← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) ရွှမ်ထျန်းဓား၊ ချန်ဖိန်မင်းသား၏ အခြေအနေ

ဗီလိန်အမှတ်များ သုံးစွဲပြီးနောက် စနစ်က တာဝန်ကျေပွန်စွာဖြင့် ချင်လော့ကို ဓားတစ်လက်ဆီသို့ ချက်ချင်း လမ်းညွှန်ပေးခဲ့၏။

ဓား၏နံဘေးတွင် ကောင်းကင်ဘုံကိုးလွှာသံမည်းဖြင့် အပြည့်အဝ သွန်းလုပ်ထားကာ ရွှမ်ထျန်းဓားဟု ခေါ်ဆိုကြောင်း မိတ်ဆက်စာတစ်စောင် ရှိနေလေသည်။

"ဒါက သာမန်ပဲ မဟုတ်ဘူးလား"

ချင်လော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

ကောင်းကင်ဘုံကိုးလွှာသံမည်းမှာ အလွန်ရှားပါးသော ပစ္စည်းတစ်ခု ဖြစ်သည်မှာ မှန်သော်လည်း အဆင့်မြင့်သူတော်စင်လက်နက် ဓားတစ်လက်ကို သွန်းလုပ်ခြင်းက ထူးခြားလှသည်တော့ မဟုတ်ချေ။

ထိုဓား၏ဘေးရှိ ကြယ်ကြွေဓားကို ကြယ်တာရာမူလအဆီအနှစ်၏ စွမ်းအားကို အသုံးပြု၍ သွန်းလုပ်ထားခြင်း ဖြစ်ပေသည်။

အခြား ကျားဟိန်းဓားမှာ သားရဲဧကရာဇ်အဆင့် မိစ္ဆာသားရဲတစ်ကောင်၏ သွေးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်လေသည်။

သားရဲဧကရာဇ်အဆင့် မိစ္ဆာသားရဲဆိုသည်မှာ မဟာသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေ၏။

[ကောင်းကင်ဘုံကိုးလွှာသံမည်းက သာမန်ဖြစ်ပေမယ့် အကယ်၍ ထို‌ဓားတွင် သံမည်းအဆီအနှစ် ပါဝင်နေရင်ရော...]

[တကယ်လို့ ဤဓားကို ဓားဝိညာဉ်နဲ့ ပြုစုပျိုးထောင်မယ်ဆိုရင် နောက်ပိုင်းအဆင့်မှာ ပိုမိုမြင့်မားတဲ့ အဆင့်ရှိတဲ့ ဓားအဖြစ်ကို ပြောင်းလဲသွားနိုင်ပါတယ်...]

"အိုး... ဒါပဲလား"

ထိုသို့ ပြောဆိုလိုက်သော်လည်း ချင်လော့က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ရွှမ်ထျန်းဓားကို ဆွဲထုတ်ကာ ထွက်ခွာသွားခဲ့လေသည်။

နောက်ဆုံးတွင် သူ ထွက်ခွာသွားချိန်၌ မျိုးနွယ်စုအကြီးအကဲကို နှုတ်ဆက်လိုက်ရာ အကြီးအကဲက သူ့ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ ထပ်မပြောခဲ့ချေ။

ဓားသိုင်းပညာရှင်တစ်ယောက်အနေဖြင့် မိမိ၏စစ်မှန်သော နှလုံးသားနောက်သို့သာ လိုက်ရမည်ဖြစ်ပြီး အတွင်းရှိ ဓားတိုင်းတွင် ကိုယ်ပိုင် ထူးခြားသော ဆွဲဆောင်မှု ရှိလေသည်။

အင်ပါယာမြို့တော်မှ မထွက်ခွာမီ ချင်လော့သည် သူ၏ ခန့်အပ်ခံရသော ရာထူးကို လက်ခံရရှိခဲ့၏။

သူ့ကို နတ်ဆိုးနှိမ်နင်းရေးဌာနမှ တောင်စောင့်ဘုရင် ချင်ရှောင်၏ လက်အောက်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး တပ်သားတစ်သိန်းကို ကွပ်ကဲနိုင်သော တပ်ချုပ်တစ်ဦး ဖြစ်လာခဲ့ပေသည်။

