← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆)

ထိုအချိန်က ယန့်စစ်ရှီသည် အမ်အိုင်တီမှ ကွန်ပျူတာသိပ္ပံနှင့်အင်ဂျင်နီယာ မဟာဘွဲ့ကို ရရှိခဲ့ပြီး ဘော့စတွန်ရှိ သုတေသနအခြေပြု နည်းပညာကုမ္ပဏီတစ်ခုထံမှ အလုပ်ကမ်းလှမ်းစာကို ရရှိထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယန့်စစ်ရှီသည် အဘွားဖြစ်သူ တိုက်ရှုဖန်းက ပေချန်ရှိ ဆေးရုံတစ်ရုံတွင် အကျိတ်ခွဲစိတ်မှုခံယူရန် လာမည်ဟူသော သတင်းကို ရရှိခဲ့၏။

ယန့်စစ်ရှီက အဘွားဖြစ်သူအား ပေချန်တွင်ပင် ဆက်နေစေပြီး ယာယီအနားယူစေခဲ့သည်။

အဘွားကို ပြုစုစောင့်ရှောက်ပေးနေသည့် ထိုကာလအတွင်း ပြည်တွင်းရှိ နည်းပညာကုမ္ပဏီအများအပြားက ယန့်စစ်ရှီထံကိုနည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်လာကြပြီး နိုင်ငံတွင်းကိုပြန်လာကာ အလုပ်လုပ်ရန် ဖိတ်ခေါ်ခဲ့ကြချေသည်။

ထိုအထဲတွင် နောက်ခံတောင့်တင်းသော စတူဒီယိုတစ်ခုပါဝင်ပြီး ၎င်းတို့၏ မိခင်ကုမ္ပဏီမှာ ကွေးကုတောင်းကြားတွင် တည်ရှိကာ တရုတ်ပြည်တွင်း၌ သုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ့ကို ယခုလေးတင် ဖွဲ့စည်းပြီးစီးထားခြင်း ဖြစ်သည်။

ယန့်စစ်ရှီက သူတို့နှင့် အကြိမ်နည်းနည်း တွေ့ဆုံဆွေးနွေးပြီး နောက်ဆုံးတွင် ထိုအလုပ်ကမ်းလှမ်းစာကို လက်ခံရန် ဆုံးဖြတ်လိုက်၏။ သူက အဖွဲ့၏ အဓိက algorithm တာဝန်ခံတစ်ဦးဖြစ်လာပြီး ဉာဏ်ရည်တု အာရုံကြောကွန်ရက် algorithmနှင့် ပတ်သက်သော သုတေသနလုပ်ငန်းတွေကို ဦးဆောင်ရမည်ဖြစ်သည်။

အဘွားဖြစ်သူ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ချူချန်ကိုပြန်သွားတော့ ယန့်စစ်ရှီက ဘော့စတွန်ကိုတစ်ခေါက်ပြန်သွားခဲ့သည်။ ထိုဘက်မှ အလုပ်ကမ်းလှမ်းစာကို ငြင်းပယ်လိုက်ပြီး ကျန်ရှိနေသော ကိစ္စအဝဝကို ရှင်းလင်းပြီး တရုတ်ပြည်ကိုတရားဝင် ပြန်လာခဲ့တော့သည်။

သူနေဖို့ တိုက်ခန်းကို ငယ်သူငယ်ချင်း ဝမ်ရှူပိုင်က ကူညီရှာဖွေပေးထားခြင်းဖြစ်ပြီး နည်းပညာပန်းခြံနှင့် အတော်လေးနီးကာ ကားမောင်းသွားလျှင် ဆယ်မိနစ်ခန့်သာ ကြာမြင့်ချေသည်။

တရုတ်ပြည်ကိုပြန်ရောက်သောနေ့တွင် ဝမ်ရှူပိုင်ကိုယ်တိုင် လေဆိပ်သို့သွားကြိုခဲ့ပြီး ကြိုတင်စာရင်းပေးထားသော စားသောက်ဆိုင်ကိုခေါ်သွားကာ ကြိုဆိုဂုဏ်ပြုပွဲ လုပ်ပေးခဲ့၏။ ထို့နောက်မှ တိုက်ခန်းကိုလိုက်ပို့ပေးသည်။ အစအဆုံး ဝန်ဆောင်မှုပေးကာ နေရာတကာ အသေးစိတ်ဂရုစိုက်ပြီး လိုလေသေးမရှိအောင် ကူညီပေးခဲ့သည်။

