← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

မွန်းလွဲပိုင်းတွင် လူတိုင်း အစီအစဉ်ကိုယ်စီရှိသဖြင့် ထိုနေရာတွင်ပင် လူစုခွဲလိုက်ကြသည်။

ထျန်းရှင်းလမ်းမှာ လမ်းလျှောက်သူများအတွက် သီးသန့်လမ်းဖြစ်ပြီး မော်တော်ယာဉ်များ ဝင်ရောက်ခွင့်မရှိသဖြင့် သူတို့သုံးယောက်က အရှေ့ဘက် ပင်မလမ်းမကြီးဆီကိုအတူလျှောက်သွားကြ၏။

ဝမ်ချန်းက အရှေ့ဘက်တွင် ဘတ်စ်ကားစီးရမည်ဖြစ်ရာ လမ်းဆုံသို့ရောက်သည်နှင့် အရင်ထွက်သွားခဲ့သည်။

ရှလီက ကျောင်းအနီးရှိ အဆောင်ကိုပြန်ရမည်ဖြစ်ပြီး ယန့်စစ်ရှီက လာကြိုမည့်သူတွေကို စောင့်ရမည်ဖြစ်ရာ နှစ်ယောက်စလုံး လမ်းတစ်ဖက်ကိုကူးရမည်ဖြစ်သည်။

လူကူးမျဉ်းကြားတွင် မီးစိမ်းလင်းလာသဖြင့် သူတို့နှစ်ယောက် အတူတကွ လမ်းကူးခဲ့ကြသည်။

ချူချန်ကဲ့သို့သော မြို့ငယ်လေးတွင် မော်တော်ယာဉ်လမ်းရှိ မီးနီများမှာ အိမ်စီး ကားတွေကိုသာ ထိန်းချုပ်နိုင်၏။ သူတို့ လမ်းတစ်ဝက်သို့ရောက်ချိန်တွင် သုံးဘီးဆိုင်ကယ်တစ်စီးက တဝီဝီမြည်ကာ တည့်တည့်မောင်းနှင်လာသည်။

ယန့်စစ်ရှီက အားလပ်နေသော လက်တစ်ဖက်ဖြင့် သူမ၏ တံတောင်ဆစ်ကို လှမ်းကိုင်ကာ အရှေ့ကိုညင်သာစွာ ဆွဲယူလိုက်ပြီး ပြောလိုက်သည်။

"သတိထား"

ထို့နောက် သူက ခြေတစ်ဝက်နောက်ဆုတ်လိုက်ပြီး သူမ၏ ညာဘက်ခြမ်း ကားလာရာလမ်းဘက်ကိုကွေ့ပတ်သွားလိုက်၏။

သုံးဘီးဆိုင်ကယ်က ဖြတ်မောင်းသွားပြီး ဆူညံသံနှင့် စူးရှသော အိတ်ဇောနံ့တွေကို ချန်ရစ်ထားခဲ့သည်။

လမ်းတစ်ဖက်သို့ရောက်တော့ ရှလီက ယန့်စစ်ရှီကို တစ်ချက်ခိုးကြည့်လိုက်ပြီး အကြည့်ကို အမြန်ပြန်ရုပ်သိမ်းကာ မေးလိုက်သည်။

"နင် ဒီနေရာမှာပဲ ကားစောင့်မှာလား"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"အင်း"

ရှလီက နှုတ်ဆက်လိုက်သည်။

"...ဒါဆို ငါ အရင်သွားနှင့်မယ်နော် ဘိုင့်ဘိုင်"

"ဘိုင့်ဘိုင်"

ရှလီက တစ်စက္ကန့်လေးမျှပင် နောက်သို့လှည့်မကြည့်ဘဲ လမ်းဘေးပလက်ဖောင်းအတိုင်း ရှေ့သို့ဆက်လျှောက်သွားခဲ့ပြီး ရှေ့လမ်းထောင့်ချိုးသို့ရောက်မှသာ ရပ်တန့်လိုက်၏။

သစ်ပင်ရိပ်တွင် ရပ်ကာ နောက်သို့လှည့်ကြည့်လိုက်ရာ ယန့်စစ်ရှီက ကားတံခါးဖွင့်၍ ကားပေါ်တက်သွားသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူမ တကယ်မထိန်းနိုင်တော့ဘဲ လမ်းဘေးပလက်ဖောင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ မျက်နှာကို လက်နှစ်ဖက်ကြားတွင် အပ်ထားလိုက်၏။

လက်လှမ်းကာ သူမ၏ တံတောင်ဆစ်ပေါ်ရှိ အသားအရေကို ဖိထားလိုက်သည်။

ယခင်က အတန်းထဲမှ သူငယ်ချင်းများနှင့် အပြင်သွားရာတွင် နည်းနည်းသတိရှိသော ယောကျ်ားလေးများက ကားလာရာလမ်းဘက်တွင် အမြဲတမ်း နေရာယူပေးလေ့ရှိရာ ၎င်းမှာ ထူးခြားသောကိစ္စတစ်ခုတော့ မဟုတ်ပေ။

