်အဝဖုံးကွယ်ထားနိုင်လိမ့်မယ်။ ငါတို့ကို မျက်စိနဲ့မမြင်ရသရွေ့တော့ ငါတို့ ရှိနေတာကို သူတို့သိမှာမဟုတ်ဘူး”

ထို့နောက် ကျန်းဇီခွမ်းက ညွှန်ကြားချက်ပေးလိုက်သည်။

“ရန်သူ့အင်အားစုတွေ ကမ်းခြေကို ရောက်လာတာနဲ့ စစ်ဆင်ရေးကို စတင်မယ်။ မင်းတို့ ကမ်းခြေကိုတက်တာနဲ့ သူတို့က မင်းတို့နဲ့ ကပ္ပတိန်ချီလင်းကို ဆွေးနွေးဖို့အတွက် ကျွန်းထဲကိုခေါ်သွားဖို့ လူလွှတ်လိမ့်မယ်။ အဲဒါက မင်းတို့လှုပ်ရှားရမယ့် အခွင့်အရေးပဲ။ သူတို့ကို အချိန်ဆွဲထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါ၊၊ ဒါပေမဲ့ ဓားစာခံတွေကို ထိခိုက်အောင် မရန်စမိဖို့တော့ သတိထားပါ”

“ဖေးယွီ မင်းရဲ့ ဓားသိုင်းက ထူးခြားတယ်လို့ ငါကြားဖူးတယ်။ ဒါပေမဲ့လည်း သတိထားပါ။ အဲဒီမိစ္ဆာကျင့်ကြံသူတွေထဲမှာ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်နဲ့ နောက်ပိုင်းအဆင့် ကျွမ်းကျင်သူအများကြီး ရှိနေတယ်။ ကံကောင်းတာက မင်း ခုနက သူတို့ကို ရန်စပြီး ဒီလူနှစ်ယောက်ကို မင်းနဲ့အတူလိုက်လာခွင့်ရအောင် လုပ်နိုင်ခဲ့တာပဲ။ မင်းတို့သုံးယောက်က သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံထားရင်း သူတို့ရဲ့ ပုံရိပ်ယောင်အမြုတေအဆင့်တွေ ထွက်လာအောင် ရန်စရမယ်။ ငါတို့ ဘယ်အချိန်မှာဝင်ပါရမလဲဆိုတာ အခြေအနေပေါ် မူတည်ပြီးဆုံးဖြတ်သွားမယ်၊၊ ဒါပေမဲ့ စိတ်ချပါ… ငါတို့က မင်းတို့ရဲ့အသက်တွေကို လောင်းကြေးမထပ်သလို အရမ်းအန္တရာယ်ရှိတဲ့ အခြေအနေမျိုးထဲကိုလည်း တွန်းပို့မှာမဟုတ်ပါဘူး”

“စီနီယာက ကျွန်တော်တို့ကို အထင်ကြီးလွန်းနေပါပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့ အမိန့်အတိုင်း လုပ်ဆောင်သွားပါ့မယ်” ဝမ်ရှန်းက ပြန်ပြောလိုက်သည်။

မကြာမီမှာပင် အပြည့်အဝလက်နက်တပ်ဆင်ထားသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်အချို့က စံနှုန်းမီပစ္စည်းကိရိယာများနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့ထဲတွင် ကမ္ဘာဦးချီစုဆောင်းသည့် ကိရိယာတစ်ခုလည်း ပါဝင်သည်။ သို့သော်လည်း မုဝမ်ရွှမ်းနှင့် ဖေးလျန်ဇီတို့ကမူ ပစ္စည်းတစ်ခု သို့မဟုတ် နှစ်ခုကိုသာ ရွေးချယ်ခဲ့ကြသည်။

ဖေးလျန်ဇီက အနည်းငယ်အားနာဟန်ဖြင့် မေးလိုက်သည်၊၊

“ငါ့အတွက် နည်းနည်းကောင်းတဲ့ ဓားနှစ်လက်လောက်ရနိုင်မလား။ ငါ့ဓားကို သယ်လာဖို့ မေ့သွားလို့”

