← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁)

"ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက Y ကောင်လေးဟာ ဒီနေရာနဲ့ မသက်ဆိုင်ဘူးဆိုတာကို ကျွန်မ သိခဲ့တယ်... မြောက်အရပ်ကနေ ပျံသန်းလာတဲ့ ဘီလုံးငှက်ကလေးတွေဟာ နွေရာသီနဲ့ မသက်ဆိုင်သလိုမျိုးပေါ့"

— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

ရှလီ၏ မွေးနေ့။

သူမ အဖေနှင့်အမေက သောကြာနေ့ညတွင် ပြန်လာပြီး စနေနေ့ သူမမွေးနေ့ကို အတူတူကျင်းပပေးမည်ဟု ပြောထားခဲ့ကြ၏။ သို့သော် ထိုညက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်ပြားစက်ရုံတွင် ရေဘေးကာကွယ်ရေးလုပ်ငန်းများ လုပ်ရသဖြင့် သူမ၏မိဘနှစ်ပါးစလုံး တစ်ညလုံး မပြန်နိုင်ခဲ့ကြချေ။

မွေးနေ့မနက်ခင်းတွင် ရှလီ၏အမေ ကျန်းဟုန်ထံမှ ဖုန်းဝင်လာပြီး အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်အသစ်တစ်စုံ လာပို့ပေးနိုင်မလားဟု မေးလာခဲ့သည်။

ရှလီက မွန်းလွဲပိုင်းတွင် သူငယ်ချင်းများနှင့် သီချင်းသွားဆိုရန် ချိန်းထားသောကြောင့် မနက်ပိုင်းတွင်သာ ပစ္စည်းများ သွားပို့နိုင်မှာပင်။

ဗီရိုကို ဖွင့်လိုက်တော့ ပရုတ်လုံးအနံ့နှင့်အတူ မှိုနံ့တစ်မျိုးက သူမ နှာခေါင်းထဲကိုစူးကနဲ ဝင်လာခဲ့ပေ၏။

ရှလီက အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်ကို ရွေးယူပြီး ပလတ်စတစ်အိတ်တစ်ခုထဲကိုထည့်လိုက်သည်။

သို့သော် အိတ်အမည်းကပါးတော့ ချက်ချင်းပင် ပေါက်ပြဲသွား၏။

သူမက ပစ္စည်းများအားလုံးကို ကုတင်ပေါ်ကိုဆောင့်ချလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ချေသည်။ ခဏအကြာမှ စက္ကူအိတ်တစ်လုံးကို ရှာယူကာ ပြန်လည်ထုပ်ပိုးလိုက်ရတော့သည်။

ရင်ထဲတွင်တော့ နည်းနည်း ဝမ်းနည်းနေမိသည်။

ကျောက်ပြားစက်ရုံက ကျွီရှုမြို့နယ်တွင် တည်ရှိပြီး ချူချန်ဖွံ့ဖြိုး‌မှုဇုန်မှ ဘတ်စ်ကားစီးသွားလျှင် ဆောင့်ကန် ဆောင့်ကန်ဖြင့် တစ်နာရီခွဲခန့် ကြာမြင့်မည် ဖြစ်သည်။ စက်ရုံနားမှာ ဘတ်စ်ကားမှတ်တိုင်မရှိသဖြင့် သူမကိုယ်တိုင် သတိထားစောင့်နေပြီး ရောက်ခါမှ ကားဆရာကို ရပ်ခိုင်းရမည်ဖြစ်သည်။

ဒီနေ့က ချူချန်မြို့၏ အလယ်တန်းအဆင့် စာမေးပွဲနှင့် တိုက်ဆိုင်နေသောကြောင့် မြို့တွင်း ယာဉ်အသွားအလာတွေကို ထိန်းချုပ်ထားပြီး လမ်းကြောင်းအချို့ကိုလည်း ပိတ်ထား၏။ ထို့ကြောင့် ဘတ်စ်ကားက လမ်းလွှဲမောင်းရသဖြင့် ကျွီရှုမြို့နယ်သို့ရောက်ရန် နှစ်နာရီခန့် ကြာသွားခဲ့ချေသည်။

ကျောက်ပြားစက်ရုံဘေးရှိ ယခင်က အရန်မြေနေရာအဖြစ် ထားသောနေရာတွင် ဒုတိယအဆင့် စီမံကိန်းကို တည်ဆောက်နေပြီး အပြာရောင်သံပြားများဖြင့် ခြံခတ်ထားကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဧရာမ ကရိန်းကြီးတစ်ခုကို ထောင်ထားသည်။ ထရပ်ကားကြီးများ အဝင်အထွက်လုပ်ကာ ရွှံ့ရည်များ ပေကျံနေပြီး ကားဘီးများကြိတ်ခံရသဖြင့် ချိုင့်ခွက်များဖြစ်ကာ ရွှံ့ဗွက်များထနေ၏။