ယန့်စစ်ရှီနှင့် ဝမ်ရှူပိုင်တို့ သိကျွမ်းလာခဲ့သည်မှာ အနှစ်နှစ်ဆယ်ရှိပြီဖြစ်သော်လည်း ဝမ်ရှူပိုင်တစ်ယောက် ဒီမျှအားကိုးရသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ဝမ်ရှူပိုင်က စကားဝှက်ရိုက်ထည့်၍ တံခါးကိုဖွင့်လိုက်ပြီး အတွေ့အကြုံရင့် အိမ်ခြံမြေပွဲစားတစ်ယောက်ကဲ့သို့ယန့်စစ်ရှီအား အိမ်ထဲကိုဖိတ်ခေါ်ကာ ပြောလာသည်။

"ဒါပေါ့ မင်း တစ်ခုခုသဘောမကျဖြစ်ပြီး အမေရိကကို ချက်ချင်း ပြန်ပြေးသွားမှာ စိုးလို့လေ... ငါ့အဘိုးကြီးကတောင် ပြောသေးတယ် မင်းလို အရည်အချင်းရှိတဲ့သူမျိုး နိုင်ငံခြားကို ရောက်သွားတာ ကြီးမားတဲ့ ဆုံးရှုံးမှုပဲတဲ့ ငါ ဒီတစ်ခေါက် နိုင်ငံတော်အတွက် အကျိုးပြုလိုက်တာပဲ"

မျှော်လင့်ထားသည့်အတိုင်းပင် ယန့်စစ်ရှီက သူ၏နောက်ပြောင်မှုကို ဘာမှပြန်မတုံ့ပြန်ခဲ့ချေ။

ဝမ်ရှူပိုင်ကလည်း ကျင့်သားရနေပြီဖြစ်သဖြင့် တိုက်ခန်း၏ နေရာအနှံ့အပြားကို လက်ညှိုးထိုးပြကာ တစ်ခုချင်းစီ မိတ်ဆက်ပေး၏။

"ဒီအိမ်က ငါ အလုပ်သင်ဆင်းတုန်းက နေခဲ့ဖူးတာ အဆင်မပြေတဲ့နေရာတွေကို လူခေါ်ပြီး တစ်ခေါက် ပြင်ခိုင်းထားပြီးပြီ မကြာသေးခင်ကလည်း စစ်ဆေးထားသေးတော့ ဘာပြဿနာမှ ကြီးကြီးမားမား မရှိပါဘူး"

ဝမ်ရှူပိုင်က တိုက်ခန်းမီးဖိုချောင်တွင် ရေတစ်ခွက်ငှဲ့သောက်ပြီး ပြန်ရန်ပြင်လိုက်သည်။ သူက ယန့်စစ်ရှီအား စောစောအနားယူရန်နှင့် အားလျှင် တံခါးစကားဝှက် ပြောင်းရန် မမေ့ဖို့ မှာသွားခဲ့သည်။

ဝမ်ရှူပိုင်၏ ဇိမ်ခံဝါဒီဆန်သော သခင်လေးစတိုင်နှင့်မတူဘဲ တိုက်ခန်း၏ အပြင်အဆင်မှာ မထင်မှတ်လောက်အောင် ရိုးရှင်းနေ၏။

သို့သော် ယန့်စစ်ရှီအတွက်တော့ ဘာမှမထူးခြားလှပေ။

အဖွဲ့ကို ယခုလေးတင် ဖွဲ့စည်းပြီးစီးထားခြင်းဖြစ်ရာ အစပိုင်းတွင် အချင်းချင်း အံဝင်ခွင်ကျဖြစ်အောင် ညှိနှိုင်းရသည့် အလုပ်များသာ ရှိသည်။

နှစ်သစ်ကူးပြီးမှသာ စီမံကိန်း သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ တရားဝင် လမ်းကြောင်းမှန်ပေါ် ရောက်သွားခဲ့၏။

စတူဒီယိုက အမေရိကန်ရှိ မိခင်ကုမ္ပဏီ၏ အစဉ်အလာကို ဆက်ခံထားသဖြင့် တစ်ပတ်လျှင် နှစ်ရက်နားကာ အချိန်တန်သည်နှင့် ကတ်ဖတ်၍ ပြန်ကြပြီး အချိန်ပိုဆင်းရလေ့ သိပ်မရှိချေ။

ယန့်စစ်ရှီကတော့ လူတွေအားလုံး ပြန်သွားကြပြီး သူ၏ သီးသန့်ရုံးခန်းထဲတွင် ခဏပိုနေလေ့ရှိသည်။

သူ့အတွက်တော့ တိုက်ခန်းကိုပြန်သည်ဖြစ်စေ မပြန်သည်ဖြစ်စေ သိပ်မထူးခြားလှပေ။

သူက စိတ်ပိုင်းဆိုင်ရာအရ လူအများနှင့် ကင်းကွာသော ဘဝမျိုးကို ဖြတ်သန်းနေခြင်း ဖြစ်၏။

