အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇)
တကယ်တော့ သူက စိုးရိမ်တုန်လှုပ်မနေခဲ့ပေ။ သို့သော် ရှလီက သူ၏နာမည်ကို ခေါ်လိုက်ချိန်တွင် မည်သို့မည်ပုံကြောင့်မှန်းမသိဘဲ လေထဲလွင့်နေရာမှ မြေပြင်ပေါ်ကိုပြန်လည်ခြေချလိုက်ရသလိုခံစားလိုက်ရချေသည်။
ယန့်စစ်ရှီ၏ အကြည့်များက သူမမျက်နှာပေါ်တွင် တစ်ခဏမျှ ကျရောက်သွားပြီး မေးလိုက်သည်။
"အခုမှ ရုံးဆင်းတာလား"
ရှလီက ယန့်စစ်ရှီနှင့် ဒီမျှအနီးကပ် စကားပြောရသည်ကို ကျင့်သားမရသေးသလိုအိပ်မက်မက်နေရသလို ဝေဝါးနေဆဲ ဖြစ်သည်။
"အင်း"
အိပ်မက်မက်နေသလားဟု ဆုံးဖြတ်နိုင်သော စံနှုန်းတစ်ခုမှာ အကြောင်းအကျိုးကို ပြန်လည်မှတ်မိနိုင်ခြင်း ရှိမရှိပင် ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ယန့်စစ်ရှီက ရုတ်တရက်ကြီး ပေါ်လာသဖြင့် ခေါင်းမရှိ အမြီးမရှိသော အိပ်မက်အပိုင်းအစတစ်ခုနှင့် အလွန်တူနေ၏။
တစ်ခဏမျှ ရပ်တန့်သွားပြီး ရှလီက ပြုံး၍ မေးလိုက်သည်။
"နင်က... ဒီနည်းပညာပန်းခြံထဲမှာ အလုပ်လုပ်တာလား"
ဒီပတ်ဝန်းကျင်တွင် လူနေအိမ်များမရှိသဖြင့် အမှတ်မထင် ဖြတ်သွားရန် အခွင့်အလမ်းမှာ ပို၍ပင် နည်းပါးသည်။
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်၏။
"ဘယ်တုန်းက နိုင်ငံခြားကနေ ပြန်ရောက်တာလဲ"
"မနှစ်က နိုဝင်ဘာလမှာ တရားဝင် ပြန်ရောက်လာတာ"
သူတို့နှစ်ယောက်လုံး ပန်းခြံတစ်ခုတည်းတွင် အလုပ်လုပ်နေသည်မှာ သုံးလကျော်ရှိပြီဖြစ်သော်လည်း ယခုမှ ပထမဆုံးအကြိမ် ဆုံတွေ့ရခြင်းဖြစ်ရာ သိပ်တိုက်ဆိုင်လှသည်ဟုလည်း မဆိုနိုင်တော့ပေ။
ရှလီက စကားပြောနေရင်း ထမင်းဘူးကို ပလတ်စတစ်အိတ်ထဲ ထည့်လိုက်သည်။
"တရုတ်ပြည်ကို ပြန်လာပြီး အခြေချဖို့ ဆုံးဖြတ်လိုက်တာလား"
"အင်း"
ယန့်စစ်ရှီနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် ကိုယ်တိုင် မည်သို့ဖြစ်နေမည်ကို ရှလီ စိတ်ကူးယဉ်ကြည့်ဖူး၏။ သူမက ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေပြီး လည်ချောင်းတွင် တစ်ဆို့နေကာ ဘာစကားမှ ပြောထွက်မည်မဟုတ်ဟု ထင်ထားခဲ့သည်။
ယခုအချိန်တွင်တော့ ရင်ထဲ၌ နည်းနည်းသော သက်ပြင်းချမှုနှင့် ခံစားရမှုများသာရှိပြီး ဖမ်းဆုပ်၍မရနိုင်လောက်အောင် ဖျော့တော့သော နာကျင်မှုလေးတစ်ခုသာ ရှိနေချေသည်။