သူမ အဖေဖြစ်သူ ရှကျန့်ယန်က ကျောက်ပြားစက်ရုံ၏ လုံခြုံရေးဌာနတွင် အလုပ်လုပ်ပြီး အမေဖြစ်သူ ကျန်းဟုန်က ထောက်ပံ့ရေးဌာနတွင် ထမင်းချက်အဒေါ်ကြီးအဖြစ် လုပ်သည်။ စက်ရုံတွင် အဆောင်ရှိပြီး သူတို့နှစ်ယောက်က အဆောင်တစ်ခန်း လျှောက်ထားပြီး များသောအားဖြင့် ဘာကိစ္စမှမရှိလျှင် စက်ရုံတွင်သာ နေကြသည်။

ရှလီက အဆောင်ထဲကိုမဝင်ဘဲ ပစ္စည်းတွေကို ကျန်းဟုန်ထံကိုကမ်းပေးလိုက်ပြီး သူမကိုယ်တိုင်က တံခါးဝရှိ လှေကားထစ်ပေါ်တွင် ရပ်ကာ ဖိနပ်အောက်ခံမှ ရွှံ့တွေကို ခွာချနေခဲ့သည်။ ကျန်းဟုန်က အခန်းထဲမှနေ၍ သူမနှင့် စကားပြောနေ၏။

သားအမိနှစ်ယောက်ကြားတွင် တရင်းတနှီး‌စကားပြောတာမျိုး မရှိသလောက် နည်းပြီး ပြောစရာရှိသည်မှာလည်း ကျန်းဟုန်က သူမအား တစ်ယောက်တည်း အိမ်မှာနေလျှင် လုံခြုံရေးကို ဂရုစိုက်ရန် စာအများကြီးမဖတ်ဘဲ စောစောအိပ်ရန်နှင့် ရေ မီးတို့ကို သေချာပိတ်ရန် မှာတမ်းချွေတာများသာ။

ရှလီက အင်း ဟု တစ်ချက်ညည်းလိုက်ပြီး တစ်ခုခုကို သတိရသွားကာ ပြောလိုက်သည်။

"ဂက်စ်အိုးထဲမှာ ဂက်စ်ကုန်နေပြီထင်တယ်"

ကျန်းဟုန်က ပြန်ပြော၏။

"ဂက်စ်ပို့တဲ့သူဆီ ဖုန်းဆက်လိုက်လေ"

ကျန်းဟုန်က ဖုန်းစာအုပ်ကို လှန်လှောရှာဖွေပြီး စီးကရက်ဗူးခွံထောင့်စွန်းလေးကို ဆုတ်ဖြဲကာ ဖုန်းနံပါတ်တစ်ခုကို ကူးရေးပြီး သူမထံ ကမ်းပေးလိုက်သည်။

"အမေ ထမင်းသွားချက်လိုက်ဦးမယ် သမီး ခဏနေကျရင် ကန်တင်းကို လာခဲ့လိုက်လေ ထမင်းစားပြီးမှ ပြန်ပေါ့"

ရှလီက ငြင်းလိုက်၏။

"မစားတော့ဘူး နေ့လယ်ကျရင် ရွှီနင်တို့နဲ့ သီချင်းသွားဆိုဖို့ရှိတယ်"

ထိုအခါ ကျန်းဟုန်က မှာလိုက်ပြန်သည်။

"ဒါဆို အရမ်းနောက်ကျတဲ့အထိ မဆော့နဲ့နော်"

ရှလီက ပြန်ဖြေသည်။

"အင်း"

မိဘနှစ်ပါးက ရှလီကို အများကြီးမချုပ်ချယ်ကြချေ။ သူမက အမြဲတမ်း လိမ္မာရေးခြားရှိပြီး နားလည်မှုရှိကာ သူတို့ စိတ်အေးရသည်လေ။ သူငယ်ချင်းအိမ်တွင် ညအိပ်မည်ဆိုလျှင်လည်း မိဘတွေကို အသိပေးလေ့ရှိပြီး အကြောင်းပြချက်မရှိဘဲ ညဘက်အိမ်မပြန်တာမျိုး မလုပ်တတ်ပေ။

