အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) ကုယန်ထင်ကို သတ်ဖြတ်ခြင်း၊ တော်ဝင်ရတနာတိုက်ထဲတွင် ဓားရှာဖွေခြင်း
ချင်လော့ ထွက်ပေါ်လာချိန်တွင် ပထမဆုံး ပြုလုပ်မည့် အရာမှာ သူ့အား ပြဿနာရှာရန် ဖြစ်လိမ့်မည်ဟု ကုယန်ထင် လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ချင်လော့ အကျဉ်းထောင်ထဲသို့ ဝင်သွားသည်ကို မြင်တွေ့ပြီးနောက် ချင်လော့၏ လက်ပါးစေများကို ဖမ်းဆီးကာ တိုင်းပြည်ပြင်ပသို့ နှင်ထုတ်ရန် သူ ကြိုးစားနေခဲ့ခြင်းသာ မဟုတ်ပါလော။
သူ၏ သားနှင့် သမီး အသတ်ခံခဲ့ရပြီး သူ ပြုလုပ်ခဲ့သမျှမှာ ချင်လော့၏ လက်ပါးစေ အချို့ကို သတ်ဖြတ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ထိုသူများမှာ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ မှ အရေးမပါသော လူငယ်လေးများသာ ဖြစ်လေသည်။
သို့ဆိုလျှင် ဘာဖြစ်သနည်း။
အစပိုင်း၌ သူက လီယီနှင့် အခြားသူများကို ကြံရာပါများအဖြစ် တက်ကြွစွာ အပြစ်ပုံချရန် ကြိုးစားခဲ့၏။
လက်တွေ့တွင် လူအတော်များများက သူ့ကို မျက်နှာသာပေးကြပေသည်။
သူ၏ တပည့်များမှာ တာ့လီကျောင်းတော်နှင့် တရားရေးဝန်ကြီးဌာနတို့တွင် ရှိနေကြလေသည်။
အထူးသဖြင့် ချန်ဖိန်မင်းသား၏ သားကို ချင်လော့ သတ်ဖြတ်လိုက်ပြီးနောက် သူ၏ တပည့်များမှာ သတ္တိကြောင်သွားကြပြီး ဆင်ခြေများ ပေးလာခဲ့ကြ၏။
အကယ်၍ သူကိုယ်တိုင် လီယီနှင့် အခြားသူများကို သတ်ဖြတ်ရန် လိုလားခြင်း မရှိပါက သူသည် တရားဥပဒေစိုးမိုးရေး အာဏာမရှိသော ဆရာတစ်ဦးမျှသာ ဖြစ်သဖြင့် ကုယန်ထင်မှာ ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပေသည်။
သို့ရာတွင် ချင်လော့ ထွက်လာပြီးနောက် ပထမဆုံး ပြုလုပ်မည့် အရာမှာ လီယီနှင့် အခြားသူများအတွက် မားမားမတ်မတ် ရပ်တည်ပေးရန် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သူသည် လီယီနှင့် အခြားသူများ၏ ဆံပင်တစ်မျှင်ကိုပင် မထိခဲ့ရသေးချေ။
'ဘုန်း!'
အားကောင်းသော အငွေ့အသက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့လေသည်။
"နဝမမင်းသား... ဒါက သက်သက် စွပ်စွဲတာပဲ... ကျွန်တော့်သား ကုချင်းဖုန်းက ဘယ်တုန်းက မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးလို့လဲ"
"မဟာချင်အင်ပါယာမှာ ဥပဒေတွေ ရှိတယ်... တကယ်လို့ မင်းက မင်းသားတစ်ပါး ဖြစ်နေရင်တောင် ဒီလို အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောလို့ မရဘူး... ငါ့သားကို မဟုတ်မမှန် စွပ်စွဲဖို့လည်း မင်းမှာ အခွင့်အရေး မရှိဘူး"
ချင်လော့ ပေါ်လာသော်လည်း ချင်လော့မှာ တစ်ယောက်တည်း ရောက်လာခြင်း ဖြစ်သောကြောင့် ကုယန်ထင်က သူ့ကို လုံးဝ မကြောက်ရွံ့ခဲ့ချေ။
သူ၏ ဓားချီက ကြောက်မက်ဖွယ် ကောင်းနေပုံရသော်လည်း ချင်လော့ ထုတ်လွှတ်နေသော အငွေ့အသက်မှာ လိုဏ်ဂူကောင်းကင်အဆင့်တွင်သာ ရှိနေလေသည်။
ကုယန်ထင်သည် သူတော်စင်တစ်ပါး ဖြစ်ပေသည်။
သူတော်စင်တစ်ပါးက လိုဏ်ဂူကောင်းကင်အဆင့်ကို ကြောက်ရွံ့မည် ဟုတ်လား... တကယ့်ကို ရယ်စရာပင်။
"ရယ်စရာပဲ... မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ ငါက တခြားသူတွေကို ဒီလောက် လွယ်လွယ်ကူကူ စွပ်စွဲပါ့မလား"
"မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ မင်းရဲ့သားက ဒီလိုကိစ္စမျိုး တကယ် လုပ်ခဲ့သလားဆိုတာ သူ့ကို သွားမေးကြည့်လိုက်"
"စိတ်မပူပါနဲ့... မင်း အလကား သေရမှာ မဟုတ်ပါဘူး"
"သတ်စမ်း!"
