← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

ထိုနေ့ ညစာကြည့်ချိန်အထိ ရှလီက စိတ်လွင့်နေခဲ့ပြီး ထိုမဂ္ဂဇင်းကို ယန့်စစ်ရှီက ပစ္စည်းပျောက်ရှာဖွေရေးဌာနကိုပို့လိုက်မည်လား ဒါမှမဟုတ်သူက အမှိုက်ပုံးထဲကိုတိုက်ရိုက်ပစ်ထည့်လိုက်မည်လားဟု စိုးရိမ်နေမိသည်။

ထို့အပြင် သူမအတွက် စိတ်ပူစရာ နောက်ထပ်ကိစ္စတစ်ခုလည်း ရှိနေသေးသည်။ မေလပထမပတ် အားလပ်ရက်ရောက်တော့မည်ဖြစ်ရာ သူမက မိဘများအတွက် ကွန်ပျူတာတစ်လုံး တပ်ဆင်ပေးရန် ကွန်ပျူတာပစ္စည်းအရောင်းဆိုင်ကိုသွားရမည်ဖြစ်သည်။

ဒီကိစ္စနှင့်ပတ်သက်၍ သူမက ရင်းနှီးသော မိန်းကလေးသူငယ်ချင်းတွေကို အရင်မေးကြည့်ခဲ့သော်လည်း အားလုံးက သိပ်နားမလည်ကြဘဲ သူတို့အိမ်တွင်အသုံးပြုနေသော တံဆိပ်တွေကိုသာ အကြံပြုကြသည်။ လင်ချင်းရှောင်မှတစ်ဆင့် နျဲ့ချူဟန်ကိုလည်း မေးခိုင်းခဲ့သော်လည်း နျဲ့ချူဟန်မှာ ဒီအကြောင်းကို တစ်စိတ်တစ်ပိုင်းသာ သိသဖြင့် သေချာမအကြံပြုရဲပေ။

ညစာကြည့်ချိန် ခဏနားချိန်တွင် ရှလီက ယောကျ်ားလေးများထဲမှ သူမနှင့် အရင်းနှီးဆုံးဖြစ်သော ရှောက်ယွီလုံကို သွားမေးလိုက်၏။

ရှောက်ယွီလုံက ခေါင်းကုတ်ကာ ပြန်ဖြေသည်။

"ကွန်ပျူတာလား ငါတို့အိမ်ကတော့ Lenovo အစုံလိုက် တိုက်ရိုက်ဝယ်ထားတာ... အသစ်လုပ်မယ့်သူတွေ ကိုယ်တိုင်တပ်ဆင်ရင် အလိမ်ခံရဖို့ လွယ်တယ်နော် ငါ သိပ္ပံအတန်းက သူငယ်ချင်းတွေကို မေးကြည့်ပေးရမလား"

ရှလီက ပြန်ပြောသည်။

"မလိုပါဘူး… ငါ ဒီတိုင်း မေးကြည့်ရုံပါ လောလောဆယ် ဒုက္ခမပေးတော့ဘူး"

ရှောက်ယွီလုံက ပြုံးကာ ပြောလိုက်သည်။

"ဒါဆို လိုအပ်တာရှိရင် ငါ့ကိုပြောနော်"

ရှလီက ခေါင်းညိတ်ပြလိုက်သည်။

နားချိန် မကုန်သေးသည်ကို တွေ့ရသဖြင့် ရှလီက အောက်ထပ်ကိုတစ်ခေါက် ပြေးဆင်းသွားပြန်သည်။

အခန်း ၂၀ ၏ တံခါးဝကိုရောက်သည်နှင့် ရေချိုးခန်းဘက်မှ လာသော ဝမ်ချန်းနှင့် အမှတ်မထင် ဆုံမိ၏။

"ဝမ်ချန်း"

ဝမ်ချန်းက လမ်းလျှောက်နေစဉ် သူ့ကမ္ဘာထဲတွင်သူ မြောနေတတ်သူဖြစ်ရာ တစ်စုံတစ်ယောက်ခေါ်သံကြားမှသာ ခြေလှမ်းတန့်ပြီး လှည့်ကြည့်လာ၏။

ရှလီက ပြောလိုက်သည်။

"နင့်ကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား"

ဝမ်ချန်းက ခေါင်းညိတ်ပြသည်။

အကြိမ်ပေါင်းများစွာ တွေ့ဖူး၍ ဝမ်ချန်းက သူမကို မှတ်မိနေပြီ ဖြစ်သည်။

"နင် ကွန်ပျူတာတွေအကြောင်း နားလည်လား ငါ ကွန်ပျူတာတစ်လုံး တပ်ချင်လို့ CPU၊ မှတ်ဉာဏ်ကတ် နဲ့ ဂရပ်ဖစ်ကတ်အကြောင်းလေးတွေ အကြံပြုပေးဖို့ အကူအညီတောင်းချင်လို့ပါ"