တကယ်တော့ သူမက အခြားအတန်းဖော်ဟောင်းတွေကို ဆက်ဆံသလိုယန့်စစ်ရှီနှင့်လည်း ပုံမှန်အတိုင်း အပြန်အလှန် နှုတ်ဆက်နိုင်နေပြီ ဖြစ်၏။
ရှလီက ပလတ်စတစ်အိတ်ကို လက်တွင်ဆွဲထားကာ နည်းနည်း တုံ့ဆိုင်းနေမိသည်။ အချိန်က စောမနေတော့ဘဲ ရွှီနင်ကလည်း သူမ အစာလာကျွေးမည့်အချိန်ကို စောင့်နေသေးသည်။
ယန့်စစ်ရှီက စကားစလာ၏။ သူ၏အကြည့်က ရှလီ၏လက်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ဒီအနားမှာ နေတာလား"
ရှလီက ပြုံး၍ ပြန်ဖြေသည်။
"ဒီအနီးအနားက ဈေးကြီးတယ်လေ မနေနိုင်ပါဘူး"
ယန့်စစ်ရှီက ပြတ်သားစွာ ပြောလိုက်သည်။
"ငါ လိုက်ပို့ပေးမယ်"
ရှလီမှာ ငြင်းပယ်သင့် မငြင်းပယ်သင့် စဉ်းစားရန် အချိန်ပင်မရလိုက်ချေ။ ယန့်စစ်ရှီက ပြတ်သားစွာ လှည့်ထွက်သွားပြီး ကုန်စုံဆိုင်တံခါးဝကိုလျှောက်သွားပြီဖြစ်သောကြောင့်ပေ။
သူ့လက်ထဲတွင် ဘာမှမပါဘဲ ဘာမှမဝယ်သွားကြောင်းကို ရှလီ သတိထားမိလိုက်သည်။
ကုန်စုံဆိုင်တံခါးဝတွင် အနက်ရောင် SUV ကားတစ်စီး ရပ်ထားပြီး ယန့်စစ်ရှီက ကားသော့ကို တစ်ချက်နှိပ်လိုက်ရာ ကားမီးရောင်များ လင်းလက်သွား၏။
သူက ယာဉ်မောင်းဘေးခုံအနီးကိုလျှောက်သွားကာ ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ကိုင်ထားပေးသည်။
အေးစက်လှသော လေပြင်းများကြောင့် ရှလီမှာ တစ်စက္ကန့်မျှသာ တုံ့ဆိုင်းသွားပြီး လျှောက်သွားကာ ခါးကိုကိုင်း၍ ကားပေါ်ကိုတက်လိုက်တော့သည်။
သူ၏ရှေ့မှ ဖြတ်သွားချိန်တွင် လေအေးများနှင့်အတူ နှာခေါင်းထဲကိုဝင်ရောက်လာသော သန့်စင်လတ်ဆတ်သည့် ရနံ့လေးက မခံစားရတာကြာပြီဖြစ်သော ရင်းနှီးသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
အနံ့အာရုံ၏ မှတ်ဉာဏ်က အကြာရှည်ဆုံး တည်တံ့နိုင်သည်ဟု ဆိုကြသည်။
ယန့်စစ်ရှီက ကားတံခါးကို ခပ်ဖွဖွပိတ်လိုက်ပြီး ကားရှေ့မှပတ်ကာ တစ်ဖက်ကိုသွားလိုက်သည်။
ရှလီက လက်ဆွဲအိတ်ကို ချွတ်ကာ ဒူးပေါ်တင်လိုက်ပြီး ခါးပတ်ကို ဆွဲချိတ်လိုက်၏။
ယန့်စစ်ရှီက ကားပေါ်တက်လာပြီး အင်ဂျင်နှိုးလိုက်သည်။ SYNC ခလုတ်ကို နှိပ်၍ နှစ်ဖက်စလုံး၏ အပူချိန်ကို တူညီအောင် ညှိလိုက်ကာ အဲကွန်းကို ၂၈ ဒီဂရီကိုပြောင်းထားပြီးမှ ကားကို စတင်မောင်းနှင်၏။