သို့သော် ဒီလူမှာ ယန့်စစ်ရှီ ဖြစ်နေ၏။

သူမ၏ ပါးပြင်နှစ်ဖက်မှာ ရေနွေးဆူသလိုပူထူလာပြီး ရင်ထဲတွင်လည်း ကြာရှည်စွာ မငြိမ်သက်နိုင်သော ဆူညံသံများ ထွက်နေတော့ချေသည်။

…

နောက်နေ့မနက်တွင် ရှလီက ကျွီရှုမြို့နယ်ကိုတိုက်ရိုက်ကားစီးသွားခဲ့သည်။

မွန်းတည့်ချိန်ခန့်တွင် ဆိုင်ရှင်က ကွန်ပျူတာလာပို့ပေးရန် လူလွှတ်လိုက်ပြီး ရှလီ၏ရှေ့တွင်ပင် ပစ္စည်းတပ်ပေးဆင်ပေးသွားခဲ့သည်။

ရှလီက ယန့်စစ်ရှီအား ပစ္စည်းစစ်ဆေးပေးရန် ထပ်မံဒုက္ခမပေးတော့သော်လည်း မှတ်တမ်းအဖြစ် ဓာတ်ပုံတွေကို အစမှအဆုံး ရိုက်ကူးထားခဲ့၏။

မွန်းလွဲပိုင်းတွင် ရှလီက တယ်လီကွန်းဝန်ဆောင်မှုပေးသူထံ ဆက်သွယ်၍ အင်တာနက်လာရောက်တပ်ဆင်ပေးရန် အကူအညီတောင်းခဲ့ရာ ညစာစားချိန်ရောက်မှသာ ကွန်ပျူတာကို အင်တာနက်ချိတ်ဆက်ပြီး ပုံမှန်အသုံးပြုနိုင်တော့သည်။

ဒုတိယနေ့တွင် ရှလီက နောက်တစ်ခေါက် ထပ်သွားကာ လိုအပ်သော ဆော့ဖ်ဝဲအချို့ကို ဒေါင်းလုဒ်ဆွဲပေးခဲ့ပြီး ကျန်းဟုန်နှင့် ရှကျန့်ယန်တို့အတွက် QQ အကောင့်များ လျှောက်ထားပေးခဲ့ကာ တစ်ချက်နှိပ်ခြင်း နှစ်ချက်ဆက်တိုက်နှိပ်ခြင်းစသည့် အခြေခံအကျဆုံး လုပ်ဆောင်ချက်အချို့ကို သင်ပေးခဲ့၏။

ထို့နောက် ထိုကွန်ပျူတာကို အသုံးပြု၍ စာရွက်စာတမ်းတစ်ခုဖန်တီးကာ မိဘများ၏ နားလည်နိုင်စွမ်းနှင့်အညီ ဆော့ဖ်ဝဲတစ်ခုချင်းစီ၏ အသုံးပြုနည်းတွေကို ရေးသားပေးခဲ့သည်။

ထိုလမ်းညွှန်ချက်ကို ရေးနေရင်းမှ မည်မျှ အလုပ်ရှုပ်ကြောင်း သိလာရပြီး မသိမသာဖြင့် သူမ၏ အချိန်တစ်ရက်လုံး ကုန်ဆုံးသွားခဲ့၏။

မေလပထမပတ် ပိတ်ရက်တွင် အလုပ်သမားများ နားကြသဖြင့် စက်ရုံတွင် ထမင်းစားသူများ သိပ်မရှိချေ။

ကျန်းဟုန်က ကန်တင်းတွင် အလုပ်ပြီး အပြန်လမ်း၌ ရှလီအတွက် ဟင်းအချို့ ထည့်လာခဲ့သည်။

အဆောင်ကိုပြန်ရောက်တော့ ရှလီက အလုပ်လုပ်နေဆဲဖြစ်သည်ကို မြင်သဖြင့် သူမက ပြောလာသည်။

"အရင် ထမင်းစားလိုက်လေ ဒီအချိန်လေးကို အလောတကြီး လုပ်နေစရာမလိုပါဘူး သမီး အားတဲ့အချိန်မှ လာသင်ပေးလည်း ရတာပဲကို"

ရှလီက ကွန်ပျူတာရှေ့မှ မထဘဲ ပြန်ဖြေသည်။

"ခဏလေး ပြီးတော့မယ်... ဒီနားမှာ ပရင်တာ ဘယ်မှာရှိလဲ"

