← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

Chapter 147

မုဝမ်ရွှမ်းလှုပ်ရှားခြင်း

အရာရှိက နားကြပ်မှတစ်ဆင့် ညွှန်ကြားချက်များကို ဆက်လက်ပေးနေသည်။

ရန်သူ့ဘက်က ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူ ၆ယောက်က အခုထိ လှုပ်ရှားမှုမရှိသေးဘူး။ သူတို့ ဓားစာခံတွေရဲ့ အရေးပါမှုကို သေချာနားလည်ထားကြတာပဲ။ မင်းတို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ရလဒ်တွေက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

လောလောဆယ်တော့ ပြန်ဆုတ်ပြီး လုံခြုံရေးကိုပဲ အဓိကထားပါ။ အကယ်၍ သူတို့ရဲ့ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတွေက ဓားစာခံတွေကို ဆက်စောင့်နေမယ်ဆိုရင် ငါတို့ဘက်က နှစ်ဖက်ညှပ်ပြီး အပြည့်အဝထိုးစစ်ဆင်တော့မယ်။

ဝမ်ရှန်းက လေချွန်လိုက်ရာ ‌ဖေးလျန်ဇီလည်း ချက်ချင်းနောက်ဆုတ်လာခဲ့သည်။ ဝမ်ရှန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ မုဝမ်ရွှမ်းက နောက်မှအမှီလိုက်လာသည်ကို မြင်လိုက်ရသည်။

ဝမ်ရှန်းက သစ်ပင်ရိပ်များထဲမှ လှမ်းထွက်လာခဲ့သည်။ ကြယ်ရောင်စဉ်များက သူ၏အပေါ်သို့ ဖျာကျနေပြီး ဓားသွားထက်မှ သွေးများတစက်စက်စီးကျနေသည်။

ဝမ်ရှန်း နီးကပ်လာသည်ကို မြင်သောအခါ မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်သည်။ သူတို့ပြန်လည်ပူးပေါင်းမိပြီးနောက် တောအုပ်ထဲမှ အမြန်ဆုတ်ခွာခဲ့ကြသည်။

အကယ်၍ မိစ္ဆာကျင့်ကြံသူများသည် ရှေးဟောင်းပုံပြင်ထဲက လူမိုက်ညီအစ်ကိုများကဲ့သို့ သူတို့၏ ရဲဘော်များကို တစ်ယောက်ပြီးတစ်ယောက်လာကယ်ချင်နေကြသည်ဆိုလျှင်မူ ဝမ်ရှန်းတို့အဖွဲ့ကလည်း ဝမ်းမြောက်ဝမ်းသာကြီးအဖော်လုပ်ပေးရန် ဝန်လေးနေမည်မဟုတ်ပေ၊၊

ကမ်းခြေသို့ ရောက်သောအခါ သူတို့သုံးယောက်တန်းစီလျက် နေရာယူလိုက်ကြသည်။ ဝမ်ရှန်းက ညာဘက်၊ မုဝမ်ရွှမ်းက အလယ်နှင့် ဖေးလျန်ဇီက ဘယ်ဘက်တွင် ရပ်လိုက်သည်။

“စီနီယာအစ်မ... ဒီတစ်ကြိမ်တော့ လက်မနှေးနဲ့တော့နော်”

“အွန်း”

မုဝမ်ရွှမ်း၏ မျက်နှာအမူအရာတည်ကြည်သွားသည်။ သူမက လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရာ လှည့်ပတ်စီးဆင်းနေသော ချီစီးကြောင်းနှစ်ခုက ဝမ်ရှန်းနှင့် ‌ဖေးလျန်ဇီကို လွှမ်းခြုံသွားသည်။ လှည့်ပတ်နေသော ယင်ယန်ချီများသည် သူတို့ကို အဆောင်များနှင့် မန္တန်အချို့၏ ရန်မှကာကွယ်ပေးနိုင်လေ၏။

ထို့နောက် သူမ မျက်လုံးများကို ဖြည်းညှင်းစွာပိတ်လိုက်သည်။ ထိုက်ကျိပုံရိပ်ယောင်တစ်ခုသည် ကမ်းခြေနှင့် တောအုပ်အစပ်အထိပျံ့နှံ့သွားပြီး အချင်းမီတာ ၁၀၀ခန့်ရှိသော ဧရိယာကို ဖုံးလွှမ်းသွားခဲ့သည်။

မဟာယင်ယန်အစီအရင်၊၊

အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် မုဝမ်ရွှမ်းသည် ဤအစီအရင်ကို ဆင့်ကဲမွမ်းမံထားခဲ့ခြင်းဖြစ်သည်။

