← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

Chapter 145

ခြေဆယ်လှမ်းလျှင် တစ်ယောက်နှုန်း

ဝမ်ရှန်း၏ အနီးကပ်သတ်ဖြတ်မှုကို ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရသဖြင့် မုဝမ်ရွှမ်းပင်လျှင် ၎င်း၏လက်ချောင်းများ အနည်းငယ်တုန်ရင်သွားရပြီး ဖေးလျန်ဇီ၏ နှုတ်ခမ်းများလည်း တွန့်ကွေးသွားခဲ့သည်။

မိစ္ဆာကျင့်ကြံသူ လေးငါးဦးသည် ကြောက်လန့်တကြားဖြင့် ချက်ချင်းနောက်ဆုတ်သွားကြပြီး ဝမ်ရှန်း အာရုံစိုက်ခြင်းခံထားရသော မိစ္ဆာကျင့်ကြံသူမှာမူ မျက်နှာပျက်သွားခဲ့သည်။ ထိုသူက ထိတ်လန့်တကြားဖြင့် အဆိပ်လက်ဝါးကို အဆက်မပြတ်ထုတ်ဖော်ကာ ထွက်ပြေးရန်ကြိုးစားလိုက်သည်။

မိစ္ဆာကျင့်ကြံသူများနှင့် ကိုယ်ကျင့်တရား၊ သတ္တိ၊ သစ္စာစောင့်သိမှု သို့မဟုတ် ယုံကြည်ချက်များအကြောင်း ဆွေးနွေးနေခြင်းသည် အပိုအလုပ်သာဖြစ်သည်။ အကြောင်းမူကား ၎င်းတို့သည် မိမိတို့၏ ရှင်သန်မှုနှင့် ကိုယ်ကျိုးစီးပွားကိုသာ ဂရုစိုက်ကြသောကြောင့် ဖြစ်သည်။ အများစုသည် နတ်ဘုရားငါးပါးဂိုဏ်းသို့ ဝင်ရောက်ခဲ့ကြခြင်းမှာ လေးစားကြည်ညိုလွန်း၍မဟုတ်ဘဲ အကာအကွယ်ရရှိရန်နှင့် အခြားသူများအပေါ် စွမ်းအားပြနိုင်ရန်အတွက်သာ ဖြစ်သည်။

ထို့ပြင် ဝမ်ရှန်းသည် ၎င်းတို့ထက် ပိုမိုမြန်ဆန်စွာ သတ်ဖြတ်နိုင်ပြီး ၎င်း၏ဓားသိုင်းပညာတိကျမှုကြောင့် ၎င်းတို့တွင် ပြန်လည်ခုခံနိုင်စွမ်းမရှိခဲ့ချေ။ ထိုသို့ဆိုလျှင် သူတို့ ဘာလို့မပြေးဘဲနေရမည်နည်း၊၊

ဝမ်ရှန်းက ဓားကို အသာဝှေ့ယမ်းကာ ဝင်ရောက်လာသော လက်ဝါးပုံရိပ်များကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။ အစစ်မှန်ချီများတဟုန်ထိုး ထွက်ပေါ်လာကာ ကျန်ရှိနေသော အဆိပ်လက်ဝါးများကြားမှ ဖြတ်သန်းပြေးဝင်သွားပြီးနောက် ဓားရှည်ကို အလျားလိုက် ဝှေ့ယမ်းလိုက်ရာ နောက်ထပ်မိစ္ဆာကျင့်ကြံသူတစ်ဦးလည်း သဲသောင်ပြင်ပေါ်သို့ အသက်မဲ့၍လဲကျသွားပြန်သည်။

သူ့၏ ဓားသွားတွင် သွေးစွန်းခြင်းမရှိဘဲ ဆယ်လှမ်းလျှင် မိစ္ဆာကျင့်ကြံသူတစ်ယောက်စီ ရှင်းလင်းသွားခဲ့သည်။

သူ့၏ ကျောတွင် ဓားအိမ်ကို လွယ်ထားလျက် ဝမ်ရှန်းသည် ရှေ့သို့ အလျင်အမြန်တိုးဝင်သွားသည်။ အစောပိုင်းက ယုံကြည်မှုလွန်ကဲနေသော မိစ္ဆာကျင့်ကြံသူအယောက်နှစ်ဆယ်ကျော်သည် ယခုအခါ တိုက်ခိုက်လိုစိတ်လုံးဝပျောက်ဆုံးသွားကြချေပြီ။ ၎င်းတို့အနက် အားအကောင်းဆုံးနှစ်ဦးသည် တောအုပ်ထဲသို့ ထွက်ပြေးသွားကြသည်။

သို့သော် နတ်ဘုရားငါးပါးဂိုဏ်းသည် ထိုခေတ်အခါက ထိပ်သီးမိစ္ဆာဂိုဏ်း သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ထိုကျင့်ကြံသူများသည် အရေးမပါသော်လည်း ဂိုဏ်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပညာရှင်များစွာရှိနေသေးသည်။

ဝမ်ရှန်းသည် ဆဋ္ဌမမြောက် ပစ်မှတ်ကို ခုတ်ပိုင်းလိုက်ချိန်တွင် ကမ်းခြေ၌ ရန်သူများကင်းစင်သွားခဲ့ပြီ ဖြစ်သည်။ သူလည်း တောအုပ်အစပ်သို့ ရောက်ရှိသွားခဲ့သည်။

တောအုပ်အတွင်းမှ ရုတ်တရက် ဒေါသတကြီးအော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။

“အသုံးမကျတဲ့ အမှိုက်တွေ”

