အခန်း ၃
Vol. 1 Ch. 3
အခန်း (၃)
အတန်းပိုင်ဆရာ လောင်ကျွမ်း၏ ကြီးကြပ်မှုအောက်တွင် ကျောင်းဖွင့်ပြီး ဒုတိယနေ့မှာပင်အခန်း၇ ၏ အရှိန်အဟုန်က လမ်းကြောင်းမှန်ပေါ် ရောက်သွားခဲ့ပြီး မနက်ပိုင်းစာဖတ်ချိန်မှစ၍ ညပိုင်းစာကြည့်ချိန်အထိ မနက် ၇ နာရီမှ ည ၁၀ နာရီအထိ ပုံမှန် လည်ပတ်နေလေပြီ။
မွန်းလွဲပိုင်းတွင် ရာသီဥတုက တိမ်ထူလာပြီး ကောင်းကင်ယံမှ အလင်းရောင်များ ရုတ်တရက် ပျောက်ကွယ်သွားကာ ကောင်းကင်ကြီးက အိုးမဲသုတ်ထားသလိုမည်းမှောင်လာပြီး မိုးရွာတော့မည့်ပုံ ပေါ်လာ၏။
အသစ်ဆွဲထားသော တာဝန်ကျဇယားအရ ရှလီကအခန်း၇ ၏ အပြင်ဘက် သန့်ရှင်းရေးဧရိယာကို တာဝန်ယူရမည်ဖြစ်သည်။
သူမက ရေဒီယိုစခန်းမှူး တာဝန်ကိုလည်း ပူးတွဲယူထားရသဖြင့် မွန်းလွဲပိုင်း နောက်ဆုံးအချိန် ပြီးဆုံးသည်နှင့် တစ်ရက်တည်း တာဝန်ကျသည့် ရှောက်ယွီလုံထံကိုအပြေးသွားကာ နှုတ်ဆက်လိုက်သည်။
ရှလီက ပြောလိုက်သည်။
"ငါ ရေဒီယိုစခန်းကို အရင်သွားရမှာမို့လို့ နင် အရင်သွားပေးလို့ရမလား ငါ ခဏနေရင် လိုက်လာခဲ့မယ်"
ရှောက်ယွီလုံက ပြောလာသည်။
"ဒါဆို ငါ့ကို ညစာဝယ်ကျွေး"
ရှလီက သဘောတူလိုက်သည်။
"ရတယ် ရတယ်"
ရှောက်ယွီလုံက ပြုံး၍ ပြောလိုက်သည်။
"စတာ…စတာ… နင်မြန်မြန်သွား ငါ နင့်အတွက် တံမြက်စည်း ယူထားပေးမယ်"
ရှလီက ပြောသည်။
"ကျေးဇူး… ကျေးဇူး"
ရှလီက ရေဒီယိုစခန်းကိုအပြေးသွားကာ ဒီနေ့ထုတ်လွှင့်မည့် အစီအစဉ်အတွက် စီစဉ်သူနှင့် အသံလွှင့်သူများ အဆင်သင့်ဖြစ်မဖြစ် အတည်ပြုပြီး တာဝန်ကျရာနေရာကိုအမြန်သွားလိုက်သည်။
ရှောက်ယွီလုံက သန့်ရှင်းရေးလုပ်နေပြီဖြစ်ပြီး ဘေးတွင် သူကူယူလာပေးသော တံမြက်စည်းတစ်ချောင်း ချထား၏။
ရှလီက အမြန်ပြေးသွားကာ တံမြက်စည်းကို ယူလိုက်ပြီး မေးလိုက်သည်။
"ဒီဘက်ကို နင်လှည်းပြီးပြီလား"
ရှောက်ယွီလုံက ပြန်ဖြေသည်။
"လှည်းပြီးပြီ နင် ဟိုဘက်ကို သွားလှည်းလိုက်လေ"
ခဏအကြာတွင် မိုးစတင်ရွာသွန်းလာ၏။