ကျန်းဟုန်က တံခါးဝသို့ရောက်ခါမှ ခြေလှမ်းတန့်သွားပြီး ပြန်လှည့်လာကာ ဗီရိုကိုဖွင့်၍ လက်ဆွဲအိတ်ထဲမှ ယွမ်ငါးဆယ်ထုတ်ယူလိုက်သည်။ သို့သော် ခဏစဉ်းစားပြီး ယွမ်တစ်ရာတန်တစ်ရွက်နှင့် ပြန်လဲလိုက်ကာ ရှလီထံ ကမ်းပေးလိုက်ချေသည်။

"ဒါဆို သမီးဘာသာ အရသာရှိတာလေးတွေ သွားဝယ်စားလိုက်နော် မွေးနေ့လက်ဆောင် ဘာလိုချင်လဲ ကိုယ့်ဘာသာ ဝယ်လိုက်လေ"

ရှလီက ငြင်းလိုက်သည်။

"မလိုပါဘူး သမီးဆီမှာ ပိုက်ဆံရှိပါတယ်"

ကျန်းဟုန်က အတင်းပေးလိုက်၏။

"သမီးစုထားတာက သမီးဟာလေ ယူထားလိုက်ပါ"

ရှလီက ဘာမှဆက်မပြောတော့ဘဲ ပိုက်ဆံကိုယူလိုက်ပြီး ကျောပိုးအိတ်၏ အတွင်းဘက်အိတ်ကပ်ထဲကိုထည့်လိုက်သည်။

သူမ စက်ရုံတံခါးဝမှ ထွက်လိုက်သည့်အချိန်တ‌ွင် အနက်ရောင် မာစီဒီး အိမ်စီးကားတစ်စီး မောင်းဝင်လာ၏။

ရှလီက ဘေးသို့ဖယ်ပေးလိုက်သော်လည်း ထိုကားက သူမရှေ့တွင် လာရပ်မည်ဟု မထင်ထားခဲ့ချေ။

ကားပြတင်းပေါက် ကျလာပြီး အထဲတွင် ထိုင်နေသူက ရှလီအသိဖြစ်တော့ သူမ အမြန် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဦးလေးလော့"

လော့ဝေ့ကော်က ပြုံးကာ ပြောလာသည်။

"နေ့လယ်ကျရင် သမီးအဖေနဲ့ ထမင်းအတူစားမလို့လုပ်ထားတာ အခု ရုတ်တရက် ကိစ္စလေးပေါ်လာလို့ နောက်တစ်ခေါက်မှ ဦးလေးပဲ ထမင်းဝယ်ကျွေးပါတော့မယ်ကွယ်"

ရှလီက ယဉ်ကျေးစွာ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဦးလေးလော့ ကိစ္စရှိရင် အရင်လုပ်ပါ… အလောတကြီး မလိုပါဘူး"

လော့ဝေ့ကော်က ခေါင်းညိတ်လိုက်သည်။

"အေးအေး ဒါဆို ဦးလေး အရင်ဝင်သွားလိုက်ဦးမယ်"

ကားပြတင်းပေါက် ပြန်တက်သွားပြီး ကားလေး ထွက်ခွာသွားချိန်တွင် နောက်ခန်း၌ နောက်ထပ်လူတစ်ယောက် ထိုင်နေပုံရသည်ကို ရှလီ သတိထားမိလိုက်၏။

ရှလီက စက်ရုံတံခါးဝမှ ထွက်လာလိုက်ပြီး သူမအဖေ ရှကျန့်ယန်ထံကိုသူမ လာခဲ့ကြောင်း စာတိုတစ်စောင် ပို့လိုက်သည်။

ရှကျန့်ယန်က သူမထံ ဖုန်းခေါ်လာပြီး သုံးဖို့ငွေလိုသလားဟု မေးလာသည်။ သူမက မလိုကြောင်း အမေပေးလိုက်ကြောင်း ပြောတော့ ရှကျန့်ယန်က သူမဘာသာ အရသာရှိသည်များ ဝယ်စားရန်သာ ပြောလိုက်တော့သည်။

ဖွံ့ဖြိုးမှုဇုန်ကိုပြန်မည့်ဘတ်စ်ကားက အချိန်မှန်မထွက်ပေ။ မြန်လျှင် ဆယ်မိနစ်လောက်သာ စောင့်ရသော်လည်း နှေးလျှင် မိနစ်လေးဆယ်လောက်ကြာသည့်တိုင် ကားတစ်စီးမျှ လာမည်မဟုတ်ချေ။

ရှလီ ဒီနေ့ ကံမကောင်းပေ။ နာရီဝက်နီးပါး စောင့်နေသော်လည်း မည်သည့် ကားအရိပ်အယောင်မျှ မတွေ့ရချေ။