ထိုအချိန် လေခွင်းသံများထွက်ပေါ်လာသည်၊၊ ဝမ်ရှန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ ဆုတ်ခွာလိုက်ရာ ၎င်းရှိခဲ့သော နေရာကို ဖြတ်သန်း၍ သံမဏိလက်သည်းနှစ်ခုသည် ပင်လယ်ထဲသို့ ကျရောက်သွားခဲ့သည်။

ဝမ်ရှန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အလျင်အမြန်နောက်ဆုတ်လိုက်ရာ ဝတ်စုံနက်ဝတ်ဆင်ထားသော ကျင့်ကြံသူ ၇ဦး၊ ၈ဦးခန့် တောအုပ်ထဲမှ ထွက်ပေါ်လာကြပြီး ၎င်းတို့အားလုံးသည် လက်နက်များကိုင်ဆောင်ထားကာ ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့အနက် အားအကောင်းဆုံးလူ၏ စွမ်းအားကို ဝမ်ရှန်း ခန့်မှန်းရန် ခက်ခဲနေသော်လည်း ထိုသူသည် အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအလယ်အလတ် သို့မဟုတ် နှောင်းပိုင်းအဆင့်တွင်ရှိနေနိုင်ကြောင်း ခန့်မှန်းလိုက်သည်။

“အားလုံးပေါင်းပြီး သူ့ကို သတ်ကြ။ ငါတို့ ရမယ့်ဆုလာဘ်ကို ညီတူညီမျှခွဲဝေကြမယ်”

ထိုသူက အမိန့်ပေးလိုက်သည်။

“ဘယ်သူ့ကိုမှ အကောင်းဆုံးအခွင့်အရေးကို လုယူခွင့်မပေးနဲ့”

ဝမ်ရှန်း၏ နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားသည်။ သူ့၏ ဓားရှည်က တုန်ခါသွားပြီး ဓားချီအချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုအထဲမှ တစ်ခုသည် ရန်သူတစ်ဦး၏ ခြေထောက်ကို ထိမှန်သွားသဖြင့် ထိုသူသည် ဒဏ်ရာကို ဆုပ်ကိုင်ကာ အော်ဟစ်နေလေသည်။

“သူ့ကို သတ်ကြ”

ဝမ်ရှန်းသည် ဘယ်ဘက်လက်ကို နောက်သို့ ပို့ထားလျက် အမြန်ရေယာဉ်ဆီသို့ တိတ်တဆိတ်အချက်ပြလိုက်သည်။ ဖေးလျန်ဇီက ချက်ချင်းပင် အာရုံစိုက်လိုက်သည်။ ၎င်းတို့၏ အစီအစဉ်အရ ယခုအခါ သူတိုက်ခိုက်ရမည့်အလှည့်ရောက်ရှိလာပြီ ဖြစ်သည်။

၎င်းသည် ရိုးရှင်းသော်လည်း အလွန်ထိရောက်သော စစ်ဗျူဟာမြောက်နည်းလမ်းတစ်ခုဖြစ်သည်။ ဝမ်ရှန်းသည် ရန်သူများ၏ အာရုံကိုဆွဲဆောင်ပြီး ပြိုင်ဘက်ကင်းစွမ်းအားကိုပြသကာ ရန်သူများအား သူ့ကို အလေးအနက်ထားလာစေရန် ပြုလုပ်မည် ဖြစ်သည်။ သူ ဖိအားများကို ခံစားရသည်နှင့်တစ်ပြိုင်နက် ဖေးလျန်ဇီက ဝင်ရောက်ကူညီမည်ဖြစ်ပြီး ၎င်းတို့ ရုန်းကန်နေရသော လက္ခဏာများ ပြသလာပါက မုဝမ်ရွှမ်းကလည်း ပူးပေါင်းပါဝင်လာမည် ဖြစ်သည်။

သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို တဖြည်းဖြည်းမြှင့်တင်သွားခြင်းဖြင့် မိစ္ဆာကျင့်ကြံသူအများအပြားကို ဆွဲဆောင်ထားမည်ဖြစ်သည်။ ကျန်းဇီခွမ်းက ထိုမဟာဗျူဟာကို စဉ်းစားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိအောင်မြင်နေဆဲဖြစ်သည်။

သူတို့၏ နောက်ဆုံးရည်မှန်းချက်မှာ ရွာထဲမှ ပုံရိပ်ယောင်အမြုတေအဆင့်တစ်ဦး သို့မဟုတ် နှစ်ဦးကို ဆွဲထုတ်ရန် ဖြစ်သည်။ ရန်သူများကို သူတို့ဘက်သို့ တတ်နိုင်သမျှဆွဲဆောင်နိုင်လေ… ဓားစာခံများကို ကယ်ဆယ်ရန် ပိုမိုလွယ်ကူလေဖြစ်လိမ့်မည်။

ဖေးလျန်ဇီသည် ဝတ်စုံနက်ဝတ်ဆင်ထားသူ ၈ဦးကို အသေအချာစောင့်ကြည့်နေသည်။ ၎င်းတို့ ဝမ်ရှန်းထံသို့ ပြေးဝင်သွားချိန်တွင် သူ့၏ ချီစွမ်းအားအားလုံးကို စုစည်းကာ ဓားနှစ်လက်ထဲသို့ ထည့်သွင်းလိုက်သည်။

အခုပဲ… ရှုဓားဂိုဏ်းရဲ့ ဓားပျံထိန်းချုပ်ခြင်း အတတ်ပညာ။

“မလုပ်နဲ့ဦး”

