အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
Chapter 149
ပင်လယ်ထဲမှ နဂါး
တံခါးနားတွင် ထိုင်ပြီး ဆေးတံအရှည်ကြီးကို ကိုင်ထားသည့် မီးတောက်ပျံဂိုဏ်းမှ တွမ့်ခုံးမင်က နှာခေါင်းရှုံ့လိုက်သည်။
“ဒီအစီအစဉ်တစ်ခုလုံးက အပိုတွေပဲ။ အကယ်၍ မင်းတို့က တကယ်ပဲ သတိပေးချက်တစ်ခုပေးချင်တယ်ဆိုရင် မြို့တော်ဝန် ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့ကို သတ်ပစ်လိုက်စမ်းပါ။ အဲဒါဆို သူတို့လန့်သွားလိမ့်မယ်”
“အဲဒါက ထင်သလောက် မလွယ်ဘူး”
မျက်နှာဖုံးစွပ်ထားသည့် အမျိုးသမီးတစ်ယောက်က လေထဲတွင် တင်ပလ္လင်ခွေထိုင်လျက် အေးစက်စွာပြန်ပြောလိုက်သည်။
“ငါ တစ်ခါက အကြီးတန်းအရာရှိတစ်ယောက်ကို ရှင်းပစ်ဖို့ အလုပ်တစ်ခုလက်ခံခဲ့ဖူးတယ်။ သူတို့ရဲ့ ဘေးပတ်လည်မှာ တင်းကျပ်တဲ့ လုံခြုံရေးတွေ အမြဲရှိနေပြီး သူတို့ရဲ့ ခရီးစဥ်တွေကိုလည်း လျှို့ဝှက်ချက်အဖြစ် အမြဲထိန်းသိမ်းထားကြတယ်”
မြေပြင်ပေါ်တွင် ထိုင်နေသည့် ပိန်လှီသည့် လူအိုကြီးက ပြောလိုက်သည်။
“သတ်မှတ်ထားတဲ့အချိန်က နီးကပ်လာပြီ။ မိနစ်နှစ်ဆယ်အတွင်း ငါတို့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပြန်ဆုတ်ရမယ်။ လမ်းမှန်ဂိုဏ်းက အဘိုးကြီးတွေ ငါတို့ကိုဝိုင်းမထားနိုင်ခင် အစီအစဉ်အတိုင်းတိတိကျကျလုပ်ရမယ်”
“အားတိုင်” ရေနတ်ဘုရားက ခေါ်လိုက်သည်။
တရားထိုင်နေသည့် သံမဏိနတ်ဘုရားက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။
ရေနတ်ဘုရားက သူ့ကို အမိန့်ပေးခါနီး တုံ့ဆိုင်းသွားပြီး ပြန်စဉ်းစားနေသည်။ ထို့နောက် သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ ဒါကို လုပ်တာက အာဏာပိုင်တွေကို သတိပေးချင်လို့ပဲ။ သာမန်လူတစ်ထောင် ဒါမှမဟုတ် တစ်သောင်းကို ဓားစာခံလုပ်တာက ရာထူးကြီးအရာရှိတစ်ယောက်ကို ဖမ်းဆီးနိုင်တာလောက် ရိုက်ခတ်မှုမရှိနိုင်ဘူး။ ငါတို့ အတူပူးပေါင်းပြီး ချီလင်းကို ဖမ်းပြီး ပင်လယ်ထဲကို ထွက်ပြေးကြရင် မကောင်းဘူးလား”
သံမဏိလင်းယုန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို ငါတို့ရဲ့ လူတွေကရော”
“ဟွာသမ္မတနိုင်ငံမှာ လူတွေ ဒီလောက်အများကြီးရှိတာပဲ။ မကြာခင်မှာ ဖရိုဖရဲအခြေနေတွေ ပေါ်ပေါက်လာတော့မှာဆိုတော့ မင်းသာ အင်အားတောင့်တင်းမယ်ဆိုရင် နောက်ထပ် နောက်လိုက်တွေ အများကြီးပြန်စုဆောင်းလို့ ရတာပဲမဟုတ်လား”
ရေနတ်ဘုရားက အေးစက်စွာ ပြန်ပြောလိုက်သည်။
“ငါတို့ ချီလင်းကို ဖမ်းမိတာနဲ့ သူတို့ကို နေရာအနှံ့လူခွဲပြီး အာဏာပိုင်တွေရဲ့ အာရုံကို လွှဲခိုင်းလိုက်လို့ ရတယ်”
သံမဏိလင်းယုန်က မျက်မှောင်ကြုတ်သွားသည်။ အခုမှပင် သူ သဘောပေါက်လိုက်တော့သည်—ရက်စက်ကြမ်းကြုတ်သည့်နေရာတွင် သူသည် ဤစုန်းအိုမကြီး၏ သွေးအေးရက်စက်မှုကို လုံလောက်အောင် မမှီသေးချေ၊၊
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုလူခြောက်ယောက်က ထရပ်ကာ အိမ်ထဲမှ ထွက်ခွာခဲ့ကြသည်။ ထို့နောက် ရေနတ်ဘုရားက အနီးရှိ မိစ္ဆာကျင့်ကြံသူများကို အမိန့်ပေးလိုက်သည်။
“အဲဒီကလေးတွေက အတော်လေးထောင်လွှားနေကြတာပဲ။ ငါကိုယ်တိုင်သွားလိုက်မယ်။ ကျန်တဲ့လူတွေ ဓားစာခံတွေကို သေချာစောင့်ကြ”
အိမ်ခေါင်မိုးများပေါ်တွင် ကင်းလှည့်နေသည့် မိစ္ဆာကျင့်ကြံသူများအားလုံးက ခေါင်းညိတ်အသိအမှတ်ပြုလိုက်ကြပြီး ထိုဓားသမားနှစ်ယောက်ကို သွားရောက်မရင်ဆိုင်ရတော့သည့်အတွက် အထူးပင် စိတ်သက်သာရာရသွားကြသည်။ သူတို့၏ ခေါင်းဆောင်များလှုပ်ရှားခြင်းကသာ သူတို့မျက်လုံးထဲတွင် အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သည်။
