← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈)

အားလုံးက စင်ပေါ်မှဆင်းလာပြီး ဇာတ်ခုံအနောက်ကိုပြန်ရောက်လာကြသည်။

ရှလီက ဇာတ်ခုံအနောက်ဘက်မှ စင်္ကြံလမ်းသို့သွားသော တံခါးဝတွင် ရပ်နေသည့် ယန့်စစ်ရှီကို တစ်ချက်တည်းနှင့် မြင်လိုက်ရ၏။

သူက လက်တစ်ဖက်ကို အနွေးထည်အိတ်ကပ်ထဲ ထည့်ထားကာ ကျောကို တံခါးဘောင်တွင် မှီ၍ ရပ်နေပြီး သူ၏အနောက်ဘက်တွင် စင်္ကြံလမ်း၏ လင်းထိန်နေသော အလင်းရောင်ရှိပြီး အရှေ့ဘက်တွင်မူ ဇာတ်ခုံအနောက်ဘက်၏ မှောင်မည်းနေသော အမှောင်ထု ရှိနေသည်။

သူက နယ်နိမိတ်မျဉ်းပေါ်တွင် ရပ်နေပြီး ထိုအရိပ်အယောင်က လူကို အလွန်အမင်း ကင်းကွာနေသလိုခံစားရစေချေသည်။

သူမက သူ့ကို ကြောင်အမ်းအမ်းဖြင့် အတော်ကြာအောင် ကြည့်နေမိ၏။

အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ရသော ပြဇာတ်က တကယ်တမ်း ကပြရချိန်တွင်တော့ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားသကဲ့သို့ပင်။

လက်ခုပ်သံများကြားတွင် အဓိကသရုပ်ဆောင်များအားလုံး စင်ပေါ်တက်၍ အရိုအသေပေး နှုတ်ဆက်ကြပြီး အားလုံးက တပျော်တပါးကြီး ဇာတ်ခုံအနောက်ဘက်မှ ထွက်ခွာလာကြချေသည်။

ထိုအချိန်တွင် ကျူးရွှမ်က အသံကျယ်ကျယ်ဖြင့် အကြံပြုလိုက်သည်။

"ငါတို့ နေရာတစ်ခုခုရှာပြီး ဓာတ်ပုံရိုက်ကြရအောင်"

အားလုံးကလည်း ထောက်ခံကြ၏။

လူတစ်စုက ခန်းမဝင်ပေါက်ရှိ မီးရောင်များ လင်းထိန်နေသော ဧည့်ခန်းမကြီးထဲကိုရောက်သွားကြသည်။

အရပ်အလိုက် စီတန်းလိုက်ရာ ရှလီက ပထမတန်းရှိ နည်းနည်း ဘေးကျသောနေရာတွင် ရပ်လိုက်ရသည်။

အနောက်ကိုအစဉ်လိုက် နေရာယူကြရာ အားလုံးပေါင်း လေးတန်းရှိပြီး ယောကျ်ားလေးများက နောက်ဆုံးတန်းတွင် ရပ်ကြ၏။

ကျူးရွှမ်က ကင်မရာကို အခြားအတန်းမှ သူငယ်ချင်းတစ်ယောက်ထံ ပေးလိုက်သည်။

ထိုသူက တစ်ပုံ စမ်းရိုက်ကြည့်ရာ ကျူးရွှမ်က ကြည့်ပြီး သဘောမကျသဖြင့် ပြောလိုက်ချေသည်။

"ယောကျ်ားလေးတွေ ပထမတန်းရဲ့ အရှေ့မှာ လာထိုင်လိုက်ကြပါလား"

ရှလီမှာ နှလုံးခုန်သံများ မြန်လာသည်ကို မထိန်းချုပ်နိုင်တော့ချေ။

မူလက နောက်ဆုံးတန်းတွင်ရှိနေသော ဝမ်ချန်းနှင့် ယန့်စစ်ရှီတို့က ယခုအချိန်တွင် အရှေ့ကိုပတ်လာကြပြီး သူမ၏ အရှေ့စောင်းစောင်း နေရာတွင် ဝင်ထိုင်လိုက်ကြသောကြောင့် ဖြစ်သည်။

သူမက မျက်လွှာလေး နည်းနည်းချ၍ ခိုးကြည့်လိုက်ရာ သူ၏ မင်ရောင်ဆံပင်များနှင့် အနွေးထည်ကော်လာထဲမှ နည်းနည်း ထွက်နေသော ဖြူဖွေးသည့် နောက်ဂုတ်လေးကို တွေ့လိုက်ရသည်။

