← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂)

ရှလီက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး နောက်တစ်လှမ်းဆုတ်ကာ ကြည့်လိုက်တော့ ယန့်စစ်ရှီဖြစ်သဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် နှုတ်ဆက်လိုက်သည်။

စင်္ကြံလမ်း၏ အဖြူရောင်မီးရောင်အောက်တွင် သူ၏ပါးပြင်နှင့် နဖူးပေါ်ရှိ ဆံပင်များတွင် ရေများစိုနေသေးသည်ကို တွေ့လိုက်ရရာ သန့်စင်ခန်းဘက်မှ မျက်နှာသစ်ပြီး လာခဲ့ပုံရသည်။

ရှလီမှာ စကားအများကြီးပြောရန် အချိန်မရှိတော့ဘဲ ယခု ညပိုင်းစာကြည့်ချိန် စတော့မည်ဖြစ်သည်။

သူမက ရှေ့သို့ဆက်သွားရန် ပြင်လိုက်စဉ် ယန့်စစ်ရှီက လက်လှမ်းကာ သူမကို တားလိုက်၏။

"အရင်မသွားနဲ့ဦး မင်းတို့ အတန်းပိုင်က လူဖမ်းနေတယ်"

ရွှီနင်က ဝင်ပြောသည်။

"ညစာကြည့်ချိန် မစသေးဘူး မဟုတ်ဘူးလား"

ယန့်စစ်ရှီက သူ ဖြတ်သွားရုံသာဖြစ်ပြီး သေချာမနားထောင်ခဲ့ရကြောင်း ရှင်းပြ၏။ မကြာသေးမီက လူများစွာက ကျောင်းပြင်သို့ခိုးထွက်၍ ညနေစာစားကြသဖြင့် လောင်ကျွမ်းက ဒေါသထွက်နေပြီး ယခုအချိန်အထိ အခန်းထဲမရောက်သေးသူတွေကို အပြစ်ပေးရန် ပြင်ဆင်နေပုံရသည်။

ယခု အခန်း ၇ တံခါးဝတွင် လူနှစ်ယောက်ကို မတ်တပ်ရပ်ခိုင်းထားပြီး ဒီမျှနောက်ကျမှ အခန်းထဲပြန်လာရသည့် အကြောင်းရင်းကို ရှင်းပြခိုင်းနေ၏။

ရှလီကတော့ ဆူခံရမည်ကို ဂရုမစိုက်ဘဲ ရွှီနင်ကို ကြည့်လိုက်သည်။

"လောင်ကျွမ်းက ကိတ်မုန့်ကိုများ သိမ်းသွားမလားမသိဘူး"

ယန့်စစ်ရှီက ခေါင်းငုံ့ကာ သူမလက်ထဲကို တစ်ချက်ကြည့်လိုက်သည်။

"ဘယ်သူ့မွေးနေ့မို့လို့လဲ"

ရှလီက ဖြေလိုက်သည်။

"ကျွန်မတို့သူငယ်ချင်း လင်ချင်းရှောင်လေ"

ယန့်စစ်ရှီက လက်လှမ်းလိုက်၏။

"ပေးလေ ငါသိမ်းထားပေးမယ်"

ရှလီက ကြောင်အမ်းသွားပြီး ကိတ်မုန့်ထည့်ထားသော စက္ကူအိတ်ကို ကမ်းပေးလိုက်သည်။

"ဒုက္ခပေးသလို ဖြစ်သွားပြီ"

ယန့်စစ်ရှီက လက်ကိုင်ကို လှမ်းယူလိုက်ချိန်တွင် သူမ၏ လက်ချောင်းများက သူ၏လက်ချောင်းများနှင့် ခပ်ဖွဖွလေး ထိမိသွား၏။

ယန့်စစ်ရှီက ပြောလာသည်။

"အဆင်ပြေတဲ့အချိန် လာယူလိုက်လေ"

ရှလီက ကျေးဇူးတင်စကားဆိုကာ ရွှီနင်ကိုဆွဲ၍ ကမန်းကတန်း ထွက်လာခဲ့သည်။

ထင်ထားသည့်အတိုင်းပင် လောင်ကျွမ်းက အတန်းတံခါးဝတွင် မျက်နှာထားတင်းမာစွာဖြင့် ရပ်နေသည်။

