အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁)
"အကြိတ်အနယ် ကြိုးစားပြီးမှ တွေ့ရတဲ့ ဆုံတွေ့မှုတိုင်းကို မတော်တဆ ဆုံတွေ့သလိုမျိုး ဟန်ဆောင်ရမယ်"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
မင်ကျန်းကဲ့သို့ တက္ကသိုလ်ဝင်ခွင့်ကိုသာ အဓိကထားသော အထက်တန်းကျောင်းမျိုးတွင် ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှုများ သိပ်မရှိလှရာ အားကစားပွဲတော်မှာ ကျောင်းသားများအတွက် ရှားရှားပါးပါး အနားယူခွင့်ရသော အချိန်လေးပင် ဖြစ်သည်။
ရှလီက မည်သည့်အားကစားနည်းကိုမျှ စာရင်းပေးမထားပေ။ သူမက ရေဒီယိုစခန်းမှူးဖြစ်ရာ အားကစားပွဲတော်ကာလအတွင်း ရေဒီယိုထုတ်လွှင့်မှု လုပ်ငန်းစဉ်တွေကို တာဝန်ယူရမည်ဖြစ်သည်။
အားကစားပွဲတော် စတင်မည့်အချိန်ကို ကြာသပတေးနေ့ မနက် ၈ နာရီဟု သတ်မှတ်ထား၏။
ရေဒီယိုစခန်းကို ပရိသတ်စင်မြင့်များကြား ဝင်ပေါက်အနီးတွင် နေရာချထားသည်။
စားပွဲရှည် သုံးလုံးကို ဆက်၍ အသံထိန်းချုပ်စက်၊ မိုက်ခရိုဖုန်း အစရှိသော ပစ္စည်းတွေကို တပ်ဆင်ထားသည်။
ရေဒီယိုစခန်းမှ လူခြောက်ယောက်လာရောက်ပြီး နှစ်ယောက်က စာမူတွေကို ရွေးချယ်ရန်၊ သုံးယောက်က အသံလွှင့်ရန်နှင့် ရှလီက စီစဉ်ညွှန်ကြားခြင်းနှင့် နောက်တန်းကူညီခြင်းတွေကို တာဝန်ယူရသည်။
အားကစားပွဲတော် မစတင်မီ ရှလီက ရေဒီယိုစခန်း၏ ကြီးကြပ်ရေးမှူးဆရာနှင့် လုပ်ငန်းစဉ်တွေကို နောက်ဆုံးအကြိမ် အတည်ပြုနေ၏။
ကြီးကြပ်ရေးမှူးဆရာက အလေးအနက် မှာသည်။
"အသံလွှင့်တဲ့သူ သုံးယောက်က တာဝန်ခွဲဝေရမယ် ပြိုင်ပွဲအစီအစဉ်တွေနဲ့ စာရင်းသွင်းဖို့ သတိပေးချက်တွေကို အသံလွှင့်ဖို့ သီးသန့်တစ်ယောက် ထားရမယ်"
ရှလီက သဘောတူလိုက်သည်။
ကြီးကြပ်ရေးမှူးဆရာက ထပ်ပြောသည်။
"ရေသန့်ဘူးတွေ ထပ်ဝယ်ထားလိုက် လည်ချောင်းရှင်းတဲ့ ငုံဆေးတွေလည်း နည်းနည်း ပြင်ထားလိုက်ဦး"
ကြီးကြပ်ရေးမှူးဆရာက ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါဆိုရင်တော့ တခြားမရှိတော့ပါဘူး အားလုံးပဲ တက်တက်ကြွကြွနဲ့ ကြိုးစားကြပါ"
၈ နာရီ နီးကပ်လာချိန်တွင် ရှလီက အသံလွှင့်မည့်သူတွေကို သတိပြုရမည့်အချက်များ ထပ်မံမှာလိုက်ပြီး စားပွဲရှည်အနောက်ဘက်ရှိ နောက်တန်းကူညီရေးနေရာကိုတိတ်တဆိတ် သွားထိုင်နေလိုက်သည်။
သူမက လှေကားထစ်ပေါ်တွင် ထိုင်ကာ အပြင်မထွက်မီကတည်းက ရေနွေးထည့်လာသော ရေနွေးဗူးနှင့် ရေနွေးအိတ်ကို ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်၏။