သူတို့ပတ်ပတ်လည်ရှိ ယင်ယန်ချီစီးကြောင်းနှစ်ခုကြောင့် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့လည်း မိမိတို့၏ လှုပ်ရှားမှုများ ပိုမိုပေါ့ပါးလာသည်ဟု ခံစားလိုက်ရသည်။ လေထု၏ ခုခံမှုကို မခံစားရတော့ဘဲ လှုပ်ရှားမှုတိုင်းက ယခင်ကထက် ပိုမိုချောမွေ့နေခဲ့သည်။

ဖေးလျန်ဇီလည်း အံ့အားသင့်သွားပြီး မုဝမ်ရွှမ်းကို ကြည့်လိုက်မိသည်။

သူ၏မျက်လုံးထဲတွင် ဝမ်ရှန်းက ရှားပါးသော ဓားပါရမီရှင်တစ်ဦးဖြစ်နေလျှင် ယခု ယင်ယန်အစီအရင်ကို ကျွမ်းကျင်စွာ ပြသလိုက်သော မုဝမ်ရွှမ်းကမူ လုံးဝထူးခြားဆန်းကြယ်သည့် အဆင့်အတန်းမျိုးဖြစ်သည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ယင်ယန်အသွင်ပြောင်းလဲခြင်းတာအိုကို ကိုယ်တိုင်နားလည်သဘောပေါက်ရုံတင်မက အစီအရင်အတွင်းရှိ လူသုံးယောက်၏ ယင်ယန်တည်နေရာကိုပါ တစ်ပြိုင်နက်ထိန်းချုပ်နိုင်ခြင်းသည် ပါရမီထူးခြားသည်ဟု ပြောရုံမျှဖြင့် မလုံလောက်တော့ချေ။ သူမ၏ ရှေ့မှောက်တွင်မူ အတွေ့အကြုံအများဆုံးကျင့်ကြံသူများပင် အရှက်ရကာ ခေါင်းငုံ့သွားကြရလိမ့်မည်။

ဖေးလျန်ဇီတွင် မုဝမ်ရွှမ်း လျှောက်လှမ်းနေသောလမ်းစဉ်နှင့် သူမ၏ ကြီးမားလှသောအလားအလာကို အကဲဖြတ်နိုင်လောက်သည့် ဗဟုသုတရှိပေသည်။

အကယ်၍ မုဝမ်ရွှမ်းက သူမ၏ ယင်ယန်အစီအရင်ကို ကျွမ်းကျင်ပညာရှင်နှစ်ယောက်နှင့် ပေါင်းစပ်ပြီး သူတို့ကို ယင်ယန်အစီအရင်၏ အဓိကနေရာများတွင်ရှိနေစေမည်ဆိုပါက သူတို့၏စွမ်းအားသည် နှစ်ဆထက်မက တိုးပွားလာမည် ဖြစ်သည်။

ဖေးလျန်ဇီက သဘောကျစွာ ရယ်မောလိုက်သည်။ “မင်းရဲ့ အစီအရင်ကြောင့် ပုံရိပ်ယောင်အမြုတေအဆင့် တစ်ယောက်၊ နှစ်ယောက်လောက် ပေါ်လာရင်တောင် ငါတို့ သူတို့ကို ယှဉ်နိုင်ဦးမှာပဲ”

ဝမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ဓားကို တင်းတင်းဆုပ်ကိုင်ကာ ဓားအိမ်သိုင်းကြိုးကို ပြင်လိုက်သည်။ သူသည် လာမည့်တိုက်ပွဲတွင် ဝိညာဥ်မဲ့ဓားကို အသုံးပြုရန် အသင့်ပြင်ထားပြီးသားဖြစ်ကာ ထိုတိုက်ပွဲ၏ရလဒ်က အလွန်အရေးကြီးပေသည်။ အကယ်၍ နောက်ထပ်ရောက်လာမည့် မိစ္ဆာတာအိုကျင့်ကြံသူများအဖွဲ့ပါ ရှုံးနိမ့်သွားပါက ရန်သူ့ဘက်တွင် ဓားစာခံများကို စတင်သတ်ဖြတ်ခြင်း သို့မဟုတ် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများကို စေလွှတ်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာရှိတော့မည်မဟုတ်ချေ။

ဝမ်ရှန်းသည် သူ၏ သဘောထားကို အစကတည်းက ရှင်းရှင်းလင်းလင်းပြသထားခဲ့သည်။ သူက မိစ္ဆာများကို နှိမ်နင်းပြီး တာအိုကို ထိန်းသိမ်းရန် ဤနေရာသို့ရောက်နေခြင်း ဖြစ်သည်။ ဓားစာခံများကို ကယ်တင်ရန်မှာ သူ၏အဓိကပန်းတိုင်မဟုတ်ချေ။ သူ၏ ပြတ်သားမှုနှင့် ဖမ်းဆီးခံထားရသူများအပေါ် ဂရုမစိုက်ဟန်ပြသမှုများက ထိုသူများ သေဆုံးသွားခြင်းသည် သူ့အတွက် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေစေသည်။

ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင် ၆ယောက် ဦးဆောင်သော မိစ္ဆာကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက၏ ကိစ္စကို ကျင့်ကြံသူများသာ ကိုင်တွယ်သင့်သည်ဟု အော်ဟစ်နေခဲ့ကြသည်။ အထူးသဖြင့် ရေနတ်ဘုရားဆိုလျှင် သာမန်လူများကို ခွဲခြားဆက်ဆံပြီး အသိအမှတ်ပင်မပြုချင်ပေ။

သူတို့သည် သာမန်လူများကို တန်ဖိုးမထားကြသဖြင့် ဝမ်ရှန်းသည်လည်း ဓားစာခံများကို သတ်သတ်၊ မသတ်သတ်… တကယ်ဂရုမစိုက်ဘူးဟု အလိုလျောက်ထင်မှတ်သွားကြသည်။ ထို့ကြောင့် ဝမ်ရှန်းတို့အဖွဲ့ကသာ ကြံ့ကြံ့ခံနေမည်ဆိုလျှင် ရန်သူများသည် သူတို့ကို ကိုယ်တိုင်လာရောက်နှိမ်နင်းရန်နှင့် အရေးအကြီးဆုံးပစ်မှတ်ဖြစ်သော ကပ္ပတိန်ချီလင်းကို လာဖမ်းရန်အတွက် သူတို့၏ ပုံရိပ်ယောင်အမြုတေအဆင့်များကို စေလွှတ်ရန် ဖိအားပေးခံရမည် ဖြစ်သည်။

တောအုပ်ထဲမှ ဆဲဆိုသံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူက ထွက်ပြေးရဲတာလဲ... တောက်... နို့နံ့မစင်သေးတဲ့ဟာလေးသုံးယောက်ကိုပဲ မင်းတို့က လန့်ဖျန့်နေကြတာလား... ဒီလိုနဲ့ မင်းတို့က နောင်ကျရင် လူကြီးလူကောင်းတွေနောက်လိုက်ပြီး ဘယ်လိုအလုပ်ကြီးတွေလုပ်နိုင်မှာလဲ”

“အဲဒီတာအိုကျင့်ကြံသူတွေကို သတ်လိုက်စမ်း... ငါ မင်းတို့ကို သုံးရက်သုံးညလောက် ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးမယ်”

“ဟမ့်... နောက်ကနေပဲ ကြည့်နေကြ... မင်းတို့လိုကျောရိုးမရှိတဲ့ အကောင်တွေက အသုံးကိုမကျဘူး... အရေးကြီးတဲ့အချိန်ဆို ငါတို့ပဲလုပ်ရတာချည်းပဲ”

ထိုအော်ဟစ်သံများကြားထဲမှ ဝမ်ရှန်းသည် သူတို့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော လူတစ်ဒါဇင်ကျော်ကို အာရုံခံမိလိုက်သည်။ ထိုအထဲတွင် နှစ်ယောက် သို့မဟုတ် သုံးယောက်ခန့်က သူ၏အဆင့်လောက်တွင် ရှိသည်။ ကျန်ရှိနေသူများ၏ ကျင့်စဉ်အဆင့်ကိုမူ သူ လုံးဝအကဲမဖြတ်နိုင်ချေ။ သူတို့သည် အမြုတေဖွဲ့စည်းခြင်းအလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့်တွင် ရှိနေကြသည်မှာ သေချာသည်။

“သူတို့ရဲ့ သတ်ဖြတ်ချင်တဲ့အရှိန်အဝါက ပြင်းထန်တယ်”

ဖေးလျန်ဇီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“သတိထားဦး... ဒီကောင်တွေက မလွယ်ဘူး... တချို့က မိစ္ဆာပညာရပ်တွေကို လေ့ကျင့်ထားကြတာပဲဖြစ်ရမယ်”

“အင်း”

ဝမ်ရှန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ သူတို့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူ၏မျက်ဝန်းများက စူးရှသွားခဲ့သည်။

စက္ကန့်ပိုင်းအကြာတွင် လေထုကို ဖြတ်သန်းလာသော လက်နက်များ၏ စူးရှသော လေခွင်းသံများထွက်ပေါ်လာသည်။ တောအုပ်ထဲမှ မြှားဒါဇင်ပေါင်းများစွာ ပျံသန်းလာပြီး သူတို့၏အပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာခဲ့သည်။

ဝမ်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ ခြေလှမ်းတစ်ဝက်လှမ်းလိုက်သည်။ ထို့နောက် သူ၏ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို ထုတ်ဖော်လိုက်ရာ ဓားချီများက အဆုံးမဲ့စီးဆင်းသွားခဲ့သည်။

