အခန်း ၄၁
Vol. 5 Ch. 41
အခန်း ၄၁
"Y ကောင်လေးနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာကတင် ငါ့ဘဝတစ်ဝက်စာ ကံကောင်းမှုတွေကို ဖြုန်းတီးပစ်လိုက်သလိုပဲလို့ ငါ ခဏခဏ တွေးမိတယ်"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ကိုယ်တိုင် မကြုံတွေ့ရသေးခင်အချိန်အထိ ခံစားသိရှိမှုမှန်သမျှဟာ စိတ္တဇဆန်ပြီး တစ်ဆင့်စကားတွေသာ ဖြစ်၏။
အထက်တန်းနောက်ဆုံးနှစ်ကိုတက်ရောက်ချိန်တွင် စာသင်ခန်းပြောင်းရွှေ့သွားကာ အားကစားကွင်း၏ အခြားတစ်ဖက် အနောက်ဘက်တံခါးဟောင်းနှင့် ပိုနီးသွားသော်လည်း ရှလီအတွက်မူ တိုက်ခန်းသို့ပြန်ရန် ပိုဝေးသွားပြီး အချိန်တိုင်း ကျောင်းဝင်းတစ်ခုလုံးကို ဖြတ်လျှောက်ရသည်။
အပြည်ပြည်ဆိုင်ရာအတန်းသည်လည်း သူတို့နှင့်အတူ ပြောင်းရွှေ့လာပြီး သူမတို့ အခန်း ၇ နှင့်အတူ ဒုတိယထပ်တွင်ရှိရာ ကြားထဲတွင် စာသင်ခန်းတစ်ခန်းနှင့် လှေကားတစ်ခုသာ ခြားတော့သည်အထိ နီးကပ်သွားချေ၏။
ထို့အပြင် သန့်စင်ခန်းမှာ သူမတို့ အခန်း ၇ ရှိရာဘက်တွင်ရှိသဖြင့် ယန့်စစ်ရှီ သန့်စင်ခန်းသွားမည်ဆိုလျှင် အခန်း ၇ ကို မဖြစ်မနေ ဖြတ်သွားရမည်ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက် နှစ်ပတ်သာနားပြီး အချိန်ပိုတက်ရန် ကျောင်းပြန်တက်ရသည်။ ကျောင်း၏ သင်ကြားရေးအစီအစဉ်မှာ နွေရာသီပိတ်ရက်အတွင်း ကျန်ရှိနေသော သင်ခန်းစာအသစ်များအားလုံးကို အပြီးသင်ကာ ကျောင်းတရားဝင်ဖွင့်သည်နှင့် ပထမအကြိမ် စာပြန်နွှေးခြင်းကို ချက်ချင်းစတင်ရန် ဖြစ်၏။
မနက်ပိုင်းနှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တွေကို မိနစ်နှစ်ဆယ်စီ စော၍စတင်ကာ နောက်ကျမှဆင်းစေပြီး စည်းကမ်းတွေကိုလည်း တင်းကျပ်ထားချေသည်။ ပြင်ပစာအုပ်များ ဖတ်ခြင်း၊ အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်းနှင့် ရည်းစားထားခြင်းတို့ကို တွေ့ရှိလျှင်လုံးဝ ခွင့်လွှတ်မည်မဟုတ်ဘဲ အပေါ့ဆုံးပြစ်ဒဏ်အဖြစ် ရုံးခန်းသို့ခေါ်ယူသတိပေးမည်ဖြစ်ကာ အလေးဆုံးပြစ်ဒဏ်အဖြစ် မိဘတွေကိုခေါ်ယူ၍ သုံးပွင့်ဆိုင် ဆွေးနွေးမည်ဖြစ်သည်။
အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများအားလုံး အဝင်အထွက်ကတ်အသစ်များ လဲပေးလိုက်ပြီး ညနေစာစားချိန်တွင် နေ့ကျောင်းသားတွေကို အပြင်ထွက်စားခွင့်မပြုတော့ဘဲ အဆောင်နေကျောင်းသားများနည်းတူ ကန်တင်းတွင်သာ စားစေသည်။