ဝမ်ချန်းက ဖြေသည်။

"သိပ်နားမလည်ဘူး"

ရှလီက ပြောသည်။

"အာ… ငါက နင် ကျွမ်းမယ်ထင်နေတာ"

"ဘာလို့လဲ ငါ အဲဒီလို ပြောဖူးလို့လား"

"…မ မဟုတ်ပါဘူး" ရှလီမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားချေသည်။

နင့်ရုပ်က ဒီကိစ္စတွေကို ကျွမ်းကျင်တဲ့ရုပ်မျိုး ပေါက်နေလို့ပါဟု သူမ မပြောခဲ့ပေ။

ဝမ်ချန်းက မျက်မှန်ကိုပင့်ကာ ပြောလိုက်၏။

"ငါ့ကို ဘာလို့မေးတာလဲ ယန့်စစ်ရှီက ဒီအကြောင်းတွေ ကျွမ်းတယ်လေ နင် သူ့ကို မေးသင့်တာ…"

ရှလီမှာ တားချိန်ပင်မရလိုက်ဘဲ ဝမ်ချန်းက အတန်းထဲသို့လှမ်း၍ ယန့်စစ်ရှီ၏ နာမည်ကို ခေါ်လိုက်ပြီဖြစ်သည်။

ထိုအခါ ပြတင်းပေါက်နားတွင် ထိုင်နေသော ယန့်စစ်ရှီက နားကြပ်ကိုဖြုတ်ကာ တံခါးဝကိုတစ်ချက်ကြည့်လိုက်သည်ကို ရှလီ တွေ့လိုက်ရ၏။ ချက်ချင်းပင် သူက မတ်တပ်ရပ်လိုက်ပြီး လက်ထဲရှိ မဂ္ဂဇင်းကို ပိတ်လိုက်သည်။ ရှလီ၏ အမြင်အာရုံက အလွန်ကောင်းသဖြင့် ထိုစာအုပ်မှာ သူမ 'ငှား' ပေးခဲ့သော မဂ္ဂဇင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

ယန့်စစ်ရှီက တံခါးဝဘက်ကိုလျှောက်လာသည်။

ရှလီ၏ ရင်ထဲတွင် ရွှင်မြူးခုန်ပေါက်နေသလို ခံစားရ၏။

ယန့်စစ်ရှီက တံခါးဝတွင်ရပ်ကာ သူမကို တစ်ချက်ကြည့်ပြီး ဝမ်ချန်းကို ကြည့်လိုက်သည်။

"ဘာကိစ္စလဲ"

"ကျောင်းသူရှက ကွန်ပျူတာတပ်ချင်လို့တဲ့ နင်က ဒီအကြောင်းကျွမ်းကျင်တော့ ကူညီပေးလိုက်ပါလား"

အမှန်အတိုင်းပြောရလျှင် ယန့်စစ်ရှီကို အကူအညီတောင်းရန် ရှလီ မစဉ်းစားမိတာတော့မဟုတ်ချေ။

သူက 《Popular Software》 မဂ္ဂဇင်းကို အမြဲဖတ်လေ့ရှိပြီး ကိုယ်တိုင် ကုဒ်များရေးကာ ကွန်ပျူတာပရိုဂရမ်နှင့် ပတ်သက်သော ကျွမ်းကျင်စာအုပ်တွေကိုလည်း အများကြီး ဖတ်ထားသဖြင့် ဒီကိစ္စတွေကို သူ ကျွမ်းကျင်နိုင်ခြေ အလွန်များ၏။

သို့သော် လူတစ်ယောက်ကို သဘောကျမိလျှင် တိုက်ရိုက်မပြောဘဲ အမြဲတမ်း သွယ်ဝိုက်ပြီးမှသာ ပြောလေ့ရှိရာ ထိုသို့လုပ်ခြင်းက သူမတွင် မည်သည့်ရည်ရွယ်ချက်မှမရှိကြောင်း ပြသနိုင်မည်ဟု ထင်မိသောကြောင့် ဖြစ်သည်။

ယန့်စစ်ရှီက နည်းနည်း ခေါင်းငုံ့ကာ ရှလီကို မေးလိုက်သည်။

"ဘာတွေသုံးဖို့လဲ"

ရှလီက ပြန်ဖြေသည်။

"အပန်းဖြေဖို့က အဓိကပါပဲ ဇာတ်လမ်းတွဲကြည့်မယ် ဂိမ်းအသေးလေးတွေ ဆော့မယ်ပေါ့"