သူမ နည်းနည်း စိတ်ပူလာပြီး သူငယ်ချင်းဖြစ်သူကိုနည်းနည်းနောက်ကျနိုင်ကြောင်း ကြိုစာပို့ထားလိုက်သည်။

သစ်ပင်အရိပ်အောက်တွင် မတ်တပ်ရပ်ရတာ ညောင်းလာတော့ ရှလီက ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မနေ့က မိုးရွာထားသဖြင့် ရာသီဥတုက အေးမြနေသေး၏။

သူမက နားကြပ်တပ်ကာ MP3 ဖြင့် သီချင်းနားထောင်နေလိုက်သည်။

ထိုခေတ်အခါက တံဆိပ်မရှိသော MP3 များသည် အလွန်ဈေးသက်သာသော်လည်း အရည်အသွေးတော့ မဆိုးလှပေ။

သို့သော် သူမက အပြာရောင်ကိုယ်ထည် အနောက်ဘက်တွင် သတ္တုကြိုးဆွဲဒီဇိုင်း display menuနှင့် အပိုခလုတ်တွေမပါဘဲ ခရမ်းရောင် display လှလှလေး နှင့် သီချင်းစာသားဖောင့်လှလှ‌ေလးများပါသည့် OPPO MP4 တစ်လုံးကို အိပ်မက်ထဲတွင်ပင် လိုချင်နေမိချေသည်။

သူငယ်ချင်းဖြစ်သူ ရွှီနင်တွင် တစ်လုံးရှိပြီး တစ်ခါတစ်ရံ သူမထံမှ ငှား၍ သူမ သီချင်းနားထောင်တတ်ပြီး ထို MP4 လေးကို သူမ လက်မှမချချင်လောက်အောင်ပင် သဘောကျမိသည်။ ထို MP4 ၏ ဒီဇိုင်းက ပြီးပြည့်စုံသည်ဟု သူမ ထင်မိ၏။

ရုတ်တရက် ဟွန်းတီးသံကို သူမ ကြားလိုက်ရသည်။

ရှလီ မော့ကြည့်လိုက်တော့ စက်ရုံတံခါးဝမှ ထွက်လာသော လော့ဝေ့ကော်၏ကား ဖြစ်နေပြန်သည်။

လော့ဝေ့ကော်က ပြတင်းပေါက်ချကာ ပြုံး၍ မေးလာသည်။

"ဘတ်စ်ကားစောင့်နေတာလား"

ရှလီက နားကြပ်ကို ဖြုတ်ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

လော့ဝေ့ကော်က နောက်ခန်းမှ တစ်စုံတစ်ယောက်ကို လှည့်၍ တစ်ခုခုပြောလိုက်သည်ကို သူမ မြင်လိုက်ရသည်။ ထို့နောက် သူက သူမဘက်ကိုပြန်လှည့်လာပြီး ပြောလာ၏။

"ကားပေါ်တက်လေ အတူတူသွားကြတာပေါ့"

ရှလီက အားနာစွာ ပြန်ဖြေသည်။

"ကျေးဇူးတင်ပါတယ် ဦးလေးလော့ ဒါပေမဲ့ ဘတ်စ်ကားက ခဏနေရင် လာတော့မှာပါ"

လော့ဝေ့ကော်က အတင်းခေါ်၏။

"တက်ခဲ့ပါ"

ရှလီ သူမကိုယ်သူမ မရိုမသေမလေးမစားနှင့် ကောင်မလေးဟု အထင်မခံချင်ပေ။ လော့ဝေ့ကော်က သူတို့မိသားစုအပေါ် အမြဲတမ်း စေတနာထားပြီး ကူညီစောင့်ရှောက်ပေးလေ့ရှိသူ ဖြစ်သည်။

ရှမိသားစုနှင့် လော့မိသားစုသည် တစ်ရွာတည်းသားများဖြစ်ပြီး လော့ဝေ့ကော်၏ ဇနီးသည်မှာလည်း ရှ မျိုးရိုးဖြစ်ကာ ရှမိသားစုနှင့် အရှေ့မျိုးဆက်နည်းနည်းကို တွက်ကြည့်လျှင် ဆွေမျိုးစပ်၍ရသည်။ ရှကျန့်ယန်က မိသားစုကိုခေါ်လာပြီး ချူချန်ကိုလာရောက်အခြေချစဉ်ကလည်း လော့ဝေ့ကော်၏ အကူအညီကြောင့်သာ ကျောက်ပြားစက်ရုံတွင် အလုပ်ရခဲ့ခြင်းဖြစ်သည်။ ရှလီက အလယ်တန်းကျောင်းတက်ရန် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရာတွင်လည်း လော့ဝေ့ကော်ကပင် အကူအညီပေးခဲ့တာ ဖြစ်သည်။

