အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) ချင်လော့ ထောင်မှလွတ်ခြင်း၊ ကုမိသားစု သုတ်သင်ခံရမည်
စစ်မိန့်များ ထုတ်ပြန်ပြီးနောက် အမိန့်တော်တစ်ခုလည်း ထွက်ပေါ်လာခဲ့လေသည်။
"နဝမမင်းသား ချင်လော့က အစွန်းရောက်နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်သည်ဆိုသော ကိစ္စမှာ လုံးဝ လုပ်ကြံဖန်တီးထားခြင်း ဖြစ်တယ်၊ နဝမမင်းသား ချင်လော့ကို လွှတ်ပေးပြီး သူ၏ ရပိုင်ခွင့်များအားလုံးကို ပြန်လည်ပေးအပ်စေ"
"နဝမမင်းသားက တောင်တန်းတစ်သောင်းနယ်မြေကို သဘောကျမှတော့ သူ့ကို အဲဒီကို တပ်မှူးအဖြစ် သွားခိုင်းလိုက်... မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးအနေနဲ့ မဟာချင်အင်ပါယာအတွက် တိုက်ပွဲဝင်ဖို့ သူ့မှာ တာဝန်ရှိတယ်"
ချင်ဧကရာဇ်၏ စကားတစ်ခွန်းဖြင့် ချင်လော့သည် ထောင်မှ လွတ်လာခဲ့ပေ၏။
အခြားသော ပြစ်မှုများနှင့် ပတ်သက်၍မူ ချင်ဧကရာဇ်က ရှင်းပြရန် လုံးဝ ဂရုမစိုက်ခဲ့ချေ။
အကယ်၍ ချင်လော့က ပြစ်မှုများစွာ ကျူးလွန်ခဲ့လျှင်ကော ဘာဖြစ်သနည်း။
အဲဒါက အရေးကြီးလို့လား။
အရေးမကြီးပါဘူး။
အဘယ်ကြောင့်ဆိုသော် ချင်လော့သည် သူ၏ သားဖြစ်ပြီး မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်သောကြောင့်ပင်။
မင်းသားများ ပြစ်မှုကျူးလွန်လျှင် သာမန်ပြည်သူများနှင့် တန်းတူ အပြစ်ပေးခံရမည်ဆိုသော စကားမှာ တကယ်တော့ စကားသက်သက်သာ ဖြစ်လေသည်။
ထို့အပြင် ချင်လော့က ပါရမီရှင်တစ်ဦး ဖြစ်နေရာ သာမန် ပြည်သူတစ်ဦးအတွက် ချင်လော့ကို သူ မည်သို့ အပြစ်ပေးနိုင်မည်နည်း။
ချင်လော့က အမှန်တကယ် ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရွှဲ့ဝမ်ယွမ် တစ်ဦးတည်းသာ သိရှိလေသည်။
အဘယ်ကြောင့်ဆိုသော် ချင်လော့၏ လူသားဧကရာဇ်အလံမှာ အမှန်တကယ်တွင် ဝိညာဉ်တစ်သောင်းအလံ ဖြစ်ကြောင်း ချင်ဧကရာဇ် ကိုယ်တိုင် ပြောခဲ့သောကြောင့်ပင်။
သို့သော် ဤကဲ့သို့သော ကိစ္စက တကယ်ပဲ အရေးကြီးပါသလား။
အရေးကြီးသော်လည်း အရေးမကြီးချေ။
အစွန်းရောက်နတ်ဆိုးများနှင့် ပူးပေါင်းခြင်းနှင့် မဟာချင်အင်ပါယာကို သစ္စာဖောက်ခြင်းမှာ မတူညီသော ကိစ္စနှစ်ခု ဖြစ်ပေ၏။
ချင်လော့အနေဖြင့် ဤအချီမှာ ကြီးမားသော အောင်ပွဲတစ်ခုပင်။
သူ အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရသော အချက်တစ်ခုမှာ ယခုအခါ လုံးဝ ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်လေသည်။
ထို့အပြင် သူ၏ လူသားဧကရာဇ်အလံမှာ အဆင့်တက်သွားခဲ့ပြီ ဖြစ်ပေ၏။
အဆင့်မြင့်တာအိုဧကရာဇ်လက်နက်။
[လူသားဧကရာဇ်အလံသည် အဆင့်မြင့်တာအိုဧကရာဇ်လက်နက်သို့ အဆင့်တက်သွားပါပြီ... အပြည့်အဝ အဆင့်တက်နိုင်ရန်အတွက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရပါမည်... ကျေးဇူးပြု၍ သင့်နေရာကို အမြန်ဆုံး ရွေးချယ်ပါ...]