မဟာချင်အင်ပါယာတွင် စစ်ဘက်ရာထူးများကို အဆင့်အလိုက် တင်းကြပ်စွာ ခွဲခြားထားပြီး အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ တပ်ကြပ်၊ တပ်မှူး၊ တပ်ချုပ်၊ ဒုတိယစစ်သူကြီး၊ မဟာစစ်သူကြီးနှင့် အမြင့်ဆုံးဖြစ်သော စစ်သေနာပတိချုပ်တို့အဖြစ် သတ်မှတ်ထားကြလေသည်။

တောင်စောင့်ဘုရင် ချင်ရှောင်သည် အနောက်ပိုင်းအောင်နိုင်ရေး မဟာစစ်သူကြီး ရာထူးကို ရယူထားပြီး ကောင်းကင်တာအိုမဟာမိတ်အဖွဲ့နှင့် တိုက်ပွဲများအားလုံးကို ကြီးကြပ်ကွပ်ကဲပေ၏။

ယုတ္တိတန်စွာ ပြောရလျှင် တပ်ချုပ်တစ်ဦးအတွက် စံသတ်မှတ်ထားသော ကျင့်ကြံမှုမှာ သူတော်စင်ဘုရင်အဆင့် ဖြစ်သော်လည်း မင်းသားတစ်ပါးဖြစ်သော ချင်လော့အတွက်မူ ဤရာထူးကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေလေသည်။

ထို့အပြင် ချင်ဖန်ပင်လျှင် တပ်ချုပ်တစ်ဦးသာ ဖြစ်ခဲ့ပေသည်။

"မဟာစစ်သူကြီးရဲ့ အမိန့်တော် ထွက်လာပါပြီ... အရှင်မင်းသားအနေနဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် ထိုက်ရွှီးခံတပ်ကို တည်ဆောက်ဖို့ ထိုက်ရွှီမြင့်မြတ်နယ်မြေအနီးကို အမြန်ဆုံး သွားရောက်ရပါမယ်"

"မဟာစစ်သူကြီးက ဖော်ကျင်းစစ်သူကြီး၊ ဝူလင်စစ်သူကြီးနဲ့ ဟူပန်စစ်သူကြီးတို့ကို အရှင်မင်းသားရဲ့ အမိန့်ကို စောင့်ဆိုင်းဖို့အတွက် တပ်သား သုံးသောင်းကို ဦးဆောင်ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေအနီးကို သွားရောက်ဖို့ အမိန့်ပေးထားပါတယ်"

"အခုလောလောဆယ် လူအင်အား နည်းပါးနေတယ်လို့ မဟာစစ်သူကြီးက ပြောပါတယ်... ကျန်ရှိနေတဲ့ တပ်သားတွေကို အရှင်မင်းသား ကိုယ်တိုင် အပြည့်အဝ ဖြည့်တင်းနိုင်မယ်လို့ သူ ယုံကြည်နေပါတယ်... တကယ်လို့ လူမရှိတော့ဘူးဆိုရင်တောင် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲမှာ အများကြီး ရှိပါသေးတယ်တဲ့"

"သူက အရှင်မင်းသားကို တောင်းဆိုမှု တစ်ခုတည်းပဲ လုပ်ထားပါတယ်... ထိုက်ရွှီးခံတပ်ကို တည်ဆောက်ပြီး ထိန်းသိမ်းထားဖို့ပါပဲ... ကျန်တာတွေကိုတော့ အရှင်မင်းသား စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်... တောင်တန်းတစ်သောင်းနယ်မြေပေါ်က ကောင်းကင်ကြီး ပြိုကျသွားရင်တောင်မှ အရှင်မင်းသားအတွက် သူ တာဝန်ယူပေးပါလိမ့်မယ်တဲ့"

ချင်လော့နှင့် ပတ်သက်သော အဖြစ်အပျက်များစွာကို ကြည့်ခြင်းအားဖြင့် ချင်ရှောင်သည် ချင်လော့၏ အကျင့်စရိုက်နှင့် လုပ်ဆောင်ပုံများကို အလွန် ကောင်းစွာ နားလည်ထားကြောင်း ဝန်ခံရပေမည်။

ထို့ကြောင့် သူသည် မလိုအပ်သော ကန့်သတ်ချက်များစွာကို တမင် ဖယ်ရှားပေးခဲ့ပြီး ချင်လော့ကို ပိုမို လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားခဲ့လေသည်။

"ကောင်းပြီလေ... တောင်တန်းတစ်သောင်းနယ်မြေဆီ ချက်ချင်း ထွက်ခွာမယ်လို့ မဟာစစ်သူကြီးကို သတင်းပို့လိုက်ပါ"