သို့သော် ရှလီမှာ နည်းနည်းမျှ မကြောက်ပေ။

မည်မျှပင် ကြီးမားသော မုန်တိုင်းဖြစ်ပါစေ ယခုလေးတင် ယန့်စစ်ရှီ၏ လက်ချောင်းများနှင့် ခပ်ဖွဖွလေး ထိတွေ့မိသွားချိန်က ရင်ထဲတွင် မြေကမ္ဘာတုန်ဟည်းသွားသလိုခံစားချက်ကို မယှဉ်နိုင်သလိုပင်။

သူမက လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်သည်။ ပူနွေးနေဆဲဖြစ်ပုံရ၏။

ရှလီက လောင်ကျွမ်းအား ရွှီနင် ဓမ္မတာလာ၍ ဗိုက်နာနေသဖြင့် သူမကို ဆေးခန်းသို့လိုက်ပို့ကာ ဂလူးကို့စ်ရေနွေး တစ်ခွက် ဖျော်တိုက်နေရကြောင်း ပြောပြလိုက်သည်။

တစ်ယောက်က အတန်းထဲတွင် အဆင့်ဆယ်အတွင်းဝင်သူဖြစ်ပြီး နောက်တစ်ယောက်က မိမိသင်သောဘာသာရပ်တွင် အမှတ်အများဆုံးရသူဖြစ်ကာ သူတို့နှစ်ယောက်စလုံးက ပုံမှန်အားဖြင့် လိမ္မာရေးခြားရှိကြသဖြင့် လောင်ကျွမ်းကလည်း အခက်မတွေ့စေတော့ဘဲ သူတို့ကို ပို၍ကြိုးစားရန်ပြောကာ လွှတ်ပေးလိုက်၏။

ရှလီက ခုံတွင်ပြန်ထိုင်လိုက်ပြီး သက်ပြင်းရှည်ကြီးချကာ စားပွဲအံဝှက်ထဲမှ မေးခွန်းလွှာတစ်စောင်ကို ထုတ်ယူလိုက်ပြီး အသက်ပြင်းပြင်းအကြိမ်နည်းနည်းရှူကာ တည်ငြိမ်အောင်လုပ်ပြီး မေးခွန်းတွေကို စတင်ဖြေဆိုလိုက်သည်။

ထိုညက သင်္ချာဘာသာရပ်၏ ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်ပြီး စာမေးပွဲဖြေရကာ နှစ်နာရီကြာသည့်တိုင် အလယ်တွင် အနားမပေးပေ။

စာမေးပွဲဖြေဆိုပြီး ဆရာမက လူတိုင်းကို သန့်စင်ခန်းသွားရန် ဆယ်မိနစ်သာ အချိန်ပေးပြီး အုပ်စုတစ်စုနှင့်တစ်စု မေးခွန်းလွှာများ လဲစေကာ ထိုနေရာတွင်ပင် အဖြေများရှင်းပြရင်း အမှတ်ပေး အကဲဖြတ်စေ၏။

အချိန်ဇယားက လုံးဝနားချိန်မရှိလောက်အောင် ကျပ်တည်းလွန်းသဖြင့် ညစာကြည့်ချိန် ပြီးဆုံးသည့်တိုင်အောင် ရှလီမှာ ယန့်စစ်ရှီထံမှ ကိတ်မုန့်သွားယူရန် အဆင်ပြေမည့်အချိန်ကို မရှာတွေ့ခဲ့ချေ။

အပြည်ပြည်ဆိုင်ရာအတန်းကလည်း ညစာကြည့်ချိန် ရှိသော်လည်း ည ကိုးနာရီခွဲအထိသာ ဖြစ်သည်။

ရှလီက ဒီအချိန်တွင် လူတွေအားလုံး ပြန်သွားကြပြီလားဟု နည်းနည်း စိတ်ပူနေမိ၏။

နောက်ဆုံးတွင် ညစာကြည့်ချိန်ပြီးဆုံးသွားရာ ရှလီက ရွှီနင်အား လင်ချင်းရှောင်ကို သန့်စင်ခန်းကိုအရင်ခေါ်သွားခိုင်းပြီး သူမကိုယ်တိုင်က အခန်း ၂၀ တံခါးဝကိုအမြန်ပြေးသွားလိုက်သည်။