"လိပ်စာက"
ရှလီက အိမ်ရာအမည်ကို ပြောပြလိုက်သည်။
"ဘယ်လိုသွားရမလဲ သိလား မသိရင် ငါ လမ်းပြမြေပုံ ဖွင့်ပေးမယ်လေ"
"ဘယ်လမ်းလဲ"
ရှလီက လမ်းအမည်ကို ပြောပြလိုက်သည်။
"လမ်းပြမြေပုံ ဖွင့်ရမလား"
ယန့်စစ်ရှီက ဖြေသည်။
"မလိုပါဘူး"
ထို့နောက် မည်သူမျှ စကားမပြောကြတော့ဘဲ အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။
ယန့်စစ်ရှီက ယာဉ်မောင်းဘေးခုံမှ ရှလီကို တစ်ချက်ကြည့်လိုက်သည်။ သူမက နည်းနည်း ငေးမောနေပုံရပြီး ဘာတွေတွေးနေမှန်း မသိနိုင်ချေ။
သူကတော့ သူမနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်မှာလည်း ကားပေါ်တွင်ဖြစ်ကြောင်းကို ပြန်တွေးမိသွား၏။
သူက ရှလီ၏ နားကြပ်ကို ငှားကာ အိပ်ချင်ယောင်ဆောင်၍ သီချင်းနားထောင်နေခဲ့သည်။ တစ်ခါတစ်ရံ ကားဆောင့်သည့်အခါ မျက်လုံးဖွင့်ကြည့်မိရာ ဘေးတွင်ထိုင်နေသော သူမက လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော MP3 ၏ မျက်နှာပြင်ကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်ကို မြင်ခဲ့ရသည်။
ယနေ့အချိန်အထိ ထိုစဉ်က သူမ ဘာကို စိုက်ကြည့်နေခဲ့သလဲဆိုသည်ကို ယန့်စစ်ရှီ မသိသေးချေ။
ဖုန်းမှ ဝီချက် အသံမြည်လာသဖြင့် ရှလီ သတိဝင်လာခဲ့သည်။
ရွှီနင်ထံမှ ပို့လာသော အသံမက်ဆေ့ချ်ဖြစ်ပြီး သူမက နားနားကပ်၍ ဖွင့်နားထောင်လိုက်ရာ အိမ်ပြန်လာပြီလားဟု မေးထားခြင်း ဖြစ်၏။
ရှလီက အသံသွင်းခလုတ်ကို ဖိထားကာ ပြန်ပို့လိုက်သည်။
"လမ်းမှာရောက်နေပြီ မိနစ်နှစ်ဆယ်အတွင်း ရောက်မယ်"
ရှူး ကနဲ အသံနှင့်အတူ အသံမက်ဆေ့ချ်လေး ပို့သွား၏။
ထိုအချိန်တွင် ယန့်စစ်ရှီက အခြေအနေအရ မေးလိုက်သည်။
"အခန်းဖော်လား"
ရှလီက ဖြေသည်။
"ရွှီနင်လေ... နင် သူ့ကို မှတ်မိသေးလား"
"အခန်း ၇ ကလား"
"《ရှီးအန်းအရေးအခင်း》 ဇာတ်ညွှန်းကို ရေးခဲ့တဲ့သူလေ"
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်ပြီး ထပ်မေး၏။
"ပေချန်မှာ တခြားဘယ်သူတွေရှိသေးလဲ"
"အခန်း ၇ က နောက်နှစ်ယောက်ရှိသေးတယ် နင် သိလောက်မှာ မဟုတ်ပါဘူး... အို အိုးယန်ကျင့်လည်း ရှိတယ် သူက အကတက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ အကပြဇာတ်အဖွဲ့မှာ အလုပ်ဝင်နေတာ"
"အိုးယန်ကျင့် ဆိုတာ"