ထိုခေတ်က အကိုက်အခဲပျောက်ဆေး သောက်ရမည်ဆိုသော အသိအမြင်မျိုး သိပ်မရှိသေးဘဲ ရာသီလာစဉ် ကိုက်ခဲမလျှင် ကိုယ့်ဘာသာ ကြိတ်မှိတ်ခံရလေ့ရှိသည်။
သူမက ခါးကို ကိုင်းထားပြီး ရေနွေးကို နည်းနည်းချင်း သောက်ကာ ရေနွေးအိတ်ကို ဝမ်းဗိုက်အောက်ပိုင်းနှင့် ဒူးခေါင်းကြားတွင် ညှပ်ထားလိုက်သည်။
တိုတောင်းသော အဖွင့်အစီအစဉ် ပြီးဆုံးသွားပြီး ပထမဆုံးအစီအစဉ်မှာ အားကစားသမားများ ကွင်းအတွင်း ဝင်ရောက်ခြင်း ဖြစ်သည်။
မင်ကျန်း၏ ကျောင်းအုပ်ကြီးများက ထူးဆန်းသည့် အပြင်အဆင်တွေကို အားပေးလေ့မရှိသဖြင့် အားကစားသမားများ အားလုံးက ကျောင်းဝတ်စုံကိုသာ ဝတ်ထားပြီး ကြွေးကြော်သံများကလည်း ပုံမှန်သာဖြစ်ကာ ထူးခြားမှု ဘာမှမရှိချေ။
နှစ်စဉ် အားကစားအဖွဲ့များ ကွင်းအတွင်း ဝင်လာရခြင်း၏ တစ်ခုတည်းသော အသုံးဝင်မှုမှာ တိတ်တဆိတ် ရင်ခုန်နေရသော စိတ်ကူးတွေကို ဖြည့်ဆည်းပေးရန်သာ ဖြစ်တော့သည်။
ယောကျ်ားလေးများက မည်သည့်အတန်းမှ ဆိုင်းဘုတ်ကိုင်သော မိန်းကလေးက အလှဆုံးဖြစ်ကြောင်း အချင်းချင်း ဆွေးနွေးကြပြီး မိန်းကလေးများကမူ မိမိတို့ ခိုးချစ်နေရသူ၏ အတန်း ဖြတ်သွားချိန်တွင် အော်ချင်စိတ်ကို ထိန်းချုပ်ကာ ဘေးရှိ သူငယ်ချင်းကို တိတ်တဆိတ် ဆိတ်ဆွဲတတ်ကြ၏။
ရေဒီယိုအသံလွှင့်သူက ကြေညာလိုက်သည်။
"ကျွန်တော်တို့ဆီကို မျက်နှာမူပြီး လျှောက်လာနေတာကတော့ နောက်ဆုံးအဖွဲ့ဖြစ်တဲ့ အထက်တန်း ဒုတိယနှစ် အခန်း(၂၀) က အားကစားသမားတွေပဲ ဖြစ်ပါတယ် လူဦးရေ အနည်းဆုံးဖြစ်ပေမဲ့ သူတို့အားလုံးက စည်းလုံးညီညွတ်စွာနဲ့..."
ရှလီက ရေနွေးဗူးကို ကမန်းကတန်း ပိတ်လိုက်ပြီး ရေနွေးအိတ်နှင့်အတူ ဘေးတွင်ချကာ မတ်တပ်ရပ်လိုက်ချေသည်။
အင်တာနေရှင်နယ်အတန်းက ဒီနေ့ အားကစားအဖွဲ့များ အားလုံးထဲတွင် intro အစီအစဉ်အတွက် အသုံးအများဆုံး စကားလုံးဖြင့် ဖော်ပြရလျှင် အလှပဆုံးသော မြင်ကွင်းလေး ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့က ကျောင်းဝတ်စုံကို မဝတ်ဘဲ အားလုံးက အဖြူရောင် အားကစားဝတ်စုံကို ညီညာစွာ ဝတ်ထားကြ၏။
အခန်း ၂၀ ၏ ဆိုင်းဘုတ်ကို ကိုင်ထားသူမှာ ထောင်ရှီးယွဲ့ ဖြစ်သည်။
အေးစိမ့်နေသော ရာသီဥတုတွင် သူမက အဖြူရောင် တင်းနစ်စကတ်တိုကို ဝတ်ထားပြီး ဆံပင်ကို အမြင့်စည်းထားကာ အရပ်ရှည်ရှည်နှင့် ပေါ့ပါးသွက်လက်နေပြီး မကြည့်ဘဲမနေနိုင်လောက်အောင် နုပျိုလန်းဆန်းနေသည်။
ရှလီ၏ အကြည့်များက လိုက်လံရှာဖွေရင်း နောက်ဆုံးတန်းတွင် ယန့်စစ်ရှီကို တွေ့လိုက်ရသည်။