ရှလီက လျှောက်သွားပြီး နောက်ခန်းတံခါးကို ဖွင့်လိုက်သည်။

အထဲကိုကြည့်လိုက်မှ ဘယ်ဘက်ခုံတွင် လူတစ်ယောက်ရှိနေသည်ကို သူမ သတိထားမိလိုက်၏။

ထိုသူက သူစိမ်းယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ထိုင်နေသည့်တိုင် အရပ်အလွန်ရှည်မည်ကို သိသာနိုင်သည်။

သူဟာ အင်္ကျီအဖြူနှင့် ဘောင်းဘီအမည်းကို ဝတ်ထားပြီး အရိုးအဆစ်များက သေးသွယ်ကာ အေးစက်ပြီး ပတ်ဝန်းကျင်နှင့် လားလားမှမသက်ဆိုင်သည့်ဟန်ဖြင့် ဒီကမ္ဘာမှလူနှင့်ပင် မတူချေ။

ရှလီမှာ မသိမသာ ငေးမောသွားမိပြီး စုရှီ၏ ကဗျာတစ်ပုဒ်ကို အလိုအလျောက် သတိရသွားမိ၏။

'မြစ်ကမ်းနဖူးမှာ တစ်ချက်ဆုံရုံနဲ့ နတ်သက်ကြွေလာတဲ့ နတ်သားတစ်ပါးလိုပါလားဆိုပြီး စကားတောင်မဟနိုင်အောင် ရင်ခုန်သွားရတယ်'

သူမမှာ ချက်ချင်းပင် နေရခက်သွားပြီး ကားပေါ်တက်သင့် မတက်သင့် ဝေခွဲမရဖြစ်နေစဉ် ယာဉ်မောင်းဘေးခုံကိုကြည့်လိုက်တော့ ထိုနေရာတွင် လက်ဆွဲအိတ်တစ်လုံး တင်ထားသည်ကို တွေ့လိုက်ရသည်။

နောက်ဘက်မှ ကားတစ်စီးက ဟွန်းတီး၍ အလျင်လိုနေသဖြင့် သူမလည်း အများကြီးမစဉ်းစားနိုင်တော့ဘဲ ခါးကိုကိုင်းကာ ကားပေါ်ကိုတက်လိုက်ရတော့သည်။

ထိုင်ခုံတွင်ထိုင်ပြီး ချွတ်ထားသော ကျောပိုးအိတ်ကို ဒူးပေါ်တွင် တင်ထားလိုက်သည်။ သူမ မျက်လုံးထောင့်မှနေ၍ ကောင်လေး၏ မျက်နှာကို ခိုးကြည့်မိ၏။

သူမ နှုတ်ဆက်သင့်သည်ဟု ထင်သော်လည်း သူ့ကို ဘယ်လိုခေါ်ရမလဲကို မသိပေ။

လော့ဝေ့ကော်က အချိန်မီ ဝင်ပြောလာသည်။

"ဒါက ဥက္ကဋ္ဌဟော့ရဲ့ မြေးလေးလေ"

သို့သော် ထိုမိတ်ဆက်စကားကလည်း ရှလီကို အကူအညီမပေးသည်မို့ သူမ ခဏစဉ်းစားပြီး နောက်ဆုံးတွင် ပြောလိုက်ရသည်။

"ဟယ်လို"

ကောင်လေးက လှည့်ကြည့်လာပြီး အေးစက်စက် မျက်ဝန်းတစ်စုံဖြင့် ကြည့်ကာ သစ်ကိုင်းဖျားက နှင်းပွင့်တွေကို လေတိုက်သွားသလိုအသံမျိုးဖြင့် ပြောလာသည်။

"ဟယ်လို"

ကားထွက်ပြီး သိပ်မကြာသေးချိန်တွင် လော့ဝေ့ကော်က ရှလီ၏ဘေးတွင်ထိုင်နေသော ကောင်လေးကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"မောနေရင် ခဏလောက် အနားယူလိုက်ပါဦး စားသောက်ဆိုင်က ကြိုမှာထားပြီးသားမို့ ရောက်တာနဲ့ ထမင်းစားလို့ရပါပြီ"

ကောင်လေးက ခံစားချက်မဲ့သော အသံဖြင့် ပြောသည်။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အထွေထွေမန်နေဂျာလော့"