သူသည် ဓားရှည်ဖြင့် လေထုထဲတွင် စက်ဝိုင်းတစ်ခုကို ဖြည်းညှင်းစွာ ဆွဲလိုက်ပုံရပြီး အချိန်ကိုက်မှု၊ ထောင့်ချိုးနှင့် အင်အားတို့က ပြည့်စုံကာ ကျွမ်းကျင်လှ၏။ ဝမ်ရှန်း၏ ဓားသွားလမ်းကြောင်းအတိုင်း ပျံသန်းလာသော မြှားအားလုံးသည် တစ်ပြိုင်နက်တည်း လမ်းကြောင်းလွဲသွားပြီး ဘေးဘက်သို့ကျသွားခဲ့သည်။

မုဝမ်ရွှမ်း၏ မျက်ဝန်းများတွင် ဝမ်းသာရိပ်များ ပြည့်သွားကာ ဝမ်ရှန်းသည် သူနှင့် လမ်းစဉ်တူညီပြီး တာအိုလမ်းစဥ်တစ်ခုတည်းကို ကျင့်ကြံနေသည်ဟု တွေးမိသွားသည်။ အကယ်၍ ထိုသို့သာဆိုလျှင် နောင်တွင် သူမအနေဖြင့် ဝမ်ရှန်းနှင့် ဓားသိုင်းချင်းဖလှယ်ရန်နှင့် အမြင်ချင်းဖလှယ်ရန် အခွင့်အရေးများစွာရှိလာလိမ့်မည်။

တောအုပ်ထဲမှ တစ်ယောက်က အော်လိုက်သည်။

“ကောင်းတယ်... ဒါ ဝူတန်းရဲ့ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒ မဟုတ်လား... ညီ ၃... ညီ ၇... သူတို့ရဲ့ ကပ္ပတိန်ကို ဖမ်း... ကျန်တဲ့လူတွေ ငါ့နောက်လိုက်ခဲ့... အတူတူတိုက်မယ်... ဒီနေ့ ဝမ်ဖေးယွီကို မသတ်နိုင်ရင် မနက်ဖြန်ကျရင် သူက ငါတို့ခေါင်းပေါ်က ဓားဖြစ်လာလိမ့်မယ်”

ဖေးလျန်ဇီက နှာခေါင်းရှုံ့လိုက်သည်။

“ငါက ရှူဓားဂိုဏ်းက ဖေးလျန်ဇီပဲကွ... ဒီပွဲအတွက် သီးသန့်လာခဲ့တာပဲ”

“တိုက်ကြစမ်း”

တောအုပ်ထဲမှ သတ်ဖြတ်လိုသောအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် တောအုပ်ထဲမှ လူရိပ်တစ်ဒါဇင်ကျော် ပြေးထွက်လာပြီး သူတို့သုံးယောက်ထံသို့ ခုန်ဝင်လာကြသည်—အချို့က လေထဲသို့ မြင့်မားစွာ ခုန်တက်လာကြပြီး အချို့ကမူ အရှိန်အပြည့်ဖြင့် ပြေးလာကြသည်။

မိစ္ဆာကျင့်ကြံသူများအဖွဲ့သည် သူတို့၏ စွမ်းရည်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။ သုံးယောက်က မန္တန်များကို လျင်မြန်စွာ ရွတ်ဆိုကာ မကောင်းဆိုးဝါးဝိညာဉ်များကို ဆင့်ခေါ်ခြင်း၊ စွမ်းအင်နှောင့်ယှက်မှုများပြုလုပ်ခြင်းနှင့် သွေးကျိန်စာများကို ထုတ်ဖော်ခြင်းများပြုလုပ်ကြသည်။ အခြားလေးယောက်ကမူ ဓားရှည်၊ ဓားမော့၊ အမြွှာတူများ သို့မဟုတ် ဓားမြှောင်များကို ကိုင်ဆောင်ကာ သူတို့ထံသို့ တည့်တည့်ပြေးဝင်လာကြသည်။

သူတို့၏ ဝိညာဥ်အသိစိတ်များက ဝမ်ရှန်းနှင့် သူ၏အဖော်များအပေါ်သို့ ပစ်မှတ်ထားပြီး ပြင်းထန်သောသတ်ဖြတ်လိုစိတ်များထွက်ပေါ်နေသည်။ သူတို့ထံမှ ထွက်ပေါ်လာသော မကောင်းဆိုးရွားဆန်သောအငွေ့အသက်များသည် တာအိုဂိုဏ်းများမှ ကျင့်ကြံသူများကိုပင် ဒုက္ခပေးနိုင်လောက်သည်။

အချို့က အဆောင်စာရွက်များကို ထုတ်လာကြသည်၊၊ ထိုထဲမှ နှစ်ယောက်ကမူ သူတို့၏ အဆိပ်အိုးများကို ဖွင့်လိုက်ရာ အဆိပ်ပိုးကောင်များ အုံလိုက်ကျင်းလိုက်ထွက်လာခဲ့သည်။ အခြားသူများကလည်း သူတို့၏ အဖိုးတန်ရတနာလက်နက်များကို ထုတ်ယူကာ သူတို့သုံးယောက်ထံသို့ ထူးဆန်းသော အနက်ရောင်အလင်းတန်းများဖြင့် ပစ်ခတ်လိုက်ကြသည်။