သူက တကယ်ကို အတန်းထဲတွင် အရပ်အရှည်ဆုံးဖြစ်ပြီး ထင်းလင်းစွာ ပေါ်လွင်နေကာ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မြင်နိုင်၏။
အားလုံးက အဖြူရောင် ဝတ်ထားသော်လည်း သူ၏ ကိုယ်ပေါ်တွင်တော့ ဆီးနှင်းများ ဖုံးလွှမ်းထားသလို ဖြစ်နေပြီး မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ခြေလှမ်းများက နည်းနည်း ပျင်းရိနေဟန် ရှိသည်။ ထိုသို့သော ပျင်းရိနေသည့် အမူအရာလေးကပင် အလွန် ဆွဲဆောင်မှုရှိနေသည်။
ရှလီက အသံလွှင့်ရုံရှေ့ရှိ သဘာပတိစင်မြင့်ပေါ်တွင် ရပ်နေသော ကျောင်းအုပ်ကြီးတွေကို တစ်ချက်ကြည့်လိုက်ပြီး ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်ရဲတင်းစွာဖြင့် အိတ်ထဲမှ ဖုန်းကို ထုတ်ကာ ယန့်စစ်ရှီကို ချိန်၍ တိတ်တဆိတ် ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်ချေသည်။
အလွန်ဈေးပေါသော ပြည်တွင်းဖြစ် ဖုန်းတစ်လုံးကို အသုံးပြုထားသဖြင့် ရုပ်ထွက်အရည်အသွေးက အလွန်ညံ့ဖျင်းလှသည်။
ရိုက်ကူးရရှိလာသော ဝါးနေသည့် ပုံရိပ်လေးထဲမှ အစက်အပြောက်တိုင်းက သူမအတွက်တော့ နှမြောစရာလေးများ ဖြစ်နေ၏။
ဤသို့ဖြစ်နေသည့်တိုင် သူမက အဖိုးတန် ရတနာတစ်ခုလို သဘောထားနေမိဆဲပင်။
အတန်းအားလုံးက ကွင်းထဲတွင် တန်းစီပြီးသွားတော့ အခန်း ၂၀ က ကွင်း၏ အစွန်ဆုံးကိုရောက်သွားသဖြင့် မည်မျှပင် ကြိုးစားကြည့်စေကာမူ ဖြူဖွေးနေသော အစုအဝေးကြီးကိုသာ မြင်ရပြီး မည်သူက မည်သူမှန်း ခွဲခြား၍ မရတော့ပေ။
ထိုအခါမှသာ ရှလီက အကြည့်ကို ရုပ်သိမ်းလိုက်တော့သည်။
ကျောင်းအုပ်ကြီး၊ ဒိုင်ချုပ်နှင့် အားကစားသမား ကိုယ်စားလှယ်တို့ အသီးသီး မိန့်ခွန်းပြောကြားပြီးနောက် ပြိုင်ပွဲတွေကို တရားဝင် စတင်လိုက်၏။
ရှလီက အားကစားပွဲတော် စီစဉ်ရေးကော်မတီမှ တင်ပြလာသော ပြိုင်ပွဲအစီအစဉ်များနှင့် အားကစားသမား စာရင်းအားလုံးကို ကြိုတင်ဖတ်ရှုထားသဖြင့် ယန့်စစ်ရှီက မီတာ ၁၀၀ ပြေးပွဲ၊ မီတာ ၈၀၀ ပြေးပွဲ၊ အမြင့်ခုန်နှင့် လက်ဆင့်ကမ်းပြေးပွဲ စသည့် ပြိုင်ပွဲ လေးခုတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိထားသည်။
အင်တာနေရှင်နယ်အတန်းက လူလိုနေသဖြင့်သာ သိုးတစ်ကောင်တည်းကို အကြိမ်ကြိမ် အမွေးညှပ်နေခြင်း ဖြစ်ရမည်။
ပထမဆုံးပြိုင်ပွဲမှာ မီတာ ၁၀၀ အမြန်ပြေးပွဲ ဖြစ်သည်။
စာရင်းသွင်းရန် အသံလွှင့်ပြီး မကြာမီမှာပင် အတန်းအသီးသီးမှ ပြန်ကြားရေးကော်မတီဝင်များက အသံလွှင့်ရန် စာမူတွေကို တစ်သုတ်ပြီးတစ်သုတ် လာပို့ကြ၏။
