အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) ကြီးမားသော ရိတ်သိမ်းမှု၊ ချင်ဧကရာဇ် လှုပ်ရှားပြီ
"စလိုက်ကြစို့!"
ချင်လော့က ဟစ်အော်လိုက်၏။
အားကောင်းသော စွမ်းအားတစ်ခုက ချင်လော့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့လေသည်။
ယခုအခါ လူသားဧကရာဇ်အလံသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။
သူ၌ အခွင့်အရေး တစ်ကြိမ်သာ ရှိတော့ကြောင်းကို သူ သိရှိထားပေသည်။
သူ၏ရှေ့ရှိ မီးနဂါးကို တစ်ကြိမ်တည်းဖြင့် ဖိနှိပ်ပြီး လုံးဝ အပြတ်ရှင်းရမည် ဖြစ်သည်။
မီးနဂါး၏ ခန္ဓာကိုယ်အတွင်းမှ အခြားသော ကြွင်းကျန်ရစ်သည့် ဝိညာဉ်တစ်ခုက ဟိန်းဟောက်လိုက်၏။
"နိမ့်ကျတဲ့ လူသား!... မင်းက ငါ့ရဲ့ ပြောင်းပြန်အကြေးခွံကို သန့်စင်ဖို့တောင် ရဲတင်းနေတာလား"
"ဒီနေ့ ငါ မင်းကို သေခြင်းတရားနဲ့ ထာဝရ အမှောင်ထုကို ပေးသနားမယ်"
နဂါး၏ ခန္ဓာကိုယ်မှ အားကောင်းသော နဂါးအငွေ့အသက်တစ်ခု ထုတ်လွှတ်လာပြီး ရှီးဟွမ် ထိန်းချုပ်ထားသော လူသားဧကရာဇ်အလံမှ ချက်ချင်း ရုန်းထွက်သွားခဲ့လေသည်။
နဂါး၏ မျက်လုံးများအတွင်းရှိ ဝိညာဉ်မီးတောက်များက စတင် လောင်ကျွမ်းနေပြီဖြစ်ပြီး ဤကြွင်းကျန်ရစ်သော ဝိညာဉ်တစ်စွန်းတစ်စမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့ပေ၏။
သို့သော် နဂါးက ရုန်းထွက်နိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ချင်လော့က လှုပ်ရှားလိုက်လေသည်။
"ဖိနှိပ်လိုက်စမ်း!"
ချင်လော့က ဟိန်းဟောက်လိုက်ရာ လူသားဧကရာဇ်အလံသည် ခရမ်းရောင်နှင့် အနက်ရောင်များဖြင့် ဖုံးလွှမ်းသွားပြီး အစိမ်းရောင် စွမ်းအင်များလည်း ဝင်ရောက်လာခဲ့၏။
လူသားဧကရာဇ်အလံသည် ရုတ်တရက် ကြီးမားလာပြီး မီးနဂါးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပေသည်။
'ဘန်း!' ကြီးမားကျယ်လောင်သော ဟိန်းဟောက်သံကြီးက ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး နတ်ဆိုးနှိမ်နင်းရေးဌာန၏ ကျဉ်းထောင်တစ်ခုလုံး တုန်လှုပ်သွားခဲ့လေသည်။
အထပ် ၁၀၈ အတွင်း အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး မြေကြီးက နှစ်ခြမ်းကွဲသွားခဲ့၏။
အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုပင်။
ထိုတွင်းနက်မှာ လုံးဝ မှောင်မိုက်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လူများကို အဝေးသို့ ရှောင်ပြေးချင်စိတ် ပေါက်သွားစေလေသည်။
လူသားဧကရာဇ်အလံက မီးနဂါးကို ရိုက်မိသွားသည့် အခိုက်အတန့်တွင် လူသားဧကရာဇ်အလံသည် အဆင့်မြင့်တာအိုဧကရာဇ်လက်နက်နှင့် နှိုင်းယှဉ်နိုင်သောကြောင့်
မီးနဂါးကို ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့၏။
နဂါးအကြေးခွံများ လွင့်စင်သွားပြီး သွေးများ ပန်းထွက်လာကာ လူသားဧကရာဇ်အလံပေါ်သို့ ကျဆင်းသွားရာ ချက်ချင်း စုပ်ယူသွားပြီး လူသားဧကရာဇ်အလံကို ပိုမို အစွမ်းထက်လာစေခဲ့ပေသည်။
"ပုရွက်ဆိတ်ကောင်!... ပုရွက်ဆိတ်ကောင်!... ပုရွက်ဆိတ်ကောင်!... မင်းက ငါ့ရဲ့ မြင့်မြတ်တဲ့ နဂါးခန္ဓာကိုယ်ကို အနာတရဖြစ်အောင် လုပ်ရဲတယ်ပေါ့"
မီးနဂါးက ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။
နဂါးသွေးတစ်စက်စီတိုင်းက အလွန် တန်ဖိုးရှိပြီး အထူးသဖြင့် နဂါးခန္ဓာကိုယ်ထဲတွင် သွေးအများကြီး မကျန်တော့ချေ။
အဆီအနှစ်သာ ကျန်ရှိတော့ခြင်း ဖြစ်လေသည်။
ချင်လော့၏ တိုက်ခိုက်မှုက သွေးသုံးပုံတစ်ပုံအပြည့်ကို ယူဆောင်သွားခဲ့ပေသည်။
အလွန် နာကျင်လှပေ၏။
"အား!"