နင့်ကို ချစ်ရေးဆိုတာ ငြင်းခံရပြီး နင် ငိုအောင်လုပ်ခဲ့တဲ့ ကောင်မလေးလေ ဟု ရှလီကတော့ ပြောမထွက်ချေ။
"အနုပညာအတန်းက ကောင်မလေးတစ်ယောက်ပါ"
ယန့်စစ်ရှီက ပြောသည်။
"ဆောရီး ငါ အမှတ်မရတော့ဘူး"
ရှလီက ဆက်မေးသည်။
"ဒါဆို ဝမ်ချန်းရော နင် သူနဲ့ အဆက်အသွယ်ရှိသေးလား"
"မနှစ်က ပထမနှစ်ဝက်တုန်းက အဆက်အသွယ်ရခဲ့တယ်"
ရှလီက ယန့်စစ်ရှီအနေဖြင့် ဝမ်ချန်း၏ အကြောင်းနှင့်ပတ်သက်၍ စကားနည်းနည်း ဆက်ပြောမည်ဟု ထင်ထားခဲ့သည်။
သို့သော် သူက ဘာမှဆက်မပြောခဲ့ပေ။
ဒီနေရာသို့ရောက်မှသာ ယခုပြောနေသည့် လောကွတ် အကြောင်းအရာတွေကို ယန့်စစ်ရှီက စိတ်မဝင်စားပုံရကြောင်း ရှလီ သတိထားမိသွားတော့သည်။ သူကိုယ်တိုင် စမေးခဲ့သော အကြောင်းအရာများ အပါအဝင်ပင် ဖြစ်၏။
ရှလီက လှည့်ကြည့်လိုက်သည်။
သူ့ကို အေးစက်စိမ်းကားသည်ဟု လုံးဝပြော၍မရပေ။ တကယ်တမ်းတွင် သူမေးသည်ကို ဖြေဆိုနေခြင်း ဖြစ်သည်။
သို့သော် အထက်တန်းကျောင်းတုန်းက သူနှင့်မတူတော့ချေ။ ထိုစဉ်က သူသည် အလုပ်ရှုပ်ခံရမည်ကို ကြောက်သဖြင့် အပိုလူမှုဆက်ဆံရေးတွေကို ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် နျဲ့ချူဟန်ကို စာရှင်းပြပေးသည်ဖြစ်စေ ဝမ်ချန်းကို ဘတ်စကက်ဘော ကစားနည်း သင်ပေးသည်ဖြစ်စေ ပြဇာတ်ကို ဘာသာပြန်ပေးသည်ဖြစ်စေ ယေဘုယျအားဖြင့် လူသားဆန်မှု နည်းနည်းတော့ ရှိခဲ့သေး၏။
သို့သော် ယခု လမ်းတစ်လျှောက် စကားပြောလာရသည်တွင် ယန့်စစ်ရှီက လူများအပေါ်တွင်ရော ကိစ္စရပ်များအပေါ်တွင်ပါ လုံးဝလျစ်လျူရှုထားပြီး ကိုယ်နှင့်မဆိုင်သလိုအေးစက်နေသည်ဟုသာ ရှလီ ခံစားနေရချေသည်။
သူက ဒီကမ္ဘာလောကကြီး၏ ဖြတ်သွားဖြတ်လာ ဧည့်သည်တစ်ယောက်နှင့်သာ တူနေ၏။
ရှလီ ငြိမ်ကျသွားတော့သည်။
ယန့်စစ်ရှီ နင် အဲဒီတုန်းက ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားခဲ့ရတာလဲ ဟူသော မေးခွန်းကလည်း ယခုအချိန်နှင့် မကိုက်ညီတော့သကဲ့သို့ပင်။
ခဏတာ တိတ်ဆိတ်သွားပြီး ယန့်စစ်ရှီက ထပ်မံ၍ စကားစလာ၏။
"နင် ဘွဲ့ကြိုတက်ကတည်းက ပေချန်ကို ရောက်လာတာလား"
ရှလီက ပြုံးကာ ဖြေလိုက်သည်။
"မဟုတ်ပါဘူး နန်ချန်မှာ တက္ကသိုလ်တက်ခဲ့တာ ဘွဲ့ရမှ ဒီကိုလာခဲ့တာ နင်ရော အဲဒီတုန်းက ဘယ်ကျောင်းကို သွားခဲ့တာလဲ"
"အမ်အိုင်တီ"
"အာ..."