“ဒါကို အမြန်လေးအဆုံးသတ်ကြစို့”
သံမဏိနတ်ဘုရားက သက်ပြင်းချလိုက်သည်။ သူ့၏ ဝိညာဉ်အသိစိတ်ကို သုံးပြီး တပည့်များထံ လျှို့ဝှက်အသံလွှင့်ကာ ဘာသံမှမထွက်ဘဲ ငြိမ်နေရန် သတိပေးပြီးမှ ကမ်းခြေတွင် တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် ပင်လယ်ထဲသို့ ငုပ်လျှိုးပြီး ထွက်ပြေးကြရန်အမိန့်ပေးလိုက်သည်၊၊
မြေနတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။
“ငါက ကျန်တဲ့လူတွေထက် လှုပ်ရှားမှုနှေးတဲ့အတွက် ရှေ့ကနေ ကြိုသွားပြီး ချုံခိုတိုက်ဖို့ပြင်ဆင်ထားလိုက်မယ်”
သူက ပိန်လှီလှသည့် သူ၏ လက်ညှိုးများဖြင့် လေထဲတွင် သင်္ကေတအချို့ ဆွဲလိုက်ပြီး မြေကြီးထဲသို့ ဖြည်းညှင်းစွာ ငုပ်လျှိုးဝင်ရောက်သွားခဲ့သည်။ သူက ဓာတ်ကြီးငါးပါမြေလျှိုးခြင်းအတတ်ကို အသုံးပြုနေခြင်းဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများက အတော်လေးနှေးကွေးနေပုံရသည်။
ကျိရှောင်းယောင်က နှာခေါင်းရှုံ့လိုက်သည်။
“အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်လေးကို ကိုင်တွယ်ဖို့ ဒီလောက်အထိ အားစိုက်ထုတ်နေရဦးမှာလား”
သူမက သစ်ပင်အဖျားများပေါ်သို့ ခုန်တက်လိုက်ပြီး သစ်ကိုင်းများကြားထဲမှ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ရေနတ်ဘုရားက သံမဏိနတ်ဘုရား၏ ပခုံးပေါ်သို့ ခုန်တက်လိုက်ရာ သံမဏိနတ်ဘုရားက ခြေလှမ်းကျဲကြီးများနှင့် ပြေးထွက်သွားခဲ့သည်။ သူ၏ ကြီးမားလှသည့် ကိုယ်ထည်ကြီးနှင့် မလိုက်ဖက်အောင်ပင် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်လှသည်။ သူကတံတိုင်းနိမ့်တစ်ခုကို ဖျက်ဆီးပြီး တောင်အောက်သို့ ပြေးဆင်းသွားခဲ့သည်။
သံမဏိလင်းယုန်နှင့် မီးတောက်ပျံဂိုဏ်းမှ ကျင့်ကြံသူတို့ကမူ အတူလှုပ်ရှားကြပြီး သူတို့ကြားထဲတွင် ၁၀ မီတာခန့် အကွာအဝေးကို ထိန်းထားကြသည်။ သူတို့က တမင်အရှိန်လျှော့ထားသည့် ကျိရှောင်းယောင်၏ နောက်သို့ အမြန်မှီအောင်လိုက်သွားကြသည်။
သူတို့အားလုံး စိတ်ထဲတွင် မတူညီသည့်အစီအစဉ်များ ရှိကြသော်လည်းပဲ ရှေ့သို့မူ ပခုံးချင်းယှဉ်ပြီး ဆက်လက်ချီတက်နေကြဆဲဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများ သတိမထားမိသော်လည်း တစ်ဖက်ကမ်းခြေရှိ ယာယီကွပ်ကဲမှုစခန်းကမူ သူတို့ကို သေချာစောင့်ကြည့်နေခဲ့သည်။ သူတို့စတင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကွပ်ကဲစခန်းမှ လူများက ချက်ချင်းအမိန့်များထုတ်ပြန်လာသည်။
“ကယ်ဆယ်ရေးအဖွဲ့... စတင်လှုပ်ရှားကြတော့။ ပုံရိပ်ယောင်အမြုတေအဆင့်တွေ ရွာထဲကနေ ထွက်လာပြီး ကမ်းခြေကို ရောက်တော့မယ်။ အချိန်မဆွဲနဲ့... ချက်ချင်းလှုပ်ရှားကြ”
“ဒီအခြေအနေကို ကပ္ပတိန်ချီလင်းဆီ အကြောင်းကြားလိုက်… သူတို့က ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်ငါးယောက်ကို တောင့်ခံထားနိုင်မှာ မဟုတ်ဘူး”
“ရေပြင်ကို ဖြတ်ကျော်နိုင်တဲ့ ကျင့်ကြံသူတွေကို ပံ့ပိုးခိုင်းဖို့ အသင့်ပြင်ထားခိုင်းလိုက်… ကမ်းခြေကို အဝေးပစ်လက်နက်တွေနဲ့ ပိတ်ဆို့ထားလိုက်... ဒါပေမဲ့ ငါတို့လူတွေကို မထိမိစေနဲ့ဦး”
ညွှန်ကြားချက်များထွက်ပေါ်လာသည်နှင့် ကျွန်းပတ်ပတ်လည်ရှိ ရေပြင်ပေါ်တွင် လှိုင်းဂယက်ငယ်လေးများပျံ့နှံ့သွားပြီး လူ ဆယ်ယောက်ကျော်သည် ပင်လယ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူတို့တစ်ယောက်ချင်းစီက ဓားမြှောင်များကို ထုတ်ယူပြီး သူတို့ ကြိုတင်သတ်မှတ်ထားသည့် ကမ်းခြေတွင် ကင်းလှည့်နေသည့် မိစ္ဆာကျင့်ကြံသူများ၏ လည်ပင်းများကို ချက်ချင်း လှီးဖြတ်ပစ်လိုက်ကြသည်။