နဂါးက ဟိန်းဟောက်လိုက်ရာ မဟာချင်အင်ပါယာ နန်းတော်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခေါင်းပေါ်တွင် နဂါးငယ်လေးတစ်ကောင် ပေါ်လာခဲ့လေသည်။
ထိုနဂါးငယ်လေးမှာ ချင်လော့က နဂါးအကြေးခွံထံမှ စုပ်ယူခဲ့သော နဂါးငယ်လေးထက် ပိုမို ခိုင်မာနေပေသည်။
"သောက်ကျိုးနည်း လူသားတွေ!... သူတို့က သေသင့်တယ်"
နဂါးငယ်လေးက ဟိန်းဟောက်လိုက်ပြီးနောက် လေဟာနယ်နယ်မြေအတွင်းသို့ ပျောက်ကွယ်သွားခဲ့၏။
နဂါး ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများအတွင်း ကြည်လင်သော အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
နဂါးအကြေးခွံများအတွင်းရှိ ဝိညာဉ်တစ်စွန်းတစ်စမှာ ဖိနှိပ်ခံလိုက်ရ၏။
လူသားဧကရာဇ်အလံသည် မီးနဂါးကို ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့ပြီး ဤအခိုက်အတန့်တွင် မီးနဂါး၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်ဟု ဆိုနိုင်ပေသည်။
[လူသားဧကရာဇ်အလံသည် တိုးတက်သွားပြီး အဆင့်မြင့်ဆုံး တာအိုဧကရာဇ်လက်နက်ဆီသို့ တိုးတက်မှုနှုန်း မြင့်တက်လာပါသည်...]
'ဘုန်း!' လူသားဧကရာဇ်အလံ၏ ဆက်တိုက် ဖိနှိပ်မှုများကြောင့် မီးနဂါး၏ အကြေးခွံများ အဆက်မပြတ် လွင့်စင်နေပြီး သွေးများ ပန်းထွက်လာကာ လူသားဧကရာဇ်အလံ၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
အရိုးစုများပင် ပေါ်ထွက်လာတော့မည့်အလား ဖြစ်နေပေ၏။
သို့ရာတွင် ဤအခိုက်အတန့်၌ နဂါးငယ်လေးတစ်ကောင် ပေါ်လာခဲ့ပြီး မီးနဂါးက ဟိန်းဟောက်ကာ ပြန်လည်တိုက်ခိုက်လာခဲ့လေသည်။
ချင်လော့၏ မျက်လုံးများ တောက်ပသွားခဲ့၏။
"သူတို့ ရောက်လာပြီ... နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီ”
'ဘုန်း!' ဤအခိုက်အတန့်တွင် လူသားဧကရာဇ်အလံ၏ တိုက်ခိုက်မှုက နောက်ဆုံး၌ ထွက်ပေါ်လာခဲ့လေသည်။
အားကောင်းသော စုပ်ယူမှု စွမ်းအားတစ်ခုကြောင့် နဂါးငယ်လေးမှာ အလိုအလျောက်ပင် လူသားဧကရာဇ်အလံအတွင်းသို့ လွင့်စဉ်သွားခဲ့၏။
"သောက်ကျိုးနည်း လူသား!... မင်းက ငါ့ရဲ့ နဂါးဝိညာဉ်ကို ဖိနှိပ်ချင်နေတာလား!... အိပ်မက်မက်နေလိုက်စမ်း!"