အင်ပါယာမြို့တော်ရှိ ကိစ္စရပ်များ ပြီးစီးသွားပြီဖြစ်ရာ သဘာဝကျကျပင် ချင်လော့သည် လက်ဆောင်များ ပေးအပ်ရန် တောင်တန်းတစ်သောင်းနယ်မြေသို့ သွားရောက်မည် ဖြစ်ပေ၏။

"ထိုက်ရွှီးခံတပ်ကို ကာကွယ်ရမယ် ဟုတ်လား... ဟားဟား... တိုက်ခိုက်တာက အကောင်းဆုံး ကာကွယ်ခြင်းပဲမဟုတ်ဘူးလား"

ချင်လော့က အေးစက်စွာ လှောင်ပြောင်ရင်း ပြောဆိုလိုက်သည်။

အဆင့်မြင့်တာအိုဧကရာဇ်လက်နက် ကပ်ဘေးဖြတ်ကျော်ခြင်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။

ချင်လော့ မသိသော်လည်း အဆင့်မြင့်တာအိုဧကရာဇ်လက်နက် ဟူသော နာမည်ကို ကြည့်ရုံဖြင့် သိနိုင်ပေ၏။

အလံတိုင်ကို သူတော်စင်အဆင့် ကျွမ်းကျင်သူများ၏ အရိုးများဖြင့် သန့်စင်ထားပြီး မီးနဂါး၏ အရိုးစုဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားကာ အလံစကို ဧကရာဇ်အဆင့် စစ်သည်တော်များ၏ မူလအဆီအနှစ်သွေးများ စွန်းထင်းနေသော မြှုပ်နှံရေးအဝတ်စဖြင့် ပြုလုပ်ထားပြီး မီးနဂါး၏ မူလအဆီအနှစ်သွေးဖြင့် အလှဆင်ထားလေသည်။

ထို့အပြင် အတွင်း၌ မရေမတွက်နိုင်သော ဝိညာဉ်များနှင့် နဂါးဝိညာဉ်ကိုပါ ဖိနှိပ်ထားပေသည်။

တစ်ခုစီကပင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်ပြီး အားလုံး ပေါင်းစည်းသွားချိန်တွင်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

"ရှီးဟွမ်... အဆင့်မြင့်တာအိုဧကရာဇ်လက်နက် ကပ်ဘေးဖြတ်ကျော်ခြင်းက မဟာသူတော်စင်တစ်ပါးကို သတ်နိုင်မယ်လို့ မင်း ထင်လား"

ချင်လော့၏ အသံက ရှီးဟွမ်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

ရှီးဟွမ်က မျက်လုံးလှန်ကြည့်လိုက်ပြီး သူမ၏ စကားများတွင် မနာလိုမှုများနှင့် ဝန်တိုမှုများ ပြည့်နှက်နေခဲ့သည်။

"ငါ မသိဘူး... ငါက ဧကရာဇ်လက်နက်ကို တစ်ခါမှ မသွန်းလုပ်ခဲ့ဖူးဘူး... တစ်ခါလောက် သုံးခွင့်ရတာပဲ ရှိတာ"

ယခင်က ရှီးဟွမ်တွင် ဧကရာဇ်လက်နက်တစ်ခု ရှိသေးသည်ဟု ချင်လော့ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ သူမတွင် တစ်ခုမှ မရှိခဲ့ကြောင်း သိလိုက်ရလေသည်။

"ဆင်းရဲလိုက်တာ"

ချင်လော့၏ စကားများက ရှီးဟွမ်၏ ခံနိုင်ရည်ကို လုံးဝ ပြိုကျသွားစေလုနီးပါး ဖြစ်သွားခဲ့၏။

"စိတ်မပူပါနဲ့... မင်းရဲ့ အရင်ဘဝက ဧကရာဇ်လက်နက် ပိုင်ဆိုင်ခွင့် မရခဲ့ဘူးဆိုရင် ဒီတစ်ကြိမ်မှာ မင်းအတွက် ငါ တစ်ခု ဖန်တီးပေးမယ်"

ရှီးဟွမ် သွေးတစ်လုတ် အန်ထုတ်မတတ် ဖြစ်သွားခဲ့သည်။

သူမ အန်လိုက်လျှင်ပင် သူမ၏ ညည်းတွားသံက ချင်လော့၏ နားထဲတွင် ပဲ့တင်ထပ်သွားမည် ဖြစ်ပေ၏။