ချင်လော့က ဟိန်းဟောက်လိုက်ပြီး ဓားများ၊ မရေမတွက်နိုင်သော မြှားများကို ထုတ်လွှတ်လိုက်ရာ ဓားချီများက ကုမိသားစု စံအိမ်ဆီသို့ တိုက်ခတ်သွားခဲ့လေသည်။
ဓားချီ တစ်ခုပြီးတစ်ခုက ကုမိသားစုဝင်များ၊ အစောင့်များနှင့် အစေခံများကို ချက်ချင်း ထိုးဖောက်သွားခဲ့၏။
ချင်လော့က ဤမျှ လျင်မြန်ပြီး ဆင်ခြင်တုံတရားမဲ့စွာ လှုပ်ရှားလိမ့်မည်ဟု ကုယန်ထင် လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သူက ဟိန်းဟောက်လိုက်သည်။
"နဝမမင်းသား... မြို့တော်ထဲမှာ ငါတို့ ကုမိသားစုဝင်တွေကို မင်း ဘယ်လိုလုပ် သတ်ရဲတာလဲ... မင်းမှာ ဥပဒေကို လေးစားမှု ရှိသေးရဲ့လား... မဟာချင်ရဲ့ ဥပဒေတွေကို မင်း လေးစားမှု ရှိသေးရဲ့လား"
သူ စကားပြောနေစဉ် အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး ဓားချီများကို တားဆီးရန် ကြိုးစားလိုက်၏။
ချင်လော့က လှောင်ပြောင်လိုက်သည်။
"မင်းရဲ့ ပြိုင်ဘက်က ငါပဲ"
‘ဝှစ်!’
သူက ကုယန်ထင်၏ နံဘေးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားခဲ့လေသည်။
သန့်စင်သောရုပ်ခန္ဓာကိုယ်၏ လျင်မြန်လှသော အမြန်နှုန်းနှင့် လေထုကို ဖြတ်တောက်သွားသော အသံက ကုယန်ထင်ကို လန့်ဖြတ်သွားစေခဲ့၏။
ချင်လော့၏ ဓားခုတ်ချက်က ကုယန်ထင်အပေါ်သို့ ကြီးမားသော ဖိအားတစ်ခု ကျရောက်သွားစေရာ သူ ကြောက်လန့်သွားခဲ့ပေသည်။
ချင်လော့၏ ဓားက အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေရသနည်းဆိုသည်ကို သူ အပြင်းအထန် စဉ်းစားနေခဲ့လေသည်။
'ဘုန်း!'