ထို့နောက် ချက်ချင်းပင် အခြားလူ ငါးယောက်က တောအုပ်ထဲသို့ တိတ်တဆိတ် တိုးဝင်သွားခဲ့ကြပြီး လေတိုက်ခတ်သံ သို့မဟုတ် ကမ္ဘာဦးချီစွမ်းအင်လှုပ်ရှားမှု တစွန်းတစလေးမျှပင် မထွက်ပေါ်ခဲ့ချေ။ သူတို့သည် ပြတ်သားရက်စက်ကြပြီး အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး သတ်ဖြတ်ခြင်းနည်းစနစ်များကို အသုံးပြုနေကြသည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အလောင်းများသာ ကျန်ရစ်ခဲ့လေသည်။
မိစ္ဆာကျင့်ကြံသူများ တည်ဆောက်ထားသည့် ယာယီကင်းစခန်းများသည် သူတို့မအော်နိုင်ခင်မှာတင် ရှင်းလင်းခံလိုက်ရသည်။ ထို့နောက်တွင်မူ အရိပ်မည်းများက ကျွန်းထဲသို့ တိတ်တဆိတ်စိမ့်ဝင်သွားခဲ့ကြပြီး နောက်ပိုင်းနှင့် ဘေးပတ်ပတ်လည်ကနေ ရွာဆီသို့ လျင်မြန်စွာ ချီတက်သွားခဲ့ကြသည်။ မည်သူမှ အသံမထွက်ကြသလို အရှိန်အဝါတစွန်းတစမျှပင် အပြင်သို့ မပေါက်ကြားစေခဲ့ချေ။
ကျွန်းအရှေ့ဘက်ကမ်းခြေသဲပြင်ငယ်လေးပေါ်တွင်။
ရန်သူများ၏ လှုပ်ရှားမှုသတင်းစကားကိုရရှိပြီးနောက် ဝမ်ရှန်းနှင့် သူ၏ အဖွဲ့က အချင်းချင်းပြုံးပြလိုက်ကြသည်။ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူ ငါးယောက်လုံး ပြေးဝင်လာပြီ ဖြစ်သည့်အတွက် ကယ်ဆယ်ရေးတာဝန်ကမူ အောင်မြင်ပြီဟု ပြောနိုင်သည်။
ဝမ်ရှန်းက အသံလွှင့်လိုက်သည်။
“စီနီယာ ဖေးလျန်ဇီ... သူတို့ ရောက်လာတဲ့အခါ ကျွန်တော်နဲ့ စီနီယာအစ်မက သူတို့ထဲက တစ်ယောက်ကို ထိန်းထားမယ်… စီနီယာကလည်း လူတစ်ယောက်ကို ထိန်းချုပ်ထားနိုင်မယ့် နည်းလမ်းကို ရှာထားပါ။ ဒီလူတွေ လွတ်မြောက်သွားမယ့် အခွင့်အရေးမျိုး မရှိစေရဘူး”
ဖေးလျန်ဇီက ခေါင်းညိတ်လိုက်ပြီး သူ၏ ဝိုင်းစက်သည့် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
“ဟဲဟဲ… နားလည်ပြီ။ အကယ်၍ ငါတို့ ဒီနေ့ည သူတို့ကို ဒီမှာတားဆီးထားနိုင်မယ်ဆိုရင် တောင်ပေါ်ပြန်ရောက်တဲ့အခါ နှစ်ပေါင်းများစွာ ကြွားလုံးထုတ်စရာပုံပြင်တွေ ရပြီ”
ဝမ်ရှန်းကလည်း ပြုံး၍ ထောက်ခံလိုက်သည်။
သူသည် ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်များကို ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သူက သူတို့ထက် အများကြီး အားနည်းနေသေးသော်လည်းပင် သူ၏ စီနီယာအစ်မကို ကူညီပေးနိုင်သလို ခုနှစ်စင်ကြယ်ဓားအစီအရင်ကို သုံး၍လည်း ရန်သူကိုနှောင့်ယှက်နိုင်သည်။
တစ်ချိန်တည်းတွင်ပင် တစ်စုံတစ်ခုကိုကြားလိုက်ရပုံရသည့် ချီလင်းက အမြန်ရေယာဉ်ပေါ်ကနေ ရေထဲသို့ ခုန်ဆင်းလိုက်ပြီး ကမ်းခြေဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလာခဲ့သည်။ သူမ ကမ်းခြေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တောအုပ်ထဲကနေ လူရိပ်ငါးခုက ပြေးထွက်လာခဲ့သည်။ နှစ်ယောက်က မြေပြင်ပေါ်တွင် ရပ်နေပြီး သုံးယောက်ကမူ သစ်ပင်ထိပ်ဖျားများပေါ်တွင် ရပ်နေကြသည်။ သူတို့အားလုံးက လူလေးယောက်လုံးကို အာရုံစိုက်ကြည့်လိုက်ကြသည်။
ကျွန်း၏ အခြားနေရာများတွင်မူ မည်သည့်လှုပ်ရှားမှုသတင်းမှမရှိချေ။ ထို့အပြင် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများသည် သူတို့၏ ဝိညာဥ်အသိစိတ်ကို သုံးပြီး အတော်ဝေးဝေးအထိ ထောက်လှမ်းနိုင်ကြသော်လည်း မီတာတစ်ထောင်ထက်ပို၍မူ မလွှမ်းခြုံနိုင်ကြချေ။ ထို့ကြောင့် ကျွန်း၏ အလယ်ဗဟိုက တိတ်ဆိတ်နေသရွေ့တော့ ဝမ်ရှန်းတို့ ရှေ့က လူငါးယောက်သည် ထိုနေရာတွင် ဘာတွေဖြစ်ပျက်နေသလဲဆိုသည့် အချက်အလက်များကို ယာယီအားဖြင့်မသိရှိနိုင်ကြချေ။