လော့ဝေ့ကော်က ပြုံး၍ ပြင်ပေး၏။

"လက်ထောက်ပါ လက်ထောက်အထွေထွေမန်နေဂျာ"

လော့ဝေ့ကော်က ကောင်လေးကို အလွန်ဖားယားနေသဖြင့် ရှလီမှာ နည်းနည်း နေရခက်သွားသည်။ ၎င်းမှာ လူတစ်ယောက်၏ အခြားတစ်ဖက်ကို မရည်ရွယ်ဘဲ တွေ့လိုက်ရသလိုပင်။ ပုံမှန်အားဖြင့် သူမ၏ဖခင် ရှကျန့်ယန်ကသာ လော့ဝေ့ကော်အပေါ် သတိလေးဖြင့် ဖားယားရလေ့ရှိသည်။

မိနစ်ဝက်လောက် ကြာသွားသည့်အချိန်တွင် လော့ဝေ့ကော်က ကောင်လေးကို ထပ်၍ ပြုံးကာ မေးလာပြန်သည်။

"ပူနေလား အဲကွန်း နည်းနည်း လျှော့ပေးရမလား"

ကောင်လေးက ခံစားချက်မဲ့သော မျက်နှာထားဖြင့်ပင် ပြန်ဖြေသည်။

"မလိုပါဘူး"

လော့ဝေ့ကော်က ပြုံးကာ ပြောလာသည်။

"ဦးလေးက ဥက္ကဋ္ဌကြီးဟော့ရဲ့ အလုပ်တွေကို ခဏခဏ လုပ်ပေးရတော့ ချူချန်မြို့အကြောင်းကို သေချာသိတယ်… ဘာလိုချင်တာရှိရှိ ပြောသာပြောပါ ဦးလေး အကောင်းဆုံး လုပ်ပေးမယ်… ဒီမှာနေရတာ အဆင်ပြေစေရမယ် ဟုတ်ပြီလား…"

ရှလီမှာ ဘေးလူတစ်ယောက်အနေဖြင့်ပင် ထိုလွန်လွန်ကဲကဲပျူငှာမှုကြီးကို ရှက်နေမိသော်လည်း ကောင်လေးကမူ မျက်မှောင်နည်းနည်းသာ ကုတ်လိုက်ပြီး ယဉ်ကျေးစွာဖြင့် "ကျေးဇူးတင်ပါတယ်" ဟုသာ ပြော၏။

လော့ဝေ့ကော်၏ ဖုန်းမြည်လာသည်။

သူက ကမန်းကတန်း ကိုင်လိုက်ပြီး တစ်ဖက်လူအား ပြုံး၍ ပြောလိုက်သည်။

"လမ်းမှာရောက်နေပါပြီ ဟုတ်ကဲ့ ဟုတ်ကဲ့ ဥက္ကဋ္ဌဟော့ စိတ်ချပါ ဘာမှမဖြစ်စေရပါဘူး မနေ့ညက ရေဘေးကာကွယ်ရေး အလုပ်တွေမှာလည်း အမှားအယွင်းမရှိပါဘူး ဒီနေ့ ပုံမှန်အတိုင်း အလုပ်ပြန်စနေပါပြီ ဥက္ကဋ္ဌကြီးက ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ ဒီလိုကိစ္စသေးသေးလေးတွေကို ကျွန်တော်တို့ကိုပဲ တာဝန်ယူခိုင်းလိုက်ပါ"

ရုတ်တရက် ဘေးနားက ကောင်လေးက တိုးညင်းစွာ မေးလာသည်ကို ရှလီ ကြားလိုက်ရသည်။

"သီချင်းနားထောင်နေတာလား"

လှည့်ကြည့်လိုက်တော့ သူက မျက်လွှာအောက်ချကာ သူမလက်ထဲရှိ နားကြပ်ကြိုးများ ရှုပ်ထွေးနေသော MP3 ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ရှလီက mp3 စက်လေးကို မသိမသာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိပြီး ထိုတံဆိပ်မရှိသော ပစ္စည်းကို သူ့ကို မပြချင်ပေ။

ကောင်လေးက မေးလာသည်။

"ကျွန်တော့်ကို ငှားလို့ရမလား ကျွန်တော့်ဟာက အားကုန်သွားလို့"