"မင်းက ယဉ်ယဉ်ကျေးကျေးကို မပြောတတ်တော့ဘူးလား"

ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ၏ ထောက်လှမ်းရေး အချက်အလက်များကို ကောက်ယူပြီးနောက် ချင်လော့က တစ်စေ့တစ်စောင်း ကြည့်ရှုလိုက်သည်။

မျက်နှာပြင်ပေါ်တွင် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ၌ အစွမ်းအထက်ဆုံးသူမှာ သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူသာ ဖြစ်သော်လည်း ထောက်လှမ်းရေး အချက်အလက်များအရ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေတွင် အနည်းဆုံး မဟာသူတော်စင်အဆင့် ကျွမ်းကျင်သူ တစ်ဦး ရှိနေကြောင်း ဖော်ပြနေပေသည်။

"သွားမယ်... ပစ်မှတ်က ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေပဲ"

ဤတစ်ကြိမ်တွင် ချင်လော့က လူအနည်းငယ်ကိုသာ ဦးဆောင်၍ တောင်တန်းတစ်သောင်းနယ်မြေဆီသို့ ဦးတည်သွားခဲ့၏။

သူ၏ သွားမည့်နေရာကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။

သို့သော် ဤတစ်ကြိမ်တွင် မည်သူကမျှ ချင်လော့အပေါ် လက်ဖျားနှင့်ပင် မထိရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ချင်ဧကရာဇ်က ယခုလေးတင် ပေါ်ထွက်လာခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

သူက တံခါးပိတ်ကျင့်ကြံရန် ပြန်လည်ဝင်ရောက်သွားသော်လည်း ထွက်ပေါ်နေသော ကောလာဟလများက အမှန် သို့မဟုတ် အမှားဖြစ်ကြောင်း မည်သူက သိနိုင်မည်နည်း။

သားတစ်ယောက် ဆုံးရှုံးသွားသော ချင်ဧကရာဇ်သည် ယခုအခါ ပေါက်ကွဲတော့မည့် မီးဖိုတစ်ခုကဲ့သို့ ဖြစ်နေနိုင်ပြီး မည်သူကမျှ သူ့ကို သွားမစမ်းသပ်ရဲကြချေ။

ချန်ဖိန်မင်းသားစံအိမ်တွင် အလွန် ဆွဲဆောင်မှုရှိသော အနက်ရောင်ဝတ်ရုံဝတ် အမျိုးသမီးတစ်ဦးက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ချန်ဖိန်မင်းသား နင်တင့်ဖန်ကို နွေးထွေးစွာ ပြုံးပြရင်း ပြောဆိုလိုက်၏။

"ချန်ဖိန်မင်းသား... ရှင်ရဲ့ သားနဲ့ မြေး နှစ်ယောက်လုံးက ချင်လော့ကြောင့် သေဆုံးသွားခဲ့ရတာလေ... ရှင်က ဒီဒေါသကို မျိုသိပ်ထားနိုင်လို့လား"

"ဟမ့်"

နင်တင့်ဖန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့ ဝိညာဉ်ခန်းမက ဘာတွေ တွေးနေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့... ငါနဲ့ မဟာချင်အင်ပါယာကြားမှာ သွေးထိုးပြီး ငါ့ကို ချင်လော့နဲ့ ရန်သူဖြစ်အောင် လုပ်ချင်နေကြတာ မဟုတ်လား... အဲ့ဒါဆို ငါက တခြား ရွေးချယ်စရာ မရှိတော့တဲ့အဆုံး မင်းတို့နဲ့ ပူးပေါင်းရုံကလွဲပြီး ဘာလုပ်နိုင်မှာလဲ"

"မင်းကို ငါ ပြောမယ်... မဟာချင်အင်ပါယာမှာ ငါက မျိုးဆက်အလိုက် ဆက်ခံခွင့်ရှိတဲ့ မင်းသားတစ်ပါး ဖြစ်နေဆဲပဲ... ငါ ပုန်ကန်မှု မလုပ်သရွေ့... မဟာချင်အင်ပါယာ တည်ရှိနေသရွေ့ ငါ ချန်ဖိန်မင်းသားကလည်း ထာဝရ တည်ရှိနေမှာပဲ"

"ဒါ့အပြင် ငါ့မှာ သားတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ"