သို့သော်လည်း လူလေးယောက်သည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့က မိစ္ဆာကျင့်ကြံသူ ငါးယောက်လုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပစ်ရမည် ဖြစ်သည်။
ဝမ်ရှန်းလည်း သူ့၏အလုပ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူက သူ၏ ဓားကို လှည့်ပတ်ရင်း လှောင်ပြောင်လိုက်သည်။
“ခဗျားတို့က အမြုတေဖွဲ့စည်းခြင်းအဆင့် သုံးယောက်လေးကို ကိုင်တွယ်ဖို့ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူ ငါးယောက်တောင် လွှတ်လိုက်တာလား”
သံမဏိလင်းယုန်က အော်လိုက်သည်။
“အားလုံးကို သတ်ပစ်ကြ”
သစ်ပင်ထိပ်ဖျားပေါ်တွင်မူ တစ်ကိုယ်တော်ကျင့်ကြံသူ မိစ္ဆာတာအိုဆရာမ ကျိရှောင်းယောင်၏ ဘေးပတ်ပတ်လည်တွင် ကျောက်စိမ်းဆံထိုး သုံးချောင်းက လှည့်ပတ်နေခဲ့သည်။ သူမက သူမ၏ ဓားရှည်ကို ရှေ့သို့ ညွှန်ပြလိုက်သည့်အခါ ဆံထိုးများသည် ကြယ်ကြွေသည့်အလား ပြေးထွက်သွားခဲ့သည်။
သံမဏိလင်းယုန်နှင့် မီးတောက်ပျံဂိုဏ်းမှ တွမ့်ခုံးမင်တို့ ရှေ့သို့ တိုးဝင်သွားသည်နှင့် သံမဏိနတ်ဘုရားက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ရေနတ်ဘုရားကို လေထဲသို့ ပြင်းထန်စွာ ဝှေ့ယမ်းပစ်လွှတ်လိုက်သည်။ ထို့နောက် သူက ဝမ်ရှန်းတို့ဆီသို့ ပြေးဝင်လာခဲ့သည်။ ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်သုံးယောက်၏ အရှိန်အဝါက လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းပြည့်နေသော လှိုင်းလုံးကြီးတစ်ခုလိုမျိုး ထွက်ပေါ်လာခဲ့သည်။
လေထဲတွင် ရေနတ်ဘုရားက အဆောင်မန္တန်သင်္ကေတများကို ဆွဲလိုက်သည်။ ပင်လယ်ရေပြင်ပေါ်မှ မြင့်မားလှသည့် ရေတိုင်ကီကြီးများသဖွယ် ရေလုံးကြီးများ ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဝမ်ရှန်းက သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ၎င်းတို့၏ အရှိန်အဝါဖိအားကြောင့် သူ၏ ခန္ဓာကိုယ်က လေးလံနေသလိုခံရသော်လည်း သူ၏ အတွင်းထဲကနေ ဓားမြည်သံတစ်ခုက ထိုးဖောက်ထွက်ပေါ်လာခဲ့သည်။ သူက ဓားသိုင်းကို ထုတ်ဖော်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည့်အတွက် ထိုးစစ်ဆင်ရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် မုဝမ်ရွှမ်းက သူမ၏ လက်များဖြင့် စက်ဝိုင်းတစ်ခုထပ်မံဆွဲလိုက်ပြီး ဖေးလျန်ဇီကလည်း သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ဓားပျံကို ဆင့်ခေါ်လိုက်သည်။
သို့သော်လည်း သူတို့ မလှုပ်ရှားနိုင်ခင်မှာတင် သူတို့၏ နောက်က အမြန်ရေယာဉ်က ရုတ်တရက် လေထဲသို့ မြောက်တက်သွားခဲ့သည်။ ပင်လယ်ရေများနှင့် သဲများက ၁၀ မီတာကျော်အထိ မြင့်မားစွာ ပေါက်ကွဲထွက်သွားပြီး လူလေးယောက်က လှောင်အိမ်ထဲကနေ လွတ်မြောက်လာသည့် ကျားများလိုမျိုး—ပင်လယ်ထဲကနေ နဂါးတစ်ကောင်လို ဝုန်းခနဲပြေးထွက်လာခဲ့ကြသည်။ သူတို့က ဝမ်ရှန်းတို့၏ ခေါင်းပေါ်မှ ဖြတ်ကျော်ပျံသန်းသွားခဲ့ကြပြီး မိစ္ဆာကျင့်ကြံသူငါးယောက်ထံသို့ တည့်တည့်မတ်မတ်ပြေးဝင်သွားကြလေသည်။
Chapter 150
မြေနတ်ဘုရား
ကောင်းကင်နှင့် မြေကြီး၏ ကမ္ဘာဦးချီများ စတင်နိုးထလာခါစအချိန်က ကျင့်ကြံခြင်းလောကတွင် လူသိနည်းသော်လည်း အရေးပါလှသည့် ဖြစ်ရပ်အချို့ဖြစ်ပွားခဲ့ဖူးသည်။