ကောင်လေး၏ အသားအရည်က ပါးလွှာသော နှင်းပွင့်များကဲ့သို့ဖြူဖွေးနေပြီး မျက်တောင်များက ရှည်လျားကာ ပါးလျ၏။ သူ မျက်လွှာချလိုက်ချိန်တွင် ကျဆင်းလာသော မီးခိုးနုရောင် အရိပ်လေးများက မည်သို့မည်ပုံကြောင့်မှန်းမသိဘဲ သစ်ကိုင်းဖျားတွင် နားနေသော ဆောင်းရာသီ ဘီလုံးငှက်ကလေး၏ အမွေးအတောင်တွေကို သတိရသွားစေချေသည်။

မင်ကျန်းအလယ်တန်းကျောင်းတွင် ချောမောသော ယောကျ်ားလေးများ မရှားပါချေ။ သို့သော် ရှလီက သူတို့၏ ချောမောမှုမှာ စိတ်ကူးယဉ်နိုင်သော ရုပ်လုံးပေါ်မှုမျိုးသာဖြစ်ပြီး ကြာကြာကြည့်လျှင် ရိုးသွားသည်ဟု ထင်မိ၏။

သူကတော့ မတူပေ။

သူ၏အငွေ့အသက်က မယုံနိုင်လောက်အောင် သန့်စင်နေပြီး စိတ္တဇသဘောတရားများထဲတွင်သာ တည်ရှိသင့်သည်ဟု ထင်ရသည်။

ကောင်လေးက ထပ်ဖြည့်ပြောလာသည်။

"တစ်ဖက်လောက်ပဲ ငှားပါလား"

ရှလီမှာ အသက်ရှူသံပင် တိုးသွားပြီး နားကြပ်ကို ဖြုတ်ကာ နှစ်ဖက်စလုံးကို ကမ်းပေးလိုက်သည်။

ကောင်လေး၏ အကြည့်က သူမ၏လက်ပေါ်ကိုကျရောက်လာပြီး ခဏတာ ရပ်တန့်သွား၏။

သူမက ရှင်းပြလိုက်သည်။

"နားထောင်လေ ငါလည်း အိပ်တော့မလို့"

ကောင်လေးက လှမ်းယူလိုက်ပြီး ပြောလာသည်။

"ကျေးဇူးပဲ"

MP3 ကိုပါ ကမ်းပေးသင့်သော်လည်း ရှလီက ရှက်ရွံ့နေသဖြင့် ကိုယ့်လက်ထဲတွင်သာ ကိုင်ထားပြီး သူ့ကို မေးလိုက်သည်။

"ဘာသီချင်း နားထောင်ချင်လဲ"

သူက ဖြေလာ၏။

"ဘာဖြစ်ဖြစ် ရတယ်"

ရှလီက ပြန်ပြောသည်။

"ဒါဆို ကျပန်းပဲ ဖွင့်လိုက်မယ်"

ကောင်လေးက ခေါင်းညိတ်ပြသည်။

ရှလီက ခေါင်းငုံ့ကာ မီနူးကို လှန်လှောပြီး သူမ အမြဲနားထောင်လေ့ရှိသော်လည်း လူတိုင်းမသိသော သီချင်းတစ်ပုဒ်ကို ဖွင့်ပေးလိုက်သည်။

MP3 မျက်နှာပြင်တွင် သူမ၏လက်ချောင်းများမှ ထွက်လာသော ချွေးစေးလေးများ ကပ်နေ၏။

ကောင်လေးက နားကြပ်နှစ်ဖက်စလုံးကို နားထဲကိုတပ်လိုက်ပြီး နောက်သို့မှီကာ ခေါင်းလှည့်၍ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေလိုက်သည်။

လော့ဝေ့ကော်က ဖုန်းပြောပြီး ကောင်လေးအား ဆက်၍ ဖားရန် ပြင်လိုက်သော်လည်း နောက်သို့လှည့်ကြည့်လိုက်ချိန်တွင်တော့ စကားစကို ရပ်လိုက်ရတော့သည်။

ရှလီ ထိုကောင်လေး တကယ်သီချင်းနားထောင်ချင်လို့မဟုတ်မှန်း သဘောပေါက်လိုက်သည်။

သူက လော့ဝေ့ကော်နှင့် ဆက်ပြီးစကားမပြောချင်တော့လို့သာ။

ရှလီ အိပ်မပျော်ခဲ့ပါ။ သို့သော် ကောင်လေးကတော့ လက်ကိုပိုက်ကာ ခေါင်းကို ဘယ်ဘက်ကိုနည်းနည်း စောင်းပြီး မကြာမီမှာပင် မျက်လုံးများ မှိတ်သွားလေတော့သည်။