သူတို့နှစ်ယောက်က ကမန်းကတန်း လှည်းကျင်းလိုက်ပြီး ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်တွေကို စုပုံကာ တံမြက်စည်းဂေါ်ပြားဖြင့် ကော်ယူ၍ ဘေးရှိ အမှိုက်ပုံးထဲကိုထည့်လိုက်ကြသည်။
မြေပြင်တစ်ခုလုံး မိုးရေမစိုခင် သူတို့နှစ်ယောက်က စာသင်ဆောင်ရှေ့ရှိ စင်္ကြံလမ်းထဲကိုအမြန်ပြေးဝင်ကာ မိုးခိုလိုက်ကြသည်။
လူတစ်ယောက်ကို ဝင်တိုက်မိမလိုဖြစ်သွားသဖြင့် ရှလီက အမြန်တန့်လိုက်ရ၏။
ထို့နောက် သူမ ကြောင်အမ်းသွားတော့သည်။
သူမက မောဟိုက်နေအောင် ပြေးလာခဲ့ရပြီး လက်ထဲတွင် တံမြက်စည်းဂေါ်ပြားနှင့် တံမြက်စည်းနှစ်ချောင်းကို ကိုင်ထားကာ ဆံပင်များက မိုးရေကြောင့် နည်းနည်း စိုစွတ်နေပြီး ဆံပင်အရှေ့ချထားသည်များက နဖူးပေါ်တွင် ကပ်နေ၏။
သူမ အလွန်အဆင်မပြေဖြစ်နေချိန်တွင်မှ တစ်သက်လုံး ထပ်မတွေ့ရတော့ဘူးဟု ထင်ထားခဲ့သော သူနှင့် ထပ်ဆုံလိုက်ရသည်။
ကံကောင်းစွာဖြင့် ကောင်လေးက သူမကို သတိမထားမိခဲ့ပေ။
သူက အင်္ကျီအဖြူဝတ်ထားပြီး ကျောပိုးအိတ်အမည်းတစ်လုံးကို လွယ်ထားကာ အသက်ခြောက်ဆယ်ကျော်ခန့်ရှိပြီး ဆံပင်များဖြူနေကာ မျက်နှာပေါ်တွင် ရင်းနှီးဖော်ရွေသော အပြုံးများရှိသည့် လူကြီးတစ်ေယာက်ဘေးတွင် မောပန်းနေဟန်ဖြင့် ရပ်နေ၏။
သူတို့နှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင်လည်း ထိုနည်းတူ ရင်းနှီးဖော်ရွေသော အပြုံးများဖြင့် ကျောင်းသားရေးရာမှူး ရပ်နေသည်။
လူကြီးက ပြုံး၍ ပြောလာသည်။
"မင်ကျန်းက စည်းကမ်းကြီးတယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ဒီကလေးကလည်း လိမ္မာပါတယ် ဆရာကျန်းကို ဒုက္ခပေးမှာ မဟုတ်ပါဘူး နောက်နောင်လည်း သူ့ကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းပါတယ်ဗျာ"
ကျောင်းသားရေးရာမှူး ကျန်းက ပြုံး၍ ပြော၏။
"စိတ်ချပါဗျာ ကျောင်းသားအားလုံးကို ကျွန်တော်တို့ တာဝန်ယူပါတယ်"
ရှလီမှာ ငေးမောနေမိပြီး သူမ ရင်ထဲတွင် ပျောက်ဆုံးသွားသောအရာကို ပြန်လည်ရှာတွေ့လိုက်ရသလိုဝမ်းသာသွားမိသည်။
"ဘယ်လိုလုပ်ပြီး ဘယ်လိုလုပ်ပြီး ထပ်တွေ့နိုင်ရတာလဲ..."