"အိုး... ဒါဆို ငါတို့ နေရာကောင်းတစ်ခု ရွေးဖို့ လိုတာပေါ့"
ရွှမ်ထျန်းတာအိုဂိုဏ်း၊ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေနှင့် မဟာနတ်ဆိုးဂိုဏ်း အစရှိသော ပစ်မှတ်များစွာ ချင်လော့၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
သေချာသည်မှာ မဟာနတ်ဆိုးဂိုဏ်း တည်ရှိနေသေးမှသာ ဖြစ်ပေမည်။
သူ မရောက်လာမီကတည်းက မဟာနတ်ဆိုးဂိုဏ်းမှာ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်နိုင်လေသည်။
"ဒါဆို ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေကို သွားမယ်"
"ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက လူတိုင်း... ငါ့ကို စောင့်နေကြ... မကြာခင် မင်းတို့ဆီကို လက်ဆောင်ကြီးတစ်ခု ငါ ယူလာခဲ့မယ်"
ထောင်မှလွတ်ခြင်း။
ချင်လော့က နတ်ဆိုးနှိမ်နင်းရေးဌာန၏ အကျဉ်းထောင်မှ ပေါ်ပေါ်တင်တင် လမ်းလျှောက်ထွက်လာခဲ့၏။
လီယီနှင့် အခြားသူများက နတ်ဆိုးနှိမ်နင်းရေးဌာန၏ အဝင်ဝတွင် ချင်လော့ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြသည်။
သူ့ကို မြင်သည်နှင့် သူတို့က မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်ကြလေသည်။
"အရှင်မင်းသားကို ဂါရဝပြုပါတယ်"
"သူတို့က မင်းတို့ကို ဒုက္ခမပေးခဲ့ကြဘူး မဟုတ်လား"
ချင်လော့က လီယီနှင့် အခြားသူများကို ကြည့်ကာ မေးမြန်းလိုက်သည်။
"အစပိုင်းတုန်းကတော့ တချို့လူတွေက ကျွန်တော်တို့ကို တိုက်ခိုက်ချင်ခဲ့ကြတယ်... ဒါပေမဲ့ ငရဲနန်းတော်က နာမည်ကြီးလာပြီးတဲ့နောက်မှာတော့ အဲဒီလို လုပ်ချင်တဲ့သူတွေ တိတ်ဆိတ်သွားခဲ့ကြတယ်"
လီယီက ပြန်လည်ဖြေကြားလိုက်၏။
"မင်းတို့ကို တိုက်ခိုက်ချင်တဲ့သူက ဘယ်သူလဲဆိုတာ သိလား"
ချင်လော့က မေးမြန်းလိုက်သည်။
"ကုမိသားစုပါ"
စစ်မာဟောက်က မတုံ့ဆိုင်းဘဲ ပြောဆိုလိုက်လေသည်။
ဤသည်က ကုမိသားစု၊ ကုချင်းရွှဲ့၊ ကုချင်းဖုန်းနှင့် ကုယန်ထင်တို့နှင့် ပတ်သက်သော ချင်လော့၏ မှတ်ဉာဏ်များကို ချက်ချင်း ပြန်လည်နိုးကြားလာစေခဲ့၏။
"ကျွတ်…ကျွတ်... တော်တော် ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေကြတာပဲ... ကြည့်ရတာ သေချင်နေကြပုံပဲ... ဒါဆိုရင်လည်း သူ့ရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်မယ်"
"ဘယ်လိုပဲဖြစ်ဖြစ် သားနဲ့သမီးက သေသွားပြီလေ... အဘိုးကြီးက တစ်ယောက်တည်း အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ... ဟုတ်တယ်မလား"