ထို့နောက် အကြည့်ကို အမြန် ပြန်ရုတ်သိမ်းလိုက်၏။

ကျူးရွှမ်က နည်းနည်း ပြင်ဆင်ပြီး တန်းစီရာထဲကိုပြန်ဝင်သွားသည်။

ဓာတ်ပုံရိုက်မည့်သူက အော်ပြောလိုက်ချေသည်။

"အဆင်သင့်... သုံး နှစ် တစ်"

အားလုံးက တပြိုင်နက် အော်လိုက်ကြ၏။

"ဟက်ပီး နယူးရီးယား"

ရှလီမှာ မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ထားပြီး တစ်စက္ကန့်လေးမျှပင် မျက်တောင်မခတ်ရဲချေ။

ဤသို့သောအတူတူ ဓာတ်ပုံရိုက်ခွင့်မျိုးမှာ သူမအတွက် တစ်သက်တွင် တစ်ကြိမ်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ချပ် ကနဲ အသံနှင့်အတူ ဓာတ်ပုံလေး ရပ်တန့်သွားသလိုတစ်စုံတစ်ခုကလည်း သူမ၏ နှလုံးသားထဲတွင် အပြီးတိုင် ရပ်တန့်သွားခဲ့၏။

ထို့နောက် အင်္ဂလိပ်စာဆရာနှင့် နိုင်ငံခြားဆရာ နှစ်ယောက်ကပါ ဝင်ရောက်လာပြီး သူတို့နှင့်အတူ အဖွဲ့လိုက် ဓာတ်ပုံအချို့ ရိုက်ခဲ့ကြသည်။

အဖွဲ့လိုက် ဓာတ်ပုံရိုက်ပြီးသွားတော့ အားလုံးက ကိုယ်ပိုင်အဖွဲ့ငယ်လေးများဖွဲ့ကာ သုံးယောက်တစ်စု နှစ်ယောက်တစ်စုဖြင့် ဓာတ်ပုံများ ဆက်ရိုက်ကြပြီး ရှလီကလည်း ရွှီနင် လင်ချင်းရှောင်တို့နှင့်အတူ သီးသန့် တစ်ပုံ ရိုက်ခဲ့ကြချေသည်။

ထိုအချိန်အတွင်း ရှလီက သတိထားမိသည်မှာ မိန်းကလေးအတော်များများက သတ္တိမွေးကာ ယန့်စစ်ရှီထံသွားပြီး သူနှင့် အတူတူ ဓာတ်ပုံရိုက်လို့ရမလားဟု သွားရောက်တောင်းဆိုကြခြင်း ဖြစ်သည်။

သို့သော် ယန့်စစ်ရှီက တစ်ယောက်ကိုမှ လက်မခံခဲ့ချေ။

စိတ်ရှုပ်သွား၍လား မသိ၊ နောက်ပိုင်းတွင် သူက ဝမ်ချန်းကို နှုတ်ဆက်ကာ သန့်စင်ခန်းသွားဦးမည်ဟုဆိုပြီး အရင်ထွက်သွားလေတော့သည်။

အားလုံးက ဓာတ်ပုံရိုက်ပြီးသွားတော့ အဝတ်အစားပြန်လဲပြီး ကျန်ရှိနေသော ဖျော်ဖြေပွဲတွေကို ကြည့်ရန် ခန်းမထဲကိုဝင်ရန် ပြင်ဆင်ကြ၏။

လင်ချင်းရှောင်က အိုးယန်ကျင့်ကို ဇာတ်ခုံအနောက်ဘက်ကိုသွားကြည့်မည်ဟုဆိုကာ အရင်ထွက်သွားချေသည်။

ရွှီနင်မှာ မူလက ရှလီနှင့် အတူတူသွားမည်ဖြစ်သော်လည်း ရုတ်တရက် အတန်းပိုင်ဆရာ လောင်ကျွမ်းက ခေါ်သွားသဖြင့် ရှလီကို အဝတ်အရင်သွားလဲရန်နှင့် ခဏနေလျှင် စာသင်ခန်းထဲ၌ ဆုံကြမည်ဟု ပြောသွား၏။