စာသင်ခန်းထဲတွင် မီးလင်းနေဆဲဖြစ်ပြီး လူသုံးလေးယောက်ခန့် ကျန်ရှိနေသေးသည်။

ယန့်စစ်ရှီ ရှိနေဆဲပင်။

သူက တိတ်ဆိတ်စွာ ထိုင်နေပြီး စာဖတ်နေ၏။

အဖြူရောင်မီးရောင်ဖျော့ဖျော့လေးက သူ့အပေါ်ကိုကျရောက်နေပြီး ဆောင်းနှင်းလို အေးစက်စက် အငွေ့အသက်လေး ရှိနေသည်။

ရှလီက အခန်းထဲကိုကိုယ်ကိုကိုင်း၍ ကြည့်လိုက်ပြီး ရင်ထဲမှ နည်းနည်း ဆူညံနေသော ခံစားချက်ကို ဖိနှိပ်ထားလိုက်သည်။

"ယန့်စစ်ရှီ"

သူက နားကြပ်တပ်ထားသဖြင့် မကြားခဲ့ပေ။

သူ၏အရှေ့ခုံတွင် ထိုင်နေသော ဝမ်ချန်းက လှည့်လာပြီး သူ၏စားပွဲကို ခေါက်လိုက်ကာ တံခါးဝဘက်ကိုမေးဆတ်ပြလိုက်၏။

ယန့်စစ်ရှီက တံခါးဝဘက်ကို တစ်ချက်ကြည့်လိုက်ပြီး နားကြပ်ကိုဖြုတ်ကာ လက်ထဲရှိစာအုပ်ကို ပိတ်လိုက်ပြီး စားပွဲပေါ်တွင်တင်ထားသော စက္ကူအိတ်ကို ဆွဲယူကာ ထရပ်ပြီး တံခါးဝဘက်ကိုလျှောက်လာခဲ့သည်။

ရှလီက စက္ကူအိတ်ကို လှမ်းယူလိုက်ပြီး ကမန်းကတန်း တောင်းပန်လိုက်၏။

"အားနာလိုက်တာ ညက သင်္ချာစာမေးပွဲဖြေရလို့ အလယ်မှာ လုံးဝမနားရဘူး နင် အိမ်ပြန်နောက်ကျအောင် အနှောင့်အယှက်ပေးသလို ဖြစ်သွားလား"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"ရပါတယ် အိမ်ပြန်ရောက်လည်း စာဖတ်ရမှာပဲကို"

ရှလီက ထိုထက်ပို၍ ဘာမှမပြောနိုင်တော့သလိုပင်။

"ကျေးဇူးပဲ... ကိတ်မုန့် အရင်ယူသွားလိုက်တော့မယ်နော်"

ယန့်စစ်ရှီက ခေါင်းညိတ်၏။

"အင်း"

ထွက်သွားခါနီးတွင် ရှလီက တစ်ခုခုကို သတိရသွားပြီး တိုးညင်းစွာ ပြောလိုက်၏။

"ဟိုလေ... နင့်မီးခြစ်လေး ခဏငှားလို့ရမလား"

ယန့်စစ်ရှီက လက်လှမ်းကာ ဘောင်းဘီရှည်အိတ်ကပ်ထဲမှ ငွေရောင်မီးခြစ်ကို ထုတ်ယူပြီး သူမထံ ကမ်းပေးလိုက်သည်။

ရှလီက လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

အခန်း ၇ စာသင်ခန်းထဲတွင်လည်း လူနည်းနည်းသာ ကျန်တော့သည်။

ရှလီက ကိတ်မုန့်ကို တံခါးဝနှင့်နီးသော စားပွဲပေါ်တွင် တင်လိုက်ပြီး အထုပ်ကို ဖြည်ကာ ဖယောင်းတိုင်စိုက်ပြီး မီးညှိလိုက်၏။

ထိုသတ္တုသား မီးခြစ်ပေါ်တွင် နည်းနည်းသော အနွေးဓာတ်လေး ကျန်ရှိနေသေးသကဲ့သို့ပင်။

ထိုအချိန်တွင် စာသင်ခန်းထဲ၌ အခြားလူနှစ်ယောက် ကျန်ရှိနေသေးရာ ရှလီက သူတို့ကို ကြိုတင်အသိပေးနှုတ်ဆက်လိုက်ပြီး ရွှီနင်ထံ စာပို့လိုက်သည်။