"သွားမယ်... ကုမိသားစုဆီ သွားမယ်"
ချင်လော့က တစ်ခဏမျှပင် မတုံ့ဆိုင်းခဲ့ချေ။
ဤတစ်ကြိမ်တွင် သူ လွတ်မြောက်လာပြီးနောက် သူ၏ စွမ်းရည်များကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
သူသည် ဥပဒေမဲ့ဖြစ်ရန် လိုအပ်ပြီး ချင်လော့ မည်မျှ အစွမ်းထက်ကြောင်း လူတိုင်းကို သိရှိစေရမည် ဖြစ်ပေ၏။
"ဟုတ်ကဲ့ပါ အရှင်"
အဖွဲ့က ချင်လော့နောက်မှ လိုက်ကာ ကုမိသားစုဆီသို့ ဦးတည်သွားခဲ့ကြပြီး ဤအုတ်အော်သောင်းနင်းမှုက လူအများအပြား၏ အာရုံစိုက်မှုကို သဘာဝကျကျ ဆွဲဆောင်သွားခဲ့လေသည်။
"တပ်မှူးချုပ်... ကျွန်တော်တို့ ဝင်စွက်ဖက်ဖို့ လိုသေးလား"
ချူဟန်၏ လက်အောက်ငယ်သားများက မေးမြန်းလိုက်ကြသည်။
"ငါ ထိန်းချုပ်လို့ မရတော့ဘူး"
ချူဟန်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။
ချင်လော့ကို ထိုပုဂ္ဂိုလ် ကိုယ်တိုင် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုပုဂ္ဂိုလ်မှာ သူတို့၏ နတ်ဆိုးနှိမ်နင်းရေးဌာန၏ စစ်မှန်သော ခေါင်းဆောင် ဖြစ်လေသည်။
သူက မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။
ဂရုစိုက်စရာ အကြောင်းမရှိပေ။
"မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို သတင်းပို့စမ်း"
လမ်းလျှောက်နေစဉ် ချင်လော့က လီယီကို မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြရန် တောင်းဆိုလိုက်သည်။
ဤငါးနှစ်အတွင်း ဤမျှလောက် အများကြီး ဖြစ်ပျက်ခဲ့လိမ့်မည်ဟု ချင်လော့ မမျှော်လင့်ထားခဲ့ချေ။
"ဝိညာဉ်ခန်းမ ဟုတ်လား... ကောင်းကင်တာအိုမဟာမိတ်အဖွဲ့... ကျွတ်ကျွတ်... 'ကောင်းကင်တာအိုမဟာမိတ်အဖွဲ့' ဆိုတဲ့ စကားလုံးက နည်းနည်း ကြမ်းတမ်းလွန်းတယ်လို့ ငါ ခံစားရတယ်"
"အရှင်မင်းသား... အရှင်မင်းကြီးက တောင်တန်းတစ်သောင်းနယ်မြေကို စစ်ကြေညာဖို့ အမိန့်ပေးပြီးနောက်မှာ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က မြောက်ပိုင်းမန်အင်ပါယာ၊ လူရိုင်းမျိုးနွယ်စုတွေ၊ တခြား အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အတွင်းက သစ္စာဖောက်တချို့ကို ကြိုတင်ရှင်းလင်းကြောင်း ကြေညာခဲ့ပါတယ်"
"မြင့်မြတ်နယ်မြေအဆင့် ဂိုဏ်း စုစုပေါင်း ငါးခု သုတ်သင်ခံလိုက်ရပါတယ်"
"အိုး"
“အဲ့နေရာထဲမှာ ချန်းလန်မြင့်မြတ်နယ်မြေ မပါဘူး မဟုတ်လား”
ချင်လော့၏ တည်ငြိမ်သော စကားများက အခြားသူများကို ကျောချမ်းသွားစေခဲ့၏။
ဤစကားတစ်ခွန်းတွင် သတင်းအချက်အလက်များစွာ ပါဝင်နေလေသည်။