ရှလီက သန့်စင်ခန်းသို့သွားပြီး ပြန်ထွက်မည်အလုပ် တံခါးဝရှိ လှေကားထစ်များပေါ်တွင် ပထမဆုံး ဇာတ်ကွက်၌ အသုံးပြုခဲ့သော ဆိုင်းဘုတ်ရှည်ကြီးကို မည်သူက လွှင့်ပစ်ထားခဲ့မှန်းမသိဘဲ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမက ခါးကိုင်း၍ ကောက်ယူကာ ဖုန်တွေကို ခါထုတ်လိုက်ပြီး ရင်ခွင်ထဲပိုက်ထားရင်း ကျောင်းဆောင်ဟောင်းဘက်ကိုလျှောက်သွားကာ တစ်ဖက်စွန်းမှ စတင်၍ ဆိုင်းဘုတ်ကို လိပ်နေလိုက်၏။

အနောက်ဘက်မှ ကြည်လင်အေးစက်သော အသံတစ်ခုက သူမ၏ နာမည်ကို ခေါ်လိုက်ချေသည်။

ရှလီ တုံ့ခနဲ ဖြစ်သွားရသည်။

ဘယ်နှကြိမ်ပဲ ဖြစ်နေပါစေ ယန့်စစ်ရှီ၏ အသံကို ကြားလိုက်ရတိုင်း သူမ၏ နှလုံးခုန်သံများက ရပ်တန့်သွားလုမတတ် ဖြစ်သွားရ၏။

ယန့်စစ်ရှီက အနားကိုလျှောက်လာပြီး မေးလိုက်သည်။

"ဝမ်ချန်း ပြန်သွားပြီလား"

ရှလီက မျက်လုံးပင့်ကာ သူ့ကို အမြန် တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေ၏။

"ငါတို့အတန်းက ယောကျ်ားလေး တချို့နဲ့ အဝတ်သွားလဲကြတယ် ထင်တယ်... နင် သူ့ကို ကျောင်းဆောင်ဟောင်းဘက်မှာ သွားရှာမလို့လား"

ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်ချေသည်။

သူတို့နှစ်ယောက်က ပခုံးချင်းယှဉ်ကာ အရှေ့ကိုလျှောက်သွားကြသည်။

ရှလီက စကားမပြောတော့ဘဲ ထိုဆိုင်းဘုတ်ကိုသာ ဆက်လိပ်နေလိုက်၏။

ယန့်စစ်ရှီက သူမ၏ လက်ထဲကိုတစ်ချက်ကြည့်လိုက်သည်ကို သတိထားမိသဖြင့် ရှလီက ရှင်းပြလိုက်သည်။

"လွှင့်ပစ်လိုက်ရမှာ နှမြောစရာကောင်းလို့ပါ... ငါ သိမ်းထားချင်လို့"

ထိုအချိန်တွင် ယန့်စစ်ရှီက ခေါင်းလှည့်လာပြီး မျက်လွှာကို နည်းနည်းချ၍ သူမကို ကြည့်လာ၏။

ဒီအကြည့်တစ်ချက်၏ ရပ်တန့်နေသောအချိန်မှာ ယခင်က သူနှင့်စကားပြောစဉ်တွင် သူ ပေါ့ပေါ့ဆဆ ကျော်ကြည့်သွားလေ့ရှိသော အကြည့်များထက် အများကြီး ပိုကြာနေသကဲ့သို့ပင်။

ညအမှောင်ထဲတွင် ကောင်လေး၏ အကြည့်များက ကြည်လင်နက်ရှိုင်းနေပြီး ခန့်မှန်းရ ခက်ခဲလှချေသည်။

သူမက မျက်လွှာချလိုက်ပြီး ချက်ချင်းပင် အသက်ရှူသံများ ကမောက်ကမဖြစ်သွားကာ တစ်ချက်ပြင်းလိုက် တစ်ချက်တိုးသွားလိုက် ဖြစ်နေ၏။

သူက ဘာလို့ သူမကို ဒီလိုမျိုး စူးစမ်းနေရတာလဲ။ သူမရဲ့ ဒီလုပ်ရပ်က နည်းနည်း ဟန်ဆောင်နေတယ်လို့ ထင်နေလို့လား။

နောက်ဆုံးတွင်တော့ ယန့်စစ်ရှီက အကြည့်ကို လွှဲဖယ်သွားပြီး သူ၏လေသံမှာ ပုံမှန်အတိုင်း ဘာမှထူးခြားမနေချေ။

"မင်းက ဒီပြဇာတ်ကို တော်တော်သဘောကျပုံရတယ်နော်"

ရှလီက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြော၏။

"အဓိကကတော့ ပြဇာတ်ကို အတူတူ လေ့ကျင့်ခဲ့ရတဲ့ လူတွေကို သဘောကျလို့ပါ"