နင်တင့်ဖန် ပြောဆိုလိုက်သော စကားများမှာ အမှန်တကယ် ရှင်းလင်းပြတ်သားလှပေ၏။

သို့သော် သူ မည်သို့ တွေးတောနေသည်ကိုမူ သူကိုယ်တိုင်သာ သိရှိလေသည်။

အမျိုးသမီးက ပြုံးလိုက်သည်။

"ချန်ဖိန်မင်းသား ပြောတာ မှန်ပါတယ်... ရှင် ပုန်ကန်မှု မလုပ်သရွေ့ မဟာချင်အင်ပါယာက ရှင့်ရဲ့ မျိုးဆက်တွေကို ချန်ဖိန်မင်းသား ဘွဲ့ကို ထာဝရ ဆက်ခံခွင့် ပြုမှာပါ"

"ဒါပေမဲ့... မဟာချင်အင်ပါယာသာ မရှိတော့ဘူးဆိုရင်ရော... ရှင်က ဘယ်ကို သွားမှာလဲ"

"မရှိတော့ဘူး ဟုတ်လား... ဟားဟားဟား... မာနကြီးလိုက်တာ... ကောင်းကင်တာအိုမဟာမိတ်အဖွဲ့နဲ့ မြောက်ပိုင်းမန်တို့ ပေါင်းပြီး မဟာချင်အင်ပါယာကို ဖျက်ဆီးနိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား... အဲဒါက တကယ့်ကို စိတ်ကူးယဉ်သက်သက်ပဲ"

"မမေ့နဲ့... ချင်ဧကရာဇ် တစ်ယောက်တည်းနဲ့တင် မဟာချင်အင်ပါယာ တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကို ဖိနှိပ်ထားဖို့ လုံလောက်တယ်ဆိုတာ"

နင်တင့်ဖန်က ဤသို့ ပြောဆိုလိုက်ချိန်၌ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

"ချင်ဧကရာဇ်က မဟာချင်အင်ပါယာရဲ့ အခြေခံအုတ်မြစ်ကို ဖိနှိပ်ထားတယ်လို့ ရှင် ကိုယ်တိုင် ပြောခဲ့တယ်နော်... ဒါပေမဲ့ သူ့ တစ်ခုခု ဖြစ်သွားရင်ရော ဘယ်လိုလုပ်မလဲ"

အမျိုးသမီး၏ မျက်နှာပေါ်ရှိ ယုံကြည်မှုအပြည့်ရှိသော အမူအရာက နင်တင့်ဖန်၏ နှလုံးသားကို ခုန်သွားစေခဲ့ပေသည်။

"ချန်ဖိန်မင်းသား... ကျေးဇူးပြုပြီး သေချာ စဉ်းစားပါဦး... သေချာတာပေါ့ ရှင်က နောက်ကွယ်ကနေ စောင့်ကြည့်ချင်တယ်ဆိုရင်လည်း ရပါတယ်... ဒါပေမဲ့ အရာအားလုံး ရှင်းလင်းသွားတဲ့အချိန်ကျရင် ရှင်က အခု လက်ရှိ အဆင့်အတန်းကို ထိန်းထားနိုင်ချင်မှ ထိန်းထားနိုင်တော့မှာနော်"

"သေချာ စဉ်းစားကြည့်ပါ... ငါတို့က ဘာလို့ မဟာချင်အင်ပါယာကို ပူးပေါင်းတိုက်ခိုက်ကြတာလဲ...တကယ်လို့ ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူးဆိုရင် ငါတို့က ဝင်စွက်ဖက်ပါ့မလား"

"ဒါက မဟာချင်အင်ပါယာကို ခွဲဝေယူမယ့် စစ်ပွဲတစ်ခုပဲ... ချန်ဖိန်မင်းသား... ငါတို့နဲ့ ပူးပေါင်းချင်လား၊ မပူးပေါင်းချင်လား ဆိုတာ သေချာ စဉ်းစားပါ"

"ချင်လော့... သူ့ကိုသတ်ပြီး ရှင်က သစ္စာရှိမှုကို ပြနိုင်ပါတယ်... တကယ်လို့ ရှင်က ပေါ်ပေါ်တင်တင် မလာချင်ဘူးဆိုရင်လည်း အမှောင်ထဲမှာ ပုန်းအောင်းနေလို့ ရပါတယ်"

နင်တင့်ဖန် တိတ်ဆိတ်သွားခဲ့၏။

သူ အချိန်အကြာကြီး တွေးတောနေခဲ့ပြီး မျက်နှာပြင်ပေါ်တွင် ပေါ်နေသလောက် သက်သောင့်သက်သာ မရှိနေခဲ့ကြောင်း ထင်ရှားပေသည်။

