'သူ့နာမည်လေးကို ငါ သဘောကျတယ်... သူ့လိုလူနဲ့ ဆုံစည်းရတဲ့ ငါ့ဘဝလေးကိုလည်း သဘောကျတယ်' --- အထက်တန်းကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်နေ့တွင် သူငယ်ချင်းတစ်ယောက်၏ အိမ်မှာ အတန်းဖော်ဟောင်းများ ပြန်လည်ဆုံစည်းပွဲလေး ကျင်းပဖြစ်ခဲ့ကြသည်။ သူတို့အားလုံး မည်သို့မည်ပုံ စကားစပ်မိသွားကြမှန်းမသိဘဲ ကျောင်းသားဘဝက လုပ်ခဲ့ဖူးသော ရူးကြောင်ကြောင်နိုင်သော်လည်း ရိုမန်းတစ်ဆန်ဆန်နှင့် ဘယ်သူမျှမသိခဲ့သော လျှို့ဝှက်ချက်များအကြောင်းကို ပြောဖြစ်သွားကြ၏။ ရှလီ၏အလှည့်သို့ရောက်လာတော့ သူမက ပြောပြလိုက်သည်။ "သူ့မွေးနေ့တုန်းက ငါလေ အခွင့်ေကာင်း ယူပြီးတော့ ရေဒီယိုစခန်းကနေ သူကြိုက်တဲ့အဆိုတော်တွေရဲ့ သီချင်းတွေကို တနေ့ခင်းလုံး ဖွင့်ပေးခဲ့ဖူးတယ်" တစ်စုံတစ်ယောက်က သူ က ဘယ်သူလဲဟု မေးလာသော်လည်း ရှလီက ပြုံးသာပြုံးနေပြီး မဖြေဘဲ နေခဲ့သည်။ ပွဲတစ်ဝက်တွင် သူမက သန့်စင်ခန်းသို့သွားချိန်တွင် ဘေးဘက်အခန်းထဲမှ ထွက်လာသော လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဝင်တိုက်မိသွားခဲ့သည်။ ထိုသူကား ယန့်စစ်ရှီပင် ဖြစ်၏။ ယန့်စစ်ရှီက ခေါင်းငုံ့ကာ သူမအား ကြည့်လာပြီး သူ၏အကြည့်တို့က အလွန်တရာ နက်ရှိုင်းနေကာ ခပ်တိုးတိုးဆိုလာ၏။ "မင်းကိုး" ____ 'ချူချန်ကနေ နန်ချန်... နန်ချန်ကနေ ပေချန်... အဲဒီကနေတစ်ဆင့် လော့စ်အိန်ဂျလိစ်အထိပေါ့... နင့်အနားကို တိုးကပ်နိုင်ဖို့အတွက် ငါ နေ့ရက်ပေါင်း သုံးထောင်နဲ့ မိုင်ပေါင်း တစ်သောင်းကျော်ကို ဖြတ်သန်းခဲ့တယ်... ဒါပေမဲ့ နင်သိဖို့မလိုပါဘူး... ဘာလို့လဲဆိုတော့ ငါ နင့်ကို မေ့ပစ်တော့မှာမို့' 'ကျောင်းပြီးလို့ ခြောက်နှစ်ကြာတဲ့အထိ သူ့အကြောင်း အိပ်မက်မက်နေတုန်းပဲ... အဲဒီတုန်းက ပထဝီကို အမုန်းဆုံးဆိုပေမဲ့ ပထဝီ ကိုယ်စားလှယ် အဖြစ် နှစ်နှစ်တိတိ လုပ်ခဲ့တာ... ဝိဇ္ဇာတန်း ရုံးခန်းကိုသွားရင် သူ့စာသင်ခန်းကို ဖြတ်သွားရလို့လေ... အဲဒီတုန်းက ငါလေ စာအုပ်ပုံကြီးကို ပိုက်ထားရင်း ရင်ထဲမှာ လေးလံနေသလိုနဲ့ ပေါ့ပါးနေခဲ့ပြီး ဧရာမ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရင်ဘတ်ထဲ ဝှက်ထားရသလို ခံစားခဲ့ရတယ်... နောက်ပိုင်း အလုပ်ခွင်က မီးခိုးရောင် ရုံးခန်းအဆောက်အအုံတွေကြားထဲ ဖြတ်သန်းသွားလာရင်း အတိတ်ကကိစ္စတွေကို ငါ မကြာခဏ ပြန်တွေးမိတတ်တယ်... အဲဒီနှစ်က ဆယ့်ခြောက်နှစ်အရွယ်မှာ အဲဒီကောင်လေး ရောက်လာခဲ့တဲ့ နွေရာသီတုန်းကလိုမျိုး ဖြူစင်တဲ့ ရင်ခုန်သံတွေ ငါ့ဆီမှာ ဘယ်တော့မှ ထပ်ရှိလာတော့မယ် မထင်ဘူး'