ကျန်းဟုန်က ဖြေလိုက်သည်။

"သမီးအဖေတို့ လုံခြုံရေးဌာနမှာ ရှိတယ်လေ သမီး ထမင်းစားပြီးရင် အဲဒီကို ယူသွားပြီး ထုတ်ခိုင်းလိုက်ပေါ့"

ရှလီက စာရွက်စာတမ်းကို သိမ်းလိုက်ပြီး သူမ၏ မှတ်ဉာဏ်ကတ်ထဲကိုကူးထည့်လိုက်၏။

ထမင်းစားနေစဉ် ကျန်းဟုန်က ထုံးစံအတိုင်း သူမ၏ ပညာရေးနှင့် နေထိုင်မှုအခြေအနေတွေကို မေးမြန်းသည်။

ရှလီက အကုန်အဆင်ပြေကြောင်းသာ ဖြေလိုက်သည်။

"သမီးရဲ့ ဦးလေးလော့ ကလေးက နောက်လဆို အလယ်တန်းစာမေးပွဲ ဖြေရတော့မယ်"

ကျန်းဟုန်က စကားစမြည်ပြောသလို ပြောလာသည်။

ရှလီက မေးလိုက်သည်။

"သူ အောင်နိုင်ပါ့မလား"

ကျန်းဟုန်က ဖြေ၏။

"လော့ဝေ့ကော်က ကျောင်းဖွံ့ဖြိုးရေးကြေး ကြိုပြင်ထားပြီးသား စာမေးပွဲကျရင်လည်း ပိုက်ဆံပေးပြီး ဝင်ခိုင်းမှာပေါ့"

"ငါတို့ကျောင်းမှာလား"

"အင်း"

"သူက တကယ် ပိုက်ဆံပေါတာပဲ"

ရှလီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

ကျန်းဟုန်က ဆက်ပြောလာသည်။

"ငါတို့ စက်ရုံက ဥက္ကဋ္ဌဟော့က သမီးတို့ကျောင်းကို ပိုက်ဆံအများကြီး လှူထားတယ်မလား သူ တစ်ခွန်းလောက်ပြောလိုက်ရင် လော့ဝေ့ကော်လည်း ပိုက်ဆံအများကြီး ကုန်စရာမလိုတော့ဘူး"

ရှလီက ဘာမှမပြောတော့ပေ။

ကျန်းဟုန်က သက်ပြင်းချကာ ပြောသည်။

"လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိတယ်လို့ပဲ ပြောရမှာပေါ့ သမီးရဲ့ ဦးလေးလော့က လူမှုဆက်ဆံရေးကောင်းတော့ ငါတို့မိသားစုထက် ပိုအဆင်ပြေတာပေါ့"

ရှလီက မေးလိုက်သည်။

"...အမေက အားကျနေတာလား"

ကျန်းဟုန်က ရယ်လိုက်၏။

"ဘာသွားအားကျစရာရှိလို့လဲ ဒီလောက် လိမ္မာရေးခြားရှိတဲ့ သမီးတစ်ယောက်ရှိနေတာပဲ အမေကတော့ သူတွေကို နည်းနည်းလေးတောင် အားမကျဘူး လော့ဝေ့ကော်ကို ကြည့်ပါလား သူ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ လော့ဝေးက အသုံးမကျတော့ အကြွေးလာတောင်းတဲ့သူနဲ့ တူနေတာပဲ ဥက္ကဋ္ဌဟော့က ပိုက်ဆံချမ်းသာတယ်မလား ပေချန်ကနေ သမက်ရထားတာ ဟော့မိသားစုထက်တောင် ပိုချမ်းသာသေးတယ် ဒါပေမဲ့ ဘာအသုံးကျလို့လဲ သူ့သမီးက ဖျားနေတာပဲ..."

ရှလီ၏ မျက်ခွံလေး တစ်ချက်ခုန်သွား၏။

"...ဘာရောဂါလဲ"

ဥက္ကဋ္ဌဟော့၏ သမီးဆိုတာ ယန့်စစ်ရှီရဲ့...

ကျန်းဟုန်က ဖြေလာသည်။

"အဲဒါတော့ မသိဘူး ဥက္ကဋ္ဌဟော့ရဲ့ မြေးကလည်း ဒီကို ပြန်လာပြီး ကျောင်းတက်နေတယ်မလား ဒီကိစ္စကြောင့်ပဲ ဖြစ်မှာပေ့ါ"

ရှလီမှာ ရုတ်တရက် အလွန်စိုးရိမ်သွားပြီး မေးလိုက်သည်။

"အမေ ဘယ်ကနေ ကြားလာတာလဲ"

ကျန်းဟုန်က ရှင်းပြ၏။

"စက်ရုံဆိုတော့ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး ငါတို့ထဲက အများစုက သိကြပါတယ် ဝန်ထမ်းဟောင်းတချို့က ဥက္ကဋ္ဌဟော့ရဲ့သမီး ကြီးပြင်းလာတာကို မြင်ဖူးကြတော့ ဟော့မိသားစုအကြောင်းကို အကုန်သိတယ် အဲဒီတုန်းက ဟော့မိသားစုက ချူချန်မှာ မင်္ဂလာဆောင်ပွဲလုပ်တော့ ဥက္ကဋ္ဌဟော့ရဲ့ သမက်ကို သူတို့ မြင်ဖူးကြတယ် တကယ်ကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးတဲ့..."