ထိုစဉ်က တာအိုအမွေအနှစ်အသီးသီးမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများသည် အကြိမ်ကြိမ်ဆင့်ခေါ်ခြင်းခံခဲ့ရ၏။ အာဏာပိုင်များသည် ဂိုဏ်းတစ်ခုချင်းစီမှ အလားအလာအရှိဆုံး ဒုတိယမျိုးဆက် တာအိုကျင့်ကြံသူအယောက်သုံးဆယ်ကျော်ကို စစ်တပ်ထဲသို့ စုဆောင်းခဲ့သည်။ ထိုသူများသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ နည်းပြအဖွဲ့အဖြစ် ဖွဲ့စည်းကာ အဖွဲ့ဝင်များကို ရွေးချယ်လေ့ကျင့်ပေးခဲ့ကြ၏။
ဝမ်ရှန်းသည် သူ၏ပြီးခဲ့သောဘဝက ထိုလျှို့ဝှက်ဆန်းကြယ်လှသည့် နည်းပြအဖွဲ့အကြောင်းကို ကောလာဟလအချို့မှတစ်ဆင့် ကြားဖူးရုံမျှသာရှိခဲ့သည်။ နည်းပြများသည် ဟွာသမ္မတနိုင်ငံ၏ အမိန့်ကို နာခံကြပြီး အထူးအခွင့်အရေးရသော အရင်းအမြစ်များကို သုံးစွဲခွင့်ရကြသော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်တိုးတက်ပုံမှာမူ ပဟေဠိတစ်ခုဖြစ်နေခဲ့သည်။ ၎င်းတို့သည် မည်သည့်အဆင့်သတ်မှတ်ချက်တွင်မှ ပါဝင်ခြင်းမရှိသလို တာအိုဂိုဏ်းအချင်းချင်းဖလှယ်ပွဲများတွင်လည်း ပါဝင်ခြင်းမရှိခဲ့ကြချေ။
၎င်းတို့သည် နိုင်ငံတော်၏ နယ်စပ်ဒေသများကို စောင့်ရှောက်ရန် အချုပ်အခြာအာဏာကို ကာကွယ်ရန် ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် ပြည်သူများကို အကာအကွယ်ပေးရန်ဟူသော လေးလံလှသည့် တတာဝန်ကို ထမ်းဆောင်ထားကြသူများဖြစ်၏။ နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းပညာရပ်ကို လူသိရှင်ကြားချပြခဲ့လျှင်ပင် ၎င်းတို့သည် စည်းကမ်းမဲ့သောကျင့်ကြံသူများကိုဟန့်တားမည့် လျှို့ဝှက်အင်အားစုအဖြစ်ဆက်လက်တည်ရှိနေဦးမည်သာဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများသည် တာအိုအမွေအနှစ်ဂိုဏ်းများက အစကတည်းက ဟွာသမ္မတနိုင်ငံအစိုးရနှင့် နက်ရှိုင်းစွာဆက်နွှယ်မှုရှိနေခဲ့သည်ကို ဘယ်သောအခါမှ တွေးမိခဲ့ကြမည်မဟုတ်ချေ။
ယနေ့တွင်မူ မိစ္ဆာကျင့်ကြံသူများက အရပ်သားများကို သတ်ဖြတ်ပြီး ဟွာသမ္မတနိုင်ငံနှင့် ညှိနှိုင်းလိုကြောင်း ပွင့်လင်းစွာကြေညာပြီးနောက် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ကြသော တာအိုဆရာဟောင်းများသည် ချက်ချင်းပင်စုရုံးရောက်ရှိလာကြသည်။ ၎င်းတို့မှာ မိစ္ဆာတာအိုပညာရှင် ၆ယောက်ထင်မှတ်ထားသည်ထက် များစွာသာလွန်သော အင်အားစုတစ်ရပ်ဖြစ်ပေသည်။
အစောဆုံး ထွက်ပေါ်လာသူများမှာ ကျန်းဇီခွမ်းနှင့် မုချိုးလီတို့ဖြစ်ကြသည်။ အဆောင်ဂိုဏ်းကြီး ၃ဂိုဏ်းမှ ထိုအစွမ်းထက် တိုက်ခိုက်ရေးသမားနှစ်ယောက်သည် လေထုထဲသို့ အဆောင်စာရွက်များကို ချက်ချင်းကြဲပက်လိုက်ပြီး တိုက်ခိုက်သူနှစ်ယောက်ကို လေထဲ၌ ပိတ်မိစေမည့် အစီအရင်တစ်ခုကို ဖန်တီးလိုက်ကြသည်။
ခန္ဓာချုပ်အဆောင်နှင့် ဝိညာဉ်ဖမ်းအဆောင်များသည် ရန်သူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို လှုပ်ရှား၍မရအောင် ချုပ်နှောင်လိုက်၏။ ၎င်းတို့သည် မီးဒြပ်စင်ငါးမျိုးအဆောင်နှင့် မိုးကြိုးဆင့်ခေါ်မန္တန်များကိုပါအသုံးပြုကာ ကောင်းကင်မိုးကြိုးများနှင့် မီးလျှံများကို ဆင့်ခေါ်လိုက်ကြသည်။
အစပိုင်းတွင် ဝမ်ရှန်းနှင့် သူ၏အဖော်သုံးယောက် အထက်၌ မိုးကြိုးလျှပ်စီးအချို့နှင့် မီးလျှံအနည်းငယ်သာ ပေါ်လာသော်လည်း မကြာမီမှာပင် ဟိန်းဟောက်နေသော မိုးကြိုးနဂါးနှင့် မီးတိမ်တိုက်ကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
