← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း (၅၃)

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်ထွက်လာတော့ ရှလီ၏ စုစုပေါင်းရမှတ်မှာ ၅၈၉ မှတ်ဖြစ်ပြီး သူမ ခန့်မှန်းထားသည်ထက် ၄ မှတ် ပိုများနေခဲ့သည်။ သူတို့ပြည်နယ်၏ ပထမအဆင့်တက္ကသိုလ် ဝင်ခွင့်အမှတ်မှာ ၅၃၀ မှတ် ဖြစ်၏။

သူမ၏ ဒီအမှတ်ဖြင့် အစိုးရတက္ကသိုလ်ကိုသွားရန် မျှော်လင့်ချက်မရှိသဖြင့် လောင်ကျွမ်းက ပထမဦးစားပေးအဖြစ် နန်ချန်တက္ကသိုလ် ကို လျှောက်ထားရန် အကြံပြုခဲ့သည်။

သူတို့ပြည်နယ်က ယခုနှစ်မှစ၍ အပြိုင်ဦးစားပေးစနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ရာ စည်းကမ်းမဲ့ မဖြည့်လျှင် လွဲချော်ရန် အလားအလာ အလွန်နည်းပါးသည်။ ရှလီက အလွန်ဆင်ခြင်တုံတရားရှိသူဖြစ်ရာ လုံးဝမလုံလောက်သော အမှတ်တစ်ခုဖြင့် ယခုနှစ် အစိုးရတက္ကသိုလ် ဝင်ခွင့်အမှတ် မမျှော်လင့်ဘဲ ကျဆင်းသွားမည့် အလားအလာကို လောင်းကြေးထပ်မည် မဟုတ်ချေ။ ထို့ကြောင့် လောင်ကျွမ်း၏ အကြံပြုချက်ကိုသာ နားထောင်လိုက်၏။

တက္ကသိုလ်လျှောက်လွှာများ ဖြည့်ပြီး ကြီးငယ်မဟူသော တွေ့ဆုံပွဲများနှင့် ဆရာကန်တော့ပွဲတွေကို စတင်စီစဉ်လာကြသည်။

ထိုနေ့၏ အဓိကအစီအစဉ်မှာ KTV ဆိုခြင်း ဖြစ်ပြန်၏။ ဘယ်သူက စီစဉ်လိုက်မှန်းမသိဘဲ အလွန်ကြီးမားသော အခန်းကြီးတစ်ခုကို တစ်ညလုံး ဌားရမ်းထားရာ အခန်း ၇ မှ လူများအားလုံးနီးပါး ရောက်လာကြပြီး အပြည်ပြည်ဆိုင်ရာအတန်းကိုပြောင်းသွားသော ကျောင်းသားနှစ်ယောက်ပင် ပါဝင်သေးသည်။

လင်ချင်းရှောင်က ထောင်ရှီးယွဲ့ကို အမြင်မကြည်သဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် သူမ မရှိသလိုသာ သဘောထားလိုက်ပြီး နျဲ့ချူဟန်နှင့် နှစ်ယောက်သား ထောင့်တစ်နေရာတွင် သွားရောက် ချစ်ကြည်နူးနေကြတော့သည်။

ရှလီကတော့ အထူးတလည် ရှောင်ဖယ်နေခြင်းမရှိပေ။ ထောင်ရှီးယွဲ့က အခြားသူများနှင့် စကားပြောနေသည်ကို ကြားလိုက်ရရာ ကိုလံဘီယာတက္ကသိုလ် ကိုဝင်ခွင့်ရရှိပြီး နိုင်ငံခြားကိုထွက်ခွာမည့်အချိန်ကို ဇူလိုင်လနှောင်းပိုင်းတွင် သတ်မှတ်ထားကာ ကျောင်းမဖွင့်မီ ပတ်ဝန်းကျင်နှင့် အသားကျစေရန် အချိန်နည်းနည်း ယူထားကြောင်း ပြောနေ၏။

တိတ်ဆိတ်စွာ အအေးသောက်နေစဉ် ရှောက်ယွီလုံက လျှောက်လာပြီး သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

သူက လက်တစ်ဖက်ဖြင့် ဆိုဖာ၏ အစွန်းကို ထောက်ကာ သူမဘက်ကိုနည်းနည်း စောင်းလှည့်ကြည့်ရင်း ပြုံး၍ မေးလိုက်သည်။

"သီချင်း မဆိုဘူးလား"

ရှလီက ပြုံးကာ ခေါင်းခါပြလိုက်သည်။

ရှောက်ယွီလုံက ခဏတာ စကားမပြောဘဲ သူမအား ဒီအတိုင်းပင် ဆက်ကြည့်နေပြီး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သလိုခေါ်လိုက်၏။

"ရှလီ"

ရှလီက သူ့အား မော့ကြည့်ကာ မေးလိုက်သည်။

"ဟင်"