ကျန်းဇီခွမ်းက အော်ပြောလိုက်သည်။

“တာအိုဆရာ ဖေးလျန်ဇီအတွက် ငါတို့ရဲ့ အကောင်းဆုံးဓားနှစ်လက်သွားယူခဲ့”

“ကျွန်တော့်ကိုလည်း တစ်လက်လောက်ပေးပါ” ဝမ်ရှန်းက တောင်းဆိုလိုက်သည်။

တစ်ကိုယ်တော်ကျင့်ကြံသူက ယန်ကျန်းနန်က ရယ်မောလိုက်သည်။ သူ၏ ခါးပတ်ကို တစ်ချက်ခါလိုက်ရာ ဓားတစ်လက်က သူ့လက်ထဲတွင် ပေါ်လာခဲ့ပြီး ၎င်းကို ဝမ်ရှန်းထံသို့ ကမ်းပေးလိုက်သည်။

“ရော့… တကယ်ပဲ ချင်ယန်ဇီသာ ငါက မင်းနဲ့တွေ့ပြီး ဘာလက်ဆောင်မှ မပေးခဲ့ဘူးဆိုတာသိသွားရင် ငါ့ကို နားပူနားဆာလုပ်နေဦးမယ်”

ဆရာ့ရဲ့ နောက်ထပ်မိတ်ဆွေဟောင်းတစ်ယောက်လား။

ဝမ်ရှန်းက ထိုဓားကို အားနာခြင်းမရှိဘဲ လက်ခံလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာ”

သူသည် သူ၏ဓားသေတ္တာကို ကျောတွင် လွယ်လိုက်ပြီး ဘယ်လက်ကို သူ သယ်ဆောင်လာခဲ့သော လက်အိတ်စွပ်လိုက်ကာ သူ၏စီနီယာအစ်မနှင့် မျက်လုံးချင်းဆုံလိုက်သည်။ သူ၏ တာအိုစိတ်ဝိညာဉ်မှာ တည်ငြိမ်လျက်ရှိနေခဲ့သည်။

ယနေ့ညတွင် သူသည် မိစ္ဆာကျင့်ကြံသူများကို အဆုံးအထိတိုက်ခိုက်သွားမည် ဖြစ်သည်။

‘ဝိညာဉ်မဲ့ဓား’ က သူ၏ လျှို့ဝှက်လက်နက်အဖြစ် ရှိနေမည်ဖြစ်သည်။ သူ ငှားရမ်းခဲ့သော ဓားမှာ အနက်ရှိုင်းဆုံးနားစွင့်သူဓားထက် တစ်ဆင့်ပိုမြင့်သဖြင့် သူ၏ စွမ်းအားအားလုံးကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။

နောက်ထပ် ဆယ်မိနစ်မှာမူ တိတ်ဆိတ်စွာ ပြင်ဆင်ခြင်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

သဘောတူထားသောအချိန်သို့ ရောက်ရှိလာသောအခါ ဝမ်ရှန်း၊ မုဝမ်ရွှမ်းနှင့် ဖေးလျန်ဇီတို့မှာ ပြင်ဆင်ပြီးဖြစ်နေကြပြီ။ ထိုသုံးယောက်သည် စစ်ဝတ်စုံလဲလှယ်ထားသော ချီလင်းနှင့်အတူ စပိဘုတ်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။

ကျန်းဇီခွမ်းနှင့် သူ၏ အဖော်သုံးဦးမှာ လှေကိုယ်ထည်အောက်တွင် တွဲကပ်ထားပြီး ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ရေစိုခံအဆောင်များမှာ ခပ်ဖျော့ဖျော့လင်းလက်နေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်၏ ဝိညာဉ်အသိစိတ်က ၎င်းတို့အပေါ်ဖြတ်သန်းသွားခဲ့လျှင်ပင် ၎င်းတို့ကို သံတုံးလေးတုံးအဖြစ်သာအာရုံခံမိလိမ့်မည်ဖြစ်သည်။