ချီလင်းက ရုတ်တရက်ပြောလိုက်သည်။

ဖေးလျန်ဇီလည်း အရှိန်လွန်ပြီး ပင်လယ်ထဲသို့ပင် ကျလုနီးပါးဖြစ်သွားသည်။

ဝမ်ရှန်းက အားကုန်ထုတ်မသုံးသေးသည်ကို ရိပ်မိသွားသဖြင့် ချီလင်းက ဖေးလျန်ဇီကို တားမြစ်လိုက်ခြင်းဖြစ်လေသည်။

ထိုလူရှစ်ယောက်သည် ဝမ်ရှန်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြပြီး စက္ကန့်ပိုင်းအတွင်း ရောင်စုံအလင်းတန်းတစ်ဒါဇင်ကျော်ကို ထုတ်လွှတ်ကာ လက်နက်ပုန်းများဖြင့် ဒဏ်ရာရအောင် ကြံစည်ကြတော့သည်။ ကမ္ဘာဦးချီများ ပြန်လည်နိုးထမလာမီကတည်းကပင် ယခုကဲ့သို့ လက်နက်ပုန်းများကို ချက်ချင်းထုတ်သုံးတတ်သူများသည် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြသည့် သွေးအေးလူသတ်သမားများသာဖြစ်ကြ၏။

ဝမ်ရှန်းကမူ ထိုကဲ့သို့သော ပရိယာယ်ကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။ သူဘေးသို့ ဖျတ်ခနဲ ရှောင်လိုက်ရာ အစစ်မှန်ချီများ စီးဝင်နေသည့် ၎င်းတို့၏လက်နက်ပုန်းများက သူ့နောက်ရှိ ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်သွားပြီး ရေပြင်ထက်တွင် ရေတိုင်လုံးကြီးတစ်ဒါဇင်ကျော်က အရှိန်အဟုန်ဖြင့် ပန်းထွက်သွားတော့သည်။

သူသည် ခြေလှမ်းသိုင်းကို အစွမ်းကုန်မြှင့်တင်ကာ တည်နေရာကို အဆက်မပြတ်ပြောင်းလဲရင်း ညာဘက်အစွန်ဆုံးရှိ လူသုံးယောက်ထံသို့ တိုးဝင်သွားသည်။ သူ၏ ဓားတွင် အစစ်မှန်ချီများပြည့်လျှံသွားပြီး လှိုင်းကြက်ခွပ်ထနေသောရေပြင်ပမာ ဝင်းလက်တောက်ပသွားကာ အစွမ်းကုန်တိုက်စစ်ဆင်လိုက်သည်။

ရန်သူဦးရေ ပိုမိုများပြားနေသော်လည်း ဝမ်ရှန်းက အသာစီးရကာ ဖိအားပေးတိုက်ခိုက်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဓားမြည်သံများ အဆက်မပြတ်ဟိန်းထွက်လာပြီး ကောင်းကင်ဘုံမှ ကြယ်တာရာစွမ်းအင်များ စီးဝင်နေသော နတ်ဓားတစ်လက်သည် ယုတ်မာဆိုးသွမ်းမှုများကို နှိမ်နင်းရန်နှင့် မိစ္ဆာများကို သုတ်သင်ရန် ရင်ဘတ်ထဲမှ ရုန်းထွက်လာတော့မည့်အတိုင်း ဖြစ်နေ၏။

သဲသောင်ပြင်ထက်တွင် ခုနှစ်စင်ကြယ်အလင်းတန်းများ ဖြတ်သန်းသွားသည်။ ဝမ်ရှန်းက သူ၏ဓားရှည်ကို လွှဲယမ်းကာ ခုတ်ပိုင်းလိုက်သောအခါ ဓားရိပ်များက ထိုလူသုံးယောက်ကို လွှမ်းမိုးသွားတော့သည်။ သူ၏ တားဆီး၍မရသော ဓားသိုင်းက ရန်သူတို့၏ သွေးကို တစ်ဖန်ပြန်လည်စီးကျစေခဲ့သည်။

ဝမ်ရှန်းသည် ကောင်းရှီရှင်းထံမှ သင်ယူခဲ့သော ခုနှစ်စင်ကြယ်ဓားသိုင်း၏ စစ်မှန်သော စွမ်းအားကို ထုတ်သုံးနေခြင်း ဖြစ်သည်။ ၎င်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်တွင် လိုအပ်နေသော နက်နဲမှုများကို ဖြည့်ဆည်းပေးနိုင်ပြီး ခုနှစ်စင်ကြယ်ဓားအစီအရင်ကလည်း ရန်သူအများအပြားကို ရင်ဆိုင်ရသည့်အခါ ဖြစ်ပေါ်တတ်သော အားနည်းချက်ကို ဖုံးကွယ်ပေးထားသည်။

သို့သော်လည်း ယခုရင်ဆိုင်နေရသော ရန်သူများသည် စောစောက လူဖျင်းလူအများထက် များစွာပိုမိုသန်မာကြသည်။ လှည့်ပတ်နေသော ဓားရိပ်များထဲသို့ အဆောင်အနည်းငယ်ပစ်သွင်းခံလိုက်ရပြီးနောက် ပေါက်ကွဲသွားသဖြင့် ဝမ်ရှန်းလည်း နည်းဗျူဟာပြောင်းကာ ရှောင်တိမ်းလိုက်ရသည်။