ပြောထွက်ပြီးမှ ထိုစကားက နည်းနည်း မှားယွင်းနေသလိုခံစားလိုက်ရသဖြင့် ရင်ထဲတွင် ချက်ချင်း ထိတ်လန့်သွားရကာ သူမက မည်သူ့ကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း သိသာစေရန် အမြန် ဖြည့်စွက်ပြောလိုက်ချေသည်။

"အခန်း ၇ က သူငယ်ချင်းတွေနဲ့ သံယောဇဉ်ကို ငါ အရမ်းတန်ဖိုးထားလို့ပါ... သူတို့အားလုံးက တကယ်ကောင်းကြတယ်လေ"

ရှလီက ဘာစကားကြီးစကားကျယ်မှ မပြောခဲ့ပေ။ ဒီသည်မှာ သူမ၏ အမှန်ကန်ဆုံးသော အတွေးပင် ဖြစ်သည်။

သူမ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်း သိပ်မရှိခဲ့ဘဲ တကယ့် သူငယ်ချင်းကောင်းများဆိုသည်မှာ အခန်း ၇ ကိုရောက်လာမှသာ ရရှိခဲ့ခြင်း ဖြစ်သည်။

အလယ်တန်းပထမနှစ်တွင် သူမက ဇာတိမြို့နယ်လေးမှ ချူချန်ကိုပြောင်းရွှေ့လာခဲ့သည်။

ထိုအချိန်က သူမ နည်းနည်း တောဆန်နေ၍လား မသိ၊ စကားပြောရာတွင် လေယူလေသိမ်း နည်းနည်း ပါနေ၍လား မသိ၊ သူမ၏ နည်းနည်း အနေအေးသော စရိုက်ကို မာနကြီးသည်ဟု နားလည်မှုလွဲခံရ၍လား မသိ၊ ထိုသို့သော သူမက စာမေးပွဲတိုင်းတွင် အမြဲ အဆင့် ၃ အတွင်း ဝင်နေတတ်၍လား မသိ...

အချုပ်အားဖြင့်ဆိုရသော် သူမက မိန်းကလေးတစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။

ထိုမိန်းကလေးက အဆောင်တွင် ကောလာဟလများ ဖြန့်ကာ သူမက တောသူဖြစ်သဖြင့် သန့်ရှင်းရေး ဂရုမစိုက်ကြောင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို သုံးပြီးလျှင် ဖရိုဖရဲ လွှင့်ပစ်တတ်ကြောင်း၊ သူမ၏ ဘရာစီယာမှာ သူမအမေ ဝတ်ပြီးသား အဟောင်းများဖြစ်ကြောင်း၊ ထို့အပြင် သူမက အခြားအဆောင်မှ လူများနှင့်ပေါင်းကာ သူတို့အဆောင်တစ်ခုလုံး၏ အတင်းအဖျင်းတွေကို နောက်ကွယ်တွင် ပြောလေ့ရှိကြောင်း စသည်ဖြင့် ပြောခဲ့ချေသည်။

ထို့ကြောင့် တစ်ဆက်တည်းမှာပင် အဆောင်တစ်ခုလုံးကလည်း သူမကို စတင်၍ ဖယ်ဉ်ချန်ထားခဲ့ကြ၏။

နောက်ပိုင်းတွင် သူမက နာမည်ကြီး မင်ကျန်းအထက်တန်းကျောင်းကိုဝင်ခွင့်ရခဲ့ပြီး သူမကို အနိုင်ကျင့်ခဲ့သော ထိုမိန်းကလေးမှာမူ သာမန် အမှတ် ၁ အထက်တန်းကျောင်းကိုရောက်သွားခဲ့သည်။

အဆောင်မှ အခြားမိန်းကလေးအချို့ ဘယ်ရောက်သွားသလဲဆိုတာကိုတော့ သူမက စိတ်ဝင်စားမှုမရှိသလို ဘယ်တုန်းကမှလည်း မစုံစမ်းခဲ့ဖူးချေ။

မင်ကျန်းကိုရောက်လာပြီး အထူးသဖြင့် အတန်းခွဲပြီးမှသာ ရေလိုငါးလို ဖြစ်သွားတယ်ဆိုသည်မှာ မည်သို့မျိုးလဲဆိုသည်ကို သူမ နားလည်လာခဲ့၏။