အရှေ့ကိုရောက်သွားပြီဖြစ်သော ရှောက်ယွီလုံက လှမ်းခေါ်မှသာ ရှလီ သတိဝင်လာပြီး နောက်မှ လိုက်သွားလိုက်သည်။
သူမမှာ အဝေးသို့ရောက်လာမှသာ လှည့်ကြည့်ရဲပြီး စင်္ကြံအောက်တွင် မိုးဖွဲဖွဲလေးကျနေချိန် သူ၏ သွယ်လျမတ်မတ်ကိုယ်လုံးလေးက ဖြူစင်သန့်ရှင်းပြီး အထီးကျန်နေသော ကြိုးကြာဖြူလေးတစ်ကောင်လိုပင်။ အရပ်က အလွန်ရှည်ပြီး ကျောင်းသားရေးရာမှူး ကျန်းထက်ပင် ခေါင်းတစ်လုံးခန့် ပိုမြင့်နေ၏။
ရှောက်ယွီလုံက သူ့ဘာသာ အမှိုက်သွားသွန်ပြီး ရှလီကို အခန်းထဲ အရင်ပြန်ခိုင်းလိုက်သည်။
မြေညီထပ် စင်္ကြံကို ဖြတ်သွားလျှင် အင်တာနေရှင်နယ်အတန်းကို ဖြတ်သွားရမည်ဖြစ်သည်။
အင်တာနေရှင်နယ်အတန်း၏ အခန်းနံပါတ်မှာအခန်း၂၀ ဖြစ်ပြီး ယခုအချိန်တွင်အခန်း ၂၀ ၏ တံခါးဝ စင်္ကြံ ပြတင်းပေါက်နားတွင် ထောင်ရှီးယွဲ့ကို ဝိုင်းရံထားသော လူလေးငါးယောက် ရှိနေသည်။
ထောင်ရှီးယွဲ့၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေဟန် နည်းနည်းရှိနေပြီး အထက်စီးဆန်တာ ဟု ပြောရလောက်အောင် မသိသာသော်လည်း သေချာကြည့်လျှင် ထိုသို့ခံစားရနိုင်၏။
ရှလီက သူမအပေါ် အမြင်မကြည်တာမျိုး သိပ်မရှိလှပေ။ ထောင်ရှီးယွဲ့သည် ငယ်စဉ်ကတည်းက အတန်းထဲတွင် အမြဲရှိတတ်သော မင်းသမီးလေးပုံစံ မိန်းကလေးမျိုးဖြစ်ပြီး မိသားစုအခြေအနေကောင်းမွန်ကာ ရုပ်ရည်လှပပြီး လူချစ်လူခင်ပေါများကာ အမှတ်လည်းကောင်းသဖြင့် ဤသို့သောအခြေအနေမျိုးတွင် အထက်စီးဆန်ခွင့် ရှိသည်ဟု သူမထင်သည်။
သူမ တစ်ေယာက်ယောက်က မေးလိုက်သည်ကို ကြားလိုက်ရသည်။
"ရှီးယွဲ့ နင် သူနဲ့ ဘယ်လိုသိတာလဲ"
ထောင်ရှီးယွဲ့က ပြောလိုက်သည်။
"သူ့အဘွားက အငြိမ်းမစားခင်တုန်းက ပထမဆေးရုံမှာ အလုပ်လုပ်တာလေ ငါ့အမေက သူ့အဘွားနဲ့ ဌာနတစ်ခုတည်းကမို့ သူ့တပည့်လို့တောင် ပြောလို့ရတယ်"
ရှလီ၏ ခြေလှမ်းများ ရပ်တန့်သွား၏။
သူတို့ ဘယ်သူ့အကြောင်း ပြောနေမှန်း မသိသော်လည်း ထူးဆန်းသော အလိုအလျောက်သိစိတ်က သူမစိတ်ထဲတွင် ပေါ်လာသည်။
"သူတို့ ပြောနေတာ အဲဒီကောင်လေးများလား..."