မရေမတွက်နိုင်သော အဆောင်စာရွက်များသည် ထက်မြက်လှသော ဓားသွားများကဲ့သို့ ထွက်ပေါ်လာပြီး လေထုထဲ၌ ရှိနေသော သံမဏိလင်းယုန်နှင့် မီးတောက်ပျံဂိုဏ်းမှ တွမ့်ခုန်းမင်တို့ထံသို့ ဦးတည်ပြေးဝင်သွားတော့သည်။ သို့သော် လုံဟူရှန်းတောင်နှင့် မော်ရှန်းတောင်တို့၏ အဆောင်ပညာရပ်များသည် ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့သုံးသော အဆောင်မန္တန်များထက် များစွာအစွမ်းထက်သော်လည်း မိစ္ဆာတာအိုလောက၏ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် နာမည်ကျော်ကြားလာခဲ့သူများသည် လွယ်လွယ်နှင့် အရှုံးပေးမည့်သူများမဟုတ်ကြချေ။
ရုတ်ရက် တိုက်ခိုက်ခံလိုက်ရသဖြင့် သံမဏိလင်းယုန်၏ မျက်နှာပျက်သွားကာ သူသည် အော်ဟစ်လိုက်ပြီး သွေးသဲတစ်ဆုပ်ကို ချက်ချင်း ကြဲပက်ကာ အဆိပ်ရှိသော သွေးလက်ဝါးများကို ဆက်တိုက်ထုတ်လွှတ်လိုက်သည်။ တွမ့်ခုန်းမင်ကလည်း သူ၏ မှော်ရတနာဖြစ်သော ဆေးတံကို ရုတ်တရက်ပြောင်းပြန်လှန်လိုက်ရာ ဝေဟင်ထက်တွင် လေပြင်းများတိုက်ခတ်လာပြီး ပျံသန်းနေသော အဆောင်စာရွက်များကို လွင့်စင်သွားစေခဲ့သည်။
သို့သော်လည်း ကျန်းဇီခွမ်းနှင့် မုချိုးလီတို့သည် အဆောင်အစီအရင်ထဲသို့ တိုးဝင်လာပြီး ၎င်းတို့၏ မန္တန်များဖြင့် မဟော်ဂနီဓားတစ်လက်စီကို ဆင့်ခေါ်လိုက်ကြသည်။ ကျန်းဇီခွမ်း၏ ဓားသည် မီးလျှံများဖြင့် တောက်လောင်နေပြီး မုချိုးလီ၏ ဓားမှာမူ မိုးကြိုးသံများ တဖျတ်ဖျတ်မြည်ဟည်းနေ၏။ မိစ္ဆာတာအိုပညာရှင်တစ်ယောက်စီကို ပစ်မှတ်ထားကာ ထိုနှစ်ယောက်သည် တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။ ၎င်းတို့၏ ပြောင်မြောက်လှသော ဓားသိုင်းပညာရပ်များကြောင့် သံမဏိလင်းယုန်နှင့် တွမ့်ခုန်းမင်တို့သည် ခုခံရုံသက်သက်အခြေအနေသို့ ရောက်ရှိသွားရတော့သည်။
ကျန်းဇီခွမ်းနှင့် မုချိုးလီတို့က ရန်သူများကို အလုပ်ရှုပ်အောင်အချိန်ဆွဲထားစဉ် အခြားနည်းပြများသည် ကျိရှောင်းယောင်နှင့် ရေနတ်ဘုရားတို့ကို ပြင်းထန်သောတိုက်ခိုက်မှုများဖြင့် ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။ ကျိရှောင်းယောင်နှင့် ရေနတ်ဘုရားတို့လည်း ၎င်းတို့၏ မဟာမိတ်များကို မကူညီနိုင်တော့သဖြင့် ၎င်းတို့၏ အခြေအနေမှာ ပို၍ ဆိုးရွားလာခဲ့၏။
သို့သော် နည်းပြများဘက်တွင် လူအင်အားနည်းပါးနေသေးသည်။ သံမဏိနတ်ဘုရားကို တားဆီးရန် ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်တစ်ယောက်မျှ မကျန်တော့ချေ။ သူသည် ချီလင်းကို ပစ်မှတ်ထားကာ ဝမ်ရှန်းနှင့် အခြားသူများထံသို့ အသံတိတ်ပြေးဝင်လာတော့သည်။
“မင်းတို့လေးယောက် နောက်ဆုတ်တော့။ ငါတို့ကိုပဲ လွှဲထားလိုက်။ လောင်မု မင်း အဲဒီသံတုံးကြီးကို ကိုင်တွယ်နိုင်မလား” ကျန်းဇီခွမ်းက အော်ပြောလိုက်သည်။
မုချိုးလီသည် နှာခေါင်းရှုံ့လိုက်ပြီး သံမဏိနတ်ဘုရားကို လှည့်၍တားဆီးရန်ပြင်လိုက်စဉ်မှာပင် သံမဏိလင်းယုန်က သူ၏လက်များမှ သံမဏိခြေသည်းနှစ်ခုကို ပစ်လွှတ်ကာ မုချိုးလီ၏လမ်းကိုပိတ်ဆို့လိုက်သည်။ ထိုအခွင့်အရေးကိုအရယူကာ သံမဏိနတ်ဘုရားသည် ချီလင်းထံသို့ တည့်တည့်မတ်မတ်ပြေးဝင်သွားလေတော့၏။
တုံ့ပြန်မှုအမြန်ဆုံးဖြစ်သော ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် သံမဏိနတ်ဘုရားကို တားဆီးရန် ၎င်းတို့၏ ဓားများကို ချက်ချင်းမြှောက်လိုက်ကြသည်။ သို့သော် မုဝမ်ရွှမ်းက တည်ငြိမ်စွာဖြင့် ၎င်းတို့၏ လက်မောင်းများကို ဖမ်းဆွဲကာ ပင်လယ်ထဲသို့ ညင်သာစွာ ပစ်ချလိုက်၏။ ဝမ်ရှန်းသည် ခဏမျှ ထိတ်လန့်သွားသော်လည်း ထို့နောက်တွင် ဆက်လက်ဖြစ်ပျက်လာသော မြင်ကွင်းကြောင့် ထိုနေရာရှိ ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြရသည်။