စပိဘုတ်သည် အဝေးရှိ ကျွန်းဆီသို့ ဦးတည်မောင်းနှင်သွားစဉ် မတူညီသောနေရာအသီးသီးရှိ တိုက်ခိုက်ရေးအဖွဲ့များသည် အချက်ပြမှုကို လက်ခံရရှိခဲ့ကြသည်။ ရည်မှန်းချက်ရှိရာနေရာအနီးတွင်မူ လူရိပ်များသည် အလွန်စျေးကြီးသော အော်ရာဖုံးကွယ်အဆောင်များဖြင့် ဖုံးကွယ်ထားလျက် ရေနက်ပိုင်းတွင် ပုန်းကွယ်နေခဲ့ကြသည်။

ည၏ အမှောင်ထုသည် မင်ရည်အလားပင်။

ကမ်းရိုးတန်းတွင်မူ တာအိုဆရာကြီးအချို့နှင့် လွန်ခဲ့သောသုံးနာရီအတွင်း ရောက်ရှိလာခဲ့ကြသော လမ်းမှန်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာတို့သည် အဝေးသို့မောင်းနှင်သွားသော စပိဘုတ်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။ ၎င်းတို့သည် ကျွန်းပေါ်ရှိ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့မည့်အချိန်ကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြလေသည်။

Chapter 144

စစ်မှန်သောမိစ္ဆာကျင့်ကြံသူ

မိစ္ဆာကျင့်ကြံသူများကို ရန်စမိပြီး ဓားစာခံများကို ရန်ရှာမည်စိုးသဖြင့် အမြန်ရေယာဉ်တွင် မောင်းနှင်သူသီးသန့်မပါဝင်ခဲ့ဘဲ ချီလင်းကိုယ်တိုင်ပင် ကျွမ်းကျင်စွာ ပဲ့ကိုင်၍မောင်းနှင်လာခဲ့သည်။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် မိမိတို့ကိုယ်ကို အကောင်းဆုံးအခြေအနေသို့ရောက်ရှိစေရန် အသက်ရှူနှုန်းကို အာရုံစိုက်ထိန်းညှိနေကြပြီး ဖေးလျန်ဇီသည်မူ ယခုလေးတင် ငှားရမ်းလာခဲ့သော ဓားရှည်နှစ်စင်းကို အချောသတ်တိုက်ချွတ်နေသည်။ စစ်တပ်စံနှုန်းဓားများသည် မိမိတို့ဓားဂိုဏ်းမှ တပည့်များကိုင်ဆောင်သော ဓားများထက် များစွာသာလွန်ကြောင်း သိမြင်သွားပြီး ၎င်း၏ရင်ထဲတွင် အားကျစိတ်ပင်ဖြစ်ပေါ်လာရသည်။

သူက ခပ်တိုးတိုးရယ်မောရင်း ပြောလိုက်သည်။

“အဲဒီမိစ္ဆာကျင့်ကြံသူတွေသာ ငါတို့ပတ်ပတ်လည်မှာ ကျွမ်းကျင်သူတွေ ဒီလောက်ပုန်းအောင်းနေတယ်ဆိုတာသာသိရင် ပင်လယ်ထဲတန်းခုန်ချရလောက်အောင် ကြောက်သွားကြမလားပဲ”

“ဒါက ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသမှာပဲ”

ချီလင်းက တဖြည်းဖြည်းနီးကပ်လာသော ကျွန်းကို လှမ်းကြည့်ရင်း ရှင်းပြသည်။

“ဝမ်ရှန်း ရန်သူတွေကို ငါတို့ဘက်ဆီရောက်လာအောင် တတ်နိုင်သမျှဆွဲဆောင်ထားပေး”

“နားလည်ပါပြီ ဆရာကတော်။ ကျွန်တော်တို့ ကုန်းပေါ်တက်သွားရင် လှေပေါ်မှာ ခဏလောက်စောင့်ပေးပါ။ သူတို့ကို အချိန်ဆွဲထားနိုင်လေ… ပိုကောင်းလေပါပဲ”