ရှလီက အဆုံးထိ ဆက်မေးနေသော်လည်း ကျန်းဟုန်က အခြားအသေးစိတ်အချက်အလက်တွေကို မသိတော့ပေ။

ထမင်းစားပြီး ရှလီက လုံခြုံရေးဌာနကိုသွားကာ သူမရေးထားသော လမ်းညွှန်ချက်ကို ပရင်တာဖြင့်ထုတ်ပြီး ရှကျန့်ယန်ထံ ပေးအပ်ပြီး ဘတ်စ်ကားစီး၍ အိမ်ပြန်ခဲ့၏။

ကားတစ်ဝက်ခန့်ရောက်တော့ ရှလီက ဖုန်းကိုထုတ်ပြီး ဖွင့်လိုက်သည်။

အမှောင်ထဲတွင် မျက်နှာပြင်မှ ထွက်လာသော မှိန်ပျပျ အလင်းရောင်က သူမ၏မျက်နှာပေါ်ကိုကျရောက်နေသည်။

ဖုန်းစာအုပ်ကိုဖွင့်ကာ နောက်ဆုံးနီးပါးအထိ ဆွဲချလိုက်ပြီး 'Y' ဟူသော နေရာတွင် ရပ်လိုက်၏။

ဖုန်းနံပါတ်ရပြီးကတည်းက ရှလီက မက်ဆေ့ချ်တစ်စောင်မျှ မပို့ဖူးခဲ့ချေ။

မက်ဆေ့ချ်ပို့ရန် မျက်နှာပြင်ကိုဖွင့်ကာ ဖုန်းခလုတ်တွေကို နှိပ်ရင်း ကြာရှည်စွာ တွေဝေနေပြီး စာလုံးတစ်လုံးချင်း ရိုက်ထည့်လိုက်သည်။

"ကွန်ပျူတာ တပ်ပြီးသွားပြီ ပုံမှန်အလုပ်လုပ်တယ် ကူညီပေးတဲ့အတွက် ကျေးဇူးပါ"

ပို့ပြီးမှသာ သူမနာမည်မတပ်ရသေးကြောင်း သတိရသွားသဖြင့် ဒုတိယတစ်စောင် အမြန်ပို့လိုက်သည်။

"ငါ ရှလီပါ"

ထို့နောက် ထိုဒုတိယစာမှာ မလိုအပ်ကြောင်း သူမ ချက်ချင်း သတိရသွားသည်။ ပထမစာ၏ အကြောင်းအရာအရ သူမမှလွဲ၍ အခြားမည်သူဖြစ်နိုင်မည်နည်း။

လူက စိတ်လှုပ်ရှားလာလျှင် အမှားလုပ်မိတတ်သည်သာ။

ခဏအကြာတွင် ဖုန်းတစ်ချက် တုန်ခါသွား၏။

'Y' ထံမှ စာပြန်လာသည်။

"သိပြီ… ရပါတယ်"

ထိုစာသားများထဲမှပင် ထိုစကားကိုပြောချိန်၌ ယန့်စစ်ရှီ၏ အေးစက်စက် လေသံနှင့် အမူအရာကို အလွယ်တကူ စိတ်ကူးကြည့်၍ ရနိုင်သည်။ သူ အမြဲတမ်း ပေးလေ့ရှိသော အထင်အမြင်မျိုးကဲ့သို့ပင်။

တောင်ထိပ်က အေးစက်နေတဲ့ နှင်းပွင့်လေး... လှမ်းမမီနိုင်တဲ့ လမင်းလေး။

လမ်းတစ်လျှောက်လုံး အလွန်ခြောက်ကပ်နေပြီး လမ်းမီးတိုင်များက မှိန်ပျပျဖြစ်နေကာ ကားကလည်း တဒုံးဒုံး မြည်နေ၏။

ရှလီက ခေါင်းကို ကားပြတင်းပေါက်တွင် မှီထားကာ အဓိပ္ပာယ်မရှိသော အိပ်မက်တစ်ခုထဲတွင် မောင်းနှင်နေရသလိုခံစားနေရသည်။

ဘာကြောင့်မှန်းမသိ သူမ အလွန်ဝမ်းနည်းနေမိချေသည်။

______

All Chapters