အလုပ်စတင်သည်နှင့် ရှလီက ဆက်၍ ခိုကပ်နေ၍ မရတော့ပေ။
စာမူတွေကို ကူညီစစ်ဆေးပေးနေစဉ် ရုတ်တရက် ကြည်လင်သော မိန်းကလေးအသံတစ်သံက လှမ်းခေါ်လိုက်သည်။
"ရှလီ"
လှည့်ကြည့်လိုက်ရာ ထောင်ရှီးယွဲ့က အခန်း ၂၀ မှ ကောင်မလေး အချို့နှင့်အတူ ရောက်လာခြင်း ဖြစ်သည်။
ထောင်ရှီးယွဲ့က တင်းနစ်စကတ်တိုကို ချွတ်ကာ အားကစားဘောင်းဘီရှည်ကို လဲဝတ်ထား၏။
ထောင်ရှီးယွဲ့က မေးလိုက်သည်။
"အသံလွှင့်ဖို့ စာမူတွေကို ဒီမှာ ပေးရတာလား"
ရှလီက ဖြေသည်။
"ဟုတ်တယ်"
ထောင်ရှီးယွဲ့က အထူကြီးဖြစ်နေသော စာမူတွေကို ကမ်းပေးရင်း ပြုံးကာ မေးလာသည်။
"ငါတို့အတန်းက စာမူတွေကို နည်းနည်း ပိုဖတ်ပေးလို့ ရမလားဟင်"
ရှလီက ပြုံး၍ ငြင်းလိုက်သည်။
"အဲဒီလို လုပ်လို့မရဘူးလေ အားလုံးကို တန်းတူညီမျှ ထားရမှာ"
ထောင်ရှီးယွဲ့က ပြောလာသည်။
"နင်က စခန်းမှူးပဲလေ တိတ်တိတ်လေး ကူညီပေးလို့ရပါတယ်... နောက်မှ ထမင်းဝယ်ကျွေးမယ်လေ"
ရှလီက သေချာငြင်းသော်လည်း လေသံက သိမ်မွေ့နေသဖြင့် တစ်ဖက်လူကို မသက်မသာ ဖြစ်မသွားစေချေ။
"စခန်းမှူးက ပိုပြီးတော့တောင် စံပြဖြစ်ရဦးမှာပေါ့"
ထောင်ရှီးယွဲ့က ထပ်တောင်းဆိုပြန်သည်။
"ဒါဆို ကြားဖြတ်ဖတ်ပေးလို့ ရမလား ငါတို့အတန်းကလူတွေ ပြိုင်ပွဲဝင်ရတော့မှာမို့လို့"
ရှလီက ပြန်ဖြေလိုက်သည်။
"ငါတို့ စာမူစစ်တဲ့အခါ ပြိုင်ပွဲအခြေအနေပေါ်မူတည်ပြီး သင့်တော်သလို ရွေးချယ်ပေးပါ့မယ်"
ထောင်ရှီးယွဲ့က ရှလီကို ဆက်ပြီး အကျပ်မရိုက်စေတော့ချေ။
"ဒါဆိုလည်း ပြီးရော... တတ်နိုင်သလောက် နှစ်ပုဒ်လောက် ပိုရွေးပေးပါနော် ကျေးဇူးပြုပြီး"
အားကစားပွဲတော် စတင်ခါစဖြစ်၍ အားလုံးက စိတ်အားထက်သန်နေကြသဖြင့် စာမူများက တစ်သုတ်ပြီးတစ်သုတ် ရောက်လာ၏။
စာမူစစ်ဆေးသော ကျောင်းသားက တစ်ခေါက် စစ်ဆေးပြီး အသံလွှင့်သူများထံ ပေးပို့သည်။
လက်ခံလိုက်သော စာမူတွေကို မည်သည့်အတန်းမှဖြစ်ကြောင်း မှတ်တမ်းတင်ထားပြီး တတ်နိုင်သမျှ အချိုးကျ ဖြစ်အောင် ဂရုစိုက်ရသည်။
စာမူစစ်ဆေးသူက ရှလီကို ညည်းတွား၏။
"ခုနက ရောက်လာတဲ့ စာမူတွေထဲက ၈၀ ရာခိုင်နှုန်းက အခန်း ၂၀ က ယန့်စစ်ရှီ အတွက် ရေးထားတာချည်းပဲ သူတို့က ဒီနေရာကို ချစ်ခွင့်ပန်တဲ့ နေရာများ မှတ်နေလား မသိဘူး"
ရှလီက ရယ်မောလိုက်ပြီး မေးလိုက်သည်။
"ဒါဆို နင် ရွေးလိုက်လား"
စာမူစစ်ဆေးသူက ပြန်ဖြေသည်။
"အရမ်းကြီး အသည်းယားစရာ မကောင်းတဲ့ တစ်ပုဒ်ကိုတော့ ရွေးလိုက်တယ်"