နဂါးငယ်လေးက ဟိန်းဟောက်လိုက်သော်လည်း မည်မျှပင် အော်ဟစ်နေစေကာမူ လူသားဧကရာဇ်အလံ၏ ဆွဲငင်မှုမှ ရုန်းမထွက်နိုင်ခဲ့ချေ။
နောက်ဆုံးတွင် နဂါးဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ပြတ်သားစွာ ခွဲထုတ်ပစ်လိုက်လေသည်။
‘ဝှစ်!’ နဂါးဝိညာဉ်၏ ထိုအစိတ်အပိုင်းမှာ လူသားဧကရာဇ်အလံအတွင်းသို့ ပျောက်ကွယ်သွားပြီး ကျန်ရှိသော ဝိညာဉ်များက မီးနဂါး၏ ခန္ဓာကိုယ်အတွင်းသို့ အလျင်စလို ဝင်ရောက်သွားခဲ့၏။
"လူသား!... ငါ မင်းကို သတ်မယ်!"
ဧရာမ နဂါးလက်သည်းကြီးတစ်ခုက ချင်လော့ဆီသို့ တိုက်ခတ်လာပြီး လူသားဧကရာဇ်အလံနှင့် ဝင်တိုက်မိသွားခဲ့လေသည်။
အဆင့်မြင့်တာအိုဧကရာဇ်လက်နက်နီးပါး ဖြစ်နေပြီး စွမ်းအားက မဟာဧကရာဇ်အဆင့်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
'ဘန်း!' လူသားဧကရာဇ်အလံ၏ တိုက်ခိုက်မှုက မီးနဂါးကို ထိမှန်သွားခဲ့၏။
နဂါး၏ လက်သည်းများ ကြေမွသွားပြီး ဖြူရော်နေသော အရိုးများ ပေါ်ထွက်လာခဲ့သည်။
‘ ဝှစ်!’
လူသားဧကရာဇ်အလံသည် မီးနဂါးအပေါ်သို့ ရက်စက်စွာ ရိုက်ချလိုက်ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်မတတ် ဖြစ်သွားစေခဲ့သည်။
ချက်ချင်းပင် သွေးမိုးများ ပန်းထွက်လာခဲ့ကာ ကျိုးပဲ့နေသော အရိုးများမှာ ကောင်းကင်ယံမှ မိုးရွာသကဲ့သို့ ပြုတ်ကျလာခဲ့လေသည်။
"အား!... လူသား!... မင်းက
သေသင့်တယ်!... ငါ မင်းကို သတ်မယ်!... မင်းကို သတ်မယ်!"
ဤသည်ကို မြင်တွေ့ရချိန်၌ ချင်လော့၏ မျက်လုံးများ တောက်ပသွားခဲ့ပေသည်။
‘ကောင်းတဲ့ပစ္စည်းတွေချည်းပဲ... အားလုံးက ပစ္စည်းကောင်းတွေပဲ’
"သိမ်းစမ်း"
ချင်လော့က မတုံ့ဆိုင်းဘဲ လူသားဧကရာဇ်အလံအတွင်းသို့ ချက်ချင်း ပုန်းအောင်းဝင်ရောက်သွားပြီး သွေးများနှင့် အရိုးများကိုမူ စုဆောင်းသိမ်းဆည်းလိုက်လေသည်။
'ဘုန်း!'
အားကောင်းသော တိုက်ခိုက်မှုက လူသားဧကရာဇ်အလံပေါ်သို့ ကျရောက်သွားသော်လည်း ပင်လယ်ထဲသို့ ရွှံ့နွားတစ်ကောင် နစ်မြုပ်သွားသကဲ့သို့ မည်သည့် လှိုင်းဂယက်မျှ မဖြစ်ပေါ်ခဲ့ချေ။
"သန့်စင်စမ်း!... သန့်စင်စမ်း!... အကုန်လုံးကို သန့်စင်လိုက်စမ်း!"