ရှောက်ယွီလုံက နည်းနည်း လေးနက်သော အမူအရာဖြင့် သူမ၏ မျက်လုံးတွေကို စိုက်ကြည့်နေသည်။ ၎င်းက သူမကို နည်းနည်း နေရခက်သွားစေသဖြင့် ပြုံးကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ထူးဆန်းသော လေထုကြောင့် ရှလီမှာ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားလာကာ ကိုလာခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး လက်ဖဝါးထဲရှိ ရေခဲငွေ့များပင် ချွေးစေးလေးများအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။

သို့သော် နောက်တစ်စက္ကန့်တွင် ရှောက်ယွီလုံက အကြည့်လွှဲသွားပြီး ဟီးဟီး ဟု ရယ်မောလိုက်ကာ ပြောသည်။

"ဘာမှမဖြစ်ပါဘူး နင် တစ်ခုခု စားမလား ငါ သွားယူပေးမယ်"

ရှလီက ငြင်းလိုက်သည်။

"မလိုပါဘူး"

ရှောက်ယွီလုံကမူ ရုတ်တရက် ထရပ်ကာ ထွက်သွား၏။

သူ အခန်းတံခါးမှ ထွက်ခါနီးတွင် သူ၏ သူငယ်ချင်းကောင်းဖြစ်သော အလုပ်သမားရေးရာကော်မတီဝင် က သူ့ကို လှမ်းခေါ်လိုက်သည်။

"လောင်ရှောက် မင်းသီချင်း ရောက်ပြီ"

၎င်းမှာ Mayday ၏ 《ကျေနပ်ခြင်း》 သီချင်း ဖြစ်သည်။ လူကို အံ့ဩစေသည်မှာ ပုံမှန်ဆိုလျှင် ပေါက်ကရလုပ်တတ်ပုံရသော လူတစ်ယောက်က သီချင်းဆိုရာတွင် အတော်လေး နားထောင်ကောင်းနေပြီး ဆန့်ကျင်ဘက်ဖြစ်သော နက်ရှိုင်းသည့် ခံစားချက်မျိုး ရှိနေခြင်းပင် ဖြစ်သည်။

"မင်းရဲ့ အပြုံးတွေကို ငါ ချစ်မိသွားခဲ့ရင် ဘယ်လိုသိမ်းဆည်းထားရမလဲ ဘယ်လိုပိုင်ဆိုင်ရမလဲ..."

ရှောက်ယွီလုံက ခွေးခြေခုံတစ်ခုံကို ယူကာ မျက်နှာပြင်နှင့် အလွန်နီးကပ်စွာ ထိုင်ပြီး သီချင်းစာသားတွေကိုသာ စိုက်ကြည့်နေခဲ့သည်။ သီချင်းတစ်ပုဒ်လုံး ပြီးဆုံးသွားသည့်တိုင်အောင် မပြီးဆုံးသေးသော တေးသွားသံထဲတွင် သူက ရုတ်တရက် နောက်ကိုလှည့်ကြည့်လာ၏။ လင်းလိုက် မှိတ်လိုက်ဖြစ်နေသော မီးရောင်အောက်တွင် ရှလီအား တည့်တည့်မတ်မတ် ကြည့်လာသည်။

ထိုအကြည့်က အလွန်နက်ရှိုင်းပြီး ထောင်သောင်းမကသော စကားလုံးများ ရှိနေသကဲ့သို့ပင်။ ရှလီမှာ ကြောင်အမ်းသွား၏။ နောက်မှသာ တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလိုက်ရသည်။

ရှောက်ယွီလုံက မိုက်ခရိုဖုန်းကို ပိတ်ကာ အလုပ်သမားရေးရာကော်မတီဝင် ထံကိုပစ်ပေးလိုက်ပြီး ရုတ်တရက် ထရပ်ကာ တံခါးဆီကိုလျှောက်သွားလိုက်သည်။ သူက တံခါးကို ဆွဲဖွင့်လိုက်ပြီး လည်ပတ်နေသော လေပြေလေးထဲတွင် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

ထိုနေ့က ပွဲသိမ်းသည်အထိ ရှောက်ယွီလုံ ပြန်မရောက်လာခဲ့တော့ချေ။

အချိန်မည်မျှ ကြာသွားမှန်းမသိဘဲ စပီကာထဲမှ သီချင်းတစ်ပုဒ်၏ အစပိုင်းတေးသွား ထွက်လာ၏။ ထောင်ရှီးယွဲ့က ချက်ချင်း ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။

"ငါ့ဟာ ငါ့ဟာ ငါစုစုပေါင်းမှ နှစ်ပုဒ်ပဲ ဆိုမှာမို့ ကျေးဇူးပြုပြီး ငါနဲ့ မလုကြပါနဲ့ ငါနဲ့လည်း အတူတူ မဆိုကြပါနဲ့"

သူမက မိုက်ခရိုဖုန်းကို ယူကာ အခန်း၏ အလယ်တည့်တည့်တွင် ရပ်လိုက်သည်။

ထိုသီချင်းနှစ်ပုဒ်စလုံးမှာ စွန်းယန့်ဇီ၏ သီချင်းများ ဖြစ်သည်။ တစ်ပုဒ်က 《ကိုယ်ပျောက်လူသား》 ဖြစ်ပြီး နောက်တစ်ပုဒ်က 《ငါလည်း သူ့ကို အရမ်းလွမ်းတယ်》 ဖြစ်၏။