ထိုနေ့က ယန့်စစ်ရှီသည် ရုံးခန်းထဲတွင် ကျန်ရစ်နေပြီး လက်ရှိ algorithm ဖွဲ့စည်းပုံကို ပိုမိုရိုးရှင်းအောင် ကြိုးစားနေခဲ့သည်။

ညဆယ့်တစ်နာရီအထိ နေပြီးမှ စတူဒီယိုမှထွက်လာကာ မြေအောက်ကားပါကင်တွင် ကားသွားယူပြီး နည်းပညာပန်းခြံထဲမှ မောင်းထွက်လာခဲ့၏။

နည်းပညာပန်းခြံအပြင်ဘက်တွင် ၂၄ နာရီဖွင့်သော ကုန်စုံဆိုင်တစ်ဆိုင် ရှိသည်။

ယန့်စစ်ရှီက ကားကို လမ်းဘေးတွင်ရပ်လိုက်ပြီး ရေနည်းနည်းဝင်ဝယ်ရန် ရည်ရွယ်လိုက်သည်။

ဒီနည်းပညာပန်းခြံသည် ညဆယ့်တစ်နာရီကျော်သွားသည်နှင့် လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်သွားပြီး အထပ်နည်းနည်းတွင်သာ မီးလင်းနေတော့၏။

ကုန်စုံဆိုင်ထဲတွင်လည်း အလားတူပင် တိတ်ဆိတ်နေသည်။ သူမှလွဲ၍ အခြားဖောက်သည်တစ်ယောက်သာ ရှိပြီး ထောင့်နားရှိ မိုက်ခရိုဝေ့မီးဖိုရှေ့တွင် ရပ်နေသည်။

ယန့်စစ်ရှီက တစ်ချက်သာဝေ့ကြည့်လိုက်ပြီး သိပ်ဂရုမစိုက်တော့ဘဲ အနောက်ဘက်ရှိ အအေးခန်းဆီကိုတန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သူက လက်ဖက်စိမ်းရည်တစ်မျိုးကို အမြဲသောက်လေ့ရှိပြီး ဂျပန်စတိုင် ကုန်စုံဆိုင်များတွင်သာ ရောင်းချ၏။

ထိုလက်ဖက်ရည်ကို အအေးခန်း၏ သတ်မှတ်ထားသော နေရာတွင်သာ ထားလေ့ရှိသည်။ ယန့်စစ်ရှီက တံခါးကိုဆွဲဖွင့်ကာ ယူတော့မည့်ဆဲဆဲတွင် ထောင့်နားမှ ဖုန်းပြောနေသော အသံကို ကြားလိုက်ရ၏။

သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားချေသည်။

အသံက သိပ်မကျယ်လှဘဲ အမေရိကန်အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနေပြီး စကားလုံးနည်းနည်း၏ အသံထွက်သာ သိပ်မပီသခြင်း ဖြစ်သည်။

ဒီနည်းပညာပန်းခြံထဲတွင် နိုင်ငံခြားကုမ္ပဏီများ အများအပြားရှိသဖြင့် အင်္ဂလိပ်လို ပြောနေခြင်းမှာ မဆန်းလှပေ။

သူ့အာရုံကို ဖမ်းစားသွားသည်မှာ အေးမြပြီး နူးညံ့သော အသံနေအသံထားလေးပင် ဖြစ်သည်။

ဖုန်တက်နေသော မှတ်ဉာဏ်များထဲမှ တစ်စုံတစ်ယောက်နှင့် ထပ်တူကျနေသကဲ့သို့ပင်။

ယန့်စစ်ရှီက မော့ကြည့်လိုက်၏။

ထိုသူမှာ ငယ်ရွယ်သော မိန်းမပျိုတစ်ဦးဖြစ်ပြီး မီးခိုးရောင် ပျော့ပျော့ ကုတ်အင်္ကျီကို ဝတ်ထားကာ အတွင်းတွင် အနက်ရောင် ဆွယ်တာကို ဝတ်ထား၏။ ပခုံးကျော်နေသော ဆံပင်အရှည်များက ပေါ့ပါးကာ ပွယောင်းနေပြီး အေးစက်စက် အဖြူရောင်မီးရောင်အောက်တွင် ဆံပင်အဖျားလေးများက သဘာဝအတိုင်း ချောကလက်ရောင်သန်းနေသည်။

အလုပ်ကိစ္စနှင့်ပတ်သက်သော ဖုန်းဖြစ်ပုံရသည်။ သူမ၏ အသံက မြင့်မတက်သွားသော်လည်း သူမ၏ ကိုယ့်ရပ်တည်ချက်ကို ကာကွယ်ပြောပုံတို့ဟာ နူးညံ့မှုအောက်တွင် ဆူးဝှက်ထားသလိုပြတ်သားမှုမျိုး ရှိနေ၏။