ချင်လော့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
နဂါးလက်သည်းတစ်ခုနှင့် အရိုးအချို့ကို လူသားဧကရာဇ်အလံက ချက်ချင်း စုပ်ယူသွားပြီး သန့်စင်ကာ အလံကို အားဖြည့်ပေးလိုက်လေသည်။
နဂါးဝိညာဉ်တစ်စွန်းတစ်စမှာ ရှီးဟွမ်နှင့် သူမ၏ များပြားလှသော ဝိညာဉ်များ၏ ဖိနှိပ်ချေမှုန်းခြင်းကို ခံလိုက်ရပေသည်။
လူသားဧကရာဇ်အလံ၏ အလုံးစုံ စွမ်းအားက တိုးတက်လာနေခဲ့၏။
[အဆင့်မြင့်တာအိုဧကရာဇ်လက်နက်အဖြစ် ဆင့်ကဲပြောင်းလဲနေပါသည်။]
အကယ်၍ တိုးတက်မှုပြဘားတစ်ခုသာ ရှိခဲ့လျှင် ဆင့်ကဲပြောင်းလဲမှု အရှိန်မှာ အလွန် မြန်ဆန်နေသည်ကို ချင်လော့ မြင်တွေ့နိုင်မည် ဖြစ်လေသည်။
သူက သူ၏ လက်ထဲရှိ နဂါးအကြေးခွံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စတင် သန့်စင်လိုက်ပေသည်။
အားနည်းနေသော နဂါးက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မရှိတော့ချေ။
နဂါးအကြေးခွံကို အောင်မြင်စွာ သန့်စင်ပြီးနောက် အတွင်းရှိ နဂါးဝိညာဉ်တစ်စွန်းတစ်စကို သူ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး အပြင်ဘက်ရှိ မီးနဂါးကိုပင် ကျွန်ပြုနိုင်ကောင်း ကျွန်ပြုနိုင်မည် ဖြစ်လေသည်။
ဤအကြောင်းကို တွေးမိရင်း ချင်လော့မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်ကို ခံစားလိုက်ရ၏။
"သန့်စင်လိုက်စမ်း!... သန့်စင်လိုက်!"
ချင်လော့က လုံးဝ တုံ့ဆိုင်းမနေခဲ့ချေ။
အစောပိုင်း ရူးသွပ်မှုအပြီးတွင် အပြင်ဘက်ရှိ နဂါးမှာ တည်ငြိမ်သွားခဲ့လေသည်။
နဂါးသည် လူသားဧကရာဇ်အလံရှိရာဘက်သို့ ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ပြည့်နှက်နေပြီး အံကြိတ်ကာ ပြောဆိုလိုက်၏။
"ဧကရာဇ်လက်နက်တစ်ခု!... အဲဒါက တကယ်ပဲ ဧကရာဇ်လက်နက်တစ်ခု ဖြစ်နေတာလား!...သောက်ကျိုးနည်းပဲ!"
"ငါ့ရဲ့ နှစ်ပေါင်းများစွာ ကြံစည်မှုတွေက အခုတော့ အချည်းနှီး ဖြစ်သွားရပြီလား... မဖြစ်ဘူး!... မဖြစ်နိုင်ဘူး!... ဒါမျိုး ဖြစ်လာဖို့ ငါ ခွင့်မပြုနိုင်ဘူး!"
သူ၏ အားနည်းချက်ကို ချင်လော့က သန့်စင်နေကြောင်း ခံစားနိုင်ပေသည်။
အကယ်၍ ချင်လော့သာ သန့်စင်ရန် အောင်မြင်သွားပါက သူက နဂါး၏ အသက်သွေးကြောကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး နဂါးက ချင်လော့၏ ခြေရင်း၌ အရှုံးပေးရမည် ဖြစ်လေသည်။
"ထွက်ခွာမယ်"
နဂါးက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
ဤနေရာမှ ထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။
ချင်လော့ ရှာမတွေ့နိုင်သော နေရာတစ်ခုတွင် ပုန်းအောင်းနေပြီး အစီအစဉ် အောင်မြင်ပြီးနောက်မှ ချင်လော့ကို သတ်ကာ သူ၏ထံမှ နဂါးအကြေးခွံကို ပြန်ယူရမည်ပင်။
နဂါးသည် ချင်လော့ကို မကျေမနပ်စွာ စိုက်ကြည့်လိုက်ရာ ၎င်း၏ မျက်လုံးများအတွင်း မသေချာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
‘နဂါးဝိညာဉ်... နဂါးဝိညာဉ်ရဲ့ တစ်ဝက်နီးပါးကို ဒီနေရာမှာ ထားခဲ့ရတယ်...’
‘ပြီးတော့ အဆီအနှစ်နဲ့ သွေးတွေ... တစ်ဝက်ကျော်တောင် ဆုံးရှုံးသွားခဲ့ပြီ...’
‘နောက်ပြီး နဂါးလက်သည်းနဲ့ နဂါးအရိုး အပိုင်းအစတွေပါ...’