တစ်ယောက်က ဝါး ဟု အသံပြုလိုက်ပြီး ထပ်မေး၏။
"သူက ဘယ်ကျောင်းက ပြောင်းလာတာလဲ"
ထောင်ရှီးယွဲ့က ဖြေသည်။
"ပေချန်ဘက်ကလေ"
ကျောင်းသားက မေးသည်။
"ပေချန်ကနေ ငါတို့ ချူချန်လို နေရာသေးသေးလေးကို ဘာလုပ်ဖို့ ပြောင်းလာတာလဲ"
ထောင်ရှီးယွဲ့က ပြောလိုက်သည်။
"အဲဒါကြောင့် အင်တာနေရှင်နယ်အတန်း ဖွင့်လိုက်တာပေါ့ အင်တာနေရှင်နယ်အတန်း ဖွင့်ဖို့အတွက် ပိုက်ဆံအများစုကို သူ့အဘိုးက လှူထားတာ ဒါပေမဲ့ သူက ဒီမှာ ယာယီပဲ တက်မှာနေမှာပါ ကျောင်းလျှောက်ဖို့ စာရွက်စာတမ်းတွေ တင်တဲ့အခါကျရင် ပေချန်ကို ပြန်သွားလိမ့်မယ်"
ထိုအချိန်တွင် ထောင်ရှီးယွဲ့က ရှလီကို သတိထားမိသွားပြီး လက်ပြကာ နှုတ်ဆက်လိုက်သည်။
"ဟိုင်း"
ရှလီမှာ လက်မအားသဖြင့် ပြုံး၍ ပြန်နှုတ်ဆက်လိုက်ရသည်။
"ဟိုင်း"
သူမ အလွန်သိချင်နေသော်လည်း အခြားအတန်း၏ တံခါးဝတွင်ဖြစ်သဖြင့် ရှလီမှာ အနားသွား၍ နားထောင်ရန် အဆင်မပြေသဖြင့် ထောင်ရှီးယွဲ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်သည်။
ရှလီက တံမြက်စည်းနှင့် တံမြက်စည်းဂေါ်ပြားကို ထားခဲ့ပြီး စင်္ကြံအဆုံးရှိ သန့်စင်ခန်းသို့သွားကာ လက်ဆေးလိုက်သည်။
အတန်းထဲပြန်ရောက်ပြီး မကြာမီတွင် လင်ချင်းရှောင်က ကန်တင်းမှ ပြန်ရောက်လာပြီး ရှလီအတွက် ဝယ်လာပေးသော ခေါက်ဆွဲကြော်တစ်ပွဲကို ဆွဲလာ၏။
ရှလီက ကျေးဇူးတင်စကား ပြောလိုက်သည်။
လင်ချင်းရှောင်က ရှလီ၏ ဘေးခုံနေရာတွင် ဝင်ထိုင်လိုက်ပြီး ကွမ်းမင်ဒိန်ချဉ်ကို သောက်ရင်း ပြောလာသည်။
"နင် ခုနက သန့်ရှင်းရေးသွားလုပ်နေတော့ မတွေ့လိုက်ဘူးအခန်း ၂၀ ကို အရမ်းချောတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်"
ရှလီက တစ်ခါသုံးတူကို ချိုးနေရင်း ရပ်တန့်သွား၏။ လင်ချင်းရှောင်က ဆက်ပြောသည်။
"ငါ ခုနက တက်လာတော့ ထောင်ရှီးယွဲ့တို့ ပြောနေတာ ကြားလိုက်တယ် သူက အဲဒီကောင်လေးနဲ့ သိတယ်ထင်တယ်"
လင်ချင်းရှောင်က ပြော၏။
"ဒါဆို သူ အခွင့်အရေးယူပြီး ကြွားတော့မှာပေါ့"
ထိုအချိန်တွင် ကောင်မလေး သုံးယောက် ဝင်လာပြီး ထိုအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောနေကြ၏။
ကောင်မလေးတစ်ယောက်က ပြောသည်။
"သူ ပြန်မသွားသေးဘူးလို့ ကြားတယ် ရုံးခန်းအဆောက်အအုံဘက်မှာ ရှိသေးတယ်တဲ့"
နောက်တစ်ယောက်က မေးသည်။
"သွားကြည့်ကြမလား"
ကောင်မလေးက ပြန်ပြောသည်။