Chapter 148

ကြက်ကလေးငှက်ကလေးများအလား

ဤမိစ္ဆာကျင့်ကြံသူများအားလုံးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိကြပြီး တိုက်ပွဲအတွေ့အကြုံရှိကြသူများဖြစ်သည်။ သူတို့သည် မတူညီသော မိစ္ဆာတာအိုဂိုဏ်းများမှဖြစ်ကြသော်လည်း သူတို့၏ တိုက်ခိုက်မှုများသည် အလိုလျောက်အတွဲညီနေကြသည်။

ဝမ်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မိမိတို့အဖွဲ့ကို ကာကွယ်ရန်နှင့် ရန်သူများ၏ကျိန်စာအတတ်များကို တန်ပြန်ရန်အတွက် သူ၏ ထိုကိကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို ဖြန့်ကျက်တော့မည့်ဆဲဆဲတွင် မုဝမ်ရွှမ်း၏ အေးစက်စက်နှာခေါင်းရှုံ့လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။

မုဝမ်ရွှမ်းက လက်နှစ်ဖက်ကို ရှေ့သို့ မြှောက်လိုက်ပြီး လေထဲတွင် စက်ဝိုင်းတစ်ခုဖန်တီးလိုက်၏။ ထို့နောက် သူမ ခါးကို လှည့်ကာ ပျော့ပျောင်းစွာဖြင့် အနည်းငယ်လှုပ်ရှားလိုက်သည်။ သူမ ယခင်က မြေပြင်တွင် ချထားခဲ့သော ထိုက်ကျိသင်္ကေတသည် ထပ်မံပေါ်ထွက်လာပြီးနောက် သူမက ရုတ်တရက် ရပ်တန့်လိုက်သည်။

“တိုက်စမ်း”

သူမ ပခုံးကို လှုပ်ရှားလိုက်ပြီး လက်မောင်းများကို ရှေ့သို့ ဝှေ့ယမ်းလိုက်ကာ သူမ၏ နုနယ်သော လက်ဖဝါးများဖြင့် ယင်ယန်ချီများကို ဖရိုဖရဲဖြစ်အောင် မွှေနှောက်လိုက်သည်။ လှည့်ပတ်နေသော ယင်ယန်ချီစီးကြောင်းများသည် မုန်တိုင်းတစ်ခုကဲ့သို့ အပြင်ဘက်သို့ လှိုင်းထလာပြီး မိစ္ဆာတာအိုပညာရှင်ဒါဇင်ပေါင်းများစွာကို ချက်ချင်းဖမ်းချုပ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီစွမ်းအင်များလည်း လုံးဝပရမ်းပတာဖြစ်သွားခဲ့သည်။ ဓာတ်ကြီးငါးပါးသည် ဟန်ချက်ပျက်သွားပြီး ချီစီးဆင်းမှုက ကမောက်ကမဖြစ်သွားကာ ကမ္ဘာဦးချီစွမ်းအင်ကို အသုံးပြုရသော မန္တန်များနှင့် အဆောင်များအားလုံး ပျက်ပြယ်သွားခဲ့သည်။

ထိခိုက်မှုမရှိဘဲ ကျန်ရစ်သူများမှာ လက်နက်တိုများဖြင့် တိုးဝင်လာကြသော မိစ္ဆာကျင့်ကြံသူလေးယောက်သာရှိသည်။ သို့သော် ထိုသူများသည် မုဝမ်ရွှမ်းနှင့် အနီးဆုံးတွင်ရှိနေသဖြင့် သူမက ထိုသူများကို အဓိကထား တိုက်ခိုက်လိုက်သည်။ ယင်ယန်ချီများသည် သူတို့ပတ်ပတ်လည်တွင် တွန့်လိမ်ပေါ်လာပြီး မမြင်ရသော လက်များကဲ့သို့ သူတို့ကို ဆွဲငင်ကာ တွန်းထုတ်နေခဲ့သည်။

ထိုလေးယောက်သည် ခြေထောက်ကိုမြဲအောင်ထားရန်ပင် ရုန်းကန်နေရသည်ကို ချက်ချင်းသတိပြုမိလိုက်သည်။ စွမ်းအားများက သူတို့ကို ဆန့်ကျင်ဘက်လမ်းကြောင်းများသို့ ဆွဲခေါ်သွားလိုက်—တစ်ခါတစ်ရံ ဆွဲငင်ပြီး တစ်ခါတစ်ရံ တွန်းထုတ်လိုက်—ပြုလုပ်နေသဖြင့် သူတို့ ထိန်းချုပ်မှုလွတ်သွားကာ တစ်ယောက်နှင့်တစ်ယောက် တိုက်မိကြကုန်သည်။

ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် မှင်သက်သွားကြသော်လည်း ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်မခံနိုင်ကြချေ။ ဖေးလျန်ဇီက သူ၏ ဓားပျံကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီး ဝမ်ရှန်းကမူ ရန်သူလေးယောက်ကို သူ၏ ခုနှစ်စင်ကြယ်ဓားအစီအရင်ဖြင့် ဖမ်းချုပ်လိုက်သည်။ ဓားအလင်းတန်းများ လှည့်ပတ်မွှေနှောက်သွားပြီး သွေးဆာနေသော ကျင့်ကြံသူလေးယောက်ကို မျက်စိတစ်မှိတ်အတွင်းသတ်ဖြတ်လိုက်ရာ သူတို့၏ သွေးများက သဲပြင်ပေါ်တွင် စွန်းထင်သွားခဲ့သည်။

တိုက်ပွဲ၏ အခြေအနေသည် စက္ကန့်ပိုင်းအတွင်းပြောင်းလဲသွားခဲ့သည်။

မုဝမ်ရွှမ်းတစ်ယောက်တည်းကပင် အဆင့်တူရန်သူဆယ်ယောက်ကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့က ထိုအခွင့်အရေးကို အရယူကာ ပြေးဝင်လာသောရန်သူများကို သတ်ဖြတ်ပြီး ကျန်ရှိနေသော ပိတ်မိနေသည့် ရန်သူများကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

သို့သော် မုဝမ်ရွှမ်း၏ မဟာယင်ယန်အစီအရင်သည် လုံးဝပြီးပြည့်စုံနေခြင်းတော့ မဟုတ်ချေ။ ကျင့်ကြံခြင်းအဆင့်တူညီသော ရန်သူအမြောက်အမြားကို ထိန်းချုပ်ထားရခြင်းသည် သူမ၏ အစစ်မှန်ချီကို အမြန်ကုန်ခမ်းစေလေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် မိစ္ဆာကျင့်ကြံသူများကိုချည်နှောင်ထားသော ယင်ယန်ချီများသည် တဖြည်းဖြည်းလွင့်ပျယ်သွားခဲ့သည်။

သူတို့၏ ရန်သူများသည် အစောပိုင်းလေးကမှ ဝမ်ရှန်းတို့အဖွဲ့ကို သတ်ပစ်မည်ဟု ကြိမ်းဝါးကာ ယုံကြည်ချက်များပြည့်နှက်နေခဲ့ကြသော်လည်း မုဝမ်ရွှမ်း၏ ယင်ယန်ချီအပေါ် ထိန်းချုပ်နိုင်စွမ်းက သူတို့ကို လုံးဝတုန်လှုပ်သွားစေခဲ့သည်။ သူတို့သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းလှည့်ကာ တောအုပ်ဆီသို့ ဦးတည်ပြေးကြပြီး လွတ်မြောက်ရန်အတွက် ၎င်းတို့တတ်နိုင်သမျှ နည်းလမ်းမျိုးစုံကို အသုံးပြုလိုက်ကြတော့သည်။

ဓားပျံတစ်စင်းက မိစ္ဆာကျင့်ကြံသူတစ်ယောက်၏ ပေါင်ကို ဖောက်ဝင်သွားသဖြင့် သူ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဖေးလျန်ဇီက ရှေ့သို့ ပြေးဝင်ကာ တစ်ချက်တည်းဖြင့် သူ၏အသက်ကို အဆုံးသတ်လိုက်သည်။

“ဖေးယွီ... အဲဒီလူယုတ်မာတွေကို အလွတ်မပေးနဲ့” ဖေးလျန်ဇီက အော်လိုက်သည်။

ဝမ်ရှန်းသည် အခြားရန်သူတစ်ယောက်နောက်သို့ မှီသွားခဲ့ပြီ ဖြစ်၏။ သူ၏ ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သွေးများပန်းထွက်သွားခဲ့သည်။ ထို့နောက် သူသည် အနီးဆုံးလွတ်မြောက်သွားသူနောက်သို့ လိုက်ရန် ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုလိုက်သည်။

ဤမိစ္ဆာကျင့်ကြံသူများသည် ယခင်က သူတို့ရင်ဆိုင်ခဲ့ရသော အဖွဲ့များထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ ထွက်ပြေးသည့် နည်းလမ်းများကလည်း ထို့နည်းတူပင် အထင်ကြီးစရာကောင်းလှသည်။ ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် နောက်ထပ် နှစ်ယောက်စီကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျန်ရှိသူများသည် သစ်ပင်များကြားထဲသို့ ပျောက်ကွယ်သွားနိုင်ခဲ့ကြသည်။