ရှလီက သူမ ဘယ်သူ့အတွက် ဆိုနေသလဲဆိုတာကို ချက်ချင်းပင် နားလည်လိုက်သည်။ ဆူညံနေသော အခန်းထဲတွင် သူမက ဒီနေရာတွင် မရှိသော လူတစ်ယောက်အတွက် ဆိုနေခြင်းပင်။

"ငါလည်း သူ့ကို အရမ်းလွမ်းတယ် ငါတို့အားလုံး တူတူပါပဲ သူ့ဆီမှာ အတောင်ပံတွေကို ရှာတွေ့ခဲ့ဖူးတယ်..."

မှိန်ပျပျ မီးရောင်အောက်တွင် ရှလီက ထိုသီချင်းသံကို နားထောင်ရင်း ကမ္ဘာပျက်မည့်နေ့က မီးတောင်ပြာများ တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသလိုခံစားလိုက်ရ၏။ နှလုံးသားမှာ မိုးတိမ်များဖုံးလွှမ်းသွားသလိုလေးလံနေတော့သည်။

ထိုနှစ် နွေရာသီက ယန့်စစ်ရှီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ရင်ဘတ်ထဲမှ ငလျင်၏ နောက်ဆက်တွဲ ဂယက်များက ယနေ့တိုင်အောင် ဆက်တည်ရှိနေသကဲ့သို့ပင်။ ဆက်တိုက်ဖြစ်ပေါ်လာသော တုံ့ပြန်မှုများက ကံကြမ္မာထဲတွင် ရှောင်လွှဲ၍မရသော ဘေးအန္တရာယ်တစ်ခု ဖြစ်နေ၏။

"နွေရာသီက အဲဒီလောက်တိုတောင်းပေမဲ့ လွမ်းဆွတ်ခြင်းတွေကတော့ အရမ်းကို ရှည်လျားလွန်းတယ်..."

သေချာနားထောင်ကြည့်လျှင် နည်းနည်း ရှိုက်သံပါနေသလိုဖြစ်နေသော သီချင်းသံက ဆက် ထွက်နေဆဲပင်။

ရှလီက မျက်ရည်များ ဝဲနေသော မျက်လုံးများဖြင့် ဖုန်းကို ထုတ်ယူကာ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး စာတိုပေးပို့ထားသော အကွက်ကို ဖွင့်ကြည့်လိုက်၏။ သဲလွန်စမရှိ ပျောက်ဆုံးနေသော နှုတ်ခွန်းဆက်စကားများ တစ်စောင်ပြီးတစ်စောင် ရှိနေသည်။

'ဟိုင်း နောက်ဆုံးအကြိမ် စမ်းသပ်စာမေးပွဲမှာ မေးခွန်းတွေက လွယ်လိုက်တာ အရမ်းပဲ ဒီစာမေးပွဲက ကျောင်းက ငါတို့ကို ယုံကြည်မှု ပြန်ရှာတွေ့အောင် လုပ်ပေးတာလို့ ငါတို့အားလုံး ပြောနေကြတယ်'

'ဟိုင်း ဒီနေ့ ရာသီဥတု မဆိုးဘူး ငါ့ရဲ့ လုပ်ရမယ့်စာရင်းကို ပြန်စီစဉ်ကြည့်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးသွားရင် ကြည့်ရမယ့် ရုပ်ရှင်တွေ အများကြီးရှိနေတာ သတိထားမိတယ်'

'ဟိုင်း 《ရုပ်ရှင်ကြည့်မယ်》 မဂ္ဂဇင်း အသစ်ထွက်ပြီနော်'

'ဟိုင်း နင် အခု နေကောင်းရဲ့လား နိုင်ငံခြားကို ရောက်နေပြီလား'

'ဟိုင်း နင် စာမေးပွဲဖြေရင် စိတ်လှုပ်ရှားတတ်လား စိတ်လှုပ်ရှားတာကို ကျော်လွှားနိုင်မယ့် နည်းလမ်းလေးတွေ ရှိလား'

'ဟိုင်း မနက်ဖြန်ဆို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပဲ နင် ငါ့ကို စာမေးပွဲ ကောင်းကောင်းဖြေနိုင်ဖို့ ဆုတောင်းပေးလို့ ရမလား'

ဟိုင်း ယန့်စစ်ရှီ။

ငါ့အသံက တိုတောင်းလွန်းတာကိုပဲ အပြစ်တင်ရတော့မှာပေါ့။

ငါ့ရဲ့ ရှည်လျားလှတဲ့ အချစ်တွေက နင့်ရဲ့ တောင်တန်းတွေ သမုဒ္ဒရာတွေကို ကျော်ဖြတ်ပြီး မပျံသန်းနိုင်ခဲ့ဘူးလေ။

_________

All Chapters