"မသွားပါဘူး အရမ်း သိသာလွန်းတယ်"
အခြားတစ်ယောက်က မေးသည်။
"ဘယ်လောက်တောင် ချောလို့လဲ ရှန်ယန်ထက် ပိုချောလား"
ကောင်မလေးက ဖြေသည်။
"ရှန်ယန်က သူ့ကိုယှဉ်ရင် သာမန်လောက်ပဲ ရှိတော့တယ်"
သူတို့၏ စကားများမှတစ်ဆင့် ရှလီက အသေးစိတ်အချက်အလက်တွေကို ပိုသိလာခဲ့သည်။
ကောင်လေးက မွန်းလွဲပိုင်း နောက်ဆုံးအချိန် ဆင်းခါနီးတွင် ရောက်လာပြီး စာအုပ်လာထားတာ ဖြစ်သည်။
သူ အခန်းထဲဝင်လာချိန်တွင် မည်သူ့ကိုမျှ မနှုတ်ဆက်ခဲ့ပေ။ ထောင်ရှီးယွဲ့ကသာ သူ၏နာမည်ကို အရင်ခေါ်ခဲ့သော်လည်း သူ၏တုံ့ပြန်မှုက အလွန်အေးစက်နေခဲ့သည်။
ထို့နောက် အတန်းဆင်းသည်နှင့် ကောင်လေးက ထွက်သွားပြီး ရုံးခန်းအဆောက်အအုံဘက်တွင် ပြန်တွေ့ရတာဖြစ်သည်။
ရှလီမှာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
နောက်ပိုင်း ၂၀၁၃ ခုနှစ်တွင် "သုန်သခင်မလေး"ဟူသော သီချင်းတစ်ပုဒ် နာမည်ကြီးလာပြီး သီချင်းစာသားတွင် 'မင်းက သာမန် မိန်းကလေးအတန်းဖော် တစ်ယောက်မှ မဟုတ်တာ' ဟု ပါသည်။
ရှလီကတော့ တကယ်ကုိ သာမန် မိန်းကလေးအတန်းဖော် တစ်ယောက်သာ ဖြစ်သည်။
သိမ်မွေ့ပြီး လိမ္မာကာ စည်းကမ်းရှိပြီး ဘယ်တော့မှ စည်းမကျော်ခဲ့ပေ။
သို့သော် ယခုအချိန်တွင်တော့ သူမက ဇာတ်လမ်းတစ်ပုဒ်နှင့် အလွန်နီးကပ်နေ၏။
"နင်တို့ပြောနေတဲ့သူက ငါ့နားကြပ်ကို ငှားပြီး နှစ်နာရီလောက် သီချင်းနားထောင်သွားသေးတယ်"
သို့သော် မဖြစ်နိုင်ပေ။
လူတွေက အမှန်တကယ် ဟုတ်မဟုတ်ကို သံသယဝင်ကြမည်မှာ သေချာသည်။
တကယ်ပဲ အဲဒီလို ဖြစ်ခဲ့တာလားဆိုတာကို သူမကိုယ်တိုင်တောင် သံသယဖြစ်မိလာသည်။
"အဲဒီတုန်းက သူ့နာမည်ကို မေးလိုက်ရင် ကောင်းမှာပဲ..."
"နာမည်ကို သိလိုက်ရရင် သူက ကားပေါ်မှာ မက်ခဲ့တဲ့ နေ့ခင်းအိပ်မက်တစ်ခုလို ဖြစ်တော့မှာမဟုတ်ဘူး..."
ရှလီက လင်ချင်းရှောင်ကို မေးလိုက်သည်။
"သူ့နာမည် ဘယ်လိုခေါ်လဲ"
လင်ချင်းရှောင်က ဖြေသည်။
"ယန့်စစ်ရှီ"
ရှလီက မေးသည်။
"ဘယ်လိုရေးတာလဲ"
လင်ချင်းရှောင်က သူမ၏ဘောပင်နှင့် အကြမ်းစာရွက်ကို ယူလိုက်သည်။
ယန့်စစ်ရှီ။
ငြိမ်းချမ်းတဲ့လောကကြီး (ယန့်)၊ ကျွန်တော် မွေးဖွားလာရတာကို ဝမ်းမြောက်မိပြီး၊ ဒီဘဝလေး ကို အမြတ်နိုးဆုံးပါပဲ။(စစ်ရှီ)
海晏河清,(Hǎi yàn hé qīng ) 庆幸降生,(qìngxìng jiàngshēng)笃定此时。(dǔdìng cǐ shí.)
(T/N Hǎi yàn hé qīng ထဲက yàn နဲ့ dǔdìng cǐ shí ထဲက cǐ shí ကိုပေါင်းထားတာပါ။ )