ဝမ်ရှန်းက ပြန်ဖြေခဲ့သည်။

သူ့၏ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိသွားသဖြင့် မျက်လုံးများကိုဖွင့်ကာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ဝိညာဉ်အသိစိတ်ဖြင့် လှေအောက်ခြေကို ဖြန့်ကျက်ကြည့်ရှုသော်လည်း ထိုနေရာ၌ လူများပုန်းအောင်းနေသည်ကို သူသိသော်လည်း မည်သူ့ကိုမျှ အာရုံခံ၍မရခဲ့ချေ။

ဖေးလျန်ဇီက မေးလိုက်သည်။

“မိစ္ဆာကျင့်ကြံသူတွေကို အကုန်သတ်ပစ်မှာလား”

“ဟုတ်တယ်”

ဝမ်ရှန်းနှင့် ချီလင်းတို့က ပြိုင်တူဖြေလိုက်ကြသည်၊၊

ဖေးလျန်ဇီ အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

“ဒါဆိုရင် ဓားစာခံတွေ အန္တရာယ်မရှိနိုင်ဘူးလား”

“ကျင့်ကြံခြင်းလောကရဲ့ကိစ္စတွေကို ကျင့်ကြံသူတွေပဲ ရှင်းရမယ်လို့ သူတို့ပြောခဲ့တယ်မဟုတ်လား”

ဝမ်ရှန်းက ပြောသည်။

“သူတို့က ဓားစာခံတွေနဲ့ ငါတို့ကို ခြိမ်းခြောက်ရင် ငါတို့က သူတို့ကို လှောင်ပြောင်ရုံပဲ။ ငါတို့က ဓားစာခံတွေကို စိတ်မဝင်စားလေ… သူတို့ ပိုလုံခြုံလေပဲ”

“ဒါဆိုရင်တော့ ငါက ငါ့ဓားတွေကိုပဲ အာရုံစိုက်တော့မယ်”

ဖေးလျန်ဇီက ပြုံးလိုက်ရင်း ညာဘက်လက်တွင် ဓားရှည်တစ်စင်းကို ကိုင်မြှောက်ကာ ဘယ်ဘက်လက်ဖြင့် အခြားတစ်စင်းကို အလျားလိုက်မြှောက်လိုက်သည်။

“ယနေ့ထက်ထိကျန်ရစ်နေသေးတဲ့ ဓားပျံထိန်းချုပ်ပညာရပ်ရဲ့ အစိတ်အပိုင်းအချို့ကို ထုတ်ပြဖို့အခွင့်ကောင်းပဲ”

ဝမ်ရှန်း၏မျက်ဝန်းများတွင် စိတ်ဝင်စားမှုကြောင့် အရောင်တောက်သွားသည်။

“ကုန်းပေါ်တက်တော့မယ်။ အစီအစဉ်အတိုင်းလုပ်ကြပါ”

ချီလင်းက သတိပေးလိုက်သည်။

နောက်ဆုံးတွင် မုဝမ်ရွှမ်းလည်း မတ်တတ်ရပ်လိုက်သည်။

ထိုကျွန်းသည် သိပ်မကြီးမားသော်လည်း တစ်ချိန်က လူများထောင်ချီ၍ နေထိုင်ခဲ့ဖူးသည်။ တောင်ပေါ်ကျေးရွာများကဲ့သို့ပင် သန်စွမ်းသော လူငယ်လူရွယ်အများစုသည် အခြားအရပ်ဒေသများသို့ အလုပ်အကိုင်ရှာဖွေရန် တဖြည်းဖြည်းထွက်ခွာသွားကြသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသာကျန်ရစ်ခဲ့ရာ ယခုအခါ ထိုကျွန်းမှာ လူသူကင်းမဲ့လုနီးပါးဖြစ်နေခဲ့လေသည်။

ထူထပ်သော တောအုပ်ကြီး၏ ရှေ့မှောက်တွင် ကျဉ်းမြောင်းသောကမ်းခြေသဲသောင်ပြင်ရှိနေပြီး အမြန်ရေယာဉ်ဆိုက်ကပ်လာမည့်အချိန်ကို စောင့်ကြိုနေသယောင်ရှိလေသည်။