နည်းနည်း ထက်မြက်ခက်ထန်နေသော ထိုဟန်ပန်မှာ သူမ၏ အသံနေအသံထားအပြင် ရှင်းလင်းနူးညံ့သော ရုပ်ရည်သွင်ပြင်နှင့် လုံးဝကို ကွဲပြားနေချေသည်။

ထိုအချိန်တွင် ယန့်စစ်ရှီက လုံးလုံးလျားလျား မသေချာသေးပေ။ အဘယ်ကြောင့်ဆိုသော် အထက်တန်းကျောင်းတုန်းက သူမသည် အမြဲတမ်း ကျောင်းဝတ်စုံကိုသာ ဝတ်လေ့ရှိပြီး ညှပ်ရိုးအထိသာ ရှည်သော ဆံပင်ကို ထားရှိခဲ့သောကြောင့် ဖြစ်သည်။

မိုက်ခရိုဝေ့မီးဖိုမှ တင် ကနဲ အသံမည်လာပြီး သူမက လှည့်အလာတွင် မျက်လွှာကို တစ်ချက်ပင့်ကြည့်လိုက်ချိန်မှသာ သူ သေချာသွားတော့သည်။

ကြည်လင်နေသော ထိုမျက်ဝန်းများက မှတ်ဉာဏ်ထဲမှ မျက်ဝန်းများနှင့် တစ်ထပ်တည်း ကျနေ၏။

ငယ်စဉ်က ယန့်စစ်ရှီသည် ဝါသနာပါရာ သင်တန်းများစွာကို တက်ခဲ့ဖူးသော်လည်း ဂိုးရုပ်ပြကစားနည်းကို အကြာဆုံး သင်ယူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တွေးခေါ်မှုနှင့် တွက်ချက်မှုများဖြင့် ယှဉ်ပြိုင်ရခြင်းကို သူက သဘောကျသောကြောင့် ဖြစ်သည်။

သူက အချို့သောကိစ္စများတွင် သန့်ရှင်းရေးကို အလွန်အမင်း ဂရုစိုက်လေ့ရှိသည်။ ဥပမာအားဖြင့် လက်ဆေးပြီးမှသာ ကျောက်စိမ်းရုပ်တွေကို ကိုင်တွယ်လေ့ရှိ၏။

သို့သော် သူ၏စည်းမျဉ်းတွေကို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန်သာ သုံးပြီး အခြားသူတွေကို အတင်းအကျပ် မလုပ်ခိုင်းပေ။

လူတစ်ယောက်နှင့် ကစားပြီးတိုင်း ယန့်စစ်ရှီက ကျောက်စိမ်းရုပ်တွေကို ရေကြည်များထည့်ထားသော ကြွေပန်းကန်လုံးအဖြူလေးထဲကိုပစ်ထည့်လေ့ရှိသည်။

သုံးကြိမ်တိုင်တိုင် ဆေးကြောပြီး နေရောင်ခြည်က ရေပြင်ပေါ်ကိုကျရောက်ကာ တလက်လက် တောက်ပနေပြီး ရေကြည်အောက်တွင်တော့ အနက်နှင့်အဖြူက ရှင်းလင်းပြတ်သားစွာ နစ်မြုပ်နေ၏။

အထက်တန်းကျောင်းတုန်းက ရှလီ၏ မျက်လုံးတွေကို ပထမဆုံးအကြိမ် သေချာမြင်လိုက်ရချိန်တွင် ယန့်စစ်ရှီမှာ ထိုမြင်ကွင်းကို သွား၍သတိရမိခဲ့ချေသည်။

နာမည်လေးကအစ ဆင်တူနေသည်။

နွေရာသီတွင် တလက်လက်တောက်ပနေသော မြစ်ရေပြင်လေးကဲ့သို့။

မျက်နှာချင်းဆိုင်မှ မိန်းကလေးက နွှေးထားသော ထမင်းဘူးကို ထုတ်ယူကာ ပလတ်စတစ်အိတ်ထဲကိုထည့်ရန် ပြင်လိုက်သည်။ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ အကြည့်ကို သတိထားမိသွားပုံရကာ ရုတ်တရက် ခေါင်းမော့ကြည့်လာ၏။

ယန့်စစ်ရှီက အအေးခန်းတံခါးကို ခပ်ဖွဖွပိတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ သူမဆီကိုလျှောက်သွားလိုက်သည်။

"မတွေ့ရတာကြာပြီပဲ"

ရှလီကလည်း သူ့ကို မှတ်မိသွား၏။

"ယန့်စစ်ရှီ... မတွေ့ရတာကြာပြီနော်"

______

All Chapters