သူတို့နှစ်ဦး ရင်ဆိုင်မိကြပြီး တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ကုယန်ထင် သွေးတစ်လုတ် အန်ထုတ်ကာ နောက်သို့ လွင့်စင်သွားခဲ့၏။
ချင်လော့က စွမ်းအင် အနည်းငယ်မျှပင် မထုတ်သုံးခဲ့ဘဲ သန့်စင်သော ရုပ်ခန္ဓာကိုယ်၏ အင်အားသက်သက်သာ ဖြစ်သောကြောင့် သူ ထိတ်လန့်သွားခဲ့ပေသည်။
"ခန္ဓာကိုယ်က သူတော်စင်အဆင့်ကို ရောက်သွားတာလား"
ကုယန်ထင်က အာမေဍိတ်သံ ပြုလိုက်ပြီး သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့လေသည်'။
ဤသည်က ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်ပေသည်'။
ခန္ဓာကိုယ်ဖြင့် အဆင့်တက်ရန်မှာ အများကြီး ပိုမို ခက်ခဲလေသည်'။
ဤကဲ့သို့သော လူမျိုးက ပါရမီရှင်တစ်ဦး၊ တကယ့် ဘီလူးတစ်ကောင်ပင် ဖြစ်ပေ၏။
"တော်တာပဲ"
ချင်လော့ စကားပြောပြီးသည်နှင့် သူ၏ရှေ့တွင် ပြန်လည်ပေါ်လာကာ နောက်ထပ် ဓားခုတ်ချက်များကို တစ်ချက်ပြီးတစ်ချက် ထုတ်ဖော်လိုက်လေသည်'။
သာမန် ခွန်အားသက်သက် ဓားခုတ်ချက်က ကုယန်ထင်ကို သွေးများ အဆက်မပြတ် အန်ထုတ်သွားစေခဲ့၏။
စိတ်ပျက်အားငယ်မှုက ကုယန်ထင်ကို ဖမ်းဆုပ်ထားပြီး သူ၏ မျက်လုံးများက ဒေါသများဖြင့် တောက်လောင်နေကာ ချင်လော့ကို စူးစိုက်ကြည့်လိုက်သည်။
"ချင်လော့... မင်း ဥပဒေကို နည်းနည်းလေးတောင် မလေးစားဘူးလား"
"ဥပဒေ ဟုတ်လား... ဟား... ငါ ချင်လော့က ဥပဒေအကြောင်း ပြောနေတာ... ဒီနေ့ မင်းကို အပြစ်ရှိတယ်လို့ ငါ ကြေညာတယ်... မင်းက သေသင့်တယ်"
ဓားဆန္ဒ ကြီးမားသောအောင်မြင်မှုအဆင့်ဖြင့် သူ၏ ခေါင်းကို ဖြတ်တောက်လိုက်လေသည်။
ဝှစ်... ကုယန်ထင်၏ ခေါင်းက မလိုလားသော တိတ်ဆိတ်မှုဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး လူသားဧကရာဇ်အလံ ပေါ်လာကာ သူ့ကို သိမ်းယူသွားခဲ့ပေ၏။
အော်ဟစ်သံ တစ်ခုပြီးတစ်ခုက ကုမိသားစု၏ စံအိမ်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့လေသည်။
ချင်လော့က ကုမိသားစု တစ်ခုလုံးကို တစ်ယောက်တည်းဖြင့် သုတ်သင်ပစ်လိုက်ခြင်းပင်။
နတ်ဆိုးနှိမ်နင်းရေးဌာန ရောက်ရှိလာချိန်တွင် ကုမိသားစု စံအိမ်မှာ လူသူကင်းမဲ့နေပြီး သရဲခြောက်သော အိမ်တစ်အိမ် ဖြစ်သွားခဲ့လေပြီ'။
ကြမ်းပြင်ပေါ်ရှိ သွေးကွက်များကလွဲ၍ တစ်ချိန်က လူများ နေထိုင်ခဲ့ကြောင်း သက်သေပြစရာ ဘာမှ မရှိတော့ချေ'။
နတ်ဆိုးနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်တစ်ဦးက ချင်လော့ကို စိုးရိမ်တကြီးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏'။
"နဝမမင်းသား... ဘာလို့ ကုမိသားစု တစ်ခုလုံးကို သတ်ဖြတ်လိုက်တာလဲ"
"မိသားစု တစ်ခုလုံး ဟုတ်လား... မင်း သူတို့ကို မြင်လိုက်လို့လား"
"သက်သေက ဘယ်မှာလဲ... အလောင်းက ဘယ်မှာလဲ"
"သက်သေမရှိဘဲ လျှောက်မလုပ်စမ်းပါနဲ့... ငါ့ကို စွပ်စွဲတဲ့သူတွေက အဆုံးသတ် မလှဘူးဆိုတာ မင်း နားလည်တယ် မဟုတ်လား"
ဤသည်က ပေါ်ပေါ်တင်တင် လိမ်ညာနေခြင်း ဖြစ်သော်လည်း တပ်မှူးမှာ ချေပရန် စကားတစ်ခွန်းမျှပင် မဟနိုင်ခဲ့ချေ'။