အတန်းထဲမှ လူတိုင်းက အလွန်ကောင်းကြပြီး အထူးသဖြင့် မိန်းကလေးများဖြစ်ကာ ထိုအထဲတွင်မှ လင်ချင်းရှောင်နှင့် ရွှီနင်တို့က ပို၍ပင် ကောင်းကြသည်။

ယန့်စစ်ရှီက ဘာမှဆက်မပြောတော့ဘဲ အင်း ဟုသာ တစ်ချက် ညည်းလိုက်ချေသည်။

ရှလီကလည်း ဆက်၍ အသံမထွက်တော့ပေ။

မသိလိုက်မသိဘာသာနှင့်ပင် ကျောင်းဆောင်ဟောင်းကိုပြန်ရောက်လာခဲ့၏။

စာသင်ခန်းထဲတွင် ဝမ်ချန်းက အဝတ်အစားလဲပြီး မှန်ရှေ့တွင်ရပ်ကာ ခေါင်းပေါ်ရှိ ဆံပင်ဂျယ်လ်များနှင့် ရုန်းကန်နေရချေသည်။

ရှလီက လိပ်ထားသော ဆိုင်းဘုတ်ကို ကျောပိုးအိတ်ထဲ ထိုးသိပ်ထည့်လိုက်ပြီး သန့်စင်ခန်းသို့သွားကာ ဇာတ်ဝတ်စုံကို လဲလိုက်သည်။

စာသင်ခန်းထဲကိုပြန်ရောက်လာချိန်တွင်တော့ ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့မှာ ထွက်သွားကြပြီ ဖြစ်၏။

ရှလီက ကုလားထိုင်တစ်လုံးကိုရှာ၍ ထိုင်လိုက်ပြီး ရွှီနင်ထံကိုစာတစ်စောင် ပို့လိုက်သည်။

ရွှီနင်က ခဏနေလျှင် ရောက်တော့မည်ဟု ပြောလာသည်။

သူမက ဖုန်းကိုဆုပ်ကိုင်ကာ ဝင်စာပုံးထဲမှ ဒီနေ့ကားပေါ်တွင် လက်ခံရရှိခဲ့သော ထိုမက်ဆေ့ချ်ကို ထုတ်ကြည့်ပြီး ထိုဖုန်းနံပါတ်ကို မှတ်သားထားလိုက်၏။

ဖုန်းနံပါတ်ကို နာမည်မှတ်နေချိန်တွင် မည်သူနှင့်မျှ မမျှဝေချင်သော လျှို့ဝှက်သည့် ပျော်ရွှင်မှုတစ်မျိုး ရှိနေချေသည်။

သူမက ဖုန်းကို အခြားသူများတွေ့သွားပြီး မေးမြန်းခံရမည်ကိုပင် ကြောက်ရွံ့နေသဖြင့် နာမည်အပြည့်အစုံကို မမှတ်ရဲဘဲ Y ဟုသာ မှတ်ထားလိုက်၏။

ထိုအချိန်တွင် အပြင်ဘက်၌ ရုတ်တရက် ဆူညံလာသည်။

ရှလီက ကြောင်အမ်းအမ်းဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

မိန်းကလေးတစ်ယောက်က စာသင်ခန်းထဲကိုပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"အောက်ထပ်မှာ လူတစ်ယောက်က ယန့်စစ်ရှီကို ချစ်ခွင့်ပန်တော့မလို့တဲ့"

ရှလီက အလျင်စလို ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး အနွေးထည်အိတ်ကပ်ထဲကိုထည့်လိုက်ချေသည်။

နေရာမှထကာ အပြင်လူများနည်းတူ စာသင်ခန်းထဲမှ ထွက်လာခဲ့၏။

သူမက အပြင်ဘက်ရှိ မှောင်မည်းနေသော စင်္ကြံလမ်းတွင် ရပ်ကာ လှေကားလက်ရန်းကို ကိုင်၍ အောက်ကိုငုံ့ကြည့်လိုက်သည်။

မင်ကျန်းကျောင်း၏ ပထမဆုံး ကျောင်းအုပ်ကြီး၏ ရုပ်တုအောက်ရှိ ကွင်းပြင်ထဲတွင် ယန့်စစ်ရှီက ရပ်နေပြီး မျက်နှာချင်းဆိုင်တွင်တော့ အဖြူရောင် အနွေးထည်အရှည်ကြီးကို ဝတ်ကာ ဆံပင်ကို ထုံးထားသော မိန်းကလေးတစ်ယောက် ရှိနေသည်။

အိုးယန်ကျင့်ပင် ဖြစ်လေတော့သည်။

_________

All Chapters