အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) မိုးကြိုးကပ်ဘေးက မဟာသူတော်စင်ကို ရိုက်ချိုးပြီး ကံကြမ္မာသားတော်ကို သုတ်သင်လိုက်ခြင်း
'ဘုန်း!' 'ဘုန်း!' 'ဘုန်း!'
ကောင်းကင်ထက်၌ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်များက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
ရှန်ယဲ့က မော့ကြည့်လိုက်ရာ ကောင်းကင်ယံရှိ အရာဝတ္ထုတစ်ခုကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။
မိုးကြိုးကပ်ဘေး၏ အများစုမှာ ထိုအရာဝတ္ထုပေါ်သို့ ကျရောက်နေပြီး မိုးကြိုးကပ်ဘေး အနည်းငယ်မျှသာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေအတွင်းသို့ ကျဆင်းလာခဲ့ပေသည်။
"သူတော်စင်လက်နက်က ကပ်ဘေးဖြတ်ကျော်နေတာလား"
ရှန်ယဲ့ အံ့အားသင့်သွားခဲ့၏။
"ဒါပေမဲ့ မိုးကြိုးကပ်ဘေး နည်းနည်းလေးက သိပ်အများကြီး ဒုက္ခမပေးနိုင်လောက်ပါဘူး"
သူ၏ စကားအဆုံးတွင် ကောင်းကင်ယံ၌ ကပ်ဘေးဖြတ်ကျော်နေသော အရာဝတ္ထုက ဖြည်းညင်းစွာ ကြီးမားလာသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
‘မဟုတ်ဘူး... ကြီးမားလာခြင်း မဟုတ်ဘဲ သူတို့၏ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေဆီသို့ အလျင်အမြန် ပြေးဝင်လာနေခြင်းပင်။’
သူ၏ နှလုံးက လည်ချောင်းဝအထိ ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"အနားမကပ်လာနဲ့!... အနားမကပ်လာနဲ့!"
စိတ်ထဲမှ အဆက်မပြတ် အော်ဟစ်နေမိ၏။
'ဘုန်း!'
လူသားဧကရာဇ်အလံက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ၏ အလယ်ဗဟိုသို့ ပြင်းထန်စွာ ကျဆင်းလာပြီး ခရမ်းရောင်အငွေ့များ ထွက်ပေါ်လာကာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့လေသည်။
အပြင်ဘက်မှ ကြည့်လျှင် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးသည် ဧရာမ နံ့သာဖိုကြီးတစ်ခုနှင့် တူနေပြီး ခရမ်းရောင် မီးခိုးငွေ့များကို အဆက်မပြတ် ထုတ်လွှတ်နေသည်ကို တွေ့ရမည် ဖြစ်ပေ၏။
မီးခိုးငွေ့များက လေထဲသို့ လွင့်မျောသွားပြီး ဖြည်းညင်းစွာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
'ဘုန်း!'