ချင်လော့ သူ့ဘေးမှ ဖြတ်လျှောက်သွားသည်ကို သူ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်'။
ချင်လော့ ထွက်သွားပြီးနောက် သူ၏ လက်အောက်ငယ်သားများထဲမှ တစ်ဦးက ဒေါသတကြီးဖြင့် စကားပြောလာခဲ့၏'။
"တပ်မှူးချီ... သူ့ကို ဒီအတိုင်း ထွက်သွားခွင့် ပြုလိုက်တော့မလို့လား"
"မဟုတ်ရင် ဘာလုပ်ရမလဲ"
တပ်မှူးချီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်သလို ပြောဆိုလိုက်သည်'။
"ဒါမှမဟုတ် နဝမမင်းသားက ကုမိသားစု တစ်ခုလုံးကို သုတ်သင်လိုက်တယ်လို့ မင်း သွားသက်သေခံလိုက်လေ"
သူ၏ လက်အောက်ငယ်သားများမှာ လန့်ဖြတ်သွားခဲ့ကြ၏။
ချင်လော့ကဲ့သို့ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကို သူတို့ ဘယ်လိုလုပ် စော်ကားရဲမည်နည်း။
"ဟမ့်"
တပ်မှူးချီက လှောင်ပြောင်လိုက်သည်။
"ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနမှာ မဟာချင်အင်ပါယာကို ကာကွယ်ဖို့နဲ့ အုပ်ချုပ်မှုကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်"
"ဒါပေမဲ့ မမေ့နဲ့... ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနက လူတွေက အရှင်မင်းကြီးရဲ့ ခွေးတွေပဲ"
"တကယ်လို့ အရှင်မင်းကြီးက နဝမမင်းသားမှာ အပြစ်ရှိတယ်လို့ မပြောသရွေ့ ငါတို့က သူ့ကို အပြစ်ပေးလို့ မရဘူး... မဟုတ်ရင်တော့"
သူက ကုမိသားစု၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ကာ ပြောဆိုလိုက်၏'။
"ဒါက လုပ်ထုံးလုပ်နည်း တစ်ခုသက်သက်ပဲ"
ချင်လော့၏ နေရာကို ဝင်ယူရန် သူ့တွင် အရည်အချင်း မရှိချေ။
အများဆုံးအနေဖြင့် သူ လုပ်နိုင်သည်မှာ ချင်လော့ကို မေးခွန်းထုတ်ရန်သာ ဖြစ်ပေသည်'။
ချင်လော့က ဝန်ခံရန် ငြင်းဆန်နေမှတော့ ဘာလုပ်နိုင်မည်နည်း'။
တစ်ရက်အတွင်းမှာပင် နတ်ဆိုးနှိမ်နင်းရေးဌာနက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့လေသည်'။
စုံစမ်းစစ်ဆေးမှုများအရ လွန်ခဲ့သော ခြောက်နှစ်က နဝမမင်းသားအား လုပ်ကြံမှုတွင် ကုချင်းဖုန်း ပါဝင်ပတ်သက်ခဲ့ပြီး နဝမမင်းသား၏ အစောင့်များက သူ့ကို နေရာတွင်ပင် သတ်ဖြတ်လိုက်ကြောင်း ဖော်ပြထားပေသည်'။
ယခုအခါ သက်သေအထောက်အထားများမှာ ငြင်းဆိုဖွယ်ရာ မရှိတော့သဖြင့် ကုမိသားစု၏ တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက် သုံးဆက်လုံး ကွပ်မျက်ခံရမည် ဖြစ်သည်'။
ကျန်ဆွေမျိုးများအားလုံးမှာလည်း ကျား၊ မ မရွေး စစ်တပ်သို့ ပို့ဆောင်ခံရမည် ဖြစ်ပေ၏'။
ချင်လော့နှင့် ပတ်သက်၍မူ သူသည် တော်ဝင်ရတနာတိုက်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေသည်'။
ထို့အပြင် ဤသည်က အရေးကြီးဆုံး အပိုင်းလည်း ဖြစ်ပေ၏။
အဘိုးအိုတစ်ဦး၏ စူးစမ်းနေသော အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားခဲ့သည်။