အလွန်အမင်း အသည်းယားစရာမကောင်းသော ထိုစာမူမှာ အသံလွှင့်သူ၏ လက်ထဲကိုရောက်သွားပြီဖြစ်သည်။
ရေဒီယိုမှ ပီသပြတ်သားသော အသံလွှင့်သံ ထွက်လာပြီး အားကစားကွင်းတစ်ခုလုံးကိုပျံ့နှံ့သွား၏။
"မကြာခင် မီတာတစ်ရာ အမြန်ပြေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အထက်တန်း ဒုတိယနှစ် အခန်း(၂၀) က ကျောင်းသား ယန့်စစ်ရှီ... ဆောင်းဦးလေအေးတွေက မင်းရဲ့ ထက်မြက်တဲ့ ခြေလှမ်းတွေကို မတားဆီးနိုင်သလို ပူပြင်းတဲ့ နေရောင်ခြည်ကလည်း မင်းရဲ့ ကြိုးစားအားထုတ်လိုစိတ်ကို မဟန့်တားနိုင်ပါဘူး မင်းက လေကိုခွင်းပြီး လွတ်လပ်ပေါ့ပါးစွာ ပျံသန်းသွားမှာပါ... ပထမဆု ရရှိပါစေလို့ ကြိုတင် ဆုတောင်းပေးလိုက်ပါတယ် ကောင်းကောင်းကြိုးစားပါ"
ရှလီက အစမှတ်ဆီကိုလှမ်းကြည့်လိုက်သည်။
စာရင်းသွင်းပြီးသော အားကစားသမားများက ပြေးလမ်းအစတွင် အသီးသီး နေရာယူနေကြပြီ ဖြစ်သည်။
သူမ သေချာမကြည့်ရသေးခင်မှာပင် ကျောကို တစ်ယောက်ယောက်က ပုတ်လိုက်၏။
လင်ချင်းရှောင်၊ ရွှီနင်နှင့် ရှောက်ယွီလုံတို့ပင်။
ရှောက်ယွီလုံက လက်ထဲမှ ပလတ်စတစ်အိတ်ကို ခါယမ်းပြလိုက်သည်။
"ငါတို့ရဲ့ ပင်ပန်းနေတဲ့ စခန်းမှူးလေးအတွက် မုန့်လာပို့တာ"
ရှလီမှာ ဝမ်းသာအားရ ဖြစ်သွားရသည်။
"ကျေးဇူးပဲ နင်ဝယ်လာတာလား ပိုက်ဆံတွေ အကုန်ခံလို့"
ရှောက်ယွီလုံက ခေါင်းကုတ်ကာ ပြောလိုက်သည်။
"အာလူးကြော် နှစ်ထုပ် သုံးထုပ်လေးပါ"
ရွှီနင်ကတော့ ကာတွန်းစာအုပ် နှစ်အုပ်ကို ချပေးကာ ပျင်းသည့်အခါ အချိန်ဖြုန်းရန် ပေးလိုက်ချေသည်။
အသံလွှင့်သူများ အလုပ်လုပ်ရာတွင် အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ရှလီက သူတို့ကို နောက်တန်းကူညီရေးနေရာကိုခေါ်သွားလိုက်သည်။
လင်ချင်းရှောင်က ရှလီ၏ နားနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"နင် အဆင်ပြေရဲ့လား"
မနက်က ရှလီ စာသင်ခန်းထဲသွားစဉ် လင်ချင်းရှောင်ကို ရာသီလာ၍ ဗိုက်အောင့်နေကြောင်း ပြောပြထားခဲ့ခြင်း ဖြစ်သည်။
ရှလီက ဖြေလိုက်သည်။
"အဆင်ပြေပါတယ် သည်းခံနိုင်သေးတယ်"
လင်ချင်းရှောင်က မေးသည်။
"နင် တစ်နေ့လုံး ဒီမှာနေရမှာလား"
ရှလီက ခေါင်းညိတ်ပြသည်။
"အင်း"
လင်ချင်းရှောင်က မှာလိုက်၏။
"နေလို့မကောင်းရင် ချက်ချင်း ငါတို့ကို ပြောနော်"
ရှလီက ပြန်ပြောသည်။
"အိုကေ"
ရုတ်တရက် သေနတ်ဖောက်သံ ထွက်လာသည်။
လေးယောက်သား တပြိုင်နက် လှည့်ကြည့်လိုက်ကြချေသည်။
___________