အနီးကပ်ကြည့်လိုက်မှ သူက ယခင်ကထက် ပိန်သွားသည်ကို သူမ သတိထားမိလိုက်သည်။ လူမမာကို ပြုစုနေရ၍လားမသိ သူ၏မျက်လုံးအောက်တွင် ညိုမည်းနေသော အရိပ်အယောင်လေးများ ရှိနေပြီး အိပ်ရေးပျက်ထားပုံပေါ်၏။

ယန့်စစ်ရှီက မေးသည်။

"ဘတ်ဂျက်ကရော"

ရှလီက ပြန်ဖြေသည်။

"သုံး... သုံးထောင်ကျော်ကျော်လောက် သုံးထောင့်ငါးရာထက်တော့ မပိုဘူး"

ပြောထွက်လိုက်ချိန်တွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလို ခံစားရသည်။

ထိုဘတ်ဂျက်မှာ မများလှသဖြင့် Branded အစုံလိုက်ဝယ်မည်ဆိုလျှင် အနိမ့်စားအမျိုးအစားကိုသာ ဝယ်နိုင်မည်ဖြစ်သည်။

ယန့်စစ်ရှီကတော့ ခေါင်းညိတ်ပြလိုက်၏။

"ဘယ်တော့ ဝယ်မှာလဲ"

ရှလီက ဖြေလိုက်သည်။

"မေလပထမပတ်မှာ ကွန်ပျူတာပစ္စည်းအရောင်းဆိုင်တွေက ပိတ်ရက်ဆိုတော့ ပရိုမိုးရှင်းတွေ လုပ်လောက်တယ်..."

"ငါ အိမ်ပြန်ရင် စာရင်းတစ်ခု ရေးပေးမယ် မနက်ဖြန်ကျရင်..."

ဝမ်ချန်းက ဖြတ်ပြောလိုက်သည်။

"သန်ဘက်ခါဆို ကျောင်းပိတ်ပြီပဲ ကွန်ပျူတာအရောင်းဆိုင်ကို တိုက်ရိုက်သွားကြည့်လိုက်ကြတာပေါ့ ငါလည်း မောက်စ်အသစ်တစ်ခု လဲချင်နေတာ နင် ငါ့ကို ကူရွေးပေးလေ"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"ရတယ်လေ"

ရှလီမှာ ရုတ်တရက် ကျလာသော ကံကောင်းမှုကြောင့် ကြောင်အမ်းသွားပြီး ပြောလိုက်၏။

"...ဒါဆို အရမ်းဒုက္ခများသွားလိမ့်မယ်"

ဝမ်ချန်းကတော့ အချိန်ကိုပင် ညှိနေပြီဖြစ်သည်။

ရှလီက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သော်လည်း တကယ်တမ်းတွင် သူမမှာ အံ့ဩဝမ်းသာလို့မဆုံးနိုင်သေးပေ။

"သန်ဘက်ခါ မနက်ဖြစ်ဖြစ် ညနေဖြစ်ဖြစ် ငါ အဆင်ပြေတယ် နင်တို့ အချိန်ကိုပဲ ကြည့်လိုက်"

ယန့်စစ်ရှီက မေးသည်။

"မနက်ပိုင်းလား"

ဝမ်ချန်းက ဖြေသည်။

"ငါကတော့ မနက်ပိုင်း ရတယ်"

ရှလီကလည်း ပြောလိုက်သည်။

"မနက် ကိုးနာရီ ကွန်ပျူတာအရောင်းဆိုင်ရှေ့မှာ တွေ့ကြမလား"

ယန့်စစ်ရှီက သဘောတူလိုက်၏။

"အိုကေ"

တိမ်တိုက်ပေါ်တွင် လမ်းလျှောက်နေရသလိုရှလီက အတန်းစမည့်အချိန်တွင် အတန်းထဲကိုလွင့်မျောလျက် ပြန်ရောက်လာခဲ့ချေသည်။

သင်္ချာဆရာက စာမေးပွဲမေးခွန်းတွေကို ဆက်ရှင်းပြနေပြီး အလားတူ ပုစ္ဆာတစ်ပုဒ်ကို တွက်ခိုင်းလိုက်သည်။

ရှလီက ဘောပင်ကိုကိုင်ကာ အကြမ်းစာရွက်ပေါ်တွင် ပုစ္ဆာကိုကူးရေးပြီး 'အဖြေ' ဟူသော စာလုံးကို ရေးလိုက်သည်။

သတိပြန်ဝင်လာချိန်တွင်မူ ကောင်းမွန်နေသော တြိဂံမက်ထရစ်ပုစ္ဆာမှာ မည်သို့မည်ပုံ ယန့်စစ်ရှီ ဟူသော စာလုံးတန်းများ ဖြစ်သွားမှန်း မသိတော့ချေ။

သူမက ကမန်းကတန်း ဘောပင်ဖြင့် ခြစ်ပစ်လိုက်ရတော့သည်။

______

All Chapters