ဤသည်က ချင်လော့၏ ကျောရိုးတစ်လျှောက် တုန်စိမ့်သွားစေခဲ့ပြီး ကောင်းကင်အကျဥ်းထောင်တွင် ယခင်က သူ ကြုံတွေ့ခဲ့ဖူးသော သူ၏ လျှို့ဝှက်ချက်များ ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားချက်မျိုးကို ခံစားလိုက်ရစေပေသည်။
သူတို့ရှေ့ရှိ အဘိုးအိုမှာ ရွှဲ့ဝမ်ယွမ်ထက် မနိမ့်ကျသော ကျင့်ကြံမှုအဆင့်ရှိသည့် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သက်သေပြရန် လုံလောက်လေသည်။
"အကြီးအကဲကို ဂါရဝပြုပါတယ်"
ချင်လော့က အနည်းငယ် ဦးညွှတ်လိုက်၏။
အဘိုးအိုက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါ မင်းကို သိတယ်... မင်း ငါ့ကို စတုတ္ထအဘိုးလို့ ခေါ်သင့်တယ်"
ချင်လော့၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။
သူတို့က ရင်းနှီးသော ဆွေမျိုးများ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"စတုတ္ထအဘိုးကို ဂါရဝပြုပါတယ်"
သူက မျိုးနွယ်စုအတွင်းမှ အကြီးအကဲတစ်ဦး ဖြစ်သောကြောင့် ချင်လော့အနေဖြင့် သူ့အား စကားပြောရာတွင် မည်သည့် သက်သောင့်သက်သာ မရှိမှုကိုမျှ မခံစားခဲ့ရချေ။
"ကောင်းပြီ... မင်းက ဒီလောက် လိမ္မာနေမှတော့ မင်းကို ငါ လမ်းညွှန်မှု နည်းနည်းပေးမယ်"
"မင်းက ဓားကျင့်ကြံသူ တစ်ယောက်လား"
အဘိုးအိုက မေးမြန်းလိုက်၏။
ချင်လော့က ခေါင်းညိတ်လိုက်သည်။
"ဒီလို ပြောလို့ရပါတယ်... ဒါပေမဲ့ သိပ်တော့ မပြည့်စုံသေးဘူး"
အဘိုးအိုက ဆိုးရုတ်သော အပြုံးတစ်ခု ပြုံးကာ ပြောဆိုလိုက်၏။
"တည့်တည့်သွားလိုက်... အဲဒီနံရံမှာ တံခါးငယ်လေး တစ်ပေါက် ရှိတယ်... အဲဒါကို ဖွင့်ပြီး ဝင်သွားလိုက်... အထဲမှာ မင်း လိုအပ်တာ အကုန်လုံးကို တွေ့လိမ့်မယ်"
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စတုတ္ထအဘိုး"
ချင်လော့က အတွင်းသို့ ဝင်ရောက်သွားပြီး အဆင့်မြင့် သူတော်စင်အဆင့် ရတနာ အများအပြားကို မြင်တွေ့လိုက်ရလေသည်။
သို့သော် အဘိုးအို၏ ညွှန်ကြားချက်ကို သူ မှတ်မိသွားပြီး နံရံတစ်ခုဆီသို့ လျှောက်သွားခဲ့၏။
ထင်ထားသည့်အတိုင်းပင် နံရံတွင် လျှို့ဝှက်တံခါးတစ်ပေါက် ရှိနေခဲ့ပေသည်။
ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်ကမ္ဘာတစ်ခု ပွင့်လာပြီး ဓားခုနစ်လက် ပြသထားသော စင်တစ်ခု ရှိနေကာ ဓားတစ်လက်စီမှ အားကောင်းသော ထက်မြက်မှုများ ဖြာထွက်နေခဲ့လေသည်။
[စနစ်မှ သတိပေးချက် - ဓားဝိညာဉ်နှင့် အလွန် ကိုက်ညီမှုရှိသော ဓားတစ်လက် ရှိနေပါသည်...]
[အကောင်းဆုံး ရွေးချယ်မှုအတွက် ဗီလိန်အမှတ် ၁၀၀,၀၀၀ အသုံးပြု၍ ရယူနိုင်ပါသည်...]
ချင်လော့က မကျေမနပ်ဖြင့် မညည်းညူဘဲ မနေနိုင်ခဲ့ချေ။
"မင်းမှာ တစ်နေ့လုံး ငါ့ရဲ့ ဗီလိန်အမှတ်လေးတွေကို တွေးနေတာကလွဲပြီး တခြား လုပ်စရာ ဘာမှမရှိဘူးလား"
"ရော့... အကုန်လုံး မင်းဟာပဲ... အကုန် ယူလိုက်တော့"
[ဗီလိန်အမှတ် ၁၀၀,၀၀၀ အသုံးပြုပြီးပါပြီ...]
[ပိုင်ရှင်၏ လက်ကျန် ဗီလိန်အမှတ် - သုည]
[စတင်ကတည်းက သင့်တွင် အမှတ် ၁၀၀,၀၀၀ သာ ရှိသောကြောင့် ပိုင်ရှင်၏ ရက်ရောမှုကို စနစ်က လက်မခံပါ…]