နောင်တွင် လစဉ်စာမေးပွဲတိုင်း၌ တစ်ကျောင်းလုံး၏ အဆင့်စာရင်းကို ကြေညာမည်ဖြစ်ပြီး တိုးတက်မှုအကောင်းဆုံးဆုကိုလည်း ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။
ဤသို့သောတင်းကျပ်မှုများကြောင့် အထုံထိုင်းဆုံး ကျောင်းသားပင်လျှင် တစ်ကျောင်းလုံး၏ လေထုက နေ့ချင်းညချင်း ပြောင်းလဲသွားကြောင်းကို သတိထားမိလာကြ၏။ လူတိုင်းက ပေါ့ပေါ့ဆဆ နေတတ်သည့်အကျင့်တွေကို ထိန်းချုပ်လိုက်ကြပြီး စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုတို့က လေထုထဲတွင် ပျံ့နှံ့နေကာ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်လက်လိုပင် ဖြစ်နေချေသည်။
ဒီနွေရာသီက သေလောက်အောင် ပူပြင်းလှပြီး နေရောင်က စူးရှကာ ပုစဉ်းရင်ကွဲသံများကလည်း ကောင်းကင်ကိုပင် ထိုးဖောက်တော့မတတ် ဆူညံနေသည်။
အဲကွန်းက မနက်မှညအထိ တဝီဝီ မြည်နေပြီး အတန်းနားချိန်တွင် မှောက်အိပ်နေလိုက်လျှင် နိုးလာချိန်၌ ခန္ဓာကိုယ်ပေါ်တွင် ခုလေးတင် ဝေထားသော ဘာသာရပ်အသီးသီးမှ မေးခွန်းလွှာများ ဖုံးလွှမ်းနေတတ်သည်။
ပင်ပန်းနွမ်းနယ်မှုများနည်းတူ အဆုံးအစမရှိသည်မှာ အဆုံးမရှိသော မေးခွန်းပင်လယ်ကြီးပင် ဖြစ်၏။
ရှလီက ပထဝီမေးခွန်းလွှာတွေကို ပိုက်ကာ လူသူကင်းမဲ့နေသော အခန်း ၂၀ ကို ဖြတ်သွားတိုင်း အမြဲတမ်း ကမန်းကတန်း ပြေးသွားလေ့ရှိသည်။
သူမ ယခုအခါတွင် ယန့်စစ်ရှီအကြောင်း တွေးရန် အာရုံမလွှဲရဲတော့ဘဲ နေ့စဉ် မေးခွန်းလွှာများကြားတွင် နစ်မြုပ်နေကာ တိုက်ခန်းသို့ပြန်ရောက်လျှင် အိပ်ချင်စိတ်သာရှိတော့သဖြင့် ဒိုင်ယာရီရေးသည်ကပင် တိုတောင်းသွား၏။
ယန့်စစ်ရှီသည် သူမ ညတိုင်း မအိပ်မီ ဒိုင်ယာရီ စာကြောင်းနှစ်ကြောင်း သုံးကြောင်းလောက်ရေးသည့် ထိုဆယ်မိနစ်အတွင်း၌သာ တည်ရှိတော့သည်။
ထိုပို့စကတ်လေးကို သူမ၏ ဒိုင်ယာရီစာအုပ်ထဲတွင် ညှပ်ထားပြီး စာအုပ်မပိတ်မီ အမြဲတမ်း တစ်ချက်ကြည့်လေ့ရှိသည်။
ရှလီ၏ အဆင့်က ကြီးကြီးမားမား ပြောင်းလဲမှုမရှိဘဲ ဒီတစ်ကြိမ်တွင် အတန်းထဲ၌ အဆင့်ခုနစ်ဖြစ်ကာ တစ်ကျောင်းလုံးတွင် အဆင့်နှစ်ဆယ့်ခြောက် ဖြစ်သည်။
တိုးတက်မှုရပ်တန့်နေသည့် အခြေအနေကိုရောက်နေသလိုကျမသွားသော်လည်း ထပ်တက်ရန်အတွက်မူ အသေအလဲ ကြိုးစားရမည်ဖြစ်၏။