ထိုအကြောင်းများကို တွေးမိသည်နှင့် ၎င်း၏ နှလုံးသားမှာ သွေးစီးကျတော့မတတ် နာကျင်သွားခဲ့လေသည်။
"ကောင်လေး... မင်းကို ငါ မှတ်ထားမယ်... တစ်နေ့နေ့ကျရင် မင်းကို ငါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်"
နဂါး၏ အခြားသော နဂါးလက်သည်းက လေဟာနယ်နယ်မြေကို ရိုက်ချလိုက်ရာ ဝင်ပေါက်တစ်ခု ဖန်တီးလိုက်လေသည်။
ဝင်ပေါက်အတွင်းသို့ ခြေချရန် ပြင်လိုက်ချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ကျဆင်းလာခဲ့၏။
'ဘုန်း!'
ထိုအခိုက်အတန့်တွင် ဝင်ပေါက်မှာ ပြိုကွဲသွားခဲ့ပေသည်။
ခမ်းနားကြီးကျယ်သော အသံတစ်ခုက နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့လေသည်။
"မင်းက ငါ့ရဲ့ မဟာချင်အင်ပါယာက ဖိနှိပ်ထားတဲ့ နတ်ဆိုးနဂါးပဲ... မင်းက ထွက်သွားနိုင်မယ်လို့ ထင်နေတာလား... ငါ့ကို အရင် မေးပြီးပြီလား"
‘ဒုတ်!... ဒုတ်!... ဒုတ်!... ဒုတ်!…’
ခြေသံများက မီးနဂါး၏ မျက်လုံးများအတွင်းသို့ အံ့အားသင့်မှုနှင့် ထိတ်လန့်မှု အရိပ်အယောင်များကို ဆောင်ကြဉ်းလာခဲ့၏။
"မင်း... အဲဒါ မင်းပဲ... မင်းရဲ့ ဝိညာဉ်ကို ငါ ဖိနှိပ်ထားခဲ့တာ သေချာတယ်လေ... မင်း ဘယ်လိုလုပ်ပြီး... မင်း ဘယ်လိုလုပ်ပြီး"
"မင်းက ငါ့ခန္ဓာကိုယ်ကို ဝင်ပူးပြီး ငါ့ဝိညာဉ်ကို ဖိနှိပ်ချင်တယ်... ပြီးတော့ ငါ့ရဲ့ မဟာချင်အင်ပါယာကို ထိန်းချုပ်ပြီး ကမ္ဘာကြီးကို မှောက်လှန်ချင်နေတာလား"
"အိပ်မက်မက်နေလိုက်စမ်း"
"ဒီနေ့ ထွက်သွားဖို့မစဉ်းစားနဲ့... နောက်တစ်ဆင့်ကို ငါ တက်လှမ်းနိုင်ဖို့ မင်းရဲ့ အရာအားလုံးကို ပေးဆပ်လိုက်စမ်း"
'ဘုန်း!' ကောင်းကင်ထက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဧရာမ တံဆိပ်တုံးကြီးတစ်ခုက ကောင်းကင်မှ ကျဆင်းလာခဲ့လေသည်။
နတ်ဆိုးနှိမ်နင်းရေးဌာန၏ အကျဉ်းထောင်အတွင်း၌ နိုးထလာပြီး ၁၀၈ အထပ်သို့ သွားရောက်ရန် ပြင်ဆင်နေသော အမျိုးသားတစ်ဦးက အာမေဍိတ်သံ ပြုလိုက်၏။
"ကောင်းကင်ပိတ်လှောင်ခြင်းတံဆိပ်ပဲ"
"အရှင်မင်းကြီးလား... အရှင်မင်းကြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား!... ထူးထူးဆန်းဆန်း ဖြစ်နေတာ တကယ်ပဲ အဲဒီနဂါးကြောင့်ကိုး"
၁၀၈ အထပ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားက မီးနဂါးကို ငုံ့ကြည့်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ဒီနေ့ ငါ့ရဲ့ မဟာချင် ကောင်းကင်ပိတ်လှောင်ခြင်းတံဆိပ်ကို ပြန်လည်ပုံဖော်ဖို့ မင်းရဲ့ နဂါးဝိညာဉ်ကို ငါ အသုံးပြုမယ်"
"အခုကစပြီး ဒီတံဆိပ်ကို ဧကရာဇ်နဂါး ကောင်းကင်ပိတ်လှောင်ခြင်းတံဆိပ်လို့ နာမည်ပေးရမလား"