သို့သော်ငြားလည်း ဓားရိပ်များကြားတွင် ပိတ်မိနေသော ထိုလူသုံးယောက်မှာ တစ်ယောက်လျှင် ဒဏ်ရာတစ်ဒါဇင်ကျော်စီ ရရှိသွားကြပြီ ဖြစ်သည်။ ဝမ်ရှန်းက ၎င်းတို့အား သုံးချက်ဆင့်ကာ ဆက်တိုက်ထိုးနှက်လိုက်ရာ တစ်ယောက်၏ ရင်ဘတ်ကို ချင်းချင်းထွင်း ဖောက်ဝင်ရောက်သွားပြီး ထိုလူမှာ လဲကျသေဆုံးသွားတော့သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်သာ ရှိသေးသည်။ ၎င်းတို့၏ တာအိုခန္ဓာကိုယ်တွင် သေစေလောက်သော ဒဏ်ရာရရှိပါက သေဆုံးနိုင်လေသည်။

ရန်သူများသည် ဝမ်ရှန်း၏ အချက်အချာကျသောနေရာများကို ဓားဖြင့် လွှဲယမ်းထိုးနှက်ကြသည်။ ထို့ပြင် အဆောင်များသည်လည်း တစ္ဆေမီးတောက်များကဲ့သို့ သူ့ထံသို့ ပျံသန်းလာပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်က သူ၏ ဝိညာဉ်အသိစိတ်ကို တိုက်ခိုက်ရန် ယုတ်ညံ့သောကျိန်စာမန္တန်ကို ရွတ်ဆိုလာသည်။

“စစ်မှန်တဲ့ ကြယ်ငါးစင်းအလင်းနဲ့ အမှောင်ထုကို ရှင်းလင်းစမ်း”

ဝမ်ရှန်းက ပြတ်သားစွာ အော်လိုက်ရာ ယုတ်ညံ့သောကျိန်စာမှာ ချက်ချင်းပင် ပျယ်ပြယ်သွားတော့သည်။

သူ၏ ခြေလှမ်းသိုင်းကို အစွမ်းကုန်ထပ်မံမြှင့်တင်လိုက်ပြီး ဓားချီနှစ်လှိုင်းကို ထုတ်လွှတ်လိုက်ရာ ပြင်းထန်စွာ ဒဏ်ရာရနေသော လူနှစ်ယောက်မှာ ငရဲပြည်တံခါးဝသို့ တန်းတန်းမတ်မတ်ရောက်ရှိသွားတော့သည်။ ထို့နောက် သူ့နောက်သို့ လိုက်ပါလာသော မိစ္ဆာကျင့်ကြံသူနှစ်ယောက်နှင့် အရှိန်အဟုန်ပြင်းစွာ သိုင်းကွက်အချို့ဖလှယ်လိုက်သည်၊၊

သူတို့၏ ဓားသွားများ အချင်းချင်းထိခတ်မိပြီး ပြင်းထန်သော တိုက်ပွဲမှာ အကြိတ်အနယ်ဆက်လက်ဖြစ်ပွားနေသည်။ ဝမ်ရှန်း၏ အောင်ပွဲက သိသာထင်ရှားလာချိန်တွင် တောအုပ်ထဲမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူ အနည်းငယ် ထပ်မံပြေးထွက်လာကြပြန်သည်။

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်၏လမ်းကြောင်းအတိုင်း ဓားကို လွှဲယမ်းလိုက်သည်။ သူ၏ ဓားအရှိန်အဟုန်က တည်ငြိမ်စွာ မြင့်တက်လာပြီး သူက ဟစ်ကြွေးလိုက်သည်၊၊

“ရှုပြည်နယ်ရဲ့ တာအိုလမ်းစဉ်က ခက်ခဲလွန်းတယ်… ကောင်းကင်ဘုံကို တက်လှမ်းရတာထက်တောင် ပိုပြီး ခက်ခဲသေးတယ်”

ဝှစ်၊၊

ဓားတစ်စင်းသည် ကိုင်ဆောင်ထားသူ၏ လက်ထဲမှ လွတ်ထွက်သွားပြီး ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ ပျံသန်းသွားပြီး ညာဘက်ရှိ မိစ္ဆာကျင့်ကြံသူများကို ဖြတ်တောက်သွားတော့သည်။

Chapter 146

လူစုလူဝေး

အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင်ရှိသော ကျင့်ကြံသူနှစ်ယောက်မှာ ၎င်းတို့၏ လည်ပင်းကို လက်ဖြင့်အုပ်လျက် နာကျင်စွာအော်ဟစ်ကာ နောက်သို့ ယိုင်ထွက်သွားကြသည်။ ဒဏ်ရာများထဲမှ သွေးများပန်းထွက်လာပြီး ဒဏ်ရာအတွင်းရှိ ပြင်းထန်သော ဓားချီစွမ်းအင်များကြောင့် သွေးတိတ်အောင် မလုပ်နိုင်ကြတော့ပေ။

အဝေးတွင်ရှိနေသော ဖေးလျန်ဇီက မိုးခြိမ်းသံအလားကြုံးဝါးလိုက်သည်၊၊

“ကောင်းကင်နှင့်မြေကြီးတိုက်ခိုက်ခြင်းအနုပညာ: ချီထိန်းချုပ်ဓား”

ရှေ့တည့်တည့်သို့ ပျံသန်းသွားသော ဓားရှည်သည် လေထုထဲတွင် တုန်ခါသွားပြီးနောက် ကောင်းကင်ယံသို့ ရုတ်ချည်းပျံတက်သွားတော့သည်။

၎င်းကို မျက်လုံးထောင့်မှ မြင်လိုက်ရသော ဝမ်ရှန်းသည် ချက်ချင်းပင် စိတ်ဓာတ်များ နိုးကြားတက်ကြွလာသည်။ သို့သော်လည်း သူသည် အရှိန်ကို လုံးဝလျှော့မချခဲ့ပေ။ ခုနှစ်စင်ကြယ်၏ တည်နေရာများအတိုင်း လိုက်နာရင်း ခုနှစ်စင်ကြယ်ဓားအစီအရင်ကို အမြင့်ဆုံးအခြေအနေတွင် ဆက်ထိန်းထားသည်။