နှစ်မီတာကျော်မြင့်မားပြီး ကြွက်သားအမြောင်းမြောင်းနှင့် လူသန်ကြီးဖြစ်သော်လည်း သံမဏိနတ်ဘုရားသည် သူကျင့်ကြံထားသော အပြင်ခန္ဓာလေ့ကျင့်ရေးလမ်းစဉ်ကြောင့် မယုံနိုင်လောက်အောင် လျင်မြန်နေဆဲဖြစ်၏။ ထို့အပြင် သူ၌ သံမဏိကဲ့သို့ မာကျောသောအရိုးများနှင့် အလွန်ကြီးမားသော ခွန်အားများရှိနေ၏။
သူ၏လမ်းကို ပိတ်ဆို့ထားသူမှာ မုဝမ်ရွှမ်းတစ်ယောက်တည်းဖြစ်နေသည်ကို သတိပြုမိသွားပြီး သူသည် လက်ဝါးတစ်ဖက်ကို မြှောက်ကာ သူမကို ရိုက်ချလိုက်သည်။ သို့သော် မုဝမ်ရွှမ်းသည် တုန်လှုပ်ခြင်းအလျင်းမရှိချေ။ သူမသည် လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ နုနယ်သော လက်ဝါးများဖြင့် သံမဏိနတ်ဘုရား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ကြီးမားလှသော ခွန်အားတစ်ခုတိုးဝင်လာသဖြင့် မုဝမ်ရွှမ်းသည် နောက်သို့ ရွှေ့လျားသွားရသော်လည်း သူမသည် သန်မာသောသံမဏိနတ်ဘုရား၏ ကြီးမားလှသော တိုက်ခိုက်မှုကို လုံးဝ ချေဖျက်ပစ်နိုင်ခဲ့သည်။ ထို့အပြင် သူမ၏ နုညံ့ပျော့ပျောင်းလှပုံရသော လက်များသည် သူ၏ လက်ကောက်ဝတ်ကို ချီစီးကြောင်းနှစ်ခုဖြင့် ပိတ်ဆို့ထားလိုက်၏။ ထို့နောက် သူမသည် လက်များကို ရှေ့သို့ တွန်းထုတ်လိုက်ရာ သူမ၏ လှုပ်ရှားမှုများသည် နွဲ့နှောင်းလှပပြီး သဘာဝကျလှပေသည်။
သံမဏိနတ်ဘုရားလည်း အံ့အားသင့်ကာ မျက်လုံးများပြူးကျယ်သွားရသည်။ သူသည် ဟန်ချက်ပျက်လုနီးပါးဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်ခွာသွားခဲ့ရ၏။
မုဝမ်ရွှမ်းသည် တောင်တစ်လုံးကဲ့သို့ မတ်မတ်ရပ်နေပြီး ဝူတန်း၏ ထိုက်ကျိလက်ဝါးသိုင်းအဖွင့်အနေအထားကို ယူလိုက်သည်။ ထို့နောက်တွင် သူမသည် ထိုက်ကျိတိုက်ကွက်များကို ထုတ်ဖော်လိုက်လေ၏။ ယင်ယန်ချီများကို မမြင်နိုင်သော လက်များအဖြစ် ပြောင်းလဲကာ သံမဏိနတ်ဘုရားကို အကြိမ်ကြိမ်ရိုက်ခတ်လိုက်သည်။
သံမဏိကဲ့သို့ မာကျောသော ကိုယ်ခန္ဓာနှင့် ကြီးမားသော ခွန်အားရှိလင့်ကစား မုဝမ်ရွှမ်း၏ တိုက်ခိုက်မှုများကြောင့် သံမဏိနတ်ဘုရားသည် နောက်သို့ ထပ်ဆုတ်သွားရပြန်သည်။ သူသည် ဆက်တိုကာကျရောက်လာသော ထိုယင်ယန်ချီများထဲမှ ရုန်းထွက်နိုင်ခြင်းပင်မရှိချေ။
မုဝမ်ရွှမ်းတစ်ယောက်တည်းနှင့်ပင် သံမဏိနတ်ဘုရားကို တားဆီးရန်လုံလောက်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ဝမ်ရှန်း သို့မဟုတ် ဖေးလျန်ဇီတို့၏ အကူညီကိုပင် မလိုအပ်ချေ။
မုချိုးလီက သဘောကျစွာ အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ မဟော်ဂနီဓားကို ဝှေ့ယမ်းကာ ဟိန်းဟောက်နေသော မိုးကြိုးနဂါးများကို တစ်ဖန်ဆင့်ခေါ်လိုက်ပြီး သံမဏိလင်းယုန်နှင့် တွမ့်ခုန်းမင်တို့ကိုပဲ ဆက်လက်တိုက်ခိုက်လိုက်တော့သည်။
ဝမ်ရှန်းနှင့် အခြားသူများမှာမူ လုပ်စရာဘာမျှမရှိတော့ချေ။
ပင်လယ်ရေထဲတွင် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်ရှန်းက ပခုံးတွန့်ပြလိုက်ပြီး ဖေးလျန်ဇီကမူ ကောင်းကင်ကြီးကို ကြည့်ကာ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
ထိုနှစ်ယောက်သည် မုဝမ်ရွှမ်းကို ကူညီရန် ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်စဉ်မှာပင် ရေနတ်ဘုရား၏ အသံထွက်ပေါ်လာသည်၊၊
“အစ်ကို ၃…. ခေါင်းဆောင်ကို အရင်ဖမ်း”
ထိုအချိန်တွင် ကမ်းခြေ၌ မီတာဝက်ခန့် ကျယ်ဝန်းသော သဲဝဲဂယက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအထဲမှ ပိန်လှီခြောက်ကပ်နေသော လူရိပ်တစ်ခုသည် အံ့အားသင့်ဖွယ် အရှိန်နှုန်းဖြင့် ပြေးထွက်လာပြီး ရေထဲတွင် ရပ်နေသော ချီလင်းထံသို့ ဦးတည်လာလေသည်။