"မပါဘူး... မပါဘူး"
လီယီက ချင်လော့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
"ချန်းလန်မြင့်မြတ်နယ်မြေက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အတွင်းမှာ အဓိကကျတဲ့ နေရာမှာ ရှိပါတယ်... ချန်းလန်မြင့်မြတ်နယ်မြေက ငါတို့ မဟာချင်အင်ပါယာနဲ့ ဆက်သွယ်မှု ရှိနေရင်တောင် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က ချန်းလန်မြင့်မြတ်နယ်မြေကို လွယ်လွယ်နဲ့ တိုက်ခိုက်မှာ မဟုတ်ပါဘူး"
"အင်း... အရေးမကြီးပါဘူး... တကယ်လို့ ငါ စလုပ်ဖြစ်ရင် ငါ လုပ်လိုက်မှာပါ"
ချင်လော့က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်"
လီယီက နောက်ဆုံးရ သတင်းကို မျှဝေလိုက်သည်။
"ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အတွင်းမှာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက ဦးဆောင်ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်"
"ထိုက်ရွှီမြင့်မြတ်နယ်မြေအောက်က မြို့သုံးမြို့ အပျက်အစီးတွေ ဖြစ်သွားခဲ့ပြီး စစ်ဖန်စစ်သူကြီးလည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပါတယ်"
ချင်လော့၏ ထိန်းချုပ်မှုအောက်ရှိ ထိုက်ရွှီမြင့်မြတ်နယ်မြေအပြင် တောင်တန်းတစ်သောင်းနယ်မြေကို သစ္စာဖောက်ခဲ့သော ဂိုဏ်းအနည်းငယ်မှာ သဘာဝကျကျ အထူး ဆက်ဆံခံခဲ့ရပေသည်။
စစ်ကြေညာပြီးနောက် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သည် ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဖျက်ဆီးရန် ပြင်ဆင်နေခဲ့ကြပြီ ဖြစ်လေသည်။
"ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက ထူးဆန်းစွာပြုမူနေတာပဲ... သူတို့ကို လက်ဆောင် မပေးခဲ့လို့များလား... သူတို့က ငါ့ကို ဒီလိုပဲ ပစ်မှတ်ထားနေကြတယ်"
ချင်လော့သည် ယခုအခါ တောင်တန်းတစ်သောင်းနယ်မြေရှိ တပ်များကို ကွပ်ကဲရန် သွားရမည်ဖြစ်ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ သူ၏ အခြေခံအုတ်မြစ် ဖြစ်လေသည်။
ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက သူ၏ အခြေခံအုတ်မြစ်ကို တူးဆွနေခြင်းပင်။
"ဒါဆိုရင် ငါ မြန်မြန်သွားပြီး သူတို့ကို ရက်ရောတဲ့ လက်ဆောင်တစ်ခု ပေးလိုက်မယ်"
ချင်လော့က မည်သည့်အရာကို အတိအကျ စီစဉ်နေသည်ကို လီယီနှင့် အခြားသူများ မသိကြသော်လည်း ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှာ သေချာပေါက် ပျက်စီးရတော့မည်ဖြစ်ကြောင်း သူတို့ သိရှိထားလေသည်။