မိစ္ဆာကျင့်ကြံသူများသည် ဓားထိန်းချုပ်ခြင်းပညာရပ်ကြောင့် အာရုံပျံ့လွင့်နေစဉ် ဝမ်ရှန်းက ကျန်ရှိနေသောရန်သူများကို ထပ်မံဒဏ်ရာရအောင် တိုက်ခိုက်လိုက်သည်။

အမြန်ရေယာဉ်၏ အစွန်းတွင် ရပ်နေသော ဖေးလျန်ဇီသည် သူ၏ ဘယ်ဘက်လက်ဖြင့် ဓားပုံစံပြုလုပ်ကာ လေထုထဲတွင် မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက် လက်ညှိုးကို ခါထုတ်လိုက်ရာ ပျံသန်းနေသော ဓားသည် မိစ္ဆာကျင့်ကြံသူတစ်ယောက်ထံသို့ ကြယ်ပျံတစ်စင်းကဲ့သို့ ထိုးဆင်းသွားတော့သည်။ ပစ်မှတ်မှာ ထိတ်လန့်တကြားရှောင်တိမ်းရန် ကြိုးစားသော်လည်း ပျံသန်းနေသော ဓားသည် သူ့နောက်သို့ အရိပ်ပမာထပ်ကြပ်မကွာလိုက်ပါနေသည်ကိုသာ တွေ့ရှိလိုက်ရသည်။

ဖေးလျန်ဇီသည် အမြန်ရေယာဉ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ရေလှိုင်းများကို ခြေဖျားဖြင့် ပွတ်ဆွဲကာ ရှေ့သို့ ပြေးဝင်သွားသည်။ ထို့နောက် ချက်ချင်းပင် သူ၏ ညာဘက်လက်ရှိ ဓားကို လှည့်ပတ်လိုက်ရာ ဓားရိပ်အလင်းတန်းများ ပျံ့လွင့်သွားတော့သည်။

အချို့သော မိစ္ဆာကျင့်ကြံသူများသည် ပြန်လှည့်ပြီး ဖေးလျန်ဇီကို သုတ်သင်ရန်ကြိုးစားကြသော်လည်း ဝမ်ရှန်းက နည်းဗျူဟာကို ချက်ချင်းပြောင်းလဲလိုက်သည်။ သူသည် တိုက်စစ်နှင့် ခံစစ်ကို မျှတအောင်မလုပ်တော့ဘဲ အစွမ်းကုန်တိုက်စစ်ဆင်လိုက်ရာ ရန်သူများပျာယာခတ်သွားကြတော့သည်၊၊

၎င်းတို့၏ အရှိန်အဟုန်ပျက်ပြားသွားသဖြင့် ရန်သူများ၏ အင်အားသာလွန်မှုမှာ အရေးမပါတော့ပေ။

ခရမ်းရောင်ဓား၊၊

ခုနှစ်စင်ကြယ် မိစ္ဆာသုတ်သင်ခြင်း၊၊

ဝမ်ရှန်းသည် ဓားရိပ်ခုနှစ်ခုအဖြစ် ကွဲပြားသွားပုံရပြီး ဓားရိပ်တစ်ခုစီသည် ကြယ်ခုနှစ်စင်းပေါက်ကွဲသွားသည့်အလား တောက်ပသောအလင်းတန်းများကို ထုတ်လွှတ်နေသည်။ ထိုဓားရိပ်များသည် မျက်လှည့် သို့မဟုတ် လှည့်စားမှုသက်သက်မဟုတ်ဘဲ အားလုံးမှာ အစစ်အမှန်များဖြစ်ကြပြီး ရန်သူများကို ခုတ်ပိုင်းနိုင်စွမ်းရှိကြသည်။

ထိုလူနှစ်ယောက်သည် မိစ္ဆာကျင့်ကြံသူများ အုပ်စုကြားထဲတွင် လှည့်ပတ်သွားလာနေကြသည်။ ဝမ်ရှန်းက အနောက်မှ အရှေ့သို့ တိုက်ခိုက်ပြီး ဖေးလျန်ဇီက တောင်မှ မြောက်သို့ တိုက်ခိုက်သည်။ ၎င်းတို့အချင်းချင်း ဖြတ်သန်းသွားကြစဉ် နားလည်မှုရှိသော အပြုံးများကို ဖလှယ်လိုက်ကြ၏။

ဓားအလင်းတန်းများက အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်သွားပြီး ပျံသန်းနေသော ဓားသည်လည်း လေထုထဲတွင် ဝဲပျံနေသည်။ ရန်သူများသည် ထွက်ပြေးရန် လမ်းစပင် ရှာမတွေ့နိုင်ကြတော့ပေ။

ဓားကျင့်ကြံသူတစ်ဦးနှင့် အနီးကပ်ရင်ဆိုင်ရသည့်အခါ အဆောင်များနှင့် ဂါထာမန္တန်များသည် လုံးဝအသုံးမဝင်တော့ပေ။ ထို့ပြင် အနီးကပ်တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော မိစ္ဆာကျင့်ကြံသူနှစ်ဦးတွင် နည်းဗျူဟာပေါင်းများစွာရှိနေသော်လည်း ဓားသမားနှစ်ဦး၏ လျင်မြန်လှသော အရှိန်အဟုန်ကို မမီနိုင်ကြတော့ပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းတို့အားလုံး လုံးဝချေမှုန်းခြင်း ခံလိုက်ရတော့သည်။

ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ နောက်ဆုံးရပ်တန့်လိုက်သည့် အချိန်၌ ဒုတိယလှိုင်းမှ မိစ္ဆာကျင့်ကြံသူ ၈ယောက်လုံး လဲကျသွားကြပြီ ဖြစ်သည်။ ငါးယောက်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး သုံးယောက်မှာမူ သေလုမြောပါးဖြစ်နေသည်။ ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့က ၎င်းတို့၏ ဝေဒနာများကို ချက်ချင်းအဆုံးသတ်ပေးလိုက်ကြသည်။

“ဒါက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ”

ဖေးလျန်ဇီက ခေါင်းကို နောက်သို့မော့ကာ ရယ်မောလိုက်သည်၊၊

“ငါတို့ရဲ့ ဓားတွေနဲ့ မကောင်းမှုတွေကို သုတ်သင်တာက ဒီလိုပဲဖြစ်သင့်တာပေါ့… ငါတို့ရဲ့ ဖြောင့်မတ်တဲ့ စိတ်ဝိညာဉ်က ကောင်းကင်ယံအထိ ပျံတက်သွားပြီပဲ”

တောအုပ်ထဲတွင် ရှေ့သို့ ပြေးဝင်လာကြသော မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ သောင်ပြင်ထက်တွင် ရပ်နေသော ဓားကျင့်ကြံသူနှစ်ဦးကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးထဲတွင် သံသယများနှင့် မုန်းတီးမှုများပြည့်နှက်နေ၏။ ၎င်းတို့၏ ရန်သူများသည် ရှုဓားဂိုဏ်း၏ ဂန္ထဝင်ဖြစ်သော ဓားထိန်းချုပ်ခြင်းပညာရပ်ကိုပင် သုံးနိုင်နေမှတော့ ၎င်းတို့အနေဖြင့် မည်သို့အနိုင်ယူနိုင်တော့မည်နည်း။

လူနှစ်ယောက်သည် အမြန်ရေယာဉ်၏ ရှေ့တွင် ရပ်နေကြသည်။ ဝမ်ရှန်းတွင် သူ၏ ကျော၌ ဓားအိမ်ရှိနေပြီး လက်ထဲတွင် ဓားကို ကိုင်ဆောင်ထားကာ ဖေးလျန်ဇီကမူ ဓားရှည်တစ်စင်းကို သူ၏ ညာဘက်လက်ဖြင့် နောက်သို့ ကိုင်ထားပြီး ဘယ်ဘက်လက်မောင်းကို ရှေ့သို့ ဆန့်ထုတ်ထားသည်။ သူ၏ လက်ဖဝါးပေါ်တွင် အခြားဓားရှည်တစ်စင်းက ဝဲပျံနေပြီး အစစ်မှန်ချီလွှာများဝန်းရံလျက် ဖြည်းညှင်းစွာ လည်ပတ်နေ၏။

ဖေးလျန်ဇီက ပြုံးလိုက်သည်၊၊

“ဖေးယွီ မပြည့်စုံသေးတဲ့ ငါ့ရဲ့ ဓားထိန်းချုပ်ပညာကို မင်းဘယ်လိုထင်လဲ”

ဝမ်ရှန်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး “ကျွန်တော် အဲဒါကို သင်ချင်တယ်”

“ကောင်းပြီ မင်းက ဓား ၇၂ လက်စမ်းသပ်ချက်ကိုမရနိုင်ရင်တောင်မှ ငါ အနည်းဆုံးတော့… ငါတို့ရဲ့ ဓားထိန်းချုပ်ပညာကို မင်းကို နောက်ထပ်နည်းနည်းလောက်ပြသပေးလို့ရပါတယ်”

ဖေးလျန်ဇီသည် ရဲရဲဝံဝံစကားစတင်ခဲ့သော်လည်း အဆုံးသတ်တွင်မူ အသံတိတ်သွားခဲ့သည်။ သူသည် သူ၏ ဂိုဏ်းမှ ဓားထိန်းချုပ်ခြင်းပညာကို အပြင်လူများအား လက်ဆင့်ကမ်းပေးရန် အခွင့်အာဏာမရှိသည်ကို သတိပြုမိသွားပုံရသည်။

ဝမ်ရှန်းက ညင်သာစွာ ရယ်မောလိုက်သော်လည်း ထိုကိစ္စကို ဆက်၍ အတင်းအကျပ်မမေးမြန်းခဲ့ပေ။

ကြယ်ရောင်အောက်တွင် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် လဲကျနေသောမိစ္ဆာကျင့်ကြံသူများ၏ ကြားတွင် မားမားမတ်မတ်ရပ်နေကြပြီး စစ်မြေပြင်ထက်တွင် ထူးခြားသော အရှိန်အဟုန်ကိုထုတ်လွှတ်နေကြသည်။

ထိုအချိန်တွင် လှေအောက်၌ ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူလေးဦးသည် သောင်ပြင်ပေါ်တွင် မှောက်လျက်သား လဲလျောင်းနေကြပြီး ၎င်းတို့နှင့် အဆင့်တူရန်သူများလှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

“ဒါက နတ်ဘုရားငါးဂိုဏ်းတဲ့လား”

ဝမ်ရှန်း၏ စကားသံက ကျွန်းတစ်ခွင်သို့ ပျံ့လွင့်သွားသည်။

“မင်းတို့က ကျင့်ကြံခြင်းလောကရဲ့ ကိစ္စတွေကို ကျင့်ကြံသူတွေပဲ ရှင်းရမယ်လို့ပြောခဲ့ပြီးတော့ မင်းတို့ရဲ့ ဖြေရှင်းချက်က ငါတို့ကို အထိန်းအကွပ်မဲ့ပြီး မိစ္ဆာလမ်းစဉ်ထဲကျရောက်သွားအောင် မျှော်လင့်ချက်နဲ့ မင်းတို့လူတွေကို အသေခံပြီးလွှတ်နေတာလား”