အင်ဂျင်ကို ရပ်လိုက်ပြီးနောက် လှေသည် ကမ်းခြေသို့မျောပါလာခဲ့သည်။ ရေတိမ်ပိုင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက် လှေအောက်ခြေတွင် ကပ်ပါလာသော လူလေးဦးသည် သဲသောင်ပြင်ပေါ်သို့ ကျောဖြင့် ဖိကပ်လိုက်ကြသဖြင့် ရေယာဉ်သည် သဲသောင်ပြင်ပေါ်သို့ ငြင်သာစွာဆိုက်ကပ်သွားခဲ့သည်။

ချီလင်းက တည်ငြိမ်စွာမတ်တတ်ရပ်လိုက်ပြီး ဝမ်ရှန်းကို ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ရှန်းလည်း အစစ်မှန်ချီကို စုစည်းကာ ကမ်းခြေဆီသို့ လှမ်း၍ အော်ပြောလိုက်သည်။

“ငါက ဝူတန်းတောင်က ဝမ်ရှန်းပဲ။ မင်းတို့ကို ပညာစမ်းသပ်ဖို့ ငါ့ရဲ့စီနီယာအစ်မနဲ့အတူ လာခဲ့တယ်”

ထို့နောက် ဖေးလျန်ဇီလည်း မတ်တတ်ရပ်ကာ အော်လိုက်သည်။

“ငါက ရှူဓားဂိုဏ်းက ဖေးလျန်ဇီပဲ။ ကတိပေးထားတဲ့အတိုင်း စိန်ခေါ်မှုကိုလက်ခံဖို့ လာခဲ့တယ်။ နတ်ဘုရားငါးပါးဂိုဏ်းက ရေနတ်ဘုရား ဘယ်မှာလဲ”

တောအုပ်အစပ်မှ လူအယောက်နှစ်ဆယ်ကျော်ထွက်ပေါ်လာကြသည်။ အချို့က လက်နက်များကိုင်ဆောင်ထားကြပြီး အချို့မှာမူ ကြောက်မက်ဖွယ် သွေးဆာနေသောအငွေ့အသက်များကို ထုတ်လွှတ်နေကြရင်း ဝမ်ရှန်းအပေါ်သို့ အာရုံစိုက်လာကြသည်။

ချိတ်ကောက်ကဲ့သို့ နှာခေါင်းရှိပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်ရှည်များဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ရှေ့သို့ လှမ်းထွက်လာ၏။ ၎င်း၏အဆိပ်ပြင်းလှသော အကြည့်များက ဝမ်ရှန်း၏ အတွင်းစိတ်အထိ ထိုးဖောက်မြင်လိုပုံရပြီး ၎င်းက အေးစက်စွာ မေးလိုက်သည်။

“မင်းက နတ်ဘုရားငါးပါးဂိုဏ်းက သစ်သားယင်နတ်ဘုရားကို သတ်ခဲ့တဲ့သူလား”

“ငါပဲ။ အဲဒီတော့ ဘာဖြစ်လဲ”

ဝမ်ရှန်းက ၎င်း၏ဓားရှည်ကို ခါထုတ်လိုက်ရာ ဓားဖျားမှ အသံမြည်သွားသည်။

“မင်းတို့ တကယ်ပဲ ငါ့ကိုနိုင်မယ်လို့ ထင်နေတာလား”

ထိုသက်လတ်ပိုင်းအမျိုးသားက လှောင်ပြောင်သရော်လိုက်သည်။

“အဟက်။ မင်းအညံ့ခံလိုက်တာ ပိုကောင်းမယ်။ ငါ အချက်ပေးလိုက်တာနဲ့ ကျင့်ကြံသူ အယောက်ပေါင်းများစွ—”

ရွှီးး

ခုနှစ်စင်ကြယ်ဓားအစီအရင်ပုံသဏ္ဌာန်ဖြင့် ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားခဲ့သည်။

ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသည် ၎င်း၏လည်ပင်းကို ဆုပ်ကိုင်လျက် ဒူးထောက်လဲကျသွားရသည်။ ၎င်းသည် ဝမ်ရှန်း၏ ရိုးရှင်းသော ဓားချီကိုပင် ရှောင်တိမ်းနိုင်ခြင်းမရှိခဲ့ချေ။

ဝမ်ရှန်းသည် ရှေ့သို့ ခုန်ကူးကာ ကမ်းခြေအစပ်သို့ ဆင်းသက်လိုက်ပြီးနောက် သူ့ကို တိုက်ခိုက်ရန်ပြင်နေသော မိစ္ဆာကျင့်ကြံသူများကို လှမ်းကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“ငါက သစ်သားယင်နတ်ဘုရားကို သတ်ခဲ့တယ် ဘာဖြစ်လဲ။ မင်းတို့က ဘာမို့လို့ ငါ့ကို လာဟောင်နေတာလဲ။ ရေနတ်ဘုရား၊ သံမဏိနတ်ဘုရားနဲ့ မြေနတ်ဘုရားတို့ ဘယ်မှာလဲ”

ဝမ်ရှန်းက ချီစွမ်းအင်ကို အသုံးပြု၍ ကျွန်းတစ်ခုလုံးသို့ အသံလှိုင်းပျံ့နှံ့သွားစေခဲ့သည်။

“ကျင့်ကြံခြင်းလောကရဲ့ ကိစ္စတွေကို ကျင့်ကြံသူတွေပဲ ကိုင်တွယ်ပိုင်ခွင့်ရှိတယ်လို့ မင်းတို့ ပြောခဲ့ပြီးတော့ အခုကျ သာမန်လူတွေကို ဓားစာခံအဖြစ်သုံးနေတာလား။ ဟာသပဲ… ငါ အခု ရောက်နေပြီ။ သတ်ချင်ရင် လာလေ… ငါက မကောင်းမှုတွေကို နှိမ်နင်းပြီး တရားမျှတမှုကို စောင့်ရှောက်ဖို့လာခဲ့တာပဲ။ ဒီနေ့ မင်းတို့ကို လွှတ်ပေးလိုက်ရင် နောက်ထပ်အပြစ်မဲ့ပြည်သူဘယ်နှယောက်တောင် ဒုက္ခရောက်ဦးမလဲ မသိဘူး”

ရန်သူများကြားအောင် ရည်ရွယ်ချက်ဖြင့်အော်ပြောလိုက်ခြင်းက ချက်ချင်းပင် ထိရောက်မှု ရှိသွားခဲ့သည်။

ကျွန်းအတွင်းပိုင်းမှ ရေနတ်ဘုရားက လှမ်း၍ အော်ဟစ်လိုက်သည်။

“အဲဒီကောင်စုတ်ကို သတ်ပြီး ကပ္ပတိန်ချီလင်းကို ကျွန်းပေါ်ခေါ်လာနိုင်တဲ့သူကို ဆယ်နှစ်စာကျင့်ကြံခြင်းနဲ့ လျှို့ဝှက်ကျင့်စဥ် သုံးခု ဆုချမယ်”

တောအုပ်အတွင်းမှ တိုက်ပွဲခေါ်သံများပဲ့တင်ထပ်လာသည်။ ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်က တဖြည်းဖြည်းနီးကပ်လာသော လူအများအပြားက ကမ်းခြေဆီသို့စုရုံးလာနေကြောင်းသိရှိလိုက်သည်။

ဝမ်ရှန်းက ခပ်တိုးတိုးရယ်မောလိုက်ပြီးနောက် သူနှငိ့ ကျင့်ကြံခြင်းအဆင့်တူညီသော နတ်ဘုရားငါးပါးဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူနှစ်ဦးထံသို့ ရုတ်တရက်ပြေးဝင်တိုက်ခိုက်လိုက်သည်၊၊ ထိုအချိန်တွင် အခြားလူ ၁၀ယောက်ကျော်ကလည်း သူ့ထံသို့ စုပြုံတိုးဝင်လာကြသည်။