သူတွင် သားအများအပြား ရှိသော်လည်း သားတစ်ယောက်တည်းသာ သူတော်စင်အဆင့်သို့ အဆင့်တက်နိုင်ခဲ့ပြီး ကျန်သူများမှာ မျှော်လင့်ချက် မရှိကြချေ။

ထို့အပြင် သူတော်စင်အဆင့်သို့ ရောက်ရှိသွားသော သားဖြစ်သူမှာလည်း သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ရာ နင်မင်ကျိုး တစ်ဦးတည်းသာ သူ၏ မျှော်လင့်ချက် ဖြစ်ခဲ့လေသည်။

သို့သော် နင်မင်ကျိုးမှာ အသတ်ခံလိုက်ရပြီဖြစ်ရာ သူ့ကို သူ မည်သို့ မမုန်းတီးဘဲ နေနိုင်မည်နည်း။

အကယ်၍ သားဖြစ်သူ အသတ်ခံရမှုအတွက် ကလဲ့စားမချေနိုင်ပါက သူသည် ဖခင်တစ်ဦးအဖြစ် မထိုက်တန်တော့ချေ။

လောကကြီး၏ လှောင်ပြောင်မှုကို ခံရမည် ဖြစ်ပေ၏။

"မလောပါနဲ့... အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ အရင် ကြည့်ကြတာပေါ့"

နင်တင့်ဖန်က သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

ဝိညာဉ်ခန်းမမှ အမျိုးသမီးသည် ချန်ဖိန်မင်းသားစံအိမ်မှ ထွက်ခွာလာပြီးနောက် သူမ၏ အမူအရာမှာ ချက်ချင်း မည်းမှောင်သွားခဲ့လေသည်။

"အဲဒီ အဘိုးကြီးက အခြေအနေကို စောင့်ကြည့်ချင်နေတုန်းပဲ... ဟားဟား"

"လူနည်းနည်းရှာပြီး ချင်လော့ကို သွားလုပ်ကြံခိုင်းလိုက်... ပြီးရင် အဲဒီ အဘိုးကြီးအပေါ် အပြစ်ပုံချလိုက်"

"ပြီးရင် အဲဒီ အဘိုးကြီးကို သတ်ဖို့ ငရဲနန်းတော်ဆီ လူလွှတ်ပြီး ဆုကြေးငွေ ထုတ်ထားလိုက်... ဆက်ခံသူကို အတည်ပြုနိုင်ဖို့ မျှော်လင့်ရတာပေါ့"

လက်အောက်ငယ်သားမှာ အံ့အားသင့်သွားပြီး သတိထားကာ မေးမြန်းလိုက်၏။

"သခင်မ... ဒီနည်းလမ်းက အရမ်း ရိုးရှင်းလွန်းမနေဘူးလား"

အမျိုးသမီးက ပြုံးလိုက်သည်။

"ဟုတ်တယ်... ရိုးရှင်းတယ်... ဒါပေမဲ့ အလုပ်ဖြစ်သရွေ့ အဲဒါက လုံလောက်ပြီ"

"ချင်လော့ ဒါမှမဟုတ် မဟာချင်အင်ပါယာက ချန်ဖိန်မင်းသားကို တိုက်ခိုက်ဖို့ အကြောင်းပြချက် တစ်ခု လိုအပ်တယ်... ငါတို့က မီးလောင်ရာ လေပင့်ပေးလိုက်ရင် အဲဒါက လုံလောက်ပြီ"

"ဒီအဘိုးကြီးက နှစ်ဖက်လုံးကို ကစားတာ ကျွမ်းကျင်တယ်လို့ တကယ်ပဲ ထင်နေတာလား... အရင်တုန်းက လူရိုင်းတွေနဲ့ ပူးပေါင်းခဲ့တာကို မဟာချင်အင်ပါယာက မသိဘူးလို့ ထင်နေတာလား"

"သူ့မှာ ရွေးချယ်စရာ တစ်ခုတည်းပဲ ရှိတယ်... အဲဒါက ငါတို့ထဲက တစ်ယောက် ဖြစ်လာဖို့ပဲ... မဟုတ်ဘူး... ငါတို့ ဝိညာဉ်ခန်းမရဲ့ ခွေးတစ်ကောင် ဖြစ်လာဖို့ပဲ"

All Chapters