ဖေးလျန်ဇီက ဝမ်ရှန်းကို လက်မထောင်ပြလိုက်သည်၊၊

“ရေနတ်ဘုရားဆိုတာကရော…. ဘယ်မှာလဲ… မင်းပဲ ငါ့ကို တွေ့ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား ကဲ… ငါ ဒီမှာရောက်နေပြီ”

“သူတို့ကို အများကြီး သွားမဆွနဲ့ဦး… သူတို့ ဓားစာခံတွေကို ထပ်ပြီး သတ်ပစ်လိမ့်မယ်” ဟု ချီလင်း အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။

သူမ ပြောပြီးသည်နှင့် ချက်ချင်းပင် ကျွန်းပေါ်မှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။ ရေနတ်ဘုရား၏အသံအစား ယောက်ျားတစ်ယောက်၏ သြရှရှအသံကို ကြားလိုက်ရသည်။

“မင်းတို့ကောင်တွေ တကယ်ကို အသုံးမကျတာပဲ၊၊ မင်းတို့ ဒီလောက်လူအများကြီးရှိနေတာတောင်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ ဓားကျင့်ကြံသူနှစ်ယောက်ကိုတောင် မသတ်နိုင်ဘူးလား”

ခဏအကြာတွင် ရေနတ်ဘုရား၏ အသံကထွက်ပေါ်လာသည်၊၊

“ကျန်တဲ့လူတွေအားလုံး ရှေ့တတ်ကြ… သူတို့ကို သတ်ဖို့ အဆောင်တွေနဲ့ ဂါထာမန္တန်တွေကို အကုန်သုံး… အမိန့်မနာခံရင် ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း အပြစ်ပေးခံရမယ်…. ကပ္ပတိန်ချီလင်းကို အကြာကြီးမစောင့်ခိုင်းနဲ့တော့ သူ့ကို အခုချက်ချင်းခေါ်လာခဲ့စမ်း”

တောအုပ်ထဲတွင် လူအယောက်သုံးဆယ်မှ လေးဆယ်ခန့် ရှိသော အုပ်စုတစ်စု စုဝေးနေကြပြီ ဖြစ်သည်။ ၎င်းတို့သည် တုံ့ဆိုင်းစွာဖြင့် ရှေ့သို့ စတင်ရွေ့လျားလာကြ၏။

“စီနီယာ… ကျွန်တော်တို့ အထဲကို ပြေးဝင်ပြီး သူတို့ကို ခုတ်ပစ်မလား… အဲဒါက ပိုပြီးမြန်လိမ့်မယ်… ကျွန်တော်တို့ အထဲကို အများကြီးနက်နက်ရှိုင်းရှိုင်းမဝင်မိဖို့နဲ့ သန်မာတဲ့ ရန်သူနဲ့တွေ့ရင် ချက်ချင်းဆုတ်ခွာဖို့ပဲ သတိထားရမယ်”

ဝမ်ရှန်းက တီးတိုးမေးလိုက်သည်။

ဖေးလျန်ဇီက မျက်တောင်ခတ်လိုက်သည်၊၊

“အဲဒါက အစီအစဉ်ထဲမှာ မပါဘူး… ဒါပေမဲ့ ကောင်းပြီ ငါ့နားမှာပဲနေ… ပြီးတော့ သူတို့ကို လျှော့မတွက်နဲ့”

ဝမ်ရှန်းက သူ၏ ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ ဓားမှ အလင်းတန်းများ ပိုမိုတောက်ပလာပြီး “ကျွန်တော့်ရဲ့ ခြေလှမ်းသိုင်းက တောအုပ်ထဲမှာ အားသာချက်ရှိလိမ့်မယ် သွားကြစို့”

သူ စကားပင် မဆုံးသေးမီမှာပင် ၎င်းတို့သည် ရှေ့သို့ ပြေးဝင်သွားကြပြီ ဖြစ်သည်။ မုဝမ်ရွှမ်းသည်လည်း သောင်ပြင်ထက်သို့ ချက်ချင်းခုန်ဆင်းကာ ၎င်းတို့နောက်သို့ လိုက်ပါသွားတော့သည်။

ချီလင်း၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူမတွင် စိုးရိမ်စရာ မရှိပေ။ သူမတွင် လှေအောက်၌ ပုံရိပ်ယောင်အမြုတေအဆင့်လေးဦးရှိနေသဖြင့် သူမ၏ လုံခြုံရေးကို စိတ်ပူစရာမလိုပေ၊၊

ဒေါသတကြီးဟိန်းဟောက်ရင်း လျင်မြန်သော မိစ္ဆာကျင့်ကြံသူတစ်ဦးက ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ထံသို့ အဆောင်စာရွက်အနည်းငယ်နှင့် လက်နက်ပုန်းအမြောက်အမြားကို ပစ်ပေါက်လိုက်သည်။ ထိုတိုက်ခိုက်မှုကို ဝမ်ရှန်းက ခုနှစ်စင်ကြယ်ခြေလှမ်းသိုင်းအား သုံး၍ တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းကာ သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းရခက်အောင် ပြုလုပ်လိုက်သည်။