လော့ဝေးက မျှော်လင့်ထားသည့်အတိုင်းပင် အလယ်တန်းစာမေးပွဲတွင် အမှတ်များ စုတ်ပြတ်သတ်နေသော်လည်း လော့ဝေ့ကော်က သူ၏ အဆက်အသွယ်များနှင့် မနည်းလှသော ကျောင်းဖွံ့ဖြိုးရေးကြေးကို အသုံးပြုကာ မင်ကျန်းကျောင်းထဲကိုအတင်းထိုးသွင်းနိုင်ခဲ့သည်။
ကျောင်းဖွင့်သည့်နေ့တွင် လော့ဝေ့ကော်က လော့ဝေးကို ကျောင်းလာအပ်ပေးရင်း ရှလီထံ ဖုန်းဆက်ကာ နေ့လယ်စာ အတူစားရန် အတင်းခေါ်၏။
အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူဖြစ်သော ရှလီကို အဆင်ပြေစေရန်အတွက် လော့ဝေ့ကော်က ကျောင်းအနီးရှိ စားသောက်ဆိုင်တစ်ခုကို တမင်ရွေးချယ်ခဲ့သည်။
အတန်းဆင်းတော့ ရှလီက လုံးဝမသွားချင်ဘဲနှင့် သွားတွေ့ရတော့သည်။
လော့ဝေးက သူ့ရဲ့ ဂွကျကျ ဆံပင်စတိုင်လ်ကို ညှပ်ပစ်လိုက်ပြီး Adidas အမှတ်တံဆိပ် အဝတ်အစားများ ဝတ်ထားသဖြင့် လူပုံစံပေါက်နေသော်လည်း အုံ့မှိုင်းနေသော မျက်လုံးများကတော့ အရင်အတိုင်းပင် ဖြစ်၏။
ထမင်းစားနေစဉ် လော့ဝေ့ကော်က ပြုံး၍ ပြောလာသည်။
"နောက်ဆို လော့ဝေးက သမီးရဲ့ ဂျူနီယာ ဖြစ်သွားပြီ ကျောင်းထဲမှာ ရှလီလေးကပဲ သူ့ကို အများကြီး စောင့်ရှောက်ပေးပါဦးကွယ်"
လူကြီးများက အမြဲတမ်း အဆက်အသွယ်တွေကို အလွန်အကျွံ ယုံကြည်ကြပြီး ဘယ်သွားသွား အကူအညီတောင်းရန် မမေ့ကြချေ။
ရှလီက ယဉ်ကျေးစွာ ပြုံး၍ ပြောလိုက်သည်။
"သမီးတို့ အထက်တန်းနောက်ဆုံးနှစ်နဲ့ သူတို့ ပထမနှစ်တွေက အဆောက်အအုံတစ်ခုတည်းမှာ မဟုတ်ဘူးလေ အချိန်ဇယားကလည်း မတူတော့ ပုံမှန်ဆို ဆုံဖြစ်ချင်မှ ဆုံဖြစ်မှာပါ"
လော့ဝေ့ကော်က ပြောလာသည်။
"ဒါပေါ့ သမီးက အထက်တန်းနောက်ဆုံးနှစ် ရောက်နေပြီဆိုတော့ ပညာရေးက အဓိကပဲလေ ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ ဆုံဖြစ်ခဲ့ရင်လည်း သမီးကပဲ အများကြီး နားလည်ပေးလိုက်ပါ"
ရှလီက ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့"
ရှလီက လော့ဝေ့ကော်ကို မျက်နှာပျက်အောင် မလုပ်ရက်ပေ။ ဤသို့သောယဉ်ကျေးသည့်စကားမျိုးကို လက်ခံလိုက်ခြင်းက သူမအတွက် ဘာမှမနစ်နာချေ။
သို့သော် လော့ဝေးကမူ သူမကို အမြင်မကြည်စွာဖြင့် မျက်လုံးလှန်ကြည့်၏။