မိုးကြိုးစွမ်းအားများက မီးခိုးငွေ့များကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး အနက်ရောင် မီးခိုးငွေ့များမှာ သန့်စင်သွားသကဲ့သို့ ဖြစ်ကာ အစိမ်းရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာခဲ့လေသည်။
မိုးကြိုးကပ်ဘေး၏ စွမ်းအားများက လူသားဧကရာဇ်အလံကို အဆက်မပြတ် ရိုက်ခတ်နေခဲ့၏။
မိုးကြိုးကပ်ဘေး၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကို ခံနိုင်ရည်ရှိခဲ့ပြီး ကျန်ရှိသော စွမ်းအားများက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပေသည်။
ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးသည် လူသားဧကရာဇ်အလံ၏ ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေကို ပိတ်လှောင်ထားလေသည်။
သူ ထွက်သွားချင်သော်လည်း မရနိုင်တော့ချေ။
နောက်ထပ် မြင့်မြတ်နယ်မြေသခင် တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်ကို ရှန်ယဲ့ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရ၏။
သူက ထိတ်လန့်တကြားဖြင့် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ မဟာသူတော်စင် နှစ်ပါးကို အော်ဟစ်လိုက်သည်။
"ဦးလေးတို့... အခု ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"
အကြီးအကဲ နှစ်ဦး၏ အမူအရာက အထူး လေးနက်လာခဲ့၏။
သူတို့က မိုးကြိုးကပ်ဘေး၏ စွမ်းအားကို ခုခံရင်း လူသားဧကရာဇ်အလံဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
အကြီးအကဲ တစ်ဦးက လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ဒီနေ့က ငါတို့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေအတွက် ကပ်ဘေးတစ်ခု ဖြစ်သင့်ပေမယ့် အဲဒါက ကြီးမားတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်"
"ကောင်းကင်ဘုံက မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်တာက အဲဒီအရာက ကောင်းကင်ကိုဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်တယ်... တကယ်လို့ အဲဒါက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်သွားနိုင်ရင် ငါတို့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေကို နောက်တစ်ဆင့် တက်လှမ်းဖို့ ကူညီပေးနိုင်လိမ့်မယ်"
ထိုသို့ ပြောဆိုစဉ် သူ၏ မျက်လုံးများတွင် လောဘများ ပြည့်နှက်နေခဲ့၏။
"ဒါပေမဲ့ အဲဒီအရာမှာ ပိုင်ရှင် ရှိနေရင်ရော ဘယ်လိုလုပ်မလဲ"
ရှန်ယဲ့က သတိပေးလိုက်သည်။
"ဟားဟား!"
နောက်ထပ် အကြီးအကဲ တစ်ဦးက လှောင်ပြောင်လိုက်၏။
"ငါ့ရဲ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေပေါ် ကျလာသမျှ ငါပိုင်တာပဲ... ပိုင်ရှင် ရှိတယ်ဆိုရင်တောင် ပိုင်ရှင်က ငါတို့ရဲ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေပဲဖြစ်ရမယ်…ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် အဲဒီ သူတော်စင်လက်နက်က ဧကရာဇ်လက်နက်တစ်ဝက်အဆင့်ကို တက်လှမ်းနိုင်တဲ့ အလားအလာ ရှိလောက်တယ်"
အဆင့်မြင့်တာအိုဧကရာဇ်လက်နက်နှင့် ပတ်သက်၍မူ သူက စဉ်းစားရဲမည်ပင် မဟုတ်ချေ။
မဟာဧကရာဇ်အဆင့်တွင် အစွမ်းအထက်ဆုံးသူပင်လျှင်
အဆင့်မြင့်တာအိုဧကရာဇ်လက်နက်ကို
ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်မည် ဖြစ်လေသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက မဟာဧကရာဇ် ဖြစ်လာရန် လွယ်ကူသော်လည်း ဧကရာဇ်လက်နက်ကို ရရှိရန်မှာ ခက်ခဲလှပေသည်။
ဦးလေးနှစ်ဦးစလုံးက ယုံကြည်မှု ရှိနေကြသဖြင့် ရှန်ယဲ့ အနည်းငယ် စိတ်အေးသွားပြီး သူ၏ အကြည့်က ထိုပါယန်အပေါ်သို့ ကျရောက်သွားခဲ့၏။
"ဦးလေးတို့... အဲဒီ နတ်ဆိုးခေါင်းဆောင်ရော!"