သူမက စာသင်ခန်းတံခါးဝတွင် ရပ်နေပြီး ရွှီနင်နှင့် လင်ချင်းရှောင်တို့ ရောက်လာခါနီးတွင် လက်ကိုမြှောက်ကာ စာသင်ခန်းမီးခလုတ်ကို ပိတ်ချလိုက်၏။

ခဏချင်းအတွင်း မှောင်မိုက်မှုထဲတွင် ဖယောင်းတိုင်မီးရောင်လေး ယိမ်းနွဲ့နေတော့သည်။

လင်ချင်းရှောင်က ရွှီနင်၏ တွန်းပို့မှုကြောင့် အခန်းထဲရောက်လာပြီး ချက်ချင်းပင် ကြောင်အမ်းသွား၏။ ရှလီနှင့် ရွှီနင်က လက်ခုပ်တီးကာ မွေးနေ့ဆုတောင်းသီချင်း နှစ်ကြောင်းလောက်ဆိုပြီး တိုက်တွန်းလိုက်ကြသည်။

"မြန်မြန် ဖယောင်းတိုင်မှုတ် လောင်ကျွမ်း မပြန်သေးရင် ပြဿနာပဲ"

လင်ချင်းရှောင်က ကမန်းကတန်းဖြင့် ဆုတောင်းလိုက်ပြီး ဖယောင်းတိုင်ကို တစ်ချက်တည်းနှင့် မှုတ်ပိတ်လိုက်ချေသည်။

ရှလီက အငွေ့တလူလူထွက်နေသေးသော ဖယောင်းတိုင်ကို ဆွဲနှုတ်လိုက်ပြီး ပလတ်စတစ်ဓားကို ယူကာ ပျော်ရွှင်ဖွယ်မွေးနေ့ပါ ဟုရေးထားသော ချောကလက်ပြားလေးကို တမင်တကာ သေသေချာချာလှီးဖြတ်ပြီး လင်ချင်းရှောင်ထံ ကမ်းပေးလိုက်သည်။

လင်ချင်းရှောင်က တစ်ကိုက်စားလိုက်ပြီး နောက်ဆုံးတွင် မအောင့်အည်းနိုင်တော့သလိုလက်ကိုမြှောက်ကာ ပါးစပ်ကိုအုပ်ထားပြီး ရှိုက်ငင်လိုက်၏။

"နင်တို့ အရမ်း စိတ်အနှောင့်အယှက်ပေးတာပဲ ငါက အဲဒီလို ခံစားချက်ပြင်းပြင်းပြပြလုပ်တာတွေကို အမုန်းဆုံးဆိုတာ သိရက်သားနဲ့"

ရွှီနင်က သူမ၏ ပခုံးကိုပုတ်ကာ ဟန်ပြသက်သက်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"အိုက်ယား မွေးနေ့ဆိုတော့လည်း"

ရှလီက ပြုံးရင်း ကိတ်မုန့် ဆက်လှီးနေ၏။

စာသင်ခန်းထဲတွင် ကျန်နေသေးသော ကျောင်းသားနှစ်ယောက်ကိုလည်း တစ်ယောက်တစ်ပိုင်းစီ ခွဲပေးလိုက်ပြီး နောက်ဆုံးတွင် အတိအကျ နှစ်ပိုင်း ကျန်နေသေးသည်။

လင်ချင်းရှောင်၏ သဘောတူညီချက်ကို ရယူပြီး ရှလီက စက္ကူပန်းကန်တွေကို ကိုင်လိုက်သည်။

"နင်တို့ အရင်စားနှင့် ငါ အပြင်ထွက်ပြီး မီးခြစ် သွားပြန်ပေးလိုက်ဦးမယ်"

စာသင်ခန်းတံခါးမှ ထွက်လာပြီး အခန်း ၂၀ တံခါးဝကိုကြည့်လိုက်ရာ ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့ ထွက်လာသည်ကို တွေ့လိုက်ရပြီး နှစ်ယောက်စလုံး ကျောပိုးအိတ်များ လွယ်ထားကြရာ အိမ်ပြန်ရန် ပြင်ဆင်နေကြပုံရ၏။