၎င်းသည် ခုနှစ်စင်ကြယ်ဓားသိုင်းကို အသုံးပြုလိုက်သဖြင့် ဓားအလင်းတန်းများ ဝင်းလက်သွားသည်။ ခြေလှမ်းကွက်သည်လည်း ချက်ချင်းပင် အထွတ်အထိပ်သို့ရောက်ရှိသွားပြီး နူးညံ့သော သဲသောင်ပြင်ပေါ်တွင် ခြေရာအနည်းငယ်သာ ထင်ကျန်ခဲ့လေသည်၊၊

မိစ္ဆာကျင့်ကြံသူတစ်ဦးက ၎င်း၏ဓားမော့ကို ဝှေ့ယမ်းလိုက်ရာ ထူထပ်သော မီးခိုးမည်းများထွက်ပေါ်လာပြီး မကြာမီမှာပင် အငြိုးကြီးဝိညာဉ်ဆိုးအချို့အဖြစ် ပြောင်းလဲကာ ဝမ်ရှန်းထံသို့ ပြေးဝင်သွားသည်။ အခြားမိစ္ဆာကျင့်ကြံသူတစ်ဦးက နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားပြီး မန္တန်အနည်းငယ်ရွတ်လိုက်ရာ သဲပြင်ထဲမှ နွယ်ပင်များ ရုတ်တရက်ထွက်ပေါ်လာပြီး ဝမ်ရှန်းကို ဖမ်းချုပ်ရန် ရစ်ပတ်လာကြသည်။

မိစ္ဆာကျင့်ကြံသူများကို ယေဘုယျအားဖြင့် အမျိုးအစားနှစ်ခုခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ တာအိုဂိုဏ်းများကဲ့သို့ စနစ်တကျကျင့်ကြံခြင်းနည်းလမ်းများကို လိုက်နာသော်လည်း ၎င်းတို့၏ နည်းလမ်းများသည် သွေးချောင်းစီးခြင်းနှင့် အမှောင်ဘက်ခြမ်းဖြင့် ပြည့်နှက်နေသဖြင့် စိတ်ဝိညာဉ်ကို တဖြည်းဖြည်းပျက်စီးစေကာ မိစ္ဆာလမ်းစဉ်သို့ ရောက်ရှိသွားကြသူများ ဖြစ်သည်။ ၎င်းတို့၏ ကျင့်စဉ်ကို မိစ္ဆာတာအိုပညာရပ်ဟု ခေါ်ဆိုသည်။

ဒုတိယအမျိုးအစားမှာမူ ပိုမိုကျယ်ပြန့်ပြီး လမ်းမှားနည်းလမ်းများဖြင့် စွမ်းအားကို အလျင်အမြန်စုဆောင်းသည့် မည်သည့်နည်းလမ်းကိုမဆို အကျုံးဝင်သည်။ အသုံးအများဆုံးနည်းလမ်းများတွင် ဝိညာဉ်ကို သန့်စင်ခြင်း၊ ချီစွမ်းအင်ကို စုပ်ယူခြင်း၊ မကောင်းဆိုးဝါးအနှစ်သာရကျင့်ကြံခြင်းနှင့် အဆိပ်ကိုပေါင်းစပ်ခြင်းတို့ ပါဝင်သည်။ သစ်သားယင်နတ်ဘုရား၏ တပည့်နှင့် ကျွန်းပေါ်ရှိ မိစ္ဆာကျင့်ကြံသူများသည် ဒုတိယအမျိုးအစားတွင် ပါဝင်ကြသည်။