"ဟွန့်... သူ့အတွက် စိတ်မပူနဲ့... သူ ထွက်ပြေးလို့ မလွတ်ပါဘူး... မိုးကြိုးကပ်ဘေး ပြီးဆုံးသွားတဲ့နေ့က သူသေရမယ့်နေ့ပဲ”
ဤအခိုက်အတန့်တွင် ထိုပါယန်မှာ သေရသည်ထက် ပိုဆိုးသည်ဟု အမှန်တကယ် ခံစားနေရပေသည်။ သူက အကြိမ်များစွာ ဖောက်ထွက်ရန် ကြိုးစားခဲ့သော်လည်း မိုးကြိုးကပ်ဘေး၏ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကိုသာ ခံခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် အသံတစ်သံက သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
"မင်းကိုယ်မင်း ငါ့ဆီ အပြည့်အဝ အပ်နှင်းလိုက်... မင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ငါ ပေးနိုင်တယ်"
ထိုပါယန်သည် သူ၏ရှေ့မှ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေသို့ ရောက်ရှိလာလိမ့်မည်ဟု ချင်လော့ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။
ဤလူက အမှန်တကယ် အသုံးမကျလှပေ။
သူက သူတို့ကြားထဲတွင် ဒူးထောက်မတတ် ဖြစ်နေခဲ့လေသည်။
"အသိဉာဏ် လုံးဝ မရှိဘူး... လွန်ခဲ့တဲ့ ငါးနှစ်က သူရခဲ့တဲ့ ဒဏ်ရာတွေက သေချာပေါက် အပြည့်အဝ မပျောက်သေးဘူးလေ... သူတို့ကို ဘယ်လိုများ ရန်စရဲရတာလဲ... အရူးပဲ"
သို့သော် ဤလူက အနည်းငယ် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားကတော့ သေချာပေါက် မနိမ့်ကျချေ။
အကယ်၍ သူ့ကို အစေခံအဖြစ် သိမ်းယူနိုင်ပါက သူက ကောင်းမွန်သော ဓားတစ်လက် ဖြစ်လာမည် ဖြစ်လေသည်။
ရင်းနှီးနေသော အသံက ထိုပါယန်အား သူ့ကို လွှတ်ပေးပြီး ဆယ်နှစ်စာချုပ် ချုပ်ဆိုခဲ့သူပင်ဖြစ်ကြောင်း သိရှိသွားစေခဲ့၏။
"ငါတို့ရဲ့ စာချုပ်မှာ ငါက မင်းအတွက် ဆယ်နှစ် အလုပ်အကျွေးပြုရမယ်လို့ ပါတယ်လေ... အဲဒါက မလုံလောက်သေးဘူးလား"
"မလုံလောက်ဘူး"
"တကယ်လို့ မင်းက အသက်ရှင်ချင်တယ်ဆိုရင် ငါ့ကို အပြည့်အဝ လက်အောက်ခံလိုက်... မဟုတ်ရင် မင်းက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေနဲ့အတူ ပျက်စီးရလိမ့်မယ်"
ချင်လော့က ပြတ်သားစွာ ပြောဆိုလိုက်ပြီး သူ၏ စကားများတွင် ညှိနှိုင်းစရာ နေရာ ချန်မထားခဲ့ချေ။
"အား!"
ထိုပါယန်က ဟိန်းဟောက်လိုက်၏။
"စဉ်းတောင် မစဉ်းစားနဲ့... ငါ ထိုပါယန်က မင်းကို လက်အောက်ခံဖို့ လိုချင်နေတာလား... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
"မင်းက ဒီနေရာမှာ ငါ့ကို ဖျက်ဆီးပစ်နိုင်မယ်ဆိုတာ ငါ မယုံဘူး"
စကားပြောပြီးသည်နှင့် ထိုပါယန်က ဆက်လက် ဖောက်ထွက်ရန် ကြိုးစားခဲ့လေသည်။
ချင်လော့က လှောင်ပြောင်လိုက်၏။
"အခေါင်းကို မမြင်ရမချင်း မင်းက မျက်ရည်ကျမှာ မဟုတ်ဘူး"
အခြားသူများက ဒုက္ခခံချင်နေမှတော့ အဲဒီဗီလိန်ကို အချိုပွဲ စားခွင့် ပေးလို့ မဖြစ်နိုင်ဘူး မဟုတ်လား။