ရှလီက ခပ်သွက်သွက် လျှောက်သွားကာ ကိတ်မုန့်နှစ်ပိုင်းကို သူတို့ထံ ကမ်းပေးလိုက်သည်။

ဝမ်ချန်းက မေးလာသည်။

"နင့်မွေးနေ့လား"

ရှလီက ဖြေလိုက်သည်။

"လင်ချင်းရှောင် မွေးနေ့လေ"

ဝမ်ချန်းက ကြောင်တောင်တောင် မျက်နှာထားဖြင့် ထပ်မေး၏။

"ငါ သိတဲ့သူလား"

ရှလီမှာ ဆက်မရှင်းပြချင်တော့ပေ။

"သိတယ် နင်သိပါတယ်"

ဝမ်ချန်းက ပြောလိုက်သည်။

"အို အိုကေလေ"

ထိုအခါမှ ရှလီက ယန့်စစ်ရှီကို ကြည့်လိုက်ပြီး လက်ကို ကျောင်းဝတ်စုံ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ မီးခြစ်ကို လက်ချောင်းလေးများနှင့် ဆုပ်ကိုင်လိုက်ရာ မိမိလက်ဖဝါးတွင် ချွေးများထွက်နေကြောင်း ခံစားလိုက်ရသည်။

ထုတ်ယူကာ သူ့ထံ ကမ်းပေးလိုက်၏။

"ကျေးဇူးပဲ"

ယန့်စစ်ရှီက လှမ်းယူလိုက်ပြီး အိတ်ကပ်ထဲကိုပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။

"ရပါတယ်"

ရှလီက ထပ်ပြောလိုက်သည်။

"ကိတ်မုန့်က အရမ်းမချိုတဲ့ဟာ မျိုးမှာထားတာမို့လို့ တစ်လုတ်လောက် မြည်းကြည့်လို့ရတယ်နော်"

ယန့်စစ်ရှီက ပြန်ဖြေ၏။

"ကောင်းပါပြီ မွေးနေ့ဆုတောင်းပေးတယ်လို့ ပြောပေးပါဦး"

ရှလီက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ချန်းက နှုတ်ဆက်၏။

"ငါတို့ အရင်သွားတော့မယ်နော်"

စင်္ကြံအပြင်ဘက်မှ အေးစိမ့်သောလေပြေလေး တိုက်ခတ်သွားပြီး ရှလီက ပါးပြင်ပေါ်တွင် ကပ်နေသော ဆံပင်လေးတွေကို သပ်တင်လိုက်သည်။

"အင်း ဘိုင်းဘိုင်"

ရှလီက လှေကားထစ်များပေါ်မှ ခြေသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို နားထောင်ရင်း အခန်း ၇ ကိုပြန်လျှောက်လာခဲ့သည်။

သူမက မိမိ၏ ကိတ်မုန့်အပိုင်းလေးကို ကိုင်ကာ စင်္ကြံကိုပြန်ထွက်လာခဲ့ချေ၏။

လက်နှစ်ဖက်ကို လက်ရန်းပေါ်တွင်ထောက်ကာ အောက်ကိုငုံ့ကြည့်နေလိုက်သည်။

ညအမှောင်ထဲတွင် ယန့်စစ်ရှီ၏ ရှည်လျားသွယ်လျသော အရိပ်လေးက တံခါးဝရှိ စကားဝါပင်အောက်မှ ဖြတ်လျှောက်သွား၏။

လေက ဖြန့်ကျက်နေသော အစိမ်းရင့်ရောင် သစ်ရွက်တွေကို တိုက်ခတ်သွားပြီး တရှဲရှဲ အသံများ ထွက်လာသည်။

ရှလီမှာ ပြုံးရွှင်မှုတို့ကို မထိန်းချုပ်နိုင်တော့ပေ။

ကိတ်မုန့်တစ်လုတ်ကို ခက်ရင်းဖြင့် ထိုးယူလိုက်ပြီး မျိုချလိုက်ရင်း ဒီချိုမြိန်လတ်ဆတ်သော ညလေးကို ဖြတ်သန်းတော့သည်။

_______

All Chapters