သို့သော် မုဝမ်ရွှမ်းက ကိုင်တွယ်လိုက်နိုင်သည်။ သူမက ခြေနှစ်ဖက်ကို မြေပြင်ပေါ်တွင် အခိုင်အမာထားကာ မြင်းထိုင်ဟန်ဖြင့် ရပ်လိုက်ပြီး လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်သည်။ ဆန့်ကျင်ဘက်ချီစီးကြောင်းနှစ်ခုက ထိတွေ့မိကာ အရပ်မျက်နှာအနှံ့သို့ လှိုင်းထသွားခဲ့သည်။

ပြင်းထန်သောလေပြင်းတစ်ခုက ထိုဧရိယာကို ဖြတ်သန်းတိုက်ခတ်သွားပြီး ထွက်ပြေးနေကြသော အမြုတေဖွဲ့စည်းခြင်းအဆင့် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်သည် မဟာယင်ယန်အစီအရင်အတွင်း ထပ်မံပိတ်မိသွားကြပြန်သည်။ ထို့နောက် မုဝမ်ရွှမ်းက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကြီးမားလေးလံလှသော တံခါးကြီးတစ်ချပ်ကို တွန်းဖွင့်လိုက်သကဲ့သို့ သူမ၏ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ရန်သူများသည် ရွှံ့ညွန်ထဲတွင် ပိတ်မိသွားသကဲ့သို့ ဖြစ်သွားကာ သူတို့၏ လှုပ်ရှားမှုများက သိသိသာသာနှေးကွေးသွားခဲ့သည်။

ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့လည်း တုံ့ဆိုင်းမနေဘဲ သူတို့၏ ဓားများကို ကိုင်ဆောင်ကာ ရှေ့သို့ တည့်တည့်ပြေးဝင်သွားကြတော့သည်။

ရန်သူ့ဘက်က ထိပ်တန်းကျင့်ကြံသူများသည် တောအုပ်ထဲသို့ စတင်ပြေးဝင်လာစဉ်တုန်းကမူ ဤတိုက်ပွဲသည် သူတို့၏ အရှုံးနှင့် နိဂုံးချုပ်သွားလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ကြချေ။ မုဝမ်ရွှမ်း ပြသလိုက်သည့် စွမ်းအားက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများ၏ သာမန်နားလည်မှုကို လုံးဝကျော်လွန်နေခဲ့သည်။

သို့သော်လည်း အကယ်၍ မုဝမ်ရွှမ်း တစ်ယောက်တည်းသာ လှုပ်ရှားခဲ့မည်ဆိုပါက မိစ္ဆာကျင့်ကြံသူများကို စက္ကန့်ပိုင်းမျှသာ ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။ ရန်သူက အရေအတွက်အလွန်များပြားလှပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကလည်း သူမ၏ စွမ်းရည်များကို ကန့်သတ်ထားသည့်အတွက် ရန်သူများကို စိတ်ကြိုက်လှည့်ပတ်မွှေနှောက်ထိန်းချုပ်၍မရနိုင်ချေ။

ကံကောင်းထောက်မစွာပင် ထိုကဲ့သို့ ခဏတာပိတ်မိသွားသည့် အချိန်လေးတွင် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့က ကြက်ကလေးငှက်ကလေးများကို သတ်ဖြတ်သကဲ့သို့ ရန်သူများကို ဖျက်ဆီးပစ်ခဲ့ကြသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါများလွှမ်းခြုံထားသည့် မိစ္ဆာကျင့်ကြံသူလေးယောက်သည် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်သင့်သော်လည်း သူတို့သည် သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ကြရလေ၏။

ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့က အဝေးကြီးအထိ လိုက်လံတိုက်ခိုက်ရန် မရဲကြချေ။ ဘာပဲဖြစ်ဖြစ် အစွမ်းထက်သည့် ပုံရိပ်ယောင်အမြုတေအဆင့် ခြောက်ယောက်သည် သူတို့ဆီသို့ ဦးတည်ထွက်ခွာလာပြီးလောက်ပြီဖြစ်သလို အမြန်ရေယာဉ်မရှိဘဲနှင့်မူ သူတို့အတွက် လုံခြုံမှုရှိသည်ဟု မခံစားရချေ။

သူတို့ နောက်ဆုံးရင်ဆိုင်ခဲ့သည့် မိစ္ဆာကျင့်ကြံသူအဖွဲ့ထဲမှ ငါးယောက်သာ လွတ်မြောက်သွားနိုင်ခဲ့သည်။ ဤသည်မှာ နတ်ဘုရားငါးပါးဂိုဏ်းနှင့် ထျန်းလင်ဂိုဏ်းတို့အတွက်မူ နာကျည်းဖွယ်ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့သည်။