လမ်းမှန်ဂိုဏ်းများသည် မိစ္ဆာတာအိုကျင့်ကြံသူများကို နှိမ်နင်းရန် နှစ်ပေါင်းထောင်ချီ၍ အချိန်ယူခဲ့ရခြင်းမှာ မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ပိုမိုမြန်ဆန်လွယ်ကူစွာ တိုးတက်စေနိုင်သောကြောင့် ဖြစ်သည်။ လမ်းမှန်ကျင့်ကြံသူတစ်ဦးသည် မိမိတို့ဂိုဏ်း၏ တောင်ပေါ်တွင် နှစ်ပေါင်းများစွာ တရားထိုင်နေရသော်လည်း လုယက်သတ်ဖြတ်မှုဖြင့် လအနည်းငယ်သာအချိန်ဖြုန်းခဲ့သော မိစ္ဆာကျင့်ကြံသူတစ်ဦး၏ တိုးတက်မှုကို မမှီနိုင်ဘဲဖြစ်နေတတ်သည်။

အထူးသဖြင့် နတ်ဘုရားငါးဂိုဏ်းသည် ဝိညာဉ်သန့်စင်ခြင်းအတတ်ပညာတွင် ကျွမ်းကျင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သုသာန်များတွင် မကြာခဏကျင့်ကြံလေ့ရှိကြပြီး ၎င်းတို့အတွက် ဝိညာဉ်များသည် တိုးတက်မှုကို များစွာမြန်ဆန်စေသော အဖိုးတန်အရင်းအမြစ်များဖြစ်ကြသည်။

ဝမ်ရှန်း ပစ်မှတ်ထားနေသော မိစ္ဆာကျင့်ကြံသူနှစ်ဦးသည် မကြာသေးမီကပြုလုပ်ခဲ့သော လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း ဝိညာဉ်များကို သန့်စင်ခဲ့ကြသဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်ရောက်ရှိထားကြသည်မှာ မကြာသေးသူများဖြစ်သည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်မှာ မတည်ငြိမ်ဘဲ ဂါထာမန္တန်များကို အလျင်စလိုထုတ်ဖော်လိုက်သော်လည်း ဝမ်ရှန်း၏ ဝတ်ရုံစွန်းကိုပင် မထိခိုက်နိုင်ခဲ့ကြချေ။

တိမ်တိုက်ကို ထိုးဖောက်၍ လမင်းကို ဖြတ်ကျော်ခြင်း၊၊

နှင်းခဲကဲ့သို့ အေးစက်သော ဓားအလင်းတန်းတစ်ခုသည် လေထုထဲတွင် ဝေ့ဝဲသွားခဲ့သည်။ ဝမ်ရှန်းသည် ထိုနှစ်ဦးကြားမှ ဖြတ်သန်းသွားပြီး ၎င်းတို့၏ လည်ပင်းကို တိကျစွာ လှီးဖြတ်လိုက်သည်။

သွေးများ ပန်းထွက်လာကာ ၎င်းတို့သည် နောက်သို့ လဲကျသွားကြသည်။

ဝမ်ရှန်းသည် ခြေလှမ်းကို မရပ်တန့်ဘဲ ရှေ့သို့ ငါးလှမ်းခန့် အပြင်းနှင်သွားပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်ကိုလှည့်ကာ ၎င်း၏အရှိန်အဟုန်ကို နောက်ထပ် ရန်သူအုပ်စုထံသို့ ပြောင်းလဲလိုက်သည်။ ၎င်းသည် ခုနှစ်စင်ကြယ်ခြေလှမ်းကိုအသုံးပြုကာ စစ်မြေပြင်တစ်ခုလုံးတွင် ခန့်မှန်းရခက်ခဲစွာ ရွေ့လျားနေပြီး ပုံရိပ်ယောင်များကို ချန်ရစ်ခဲ့သည်။

၎င်း၏ ရက်စက်လျင်မြန်လှသော စွမ်းဆောင်ရည်ကြောင့် မိစ္ဆာကျင့်ကြံသူများသည် ခေတ္တမျှ မှင်တက်သွားကြရသည်။ ထိုခဏ၌ သူတို့သည် စွမ်းအားမဲ့သော သာမန်လူသားများကဲ့သို့ ခံစားလိုက်ရပြီး မြင့်မြတ်တောင်တန်းများမှ ထိုဓားကျင့်ကြံသူသည်သာ စစ်မှန်သောမိစ္ဆာကျင့်ကြံသူဖြစ်နေသယောင်ခံစားလိုက်ရသည်။

All Chapters