ရှလီမှာ MP3 မျက်နှာပြင် ဘယ်ဘက်အပေါ်ထောင့်ရှိ ဘက်ထရီအားကို မကြာခဏ ခိုးကြည့်နေမိပြီး အားကုန်၍ ပိတ်သွားမည်ကို စိုးရိမ်နေမိသည်။

သို့သော် တံဆိပ်မရှိသောပစ္စည်းများတွင်လည်း အားသာချက်ရှိကြောင်း ဝန်ခံရမည်ဖြစ်သည်။ မည်သည့် branded တံဆိပ်များထက်မဆို ပို၍ခံသည့် ဘက်ထရီရှိ၏။

ထိုခံစားချက်က အလွန်ထူးဆန်းပြီး သူမဘဝတွင် တစ်ခါမှ မဖြစ်ဖူးခဲ့ချေ။

နေရောင်ခြည်က ဝင်ရောက်လာပြီး နေရောင်ကျနေသောဘက်ရှိ အသားအရည်ကို တဖြည်းဖြည်း နွေးထွေးလာစေသကဲ့သို့ နှလုံးသားထဲသို့လည်း နွေးထွေးသော ရေလှိုင်းလေးများ စီးဝင်လာသလို ခံစားရသည်။ သူမက ကောင်လေးဆီကိုမသိမသာ ခိုးကြည့်လိုက်ရာ အလင်းရောင်ပြောက်ကျားလေးတွေက သူ့အပေါ် ကျရောက်နေသည်မှာ သူမ၏ ခံစားချက်နှင့်ပင် ထပ်တူကျနေသယောင်။

တစ်စုံတစ်ယောက်က ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိပေးလိုက်သကဲ့သို့သေးငယ်သော မီးတောက်လေးက လေထဲတွင် ယိမ်းနွဲ့ကာ တောက်လောင်လိုက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလိုက်နှင့် ရှိနေ၏။

အပြန်လမ်းက အလွန်မြန်ဆန်လှပြီး အိမ်စီးကား စီးရသောကြောင့်သာ မဟုတ်ရင် သည်လောက်မြန်မှာမဟုတ်။

ရှလီ သတိဝင်လာချိန်တွင် ကားက ဖွံ့ဖြိုးမှုဇုန်အနီးကိုရောက်နေပြီဖြစ်ပြီး လော့ဝေ့ကော်က နောက်သို့လှည့်ကာ ရှလီ အိမ်ပြန်မှာလားဟု မေးလာသည်။

ရှလီက ပြန်ဖြေလိုက်သည်။

"သမီး ထျန်းရှင်းလမ်းကို သွားမလို့... ဦးလေးလော့ သမီးကို အရှေ့နားလေးမှာ ချပေးခဲ့ရင် ရပါပြီ သမီးဘာသာ ကားစီးသွားလိုက်ပါ့မယ်"

လော့ဝေ့ကော်က ပြောသည်။

"ဦးလေးတို့လည်း မြို့လယ်ကို သွားမှာဆိုတော့ လမ်းကြုံတာပဲလေ"

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ကားက ထျန်းရှင်းလမ်းဆုံကိုရောက်လာပြီး လော့ဝေ့ကော်က ကားကို ဘေးကပ်ရပ်လိုက်သည်။

ရှလီက ကောင်လေးဘက်ကို လှည့်ကြည့်လိုက်တော့ သူမ စကားမစရသေးခင်မှာပင် ကောင်လေးက မျက်လုံးပွင့်လာပြီး နားကြပ်နှစ်ဖက်စလုံးကို ဖြုတ်ကာ သူမထံ ကမ်းပေးရင်း သန့်စင်အေးစက်သော အသံဖြင့် ပြောလာသည်။

"ကျေးဇူးပဲ"

ရှလီက သီချင်းကို ရပ်လိုက်ပြီး နားကြပ်ကြိုးတွေကို MP3 ပေါ်တွင် ရစ်ပတ်လိုက်သည်။

သူမက ကားတံခါးကိုဖွင့်ကာ လော့ဝေ့ကော်အား ကျေးဇူးတင်စကားပြောလိုက်ပြီး ကားပေါ်မှမဆင်းမီ ကောင်လေးကို တစ်ချက်ကြည့်လိုက်သော်လည်း သူမတုံ့ဆိုင်းသွားပြီး သူ၏နာမည်ကို မမေးဖြစ်ခဲ့ပေ။

သူမက ကိုယ့်ကိုယ်ကိုယ် မဖြစ်နိုင်သည့် အိပ်မက်တွေ ဆက်မမက်စေချင်တော့ချေ။

သူတို့ ထပ်တွေ့ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်လေ။

All Chapters