ချင်လော့ ယခုအချိန်အထိ ပြောခဲ့သမျှ စကားတိုင်းမှာ အချည်းနှီး ဖြစ်မသွားခဲ့ဖူးချေ။
"ဒါနဲ့ လီမိုရဲ့ မာယာတစ်သောင်းဓားဂိုဏ်းက အဖော်မခံရသေးဘူး မဟုတ်လား"
ချင်လော့က နောက်ဆုံးမှ လီမိုကို သတိရသွားခဲ့၏။
ဤလူ၏ တည်ရှိမှုက အနည်းငယ် နည်းပါးလွန်းလှပေသည်။
"မဖြစ်သေးပါဘူး... ဒါပေမဲ့ ဂိုဏ်းချုပ်လီက သူ့ကို နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ စေလွှတ်ခံရတဲ့အတွက် သူ့ရဲ့ အခြေအနေက အခု အရမ်း ခက်ခဲနေတယ်လို့ အရင်က သတင်းပို့ခဲ့ပါတယ်"
"နတ်ဆိုးဂိုဏ်းက သူတို့ကို ချုံခိုတိုက်ခိုက်ဖို့ အပြင်ဘက်က အကူအညီတချို့ကို ရုတ်တရက် ဘယ်လို ခေါ်လာလဲဆိုတာ မသိဘူး... တိုက်ပွဲတစ်ပွဲတည်းနဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲက သူတော်စင် ဆယ့်သုံးပါးနဲ့ သူတော်စင်ဘုရင် တစ်ပါးကို သတ်ပစ်ခဲ့တယ်... ဂိုဏ်းချုပ်လီလည်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပါတယ်"
"ကြည့်ရတာ ရဲ့လင်းရွှမ်က မသေသေးဘူးပဲ"
ချင်လော့က မေးမြန်းလိုက်၏။
"ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ရဲ့လင်းရွှမ်က အသက်ရှင်နေဆဲပါပဲ"
အခြေအနေ အများစုကို နားလည်သဘောပေါက်ပြီးနောက် ချင်လော့သည် ကုမိသားစု စံအိမ်သို့ ရောက်ရှိလာခဲ့လေသည်။
"သွားမယ်... ဝင်သွားကြစို့"
ချင်လော့က လီယီနှင့် အခြားသူများကို ဦးဆောင်ကာ ဝင်ရောက်သွားခဲ့၏။
ချက်ချင်းပင် တစ်စုံတစ်ယောက်က သူတို့ကို တားဆီးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ... ဒါက ဘယ်နေရာလဲဆိုတာ သိလား"
"မဟာချင်အင်ပါယာရဲ့ နဝမမင်းသား ချင်လော့ပဲ"
"ကုယန်ထင်ကို သူ့ရဲ့ မိသားစုဆီ လိုက်ပို့ပေးဖို့ ရောက်လာတာ"
ချင်လော့၏ အသံက ကုမိသားစု တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့လေသည်။
ဓားတစ်လက်ကို ထုတ်ဖော်လိုက်ခြင်းနှင့်အတူ ဓားတစ်သောင်း ထွက်ပေါ်လာပြီး ချင်လော့၏ အနောက်တွင် တာအို ဓားချီများ ပေါ်လာခဲ့၏။
ဤအခိုက်အတန့်တွင် ဓားချီများ၏ ရောင်ပြန်ဟပ်မှုအောက်၌ သူသည် ဓားဘုရင်တစ်ပါးနှင့် တူနေပေသည်။
"ကုမိသားစုရဲ့ သား ကုချင်းဖုန်းက ဒီမင်းသားကို လုပ်ကြံခဲ့တယ်... ဒါက ကြီးလေးတဲ့ ပြစ်မှုပဲ... မဟာချင် ဥပဒေအရ မိသားစုတစ်ခုလုံး သုတ်သင်ခံရမယ်..."
"ကုယန်ထင်!... အပြင်ထွက်လာပြီး သေခြင်းတရားကို ရင်ဆိုင်စမ်း!"
"ဒီနေ့ မင်းတို့ ကုမိသားစု တစ်ခုလုံး ကျဆုံးရမယ်!”