ထမင်းစားနေချိန်တွင် လော့ဝေ့ကော်က ရှလီ၏ အမှတ်တွေကို အများဆုံး စိတ်ဝင်စားနေပြီး သူမက တစ်ကျောင်းလုံးတွင် အဆင့်သုံးဆယ်အတွင်း ဝင်ကြောင်း သိရတော့ အလွန်အားကျသွားတော့သည်။ လော့ဝေ့ကော်က မေးလာသည်။
"သမီး အမှတ်နဲ့ဆို 985 စာရင်းဝင် တက္ကသိုလ်တစ်ခုခုကို ဝင်ဖို့ ပြဿနာမရှိဘူးမလား"
ရှလီက ဖြေလိုက်သည်။
"ပုံမှန်စာမေးပွဲအမှတ်တွေက ထည့်တွက်လို့မရပါဘူး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်ကိုပဲ ကြည့်ရမှာပါ"
လော့ဝေ့ကော်က လော့ဝေးအား အသုံးမကျကြောင်း ထပ်မံဆူပူလိုက်ပြီး ယခုအမှတ်များနှင့်ဆိုလျှင် အထက်တန်းအောင်ပြီးလျှင်ကျောက်ပြားစက်ရုံသို့ဝင်၍ ကျောက်တူးရန်သာရှိတော့သည်ဟု ပြော၏။
ရှလီက မေးလိုက်သည်။
"ဦးလေးလော့က ဘာလို့ လော့ဝေးကို အပြည်ပြည်ဆိုင်ရာအတန်းမှာ မတက်ခိုင်းတာလဲ နိုင်ငံခြားမှာ တက္ကသိုလ်သွားတက်တာကလည်း ထွက်ပေါက်တစ်ခုပဲလေ"
လော့ဝေ့ကော်က ခါးသက်သက် ပြုံး၍ ပြောလာသည်။
"နိုင်ငံခြားလွှတ်ရင် တစ်နှစ်ကို ပိုက်ဆံဘယ်လောက်တောင် ကုန်မလဲ ဦးလေးမှာ အဲဒီလောက်စွမ်းဆောင်နိုင်စွမ်း မရှိပါဘူး"
ထိုအချိန်တွင် လော့ဝေးက ဝင်ပြော၏။
"သြစတြေးလျနဲ့ စင်ကာပူက ဈေးမှမကြီးတာ"
လော့ဝေ့ကော်က ဒေါသတကြီး ပြောလိုက်သည်။
"ဈေးကြီးကြီး မကြီးကြီး သုံးရမှာက ငါ့ပိုက်ဆံပဲ မင်းလို စရိုက်နဲ့ဆို နိုင်ငံခြားလွှတ်လိုက်ရင် နေ့တိုင်း သောက်စားပြီး ဖဲရိုက် လောင်းကစားလုပ်နေမှာပဲ"
လော့ဝေးက မကျေမနပ်အသံပြုလိုက်ပြီး ခေါင်းငုံ့ကာ ဖုန်းကစားနေ၏။
"မပို့နိုင်ဘူးဆိုလည်း မပို့နိုင်ဘူးပေါ့ ဆင်ခြေတွေ အများကြီး လာပေးနေတယ်"
လော့ဝေ့ကော်က သူ့ကို တစ်ချက်ရိုက်ချလိုက်သည်။
လော့ဝေးက ရေရွတ်လိုက်၏။
"ရူးနေလား"
ထမင်းစားပြီး လော့ဝေ့ကော်က ကားသွားယူသည်။
လော့ဝေးက ဒီအခွင့်အရေးကို အသုံးချကာ ရှလီအား အေးစက်သောအသံဖြင့် မေးလိုက်၏။
"ငါ့အိမ်က ငါ့ကို အပြည်ပြည်ဆိုင်ရာအတန်း ပို့တာ မပို့တာ နင်နဲ့ ဘာဆိုင်လို့ ဝင်ပါနေရတာလဲ"
ရှလီက သူ့ကို ဂရုမစိုက်ချင်ပေ။
လော့ဝေးက လှောင်ပြောင်လိုက်ပြီး သူမကို အလွန်အမင်း အထင်သေးသောအကြည့်ဖြင့် ကြည့်ကာ ပြောလာသည်။
"အမှတ်ကောင်းတာ ဘာအထင်ကြီးစရာရှိလို့လဲ အမှတ်ကောင်းလည်း နင့်အဖေက ငါတို့ လော့မိသားစုကို ဖားနေရတာပဲ မဟုတ်လား"
ကျောင်းဖွင့်ပြီး အပြည်ပြည်ဆိုင်ရာအတန်းကလည်း စာပြန်သင်နေပြီဖြစ်သည်။