ထိုအာမေဍိတ်သံလေးတွင် ရုတ်တရက် အံ့သြသွားသည့် လေသံပါနေသဖြင့် ယန့်စစ်ရှီမှာ မနေနိုင်ဘဲ ရှလီကို ကြည့်လိုက်မိသည်။
ရှလီက ခေါင်းခါကာ ပြုံး၍ ပြော၏။
"ဘာမှမဖြစ်ပါဘူး အဲဒီတုန်းက ပေချန်မှာ အခန်း ၂၀ က အတန်းဖော်တစ်ယောက်နဲ့ ဆုံဖူးတယ် စကားစပ်မိလို့ အားလုံး ဘယ်တွေရောက်ကုန်ကြလဲ ပြောဖြစ်တော့ သူက နင် ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်ကို ရောက်သွားတယ်လို့ ပြောလို့လေ"
ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်က လော့စ်အိန်ဂျလိစ်တွင် ရှိသည်။
အမ်အိုင်တီကတော့ ဘော့စတွန်တွင် ရှိသည်။
ထိုအတန်းဖော်က တကယ်ပဲ အမှတ်မှားသလား ဒါမှမဟုတ် မှားသိထားသလား ဆိုသည်ကိုတော့ အတည်ပြုရန် မဖြစ်နိုင်တော့ချေ။
အချုပ်အားဖြင့်ဆိုရလျှင် တောင်နှင့်မြောက် လွဲချော်သွားသော နားလည်မှုလွဲမှားခြင်းတစ်ခုပင် ဖြစ်၏။
ယန့်စစ်ရှီက ခဏမျှ အသံတိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ စကားပြောအပြီးတွင် လေထုထဲ၌ ဖမ်းဆုပ်ရခက်လောက်အောင် တိုးညင်းလွန်းသော လွမ်းဆွေးတမ်းတမှုပါသည့် သက်ပြင်းချသံလေးတစ်ခုကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။
မျက်လုံးထောင့်မှနေ၍ ရှလီ၏ မျက်နှာပေါ်ကိုအဝါရောင် လမ်းမီးရောင်များ ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရပြီး နောက်တစ်စက္ကန့်တွင် ညအမှောင်ထုထဲကိုကျဆင်းသွား၏။ သူမက မျက်လွှာချထားသဖြင့် မျက်နှာအမူအရာက အရိပ်ထဲတွင် ပုန်းကွယ်နေပြီး ခွဲခြား၍မရနိုင်အောင် ဖြစ်နေချေသည်။
ဒီတစ်ကြိမ် တိတ်ဆိတ်မှုကတော့ အတော်ကြာကြာ။
မသိလိုက်မသိဘာသာဖြင့် ကားက အိမ်ရာရှိရာ လမ်းပေါ်ကိုရောက်လာချိန်အထိပင်။
ရှလီက သတိဝင်လာကာ ပြောလိုက်သည်။
"အရှေ့ကို မီတာတစ်ရာလောက် ထပ်မောင်းလိုက်"
ကားက အိမ်ရာတံခါးဝသို့ရောက်တော့ ရပ်လိုက်၏။
ရှလီက ခါးပတ်ကိုဖြုတ်ကာ လက်ဆွဲအိတ်ကို လွယ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"ရောက်ပြီ ငါ့ကို လိုက်ပို့ပေးလို့ ကျေးဇူးပဲနော်"
"ရပါတယ်"
အလွန် ရင်းနှီးနေသော အဖြေစကားလေးပင်။
ရှလီမှာ တစ်ခဏမျှ ဝေဝါးသွားမိ၏။
သူမက လက်လှမ်း၍ ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး နောက်တစ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်ပြန်သည်။
တံခါးက နည်းနည်း ပွင့်သွားပြီး လေအေးများက ဟနေသော အက်ကြောင်းမှတစ်ဆင့် ဝင်ရောက်လာ၏။ ရှလီက အားစိုက်၍ တွန်းဖွင့်တော့မည့်ဆဲဆဲတွင် ယန့်စစ်ရှီက စကားဆိုလာသည်။
"ဝီချက်လေး ဘာလေး မအပ်တော့ဘူးလား"
ရှလီက လက်ကို လွှတ်လိုက်ရာ လေပြင်းက တံခါးကို ရုတ်တရက် ပိတ်သွားစေတော့သည်။
မီးများက စည်းချက်ကျကျ လင်းလက်နေ၏။
ယန့်စစ်ရှီက လက်လှမ်း၍ ဘေးဘက် ဂီယာသေတ္တာထဲရှိ ဖုန်းကို ကောက်ယူလိုက်သည်။
သူမထံ ကမ်းပေးလာချိန်တွင် လင်းလက်နေသော မျက်နှာပြင်ပေါ်၌ QR ကုဒ်လေးတစ်ခု ပေါ်နေချေသည်။
YAN
ပရိုဖိုင်ပုံလေးကတော့ မှုိုင်းညို့နေသော ရေပြာနက်ပင်လယ်ပြင်ကြီးတစ်ခု။
_______