ဝမ်ရှန်းက အစစ်မှန်ချီများကို စုစည်းရင်း အော်လိုက်သည်၊၊ “စီနီယာ ဓားပျံလွှတ်လိုက်တော့”
ထို့နောက်တွင် သူသည် လှိုင်းလုံးများကို ဖြတ်ကျော်ကာ သူ၏ ဓားကို ပစ်ထုတ်လိုက်သည်။ သူ၌ ဓားထိန်းချုပ်ခြင်းပညာရပ်မရှိသေးသော်လည်း ဓားထဲသို့ အစစ်မှန်ချီများကို ထည့်သွင်းနိုင်ဆဲဖြစ်ပြီး ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို ခေတ္တခဏမျှ အာရုံလွှဲရန် အသုံးပြုနိုင်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မြေနတ်ဘုရားသည် ခဏမျှ တုံ့ဆိုင်းသွားသဖြင့် ဝမ်ရှန်း၏ ဓားသည် ပစ်မှတ်ကို လွဲချော်သွားခဲ့သည်။ ယခုအခါ ချီလင်းနှင့် ပိုမိုနီးကပ်သွားပြီဖြစ်၍ ဝမ်ရှန်းသည် ရှေ့သို့ ပြေးဝင်ကာ သူမနှင့် ရန်သူ့အကြားတွင် ပိတ်ရပ်လိုက်၏။
မြေနတ်ဘုရားက လှောင်ပြုံးပြုံးကာ သူ၏ လက်သည်းများဖြင့် တိုက်ခိုက်လိုက်သော်လည်း ဝမ်ရှန်းက ခုနှစ်စင်ကြယ်ခြေလှမ်းဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ၏အောက်ရှိ ပင်လယ်ရေပြင်သည် မှန်ချပ်တစ်ခုကဲ့သို့ ချောမွေ့နေပြီး သူသည် ချီလင်း၏ အနားသို့ လျှောတိုက်ရောက်ရှိသွားခဲ့သည်။ အစောပိုင်းက မုဝမ်ရွှမ်း သူ့ကိုဆွဲပစ်လိုက်သည်သလိုမျိုး သူသည် ဆရာကတော်၏ လက်မောင်းကို ဖမ်းဆွဲကာ နောက်သို့ ပစ်လိုက်သည်။
မြေနတ်ဘုရားသည် သူမကို ဖမ်းဆွဲရန် လွဲချော်သွားခဲ့သည်၊၊
အခြားဓားတစ်လက်သည် ကောင်းကင်ထက်မှ ပျံသန်းလာပြီး မြေနတ်ဘုရား၏ နောက်ကျောကို ပစ်မှတ်ထားလိုက်သည်။ ဖေးလျန်ဇီသည် နောက်မှ ကပ်လျက်လိုက်ပါလာပြီး ရေပြင်ကို ဖြတ်ကျော်ကာ သူ၏ အခြားဓားတစ်လက်ဖြင့် မြေနတ်ဘုရားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။
မြေနတ်ဘုရားက စိတ်မရှည်တော့သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ကိုယ်တွင်းရှိ ပုံရိပ်ယောင်အမြုတေသည် လျင်မြန်စွာလည်ပတ်သွားပြီး ပတ်ဝန်းကျင်ရှိ သဲများကို လှုပ်ခတ်စေမည့် ဝါကျင့်ကျင့်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဝဲလည်နေသော သဲဝါမုန်တိုင်းတစ်ခုသည် ကမ်းခြေမှ ပေါက်ကွဲထွက်လာပြီး ဖေးလျန်ဇီကို လွင့်စင်သွားစေခဲ့၏။
ထိုအချိန်မှာပင် ပင်လယ်ထဲမှ ရေတိုင်လုံးကြီးများ ပေါက်ကွဲထွက်လာပြီး ရေနဂါးငါးကောင်အဖြစ် ဖွဲ့စည်းသွားသည်။ ၎င်းတို့သည် ဝမ်ရှန်းနှင့် ချီလင်းထံသို့ ပြေးဝင်လာကြတော့၏။
အန္တရာယ်ကို ချက်ချင်း အာရုံခံမိသွားသဖြင့် ဝမ်ရှန်းက ချက်ချင်း တောင်းပန်လိုက်သည်၊၊
“ဆရာကတော် စိတ်မရှိပါနဲ့”
တွေဝေမနေဘဲ သူသည် ချီလင်းကို သူ၏ ပခုံးပေါ်သို့ ထမ်းတင်လိုက်ပြီး ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုကာ အလျင်အမြန်ဆုတ်ခွာလိုက်သည်။ မြေနတ်ဘုရားသည် သူ၏ခြေဖဝါးအောက်တွင် သဲလေပွေနှစ်ခုကို ဖန်တီးကာလိုက်လံဖမ်းဆီးလေသည်၊၊ ရေနဂါးများက ဝမ်ရှန်းကို အမှန်တကယ်အန္တရာယ်မပေးနိုင်မီ ချက်ချင်းကွဲကြေပျက်စီးသွားခဲ့ရသည်။
ရေနတ်ဘုရားနှင့် တိုက်ခိုက်နေသော နည်းပြဖြစ်သူ မုရွှီဇီသည် သူ၏ပြိုင်ဘက်က အခြားနေရာများရှိ တိုက်ပွဲမြေပြင်ကိုပါ ထိန်းချုပ်နိုင်စွမ်းရှိနေသေးသည်ကို သတိပြုမိသွားသည်။ သူဒေါသထွက်သွားသဖြင့် သူသေကိုယ်သေတိုက်ခိုက်ရေးပုံစံသို့ ချက်ချင်းပြောင်းလဲလိုက်တော့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ရေနတ်ဘုရားထက် အနည်းငယ်နိမ့်ပါးသော်လည်း သူသည် သူမကို အလွန်ခက်ခဲသောအခြေအနေသို့ရောက်အောင် တွန်းပို့နိုင်ဆဲပင်၊၊