ရှလီ ရုံးခန်းသို့သွားချိန်ဒါမှမဟုတ်အတန်းနားချိန် စင်္ကြံတွင် လေညင်းခံထွက်ချိန်၌ အခန်း ၂၀ ၏ အပြင်ဘက်တွင် ယန့်စစ်ရှီ၏ အရိပ်အယောင်ကို တစ်ခါတစ်ရံ တွေ့ရတော့ ပို၍ကြိုးစားမည်ဟု ကတိပြုထားသော စိတ်ကူးက ပိုမိုခိုင်မာလာ၏။
သူမ ရွှံ့နွံမြောင်းများနှင့် ဝေးဝေးနေချင်သည်။
သူမ လရောင်လေးကို ထပ်ပြီး ထိတွေ့ချင်သေးသည်။
/
အထက်တန်းနောက်ဆုံးနှစ်ကိုရောက်ပြီး လင်ချင်းရှောင်မှာ အနေရအကျပ်ဆုံးသူ ဖြစ်နိုင်ချေသည်။ ယခင်က ဆော့ကစားရန် အကျင့်ပါနေခဲ့ပြီး ယခုတွင်တော့ အာရုံစိုက်မှုအားလုံးကို စာသင်ခြင်းတွင် ထည့်သွင်းထားရ၏။
တစ်ခါတစ်ရံ အပျင်းထူချင်သော်လည်း ဘေးရှိ သူငယ်ချင်းများအားလုံးက အသေအလဲ ကြိုးစားနေကြသဖြင့် သူမက အနှောင့်အယှက်ပေးရန် အားနာနေမိသည်။
လင်ချင်းရှောင်၏ မွေးနေ့မှာ စက်တင်ဘာ ၂၃ ရက်နေ့ဖြစ်ပြီး ထိုနေ့က ဗုဒ္ဓဟူးနေ့ဖြစ်သည်။
လူတိုင်းက လက်ဆောင်များပေးကြသော်လည်း ယခင်ကလို ကြီးကြီးကျယ်ကျယ် ကျင်းပချင်သော်ငြား ယခုအခြေအနေအောက်တွင်တော့ စိတ်ရှိသလောက် အင်အားမရှိ ဖြစ်နေကြ၏။
တစ်နေ့လုံး လင်ချင်းရှောင်မှာ နည်းနည်း စိတ်မပါလက်မပါ ဖြစ်နေချေသည်။
ထို့ကြောင့် ရှလီက ရွှီနင်နှင့် တိတ်တဆိတ် တိုင်ပင်ကာ သူမအတွက် ကိတ်မုန့်အသေးလေးတစ်ခု ခိုးမှာပြီး ညနေစာစားချိန်တွင် သေးသေးလေး ကျင်းပပေးရန် စီစဉ်လိုက်ကြသည်။
သို့သော် ဟိုဘက်မှ လာပို့သည်က သေလောက်အောင် နှေးကွေးလှပြီး ညပိုင်းစာကြည့်ချိန်စရန် နာရီဝက်ပင် မလိုတော့သည့်အချိန်မှသာ ကျောင်းပေါက်ဝကိုရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်လာ၏။
ဒီအချိန်တွင် အတန်းထဲရှိ လူအများစုမှာ ထမင်းစားပြီးကြပြီဖြစ်ကာ မိမိတို့နေရာသို့ပြန်၍ စာကြည့်နေကြပြီဖြစ်ရာ စာသင်ခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။
ရှလီက ဖုန်းကို စားပွဲအံဝှက်ထဲတွင် ဝှက်ထားကာ ရွှီနင်ထံ စာတိုပို့လိုက်ပြီး သူတို့နှစ်ယောက်က အသံမထွက်ဘဲ စာသင်ခန်းထဲမှ ထွက်လာခဲ့ကြသည်။
ကျောင်းပေါက်ဝတွင် ကိတ်မုန့်ကိုယူပြီး သူတို့နှစ်ယောက်က စာသင်ဆောင်ဘက်ကိုခပ်သုတ်သုတ် ပြေးလာခဲ့ကြ၏။
ဒုတိယထပ်ကိုရောက်ရောက်ချင်းမှာပင် လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဝင်တိုက်မိသွားချေသည်။
_____