သူက လေဟာနယ်နယ်မြေတွင် ရပ်နေပြီး အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။
သို့သော် သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်မှာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ လူများက သိပ်အများကြီး မလှုပ်ရှားကြခြင်းပင်။
"သူတို့က အကျပ်အတည်းကို သတိမထားမိကြတာများလား"
"ဒါမှမဟုတ် အခုအချိန်မှာ မိုးကြိုးကပ်ဘေးက နည်းနည်း အားနည်းနေလို့လား"
"ဒါက အမြည်းလေးပဲ ဆိုတာကို သူတို့ သတိမထားမိကြဘူး"
ရှန်ယဲ့က ဦးလေးနှစ်ဦး၏ စကားကို ယုံကြည်ခဲ့လေသည်။
သူက မြင့်မြတ်နယ်မြေမှ တပည့်အနည်းငယ်ကို ပို၍ ကယ်တင်နိုင်ရန် မျှော်လင့်ကာ ဟိုဟိုဒီဒီ ပြေးလွှားရင်း ပင်ပန်းနေခဲ့၏။
သို့သော် သူတော်စင်ဘုရင် တစ်ပါး သူ၏ မျက်စိရှေ့တွင် သေဆုံးသွားသည်ကို မြင်လိုက်ရချိန်၌ သူ နောက်ဆုံးတွင် မထိန်းနိုင်တော့ချေ။
"ဦးလေး... တစ်ခုခုတော့ မှားနေပြီ"
"တပည့်တွေ အများကြီး သေဆုံးသွားပြီ... ညီလေးဝမ်တောင် သေသွားပြီ"
"ရပါတယ်"
အကြီးအကဲ တစ်ဦးက အမှားကို ဝန်မခံဘဲ လူသားဧကရာဇ်အလံကို စူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။
"မိုးကြိုးကပ်ဘေးက ပြီးတော့မယ်... တပည့်နည်းနည်း သေသွားရုံပါပဲ... တစ်သုတ်သေသွားရင် နောက်တစ်သုတ် ရောက်လာလိမ့်မယ်... ငါက ဒီသူတော်စင်လက်နက်ကို ရရှိသရွေ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက တိုးတက်လာဖို့ အကြောင်းဖန်လာတာပဲ"
"ဟုတ်တယ်... ငါတို့ မသေသရွေ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက မူလအဆီအနှစ် ချီစွမ်းအင်ကို အများကြီး ထိခိုက်မှာ မဟုတ်ဘူး"
နောက်ထပ် အကြီးအကဲ တစ်ဦးက ထောက်ခံပြောဆိုလိုက်သည်။
သူ၏ စကားအဆုံးတွင် ကောင်းကင်ယံက ရုတ်တရက် ရှင်းလင်းသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟားဟားဟား... မိုးကြိုးကပ်ဘေး ပြီးသွားပြီ... ဟားဟားဟား!"
ချင်လော့က အဝေးတွင် လွင့်မျောနေသော အပြစ်ကင်းစင်သည့် မိုးကြိုးတိမ်တိုက်ဖြူကို ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်သွားပြီး နောက်သို့ မိုင်ပေါင်းများစွာ ချက်ချင်း ဆုတ်ခွာသွားခဲ့လေသည်။
သူက သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
"တကယ့် မိုးကြိုးကပ်ဘေး စတော့မယ်"
ကြည်လင်သော ကောင်းကင်၊ လှည့်ပတ်နေသော တိမ်ဖြူများနှင့်အတူ အသက်ရှင်ကျန်ရစ်သော ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်တစ်ဦးစီ၏ မျက်နှာပေါ်တွင် ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့် အမူအရာများ ပေါ်နေခဲ့သည်။
သို့သော် သူတို့က အချိန်အကြာကြီး အောင်ပွဲမခံနိုင်မီမှာပင် သန့်စင်သော တိမ်ဖြူများထဲမှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
'ဘုန်း!' ‘ဝုန်း!!!’