ဖေးလျန်ဇီကမူ ပိုမိုပြတ်သားသော နည်းလမ်းကို သုံးခဲ့သည်။ သူသည် သူ၏ ဘယ်ဘက်လက်ကို ခါထုတ်လိုက်ရာ လေထဲတွင် လွင့်မြောနေသောဓားသည် တောအုပ်ထဲသို့ ပျံသန်းသွားပြီး ဓားအလင်းတန်းများနှင့်အတူ အမှောင်ထုကို ဖြတ်တောက်သွားတော့သည်။ အချိန်မီမရှောင်တိမ်းနိုင်ကြသဖြင့် လူအနည်းငယ်မှာ နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။

“သူတို့ ဝင်လာပြီ”

“ပျာယာခတ်မနေနဲ့… ငါတို့အားလုံး တစ်ယောက်တစ်ချက်လောက်ထိအောင် တိုက်နိုင်ရင် သူတို့ သေမှာပဲ”

“အဲဒီဓားက မြန်လွန်းတယ်”

“တိုက်ကြ”

ညကောင်းကင်ယံအောက်တွင် တိုက်ခိုက်သူများသည် တောအုပ်အနှံ့သို့ ပြေးလွှားနေကြသည်။ ၎င်းတို့၏ အစစ်မှန်ချီများနှင့် ချီစွမ်းအင်များပေါက်ကွဲမှုသည် အေးစက်သောလေပြင်းများကြားတွင် ထိတွေ့တိုက်ခိုက်နေကြ၏။

အရေအတွက်အသာစီးရနေသော်လည်း မိစ္ဆာကျင့်ကြံသူများသည် နတ်ဘုရားငါးပါးဂိုဏ်း သို့မဟုတ် ထျန်းလင်ဂိုဏ်း၏ အမာခံတပည့်များမဟုတ်ကြပေ။ သို့သော်လည်း ဝမ်ရှန်းသည် ဆင်ကန်းတောတိုးရှေ့သို့ ဆက်မသွားခဲ့ပေ။ ၎င်းတို့သာ တိုက်ပွဲအရှိန်ဟုန်ရသွားပါက ဝမ်ရှန်းတို့ အုပ်စုက ချက်ချင်းပင် ဖိအားပေးခံရပေလိမ့်မည်။

၎င်းတို့ မစုစည်းမိခင် တိုက်စစ်ဆင်ပြီး လူစုခွဲပစ်ခြင်းက အကောင်းဆုံးနည်းဗျူဟာဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဓားသမားနှစ်ဦးတွင် ၎င်းတို့၏ အစီအစဉ်ကို ကျောထောက်နောက်ခံပြုနိုင်မည့် ကျွမ်းကျင်မှုနှင့် သတ္တိများရှိကြသည်။ ဝမ်ရှန်းသည် သူ၏ နက်နဲလှသော ခြေသိုင်းကို အားကိုးပြီး ဖေးလျန်ဇီမှာမူ ပုံရိပ်ယောင်အမြုတေအဆင့်သို့ရောက်ရှိလုနီးပါး ဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်သည့်အလျောက် ရှုဓားဂိုဏ်း၏ ရိုးရှင်းသော်လည်း သေစေလောက်သော ဓားပျံသိုင်းကို ကိုင်တွယ်အသုံးပြုနေသည်။

အဆောင်တိုက်ခိုက်မှုအချို့ကို ဖယ်ရှားပစ်ရင်း ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် တောအုပ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားကြပြီး မိစ္ဆာကျင့်ကြံသူများ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို လုံးဝဖျက်ဆီးပစ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က သုတ်သင်မှုများကို စတင်လိုက်ရာ ရန်သူများကြားတွင် ထိတ်လန့်မှုများဖြစ်ပေါ်လာတော့သည်။ ရေကာတာကျိုးပျက်သွားသော ရေလွှတ်တံခါးပမာ မိစ္ဆာကျင့်ကြံသူများသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကုန်ကြတော့သည်။

လှုပ်ရှားနေသော အရိပ်များကြားတွင် မုဝမ်ရွှမ်းသည် ဝမ်ရှန်းကို အာရုံစိုက်ကာ သူ့နောက်သို့ လိုက်ပါသွားသည်။ သို့သော်လည်း သူ၏ ခြေသိုင်းက မြန်ဆန်လွန်းလှသဖြင့် အရှေ့မှ အနောက်သို့ ခန့်မှန်းရခက်အောင် ပြောင်းလဲနေသည်။ သူ၏ ဓားသိုင်းကို မည်သူမျှမတားဆီးနိုင်ကြသဖြင့် မုဝမ်ရွှမ်းအနေဖြင့် ဝင်ရောက်ကူညီရန် အခွင့်အရေးမရရှိခဲ့ပေ။

ဝမ်ရှန်း တောအုပ်ထဲသို့ ဝင်ရောက်ပြီး စက္ကန့်သုံးဆယ်မျှသာ ရှိသေးချိန်တွင် သူ၏ နားထဲ၌ ဝှက်ထားသော နားကြပ်မှ ကျွန်း၏ အခြားတစ်ဖက်မှ အရေးပေါ် သတင်းစကားတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်း ဆုတ်ခွာပါ၊၊ မိစ္ဆာကျင့်ကြံသူ ၁၄ယောက် အဓိကရွာထဲက ထွက်ခွာလာပြီး မင်းတို့ဆီကိုဦးတည်နေပြီ။

ရန်သူများသည် စိတ်ရှည်မှု ကုန်ဆုံးသွားသည့်အလား ဝမ်ရှန်းနှင့် သူ၏အဖော်များကို ရင်ဆိုင်နိုင်စွမ်းရှိသော စစ်မှန်သောကျင့်ကြံသူများကို နောက်ဆုံးတွင်စေလွှတ်လိုက်ပြီ ဖြစ်သည်။

All Chapters