…

ကျွန်း၏ အလယ်ဗဟိုတွင်မူ တစ်ချိန်က တိတ်ဆိတ်အေးချမ်းခဲ့သည့် ရွာကလေးသည် ယခုအချိန်တွင် လုံးဝမှောင်မိုက်ခြင်းထဲ ကျရောက်နေခဲ့ပြီ ဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများက ဖမ်းဆီးထားသည့် ဓားစာခံ ခြောက်ရာကျော်ကို လမ်းမကြီးတစ်လျှောက် စုဝေးထားခဲ့သည်။ မြေပြင်ပေါ်တွင် အတင်းအကျပ်ထိုင်ခိုင်းထားခြင်းဖြစ်သည့်အတွက် ဘယ်သူမှ မလှုပ်ရှားရဲကြချေ—အထူးသဖြင့် လက်နက်ကိုင်ထားသည့် ကျင့်ကြံသူဒါဇင်ပေါင်းများစွာက အိမ်ခေါင်မိုးများပေါ်တွင် ကင်းလှည့်နေပြီး အိမ်ခေါင်မိုးစွန်းများတွင် အလောင်းအချို့ဆွဲထားသည်ကို မြင်နေရသည့်အတွက် ပို၍ပင် မလှုပ်ရဲကြချေ။

လူကြီးများက မငိုမိအောင် အတတ်နိုင်ဆုံးအောင့်ထားကြပြီး ကလေးငယ်များကမူ တရှုံ့ရှုံ့ ငိုကြွေးနေကြသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များမှာမူ မှတ်မိနိုင်စရာမရှိလောက်အောင် နှိပ်စက်ညှဉ်းပန်းခံထားရသည်။ အချို့ကမူ သူတို့၏ စိတ်ဝိညာဉ်များကို မိစ္ဆာပညာရပ်များဖြင့် အရှာဖွေခံထားရသည့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသိစိတ်များလုံးဝပျက်စီးသွားပြီး ဗလာကျင်းနေသည့် မျက်ဝန်းများနှင့် လေဟာနယ်ကိုပင် စိုက်ကြည့်နေကြလေသည်။

အကယ်၍ လူအများစုက ခေတ်ပေါ်ဝတ်စုံများသာ ဝတ်ဆင်မထားဘူးဆိုလျှင် ဤမြင်ကွင်းသည် ရှေးခေတ်တုန်းက ရက်စက်ကြမ်းကြုတ်သည့်ဓားပြများ ရွာတစ်ရွာကို လာရောက်စီးနင်းတိုက်ခိုက်နေသည့် မြင်ကွင်းမျိုးဟုပင် မှားယွင်းထင်မှတ်သွားနိုင်သည်။

လမ်းမကြီးအနီးရှိ ကျောက်တုံးအိမ်တစ်လုံးထဲတွင်မူ လူခြောက်ယောက်က တိတ်ဆိတ်စွာ ထိုင်လျက် သို့မဟုတ် ရပ်လျက် ရှိနေကြသည်။

မိန်းကလေးငယ်တစ်ဦး၏ ပုံသဏ္ဌာန်မျိုးရှိသည့် ရေနတ်ဘုရားက ပြတင်းပေါက်နားတွင် ရပ်ပြီး ကမ်းခြေဆီသို့ လှမ်းမျှော်ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာကို ဖုံးကွယ်ထားသည့် မြူခိုးများကို ဖယ်ခွာပြီး မြင်နိုင်မည့်သူရှိမည်ဆိုပါက သူမသည် တကယ်ပင် နုပျိုသည့်ရုပ်ရည်ရှိသည်ကို တွေ့ရလိမ့်မည်ဖြစ်သော်လည်း သူမ ဤသို့ရုပ်ရည်မျိုး ထိန်းသိမ်းထားနိုင်ရန် ဘယ်လိုမိစ္ဆာအတတ်ပညာများကို လေ့ကျင့်ထားသလဲဆိုသည်ကိုမူ ဘယ်သူမှမသိကြချေ။

သူမ၏ အရှိန်အဝါက ပြင်းထန်စွာလှုပ်ခတ်နေပြီး လက်အောက်ငယ်သားများ၏ အသုံးမကျမှုကို ဒေါသထွက်နေသည်မှာ သိသာလှသည်။

“အသုံးမကျတဲ့ အမှိုက်တွေ... ကလေးသုံးယောက်လောက်ကို ကိုင်တွယ်ဖို့ ငါကိုယ်တိုင်ဝင်ပါရမှာလား”

ထျန်းလင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် သံမဏိလင်းယုန်က သူမ၏ နောက်တွင် ရပ်နေခဲ့သည်။ သူက အေးစက်တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“စီနီယာ... ဒီနေ့ ငါခေါ်လာတဲ့လူတွေက ငါ့ဂိုဏ်းရဲ့ ဒုတိယတန်းစားတပည့်တွေ သက်သက်ပဲ။ သူတို့ သေသွားတာက ဘာမှအရေးမကြီးပါဘူး။ ငါတို့တံခါးဝရှေ့ကို ရောက်နေတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်ကိုပဲ အာရုံစိုက်သင့်တယ်။ ငါတို့ ဘာဆက်လုပ်ကြမလဲ”

All Chapters