ကောင်းကင်မှ မိုးကြိုးကပ်ဘေးများ ကျဆင်းလာပြီး ပထမဆုံး ရိုက်ခတ်ခြင်းခံရသူမှာ မိုးကြိုးကပ်ဘေး ပြီးဆုံးသွားပြီဟု ယခုလေးတင် ပြောခဲ့သော အဘိုးအိုပင် ဖြစ်ပေ၏။
"ဟွန့်... ငါလို ဂုဏ်သိက္ခာရှိတဲ့ မဟာသူတော်စင်တစ်ပါးက အလကား အသေခံမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"
အဘိုးအိုက ဟိန်းဟောက်လိုက်ပြီး ခုန်တက်ကာ ဆုတ်ခွာမည့်အစား မိုးကြိုးကပ်ဘေးဆီသို့ တက်လှမ်းသွားခဲ့လေသည်။
ဤအခိုက်အတန့်တွင် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ တပည့်အားလုံး၏ မျက်လုံးများက ဤဘိုးဘေးအပေါ်သို့ စူးစိုက်နေခဲ့ကြ၏။
နောက်တစ်စက္ကန့်တွင် အဘိုးအိုနှင့် မိုးကြိုးကပ်ဘေးတို့ ဝင်တိုက်မိသွားကြသည်။
ကြီးမားသော ဟိန်းဟောက်သံကြီးက သူတို့၏ နားများကို ချက်ချင်း ကန်းသွားစေပြီးနောက် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခုက သူတို့ကို မျက်စိကန်းသွားစေခဲ့ပေသည်။
"အား!... မဖြစ်ဘူး!"
အဘိုးအို၏ ကြောက်ရွံ့တုန်လှုပ်နေသော အသံကို လူအနည်းငယ်သာ ကြားလိုက်ရလေသည်။
တစ်ချက်တည်း။
ဤမိုးကြိုးကပ်ဘေးအောက်တွင် မဟာသူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးက တစ်ချက်တည်းဖြင့် အစွန်းအစမျှ မကျန်အောင် ပေါက်ကွဲထွက်သွားခဲ့ခြင်းပင်။
ရှန်ယဲ့မှာ လုံးဝ ကြက်သေသေသွားခဲ့၏။
သူ၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
"ဦးလေး... နောက်ထပ် ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"
သူ၏ အကြည့်က ရွေ့လျားသွားပြီး သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ ပြောနေသော ဦးလေးမှာ ထွက်ပြေးသွားပြီ ဖြစ်သောကြောင့်ပင်။
သူက တစ်စက္ကန့်ထက်မနည်း ကြက်သေသေနေခဲ့ပြီးနောက် ခုန်တက်ကာ မြေကြီးထဲသို့ ငုပ်ဆင်းသွားပြီး မြေကြွက်အဖြစ် အသွင်ပြောင်းရန် ရည်ရွယ်လိုက်လေသည်။
'ဘုန်း!' 'ဘုန်း!' 'ဘုန်း!'
ချင်လော့ ကြည့်လိုက်ရာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးသည် မိုးကြိုးကပ်ဘေးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရ၏။
သူက မိုးကြိုးကပ်ဘေး၏ ကြောက်မက်ဖွယ်ကောင်းမှုကို အထင်သေးခဲ့မိလေသည်။
"ငါ အရှုံးပေးပါ့မယ်... ငါ ဆန္ဒရှိပါတယ်... ငါ လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်... ငါ့ကို ကယ်ပါဦး"
ထိုပါယန်၏ အသံကလည်း ထိုအချိန်၌ ချင်လော့၏ နားထဲသို့ ရောက်ရှိလာခဲ့ပေသည်။
စနစ်၏ သတိပေးချက်များကလည်း ချင်လော့၏ နားထဲသို့ ရောက်ရှိလာခဲ့၏။
[မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အသုံးပြု၍ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ရှိသည့် စုရှင်းယွီကို အနိုင်ယူပြီး ကံကြမ္မာတန်ဖိုး အမှတ် ၇၀,၀၀၀ ရရှိပါသည်... ထိုတန်ဖိုးများသည် ဗီလိန်အမှတ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားပါမည်]
[ဗီလိန်က မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အသုံးပြု၍ ကံကြမ္မာသားတော် ရှန်ချင်းရွှမ်ကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး ကံကြမ္မာတန်ဖိုး အမှတ် ၅၀,၀၀၀ ဆုံးရှုံးသွားပါသည်... ပိုင်ရှင်သည် ဗီလိန်အမှတ် ၅၀,၀၀၀ရရှိပါသည်။]